အားလုံး ကျေနပ်စေရန် အပေးအယူ
Vol. 58 Ch. 805
မိုဝူကျိက အဆင့် ၈ အင်မော်တယ် အစီအရင် ဆရာ တစ်ယောက်ဖြစ်ရုံသာမက အဆင့် ၉ ပန်းပဲဆရာလည်း ဖြစ်နေသောကြောင့် ပေါင်ပု၏ အတားအဆီးမှာ သူ့အတွက် စာမဖွဲ့လောက်ပေ။ ထို့အပြင် ပေါင်ပုက သေဆုံးသွားပြီ ဖြစ်ရာ လက်စွပ်ပေါ်ရှိ အတားအဆီးမှာ လွယ်လွယ်ကူကူ ဖယ်ရှား၍ ရသွားပေသည်။
မိုဝူကျိက ပေါင်ပု၏ အတားအဆီးကို မချိုးဖောက်သေးသည်မှာ သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားမှာ အတားအဆီးကို ကျယ်ကျယ် ဖွင့်ထားပြီးပြီ ဖြစ်ရာ သိုလှောင်လက်စွပ်အတွင်း အရာအားလုံးကို မြင်တွေ့ပြီးလေပြီ။
အနည်းဆုံး အင်မော်တယ်သွေးကြော ၄၀ လောက် ရှိနေပြီး တစ်ဝက်လောက်မှာ ထိပ်တန်းအဆင့် ဖြစ်ပေသည်။ ထို့အပြင် အဆင့် ၇ ဆေးပင်များနှင့် လျှပ်စီး ဝိညာဉ်ကျောက်တုံးတချို့လည်း ရှိနေသေး၏။ မိုဝူကျိက ထိုအရှင်ရှစ်ပါးမှာ လျှပ်စီး ဝိညာဉ်ကျောက်တုံး ထွက်သည့် မိုင်းတွင်းကို တွေ့ထားလိမ့်မည်ဟု သံသယဝင်လာမိသည်။ ထို့ကြောင့် သူတို့က ကျန်ရှိနေသည့် လျှပ်စီးဝိညာဉ်ကျောက်တုံများအား မဝေခွဲကြသေးခင် ဤမြိုကို လျှပ်စီး ဝိညာဉ်ကျောက်တုံး အမြောက်အများ သုံး၍ တည်ဆောက်ထားခြင်းသာ ဖြစ်ရမည်။
မိုဝူကျိက ဟင်းလင်းပြင် နိဗာနမြစ်ဥကို မြင်လိုက်ရသည့်အခါ တောင်ရွှင်တို့က ပေါင်ပု၏ သိုလှောင်လက်စွပ်အတွက် အပေးအယူ လုပ်ချင်နေသည့် အကြောင်းအရင်းကို နားလည်သွားတော့သည်။ ဟင်းလင်ပြင် နိဗာနမြစ်ဥမှာ အဆင့်မဲ့ ရတနာများထဲမှ တစ်ခု ဖြစ်ပေသည်။ အကယ်၍ သူလည်း ဟင်းလင်ပြင် နိဗာနမြစ်ဥသာ ရှိမထားပါက မိုဝူကျိပင် အားလုံးကို ထုတ်၍ အလဲအလှယ် လုပ်မိပေလိမ့်မည်။
မိုဝူကျိက တုံ့ဆိုင်းမနေဘဲ လျှပ်စီး ဝိညာဉ်ကျောက်တုံး ၆၀ ရာခိုင်နှုန်း၊ အင်မော်တယ်သွေးကြော ဆယ်ခုနှင့်အတူ ဘေးပတ်လညမှ အင်မော်တယ် ဆေးပင် တစ်ဝက်လောက်ကို ယူထားလိုက်သည်။ ဟင်းလင်းပြင် နိဗာနမြစ်ဥအတွက်မူ သူက ထာဝရ ကမ္ဘာထဲသို့သာ တန်းထည့်လိုက်တော့၏။
သူ့လက်ရှိအနေအထားဖြင့် သူ့ထာဝရ ကမ္ဘာကို သိုလှောင်လက်စွပ်အနီး ထားထားလိုက်နိုင်သရွေ့ စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားဖြင့် ပစ္စည်းများ ရွေ့ပြောင်းသည့်အခါ မည်သူကမှ သတိထားမိမည် မဟုတ်တော့ပေ။ သူက ပစ္စည်းများကို ပြောင်းရွေ့နေစဉ် ဘေးပတ်လည်၌ စိတ်စွမ်းအားကြောင့် ဖြစ်လာသည့် အပြောင်းအလဲ အရိပ်အယောင်လည်း မကျန်ပေ။
မိုဝူကျိက ထိုပစ္စည်းကို သိမ်းထားလိုက်သည်မှာ သူက တောင်ရွင်အနေနှင့် မည်သို့အရာမျိုး ပေးမည်ကို သိချင်မိ၍ ဖြစ်သည်။
“ အဲဆို တာအိုရောင်းရင်းမိုရော ဘယ်လိုတွေးထားလဲ ” မိုဝူကျိက တိတ်ဆိတ်နေသောကြောင့် တောင်ရွှင်က နောက်တစ်ဖန် မေးလိုက်သည်။
မိုဝူကျိက ခေါင်းကို ပွတ်ကာ မျက်မှောင်ကျုတ်လျက် ပြောလိုက်သည်
“ ဈေးပြောကြည့်ပါ။ ကျုပ် သင့်တော်မလားဆိုတာ ကြည့်ကြည့်မယ်လေ။ တကယ်လို့ ကျုပ် သဘောမကျရင်တော့ ဒီအလဲအလှယ်ကို လက်မခံနိုင်ဘူး။ ပြီးတော့ ကျုပ်က ပေါင်ပုရဲ့ လက်စွပ်ကို ရထားတာလေ။ သူကလည်း အရှင်ရှစ်ပါးထဲက တစ်ယောက်ဆိုတော့ ခင်ဗျားတို့ လက်စွပ်တွေထက် တန်ဖိုးနည်းမှာ မဟုတ်ဘူး ”
မိုဝူကျိက ပြောလိုက်ရင်း ပေါင်ပု လက်စွပ်အတွင်း၌ အစီအရင်အလံ တစ်ခုကို မြင်လိုက်ရသည်။ ထိုအရာက မြို့ကာကွယ်ရေး အစီအရင်အား ထိန်းချုပ်နိုင်သည့် အစီအရင်အလံ ဖြစ်နေသည်မှာ သိသာလှသည်။
ကျင့်ကြံလာသည့် နှစ်တစ်လျှောက် မိုဝူကျိက အန္တရာယ်များစွာ ကြုံတွေ့ခဲ့ရသည်။ အစီအရင် အလံ ပေါ်လာသည်နှင့် သူက တောင်ရွှင်သည် ဟင်းလင်ပြင် နိဗာနမြစ်ဥအတွက် လဲလှယ်လိုခြင်း မဟုတ်ကြောင်း တန်းသိလိုက်သည်။ ဟင်းလင်ပြင် နိဗာနမြစ်ဥကို ပေါင်ပုအနေနှင့် တခြားသူကို ထုတ်ပြောမည် မဟုတ်ပေ။ တောင်ရွှင်က အစီအရင်အလံကို လိုချင်နေခြင်းသာ ဖြစ်လိမ့်မည်။ မိုဝူကျိ၏ စိတ်စွမ်းအားဖြင့် မြို့၏ မဟာအစီအရင်ကို အသက်ဝင်လာစေရန် တခြားသော အစီအရင်အလံများလည်း လိုအပ်ကြောင်း အာရုံခံမိလိုက်၏။
ဆိုလိုသည်မှာ မဟာအစီအရင်ကို အသက်ဝင်နိုင်ခြေ မြင့်မားလာစေမည် ဖြစ်ရာ အရှင်ရှစ်ပါးလုံးက အတူတကွ ထိန်းချုပ်ရန် လိုအပ်ပေသည်။ ပေါင်ပု၏ အစီအရင်အလံမှာ လိုအပ်သော အစီအရင်အလံ ရှစ်ခုမှ တစ်ခုမျှ ဖြစ်ပြီး ယခု သူက ပေါင်ပုကို သတ်လိုက်ပြီ ဖြစ်သောကြောင့် တောင်ရွှင်တို့အနေနှင့် အစီအရင်အလံ မရလာလျှင် ကာကွယ်ရေး အစီအရင် အသက်သွင်းဖို့ရာ ခက်ခဲပေလိမ့်မည်။ တခြားနည်းဖြင့် ဆိုရလျှင် သူတို့က အချိန်များများ ထပ်လိုပေဦးမည်။
အကယ်၍ ဤသို့သာ ဖြစ်နေလျှင် အလဲအလှယ်၏ ရည်ရွယ်ချက်မှာ သိသာလွန်းသွားလိမ့်မည်။ သူတို့က အစီအရင်အလံ ရှစ်ခုနှင့် မဟာအစီအရင်အား အသက်သွင်းမည့် နည်းလမ်းအသစ်ကို ရှာနေစဉ် သူ့အား အချိန်ဆွဲဖို့ရာ ကြံစည်နေကြခြင်း ဖြစ်လိမ့်မည်။
မိုဝူကျိက စိတ်ထဲ၌ သရော်မိလိုက်သည်။ သူက စိတ်စွမ်းအားဖြင့် အစီအရင်အလံပေါ်တွင် အစီအရင်သင်္ကေတများကို ရေးသွင်းလိုက်သည်။ အကယ်၍ သူက အစီအရင်တာအိုကို မသိလျှင် သူတို့ထောင်ချောက်၌ လှည့်ဖျားခံရကာ ကျဆင်းမိမည် ဖြစ်၏။ ယခုတွင် သူတို့က မိုဝူကျိလိုမျိုး အဆင့် ၈ အင်မော်တယ် အစီအရင်ဆရာရှေ့၌ သေမင်းထောင်ချောက် အစီအရင် သုံးကြမည် ဖြစ်ရာ မိုဝူကျိအနေနှင့် သူတို့အား အစီအရင်ဆရာအား ရန်လာမစသင့်ကြောင်း သင်ခန်းစာ ပေးသင့်ပေသည်။
တောင်ရွှင်နှင့် ကျန်လူများကဲ့သို့ မိုဝူကျိက သူတို့ သူနှင့် ရင်ဆိုင်ရန် မြို့မဟာအစီအရင်အား အသက်သွင်းနိုင်ရန် မျှော်လင့်နေမိသည်။ အကယ်၍ သူတို့က ကာကွယ်ရေး အစီအရင်ကို အသက်မသွင်းလျှင် ထိုလူများက သူနှင့် ရင်ဆိုင်ရန် ပူးပေါင်းတိုက်ခိုက်မည် ဖြစ်သည်။ ထိုသို့ဖြစ်လာသည့်အခါ သူ့တစ်ခုတည်းသော ရွေးချယ်မှုမှာ ထွက်ပြေးရန်သာ ဖြစ်၏။ သူက ပေါင်ပုကို သတ်နိုင်ခဲ့သော်လည်း မည်သူကမှ ဝင်မနှောင့်ယှက်သည့် အခါတွင် ဖြစ်၏။ ထို့အပြင် ပေါင်ပုက မောက်မာလွန်းပြီး မိုဝူကျိအား အင်မော်တယ် အုပ်စိုးသူအဆင့် မိုဝူကျိနှင့် အတူတူ မှတ်နေသောကြောင့် မိုဝူကျိ၏ လက်ချောင်းဖြင့် အသတ်ခံလိုက်ရသည်မှာ အံ့ဩစရာတော့ မဟုတ်ပေ။
မြို့၏ ကာကွယ်ရေး အစီအရင် အသက်ဝင်လာသည်နှင့် သူက အစီအရင်ပေါ် ထိန်းချုပ်ထားနိုင်သရွေ့ ထိုလူများ ဝိုင်းထားမှုကို ကြောက်နေစရာ မလိုတော့မည် ဖြစ်သောကြောင့် မတူညီသည့် အဖြစ်အပျက် ဖြစ်လာလိမ့်မည်။ အဆိုးဆုံးအခြေအနေမှာ သူက အားလုံးကို အနိုင်မယူနိုင်သည့်အခါ အများဆုံး ထွက်ပြေးရုံမျှသာ ဖြစ်လိမ့်မည်။
“ ကျုပ်ရဲ့ သိုလှောင်လက်စွပ်က ဒီမှာပါ။ တာအိုရောင်းရင်းမို စစ်ဆေးကြည့်လို့ ရပါတယ် ” တောင်ရွှင်က သိုလှောင်လက်စွပ်ကို ပစ်လိုက်သည့်အခါ လေထဲ လွှင့်မျှောနေလေ၏။
မိုဝူကျိက အသာ ပြောလိုက်သည် “ တကယ်လို့ တာအိုရောင်းရင်းတောင်က အလဲအလှယ်လုပ်ဖို့ စိတ်အားထက်သန်နေတယ်ဆိုရင် ခင်ဗျားရဲ့ သိုလှောင်လက်စွပ်အပေါ်က အတားအဆီးကို ဖယ်လိုက်ပါ ”
မိုဝူကျိက ပြောလိုက်ရင်း ပေါင်ပု၏ လက်စွပ်ကိုလည်း လေထဲ မြှောက်လိုက်ပြီး သူ့တွင် တခြားရည်ရွယ်ချက် မရှိကြောင်း ပြသလိုက်သည်။
မိုဝူကျိ ပေါင်ပု၏ လက်စွပ် ထုတ်ပေးလိုက်သည်ကို မြင်၍ တောင်ရွှင်နှင့် ကျန်လူများမှာ သက်ပြင်းချလိုက်ကြသည်။ တောင်ရွှင်က အလဲအလှယ်အကြောင်း ပြောပြီး မိုဝူကျိက လက်စွပ် ထုတ်ပေးလိုက်သည့် အပြုအမူကြားမှ အချိန်မှာ အလွန်တိုတောင်းလှသည်။ အကယ်၍ မိုဝူကျိက သိုလှောင်လက်စွပ်ပေါ်မှ အတားအဆီးကို အချိန်တိုလေးအတွင်း ဖယ်ရှားနိုင်လျှင် သူ့အစီအရင်တာအိုမှာ ကြောက်ခမန်းလိလိ အားကောင်းနေသည်သာ ဖြစ်ရမည်။
တောင်ရွှင်က မြန်မြန် ပြောလိုက်သည် “ အားနာပါတယ် … ကျုပ် မေ့သွားတယ် ”
တောင်ရွှင်က အတားအဆီးကို ဖယ်ရှားပေးလိုက်သည်နှင့် အားလုံးက တောင်ရွှင်၏ လက်စွပ်အတွင်း စစ်ဆေးကြည့်လိုက်ကြသည်။
စုစုပေါင်း အင်မော်တယ်သွေးကြော ၅၀ ရှိသော်လည်း ထိပ်တန်းအဆင့် ၁၀ ခုမျှသာ ပါဝင်၏။ မိုဝူကျိက တောင်ရွှင်သည် သူ့ပစ္စည်းအများစုကို သူ့သိုလှောင်လက်စွပ်အတွင်း၌သာ သိမ်းဆည်းထားကြောင်း ခန့်မှန်းမိလိုက်၏။
သူက မကျေမနပ် ခံစားမိလိုက်သည်။ အကြောင်းမှာ သူက တောင်ရွှင်အား အစီအရင်အလံ ရစေလိုသည့် အချက်ကြောင့်သာ မဟုတ်လျှင် သူ့အနေနှင့် အလဲအလှယ် လုပ်မည် မဟုတ်ပေ။
ထိုအထဲတွင် ပေါင်ပုထက် ပိုများသည့် လျှပ်စီး ဝိညာဉ်ကျောက်တုံးများလည်း ပါဝင်နေသေး၏။ ထို့အပြင် တူညီသော အင်မော်တယ် ဆေးပင်များနှင့် ကျောက်စိမ်းပေလွှာများလည်း ရှိနေသည်။
ကျောက်စိမ်းပေလွှာများမှာ ကျင့်စဉ်များနှင့် ရိုးရှင်းသော လျို့ဝှက်ပညာရပ်တချို့ ဖြစ်၏။
မိုဝူကျိ၏ စိတ်စွမ်းအားအတွင်း ရိုးရိုးရှင်းရှင်း ဆေးမီးပြင်းဖို တစ်လုံး ပေါ်လာလေရာ ချက်ချင်းဆိုသလို ဆွဲဆောင်ခံလိုက်ရသည်။
သူ လက်ရှိသုံးနေသည့် ဆေးပြင်းမီးဖိုမှာ သူကိုယ်တိုင် ပြုလုပ်ထားသည့် အဆင့် ၈ ဆေးပြင်းမီးဖို ဖြစ်၏။ ထိုမတိုင်ခင် သူ့ဆေးမီးပြင်းဖိုလေးမှာ သာမာန်အဆင့် ၈ ထက် အမြဲတမ်း နိမ့်ကျနေခဲ့သည်။
ဤဆေးမီးဖိုမှာ မိုဝူကျိက အင်မော်တယ်အဆင့် ပစ္စည်းမဟုတ်ကြောင်း သေချာယုံကြည်နေမိသည်။ ထိုအရာက အင်မော်တယ်အဆင့်ကို ကျော်လွန်နေလောက်၏။ မိုဝူကျိက ဆေးပြင်းမီးဖိုသည် သူ့အား သန့်စင်ပေးရန် ဖိတ်ခေါ်နေသည့်အလား ခံစားနေရသည်။
ပစ္စည်းကောင်းလေး ….
မိုဝူကျိက တောင်ရွှင်တစ်ယောက် မိုဝူကျိကို အပေးအယူလုပ်ရန် ဆွဲဆောင်နိုင်မည် ဖြစ်ကြောင်း သေချာနေသည့် အကြောင်းအရင်းကို နားလည်သွားတော့သည်။ ဤဆေးပြင်းမီးဖိုကြောင့်သာ ဖြစ်လိမ့်မည်။ မိုဝူကျိက အဆင့် ၉ ဆေးလုံးဧကရာဇ် ဖြစ်သောကြောင့် ဤသို့မျိုး ဆေးမီးဖို ရရှိဖို့ရာ စိတ်အားထက်သန်နေလိမ့်မည်။ ဆေးမီးဖိုကောင်းတစ်ခုက ဆေးလုံးဆရာများအနေနှင့် ဘယ်သောအခါ လက်မလျော့လိုသည့် အရာ ဖြစ်ပေသည်။
မိုဝူကျိက တောင်ရွှင်၏ အကြံမှာ အောင်မြင်သွားကြောင်း ဝန်ခံရုံမှအပ မရှိတော့ပေ။ သူက ဤဆေးမီးဖိုကို တကယ်လိုချင်မိ၏။ သူက အစီအရင်အလံ၏ အသုံးပြုမှုကို သေချာမသိနေလျှင်ပင် သူ့အနေနှင့် အပေးအယူ လုပ်ရမည် ဖြစ်သည်။
မိုဝူကျိ၏ စိတ်စွမ်းအားက ဆေးမီးဖိုကို ကျော်လွန်သွားသည့်အခါ ရွှေရောင် ကျောက်စိမ်းပေလွှာလေးကို မြင်လိုက်ရသည်။ မိုဝူကျိက ကျောက်စိမ်းပေလွှာ တော်တော်များများကို မြင်ဖူးသော်လည်း ရွှေရောင်နှင့် တွေ့ရသည်မှာ အနည်းငယ်မျှသာ ရှိပေ၏။
သူ့စိတ်စွမ်းအားကို စိမ့်ဝင်စေလိုက်သည့်အခါ မိုဝူကျိက ထိုကျောက်စိမ်းပေလွှာ၏ ပါဝင်အကြောင်းအရာကို မြင်လိုက်သောအခါ ထခုန်လုမတတ် အံ့ဩသွားလေ၏။
ထိုကျောက်စိမ်းပေလွှာမှာ အရုပ် ပြုုလုပ်သည့်အကြောင်း ရေးထားခြင်း ဖြစ်ရာ မိုဝူကျိအနေနှင့် တစ်ခုခုကို တကယ်လိုချင်မိသည်မှာ ပထမဆုံး ဖြစ်၏။ သူက အဆင့် ၉ ပန်းပဲဆရာ ဖြစ်သော်လည်း အရုပ်များကို ဖန်တီးပြုလုပ်ရာ၌ မကျွမ်းကျင်ပေ။
အရုပ်ကို ဖန်တီးပြုလုပ်ခြင်းနှင့် သန့်စင်ခြင်းမှာ ခြားနားသော ကိစ္စနှစ်ခု ဖြစ်ပေသည်။ အကြောင်းမှာ အရုပ်များကို သန့်စင်လိုလျှင် ပန်းပဲပညာရပ်၌ ကျွမ်းကျင်နေရုံသာမက အစီအရင်တာအို၌လည်း ကျွမ်းကျင်နေရန် လိုအပ်ပေသည်။ ထို့အပြင် တခြားသော ဗဟုသုတများ၌လည်း အဆင့်တစ်ခုအထိ ရောက်ရှိနေရမည်။
ထိုအရာမှာ သာမာန်အရုပ်များကို သန့်စင်ရာ၌ မဟုတ်ဘဲ တာ့ဟွမ်လိုမျိုး ပစ္စည်း စိတ်ဝိညာဉ် ရှိသည့် အရုပ်ကို သန့်စင်ရာ၌ လိုအပ်ခြင်း ဖြစ်၏။ ထို့ကြောင့် အသိပညာမှာလည်း အဆများစွာ ကောင်းဖို့ လိုအပ်ပေသည်။ ထို့ကြောင့် အင်မော်တယ် အရုပ်ကောင်းကောင်းမှာ ရှားပါးလွန်းသည့် အဓိက အကြောင်းအရင်း ဖြစ်၏။
ဤကျောက်စိမ်းပေလွှာ၌ အရုပ် ဖန်တီးမှုအကြောင်းကို မိတ်ဆက်ထားရုံသာမက အရုပ်ကို ပစ္စည်း စိတ်ဝိညာဉ်နှင့် ပေါင်းစပ်သည့် နည်းလမ်းများလည်း ပြထားသည်။
အကယ်၍ ဆေးမီးဖို ရှိမနေလျှင်ပင် မိုဝူကျိက ထိုကျောက်စိမ်းပေလွှာကြောင့် ဤအလဲအလှယ်အား လက်မလျော့နိုင်တော့ပေ။
တာ့ဟွမ်မှာ အရုပ် ဖြစ်သော်လည်း သူ့မိတ်ဆွေအဖြစ် သတ်မှတ်ထားသည်မှာ ကြာမြင့်လှလေပြ။ီ အစပိုင်းတွင် တာ့ဟွမ်က သူ့အား ကာကွယ်ဖို့ရန်အတွက် မြောက်များစွာသော အဆင့်မြင့် ပညာရှင်များနှင့် ယှဉ်တိုက်ပေးခဲ့ပြီး မဟာဧကရာဇ် သုံးယောက်နှင့် ဧကရာဇ်တပိုင်းအဆင့် ကျင့်ကြံသူများကြောင့် ဆုံးရှုံးခဲ့ရသည်။
ယနေ့အထိ မိုဝူကျိက တာ့ဟွမ်၏ နောက်ဆုံးစကားကို မမေ့ထားနိုင်ခဲ့ပေ “ သခင် အခု ထွက်သွားပါတော့ … တာ့ဟွမ် သူတို့ကို အနိုင်မတိုက်နိုင်တော့ဘူး ”
ထိုစကားမှာ ခံစားချက်များ ကိန်းအောင်းနေပြီး တာ့ဟွမ်ဆီမှ ကမ္ဘာကြီးဆီကနေ ထွက်မသွားလိုသည့် အရိပ်အယောင်တချို့ ပါဝင်နေသော်လည်း အပိုင်းပိုင်း အစစ ဖျက်စီးခံလိုက်ရသည်။
မိုဝူကျိ၏ အမြင်အရ တာ့ဟွမ်သည် အသိဉာဏ်မဖွံ့ဖြိုးသေးသည့် ကလေးတစ်ယောက်မျှသာ ဖြစ်ပြီး ကြီးထွားလာကာ ကမ္ဘာကြီးကို လေ့လာတော့မည့်ဆဲဆဲတွင် ထိုလူများ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။
သူက လက်စားမချေရသေးခင် တာ့ဟွမ်အား အရင်ဦးစွာ ပြန်ခေါ်လိုပေသည်။ တာ့ဟွမ်၏ ပစ္စည်း စိတ်ဝိညာဉ်ကို သူ့ထာဝရ ကမ္ဘာထဲ သိမ်းဆည်းထားဆဲ ဖြစ်သည်။
သူက အရုပ် ဖန်တီးရာ၌ ကျွမ်းကျင်သည့်သူကို ရှာဖွေပြီး သင်ယူလိုသော်လည်း အမြဲတမ်း ရှုံးနိမ့်ခဲ့ရသည်။ ယနေ့ သူက မျှော်လင့်ချက် အလင်းရောင် မျှင်မျှင်လေးကို ပြန်လည် တွေ့လိုက်ရလေပြီ။
“ တာအိုရောင်းရင်းမို လဲလှယ်ချင်ရဲ့လား …. ခင်ဗျားဆီက စကားတစ်လုံးဆိုရင် ရပါပြီ ” တောင်ရွှင်က စတင်၍ စိုးရိမ်လာမိသည်။
“ လဲကြတာပေါ့ ” မိုဝူကျိက တုံ့ဆိုင်းမနေဘဲ ပေါင်ပု၏ သိုလှောင်လက်စွပ်ကို တွန်းပေးလိုက်ပြီး တောင်ရွှင်၏ လက်စွပ်ကို ဆွဲကာ ထာဝရ ကမ္ဘာထဲ ပို့ဆောင်လိုက်သည်။
တောင်ရွှင်က ခံစားချက်ကင်းမဲ့စွာ ကျန်ရှိနေကာ တည်ကြည်လေးနက်သည့်ဟန် ပေါက်နေသည်။ သူ့စိတ်အတွင်း၌ ပျော်ရွှင်ခုန်ပေါက်မိနေသည်။ ပေါင်ပု၏ လက်စွပ်ကို ရသည်နှင့် သူက တွန့်ဆုတ်မနေဘဲ အတားအဆီးကို ဖွင့်ကြည့်လိုက်သည်။
တောင်ရွှင်က အတားအဆီးကို ဖယ်ရှားလိုက်မှန်း သိသောကြောင့် မည်သူကမှ မနှောင့်ယှက်ရဲကြသော်လည်း အဆင့် ၉ သားရဲတစ်ကောင်က မတ်တတ်ရပ်ကာ ပြောလိုက်သည် “ ကျုပ်ဆီမှာ ထိပ်တန်းအဆင့် ရုပ်ခန္ဓာ ကျင့်စဉ်ရှိတယ်။ ကျုပ်က ပျံသန်းရေး ရတနာနဲ့ လဲဖို့ စိတ်ဝင်စားနေတယ် ”
ဤတစ်ကြိမ်၌ ရုပ်ခန္ဓာကျင့်စဉ်၌ စိတ်ဝင်စားကြသူ အများအပြား ရှိပေသည်။ အရှင်မဟာဧကရာဇ်တချို့သာ အပေးအယူ မလုပ်ကြသော်လည်း အဆင့်နိမ့် သားရဲများက အရူးအမူး ဈေးမြင့်မြင့် ပေးနေကြသည်။
သို့သော်လည်း ဤသို့အချိန်အခါမျိုး၌ မိုဝူကျိက အားလုံးကို စိတ်ထဲ မထားနေတော့ပေ။ သူက ရွှေရောင်ကျောက်စိမ်းပေလွှာကိုသာ အာရုံစိုက်ထားလိုက်၏။
လက်ရှိ တောင်ရွှင်က အာရုံမစိုက်အားဘဲ ပေါင်ပု၏ လက်စွပ် ဖွင့်ဖို့ရာသာ အာရုံရောက်နေသည်။
မိုဝူကျိက အသက်ရှုကြိမ် အကြိမ်ရေအနည်းငယ်လေးအတွင်း ပေါင်ပု၏ သိုလှောင်လက်စွပ်ကို ဖွင့်နိင်ခဲ့သော်လည်း တောင်ရွှင်က မိနစ်တချို့ ကြာပေသည်။
တောင်ရွှင် ပထမဆုံး လုပ်သည့်အရာမှာ ပေါင်ပုလက်စွပ်အတွင်းမှ အစီအရင်အလံ ရှာဖွေလိုက်ခြင်း ဖြစ်ပြီး ထိုအရာကို မြင်သည့်အခါမှ စိတ်အေးသွားတော့သည်။ ထိုနောက် သူက လက်စွပ်ကို သိမ်းထားလိုက်ပြီး ဘာမှမလုပ်တော့ပေ။
ကျန်ရှိနေသော အရှင်များမှာလည်း တောင်ရွှင်၏ အမူအယာကို သတိထားမိသောကြောင့် စိတ်အေးသွားကြသည်။ ထိုသည်မှာ ထိုပစ္စည်းက သူတို့လက်ထဲ ရောက်နေကြောင်း ညွှန်ပြနေခြင်း ဖြစ်၏။
မိုဝူကျိက တောင်ရွှင်သည် ပေါင်ပု လက်စွပ် ဖွင့်ပြီးသွားကြောင်း ခန့်မှန်းမိ၍ ထရပ်ကာ ပြောလိုက်သည် “ အချိန်လည်း မစောတော့ဘူး။ ဒီအလဲအလှယ်ပွဲကလည်း အချိန်တိုလေးအတွင်း ပြီးမှာ မဟုတ်ဘူးဆိုတော့ ကျုပ်တို့တွေ အာကာပြင်နက်အသီးကို အရင်ခွဲကြရအောင် ….. ကျုပ်တော့ နားဖို့ လိုအပ်နေပြီ။ ကျုပ် ဒီကျွန်းကို ပြန်လာကတည်းက ကောင်းကောင်း မနားရသေးဘူး …. ”
ရွယ်လုက ထရပ်ကာ “ ကျုပ်လည်း တာအိုရောင်းရင်းမိုရဲ့ စကားကို ထောက်ခံတယ်။ အာကာပြင်နက်အသီး နည်းနည်းပိုပြီးတော့ အရေးကြီးတယ်လေ။ ပြီးတော့ သွေစောင်းပင်လယ်ရဲ့ အပြင်ဘက်က ကာကွယ်ရေး အစီအရင် သိပ်မကြာခင် ပွင့်လာတော့မယ်လေ ”
တခြားသော အရှင်မဟာဧကရာဇ်များကလည်း ထရပ်လိုက်ကြပြီး မျက်ဆံနီလိပ်ကြီး က ခေါင်းညိတ်ကာ “ ဒီလိုဆိုမှတော့ အာကာပြင်နက်အသီးကို အရင်ဆုံး ကြည့်ကြတာပေါ့ ”
***