စကြဝဠာအစွန်း၏ လူသားမျိုးနွယ်
Vol. 59 Ch. 810
“ စီနီယာ ကျုပ်က နတ်ဘုရားမျိုးနွယ်စုက ဆိုပေမဲ့ ကျုပ်က စီနီယာကို အမြဲတမ်း လေးစားနေခဲ့တာပါ …” ထိုအင်မော်တယ်ဘုရင်က မိုဝူကျိ၏ အင်မော်တယ် သဘာဝစွမ်းအားလက်ကြီးဖြင့် ကိုင်မြှောက်ခံထားရစဉ် စူးစူးဝါးဝါး အော်ပြောလိုက်သည်။ သူက မိုဝူကျိသည် နတ်ဘုရားမျိုးနွယ်စုမှ တာအိုဧကရာဇ်အား သတ်လိုက်သည်ကို ကိုယ်တိုင် မမြင်မိသော်လည်း မိုဝူကျိက နတ်ဘုရားမျိုးနွယ်၏ သခင်လေးနှင့် အင်မော်တယ် ဧကရာဇ် သုံးယောက်ကို သတ်ထားသည့်ကိစ္စအား မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ထားခြင်း ဖြစ်၏
အကယ်၍ သူက မိုဝူကျိသည် နတ်ဘုရားမျိုးနွယ်မှ သခင်လေး ဝူလီအား သတ်ထားသည်ကို မမြင်မိထားလျှင် သူ့အနေနှင့် သူ့မျိုးနွယ်နာမည်အား အသုံးချ၍ မိုဝူကျိအား ခြိမ်းခြောက်မိပေလိမ့်မည်။ သို့သော် ယခုတွင် ထိုသို့ မလုပ်ရဲချေ။
“ ဆေးလုံးဧကရာဇ်မို …” ယန်လီက မိုဝူကျိအား တအံ့တဩ ကြည့်လိုက်သည်။ သူက မိုဝူကျိ၏ နာမည်ဆိုးဖြင့် ကျော်ကြားမှုအား ကြားမိပေသည်။ သို့သော်လည်း သူက မိုဝူကျိသည် နတ်ဘုရားမျိုးနွယ်စု၊ ဟဲရှီးအဖွဲ့နှင့် မီဖေးကုန်သွယ်ရေး အဖွဲ့များကြောင့် စကြဝဠာအစွန်းမှ ထွက်ပြေးသွားမှန်း သိထားသည်။ သူက မိုဝူကျိသည် အရမ်းကို အံ့ဩဖွယ် ကောင်းနေလိမ့်မည်ဟု မထင်ထားပေ။ ဤနတ်ဘုရားမျိုးနွယ်စုမှာ အင်မော်တယ်ဘုရင် နောက်ပိုင်းအဆင့် ဖြစ်ပေသည်။ အင်မော်တယ် ဧကရာဇ်ပင် အင်မော်တယ် ဘုရင်တစ်ယောက်အား မိုဝူကျိ ယခုလုပ်ထားသကဲ့သို့ မလုပ်နိုင်ချေ။
“ ကျုပ်က စကြဝဠာအစွန်းကနေ ထွက်သွားတာ နှစ်နည်းနည်းလေးပဲ ရှိသေးတယ်။ ကျုပ်ကို ဘယ်သူက ဖမ်းဝရမ်း ထုတ်ရဲတာလဲ ” မိုဝူကျိက မထူးမခြားနား မေးလိုက်သည်။
နတ်ဘုရားမျိုးနွယ်စုမှ အင်မော်တယ်ဘုရင်က မဖြေနိုင်လိုက်ခင် ယန်ဝေက မြန်မြန် ပြောလိုက်သည်
“ အဲဒါက နတ်ဘုရားမျိုးနွယ်၊ ဟဲရှီးအဖွဲ့နဲ့ မီဖေးကုန်သွယ်ရေး အဖွဲ့တို ပေါင်းပြီး လုပ်တာပါ။ သူတို့က စကြဝဠာအစွန်းမှာ ရှိနေတဲ လူသားမျိုးနွယ် ကျင့်ကြံသူတွေကိုလည်း သတ်ပစ်ပြီးတော့ လူသားမျိုးနွယ်ရဲ့ တစ်ခုတည်းသော အင်မော်တယ်မြို့ အထက်ဘုံစကြဝဠာမြို့ကိုလည်း ဖျက်စီးလိုက်ကြတယ်။ အဲဒီနောက်ကျ အထက်ဘုံစကြဝဠာကနေ ထွက်လာတဲ့ လူသားကျင့်ကြံသူတိုင်းကို လိုက်ဖမ်းကြတယ် …. ”
မိုဝူကျိက ထိုအရာကို ကြားသည့်အခါ သူ့စိတ်ထဲ၌ ဒေါသမီးတောက်လောင်လာသည်။ သူက သူ့အပြုအမူများသည် တခြားကျင့်ကြံသူများကိုပါ ဆွဲသွင်းမိသလို ဖြစ်မည်ဟု မထင်ခဲ့ပေ။
သူ့အင်မော်တယ် သဘာဝစွမ်းအား လက်က တင်းကျပ်သွားကာ နတ်ဘုရားမျိုးနွယ်စု အင်မော်တယ်ဘုရင် ကျင့်ကြံသူမှာ စကားတစ်ခွန်းပင် မပြောလိုက်ရဘဲ သွေးမြူအဖြစ် ပြောင်းလဲသွားတော့သည်။
မိုဝူကျိက သိုလှောင်လက်စွပ်ကို သိမ်းပြီးနောက် ယန်ဝေအား ကြည့်ကာ “ ယန်ဝေ .. ကျုပ် တောင်းပန်ပါတယ်။ ကျုပ် အားလုံးကို ဆွဲသွင်းမိပြီ။ နတ်ဘုရားမျိုးနွယ်စုက သူတို့ဒေါသကို လူသားမျိုးနွယ်စုဆီ ပုံချရလောက်တဲ့အထိ အရှက်မဲ့လိမ့်မယ်မှန်း မသိခဲ့ဘူး ”
ယန်ဝေက ချက်ချင်း ခေါင်းခါကာ
“ ကျုပ်တို့ ရေတံခွန်အင်မော်တယ်ဂိုဏ်းရဲ့ တည်ထောင်သူ အင်မော်တယ် ဧကရီ ဝမ်လန်က တစ်ခါပြောဖူးတယ်။ ဒီကိစ္စက ဆေးလုံးဧကရာဇ်မိုနဲ့ မဆိုင်ဘူးတဲ့ … တကယ်တော့ ဆေးလုံးဧကရာဇ်မိုက တာအိုဆွေးနွေးခြင်း စင်မြင့်မှာ ဝူလီကို မသတ်ရင်လည်း အထက်ဘုံရဲ့ စကြဝဠာမြို့က သိမ်းပိုက်ခံရဦးမှာပဲ။ အချိန်တစ်ခုပဲ လိုတာ …
ဆေးလုံးဧကရာဇ်မိုက နတ်ဘုရားမျိုးနွယ်တွေအတွက် အကြောင်းပြချက် သပ်သပ် ဖြစ်သွားရုံပဲ။ တကယ်လို့ ဆေးလုံးဧကရာဇ်မိုက ဘာမှမလုပ်ခဲ့ရင်တောင် နတ်ဘုရားမျိုးနွယ်၊ သွေးစုပ်မျိုးနွယ် ဒါမှမဟုတ် မိစ္ဆာမျိုးနွယ်တို့က အထက်ဘုံ စကြဝဠာမြို့ကို သိမ်းပိုက်ကြဦးမှာပဲ …. ”
မိုဝူကျိက တိတ်ဆိတ်သွားလေ၏။ သူက အင်မော်တယ် ဧကရီဝမ်လန်သည် မှန်ကန်ကြောင်း ခံစားမိလိုက်၏။ သူ စကြဝဠာအစွန်းတွင် ရှိစဉ်အခါက လူသားမျိုးနွယ်စု၏ ပါရမီရှင်များသည် အသတ်ခံနေရပြီး လူသားမျိုးနွယ် ကျင့်ကြံသူကိုပင် ကျွန်အဖြစ် ရောင်းချနေကြသည့်အခါပင် မည်သူကမှ ဘာမှမပြောရဲကြပေ။ ကောင်းကင်ဘုံအလွန် စကြဝဠာ၌ လူသားမျိုးနွယ်စုမှာ နင်းခြေခံရမည့် ပုရွတ်ဆိတ်လေးများအလား ဖြစ်နေကြသည်။
ထိုအရာက မလုံလောက်သေးပေ။ နောက်ထပ် အဓိက ပြဿနာမှာ လူသားမျိုးနွယ်စုမှာ မစည်းလုံးကြခြင်း ဖြစ်၏။ မဟုတ်လျှင် ယန်ယွဲ့ရုန်က ကျီချန်းလော၏ တပည့်ဖြစ်သူ ကုံးရှုရှန်း၏ စကားတစ်ခွန်းဖြင့် လူသားမျိုးနွယ်မှ ထုတ်ပယ်ခံရမည် မဟုတ်ပေ။ သဘောတရားအရဆိုရင် ကျီချန်းလော၏ တပည့်၌ ထိုသို့ လုပ်ပိုင်ခွင့် မရှိချေ။
သို့သော်လည်း ဤကိစ္စရပ်တစ်ခုလုံးမှာ သူ မိုဝူကျိနှင့် သက်ဆိုင်နေပြီး သူ့အနေနှင့် တာဝန်ယူပေးရမည်။
“ အဲဆို ဘာလို့ လိုက်ဖမ်းခံနေရတာလဲ ” မိုဝူကျိက သက်ပြင်းချလိုက်သည်။ သူက ယခင်က သူကိုယ်သူပင် မကာကွယ်နိုင်ခဲ့ပေရာ မည်သို့များ အင်မော်တယ်လောက၏ အင်အားကို စုစည်းပေးနိုင်မည်နည်း။ သူက တွေးမိလိုက်သောအခါ အထက်ဘုံ၏ တာအိုဧကရာဇ် ကျီချန်းလော့ကို စက်ဆုပ်လာမိသည်။ ထိုလူက သူ့ဘာသာ သူ တစ်ဦးတည်းကိုသာ ဂရုစိုက်တတ်သူ ဖြစ်၏။
ယန်ဝေက သက်ပြင်းချကာ
“ အရင်တုန်းက နတ်ဘုရားမျိုးနွယ်စုက အထက်ဘုံရဲ့ စကြဝဠာမြို့မှာ ရုတ်ရင်းဆန်ခတ် လာလုပ်တော့ ပျောက်ကွယ်သွားရတဲ့ ကျင့်ကြံသူတွေက သန်းနဲ့ချီတယ်။ အထက်ဘုံကို နတ်ဘုရားမျိုးနွယ်စုရဲ့ တိုက်ခိုက်မှုကနေ ကာကွယ်ဖို့ တာအိုဧကရာဇ် ကျီချန်းလော့က အင်မော်တယ်မြို့အတွက် ကြိုးစားပမ်းစား တိုက်ခိုက်ပေးနေတဲ့ လူသားမျိုးနွယ် ကျင့်ကြံသူတွေကို စွန့်ပစ်ခဲ့တယ်။ သူက အထက်ဘုံ စကြဝဠာမြို့ကနေ အထက်ဘုံ သွားတဲ့လမ်းကြောင်းကိုတောင် ဖျက်စီးပစ်ခဲ့သေးတာ ….
အထက်ဘုံ စကြဝဠာမြို့အတွက် အသက်ပေး ကာကွယ်ပေးနေတဲ့ လူသားမျိုးနွယ် ကျင့်ကြံသူတွေက ကျီချန်းလော့ရဲ့ စွန့်ပစ်မှုကို ခံလိုက်ရတယ်။ ကျုပ်ဆရာနဲ့ တခြားစီနီယာနှစ်ဦးက အသက်ရှင်နေတဲ့သူတွေကို ခေါ်ပြီးတော့ အထက်ဘုံ စကြဝဠာမြို့ကနေ ထွက်ပြေးသွားခဲ့ရတယ်။ ကျုပ်တို့တွေက အခု ကောင်းကင်ဘုံအလွန် စကြဝဠာရဲ့ အစွန်းအဖျား ဥက္ကာခဲလေးမှာ ယာယီနေနေကြရတယ် …. ”
မိုဝူကျိက နားထောင်လေလေ ပို၍ ဒေါသထွက်လာလေလေ ဖြစ်၏။ ထိုကျီချန်းလော့က အထက်ဘုံ၏ ခေါင်းဆောင် တာအိုဧကရာဇ် တစ်ယောက် ဖြစ်ပေသည်။ ထိုခွေးသားက သူ့ဘာသာ ထွက်ပြေးသွားပြီး သူ့အတွက် တိုက်ခိုက်ပေးနေသည့် လူသားမျိုးနွယ် ကျင့်ကြံသူများကို ချန်ရစ်ထားကာ စွန့်ပစ်ခဲ့သေး၏။
“ အထက်ဘုံ စကြဝဠာမြို့ကနေ ထွက်ပြေးလာပြီးတော့ မိစ္ဆာမျိုးနွယ် ကျီကူနဲ့ ကောင်းကင်ဘုံအလွန် အင်မော်တယ် မဟာမိတ်အဖွဲ့ရဲ့ ထန့်ဖေးယန်တို့က ကျုပ်တို့အတွက် ပြောပေးကြသေးတယ်။ ဒါနဲ့ စကြဝဠာအစွန်းရဲ့ တာအိုသခင် ဖုန်းဟွမ်ကလည်း ဝင်ပြောပေးသေးတယ်။ ကျုပ်တို့ လူသားမျိုးနွယ်ကို စကြဝဠာအစွန်းကို ပြန်ဝင်ခွင့် ပြုဖို့ပေါ့ …. ဒါပေမဲ့ နတ်ဘုရားမျိုးနွယ်နဲ့ ဟဲရှီးအဖွဲ့က လုံးဝ အလျော့မပေးဘူး။
သူတို့က စကြဝဠာအစွန်းရဲ့ တာအိုဆွေးနွေးခြင်း စင်မြင့်ကို အသုံးချပြီးတော့ လူသားမျိုးနွယ်စုရဲ့ အင်မော်တယ်တွေကို သတ်ဖြတ်နေတာ … နတ်ဘုရားမျိုးနွယ်က အသက်ရှင်ကျန်နေတဲ့ လူသားမျိုးနွယ်ကို ကောင်းကင်ဘုံအလွန် စကြဝဠာမှာ အစုံလိုက်အပြုံလိုက် သတ်ဖို့ ကြံစည်နေတယ်ဆိုပြီး ကြားထားသေးတယ်။ ဒါပေမဲ့လည်း နတ်ဘုရားမျိုးနွယ်က ဒီကိစ္စကြောင့် နှောင့်ယှက်ခံနေရတယ် ထင်တယ်။ ကျုပ်တို့ကိုတော့ ဘာမှလာမလုပ်သေးဘူး ” ယန်ဝေက ဒေါသတရားနှင့် မခံမရပ်နိုင် ပြောလိုက်သည်။
မိုဝူကျိ စိတ်ထဲ၌လည်း သတ်ဖြတ်လိုစိတ်များ အပြည့် ဖြစ်နေသည်။ သူက လူသားမျိုးနွယ်စုသည် သေရမည်မှန်း သိလျက်နှင့် စကြဝဠာအစွန်းဆီ ဆက်လက်သွားနေသည့် အကြောင်းအရင်းကို သိပေသည်။ ထိုသည်မှာ စကြဝဠာအစွန်းက သူတို့အင်အား တိုးတက်လာနိုင်မည့် တစ်ခုတည်းသော နေရာဖြစ်ပြီး စကြဝဠာအစွန်းမှာ ကျင့်ကြံရေး အရင်းအမြစ်များ ရရှိနိုင်မည့် နေရာတစ်ခု ဖြစ်သည်။
ယန်ဝေက ဆက်ပြောလိုက်သည်
“ နတ်ဘုရား အင်မော်တယ်နယ်မြေရဲ့ နိုက်ဟော်၊ ကျူစစ်ရှို့၊ ကျိုးယီရှန်းနဲ့ အခြားပါရမီရှင်တွေက အသက်ရှင်ပြီးတော့ အထက်ဘုံ စကြဝဠာမြို့ကနေ ထွက်ပြေးသွားနိုင်လိုက်တယ်။ ဒါပေမဲ့လည်း သူတို့က တာအိုဆွေးနွေးခြင်း စင်မြင့်အထက်မှာ အသတ်ခံရတာပဲ …. သူတို့ကို နတ်ဘုရားမျိုးနွယ်က သတ်ရင်သတ် ဒါမှမဟုတ်ရင် ဟဲရှီးအဖွဲ့က သတ်တယ်။ တစ်ခါတစ်လေကျ သူတို့ကို တခြားမျိုးနွယ်စု ပါရမီရှင်တွေက သတ်သွားတယ် ”
“အရမ်းကောင်းတယ် ” မိုဝူကျိ မျက်ဝန်းအတွင်း မီးတောက် တောက်လောင်နေပေသည်။ မူလက သူသည် နတ်ဘုရားမျိုးနွယ်စုအား စကြဝဠာအစွန်းမှ မောင်းထုတ်ဖို့ရာမျှသာ တွေးထားသော်လည်း နတ်ဘုရားမျိုးနွယ်စုက ရက်စက်ထားပြီးပြီ ဖြစ်ရာ သူတို့အနေနှင့် သူက နတ်ဘုရားမျိုးနွယ်စု တစ်ခုလုံးကို သုတ်သင်ပစ်သည့်အခါမှ အပြစ်မတင်သင့်ပေ။
“ ဝူကျိ မင်း ကြိုက်တာသာ လုပ် …. မင်း ဘာလုပ်လုပ် ငါ ယွမ်မိုက မင်းဘေးမှာ တိုက်ပေးမယ် ” ယွမ်မိုက တုံ့ဆိုင်းမနေဘဲ ပြောလိုက်သည်။ သူက မိုဝူကျိသည် သွေစောင်း အာကာပြင် ပင်လယ်မြို့၌ သူ့ကို ရန်စခဲ့သည့် ဝူဟယ်ကို အရင်မသတ်ဘဲ စန်းလန်ကို သတ်ခဲ့သည့် အကြောင်းအရင်းကို နားလည်သွားပေတော့သည်။
“ မကောင်းတော့ဘူး ” ယန်ဝေက တစ်ခုခုကို သတိရသွားဟန်ဖြင့် တအံ့တဩ အထိတ်တလန့် ပြောလိုက်သည်။
မိုဝူကျိက ဘာမှမမေးခင် သူက စိုးရိမ်တကြီး ပြောလိုက်သည်
“ ပုံရိပ်ယောင်ချင်တာအိုရဲ့ ဂျုနီယာညီမလေး နျုံရှောင်ယုက မကြာခင် တာအိုဆွေးနွေးခြင်း စင်မြင့်မှာ ဟဲရှီးအဖွဲ့ရဲ့ မဟာလော့ရှန်းအဆင့် ဖေးကွမ်နဲ့ ရင်ဆိုင်ဖို့ သွားရတော့မှာ။ အဲကိစ္စက ဂျုနီယာညီမလေး ရှောင်ယုအတွက် ကောင်းမှာ မဟုတ်ဘူး ”
“ နျုံ့ရှောင်ယုလား ” မိုဝူကျိက မေးလိုက်သည်။ သူက ထိုနာမည်ကို ကြားဖူးနေဟန် ပေါ်၏။ သို့သော်လည်း သူက ရှောင်ရှောင်ယု နာမည်နှင့် ပိုရင်းနှီးနေသည်။ ရှောင်ရှောင်ယုမှာ ယန်ယွဲ့ရုန်ဘေး၌ အမြဲပါနေသော ကောင်မလေး ဖြစ်၏။
ယန်ဝေက မြန်မြန် ပြောလိုက်သည် “ နျုံရှောင်ယုက ပုံရိပ်ယောင်ချင်တာအိုရဲ့ ကြယ်ရှစ်လုံး ပါရမီရှင်လေ။ စီနီယာက သူ့မကိုတော့ မသိလောက်ဘူး။ ဒါပေမဲ့ စီနီယာ သူမ အစ်မ ရှောင်ရှောင်ယုနဲ့ သိလောက်တယ် ”
“ နျုံ့ရှောင်ယုက ရှောင်ရှောင်ယုရဲ့ ညီမလေးလား ” မိုဝူကျိက တအံ့တဩ မေးလိုက်သည်။ မိုဝူကျိက ရှောင်ရှောင်ယုအပေါ် အမြင်ကောင်းရှိ၏။ ယခင် တာ့ဟွမ်အမည်နှင့် သေမျိုးဟန်ဆောင်စဉ်အခါက သူက ရှောင်ရှောင်ယုအား အစ်မကြီးဟု အမြဲလိုလို ခေါ်လေ့ရှိသည်။ အကယ်၍ တခြားသော အင်မော်တယ်ဖြစ်ပါက သူကို သေသည့်အထိ ရိုက်နှက်ပစ်လောက်၏။ သို့သော်လည်း ရှောင်ရှောင်ယုက ထိုသို့ ရည်ရွယ်ချက်မျိုး မရှိခဲ့ပေ။ သူ့အား ကာကွယ်ဖို့ရာအတွက်နှင့် အင်မော်တယ်မြိုကိုပင် ခေါ်ဆောင်သွားသေးသည်။
ရှောင်ရှောင်ယုနှင့် ယန်ယွဲ့ရုန်တို့မှာ ကြင်နာတတ်သော သူများ ဖြစ်ကြသည်။ ထို့အကြောင်းကြောင့် ယန်ယွဲ့ရုန်အား ရှောင်ရှောင်ယုအတွက် လက်စားချေပြီး ကူညီပေးဖို့ရာ လက်မတွန့်ခဲ့ခြင်း ဖြစ်ပေသည်။
“ ဟုတ်တယ် …. နျုံရှောင်ယုနဲ့ သူမ အစ်မက ငယ်ငယ်လေးကတည်းက ကွဲသွားတာလေ။ တစ်ယောက်က အဖေနောက်လိုက်ပြီးတော့ တစ်ယောက်က အမေနောက် လိုက်သွားတာ။ စီနီယာက ဝူလီကို သတ်ပြီး ရှောင်ရှောင်ယုအတွက် လက်စားချေပေးလိုက်တုန်းက နျုံရှောင်ယုက စီနီယာကို အရမ်းကျေးဇူးတင်နေတာ …..” ယန်ဝေက ဖြေပေးလိုက်သည်။
မိုဝူကျိက ခေါင်းညိတ်ပြလိုက်သည်။ စကြဝဠာအစွန်း၌ သူ ရုတ်ရင်းဆန်ခတ် ဖြစ်ခဲ့ခြင်းမှာ ကြီးမားလွန်းရာ စကြဝဠာအစွန်းတွင် ရှိနေသမျှ လူအားလုံးအနေနှင့် သူက ယန်ယွဲ့ရုန်ကို ကယ်တင်၍ ရှောင်ရှောင်ယုအတွက် လက်စားချေပေးလိုက်သည်ကို သိပေလိမ့်မည်။ ထို့ကြောင့် ယန်ဝေတို့ သိနေခြင်းမှာ မထူးဆန်းလှပေ။
“ ဒီလိုဆိုမှတော့ စကြဝဠာအစွန်းဆီ သွားကြည့်လိုက်မယ်။ တကယ်လို့ တရားမျှတတဲ့ တာအိုဆွေးနွေးခြင်းဆိုရင်တော့ ဒီအတိုင်း လွတ်ပေးလိုက်မယ်။ တကယ်လို့ သူတို့တွေ တစ်ခုခု လှည့်ကွက်လုပ်ရဲရင်တော့ ငါက ယဉ်ယဉ်ကျေးကျေး ပြုမူနေမှာ မဟုတ်လို့ အပြစ်မတင်သင့်ဘူး ” မိုဝူကျိက ပြောလိုက်ရင်း ယာဉ်ပျံကို ထိန်းချုပ်လိုက်ပြီး စကြဝဠာအစွန်းဆီ အရှိန်တင်လိုက်တော့သည်။
……………
စကြဝဠာအစွန်းက လူသားမျိုးနွယ်၏ အင်မော်တယ်မြို့ ပျက်စီးသွားမှုကြောင့် မှုန်မှိုင်းမနေဘဲ ယခင်ထက်ပင် ပို၍ စည်ကားနေသေး၏။
မိုဝူကျိက ယန်ဝေနှင့် ယွမ်မိုတို့ကို စကြဝဠာအစွန်းဆီ ခေါ်လာသည့်အခါ မြို့ထဲကို ဝင်ထွက်နေကြသည့် လူတန်းကြီးကို သတိပြုမိလိုက်၏။ အင်မတန်ကို စည်ကားလှပေသည်။
ယန်ဝေက မိုဝူကျိနား တီးတိုး၍ ပြောလိုက်သည် “ ပြောကြတာတော့ စကြဝဠာနံရံကြီး မကြာခင် ပွင့်လာတော့မှာတဲ့ .. အဲဒါကြောင့် လူတွေက ကောင်းကင်ဘုံနယ်နမိတ်အလွန်ကို သွားချင်နေကြတာ။ ဒါပေမဲ့ ကျုပ်တို့ လူသားမျိုးနွယ်က ရတနာအတွက် တိုက်ခိုက်ဖို့ သွားရမဲ့ အခွင့်အရေးတောင် မရှိဘူး ”
“ စိတ်မပူနဲ့ ” မိုဝူကျိက တုံ့ပြန်လိုက်ပြီး ခြေလှမ်းကို ခပ်သွက်သွက် လျှောက်လိုက်သည်။ သူက တကယ်တာ့ အလျှင်မလိုပေ။ ယခု သူ မိုဝူကျိ ပြန်ရောက်လာသည်နှင့် လူသားမျိုးနွယ်စု အပိုင်ဖြစ်သော အရာအားလုံးမှာ သူ့ရှေ့တွင် ထားပေးလျှင် ပိုကောင်းသွားပေမည်။ သူက လူသားမျိုးနွယ် အပိုင် မဟုတ်သည့် အရာများအတွက် တိုက်ခိုက်မည် မဟုတ်ပေ။
ကောင်းကင်ဘုံအလွန် တာအိုကွင်းပြင်မှာ အင်မတန် လူရှုပ်ထွေးနေသည်။ အဝေးမှပင် မိုဝူကျိက မျိုးနွယ်စု အမျိုးမျိုးမှ ကျင့်ကြံသူများ ရောက်နေကြောင်း မြင်လိုက်ရ၏။
တာအိုဆွေးနွေးခြင်း စင်မြင့်ထက်၌ ကျင့်ကြံသူနှစ်ယောက်က ပြင်းထန်သော တိုက်ပွဲကို ဆင်နွဲနေကြသည်။ တစ်ဖက်မှာ အပြာရောင်ဝတ်စုံနှင့် မိန်းကလေး တစ်ဦး ဖြစ်ပြီး သူမ၏ ကျင့်ကြံဆင့်မှာ မဟာလော့ရှန်း အစောပိုင်းအဆင့်မျှသာ ရှိသေး၏။ နောက်တစ်ယောက်မှာ သာမာန် ခန္ဓာကိုယ် အနေအထားရှိသည့် အမျိုးသား တစ်ဦး ဖြစ်ကာ သူက မဟာလော့ရှန်း အလယ်အလတ်အဆင့် ဖြစ်ပေသည်။
ထိုမိန်းကလေးတွင် ရှောင်ရှောင်ယုနှင့် ဆင်တူသည့် သွင်ပြင်မျိုး ရှိပြီး သူမ အသားရည်မှာ ပိုဖြူကာ ရုပ်ရည်မှာ ရှောင်ရှောင်ယုထက် အနည်းငယ် ပိုလှပနေခြင်းသာ ဖြစ်၏။
မိုဝူကျိက မကြာခင် စိတ်အေးသွားလေ၏။ ထိုမိန်းကလေးက မဟာလော့ရှန်း အစောပိုင်းအဆင့်မျှ ရှိသေးသော်လည်း သူမ၏ တိုက်ခိုက်စွမ်းမှာ သာမာန်နှင့် မတူပေ။ သူမဘေးပတ်လည်တွင် တိမ်တိုက်စိမ်းများ ဖြစ်ပေါ်နေပြီး မိုဝူကျိက သူမ အရေးသာနေကြောင်းကို စိတ်စွမ်းအားဖြင့် မစစ်ဆေးကြည့်ဘဲ သိနိုင်သည်။
နျုံရှောင်ယုနှင့် ရင်ဆိုင်နေသည့် မဟာလော့ရှန်း အလယ်အလတ်အဆင့် ကျင့်ကြံသူမှာ ကျင့်ကြံဆင့် မြင့်သော်လည်း သူ့အနေနှင့် မှော်ရတနာအရရော၊ အရည်အချင်းအရပါ နောက်ကောက်ကျနေပေသည်။
ပြောရမည်ဆိုလျှင် နျုံရှောင်ယု နိုင်ဖို့ရာ အချိန်တစ်ခုသာ လိုအပ်တော့၏။
“ ဆေးလုံးဧကရာဇ်မို ”
မိုဝူကျိက ယန်ဝေ မပြောခင် ဖြတ်ပြောလိုက်သည်
“ တာအိုရောင်းရင်းယန် … ကျုပ်က အင်မော်တယ် ဧကရီ ဝမ်လန်အပေါ်မှာ ကျေးဇူးကြွေးရှိတယ်။ အဲဒါကြောင့် ကျုပ်တို့ကို မိတ်ဆွေတွေလို့ သတ်မှတ်လို့ရတယ်။ တကယ်လို့ အဆင်ပြေမယ်ဆိုရင် ငါ့ကို ဝူကျိ ဒါမှမဟုတ် စီနီယာအစ်ကိုမိုလို့ ခေါ်လို့ ရတယ် ”
ယန်ဝေက မြန်မြန် ပြောလိုက်သည်
“ ဟုတ်ကဲ့ စီနီယာအစ်ကိုမို …. စင်ပေါ်က နျုံရှောင်ယုလေ။ အခု ဟဲရှီးအဖွဲ့ရဲ့ ဖေးကွမ်းနဲ့ တိုက်နေတာ။ ဖေးကွမ်းက မဟာလော့ရှန်း အလယ်အလတ်အဆင့် ဆိုပေမဲ့ ဟဲရှီးအဖွဲ့မှာ အဓိက ပုဂ္ဂိုလ်လို့ ပြောကြတယ်။ ရှောင်ယုက သူ့ကို အနိုင်ယူနိုင်လိုက်ရင် ဟဲရှီးအဖွဲ့က ဝင်ပါလာမယ် ထင်တယ် ”
မိုဝူကျိက အသာရယ်မောကာ “ အဲလို စိုးရိမ်ဖို့ မလိုပါဘူး။ ဘယ်သူမှ ရှေ့ထွက်မလာမှာကို ငါက စိုးရိမ်နေတာ … တစ်ယောက်ယောက်က လုပ်ရဲရင်တော့ ပိုကောင်းသွားတာပေါ့ ”
တကယ်တော့ မိုဝူကျိက အမှန်တကယ် တွေးနေခြင်း ဖြစ်သည်။ အကယ်၍ ဟဲရှီးအဖွဲ့က တစ်ယောက်ယောက် ထွက်လာရဲလျှင် သူ့အနေနှင့် တာအိုဆွေးနွေးခြင်း စင်မြင့်ကို ဒုတိယအကြိမ် ဖျက်စီးပစ်မည် ဖြစ်၏။ ထို့နောက် သူက ဟဲရှီးအဖွဲ့အား ရှင်းပြချက် တောင်းဖို့ရာ သွားမည်။
***