← Chapters

လူပျောက်မှုများ

Vol. 6 Ch. Chapter 37

လူပျောက်မှုများ

Vol. 6 Ch. Chapter 37

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ

V4 Chapter 37 - လူပျောက်မှုများ

မနက် နှစ်နာရီ။

လမ်းဘေးပလက်ဖောင်းတစ်ခုပေါ်မှာထိုင်ပြီး အဆောက်အဦးနံရံကိုမှီအိပ်နေတဲ့ အိမ်ခြေရာမဲ့က မျက်လုံးဖွင့်ကြည့်လိုက်တယ်။ သူ့ဘေးပတ်ဝန်းကျင်တစ်ခုလုံး ဆူညံ့နေလို့ အိပ်မရတော့ဘူး။

နယူးယောက်မြို့တော်ကြီးကို မအိပ်သောမြို့ကြီးလို့ လူတွေခေါ်ကြတာမမှားဘူး။ ညကြီးအချိန်မတော်မှာတောင် လူတွေသွားလာနေကြတုန်း။ ဒါပေမဲ့ ပုံမှန်အချိန်မှာ သွားလာနေတဲ့ လူတွေနဲ့ ညဖက်သွားလာနေတဲ့ လူတွေကြားမှာ ကွာခြားချက်တစ်ခုရှိနေတယ်။

အခုအချိန်က လူသူတော်တွေအိမ်ပြီး တောကြောင်တွေ ကျက်စားတဲ့အချိန်။ လမ်းထောင့်တစ်ခုမှာစိုက်ထားတဲ့ လမ်းမီးတိုင်ဆီကို အိမ်ခြေရာမဲ့ရဲ့အကြည့်က ရောက်သွားတယ်။ မီးရောင်အောက်မှာ ရွှေလိုဝင်းဝါနေတဲ့ပေါင်တံကို တမင်လူမြင်အောင် ထုတ်ကြွားနေတဲ့ အမေရိကန်အာရှ​ကပြား ပြည့်တန်ဆာတစ်ယောက်ကို သူမြင်ရတယ်။ မိတ်ကပ်ထူထူလိမ်းထားလို့ နဂိုရုပ်ဘယ်လိုရှိလဲမသိပေမဲ့ သားမွှေးအင်္ကျီထူကြီးဝတ်ထားတဲ့ လူနှစ်ယောက်နဲ့ စျေးစကားပြောနေတယ်။

တခြားတစ်ဖက်ကို သူလှည့်ကြည့်လိုက်တော့ ယာဥ်မရပ်ရနေရာမှာ ကားရပ်ပြီးတော့ ဆေးလိပ်ကို အမှုန့်တစ်မျိုးနဲ့ရောသောက်နေတဲ့ ရပ်ပါယောင်ယောင်ဘာယောင်ယောင် လူငယ်တချို့ကိုလည်း သူတွေ့တယ်။ ပြီးတော့ ဂိုဏ်းစတားပုံစံဝတ်ပြီး လမ်းလျှောက်နေတဲ့ လူတစ်ဒါဇင်လောက်လည်းရှိနေသေးတယ်။

ညသရဲတွေ ကျက်စားတဲ့အချိန်ရောက်လာပြီမလို့ အိမ်ရာမဲ့က လမ်းကြားထဲမှာ ဆက်မနေတော့ဖို့ ဆုံးဖြတ်ကာ သူပိုင်ဆိုင်သမျှကို ပလက်စတစ်ခြင်းအစုတ်လေးထဲ ကောက်ထည့်လိုက်တယ်။ သူပိုင်တာဆိုလို့ သိပ်မများဘူး။ စုတ်ပြတ်ပြီး ချွေးနံနံနေတဲ့ စောင်အဟောင်းလေးတစ်ထည်၊ ခြေအိတ်စုတ်တစ်စုံနဲ့ စည်သွပ်ဘူးခွံတစ်လုံး။ အဝတ်လေးတစ်ထည်နှစ်ထည်နဲ့ ပိုက်ဆံအကြွေနည်းနည်းလည်းရှိပေမဲ့ စကားထဲသိပ်ပြီးထည့်ပြောစရာမလိုပါဘူး။

ပစ္စည်းတွေအသင့်ဖြစ်တော့ အိမ်ရာမဲ့က တောင်းလေးကိုပိုက်ပြီး လမ်းကြားကနေ ထွက်သွားတယ်။ သူဦးတည်သွားနေတဲ့နေရာက သူနဲ့အတော်ရင်းနှီးတဲ့နေရာပါ။ ပြောရရင် ညတိုင်းလိုလို သွားအိပ်နေကျနေရာပဲ။

လမ်းတစ်ဝက်မှာ သူနဲ့အတူရင်းနှီးတဲ့ ပုဂ္ဂိုလ်တစ်ယောက်နဲ့တွေ့တယ်။ ပုဂ္ဂိုလ်လို့ပြောပေမဲ့ သာမန်လူတွေရဲ့စံနှုန်းနဲ့ဆိုရင် ကြီးမြတ်တဲ့သူတော့မဟုတ်ဘူး။ ဒါပေမဲ့ အိမ်ခြေရာမဲ့တစ်ယောက်အနေနဲ့ဆိုရင်တော့ အားလုံးလေးစားကြတဲ့သူပဲ။

"အဖိုးလယ်ရီ၊ ဒီနေ့ရော ဘယ်လိုလဲ။"

"မင်းမြင်တဲ့အတိုင်း အသက်ရှင်နေတုန်းပဲလေကွာ။" သူ​လေးလေးစားစားစနှုတ်ဆက်တော့ အဖိုးကြီးကလည်း ပြန်နှုတ်ဆက်တယ်။ သူ့ရှေ့က အသက်ရှစ်ဆယ်ကျော်အဖိုးအိုဟာ ဝါရင့်အိမ်ရာမဲ့တစ်ယောက်ဖြစ်လို့။ အိမ်ရာမဲ့တွေရဲ့ဘဝက ကြမ်းတမ်းတာမလို့ အခုလို့သွားမရှိတဲ့အထိ အသက်ရှင်နေသေးရင် အံ့ဩစရာကြီးမလို့ အားလုံးက လေးစားတာခံရတယ်။ တော်တော်များများက ငယ်ငယ်လေးသေကုန်တာများတာကိုး။

"မင်းရော အိပ်တဲ့နေရာပြောင်းတော့မလို့လား။ ဘယ်သွားအိပ်မှာလဲကွ။"

အိမ်ရာမဲ့က အဖိုးကြီးကို သူသွားမယ့်နေရာဆီ လက်ညိုးထိုးပြလိုက်တယ်။ အဖိုးကြီးက အဲဒီနေရာကိုမြင်တာနဲ့ မျက်လုံးပြူးပြီး ချက်ချင်းတားတော့တာပဲ။

"မင်းရူးနေလား၊ အဲဒီကိုသွားတဲ့သူတွေအကုန်လုံး ပျောက်နေတာ မင်းမသိဘူးလား။ ရော့ခ်နဲ့စကူဘီတောင် မရှိတော့ဘူး။ တခြားအိမ်ရာမဲ့တွေအကုန်လုံးအဲဒီလိုနေရာတွေကို ရှောင်နေကြပြီကွ။"

အိမ်ရာမဲ့က ဒီစကားကိုကြားတော့ လုံးဝမယုံဘူး။ သူက ရယ်တောင်ရယ်လိုက်သေးတယ်။ ကြောက်ရမယ့်အစား အခုလိုစကားမျိုးကိုတောင် ပြောလိုက်ပါသေးတယ်။

"အဖိုးရယ်၊ ဒါက သာမန်မြေအောက်ရထားဘူတာလေးပါ။ နွေးလည်းနွေးတယ်၊ မီးရောင်လည်းရှိတယ်ဗျ။ မြေပေါ်မှာအိပ်တာထက် အများကြီးသာတယ်။"

အဖိုးကြီးက ဒီစကားကြောင့် မျက်မှောင်ကြုတ်ပြီး မြေပြင်ပေါ်ကို တံထွေးထွေးချလိုက်တယ်။ "ပြောမရလည်းနေ။" နောက်တော့ ကုန်းကုန်းကွကွအဖိုးကြီက အိမ်ရာမဲ့နားကနေ ထွက်သွားတယ်။

အိမ်ရာမဲ့ကတော့ ခေါင်းကိုခါယမ်းရင်း မြေအောက်ရထားဘူတာရုံကိုဆင်းတဲ့ လှေကားဆီကို ချဥ်းကပ်သွားပြီး လှေကားထစ်တွေအတိုင်း ဖြည်းဖြည်းချင်း ဆင်းသွားလိုက်တယ်။

"ခါတိုင်းလိုပါပဲ။" အိမ်ရာမဲ့က ဘူတာရုံအတွင်းပိုင်းကိုရောက်တော့ ပြောလိုက်တယ်။ ဒီနေရာက လေထုက နွေးထွေးပြီး မီးတွေလင်းထိန်အောင် ထွန်းထားတယ်။ ဘူတာရုံညစောင့်တွေကို မတွေ့ရသေးပေမဲ့ သူဝင်လာပြီး သိပ်မကြာခင်မှာပဲ မြေအောက်ရထားတစ်စင်း ဖြတ်သန်းသွားတယ်။

နယူးယောက်မြို့မှာ မြေအောက်ရထားတွေက ၂၄ နာရီအလုပ်လုပ်တယ်။ မနက်ပိုင်းမှာ တစ်စီးနဲ့တစ်စီး ငါးမိနစ်လောက်ခြားပြီး သွားလာတတ်ပေမဲ့ အခုလိုညလယ်ခေါင်အချိန်မှာဆိုရင်တော့ မိနစ်နှစ်ဆယ်ကို အနည်းဆုံးတစ်စင်းထွက်တယ်။ ခရီးသည် မရှိလုနီးပါးဆိုပေမဲ့ မြို့ကြီးရဲ့သယ်ယူပို့ဆောင်ရေးစနစ်စွမ်းအားကို အလွယ်တကူပဲတွေ့နိုင်ပါတယ်။

နောက်တော့ အိမ်ရာမဲ့က အိပ်လို့ကောင်းမယ့် နေရာတစ်ခုကို လိုက်ရှာတယ်။ လှေကားနဲ့ ခပ်နီးနီးက နံရံကို ရွေးလိုက်ပြီး ကတ်ထူစက္ကူကို အိပ်ရာခင်းအနေနဲ့ ခင်းလိုက်တယ်။ နောက်တော့ သေချာထုတ်ထားတဲ့ အဝတ်တွေကိုထုတ်လိုက်ပြီး ခေါင်းအုံးအနေနဲ့ချကာ လှဲချလိုက်တယ်။ အဝတ်စုတ်သာသာ စောင်ကိုလည်း သူ့ကိုယ်ပေါ်ခြုံဖို့ မမေ့ဘူး။

လှေထားထစ်ပေါ်ကနေ ​လည်ပတ်နေတဲ့မြို့ကြီးရဲ့ဆူညံ့သံတွေကို ကြားနေရပေမဲ့ အတော်လေးတိုးသွားပြီမလို့ သိပ်ပြီးအနှောင့်အယှက်မဖြစ်တော့ဘူး။ နောက်တော့ သူအဝတ်ပုံပေါ် ခေါင်းအုံးလိုက်ရင်း အိပ်ပျော်သွားတယ်။

ချက်... ချက်... ချက်...

သတ္တုမျက်နှာပြင်နဲ့ကွန်ကရစ်ကြမ်းပြင် ပွတ်တိုက်မိတဲ့ အသံမျိုးထွက်ပေါ်ပြီးတဲ့နောက် သူ့နားတစ်ခုခုလိမ့်လာသလို ခံစားမိတာကြောင့် အိမ်ရာမဲ့မျက်လုံးဖွင့်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်တယ်။ အနက်ရောင်တာယာနဲ့အရာတစ်ခု သူနဲ့ခပ်လှမ်းလှမ်းမှာရှိနေတယ်။

သူ့စိတ်ထဲ သံသယရှိပေမဲ့ ကြောက်စိတ်တော့ မဝင်မိသေးဘူး။ အဲဒီအနက်ရောင်အရာက အိမ်စီးကားတစ်စီးရဲ့ကားတာယာလောက်ပဲရှိတာ။ သူကြည့်နေတုန်းမှာပဲ ကားတာယာလိုအရာက တစ်ချက်လှုပ်ရှားသွားတယ်။ အဲဒီကတည်းက သာမန်ဖြစ်ရပ်တစ်ခုမဟုတ်မှန်း သူသတိထားမိတယ်။

"မ... မကောင်းဆိုးဝါး" သူအသံထွက်တယ်ဆိုရုံ ရေရွတ်လိုက်ပြီး လှေကားကနေတစ်ဆင့် အပေါ်ကိုတက်ပြေးဖို့လုပ်တယ်။ ဒါပေမဲ့ ခွေနေတဲ့အခွံမာက ချက်ချင်းပြန့်သွားပြီး သေးငယ်တဲ့ခြေချောင်းလေးတွေနဲ့အတူ မြန်​မြန်ပြေးလာတယ်။ အိမ်ရာမဲ့ကတော့ ထိတ်လန့်နေလို့ သတ္တဝါကို သေချာပြန်မကြည့်ဖြစ်ဘူး။

စက္ကန့်ပိုင်းအတွင်းမှာပဲ သတ္တဝါက အိမ်ရာမဲ့ကိုလိုက်မီလာပြီး ခြေထောက်ကနေတစ်ဆင့် ကျောကုန်းပေါ်အထိရောက်လာတယ်။ နောက်တော့ သူ့လက်ချောင်းတွေနဲ့အိမ်ရာမဲ့ရဲ့လည်ပင်းကို ထိုးဖောက်လိုက်တာကြောင့် အော်သံတောင်မထွက်နိုင်တော့ဘူး။ မကြာခင်မှာပဲ အိမ်ရာမဲ့ရဲ့အသက်မဲ့နေတဲ့ခန္ဓာကိုယ်က ကွန်ကရစ်ကြမ်းပြင်ပေါ်ကို ဘုတ်ခနဲပြုတ်ကျလာတယ်။

  ဘာမှန်းမသိတဲ့အရာက အိမ်ရာမဲ့ရဲ့ခန္ဓာကိုယ်ကို ရှည်လျားပြီး အဆုံးကိုမမြင်ရတဲ့ လိုဏ်ခေါင်းအနက်ထဲကို ခေါ်ဆောင်သွားတယ်။ မကြာခင်မှာပဲ ရထားတစ်စင်းဖြတ်သွားတယ်။ ဘူတာရံအဝင်မှာတော့ သွေးအိုင်နဲ့စွတ်ကြောင်းကြီးကို မြင်နေရတုန်းပဲ။

...

"ဟယ်လို၊ ကျွန်မက လူနာပါ။ ကွင်းနယ်မြေရဲစခန်းကလားရှင့်။ ကျွန်မကို ကူညီ​ပေးနိုင်မယ့် တစ်ယောက်ယောက်နဲ့စကားပြောချင်လို့ပါ။"

အိမ်ရာမီးလောင်တဲ့ကိစ္စကြောင့် ညနက်တဲ့အထိ အလုပ်တွေရှုပ်နေခဲ့ပေမဲ့ လင်ဒါက နောက်တစ်နေ့ ရုံးချိန်အမီ တာဝန်ကျရဲစခန်းကို ပြန်လာခဲ့တယ်။ သူရုံးထိုင်ပြီး သိပ်မကြာခင်မှာပဲ ဒီဖုန်းကောလ်ကို လက်ခံရရှိတာ။

ဖုန်းဆက်တဲ့သူရဲ့အသံအရ အတော်လေးငယ်သေးပုံပေါ်တဲ့ မိန်းကလေးဖြစ်ပုံပဲ။ ဒါကြောင့် လင်ဒါလည်း အတတ်နိုင်ဆုံး လေသံကိုဖျော့ထားပြီး ပြောလိုက်ပါတယ်။

"အခုပြောနေတာက အရာရှိလင်ဒါပါ၊ တစ်ခုခုများ ကူညီပေးရမလား။"

ရဲအရာရှိတစ်ယောက်က လက်ခံစကားပြောနေတယ်ကြားတာနဲ့ ကောင်မလေးဆီကနေ ပျော်ရွှင်တဲ့စကားသံလေးထွက်လာတယ်။ ဝမ်းနည်းဆို့နင့်တဲ့ ရှိုက်ငိုသံလည်း လျှို့ဝှက်စွာလိုက်ပါလာပေမဲ့ပေါ့။

"ကျွန်မအစ်ကို ထွက်သွားပြီး ပြန်မလာသေးလို့ပါရှင်။ အဲဒါသူ့ကိုကူညီပြီး ရှာပေးလို့ရမလားမသိဘူး။ Hotlineက နယ်မြေရဲစခန်းကိုဆက်သွယ်ဖို့ လွှဲပေးလိုက်လို့ပါ။"

လင်ဒါက လူပျောက်မှုဆိုတာသိတော့ ခေါင်းညိတ်ပြီး လိုအပ်တဲ့အချက်အလက်တွေ မေးတယ်။ ကလေးမလေးရဲ့နာမည်၊ ပျောက်သွားတဲ့သူရဲ့နာမည်နဲ့ ပျောက်သွားတဲ့ကြာချိန်၊ နေရပ်လိပ်စာတွေနဲ့တခြားလိုအပ်တာတွေပေါ့။

"သမီးတို့က ကွင်းမြို့စွန်နားမှာ နေတာပါရှင့်၊ သမီးအစ်ကိုက ကုမ္ပဏီတစ်ခုမှာ ညစောင့်လုပ်ပါတယ်။ လွန်ခဲ့တဲ့ ၃ရက်လောက်က အလုပ်သွားပြီး အခုထိပြန်မလာလို့ပါ။ ကုမ္ပဏီကတော့ ကိိုကိုအိမ်ပြန်သွားပြီပဲပြောပြီး သမီးတို့ကို တခြားဘာမှမပြောပါဘူး။"

လင်ဒါက အချက်အလက်တိုင်းကို ရေးမှတ်လိုက်တယ်။ "ဟုတ်ပြီ၊ စိတ်မပူနဲ့သမီးလေး။ အစ်မတို့တွေ အကောင်းဆုံးကြိုးစားပေးမယ်။ ဟုတ်ပြီလား။"

လင်ဒါက ကလေးမလေးကို နှစ်သိမ့်ပြီးတဲ့နောက် အမှုဖွင့်ပြီး လူရှာဖို့လိုအပ်တာတွေကို စပြင်ဆင်တယ်။ ဒါပေမဲ့ စားပွဲပေါ်မှာတင်ထားတဲ့ ပုံထပ်နေတဲ့ဖိုင်တွေကို ကြည့်လိုက်ပြီးနောက် မျက်မှောင်ကြုတ်လိုက်မိတယ်။

"အခုတလော လူပျောက်မှုနဲ့ပတ်သက်ပြီး ငါတို့ဆီကိုသတင်းပို့လာတာ ဘယ်နှစ်မှုရှိသွားပြီလဲ။"

နယူးယောက်လို ရာဇဝတ်မှုထူပြောတဲ့ မြို့ကြီးမှာ လူပျောက်တာက အထူးအဆန်းမဟုတ်ပေမဲ့ တစ်ခုခုပုံမှန်မဟုတ်ဘူးလို့ လင်ဒါခံစားနေရတယ်။ ဒါကြောင့်ရဲသုံးကွန်ပျူတာစနစ်ကိုဖွင့်ပြီး ကွင်း​နယ်မြေစခန်းမှာ တိုင်ကြားထားတဲ့ လူပျောက်မှုစုစုပေါင်းကို ကြည့်လိုက်တယ်။

"ငါတို့နယ်မြေမှာတင် တစ်လအတွင်း ဆယ့်နှစ်မှုလား၊ နှစ်ရက်နေတိုင်း တစ်ယောက်နှုန်းနဲ့ပျောက်သလိုဖြစ်နေပြီ။"

လင်ဒါက နယူးယောက်တစ်မြို့လုံးမှာ တစ်လအတွင်းဖြစ်ခဲ့တဲ့ လူပျောက်မှုစုစုပေါင်းကို ကြည့်တော့လည်း အရင်နှစ်တွေကထက် နှစ်ဆလောက်ပိုများနေတာတွေ့ရတယ်။ လက်တလော မငြိမ်သက်တဲ့ကိစ္စတွေကို လင်ဒါတွေးမိတော့ သံသယတွေ စိတ်ထဲတိုးပွားလာတယ်။

ကွင်းမြို့လူပျောက်မှုတွေအားလုံးကို မြေပုံတစ်ခုပေါ်မှာတင်ပြီး ကွင်းဆက်လူပျောက်မှုအဖြစ်စဥ်းစားဖို့ လင်ဒါကြိုးစားကြည့်တယ်။ နယူးယောက်မြို့ရဲ့လူပျောက်နှုန်းတိုးပွားလာတာကို စဥ်းစားကြည့်ချင်တယ်ပြောတော့ တခြားရဲအရာရှိတွေလည်း သူ့ကိုကူညီကြတယ်။ မူခင်းမြေပုံကို ကြည့်လိုက်ပြီးနောက် လင်ဒါက ခေါင်းခါလိုက်တယ်။

"ပျောက်နေတဲ့သူတွေအချင်းချင်း ဘာဆက်စပ်မှုမှတော့မရှိဘူး။ အသက်အရွယ်ကျားမမရွေးပျောက်နေတာ။ နေရာကလည်း လုံးဝကို ကျပန်းလိုလိုပဲ။ အချိန်တစ်ခုပဲထူးခြားတာ။ ညသန်းခေါင်ကျော်နဲ့ နေမထွက်ခင်ကာလအတွင်းမှာ လူတွေပျောက်တာများနေတယ်။"

ရဲသားတိုက်ဆန်က လက်ထောင်ပြပြီး လင်ဒါကိုမေးခွန်ထုတ်လိုက်တယ်။ "အရာရှိ၊ နယူးယောက်တစ်မြို့လုံးက ထူးဆန်းတဲ့လူပျောက်မှုတွေကို စုံစမ်းမယ်ဆိုရင် ကွင်းတစ်မြို့ထဲကို နမူနာထားတာ နည်းနည်းလွဲနေနိုင်တယ်မဟုတ်လား။ လူပျောက်မှုအားလုံးရဲ့မှုခင်းမြေပုံကို ရဲတပ်ဖွဲ့စနစ်ကနေ ဖန်တီးရင်ရော။"

လင်ဒါလည်း ခေါင်းညိတ်လိုက်ပြီး အဲဒီအတိုင်းလုပ်ဖို့ ကြိုးစားကြည့်တယ်။ ဒါပေမဲ့ ရဲတပ်ဖွဲ့စနစ်က တကယ်ပဲ လင်ဒါရဲ့တောင်းဆိုချက်ကို ငြင်းဆိုလိုက်တယ်။ [အခွင့်အာဏာမလုံလောက်ပါ။]တဲ့။

"အို့၊ ကြည့်ရတာ ငါတို့ဒီဒေတာတွေရဖို့ တခြားနယ်မြေရဲစခန်းတွေကို တိုက်ရိုက်ဆက်သွယ်ဖို့လိုမယ်ထင်တယ်။"

လင်ဒါက ပြောလိုက်ပါတယ်။ သူတို့က သာမန်နယ်မြေရဲစခန်းလေးတစ်ခုပါ။ ရာဇဝတ်မှတ်တမ်းတချို့ကို အနီးအနားနယ်မြေတွေနဲ့ တကယ်ပဲမျှဝေလေ့ရှိပေမဲ့ တချို့ဒေတာတွေကိုတော့ တိုက်ရိုက်လက်ခံယူလို့မရသေးပါဘူး။ ဌာနတစ်ခုက တခြားနယ်မြေတစ်ခုထဲရောက်နေတဲ့ တရားခံတစ်ယောက်ကိုဖမ်းချင်ရင် တာဝန်ကျနယ်မြေစခန်းကို ဆက်သွယ်ဖို့လိုပါတယ်။ အခုကိစ္စမှာလည်း အလားတူပဲအလုပ်လုပ်ပါတယ်ဖ။ လူသတ်မှု၊ ခိုးမှုနဲ့ဓားပြမှုလို အရေးပါတဲ့ ပြစ်မှုတရားခံတွေကိုတော့ ဒေတာမျှဝေထားပေမဲ့ သိပ်အရေးမပါတဲ့ လူပျောက်မှုလိုကိစ္စမျိုးကျတော့ သက်ဆိုင်ရာဌာနတွေက မျှဝေမထားချင်ရင် ဒေတာက ပလက်ဖောင်းပေါ်မှာ ရှိနေမှာမဟုတ်ပါဘူး။

"အရာရှိ၊ မြူတန့်ဌာနစိတ်ကလူတွေက အဲဒီအချက်ကို လစ်လျူရှုလို့ရတယ်မဟုတ်လား။ သူတို့က တိုက်ရိုက်ဝင်ကြည့်လို့ရ​တယ်လေ။" ရဲသားကယ်ဗင်က အကြံပေးလိုက်တယ်။

လင်ဒါလည်း ခေါင်းညိတ်လိုက်ပြီး တခြားရဲတွေနဲ့အတူ မြူတန့်ဌာနစိတ်က အေးဂျင့်နှစ်ယောက် ရုံးလာတဲ့အထိစောင့်တယ်။ အဲဒီနှစ်ယောက်က တကယ်နောက်ကျပြီးမှရောက်လာတာ။ လင်ဒါက သူတို့နှစ်ယောက်ဆီကိုသွားပြီး ဒေတာတွေလက်ခံရနိုင်ဖို့ အကူအညီတောင်းတော့...

"စိတ်မကောင်းပေမဲ့ အရာရှိစိုးရိမ်နေတာက ဒီလောက်ဆိုးဝါးတဲ့ပြဿနာဖြစ်မယ်မထင်ပါဘူး။ နယူးယောက်လိုမြို့ကြီးမှာ လူပျောက်တာက သဘာဝပါပဲ။"

လင်ဒါက သက်ပြင်းချရင်း စိတ်ကိုသေချာထိန်းကာ အဲဒီနှစ်ယောက်ကို တစ်လုံးချင်းစီ ထပ်ပြောလိုက်ပါတယ်။ "ကျွန်မနယ်မြေမှာ လူပျောက်နှုန်းက ဒီတစ်လအတွင်း သိသိသာသာတိုးလာတယ်လေ။ တခြားနယ်မြေတွေလည်း တိုးလာလားဆိုတာ သိချင်ရုံပါ။"

အေးဂျင့်နှစ်ယောက်ထဲက တစ်​​ယောက်က ပခုံးတွန့်ပြလိုက်တယ်။ အခုထိ လင်ဒါပြောတဲ့အချက်ကိုသူတို့ လက်ခံပုံမရသေးပါဘူး။ "ဒီမှာအရာရှိ၊ ခင်ဗျားနယ်မြေမှာ လူပျောက်မှုတိုးလာတိုင်း တခြားနယ်တွေမှာလည်း အဲဒီလိုဖြစ်မယ်လို့ ကျိန်းသေပြောလို့မရဘူးလေ။ ခင်ဗျားနယ်မြေကို လူကုန်ကူးဂိုဏ်းသစ်တွေဘာတွေ ရောက်လာတာလဲဖြစ်နိုင်တာပဲ။"

လင်ဒါက လက်ပိုက်လိုက်ပြီး အေးဂျင့်နှစ်ယောက်ကို စူးစူးရဲရဲကြည့်လိုက်တယ်။ သာမန်ရဲသားတွေဆိုရင်တော့ လင်ဒါအမိန့်ပေးလို့ရပေမဲ့ ဒီနှစ်ယောက်က ရဲတွေနဲ့မဆိုင်ပါဘူး။ မြူတန့်ဌာနစိတ်က အမိန့်ကိုပဲ သူတို့နားထောင်တာပါ။

"ကျွန်မ ကွင်းမှာတာဝန်ကျတာကြာပြီ၊ ဒီမှာလမ်းသရဲဂိုဏ်းနည်းနည်းပါးပါးရှိပေမဲ့ လူကုန်ကူးဂိုဏ်းတော့ မရှိတာသေချာပါတယ်။" အဲဒီနောက် လင်ဒါက လက်ကိုဆန့်ထုတ်ပြီးပြောလိုက်တယ်။

"ရှင်တို့ကျွန်မကို ဒေတာတွေပြရုံပဲလိုတာပါ။"

ဒါပေမဲ့ အေးဂျင့်တွေကတော့ ငြင်းနေတုန်းပဲ။ "စိတ်မကောင်းပါဘူးဗျ၊ ကျွန်တော်တို့ မြူတန့်ဌာနစိတ်က ရဲတပ်ဖွဲ့ဒေတာတွေကို တိုက်ရိုက်ဝင်ကြည့်လို့ရပေမဲ့ တခြားသူတွေကို ခွင့်ပြုချက်မရှိဘဲ ပြန်မမျှဝေရဘူးလို့ စည်းကမ်းချက်ရှိပါတယ်။ မကူညီနိုင်လို့ ဆောရီးပါ။"

အေးဂျင့်နှစ်ယောက်က စကားလက်စသတ်လိုက်ပြီး သူတို့လုပ်စရာရှိတာတွေ ဆက်လုပ်နေတယ်။ လင်ဒါသူတို့ရုံးခန်းထဲမှာ ရှိ​နေတယ်လို့ကို ဂရုမစိုက်တော့တာ။

လင်ဒါရုံးခန်းထဲက ပြန်ထွက်လာပြီး အားလုံးကိုခေါင်းခါပြလိုက်တယ်။ ရဲတချို့ စိတ်ပျက်လက်ပျက်နဲ့ သူတို့တာဝန်ကျရာနေရာတွေကို ပြန်သွားကြတယ်။ကယ်ဗင်နဲ့တိုက်ဆန်ပဲကျန်တယ်။

"အရာရှိ၊ ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ။"

"ငါတခြားရဲစခန်းတွေကို emailပို့ပြီး ဒေတာတွေမျှဝေပေးဖို့ပြောလိုက်မယ်။ ဗျူရိုကရေစီကြောင့် နည်းနည်းကြာမှာဆိုပေမဲ့ ဒီကြားထဲတော့ နောက်ဆုံးဖြစ်ခဲ့တဲ့ လူပျောက်မှုကို လိုက်ကြတာပေါ့။"

ရဲသားနှစ်​ယောက်လည်း ခေါင်းညိတ်လိုက်တယ်။ ဒီနှစ်ယောက်က အရင်စခန်းမှူးလက်ထက်ကတည်းက တရားမျှတဲ့အမြင်ရှိသူတွေဖြစ်ပြီး လင်ဒါနောက်ကို လိုက်ဖို့အသင့်ဖြစ်နေကြသူတွေပါ။

  သူတို့သုံးယောက်က ရဲကားပေါ်တက်ပြီး ကလေးမလေးပေးထားတဲ့လိပ်စာအတိုင်း မောင်းတယ်။ မကြာခင်မှာပဲ အတော်လေးအိုဟောင်းနေတဲ့ သစ်သားအိမ်လေးတစ်လုံးရှေ့မှာ သူတို့ကားထိုးရပ်လိုက်တယ်။ ကလေးမလေးပြောခဲ့သလိုပဲ အိမ်က မြို့စွန်မှာပါ။

လင်ဒါက အိမ်ရှေ့တံခါးဝမှာရပ်လိုက်ပြီး လူခေါ်ဘဲကိုတီးလိုက်တယ်။ ခပ်ဝဝ လူမည်းအမျိုးသမီးကြီးတစ်ယောက်က တံခါးလာဖွင့်ပေးပေမဲ့ ရဲဝတ်စုံတွေကိုမြင်တာနဲ့ ဒေါသတကြီးအော်ဟစ်ပြောဆိုတော့တာပဲ။

"ဟိုကောင်းကျိုးမပေးတဲ့သား ပြဿနာရှာလာပြန်ပြီလား။ ကျွန်မရှင်းရှင်းပဲပြောမယ်နော်၊ အာမခံပေးရမယ်တို့ လျှော်ရမယ်တို့ဆိုရင် ကျွန်မဘာတစ်ခုမှလုပ်မပေးနိုင်ဘူးနော်။ ကျွန်မတို့မိသားစုမှာ လျှော်စရာရော စားစရာပါမရှိတော့ဘူး။"

အိမ်ရှင်အဒေါ်ကြီး ဆူဆဲနေတုန်း လမ်းလျှောက်တုတ်ကောက်လေးကိုင်ထားတဲ့ လူမည်းမျက်မမြင်ကလေးမလေးတစ်ယောက် အပေါ်ထပ်လှေကားကနေဆင်းလာတယ်။

"အရာရှိကြီးတို့လားဟင်၊ သမီးကို တကယ်လာမကူညီလောက်ဘူးထင်နေတာ။"

လင်ဒါက ကလေးမလေး သူ့ကိုမမြင်ရမှန်းသိပေမဲ့ ပြုံးပြလိုက်တယ်။ ကလေးမလေးကို ကလေးအမေက လမ်းဖယ်ပေးလိုက်တော့ လင်ဒါဒူးထောက်ပြီး ကလေးမလေးခေါင်းကို ပွတ်ပေးလိုက်တယ်။

"ချစ်စရာကောင်းတဲ့သမီးလေးက အစ်မကိုလှမ်းအကူအညီတောင်းမှတော့ လာမှဖြစ်မှာပေါ့။" ကလေးမလေးလည်း ပြန်ပြုံးပြလိုက်တယ်။

ကလေးအမေက ရဲတွေကိုကြည်ပုံမရပေမဲ့ ရဲခေါ်လိုက်တာက သူ့သမီးဆိုတော့ မကြည်မသာနဲ့ဘဲ သူတို့ကို အိမ်ထဲဝင်ခွင့်ပေးလိုက်ရတယ်။ မကြာခင်မှာပဲ သူတို့တွေ စနစ်တကျစစ်ချက်ယူခွင့်ရတယ်။

"ဒီတော့ ပျောက်သွားတဲ့ကလေးက ရီး ဟာမိုနီပေါ့။ အသက်က ၂၃နှစ်၊ အရင်က ခိုးမှုတစ်ခုနဲ့ဓားပြမှုတစ်ခု ကျူးလွန်ဖူးတယ်ပေါ့။"

လင်ဒါက ဖုန်းကိုထုတ်ပြီး ဒေတာတွေထည့်လိုက်တယ်။ ရီးဟာမိုနီရဲ့ကိုယ်ရေးအကျဥ်းနဲ့ရဲမှတ်တမ်းလည်း ထွက်ပေါ်လာတယ်။ အရင်က မက်ဒါနာကူးခဲ့တဲ့ ရဲမှတ်တမ်းတွေက ရဲဒီဂျစ်တယ်မှတ်တမ်းစနစ်ကနေလာတာပါ။ ဒါကြောင့် လင်ဒါကလည်း တူညီတဲ့မှတ်တမ်းတွေကို တရားဝင်ရယူနိုင်ပါတယ်။

"အိုး၊ E အဆင့် လေစွမ်းအားမြူတန့်လည်းဖြစ်တယ်ပေါ့။"

ကလေးအမေက မလိုလားပေမဲ့ ငြင်းမရတာကြောင့် ခေါင်းညိတ်ပြလိုက်တယ်။ ကလေးအမေနဲ့အငယ်မလေးကတော့ မြူတန့်တွေဖြစ်ပုံမပေါ်ဘူးရယ်။

"အဲဒီနေ့က သမီးမွေးနေ့ရောက်တော့မှာမလို့ သမီးကိုကိုက အလုပ်မသွားခင် ဘာလက်ဆောင်လိုချင်လဲလို့တောင် မေးလိုက်သေးတယ်။ ဒါပေမဲ့ သမီးမွေးနေ့ကျော်သွားတဲ့အထိ သူပြန်မလာဘူး။ အဲဒါကြောင့် အစ်မကြီးတို့ကို လှမ်းအကူအညီတောင်းတာပါ။"

ဒါပေမဲ့ ကလေးအမေကတော့ သိပ်ပြီးစိတ်ပူနေပုံမရဘူး။ "အရင်ကလည်း အဲဒီကောင်ဆေးမူးပြီး တစ်ပတ်လောက် အိမ်ပြန်မအိပ်တဲ့ဥစ္စာ။"

ရသင့်တဲ့အချက်အလက်တွေအများကြီး ရလာပြီးတဲ့နောက်တော့ လင်ဒါတို့အဲဒီအိမ်ကနေ ပြန်ထွက်လာကြတယ်။ နောက်ထပ်ဘာဆက်လုပ်ရမလဲဆိုတာလည်း စဥ်းစားကြရင်းနဲ့ပေါ့။

"အရာရှိ၊ ကျွန်တော်တို့ဘာဆက်လုပ်ကြမလဲ။"

"သူပျောက်သွားတဲ့ သိုလှောင်ရုံကို တစ်ချက်သွားကြည့်မယ်လေ။ နည်းပညာဝတ်စုံတွေလည်း ပါလာတယ်မဟုတ်လား။" ရဲသားနှစ်ယောက်လည်း လင်ဒါရဲ့ဆုံးဖြတ်ချက်ကို နာခံတဲ့အနေနဲ့ ခေါင်းညိတ်ပြလိုက်တယ်။

လင်ဒါကတော့ ဖုန်းကိုဖွင့်ပြီး တစ်ယောက်ယောက်​ကို ဖုန်းလှမ်းခေါ်ဖို့ စဥ်းစားမိပေမဲ့ တစ်ခုခုကိုတွေးမိသွားပြီး ဖုန်းကိုပြန်ချထားလိုက်တယ်။ "အခု သူကျောင်းပညာရေးပွဲတော်ကို ရောက်နေလောက်ပြီထင်တယ်။"

All Chapters