ထိပ်တန်းအဆင့် အာကာပြင်နက်အသီး
Vol. 58 Ch. 808
မိုဝူကျိက သိုလှောင်လက်စွပ်များကို တုံ့ဆိုင်းခြင်းမရှိ သိမ်းဆည်းလိုက်ပြီးနောက် လက်နှစ်ဖက် ယှက်ကာ
“ ပြီးခဲ့တာတွေကို ထားလိုက်ပါတော့ …. အခု အဓိက တရားခံကိုလည်း သုတ်သင်ပြီးပြီဆိုတော့ ကျုပ်တို့တွေ အာကာပြင်နက်အသီးကို တစ်ချက်သွားကြည့်ရအောင်လေ ”
မိုဝူကျိ စကားကို ကြားပြီး အရှင်မဟာဧကရာဇ် ငါးယောက်လုံးက အပျော်ကြီး ပျော်သွားကြသည်။ မိုဝူကျိ၏ စကားမှာ သူ့အနေနှင့် ဤကိစ္စအား စိတ်ထဲ မထားတော့ကြောင်း ပြောနေခြင်း ဖြစ်ပြီး အာကာပြင်နက်အသီးကို မိုဝူကျိအား နည်းနည်း ပေးနိုင်ပေ၏။ သူတို့က မိုဝူကျိ အများကြီး မတောင်းဆိုရန် မျှော်လင့်မိနေသေး၏။
“ ညီလေးမို ကျုပ်တော့ မလိုက်တော့ဘူး ” ယွမ်မိုက မြန်မြန် ပြောလိုက်သည်။
သွေစောင်းအာကာပြင် ပင်လယ်ကျွန်းပေါ်ရှိ အာကာပြင်နက်အသီးများကို အရှင်မဟာဧကရာဇ် ရှစ်ပါးက ထိန်းချုပ်ထားသည် ဖြစ်ရာ ယွမ်မိုက အဆင့် ၁၀ သားရဲ ဖြစ်လာသော်လည်း အရှင်တစ်ပါးထဲ မပါဝင်သေးပေ။ သူက ဤနေရာကို ရောက်လာသည်မှာ အဆင့် ၁၀ ထဲ ရောက်သွားသည့် အောင်မြင်မှု ဆုလာဘ်အနေနှင့် အာကာသပြင်နက် အသီး ရမလားဟု မျှော်လင့်မိ၍ ဖြစ်သည်။
“ ညီလေးယွမ်လည်း လိုက်လာလို့ ရပါတယ်။ နောင်ကျ မင်းနဲ့ ညီလေးမို အပါအဝင် အရှင်မဟာဧကရာဇ် ခုနှစ်ပါး ဖြစ်လာမှာပဲလေ ”
မျက်ဆံနီလိပ်ကြီး စကားမဆုံးခင် မိုဝူကျိက ဝင်ဖြတ်ပြောလိုက်၏
“ တာအိုရောင်းရင်း မျက်ဆံနီ …. ကျုပ် ဒီတစ်ကြိမ် ကျွန်းကနေ ထွက်သွားတဲ့အခါကျ ပြန်မလာတော့ဘူး။ ခင်ဗျားတို့ ငါးယောက်နဲ့ အစ်ကိုယွမ်တို့ပဲ အရှင်မဟာဧကရာဇ် ခြောက်ပါး လုပ်ကြပါ။ ကျုပ်ကို ထည့်တွက်စရာ မလိုပါဘူး ”
ယွမ်မိုက မြန်မြန် ပြောလိုက်သည် “ ညီလေးမို …. ကျုပ်လည်း ဒီနေရာမှာ နှစ်သန်းချီနေနေတာဆိုတော့ အတော်လေး ငြီးငွေ့နေပြီ။ တကယ်လို့ ညီလေးမို စိတ်ထဲ မထားရင် ညီလေးမိုနဲ့ အတူတူ လိုက်လို့ ရမလား ”
အမှန်တော့ မိုဝူကျိ၏ အဖြစ်အပျက် ဖြစ်မလာလျှင်ပင် ယွမ်မိုက ဤကျွန်းမှ ထွက်သွားဖို့ ကြံစည်နေခြင်း ဖြစ်၏။ သူက အဆင့် ၁၀ အဖြစ် တက်လှမ်းပြီးပြီ ဖြစ်ရာ သူ့အနေနှင့် ဤကျွန်းပေါ်၌ ဆက်နေနေလျှင်ပင် ဘာမှအကျိုးမရှိပေ။ ထို့အပြင် ဤကျွန်းပေါ်၌ အရာအားလုံးကိ အရှင်မဟာဧကရာဇ် ရှစ်ပါးက ထိန်းချုပ်ထားသည် ဖြစ်ရာ ယွမ်မိုက ကျွန်းအပြင်ဘက်တွင် ရှိနေသလောက် လွတ်လပ်မှုကို မခံစားရပေ။
မိုဝူကျိက ရယ်မောကာ “ ကောင်းတာပေါ့။ ကျုပ်က အင်မော်တယ်လောကမှာ ကျောင်းတော်တစ်ခု ရှိတယ်။ အစ်ကိုယွမ်က ဒီမှာ နေရတာ ပျင်းနေပြီဆိုရင် ကျုပ်တို့ ကျောင်းဆီ အတူတူလိုက်ခဲ့လေ … ”
“ အဲလိုလုပ်ကြရအောင် ” ယွမ်မိုက တက်တက်ကြွကြွ ပြန်ဖြေလိုက်သည်။
“ ညီလေးယွမ် သွေစောင်းအာကာပြင် ပင်လယ်ကျွန်းကနေ ထွက်သွားနိုင်တဲ့အတွက် ဂုဏ်ပြုပါတယ်။ အစ်ကိုကြီးမျက်ဆံနီ …. ကျုပ်တို့တွေ အာကာပြင်နက်အသီးကို မြန်မြန် သွားကြည့်ရအောင် ” ရွယ်လုက ရယ်ရယ်မောမော ပြောလိုက်သည်။ ယွမ်မို ထွက်သွားမှုမှာ သူတို့အပေါ် သက်ရောက်မှု မရှိပေ။ ထို့အပြင် ဤကျွန်းပေါ်ရှိ အရင်းအမြစ်များအတွက် လုယူဖို့ တိုက်ပွဲပင် နည်းပါးသွားပေဦးမည်။
……….…
အာကာပြင်နက်အသီးပင်မှာ မြို့လယ်တွင် ရှိနေပြီး မိုဝူကျိက ထိုအပင် အစွန်းနား ကပ်လိုက်သည့်အခါ သိပ်သည်းလွန်းသော အင်မော်တယ်စွမ်းအားများကို ခံစားမိလိုက်သည်။
သွေစောင်းအာကာပြင် ပင်လယ်မြို့၌ အာကာပြင်နက် အသီးပင် အနီးအနားတွင် အဆောက်အဦး ဆောက်လုပ်ခွင့် မပြုထားပေ။ ဤနေရာတွင် အတားအဆီး အမျိုးမျိုး ရှိနေပြီး တစ်ယောက်ယောက်က ချည်းကပ်လာသည်နှင့် အစီအရင်ကြောင့် ပိတ်လှောင်ကာ အသတ်ခံရလိမ့်မည်။ သဘာဝအစီအရင် ပွင့်လာမည့် အချိန် မဟုတ်သရွေ့ မည်သူကမှ ဤအတားအဆီးကို ဖွင့်ရန် ခွင့်မပြုထားပေ။
လက်ရှိ ကျွန်းပေါ်ရှိ သဘာဝအစီအရင် ပွင့်လာခါနီးပြီ ဖြစ်၍ အာကာပြင်နက် အသီးပင်ရှိ အတားအဆီးမှာလည်း ပြေလျော့လာပြီ ဖြစ်၏။
အာကာပြင်နက်အသီးပင်၏ အတားအဆီး အစီအရင်ထဲ ဝင်ဖို့ရာ အရှင်ရှစ်ပါး အလှည့်ကျ ထိန်းချုပ်လေ့ရှိသည့် အစီအရင် အလံ လိုအပ်ပေသည်။ အရှင် ရှစ်ပါးတိုင်းက ထိုအစီအရင်ဆီ ချည်းကပ်လာသည့် သူတိုင်းကို အာရုံခံနိုင်စွမ်း ရှိကြသည်။
ဤတစ်ကြိမ်၌ အစီအရင်အလံ ကိုင်ဆောင်ထားဖို့ အလှည့်ကျသူမှာ အလွန်တရာ နူးညံ့ဟန်ပေါ်သော ဖန်းဖေးအာ ဖြစ်၏။မိုဝူကျိက ဤလူ၏ ကျင့်ကြံဆင့်ကိုလည်း မသိသလို မျိုးနွယ်ကိုလည်း မပြောတတ်ပေ။
“ ကျုပ်က အစီအရင်အလံကို တာဝန်ယူထားတဲ့သူဆိုတော့ အတားအဆီးကို ဖွင့်ပေးပါရစေ ” ဖန်းဖေးအာက အရင်ဦးစွာ ပြောလိုက်ရင်း အတားအဆီးကို ဖွင့်ပေးလိုက်သည်။
အစီအရင် အလံမှ မှိန်ဖျော့ဖျော့ အလင်းရောင်လေး ထွက်ပေါ်လာကာ သူတို့ရှေ့ရှိ အတားအဆီးထဲ ဝင်ရောက်သွားတော့သည်။
နဂိုဝေဝါးဝါး ဖြစ်နေသည့် အတားအဆီးက ဝုန်းခနဲ အသံထွက်လာကာ အတားအဆီးက ပွင့်လာကာ သိပ်သည်းလွန်းသော အင်မော်တယ်စွမ်းအားများလည်း ထွက်ပေါ်လာသည်။ သိပ်သည်းသော စွမ်းအားများအောက် ကျင့်ကြံလေ့ရှိသော မိုဝူကျိပင် သူ့ဆီ ရောက်ရှိလာသည့် အလွန်အမင်း သိပ်သည်းနေသော အင်မော်တယ်စွမ်းအားများကို ခံစားမိလိုက်တော့သည်။
မိုဝူကျိ မျက်လုံးရှေ့၌ မီတာအတော်မြင့်မားသည့် သစ်ပင်ကြီး တစ်ပင် ရှိနေ၏။ ထိုသစ်ပင်ကြီးမှာ သူတို့ရှေ့ ရှိနေသော်လည်း အဆုံးအစွန် ခံစားချက်ကို ပေးစွမ်းနေသည်။ မိုဝူကျိက စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့်လိုက်သည့်အခါ အမှန်ပင် ဆယ်လွှာရှိကြောင်း အတည်ပြုနိုင်လိုက်သည်။
သစ်ပင်၌ မီးခိုးရောင် သို့မဟုတ် အစိမ်းရောင် ရှိနေသည့် အာကာပြင်နက်အသီးများ ပြည့်နှက်နေပြီး အမြင့်ဆုံးအလွှာတွင် ကြည်လင်နေသော အာကာပြင်နက် အသီးခြောက်လုံး ရှိနေသည်။ ကြည်လင်နေသည့် အာကာပြင်နက်အသီးမှ ထူးခြားလှသော အာကာပြင်နက်စွမ်းအားကို ထုတ်လွှင့်နေပြီး မိုဝူကျိက အတော်လေး စိတ်လှုပ်ရှားနေမိသည်။ ထိုသည်မှာ အဖိုးမဖြတ်နိုင်သည့် နှစ်ဆယ်သန်း သက်တမ်းရှိ အာကာပြင်နက်အသီး ဖြစ်ပေသည်။
သစ်ပင်ထိပ်တွင် ရှိနေသော ကြည်လင်နေသည့် အာကာပြင်နက်သီးအပြင် မိုဝူကျိက တတိယအလွှာရှိ မီးခိုးနက်ရောင် အာကာပြင်အသီးကိုလည်း သတိပြုမိလိုက်သည်။ မိုဝူကျိက ထိုအသီးမှာ ခူးဆွတ်တော့မည့် အသီး ဖြစ်မှန်း သိလိုက်သည်။ အာကာပြင်နက်အသီး အရွယ်ရောက်လာသည်နှင့် အရောင်မှာ အစိမ်းရောင် ဖြစ်ကာ အချိန်ကြာလာသည်နှင့် အစိမ်းဖျော့ဖျော့ ဖြစ်သွားသည်။ အစိမ်းဖျော့ဖျော့မှ ဖြည်းဖြည်းချင်း မီးခိုးရောင် ပြောင်းလဲသွားကာ ထိုမီးခိုးရောင်မှ တဆင့် အဖြူ၊ ခပ်ဖျော့ဖျော့ အဖြူ နောက်ဆုံး၌ ရောက်ရှိဖို့ ခက်ခဲလှသည့် အကြည်ရောင် ဖြစ်သွားသည်။
မျက်ဆံနီလိပ်ကြီးက ရယ်မောကာ
“ ညီလေးမို … ကျုပ်တို့က တတိယအလွှာပေါ် အသီးကို ခူးမှာဆိုတော့ ညီလေးမို လိုချင်ရင် နည်းနည်း ခူးလို့ ရပါတယ်။ ပထမအလွှာက အာကာပြင်နက်အသီးက နှစ် လေးထောင်ကနေ ငါးထောင်ကြား သက်တမ်းရှိပြီဆိုတော့ အာကာပြင်စည်းမျည်းရဲ့ စွမ်းအင်တွေ ပါဝင်နေပြီ ”
မိုဝူကျိက လက်နှစ်ဖက်ယှက်ကာ
“ ကျုပ်က တတိယအလွာက အာကာပြင်နက်အသီးတွေကို မလိုပါဘူး။ ကျုပ်က တစ်လုံးဆိုရင် ရပါပြီ။ အလွှာမြင့်ပေါ်က အာကာပြင်နက်အသီးက ကျုပ်အတွက် အရမ်းအရေးကြီးတယ်။ ကျုပ် နည်းနည်းလောက် ယူလို့ ရမလား ”
မိုဝူကျိ၏ စကားက ကျန်ရှိနေသော အရှင်မဟာဧကရာဇ်များကို ပါးစပ်ဟောင်းလောင်း ဖြစ်သွားစေသည်။ အာကာပြင်နက်အသီးပင်၌ ထိပ်အလွှာ ခြောက်လွှာမျှ ရှိလေရာ မိုဝူကျိက တချို့ကို ခူးဆွတ်သွားမည်ဆိုလျှင် သူတို့ကျွန်းတစ်ခုလုံး မည်သို့ ဖြစ်သွားမည်နည်း။
“ အားယား ” မိုဝူကျိက ခါးကိုကိုင်ကာ နာကျင်နေဟန်ဖြင့် ငြီးငြူလိုက်သည်။
“ ညီလေးမို ဘာဖြစ်တာလဲ ” ယွမ်မိုက မြန်မြန် မေးလိုက်သည်။
မိုဝူကျိက အသံနိမ့်ကာ ပြောလိုက်လေ၏
“ စောစောလေးက သေမင်းထောင်ချောက် အစီအရင်က ကျုပ် ကြွက်သားတွေကို ဒဏ်ဖြစ်စေသွားတာ နေမယ်။ အခုထိ နာနေတုန်းပဲ …. နောင်ကျ ဂယက်ရိုက်မှု ထပ်ဖြစ်လာရင် ဘယ်လိုလုပ်မလဲ။ ဒီအန္တရာယ်က တကယ်ကို အန္တရာယ်များတာပဲ …. ကျုပ်တော့ ဒီနေရာမှာ ပြန်ကောင်းလာတဲ့အထိ နေရတော့မယ် ထင်ပါတယ် ”
မျက်ဆံနီလိပ်ကြီးက မိုဝူကျိ စကားဆုံးသည့်အထိ မစောင့်တော့ဘဲ ပြောလိုက်သည်
“ ညီလေးမို … ဒီမှာ သက်တမ်းရင့်တဲ့ အာကာပြင်နက်အသီး ခြောက်လုံးတော့ ရှိပါတယ်။ တကယ်လို့ ညီလေးမို စိတ်ထဲ မထားဘူးဆိုရင် နှစ်လုံးကို ယူသွားလိုက်ပါ။ ဒီသစ်ပင်က ကျုပ်တို့မြို့ရဲ့ သင်္ကေတပြယုဂ်ဆိုတော့ အများကြီးပေးမိလိုက်လျှင် ကျုပ်တို့အနေနဲ့ တခြားသူတွေကို ပြန်အဖြေပေးဖို့ အဆင်ပြေမှာ မဟုတ်ဘူး ”
မျက်ဆံနီ လိပ်ကြီးက ပြောလိုက်သော်လည်း အမှန်တကယ် ပြောစရာရှာမတွေ့ ဖြစ်နေမိသည်။
သူ မိုဝူကျိ ခါးနာနေတယ်တဲ့လား ….
“ အိုး ကျုပ်ခါးက အခု အဆင်ပြေသွားပြီ ” မိုဝူကျိက မျက်ဆံနီလိပ်ကြီး၏ စကားကို ကြားပြီးသည်နှင့် ရေရွတ်ကာ လက်နှစ်ဖက် ယှက်လိုက်ရင်း
“ အရှင်မျက်ဆံနီနဲ့ အခြားအရှင်တွေရဲ့ သဘောထားကြီးမှုအတွက် ကျေးဇူးတင်ပါတယ်။ တကယ်လို့ အရှင်တို့ ကောင်းကင်ဘုံအလွန် စကြဝဠာကို လာလည်တဲ့အခါကျ ကျုပ် မိုဝူကျိက ခမ်းခမ်းနားနား ကြိုဆိုပါ့မယ် ”
မိုဝူကျိက သူ့အနေနှင့် အကြည်ရောင် အာကာပြင်နက်အသီး နှစ်လုံး ယူနိုင်ကြောင်း သိပြီးနောက် အတော်လေး ပျော်ရွှင်မိနေသည်။ သူက တစ်လုံးတည်း ရလျှင်ပင် ပျော်နေပြီ ဖြစ်၏။ ယခု မျက်ဆံနီလိပ်ကြီးက သူ့အား အသီးနှစ်လုံး ပေးနေလေရာ မည်သို့ မကျေနပ်ဘဲ နေရမည်နည်း။ ကောင်းကင်ဘုံအလွန် စကြဝဠာအတွက်မူ မိုဝူကျိက သူ ပြန်ရောက်သည်နှင့် နတ်ဘုရားမျိုးနွယ်စု တစ်ခုလုံးကို သုတ်သင်ဖယ်ရှားပစ်ရမည်။ သူ့လက်ရှိအနေအထားနှင့် ကောင်းကင်ဘုံအလွန် စကြဝဠာ၌ ခြေကုပ်ရဖို့ရာ ပြဿနာ မဟုတ်တော့ချေ။
“ ညီလေးမို ကျေးဇူးပါ။ အဲဆို အာကာပြင်နက် အသီးနှစ်လုံးကို အရင်ရွေးလိုက်ပါဦး ” အရှင်မဟာဧကရာဇ် တချို့က လက်နှစ်ဖက် ယှက်၍ မြန်မြန် ပြောလိုက်သည်။
မိုဝူကျိက အာကာပြင်နက်အသီးကို ယူမည်မှာ အသေအချာ ဖြစ်၏။ မိုဝူကျိက နှစ်တစ်သောင်း အာကာပြင်နက် အသီးနှစ်လုံးပဲ ယူသွားမည် ဖြစ်ရာ သူတို့အနေနှင့် အဘယ်ကြောင့် မကျေမနပ် ဖြစ်ရမည်နည်း။
မိုဝူကျိက လောကွတ်ချော်မနေတော့ဘဲ သစ်ပင်ဆီသို့ သွားလိုက်တော့သည်။ သူစိတ်စွမ်းအားဖြင့် အာကာပြင်နက် အသီးနှစ်လုံးကို ခူးကာ ကျောက်စိမ်းသေတ္တာ နှစ်လုံးထဲ ထည့်သိမ်းလိုက်သည်။
မိုဝူကျိက မြေပြင်ပေါ် ပြန်ရောက်လာပြီးနောက် မျက်ဆံနီလိပ်ကြီးက တတိယအလွှာမှ နောက်ထပ် အာကာပြင်နက် အသီးနှစ်လုံး ခူးဆွတ်ကာ ကျောက်စိမ်းသေတ္တာ နှစ်လုံးထဲ ထည့်လိုက်ရင်း မိုဝူကျိနှင့် ယွမ်မိုတို့ကို ပေးလိုက်သည်။
သူက မိုဝူကျိသည် နောက်ထပ် အကြံများ ပေါ်လာဦးမည်ကို စိုးထိတ်မိနေသည်။ ယွမ်မိုမှာမူ မည်သို့ပင် ဖြစ်စေ နဂိုကတည်းက တစ်လုံး လက်ခံရရှိမည်သာ ဖြစ်ပေသည်။
သွေစောင်း အာကာပြင် ပင်လယ်ကျွန်းမှ ထွက်သွားနိုင်ဖို့ရာ လူတစ်ယောက်က အာကာပြင်နက်အသီး တစ်လုံး လိုသည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ ပုံမှန်အားဖြင့် အာကာပြင်နက် အသီးနှစ်လုံးမှာ လူငါးယောက် ခေါ်ထုတ်ပေးနိုင်ပြီး ကျွန်းသို့ ပြန်ခေါ်လာပေးနိုင်သည်။ အာကာပြင်နက်အသီး ကိုင်ဆောင်ထားသည့် လူက ရှေ့ဆုံးမှ လျှောက်သွားပြီး ကျန်လူများက သူ့နောက်မှ အနီးကပ်လိုက်ပါရုံသာ လိုအပ်၏။ သူတို့ပြန်လာသည့် ခရီးလမ်းတွင် ဤသို့အတူတူ လုပ်ရုံသာ လိုအပ်သည်။
မိုဝူကျိက အကျိုးမြတ်များများ ရလိုက်သည် ဖြစ်ရာ ဤနေရာတွင် ထပ်နေနေခြင်းက တခြားသူများ အမုန်းပွားစရာသာ ဖြစ်မည်မှန်း သိ၍ လက်နှစ်ဖက် ယှက်ကာ ပြောလိုက်သည်
“ တာအိုရောင်းရင်းတို့ …. အာကာပြင်နက်အသီးကို ဆက်လက် ခွဲဝေကြပါ။ ကျုပ် မနှောင့်ယှက်တော့ပါဘူး။ အစ်ကိုယွမ်နဲ့ ကျုပ်တို့ အရင်သွားနှင့်ပါ့မယ် ”
ထိုအရာကို ကြားပြီးနောက် အရှင်မဟာဧကရာဇ်တချိုက ဤသခင်ကြီးအား အဝေးပို့လွှတ်နိုင်လိုက်ပြီ ဖြစ်၍ သက်ပြင်းချလိုက်ကြတော့သည်။
“ အစ်ကိုယွမ် … သဘာဝ ကာကွယ်ရေး အစီအရင်ရဲ့ ထွက်ပေါက်က ဘယ်နားမှာလဲ ” သူတိုက အာကာပြင်နက် အသီးပင်မှ ထွက်လာသည်နှင့် မိုဝူကျိက မေးလိုက်သည်။
ယွမ်မိုက ရှင်းပြလိုက်သည် “ ကျုပ်တို့တွေ မြို့ရဲ့ ကူးသန်းရေး အစီအရင်ကနေ ထွက်လိုက်ရင် သဘာဝအစီအရင် ထွက်ပေါက်ဆီ ရောက်သွားလိမ့်မယ် ”
“ အစ်ကိုယွမ်ဆီမှာ လုပ်စရာ မရှိတော့ဘူးဆိုရင် အဲဒီကို သွားကြစို့လေ ” သွေစောင်း အာကာပြင် ပင်လယ်မြို့မှာ ထောင်ချောက်အစီအရင်ကြောင့် ရှုပ်ယှက်ခတ်ထားလေရာ မိုဝူကျိက ကြာကြာ မနေချင်တော့ပေ။
ယွမ်မိုက ပြန်ဖြေလိုက်သည် “ ကျုပ်မှာ ဘာမှလုပ်စရာ မရှိတော့ဘူး။ အကုန်လုံးကိုလည်း လှမ်းအကြောင်းကြားပြီးပြီ။ ကျုပ်က ဒီအထိ ကျင့်ကြံပြီးတဲ့နောက် ဒီမှာ ဆက်နေနေလို့ အကျိုးမရှိတော့ဘူး ”
……………
မျက်ဆံနီလိပ်ကြီးတို့နှင့် အခြားသော အရှင်များ၏ သတိပေးထားမှုကြောင့် မိုဝူကျိသည် ကူးသန်းရေး အစီအရင်ဆီ ရောက်သည်နှင့် ဘာကြေးမှ ပေးစရာ မလိုလိုက်ဘဲ ကူးသန်းရေး အစီအရင်ကို သုံးခွင့် ရလိုက်သည်။
သူက ကူးသန်းရေး အစီအရင်မှ ထွက်လာသည်နှင့် မိုဝူကျိ၏ စိတ်စွမ်းအားမှာ ချက်ချင်း ပိတ်ဆို့ခံလိုက်ရသည်။ ကြည့်ရသည်မှာ စိတ်စွမ်းအားတို့ကို ပိတ်ဆို့ထားနိုင်သည့် သဏ္ဍာန်မဲ့ အတားအဆီးတစ်ခု ရှိနေဟန် ပေါ်သည်။
“ ညီလေးမို ... စိတ်စွမ်းအားက ထုတ်သုံးလို့ ရမှာ မဟုတ်ဘူး။ ဒီမှာက ဘယ်သူမှ မချိုးဖောက်နိုင်တဲ့ ထိပ်တန်းအဆင့် သဘာဝ ကာကွယ်ရေး အစီအရင် ရှိနေတာလေ” သူ့အနေနှင့် မိုဝူကျိသည် စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့်မည်ကို သိနေသည့်အလား ယွမ်မိုက ရှင်းပြလိုက်သည်။
မိုဝူကျိက စိတ်ထဲ၌ အံ့အားသင့်မိသွားသည်။ သူ့အစီအရင်တာအိုမှာ အဆင့် ၉ ရောက်နေလျှင်ပင် သူ့အနေနှင့် ဤကာကွယ်ရေး အစီအရင်အား ဖွင့်နိုင်ဦးမည် မဟုတ်ပေ။ သူက စိတ်ဝိညာဉ်မျက်လုံးကို အသက်သွင်းလိုက်သည့်အခါ မှုန်ဝါးဝါး ပုံရိပ်တစ်ခုက သူ့မျက်စိရှေ့ ပေါ်လာလေ၏။ သူ့စိတ်ဝိညာဉ်မျက်လုံးကို အားစိုက်ကြည့်လိုက်သည့်အခါ ခေါင်းပင် မူးလာမိသည်။
မိုဝူကျိက စိတ်ဝိညာဉ်မျက်လုံးကို မြန်မြန် ရုတ်သိမ်းလိုက်ပြီး အတော်လေး အံ့အားသင့်နေမိသည်။ အင်မော်တယ် ဧကရာဇ်အဆင့် တက်လှမ်းပြီးနောက် သူ့စိတ်ဝိညာဉ် မျက်လုံးအဆင့်မှာလည်း တိုးတက်လာပေ၏။ ထိုသို့ဆိုလျှင်ပင် သူ့အနေနှင့် ဤကာကွယ်ရေး အစီအရင်နှင့် ပတ်သတ်ပြီး တစ်ခုတလေမျှ မသိနိုင်ပေ။
“ အစ်ကိုယွမ် … ကျုပ် နှစ်ရက်လောက် တံခါးပိတ် လေ့ကျင့်ချင်လို့။ ကာကွယ်ရေး အစီအရင် ပွင့်လာရင် ကျုပ်ကို အသိပေးပါဦး ” ကာကွယ်ရေး အစီအရင် ပွင့်လာဖို့ရာ နှစ်ရက်တာမျှ လိုအပ်နေသေးရာ မိုဝူကျိက ထိုနှစ်ရက်တာကို အကျိုးရှိရှိ အသုံးချကာ ကျောက်စိမ်းပေလွှာပေါ်မှ အရုပ်ထုလုပ်သည့် ပညာရပ်ကို လေ့လာလိုလေ၏။
“ ညီလေးမို အချိန်ကျလာရင် ခေါ်လိုက်ပါ့မယ် ” ယွမ်မိုက အမြဲတမ်း မိုဝူကျိအား ကျေးဇူးတင်နေမိသည်။ မိုဝူကျိ ပေးလိုက်သော ပြောင်းလဲရေး တာအိုအသီးကြောင့်သာ မဟုတ်လျှင် သူ့အနေနှင့် အဆင့် ၁၀ သားရဲအဆင့်အား အချိန်တိုလေးအတွင်း တက်လှမ်းနိုင်မည် မဟုတ်ပေ။
***