မိုဝူကျိအား အကောက်ကြံခြင်း
Vol. 58 Ch. 804
မျက်ဆံနီလိပ်ကြီးက အသံဩဩဖြင့် “ ညီလေးမို ပြောတာ မှန်တယ်။ အခု နားလည်မှုလွဲနေတာတွေလည်း ရှင်းသွားပြီဆိုတော့ ထိုင်ပြီး ဆွေးနွေးကြတာပေါ့ ”
သူက မိုဝူကျိအား ညီလေးမိုဟု ခေါ်ဝေါ်နေသော်လည်း သူ့စိတ်ထဲ၌ တုန်လှုပ်ခြောက်ခြားနေမိသည်။ မိုဝူကျိ တစ်ယောက် သွေစောင်း အာကာပြင် ပင်လယ်ကျွန်းဆီ ပြန်လာသည့်အကြောင်းကို ကြားရစဉ်က မိုဝူကျိကို သူ့လိပ်နက်တောင် ပိုင်နက်အသေးလေးထဲ၌ ချုပ်ထိန်းထားဖို့ ရည်ရွယ်ချက် မရှိပေ။ သို့သော်လည်း သူက မိုဝူကျိ ပြန်ရောက်လာသည့် သတင်းမှာ အပြင်ပျံ့နှံ့သွားမည် ဖြစ်ကြောင်း တွေးမိထားသည်။ ပေါင်ပုသည် မိုဝူကျိ ပြန်ရောက်လာခြင်းကို သေချာပေါက် သတိပြုမိမည် ဖြစ်ကာ သူသာ မိုဝူကျိအား ထိန်းချုပ်ထားမည်ဆိုလျှင် သူ့အနေနှင့် ပေါင်ပုနှင့် အခြားသော အရှင်များကို ရန်စမိသလို ဖြစ်နိုင်ခြေများ၏။
သူက ထိုအတွေးဖြင့် မိုဝူကျိအား အတင်းကျပ် ဖမ်းဆီးမထားရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိ သူက မိုဝူကျိအား ကိုယ်တိုင် မဖမ်းခဲ့သည့်အတွက် ဝမ်းမြောက်မိနေသည်။ မိုဝူကျိ မည်မျှ ကြောက်မက်ဖို့ ကောင်းသည်ကို ကြည့်ရုံဖြင့် မျက်ဆံနီလိပ်ကြီးက သူသာ ကြိုးစားမိခဲ့လျှင် လောကမှ ပျောက်ကွယ်သွားပြီးသား ဖြစ်နေလောက်လေပြီ။
“ ဟုတ် ..ဟုတ်ကဲ့ … ” အခြားလူများက ကိုယ့်ထိုင်ခုံကို ထုတ်ကာ မည်သူကမှ ပစ္စည်းများကို ဖျက်စီးပစ်လိုက်သည့် မိုဝူကျိဆီမှ လျော်ကြေးအကြောင်း မပြောရဲကြတော့ပေ။
ယွမ်မိုကလည်း ပျော်ရွှင်မိနေသည်။ အကြောင်းမှာ သူက မိုဝူကျိသည် ဤမျှအထိ အားကောင်းလာလိမ့်မည်ဟု မတွေးထားဖူးပေ။ သို့သော်လည်း ဤသို့မျိုး ကိစ္စရပ်၌ ဘာမှဝင်ပြောမည် မဟုတ်ပေ။ မိုဝူကျိက အရေးသာနေသောကြောင့် သူ့အနေနှင့် တခြားလူကို ရန်စမိစရာ အကြောင်း မရှိတော့ပေ။
လူအုပ်ကြီး ငြိမ်သက်သွားသည်နှင့် မိုဝူကျိက လူအုပ်ကြီးကို သေချာကြည့်လိုက်သည်။ ဝူဟယ်က မိုဝူကျိ၏ အကြည့်ကို သတိပြုမိလိုက်ပြီး အနည်းငယ် ကြက်သီးထသွားမိသည်။ သူက မိုဝူကျိဆီမှ လက်စွပ်ကို အတင်းကျပ် ယူထားသည် မဟုတ်ပါလော။ မိုဝူကျိက သူ့ကို ပြဿနာ လာရှာလျှင် မည်သို့ လုပ်ရမည်နည်း။
ထိုစဉ် မိုဝူကျိ ပေးထားသော လက်စွပ်အတွင်း၌ အမှိုက်သရိုက်အပြင် ဘာပစ္စည်းမှ မပါကြောင်း အရူးပင် သိပေမည်။ မိုဝူကျိလို စရိုက်မျိုးနှင့်လူက သူ့ရတနာများကို ဤသို့ ပေးအပ်မည်လား။ ထို့အပြင် မိုဝူကျိက လခြမ်းကွေး ပုဆိန်လှံရှည်ကို ဆွဲထုတ်လိုက်သောကြောင့် သူ့တွင် နောက်ထပ် သိုလှောင်လက်စွပ်များ ရှိနေသေးသည်မှာ ထင်ရှားလှသည်။
အကယ်၍ စောစောလေးက မိုဝူကျိ၏ လက်စွပ်ကို ရရှိလိုက်ခြင်းမှာ နွေရာသီ၌ ရေအေးအေး တစ်ခွက် သောက်လိုက်ရသကဲ့သို့ ဖြစ်သော်လည်း ယခုအခါ မီးပူထဲတွင် ထည့်အကင်ခံထားရသကဲ့သို့ ခံစားနေရသည်။
သူ့မာနကြောင့်သာ မဟုတ်လျှင် သူက မိုဝူကျိဆီ လက်စွပ်ကို ပြန်ပေးလိုက်လေပြီ။
ဝူဟယ်က မိုဝူကျိအား လက်စွပ် ပြန်ပေးရမလား စဉ်းစားနေစဉ် တောင်ရွှင်၏ အသံက သူ့စိတ်ထဲ ထွက်ပေါ်လာ၏
“ ညီလေးဝူ …. မင်း ရထားတဲ့ လက်စွပ်ကို ပြန်ပေးတာနဲ့ သူက မင်းကို အလွတ်ပေးမယ် ထင်နေတာလား။ သူက အကြင်နာမရှိ သတ်ဦးမှာပဲ … ပေါင်ပုကိုပဲ ကြည့်လေ။ ပေါင်ပုက သူ့ကို သတ်ဖို့ မရည်ရွယ်ထားပေမဲ့ မိုဝူကျိရဲ့ ပစ္စည်းတွေကို အပိုင်လိုချင်လို့ နောက်ဆုံးတော့ ဘာဖြစ်သွားရလဲ …. သူ့လက်စွပ်ကို ယူထားပြီးတော့ လွတ်ပေးမယ် မျှော်လင့်နေတုန်းလား။ ဒါက ရူးရူးမိုက်မိုက် မျှော်လင့်နေတာပဲ
အဲဒီအတွေးကို ဖယ်လိုက်တော့။ ကျုပ်တို့တွေ ခန်းမအပြင်ရောက်တာနဲ့ ခုနှစ်ယောက်လုံးပေါင်းပြီး မြို့ရဲ့ လျှပ်စီးအကာအကွယ်ကို သတ်ဖြတ်ရေး အစီအရင်အဖြစ် အသုံးချကြမယ်။ အဲအချိန်ကျ သူ့ကို သေချာပေါက် ဖယ်ရှားနိုင်လိမ့်မယ်။ ကျုပ်က ကျန်လူတွေကို ဆက်သွယ်လိုက်ဦးမယ်။ ခင်ဗျားက တိတ်တိတ် ဆက်နေနေလိုက် …. ”
ဆက်တိုက်ဆိုသလို မျက်ဆံနီလိပ်ကြီးနှင့် ကျန်လေးယောက်လုံးလည်း တောင်ရွှင်၏ အဆက်အသွယ်ကို လက်ခံရရှိလိုက်ကြသည်။
မိုဝူကျိက ပတ်ဝန်းကျင်မှ အပြောင်းအလဲကို မည်သို့ သတိမထားမိဘဲ နေမည်နည်း။ သို့သော်လည်း တောင်ရွှင်၏ ကျင့်ကြံဆင့်မှာ မြင့်သောကြောင့် မိုဝူကျိက ကျန်လူများကို ဘာပြောနေမှန်း မသိပေ။ မိုဝူကျိက ယဲ့ယီကျုံးသည် သူ့အား လာနှုတ်ဆက်တော့မည့်ဆဲဆဲတွင် မတ်တတ်ရပ်လုနီးပါးအထိ ဖြစ်ပြီးမှ ရပ်တန့်သွား ဖြစ်သွားသောကြောင့် သူတို့၏ အကြံမှာ မိုဝူကျိအား ပူးပေါင်းတိုက်ခိုက်ရန် ဖြစ်မည်မှန်း မှန်းဆမိလိုက်သည်။
မိုဝူကျိက လုံးဝ မကြောက်ပေ။ မြို့ကို လျှပ်စီးဝိညာဉ် ကျောက်တုံးများဖြင့် တည်ဆောက်ထားခြင်း ဖြစ်သော်လည်း ထိုလျှပ်စီးဝိညာဉ်ကျောက်တုံးများမှာ ဖျက်စီးခံရပြီးလေပြီ။ မြို့၏ အဆင့် ၉ ကာကွယ်ရေး အစီအရင် ရှိနေသော်လည်း လျှပ်စီးဝိညာဉ် ကျောက်တုံးများကို သန့်စင်ထားပြီး တည်ဆောက်ထားသည့် အဆင့်အတန်းက အလွန်နိမ့်လွန်းပေသည်။ ထို့အပြင် သူ မြိုု့အနှံ့၌ အာကာပြင် သင်္ကေတများ ခင်းကျင်းထားလေရာ သူတို့အနေနှင့် တိုက်ခိုက်မည်ဆိုလျှင် အဆင့် ၈ အစီအရင်ဆရာ ဖြစ်သည့် မိုဝူကျိက မြို့ကာကွယ်ရေး အစီအရင် တစ်ခုလုံးကို ထိန်းချုပ်နိုင်ဖို့ ယုံကြည်ချက် ရှိလေသည်။ သူက မလုပ်နိုင်လျှင်ပင် သူ့ကိုယ်သူ ကာကွယ်နိုင်ဖို့ရာ လုံလောက်သေးပေသည်။
“ တာအိုရောင်းရင်း ဝူဟယ် … အာကာပြင်နက် အသီးတွေက ဘယ်နေရာမှာများ ရှိတာလဲ ” မိုဝူကျိက ဝူဟယ်ကို ကြည့်ရင်း မေးလိုက်သည်။
ဝူဟယ်က စိတ်ထဲမှ သက်ပြင်းသာချလိုက်သည်။ သူ့အနေနှင့် မိုဝူကျိ၏ အာရုံ သူ့အပေါ် ကျရောက်လာမည်ကို မလိုချင်ပေ။ ယခု မိုဝူကျိက သူ့အား တိုက်ရိုက် မေးလာသောကြောင့် သူ့အနေနှင့် မဖြေဘဲ မနေရဲချေ။ အကယ်၍ သူက မဖြေဘဲ နေလိုက်မည်ဆိုလျှင် မိုဝူကျိအား သူ့အပေါ် ရန်ရှာလာစေနိုင်မည့် အကြောင်းအရင်း ပေးလိုက်သလို ဖြစ်သွားပေလိမ့်မည်။ သူ့အနေနှင့် မိုဝူကျိကို ရင်ဆိုင်ဖို့ရာ သတ္တိမရှိပေ။
ခန်းမအတွင်း ထိပ်တန်းအဆင့် သေမင်းထောင်ချောက် အစီအရင်လည်း ရှိမနေပေ။ အပြင်ဘက်၌ပင် သူက လုံလုံလောက်လောက် နှိုးဆွနိုင်ဦးမည် မဟုတ်ပေ။
သူက မိုဝူကျိအား မည်သို့ ပြန်ဖြေရမှန်း အတွေးမပေါက်သေးခင် အရှင်ရှစ်ပါးထဲမှ တစ်ဦး ဖြစ်သည့် စန်းလန်က ဝင်ပြောလိုက်လေ၏
“ တာအိုရောင်းရင်းမိုက ကျုပ်တို့ သွေစောင်း အာကာပြင်ပင်လယ်ကျွန်းပေါ်က လူဆိုတော့ အာကာပြင်နက်အသီး ဝေစုကို ရသင့်ပါတယ်။ ဒါပေမဲ့ ကျုပ်တို့တွေက အာကာပြင်နက်အသီးကို မခွဲဝေကြခင် ဒီနေရာမှာ အလဲအလှယ် အရင်လုပ်လေ့ရှိတယ်။ ဒါပေါ့ တကယ်လို့ တာအိုရောင်းရင်းမိုက မစောင့်နိုင်တော့ဘူးဆိုရင်လည်း အာကာပြင်နက်အသီးကို အရင်ခွဲဝေကြတာပေါ့ ”
စန်းလန် စကားထွက်ပေါ်လာသည်နှင့် တောင်ရွှင်က ပျော်ရွှင်သွားလေ၏။ အကြောင်းမှာ အားလုံးက စန်းလန်၏ ရည်ရွယ်ချက်ကို နားလည်ကြပေသည်။ ထိုသည်မှာ မိုဝူကျိအား အတူတကွ နှိမ်နှင်းကြမည့် တောင်ရွှင်၏ အကြံကို သဘောတူလိုက်ကြောင်းဖြစ်၏။
သွေစောင်းအာကာပြင်ပင်လယ်ကျွန်းတွင် လျှပ်စီး တိုက်ခိုက်မှုများနှင့် ပေါင်းစပ်နိုင်သည့် သေမင်းထောင်ချောက် အစီအရင်များ ရှိသော်လည်း ထိုမဟာအစီအရင်ကြီးအား တစ်ခါမှ မနှိုးဆွဖူးကြပေ။ အင်အားစုများက ပုံသေ ဖြစ်နေသည်မှာ ကြာမြင့်လှပြီ ဖြစ်ရာ အရှင်မဟာဧကရာဇ် ရှစ်ပါးသာ ကျွန်းကို ထိန်းချုပ်ထားသောကြောင့် မဟာအစီအရင် ထိန်းချုပ်ခွင့်ကား သူတို့လက်အောက်သာ ရှိပေလိမ့်မည်။
မည်သူကမှ မဟာအစီအရင်ကို တစ်ယောက်တည်း အသက်သွင်းရန် ခွင့်မပြုထားပေ။ ယခု စန်းလန်က မိုဝူကျိအား အချိန်ဆွဲထားလိုက်ပြီ ဖြစ်ရာ တစ်ယောက်ယောက်က အရင်သွား၍ သေမင်းထောင်ချောက် အစီအရင်အား နှိုးဆွနိုင်စေရန် ဖြစ်သည်။
အချိန်လိုအပ်သည့် အကြောင်းအရင်းမှာ ပေါင်ပု၏ လက်စွပ်မှာ မိုဝူကျိဆီတွင် ရှိနေပြီး မဟာအစီအရင်ကို နှိုးဆွပေးမည့် အစီအရင်အလံတစ်ခုမှာ ပေါင်ပု လက်စွပ်အတွင်း၌ ဖြစ်သည်။ ယခု သူတို့က ပေါင်ပု၏ အစီအရင်အလံကို မယူနိုင်ကြသောကြောင့် မဟာအစီအရင်အား နှိုးဆွနိုင်မည့် နည်းလမ်းအသစ် စဉ်းစားဖို့ အချိန်လိုအပ်ပေသည်။
မိုဝူကျိက ရယ်မောလိုက်ပြီး
“ ကိစ္စမရှိပါဘူး။ ဒါပေမဲ့ ကျုပ်က အချိန်သိပ်မရတော့ ပစ္စည်းကောင်းကောင်း မရှိဘူးဆိုရင် ဒီမှာ ဆက်နေဖို့ အဆင်မပြေလောက်ဘူး ”
မိုဝူကျိက မဟာအစီအရင်အား နှိုးဆွဖို့ရာ အစီအရင်အလံ ရှစ်ခု လိုအပ်ကြောင်း မသိသော်လည်း ထိုလူများက တမင် အချိန်ဆွဲနေကြောင်း သတိပြုမိလိုက်သည်။ အချိန်ဆွဲလိုသည့် အကြောင်းအရင်း နှစ်ချက်သာ ရှိနိုင်သည်။ ပထမတစ်ချက်မှာ သူတို့က အာကာပြင်နက်အသီးကို နေရာရွေ့ဖို့ ကြိုးစားနေခြင်း ဖြစ်ပြီး နောက်တစ်ချက်မှာ သူတို့က သူ့အား ချောင်ပိတ်ရန် ကြိုးစားနေကြခြင်း ဖြစ်ပေမည်။
သူက အာကာပြင်နက်အသီး နေရာပြောင်းလိုက်မည်ကို မစိုးရိမ်ပေ။ အကြောင်းမှာ သူတို့က သူ့အတွက် အာကာပြင်နက် အသီးကို ထုတ်မပေးနိုင်ပင် သူက အရှင် ခုနှစ်ပါးလုံး၏ နေရာများဆီ ဆက်တိုက် သွားရောက်တွေ့ဆုံလိုက်ရုံသာ ဖြစ်၏။ သူသာ သောင်းကြမ်းလိုက်လျှင် သူတို့အနေနှင့် သူ့အတွက် အာကာပြင်နက်အသီးကို ထုတ်မပေးဘဲ ဆက်နေနေလိမ့်မည်ဟု မထင်ပေ။
သူတို့က သူ့အား ပိတ်လှောင်ထားနိုင်ခြေအတွက်မူ သူတို့အနေနှင့် သူ စိုးရိမ်စရာ မလိုသည့် လျှပ်စီး သဘာဝ ထောင်ချောက်အစီအရင်ကို အသုံးပြုကြမည်သာ ဖြစ်၏။
“ ရပါတယ် … ကျုပ်က အရင်ဦးဆုံး စလိုက်ပါ့မယ်။ ကျုပ် ထုတ်ပေးနိုင်တဲ့အရာက တစ်သောင်းကာကွယ်ရေး အစီအရင်လို့ ခေါ်တဲ့ အဆင့် ၈ အင်မော်တယ် အစီအရင်ပြားပဲ … ကျုပ် လိုအပ်တာက ထိပ်တန်းအဆင့် တိုက်ခိုက်ရေး မှော်ရတနာ …. ”
မိုဝူကျိ စကားအဆုံးတွင် စန်းလန်က ဦးဆုံး ဝင်ပြောလိုက်သည်။
မိုဝူကျိက အံ့ဩမိသွားသည်။ ဤကာကွယ်ရေး အစီအရင်ပြားမှာ လက်ခံနိုင်လောက်သည့် ပစ္စည်းလေး ဖြစ်သော်လည်း မည်သို့များ ပစ္စည်းကောင်းဟု ယူဆထားသနည်း။ သူ့အမြင်၌ ဤသို့မျိုးအရာမှာ အမှိုက်နှင့် မခြားပေ။ အကယ်၍ သူ အလိုရှိပါက သတ္တုများသာ လိုအပ်ပြီး ဤသို့အစီအရင်ပြားများ အပုံလိုက် ဖန်တီးနိုင်ပေ၏။
“ ကျုပ်ဆီမှာ ပန်းပျံအင်မော်တယ်လှံရှည်လို့ ခေါ်တဲ့ အဆင့် ၈ လက်နက် ရှိတယ်။ တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် အစ်ကိုစန်းရဲ့ ကာကွယ်ရေး အစီအရင်ပြားနဲ့ လဲချင်ပါတယ် ” ယဲ့ယီကျုံးက မြန်မြန် တုံ့ပြန်လိုက်သည်။
“ ကျုပ် ပေးချင်တာက အဆင့် ၉ ကောင်းကင်စွမ်းအင်ကွင်းပါ။ ဒီမှော်ရတနာက တိုက်ခိုက်နိုင်ရုံတင်မကဘူး။ ကာကွယ်ဖို့လည်း အသုံးပြုလို့ရတယ် ” မိုဝူကျိ စိတ်လှုပ်ရှားသည့် ပုံစံမျိုးနှင့် ပြောလိုက်သည်။
စန်းလန်၏ အဆင့် ၈ ကာကွယ်ရေး အစီအရင်ပြားမှာ သူ့အတွက် ဖြစ်ကြောင်း သိပေသည်။ စန်းလန်၏ ရည်ရွယ်ချက်မှာ တိုက်ခိုက်ရေး မှော်ရတနာ ရရှိဖို့ မဟုတ်ဘဲ မိုဝူကျိအား အစီအရင်အကြောင်း ကျွမ်းကျင်နှံ့စပ်လားဟု စမ်းသပ်ကြည့်ခြင်းသာ ဖြစ်၏။ မိုဝူကျိသာ ကျွမ်းကျင်နေမည်ဆိုလျှင် သူ့အနေနှင့် ဤအစီအရင်အပြားအပေါ် စိတ်လှုပ်ရှားနေမည် မဟုတ်ချေ။
ထိုလူများက သူ့အား ထောင်ချောက် အစီအရင် သုံး၍ ပိတ်လှောင်ချင်နေသည်မှာ ထင်ရှားလှသည်။
သူ့ခန့်မှန်းချက်မှာ အမှားဖြစ်စေ၊ အမှန်ဖြစ်စေ မိုဝူကျိက အလဲအလှယ်ဝင်လုပ်လိုက်ဖို့ တုံ့ဆိုင်းမနေပေ။ သူက အင်မော်တယ် ဧကရာဇ် တစ်ယောက်၊ နှစ်ယောက်တည်းကို သတ်ခဲ့ခြင်း မဟုတ်သည့်အတွက် သူတို့သိုလှောင်လက်စွပ်များမှ အဆင့် ၉ အင်မော်တယ် ပစ္စည်းတချို့ ပါရှိပေသည်။ သူကိုယ်တိုင်ကပင် အဆင့် ၉ ပန်းပဲဆရာ ဖြစ်သည့်အတွက် လတ်တလောမှ အဆင့်တက်လာခြင်း ဖြစ်သော်လည်း သူက အဆင့် ၉ အင်မော်တယ် ပစ္စည်းကိုတော့ ပြုလုပ်နိုင်သေး၏။
ယဲ့ယီကျုံး မျက်ဝန်း၌ မလိုလားသည့် အရိပ်အယောင်တချို့ ဖြတ်ပြေးသွားပြီးနောက် ခေါင်းကိုခါကာ ဆက်လက်၍ ကြေးမြင့်မြင့် မပေးတော့ပေ။
“ ကောင်းပြီလေ ဒီကာကွယ်ရေး အစီအရင်ပြားက တာအိုရောင်းရင်းမိုဆီ ရောက်သွားပါပြီ ” စန်းလန်က အစီအရင်ပြားအား မိုဝူကျိဆီ ချက်ချင်း ပေးလိုက်သည်။
မိုဝူကျိကလည်း အဆင့် ၉ ကောင်းကင်စွမ်းအင်ကွင်းကို ထုတ်ပေးလိုက်ပြီး စိတ်ထဲမှ သရော်မိလိုက်သည်။ နတ်ဘုရားမျိုးနွယ်စုဝင်၌ မည်သူကမှ မကောင်းသည်မှာ အမှန်ဖြစ်၏။
ဤလူက သတိကြီးကြီးထားပြီး သူ့အား ထိပ်တန်းအဆင့် အစီအရင် ဆရာ တစ်ယောက် မဟုတ်ကြောင်း အတည်ပြုနိုင်ဖို့ ဤနည်းလမ်းကို ထုတ်သုံးလိုက်ခြင်း ဖြစ်၏။ ဆေးလုံးဧကရာဇ် ဖြစ်လာဖို့ပင် အချိန်များစွာ လိုအပ်နေသည် ဖြစ်ရာ ဆေးလုံးဧကရာဇ် တစ်ဦးက ထိပ်တန်းအဆင့် အစီအရင် ဆရာ တစ်ယောက် ဖြစ်လာနိင်ခြေမှာ မရှိနိုင်ပေ။
ဤလူက သူ့အနေနှင့် အင်မော်တယ် မော်တယ် ကျင့်စဉ်ကို ကျင့်ကြံထားကြောင်း မသိသည်မှာ နှမြောဖွယ် ကောင်းလှသည်။ ယခင် ပန်းပဲဧကရာဇ် ရှုစုရန်က သူ့အား အင်မော်တယ် မော်တယ်ကျင့်စဉ်ကို ကျင့်ကြံသူများသည် ပစ္စည်းတာအို၊ ဆေးလုံးတာအို၊ အစီအရင်တာအို နှင့ အဆောင်တာအိုတိုကို သင်ယူဖို့ရာ လွယ်ကူကြောင်း ပြောခဲ့ဖူးသည်။ ထို့အပြင် သူတို့အနေနှင့် ထိုသို့ပညာရပ်များအပြင် အသိအမြင်မှာလည်း သာမာန်လူများထက် အဆများစွာ ပိုကောင်းပေသည်။ ထိုသည်မှာ အမှန်တရား ဖြစ်ပေသည်။ အကြောင်းမှာ သူ စတင်ကျင့်ကြံစဉ်ကတည်းက သူ့အနေနှင့် တာအိုအသိဉာဏ်ပွင့် လမ်းကြောင်းကို အသုံးပြု၍ အရာများစွာကို ကောက်ချက်ချနိုင်ခဲ့ပေသည်။
ထို့ကြောင့်သာ သူ့အနေနှင့် အစီအရင်တာအိုကို ကျွမ်းကျင်ပြီး ပစ္စည်းတာအို၌လည်း မဆိုးလှပေ။
မိုဝူကျိက ပေါင်ပုသည် သူ့အင်မော်တယ်ဂူအကြောင်း အပြည့်အဝ ထုတ်မပြောထားသည်မှာ သေချာသွားသည်။ မဟုတ်လျှင် စန်းလန်အနေနှင့် သူက အတော်လေး ကျွမ်းကျင်သည့် အင်မော်တယ် အစီအရင်ဆရာ တစ်ယောက် ဖြစ်ကြောင်း သိပေလိမ့်မည်။
“ ကျုပ်က အဆင့် ၉ စိန်ကျောက်နဲ့ လက်သီး အမျိုးအစား လျို့ဝှက်ပညာရပ်ကို လဲလှယ်ချင်ပါတယ် ” ဒုတိယပြောလိုက်သူမှာ ရွယ်လု ဖြစ်၏။
မိုဝူကျိ မျက်ဝန်း၌ စိတ်ပျက်သည့် အရိပ်အယောင် ဖြတ်ပြေးသွားပြီး ခေါင်းကိုသာ ခါလိုက်တော့သည်။
ဝူဟယ်က မိုဝူကျိအား စိုက်ကြည့်နေပြီး အမူအယာကို သတိပြုမိလိုက်သောအခါ မိုဝူကျိသည် ထိုပစ္စည်းများကို စိတ်မဝင်စားကြောင်း သိလိုက်၍ ထိတ်လန့်မိသွားသည်။
ထိုသည်မှာ ဝူဟယ်တင် မကဘဲ မိုဝူကျိအား လုပ်ကြံရန် ကြံစည်နေသော တောင်ရွှင်လည်း ထိတ်လန့်လာသည်။ အကယ်၍ သူတို့သာ သာမာန်ပစ္စည်းများ ဆက်တိုက် ထုတ်နေပါက မိုဝူကျိသည် စိတ်ရှည်ရှည် စောင့်ဆိုင်းနေမည် မဟုတ်တော့ပေ။
မည်သူကမှ ရွယ်လုနှင့် မလဲလှယ်လိုကြပေ။ မည်သူကမှ မပြောခင် တောင်ရွှင်က အရင်ဦးစွာ လက်နှစ်ဖက် ယှက်လျက် ပြောလိုက်၏
“ တာအိုရောင်းရင်းမို …. အရင်က ခင်ဗျားအပေါ် ကျုပ် အမြင်မှားမိတယ်။ ဒါပေမဲ့ ပေါင်ပုက ကျုပ်မိတ်ဆွေဆိုတော့ သူ့သိုလှောင်လက်စွပ်ကို အလဲအလှယ်လုပ်ရအောင် ထုတ်ပေးလို့ ရမလား။ ဆေးလုံးဆရာမိုရဲ့ ဈေးကို ပြောပါ …. ”
တောင်ရွှင်က ခဏ ရပ်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်
“ တာအိုရောင်းရင်းမို ဆန္ဒရှိမယ်ဆိုရင် ဈေးကိုသာ ပြောလိုက်ပါ။ ဒါပေမဲ့ ညှိနှိုင်း အခြေအနေက ဆေးလုံးဆရာမိုက ညီလေးပေါင်ပုရဲ့ ပစ္စည်းတွေကို ဘာမှမယူထားရဘူး။ တကယ်လို့ တာအိုရောင်းရင်းမိုက အလဲအလှယ်လုပ်ဖို့ ဆန္ဒရှိမယ်ဆိုရင် အခုကစပြီး စိတ်စွမ်းအားကို မသုံးရဘူး။ မဟုတ်ရင် ကျုပ်တို့ ညှိနှိုင်းမှု ပြီးပြီ …. ”
အားလုံးက ထိုစကားများ ကြားလိုက်သည့်အခါ ဆက်၍ မပြောကြတော့ပေ။ အားလုံးက တောင်ရွှင်၏ ရည်ရွယ်ချက်ကို သိလိုက်ကြ၏။ သူက အားလုံး၏ အချိန်ကို သက်သာစေရန် ပေါင်ပု၏ အစီအရင်အလံကို လိုချင်နေခြင်း ဖြစ်သည်။
မိုဝူကျိက တောင်ရွှင်သည် သူ့လက်စွပ်ကို တကယ် လိုချင်နေလိမ့်မည်ဟု မထင်ပေ။ တောင်ရွှင်၏ ရည်ရွယ်ချက်က မည်သို့ပင် ဖြစ်နေစေကာမူ မိုဝူကျိက သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားဖြင့် ပေါင်ပု၏ လက်စွပ် အတားအဆီးများကို ဖိနှိပ်ထားပြီးလေပြီ။ အခြားသူများက သူ့စိတ်စွမ်းအားကို အာရုံခံမိကောင်း အာရုံခံမိနိုင်ပေမဲ့ တောင်ရွှင်က ဆယ်ဆမက ဉာဏ်ကောင်းနေလျှင်ပင် မိုဝူကျိတွင် စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်း ရှိနေလိမ့်မည် ဖြစ်ကြောင်း မှန်းဆနိုင်မည် မဟုတ်ပေ။
***