← Chapters

မိုဝူကျိအား ဖမ်းဝရမ်း ထုတ်ထားသည့် စကြဝဠာအစွန်း

Vol. 58 Ch. 809

မိုဝူကျိအား ဖမ်းဝရမ်း ထုတ်ထားသည့် စကြဝဠာအစွန်း

Vol. 58 Ch. 809

မိုဝူကျိက အရုပ်ဖန်တီးခြင်း ကျောက်စိမ်းပေလွှာထဲ စိတ်စွမ်းအား ပို့လွှတ်လိုက်သည့်အခါ ရတနာတစ်ခု ရလာကြောင်း သိလိုက်သည်။ ထိုစာလိပ်ကို မည်သူ ချန်ထားခဲ့မှန်း မသိပေ။ သာမာန် ပန်းပဲဆရာတစ်ယောက်  သို့မဟုတ် သာမာန် ပန်းပဲဧကရာဇ်တစ်ယောက်က ဤပေလွှာကို မြင်မိလျှင် သူတို့အနေနှင့် နားလည်ပြီး လက်ခံနိုင်ဖို့ရာ ခက်ခဲပေလိမ့်မည်။ ဤကျောက်စိမ်းပေလွှာ၌ ဖော်ပြထားသော ပန်းပဲနည်းလမ်းများမှာ တာအိုအသိ ပါဝင်နေ၍ ဖြစ်သည်။ ဆိုလိုသည်မှာ လူတစ်ယောက်က ဤစာလိပ်ထဲမှ  ပန်းပဲပညာရပ်ကို သင်ယူလျှင်ပင် ထိုနည်းလမ်းများကြား၌  ကိန်းအောင်းနေသော တာအိုအသိနှင့် ပေါင်းစပ်၍ ရမည် မဟုတ်ပေ။

သို့သော်လည်း မိုဝူကျိက မတူပေ။ သူ့အနေနှင့် ဤစာလိပ်တွင် လိုလားချက် မြင့်မားနေပြီး သင်ယူသူမှာ အနည်းဆုံး အဆင့် ၉ ပန်းပဲဧကရာဇ် ဖြစ်ဖို့ လိုအပ်ကြောင်း သိလိုက်သည်။ သူကလည်း အဆင့် ၉ ပန်းပဲဧကရာဇ် တစ်ဦး ဖြစ်ပေသည်။

အင်မော်တယ်အရုပ် ဖန်တီးခြင်းသည် အင်မတန် ရှုပ်ထွေးလှ၏။ မိုဝူကျိက ကျောက်စိမ်းပေလွှာကို ဖတ်နေရင်း ပန်းပဲပညာရပ်၏ ကမ္ဘာအသစ် တံခါးဝ၌ ရပ်နေသလို ခံစားလိုက်မိသည်။ သူက အကယ်၍ ထိုတံခါးကြီးသာ တွန်းဖွင့်နိုင်ပါက သူ့ပန်းပဲအဆင့်အတန်းမှာ သိသိသာသာ တိုးတက်သွားပေမည်မှန်း နားလည်လိုက်သည်။+

ကံမကောင်းစွာဖြင့် နှစ်ရက်တာမှာ တိုတောင်းလွန်းလှသည်။ မိုဝူကျိက သူ့ကိုယ်သူ လေ့လာမှုထဲ စိတ်နှစ်ထားစဉ် ယွမ်မိုဆီမှ အကြောင်းကြားစာ ဝင်လာသည်။ သဘာဝ အစီအရင်မှာ ပွင့်လာပြီ ဖြစ်ရာ ထွက်သွားလို့ ရလေပြီ။

မိုဝူကျိက ကျောက်စိမ်းပေလွှာကို သိမ်းဆည်းလိုက်သည်။ သူက ထွက်လာသည့်အခါ အရှင်ငါးယောက်လုံးလည်း ရှိနေသည်ကို မြင်လိုက်ရ၏။ မိုဝူကျိ ထွက်လာသည်ကို မြင်၍ အားလုံးက သူ့အား လာနှုတ်ဆက်ကြသည်။

မိုဝူကျိရှေ့တွင် လမ်းကြောင်း တစ်ခုပေါ်လာ၏။ မိုဝူကျိက စိတ်စွမ်းအား ထုတ်မသုံးထားသော်လည်း ထိုလမ်းကြောင်းမှာ အနည်းငယ် ပရမ်းပတာ ဖြစ်နေကြောင်း ပြောနိုင်ပေသည်။

“ ညီလေးမိုက ဧည့်သည်ဆိုတော့ အရင်ဝင်ပါ ” မျက်ဆံနီလိပ်ကြီးက လက်ဟန်ပြကာ ရယ်ပြုံးရင်း ပြောလိုက်သည်။

မိုဝူကျိက အရှင်မဟာဧကရာဇ်များကို အရှက်ရစေခဲ့သော်လည်း မိုဝူကျိ ထွက်သွားပြီးသည့် နောက်ပိုင်းတွင် ကျွန်းပေါ်၌ အင်အား အပြောင်းအလဲ ဖြစ်လာလိမ့်မည်။ ပြောရမည်ဆိုလျှင် သူတို့ငါးယောက်က ယခင်ကထက် ပို၍ ကြွယ်ဝလာပေမည်။ သူတို့က မိုဝူကျိဆီ ဘာကိုမှ မဆုံးရှုံးလိုက်ရပေ။ လျှပ်စီး ဝိညာဉ်ကျောက်တုံးတချို့သာ ဖြစ်၏။

“ အရှင်တို့ကို ကျေးဇူးတင်ပါတယ်။ ဒီလိုဆိုမှတော့ ကျုပ် အားမနာတော့ဘူး ” မိုဝူကျိက တတ်နိုင်သမျှ မြန်မြန် ထွက်သွားလိုလေ၏။ ယခင် သူ စကြဝဠာအစွန်းဆီ ရောက်စဉ်အခါ က ဘာမှ မစုံစမ်းခဲ့ရသော်လည်း ယခုအခါ စကြဝဠာအစွန်းဆီ ပြန်သွားရမည် ဖြစ်သောကြောင့် ချိန်စုယင်၏ တည်နေရာအကြောင်း သေချာပေါက် စုံစမ်းရမည်။

အရိုးသားဆုံးပြောရလျှင် သူက ချိန်စုယင်အား စကြဝဠာအစွန်း၌ ရှိမနေစေချင်ပေ။ သူက ချိန်စုယင် ဘေးကင်းဖို့သာ ဆုတောင်းမိ၏။ စကြဝဠာအစွန်းမှာ ရုတ်ရင်းဆန်ခတ်နိုင်ကာ ရှုပ်ထွေးလွန်းလှသည်။

“ ယွမ်မို ….  ကျုပ်နောက် လိုက်ခဲ့ပါ ” ထိုသို့ပြောပြီး မိုဝူကျိက အာကာပြင်ဂိတ်တံခါးထဲ ဝင်လိုက်သည်။

ယွမ်မိုက မြန်မြန် လိုက်သွားလိုက်သည်။ တစ်ချိန်တည်းဆိုသလို သူက စိတ်ဖြင့် ဆက်သွယ်ကာ  “ ညီလေးမို …. အစီအရင်ဂိတ်ထဲမှာ အာကာပြင်ဓားတွေနဲ့ အက်ကြောင်းတွေလည်း ရှိနေသေးတယ်။ အာကာပြင်နက်အသီးကို စားမှ အဲဒါတွေကို အာရုံခံမိမှာ ”

မိုဝူကျိက လက်ခါပြကာ  “ စိုးရိမ်ဖို့ မလိုဘူး။ ကျုပ် သေချာပေါက် ကျော်ဖြတ်နိုင်တယ် ”

မိုဝူကျိက ကျင့်ကြံရေး လောကတွင် ရှိနေစဉ်ကတည်းက အာကာပြင် စည်းမျည်းများအကြောင်း သင်ယူပြီးသွားလေပြီ။ အာကာပြင် သဘောတရားများ အနှစ်ချုပ် စာအုပ်က သူ့အား အထောက်အကူ ပြုခဲ့၏။ ထိုမှ သင်ယူထားသော တည်နေရာ ချုပ်နှောင်မှုမှာလည်း မဟာဧကရာဇ်များကိုပင် ချုပ်ထားနိုင်စွမ်း ရှိသည်။ အာကာပြင် စည်းမျည်းများကို သူ့ နားလည်နိုင်စွမ်းမှာ နှစ်တစ်သောင်း အာကာပြင်နက်အသီးထက် ပို၍ အကျိုးရှိပေသည်။

ယွမ်မိုက မိုဝူကျိ အင်အားအကြောင်း ကောင်းကောင်း သိထား၏။ သူတို့ သွေစောင်းအာကာပြင် ပင်လယ်မြို့၏ အစီအရင်အတွင်းတွင် ရှိနေစဉ်အခါက မိုဝူကျိက အရှင်မဟာဧကရာဇ် နှစ်ယောက်ကို သတ်ဖြတ်နိုင်ခဲ့သည်။ သူ့အနေနှင့် အာကာပြင် ဂိတ်တံခါးကို ဖြတ်သွားနိုင်လိမ့်မည်ဟု ယုံကြည်ချက် ရှိနေသည်မှာ အံ့ဩစရာတော့ မဟုတ်ပေ။

မိုဝူကျိက အစီအရင်ဂိတ်ထဲ ဝင်လိုက်သည်နှင့် သူက အာကာပြင်ဓားသွားများကြောင့် ဖြစ်ပေါ်လာသည့် လှိုင်းတွန့်လေးများကို ခံစားမိလိုက်သည်။ သူ မျှော်လင့်ထားသည့်အတိုင်း ဤအစီအရင်ဂိတ်တံခါးမှ သဘာဝအရ သတ်ဖြတ်ရေး အစီအရင် မဟုတ်ဘဲ ကာကွယ်ရေး အစီအရင်သာ ဖြစ်နေသည်။ ဤအစီအရင်အတွင်း မိုဝူကျိက အာကာပြင်ဓားသွားများအပြင် တခြားသော  အာကာပြင် မူမမှန်မှုများကိုလည်း ရှင်းရှင်းလင်းလင်း ခံစားမိပေသည်။

ယွမ်မိုက မိုဝူကျိနောက်မှ လိုက်ပါသွားရင်း သူ့စိတ်ထဲ အံ့ဩမှုများသာ ဆက်တိုက် ကြီးစိုးနေသည်။ သူက မိုဝူကျိ၏ အာကာပြင် စည်းမျည်းများအပေါ် နားလည်နိုင်စွမ်းမှာ  သွေစောင်းအာကာပြင် ပင်လယ်ကျွန်းပေါ်ရှိ အရှင်မဟာဧကရာဇ်များထက် များစွာ အားကောင်းနေကြောင်း သိလိုက်ရသည်။ နှစ်တစ်သောင်း အာကာပြင်နက်အသီးကို စားလိုက်လျှင်ပင် မိုဝူကျိ လက်ရှိရောက်နေသည့် အနေအထာားသို့ ရောက်လာမည် မဟုတ်ပေ။

အမွေးတိုင်တစ်တိုင်စာအတွင်း မိုဝူကျိက အလွန်အမင်း ပေါ့ပါးလာမှုကို ခံစားမိလိုက်၍ သွေစောင်းအာကာပြင် ပင်လယ်ကျွန်းမှ ထွက်လာပြီ ဖြစ်ကြောင်း သိလိုက်၏။

“ ညီလေးမိုရဲ့ အာကာပြင် စည်းမျည်းအကြောင်း  နားလည်နိုင်စွမ်းက တကယ်ကို အံ့မခန်းပဲ … ကျုပ် အစီအရင်ကနေ ထွက်တာ ဒီတစ်ကြိမ်က အမြန်ဆုံးပဲ ” မိုဝူကျိနောက်တွင် ပါလာသည့်  ယွမ်မိုက ချီးမွန်းလိုက်သည်။

မိုဝူကျိက ရယ်မောကာ  “ ကျုပ်က အာကာပြင် စည်းမျည်းတွေအကြောင်း နည်းနည်းပဲ သိတာပါ။ ခဏ …. ”

မိုဝူကျိက ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်ကာ ယွမ်မိုဆီ ပေးလိုက်ရင်း   “ ယွမ်မို … ဒါက အာကာပြင် စည်းမျည်းတွေအပေါ် ကျုပ်အမြင်တွေပါ။ အခုစပြီးတော့ ကျုပ်နာမည်ကိုပဲ တိုက်ရိုက်ခေါ်လို့ ရပါတယ်”

ယွမ်မိုက မိတ်ဆွေဖွဲ့ထိုက်သည့် လူစားမျိုး ဖြစ်ပေသည်။ သွေစောင်း အာကာပြင် ပင်လယ်ကျွန်းတွင် ရှိစဉ်အခါ အင်အားစုများ၏ ဖိနှိပ်မှုကို ခံထားရစဉ် ယွမ်မိုက သူ့အား ရိုက်မချခဲ့ပေ။ ထိုမှတဆင့် မိုဝူကျိက  ယွမ်မိုသည် အကျင့်စရိုက် ကောင်းသည့်သူမှန်း သိလိုက်သည်။

“ ကျေးဇူးပါ …. ကျေးဇူးပါ ” ယွမ်မိုက စိတ်လှုပ်ရှားစွာ လက်နှစ်ဖက်ဖြင့် သေချာလက်ခံလိုက်သည်။ သူက ဤကျောက်စိမ်းပေလွှာ၏ တန်ဖိုးကို တခြားသူများထက် ကောင်းကောင်း သိပေသည်။ ဤကျောက်စိမ်းပေလွှာ၌ အာကာပြင် စည်းမျည်းများအကြောင်း ပါရှိနေပြီး သူသာ အာကာပြင် စည်းမျည်းတချို့ကို နားလည်ပြီး ထိန်းချုပ်နိုင်လျှင် သူ့အင်အားမှာ နောက်တဆင့် ရောက်သွားပေလိမ့်မည်။

ဤသို့မျိုး အဖိုးတန်ပစ္စည်းမှာ ကမ္ဘာကြီးထဲ၌ ဝယ်ယူ၍ မရနိုင်ပေ။

မိုဝူကျိက ပျံသန်းရေး ရတနာကို ထုတ်ကာ ယွမ်မို ပခုံးအား ပုတ်ကာ  “ ကျုပ် တံခါးပိတ် ကျင့်ကြံဖို့ လိုနေလို့။ စကြဝဠာအစွန်းဆီ ဒီသင်္ဘောပျံကို ကူထိန်းပေးပါဦး ”

“ စကြဝဠာအစွန်းကို ရောက်ဖို့ အနည်းဆုံး သုံးလလောက် လိုလိမ့်မယ်။ ဝူကျိ စိတ်ချလက်ချသာ နေပါ …” ယွမ်မိုက သူ့စိတ်ခံစားချက်များ ဖိနှိပ်ကာ မိုဝူကျိအား ပြန်ဖြေလိုက်သည်။

……………

ယွမ်မိုက ယာဉ်ပျံကို ထိန်းချုပ်ထားစဉ် မိုဝူကျိက ယာဉ်ပျံအတွင်းမှ အခန်းငယ်လေးထဲ ဝင်ကာ တောင်ရွှင်၏ လက်စွပ်ကို ထုတ်ယူလိုက်သည်။ မိုဝူကျိကို ပြောစရာမဲ့သွားစေသည်က တောင်ရွှင် လက်စွပ်မှာ သူနှင့် အလဲအလှယ် လုပ်ထားသည့်အတိုင်း ဖြစ်ပြီး တောင်ရွှင်က သူနှင့် အလဲအလှယ် လုပ်စဉ်အခါက ဘာကိုမှ မသိုဝှက်ထားခဲ့ပေ။

မိုဝူကျိကို စိတ်ပေါ့ပါးသွားစေသည်က စန်းလန်၏ သိုလှောင်လက်စွပ် ဖြစ်ပြီး နတ်ဘုရားမျိုးနွယ်၏ လက်စွပ်အတွင်း၌ ပစ္စည်းများမှာ တောင်ပုံရာပုံ ဖြစ်သည်။သူ့တွင် လိုအပ်နေသည့်အရာမှာ လျှပ်စီး ဝိညာဉ် ကျောက်တုံးဖြစ်ပြီး တခြားသူများ ပေးသည့် ပမာဏ၏ တစ်ဝက်ပင် မရှိချေ။

မိုဝူကျိက စန်းလန်၏ လက်စွပ်အတွင်းမှ ကျောက်စိမ်းသေတ္တာကို ဖွင့်လိုက်သည့်အခါ လျှပ်စီးများ ဝန်းရံနေသည့် ပုလဲတစ်လုံးကို မြင်လိုက်ရ၍ မေးရိုးပြုတ်ကျမတတ် ဖြစ်သွားလေ၏။

သူက လျှပ်စီးဇာစ်မြစ် အမြုတေကို တကယ် မြင်လိုက်ရသည်။ ထိုအရာမှာ မိုဝူကျိ ရထားသော သဘာဝအမြုတေ မဟုတ်သော်လည်း လျှပ်စီး ဇာစ်မြစ်အမြုတေဖြစ်ကြောင်း သေချာသိနေသည်။ သူ့ထာဝရ ကမ္ဘာ၌ လျှပ်စီးဇာစ်မြစ် အမြုတေ မလိုအပ်သော်လည်း ဤဇာစ်မြစ်အမြုတေမှာ သဘာဝငါးမျိုး အမြုတေထက် တန်ဖိုးမနိမ့်ကြောင်း သိပေသည်။ ပြောရမည်ဆိုလျှင် ဤလျှပ်စီးဇာစ်မြစ် အမြုတေက ပို၍ပင် တန်ဖိုးမြင့်နိုင်သေး၏။

ဤဧရာမ ဆုလာဘ်ကြီးက မိုဝူကျိအား အတော်လေး ဝမ်းသာသွားစေသည်။ သူက ကျောက်စိမ်းသေတ္တာကို ဂရုတစိုက်နှင့် ပိတ်ကာ အစီအရင်များ ထပ်မံချထားလိုက်ပြီးနောက် ထာဝရ ကမ္ဘာထဲ ပို့လိုက်တော့သည်။ သွေစောင်း အာကာပြင် ပင်လယ်ကျွန်း ခရီးအတွင်း ဤလျှပ်စီးဇာစ်မြစ်အမြုတေမှာ သူ ရရှိလာသော ဆုလာဘ်များ၌ တတိယ ဖြစ်ပေသည်။ မိုဝူကျိ အမြင်အရ သူ့အကောင်းဆုံး ဆုလာဘ်မှာ အရုပ်ဖန်တီးမှုအကြောင်း ရေးသားထားသည့် ရွှေရောင်ကျောက်စိမ်းပေလွှာ ဖြစ်ပြီး ဒုတိယမြောက်မှာ သတ္တကမ္ဘာ လက်ချောင်း ဖြစ်ကာ  တတိယက ဤလျှပ်စီးဇာစ်မြစ် အမြုတေ ဖြစ်ပေ၏။

အာကာပြင်နက်အသီး၊ ဆေးမီးဖိုနှင့် လျှပ်စီး ဝိညာဉ်ကျောက်တုံးတို့မှာ ထိပ်တန်း ဆုလာဘ်များ ဖြစ်၏။ လျှပ်စီး ဝိညာဉ်ကျောက်တုံးမှာ တောင်အသေးလေးစာအထိ များများစားစား ရလိုက်သည်။ မိုဝူကျိက ထိုလျှပ်စီး ဝိညာဉ်ကျောက်များဖြင့် လက်နက် ပြုလုပ်ရန် စဉ်းစားနေမိသည်။

မိုဝူကျိက လက်စွပ်အတွင်းမှ ပစ္စည်းများကို နေရာချထားပြီးနောက် ရွှေရောင်စာလိပ်ဆီ ပြန်ရောက်သွားတော့သည်။ သူက အင်မော်တယ် အရုပ် ဖန်တီးခြင်းအကြောင်း စတင်လေ့လာလိုက်သည်။

အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးသွားလေ၏။ ပန်းပဲပစ္စည်းအမျိုးမျိုးများမှာ အင်မော်တယ် အရုပ်အမျိုးမျိုးအဖြစ် ထုလုပ်ခံနေရသည်။ ဖြည်းဖြည်းချင်းဖြင့် မိုဝူကျိ၏ အရုပ် ထုလုပ်သည့် စွမ်းရည်မှာလည်း ကျွမ်းကျင်လာသည်။ သူက အင်မော်တယ်အရုပ်ကို ပစ္စည်း စိတ်ဝိညာဉ်နှင့် မလုပ်ကြည့်ရသော်လည်း အင်မော်တယ်ဘုရင်အဆင့် အရုပ်အမျိုးမျိုးကို ပြုလုပ်ရာ၌ ပြဿနာ မရှိချေ။

မိုဝူကျိက မူလကတည်းက အဆင့် ၉ ပန်းပဲဧကရာဇ် ဖြစ်ပြီး  အင်မော်တယ် အရုပ်ဖန်တီးမှုမှာ ပန်းပဲနည်းလမ်းခွဲမှ တစ်ခုသာ ဖြစ်ပေရာ အကြမ်းဖျင်းအားဖြင့် ဆင်တူပေ၏။

သို့သော်လည်း မိုဝူကျိက လုံလောက်သည်နှင့် ဝေးကွာနေသေး၏။ သူက တာ့ဟွမ်အား နဂိုအခြေအနေတိုင်း ပြန်လည် တည်ဆောက်လိုသည် သာမက တာ့ဟွမ်၏ အသိဉာဏ်ကိုလည်း ယခင်ကထက် အားကောင်းလာစေလိုသည်။

မိုဝူကျိက သုံးလကျော်လွန်သွားပြီ ဖြစ်ကြောင်း ခန့်မှန်းမိ၍ လေ့လာမှုအား ရပ်တန့်ကာ သင်္ဘောပျံ ကုန်းပတ်ပေါ် ထွက်လာလိုက်သည်။

“ ဝူကျိ … ငါလည်း ဒီလအတွင်းမှာ အတော်လေး သင်ယူလိုက်ရတယ် …” ယွမ်မိုက မိုဝူကျိ ထွက်လာသည်ကို မြင်သောအခါ စိတ်လှုပ်ရှားစွာ ပြောလိုက်၏။ ဤသုံးလအတွင်း သူက အာကာပြင် စည်းမျည်းတစ်ခုကို နားလည်သဘောပေါက်ခဲ့သည်။  သူ့စိတ်ထဲမှ မိုဝူကျိ အနေအထားမှာ ပို၍ပင် အားကောင်းလာလေသည်။ ဤသို့ ကျောက်စိမ်းပေလွှာအား ပေးမည့်သူမှာ မိုဝူကျိ တစ်ဦးတည်းသာ ရှိပေမည်။

မိုဝူကျိက စကားပြောနေရင်း စိတ်စွမ်းအား၌ ယာဉ်ပျံတစ်စင်းကို အာရုံခံမိလိုက်သည်။ ယာဉ်ပျံမှာ သာမာန်အဆင့် ၇ အင်မော်တယ်အဆင့် ဖြစ်သော်လည်း သူက ထိုယာဉ်ပျံပေါ်မှ လူကို မှတ်မိလိုက်သည်။ ထိုသူမှာ ယန်ဝေ ဖြစ်နေ၏။

သူက ယန်ဝေကို ကောင်းကင်ချောက်ကမ်းပါးမြို့၌ တွေ့ခဲ့ဖူးလေရာ ယန်ဝေက ရေတံခွန် အင်မော်တယ်ဂိုဏ်းသား တစ်ဦး ဖြစ်ပြီး သူ့ကျင့်ကြံဆင့်မှာ အင်မော်တယ် ဘုရင် အလယ်အလတ်အဆင့် ဖြစ်၏။ သူ့အကျင့်စရိုက်က မဆိုးလှပေ။

လက်ရှိ ယန်ဝေက ဒဏ်ရာဒလပွ ဖြစ်နေပြီး ထွက်ပြေးလာရသည်မှာ သိသာနေသည်။

“ ယွမ်မို … ယာဉ်ပျံကို ကျုပ်ထိန်းလိုက်မယ် ” မိုဝူကျိက ယာဉ်ပျံ၏ ထိန်းချုပ်မှုကို ယူကာ အရှိန်ကို မြင့်လိုက်၏။ အမွေးတိုင်တစ်ဝက်စာလောက်အတွင်း မိုဝူကျိ၏ ယာဉ်ပျံမှာ ယန်ဝေ၏ ယာဉ်ပျံရှေ့သို့ ရောက်ရှိသွားသည်။

“ ကျုပ် ယန်ဝေ သေရင်တောင်  ကျုပ် လုံးဝ …. အာ ဆေးလုံးဧကရာဇ်မိုလား ” ယန်ဝေက စကားတစ်ဝက်တပျက် ပြောပြီးနောက် တစ်ဖက်လူမှာ မိုဝူကျိဖြစ်နေကြောင်း သတိပြုမိလိုက်သည်။

“ အစ်ကိုယန် မတွေ့တာ ကြာပြီနော် ” မိုဝူကျိက လက်နှစ်ဖက် ယှက်ကာ ပြောလိုက်သည်။

“ အစ်ကိုမို ဒီကနေ မြန်မြန် ထွက်သွားသင့်တယ်။ စကြဝဠာအစွန်းတစ်ခုလုံးမှာ ခင်ဗျားရဲ့ ဖမ်းဝရမ်းတွေ ကပ်ထားတယ်။ ခင်ဗျားကို ဖမ်းနိုင်တာနဲ့ နတ်ဘုရားကျောက် တစ်သန်း၊ အင်မော်တယ်သွေးကြော ဆယ်ခုနဲ့ မှော်ရတနာတွေ ပေးမယ်ဆိုပြီး ကြေညာထားတယ် …” ယန်ဝေက မိုဝူကျိ၏ အခြေအနေသည် သူ့ထက် ပို ဆိုးရွှားနေကြောင်း သတိရပြီးနောက် မြန်မြန် သတိပေးလိုက်သည်။

“ မိုဝူကျိ ခင်ဗျားလား ” နောက်ထပ် ပျံသန်းရေး ရတနာတစ်ခု ချည်းကပ်လာကာ ယန်ဝေနှင့် မနီးမဝေး၌ ရပ်တန့်လိုက်သည်။ အင်မော်တယ်ဘုရင် နောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ဦးက ယန်ဝေကို သတိပြုလိုက်မိပြီးနောက် မိုဝူကျိကို မြင်လိုက်သည်။

“ ဟုတ်တယ်  … ကျုပ်က မိုဝူကျိပဲ … ဘာကိစ္စရှိလို့လဲ ” မိုဝူကျိက ထိုအင်မော်တယ် ဘုရင် နောက်ဆုံးအဆင့် ကျင့်ကြံသူကို ကြည့်လိုက်သည့်အခါ နတ်ဘုရားမျိုးနွယ်စုမှန်း သိလိုက်သည်။

မိုဝူကျိ၏  နတ်ဘုရားမျိုးနွယ်အပေါ် အမုန်းတရားမှာ အရိုးစွဲနေလေ၏။ မဟုတ်လျှင် သွေစောင်း အာကာပြင် ပင်လယ်မြို့၌ သူက တောင်ရွှင်ကို သတ်ပြီးနောက် စန်းလန်ကို သတ်ခဲ့မည် မဟုတ်ပေ။

“ မဟုတ်ပါဘူး … ဘာကိစ္စမှ မရှိပါဘူး … ကျုပ် ထွက်သွားပါ့မယ် ” အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူက သူ့ပျံသန်းရေး ရတနာဖြင့် ဆန့်ကျင်ဘက်အရပ်သို့ မြန်မြန် တိမ်းရှောင်ဖို့ ကြိုးစားလိုက်သည်။ စကြဝဠာအစွန်းတစ်ခွင်လုံး၌ မိုဝူကျိအား အလိုရှိဝရမ်းအဖြစ် သတ်ဖြစ်ထားသည်ကိုသာ မကြည့်သင့်ပေ။ မိုဝူကျိ၏  ရက်စက်သည့် ဂုဏ်သတင်းသည် စကြဝဠာအစွန်း၌ ဟိုးလေးကျော်နေပြီ ဖြစ်၏။ မိုဝူကျိက နတ်ဘုရားမျိုးနွယ်မှ တာအိုဧကရာဇ်ကိုပင် သတ်ခဲ့သည်ဟု ကောလဟာလများ ထွက်ခဲ့သေးသည်။ ဤသို့မျိုးအခါ၌ သူက မည်သို့ လျှောက်ပြောနေရဲမည်နည်း။ မိုဝူကျိအား အလိုရှိဝရမ်း ထုတ်သည်က ကိစ္စတစ်ခု ဖြစ်သော်လည်း ဖမ်းဖို့ရာမှာ နောက်တစ်ခု ဖြစ်ပေသည်။

“ မင်းက ဒီရောက်နေမှတော့ ထွက်သွားဖို့ မလိုတော့ဘူး ” မိုဝူကျိက ပြောရင်း အင်မော်တယ် သဘာဝစွမ်းအား လက်ကြီး ထွက်ပေါ်လာသည်။ မိုဝူကျိရှေ့၌  ထိုအင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူလေးမှာ ကူကယ်ရာမဲ့နေသည့် ကြက်လေးတစ်ကောင်အလား မြှောက်ကိုင်ခံနေရသည်။

***

All Chapters