← Chapters

တစ်ယောက်နှင့် ဆယ်ငါးယောက် ရင်ဆိုင်ခြင်း

Vol. 59 Ch. 812

တစ်ယောက်နှင့် ဆယ်ငါးယောက် ရင်ဆိုင်ခြင်း

Vol. 59 Ch. 812

“ ဘန်း ” မောင်းက မိုဝူကျိ၏ စွမ်းအားစက်ကွင်းကို ဖြတ်၍ ရင်ဘတ်ဆီ ကျရောက်သွားသည့်အချိန်လေး၌ သေခြင်းရှင်ခြင်း ကံကြမ္မာ စက်ဝန်းကြောင့် ဝတ်ရုံနက် မဟာဧကရာဇ်၏ အသက်ဓာတ်လည်း လုံးဝ စုပ်ယူခံလိုက်ရတော့သည်။ သူ မသေခင် သူက မိုဝူကျိ၏ ရင်ဘတ်၌ သွေးကြောင်းအရာကို မြင်လိုက်ရသည်။ တစ်ချိန်တည်းဆိုသလို အခြားသော အင်မော်တယ် ဧကရာဇ် ခြောက်ယောက်လည်း သူ့ကဲ့သို့ အဆုံးသတ်သွားပြီ ဖြစ်ကြောင်း မြင်တွေ့လိုက်ရသည်။ သူတို့မှာ မိုဝူကျိ၏ ပုဆိန်လှံရှည်အောက်၌ ပျောက်ကွယ်သွားကြသည်။

ဒီလူက အရမ်းအားကောင်းလွန်းတယ် ....

ထိုသည်မှာ ဝတ်ရုံနက် မဟာဧကရာဇ်၏ နောက်ဆုံးအတွေး ဖြစ်၏။

မိုဝူကျိက မဟာသဲကန္တာရ၊ လေဟုန်ဆန်မြစ်နှင့် သေခြင်းရှင်ခြင်း ကံကြမ္မာ စက်ဝန်း တိုက်ကွက်သုံးမျိုးလုံးကို ဆက်တိုက် အသုံးပြုလိုက်သည်။ အချိန်တိုလေးအတွင်း သူက ဝတ်ရုံနက် မဟာဧကရာဇ် အပါအဝင် အင်မော်တယ် ဧကရာဇ် ခုနှစ်ယောက်ကို သတ်ဖြတ်နိုင်ခဲ့သည်။ သူ ကိုယ်တိုင်၌လည်း မဟာဧကရာဇ်၏ မောင်းကြောင့် ဒဏ်ရာနက်နက် တစ်ခု ရရှိထားသည်။

မိုဝူကျိ၏ အားကောင်းသော ရုပ်ခန္ဓာအဆင့်နှင့် သူ့မဟာသဲကန္တာရ အစီအရင်ကြောင့်သာ မဟုတ်လျှင် ထိုမောင်းက သူ့အား နှစ်ပိုင်း ဖြတ်သွားနိုင်လေ၏။

မိုဝူကျိက အသက်ပြင်းပြင်းရှုလိုက်ပြီးနောက် မဟာသဲကန္တာရကို နောက်တစ်ဖန် ဖော်ထုတ်လိုက်သည်။ ပုဆိန်လှံရှည် အလင်းတန်း သန်းပေါင်းမြောက်များစွာက အစီအရင်အလံများအဖြစ် ပြောင်းလဲသွားကာ အဆင့် ၇ သတ်ဖြတ်ရေး အစီအရင် ဖြစ်ပေါ်လာသည်။ အဆင့် ၇ အစီအရင်မှာ အင်မော်တယ် ဧကရာဇ် တစ်ဦးအား ပိတ်လှောင်မထားနိုင်သော်လည်း ဤအစီအရင်မှာ မိုဝူကျိ၏ လျို့ဝှက်တိုက်ကွက်မှ ဖြစ်ပေါ်လာခြင်း ဖြစ်ပေသည်။ ထို့ကြောင့် မိုဝူကျိ၏ စိတ်ဆန္ဒအလိုအရ ဆက်တိုက် ပြောင်းလဲနိုင်သည်။

တစ်ချိန်တည်းဆိုသလို သူက စိတ်စွမ်းအင်မြှား နှစ်ချက်ကို ပစ်လွှတ်လိုက်သည်။ ထိုစိတ်စွမ်းအင်မြှားနှစ်ချောင်းမှာ အင်မော်တယ် ဧကရာဇ် နောက်ပိုင်းအဆင့် ကျင့်ကြံသူ နှစ်ဦးကို ပိတ်ဆို့ထားလေ၏။ ကျန်ရှိနေသည့် အခြားသော အင်မော်တယ် ဧကရာဇ် ခြောက်ယောက်မှာ အစောပိုင်းအဆင့်နှင့် အလယ်အလတ်အဆင့်မျှသာ ဖြစ်ပေသည်။ မိုဝူကျိက သူတို့ထံ လေဟုန်ဆန်မြစ် တိုက်ကွက်ကို ထုတ်လွှင့်လိုက်သည်။

“ ဝုန်း ဝုန်း ဝုန်း  ” အဆုံးမဲ့ ပုဆိန်လှံရှည် အလင်းတန်းက အင်မော်တယ် ဧကရာဇ် ရှစ်ယောက် ပူးပေါင်းတိုက်ခိုက်မှုနှင့် ထိပ်တိုက် တွေ့သွားသည်။ ကောင်းကင်ဘုံအလွန် တာအိုကွင်းပြင် တစ်နေရာလုံး ပေါက်ကွဲသံများ တုန်ဟီးနေသည်။

မိုဝူကျိ၏ လေဟုန်ဆန်မြစ်မှာ ထောင့်တစ်နေရာမှ ကျဆင်းလာပြီး ထိုလှလှပပ ပုဆိန်လှံရှည် အလင်းတန်းမှာ လခြမ်းကွေးကဲ့သို့ ဆင်းသက်လာသည်။

“ ရွှပ် ရွပ် ….” သွေးမြူများ ဖြစ်ပေါ်လာလေ၏။ ထိုစဉ် မိုဝူကျိက သူ့အသိစိတ်ပင်လယ်အတွင်းမှ အားလျော့နည်းလာမှုကို ခံစားမိလိုက်၏။ သူက ထိုအရာမှာ သူကိုယ်သူ အလွန်ကျွံ ထုတ်သုံးလိုက်ခြင်းကြောင့် ဖြစ်မှန်း သိပေသည်။

အင်မော်တယ် ဧကရာဇ် အစောပိုင်းအဆင့် ကျင့်ကြံသူ နှစ်ဦးမှာ ခုခံနိုင်စွမ်း မရှိဘဲ မိုဝူကျိ၏ လေဟုန်ဆန်မြစ်ကြောင့် ပိုင်းဖြတ်ခံလိုက်ရသည်။ မိုဝူကျိ၏ စိတ်စွမ်းအင်မြှား သုံးမထားသော အင်မော်တယ် ဧကရာဇ် နောက်ပိုင်းအဆင့် ကျင့်ကြံသူ တစ်ဦးနှင့် အလယ်အလတ်အဆင့် ကျင့်ကြံသူ နှစ်ဦးတို့က မိုဝူကျိက အင်မော်တယ် ဧကရာဇ် အစောပိုင်းအဆင့် ကျင့်ကြံသူ နှစ်ဦး သတ်သည့် အချိန်အား အသုံးချ၍ မဟာသဲကန္တာရကို ချိုးဖောက်ဖို့ ကြိုးစားနေကြသည်။ ထို့နောက် မှော်ရတနာ သုံးခုက ဆက်တိုက်ဆိုသလို မိုဝူကျိဆီ ပြေးဝင်လာသည်။

မိုဝူကျိ၏ အသိစိတ်ပင်လယ်မှာ နာကျင်သွား၏။ သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားက လာ၍ အားဖြည့်ပေးနေရသည်။

ထိုသို့ဆိုလျှင်ပင်  မိုဝူကျိ၏ မဟာသဲကန္တာရ အစီအရင်ကြားရှိ နေရာလွတ်လေးမှာ ပိုပို၍ ကြီးမားလာသည်။ ယခု နောက်ထပ် မှော်ရတနာ တစ်ခုက မိုဝူကျိဆီ လာနေဆဲ ဖြစ်သည်။

မိုဝူကျိ၏ အန္တရာယ် အာရုံခံနိုင်စွမ်းကား စူးရှပေ၏။ ထိုစဉ် မိုဝူကျိက ဘာကိုမှ ချုပ်ထိန်းမထားတော့ဘဲ လော့ကျမ်းစာရွက် နှစ်ရွက်အား ထုတ်ယူလိုက်သည်။

သွေစောင်းအာကာပြင် ပင်လယ်ကျွန်း၌ပင် မိုဝူကျိက လော့ကျမ်းစာရွက်အား မထုတ်ခဲ့ပေ။ အကြောင်းမှာ သူက တခြားသူများကို သူထံ လော့ကျမ်းစာရွက် ရှိနေကြောင်း မသိလို၍ ဖြစ်သည်။ သူက တခြားသူများကို မသိစေလိုသော်လည်း သူ့အသက် အန္တရာယ်ကြား ကျရောက်နေသည့်အခါ ဖုံးကွယ်၍ မထားနိုင်တော့ပေ။

ယွမ်မိုကလည်း မိုဝူကျိကို အပြည့်အဝ အာရုံစိုက်ထားသည်။ သူက မိုဝူကျိသည် အလွန်အားကောင်းမှန်း သိထားသော်လည်း မိုဝူကျိက တစ်ချိန်တည်း၌ အင်မော်တယ် ဧကရာဇ် ၁၅ ယောက်နှင့် ရင်ဆိုင်နေရခြင်း ဖြစ်ပေသည်။ သူတို့က အုပ်စုဖွဲ့ တိုက်ခိုက်နေခြင်း မဟုတ်သော်လည်း အလွယ်တကူ အနိုင်ယူဖို့ရာ မလွယ်ကူသေးပေ။

မိုဝူကျိက ဝတ်ရုံနက် မဟာဧကရာဇ်ကြောင့် ဒဏ်ရာရသွားပြီး မှော်ရတနာများ၏ ပစ်မှတ်အဖြစ် ခံနေရသည်ကို တွေ့လိုက်ရသောအခါ ယွမ်မိုက လှုပ်ရှားဖို့ ပြင်ဆင်လိုက်တော့သည်။

သို့သော် ထိုစဉ် သူက မိုဝူကျိသည် လော့ကျမ်းစာရွက် နှစ်ရွက် ထုတ်လိုက်သည်ကို မြင်လိုက်ရ၏။ ထိုစာရွက်များမှာ ဧရာမ အတားအဆီးကဲ့သို့ ဖြစ်သွားကာ မှော်ရတနာ လေးခုက လော့ကျမ်း၏ ကာကွယ်မှုအောက်တွင် တားဆီးခံလိုက်ရသည်။

လေထုတစ်လျှောက် တုန်ခါမှု အပြင်းအထန် ဖြစ်ပေါ်လာပြီး နေရာပင် စတင် တုန်ခါလာနေသည်။ ယွမ်မိုက စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။ သူက မိုဝူကျိ လော့ကျမ်းစာရွက်ကို ထုတ်ယူလိုက်သည်နှင့် သူ့အသက် အန္တရာယ် မရှိတော့ကြောင်း သိလိုက်သည်။

“ မိုဝူကျိ … ကျုပ် အန်းရွယ်ချန်းက မင်းကို သတ်ချင်နေတာ ကြာလှပြီ။ ဒီနေ့တော့ မင်းကိုယ်မင်း ငါ့ရှေ့မှောက် ကိုယ်တိုင် ရောက်လာတာပဲ ” အသံဝဲဝဲက ရုတ်တရက် ထွက်ပေါ်လာသည်။ ထို့နောက် ပုံရိပ်သုံးခုမှာ သူ့ဆီ ဦးတည်နေသည်ကို မြင်လိုက်ရသည်။

ပုံရိပ်နှစ်ခုက ယွမ်မိုဆီ ဦးတည်နေပြီး  နောက်ထပ် ပုံရိပ်တစ်ခု ဖြစ်သည့်  ဝတ်ရုံဖြူ အမျိုးသားက လေထဲမှ ဆင်းသက်လာကာ  မိုဝူကျိ၏ မဟာသဲကန္တာရ အစီအရင်အား လက်သီး ပစ်ခွင်းလိုက်သည်။

“ မင်း တိုက်ချင်ရင် ငါ ယွမ်မိုကို အရင်ဆုံး ခွင့်တောင်းသင့်တယ် …” ယွမ်မိုက သူ့ဝံပုလွေအစွယ် တင်းပုတ်အား ဝှေ့ယမ်းလိုက်သည်။ သူ့ဝံပုလွေအစွယ် တင်းပုတ် ထွက်ပေါ်လာသည်နှင့် နေရာတစ်ခုလုံးမှာ ထိုဝံပုလွေအစွယ် တင်းပုတ်၏ ထိန်းချုပ်မှုအောက် ကျရောက်သွားသလို ဖြစ်သွားလေ၏။

ထိုစဉ် အစွန်းအထိ နောက်ဆုတ်ထားသည့်  နျုံရှောင်ယုနှင့် ယန်ဝေတို့ကလည်း  နောက်တစ်ဖန် နောက်ဆုတ်လိုက်ရပြန်သည်။

ယွမ်မိုအား ဦးတည်နေကြသည့် အင်မော်တယ် ဧကရာဇ် အစောပိုင်းအဆင့် ကျင့်ကြံသူနှစ်ဦးမှာ သူတို့၏ မှော်ရတနာများကို ထုတ်ယူခွင့်ပင် မရလိုက်ဘဲ ယွမ်မို၏ စွမ်းအားစက်ကွင်းနှင့် ဝံပုလွေအစွယ် တင်းပုတ်၏ သတ်ဖြတ်ငွေ့အောက်တွင် ပိတ်လှောင်ခံလိုက်ရသည်။

“ ဖူး ဖူး …” သွေးမြူနှစ်ခု ထွက်ပေါ်လာပြီး ထိုအင်မော်တယ် ဧကရာဇ် နှစ်ယောက်မှာ ဆက်တိုက် သေဆုံးသွားကြသည်။ ယွမ်မိုက သူ့ဝံပုလွေအစွယ် တင်းပုတ်အား ပြန်ယူဖို့ရာ အာရုံမရှိပေ။ သူက လက်ဟန်တချို့ ပြုလုပ်လိုက်သည်နှင့် ဝံပုလွေအစွယ် တင်းပုတ်မှာ အန်းရွယ်ချန်းဆီ ပြေးဝင်သွား၏။

သူ့အသက် အန္တရာယ်ထဲ ကျရောက်သွားသည်ကို ခံစားမိပြီး  အန်းရွယ်ချန်းက မိုဝူကျိဆီ ချိန်ရွယ်ထားသည့် လက်သီးချက်ကို ပြန်ရုတ်သိမ်းလိုက်ရတော့သည်။

……………….…

မိုဝူကျိ၏ အသိစိတ်ပင်လယ်မှာ နာကျင်နေစဉ် အင်မော်တယ်ဧကရာဇ် လေးဦးက ထိုအခွင့်အရေးအား အသုံးချ၍ မိုဝူကျိအား တိုက်ခိုက်ကြခြင်း ဖြစ်၏။ မိုဝူကျိ၏ လော့ကျမ်းစာရွက်က  သူ့အား အချိန်ခဏမျှသာ ဆွဲထားပေးနိုင်သည်။

မိုဝူကျိ၏ စိတ်စွမ်းအင်မြှား မှတ်သားခံထားရသော အင်မော်တယ် ဧကရာဇ် နောက်ပိုင်းအဆင့် နှစ်ဦးမှာလည်း ထိုအခွင့်အရေးကို ဆုပ်ကိုင်ထားကြသည်။ သူတို့နှစ်ဦးက စိတ်စွမ်းအင်မြှားမှ မလွတ်မြောက်နိုင်သော်လည်း သူတို့က မိုဝူကျိထံ မှော်ရတနာကို ပစ်လွှတ်လိုက်ကြသေးသည်။

“ ဝုန်း ဝုန်း ဝုန်း ” မှော်ရတနာများက မိုဝူကျိ၏ လော့ကျမ်းစာရွက်အပေါ် ကျရောက်လာသည်။ လော့ကျမ်းစာရွက်၏ ခမ်းနားလွန်းသော အရှိန်အဝါမှာ စတင်၍ ပျောက်ကွယ်လာသည်။ ထိုစဉ် မိုဝူကျိ၏ လေဟုန်ဆန်မြစ်မှာ မဟာသဲကန္တာရနှင့် ပေါင်းစပ်သွားလေ၏။ နောက်တစ်ခါဆိုသလို သွေးမြူ သုံးခု ပေါ်လာသည်။

“ဘန်း ” မိုဝူကျိ၏ နံရိုးများမှာ တစစီ ဖြစ်သွားလေ၏။ သူက လော့ကျမ်းစာရွက်နှင့် ကာကွယ်ထားပြီး မဟာသဲကန္တာရပါ ရှိနေသော်လည်း သူ့အနေနှင့် အထိအခိုက်မရှိ အကောင်းတိုင်း ကျန်ရှိဖို့ရာ မဖြစ်နိုင်ပေ။

မိုဝူကျိ၏ နှုတ်ခမ်းထောင့်မှလည်း သွေးများ စီးကျလာသည်။ သို့သော်လည်း သူက နောက်မဆုတ်ပေ။ သူ့လေဟုန်ဆန်မြစ်မှာ မဟာသဲကန္တာရနှင့် လုံးဝ ပေါင်းစပ်သွားလေပြီ။ နေဝင်ရိုက်ချက်နှင့် မီတာ သုံးဆယ်အရှည်ရှိသည့် ပုဆိန်လှံရှည်အလင်းတန်းက ထိုနေရာအား တိုက်ရိုက် ပိုင်းဖြတ်သွားသည်။

ပုဆိန်လှံရှည်၏ တိုက်ကွက် ဖြစ်သည့် နေဝင်ရိုက်ချက်နှင့် မဟူရာချောက်နက်တို့ကို ဆက်တိုက် ထုတ်ဖော်လိုက်သည်။ သူက လျိုု့ဝှက်တိုက်ကွက်နှစ်ခုကို ထုတ်ဖော်လိုက်စဉ် မိုဝူကျိက သဘာဝကျီဆေးလုံးများကို ထုတ်၍ သောက်သုံးလိုက်သည်။

ထိုသည်မှာ သူ့အနေနှင့် ပုဆိန်လှံရှည် တိုက်ကွက် လေးမျိုးလုံးကို ပထမဆုံးအကြိမ် ထုတ်သုံးခြင်း ဖြစ်ပေသည်။

သူ့အသိစိတ်ပင်လယ်မှာ နာကျင်နေပြီးသား ဖြစ်ရာ ထိုလျို့ဝှက်တိုက်ကွက်နှစ်ခုကို ထုတ်သုံးလိုက်ပြီးနောက် သူ့အသိစိတ်ပင်လယ်အတွင်းတွင် ရှိနေသော ခရမ်းရေကန်မှာ အရှိန်ပြင်းပြင်းဖြင့် စီးဆင်းလာသည်။ ခရမ်းရေကန်အတွင်းမှ ခရမ်းစွမ်းအားများက အသိစိတ်ပင်လဘ် တစ်ခုလုံးကို ပြန်လည် ဖြည့်ပေးသွားသည်။ ထိုစဉ် အလွန်အကျွံ့သုံးစွဲမှုကြောင့် ဖြစ်ပေါ်လာသည့် နာကျင်မှုမှာလည်း အလျှင်အမြန် ကွယ်ပျောက်သွားတော့သည်။

မိုဝူကျိက အရမ်းကို စိတ်ပျော်ရွှင်မိနေသည်။ သူက အသိစိတ်ပင်လယ်အတွင်းမှ ခရမ်းရေကန်၌ ဤသို့မျိုး အသုံးဝင်သည့် စွမ်းအားမျိုး ရှိနေလိမ့်မည်ဟု မထင်ထားပေ။

သူ့အသိစိတ်ပင်လယ်အတွင်းမှ စိတ်စွမ်းအားမှာ ပြန်လည် အားပြည့်လာသည်။ တူညီလှစွာ  နေဝင်ရိုက်ချက်နှင့် မဟူရာ ချောက်နက်ရှိ အငွေ့အသက်၊ အရှိန်အဝါတို့မှာလည်း စတင်၍ ထွက်ပေါ်လာသည်။ ထိုအချိန်၌ မိုဝူကျိက နောက်ထပ် လျို့ဝှက်တိုက်ကွက် ဖြစ်သည့် အဆုံးမဲ့လျှပ်စီးမိုး တိုက်ကွက်အား ထုတ်ဖော်ဖို့ တုံ့ဆိုင်းမနေပေ။

မိုဝူကျိ၏ စိတ်စွမ်းအား မလုံလောက်မှုကြောင့် သူ့စိတ်စွမ်းအင်မြှားမှာ သိသိသာသာ အားနည်းသွားပေ၏။ သူတို့က အင်မော်တယ် ဧကရာဇ် နောက်ပိုင်းအဆင့် ကျင့်ကြံသူနှစ်ဦးအား သတ်နိုင်မည် မဟုတ်ပေ။ ထိုသို့ဆိုလျှင်ပင် ထိုစိတ်စွမ်းအားမြှား နှစ်စင်းလုံးက အတော်လေး အားကောင်းနေဆဲ ဖြစ်သည်။ ထိုအင်မော်တယ် ဧကရာဇ်အဆင့် ကျင့်ကြံသူနှစ်ဦးအား သွေးအန်သည့်အထိ ဒဏ်ရာအပြင်းအထန် ဖြစ်သွားစေသည်။ သူတို့၏ အသိစိတ်ပင်လယ်မှာလည်း စတင်၍ အငွေ့ပျံ့လာလေပြီ။

ထိုဒဏ်ရာ အပြင်းအထန် ရရှိထားသော အင်မော်တယ် ဧကရာဇ် နှစ်ဦးက အစောပိုင်းအဆင့် ကျင့်ကြံသူ တစ်ဦးနှင့်ပင် မယှဉ်နိုင်တော့ချေ။

တည်နေရာတစ်ခုလုံး တုန်ခါသွားကာ နေဝင်သွားလေပြီ။ ကျန်ရှိနေသော အင်မော်တယ် ဧကရာဇ်များက လူသူကင်းမဲ့မှုကို ခံစားမိလိုက်ပြီး သူတို့၏ ဝိညာဉ်များ စုတ်ဖြဲခံလိုက်ရသည့်အလား ခံစားနေရသည်။ မီတာ ၃၀ ရှည်လျားသည့် မဟူရာ ချောက်နက်က သူတို့ဆီ ဆင်းသက်လာကာ မည်သူမှ မရှောင်နိုင်ကြချေ။

သူတို့က မိုဝူကျိ ဒဏ်ရာရနေမှန်း သိသော်လည်း မည်သူကမှ မိုဝူကျိအား တိုက်ခိုက်ဖို့ မရွေးချယ်ကြဘဲ နောက်ဆုတ်ကုန်ကြသည်။

“ ခွမ်း ….” မှော်ရတနာပင် ဖြစ်စေ၊ စွမ်းအားစက်ကွင်းပင် ဖြစ်စေ အရာအားလုံးမှာ ကြေမွကုန်လေ၏။ ထို့နောက် အဆုံးမဲ့ လျှပ်စီးချက်များက သူတို့ဆီ ပြေးဝင်လာသည်။ မြောက်များစွာသော အလောင်းများက ကောင်းကင်မှ ပြုတ်ကျလာသည်။

နောက်ဆုံးတော့ ဘေးပတ်လည်တစ်ခုလုံး တည်ငြိမ်သွားတော့သည်။ အင်မော်တယ် ဧကရာဇ် နောက်ဆုံးအဆင့် ကျင့်ကြံသူ တစ်ဦးတည်းသာ ကျန်ရှိတော့ပြီး သူက သွေးသံရဲရဲ ဖြစ်နေသည့် မိုဝူကျိအား ကြောင်အမ်းကာ ကြည့်နေမိသည်။ အင်မော်တယ် ဧကရာဇ် ၁၅ ယောက်က မိုဝူကျိနှင့် တိုက်ခိုက်ခဲ့ပြီး ထိုသူများကြား၌ မဟာဧကရာဇ်နှင့် အင်မော်တယ် ဧကရာဇ် နောက်ပိုင်းအဆင့်များလည်း ပါဝင်ပေသည်။ မည်မျှသာ ကြာမြင့်လို့ သူ တစ်ယောက်တည်း ကျန်ရှိတော့သနည်း။

မိုဝူကျိ၏ ခန္ဓာကိုယ်၌ အားနည်းသည့် ခံစားချက် ကြီးစိုးလာသည်။ သို့သော်လည်း မိုဝူကျိက ဂရုမစိုက်ဘဲ ပုဆိန်လှံရှည်ကို ဝှေ့ကာ အလင်းတန်းတစ်ချက် ထုတ်ဖော်လိုက်သည်။

“ အိမ်တော်သခင်မို …. ခဏနေပါဦး။ ကျုပ် ရှံးကြောင်း ဝန်ခံပါတယ်။ ကျုပ်က စကြဝဠာအစွန်းက အင်မော်တယ် ဧကရာဇ်ပါ။ ခင်ဗျားနဲ့ ဘာရန်ကြွေးမှ မရှိပါဘူး ”

အင်မော်တယ် ဧကရာဇ် နောက်ဆုံးအဆင့် ကျင့်ကြံသူက စူးစူးဝါးဝါး အော်ပြောလိုက်သည်။ သူက ထွက်ပြေးချင်သော်လည်း နေရာတစ်ခုလုံးမှာ မိုဝူကျိ၏ စွမ်းအားစက်ကွင်းဖြင့် ပိတ်ဆို့ထားလေရာ သူ့အနေနှင့် နောက်ပင် မဆုတ်နိုင်ချေ။

မိုဝူကျိက စကားတစ်ခွန်းမှ ပြန်မပြောပေ။ ပုဆိန်လှံရှည်အလင်းတန်းက ကျရောက်လာပြီး သွေးမြူများ ဖြစ်သွားတော့သည်။ ထိုကိစ္စများအပြီးတွင် မိုဝူကျိက သိုလှောင်လက်စွပ် ဆယ်ကွင်းကျော်ကို သိမ်းလိုက်သည်။

စကြဝဠာအစွန်းမှ လူဖြစ်ကြောင်း ထုတ်ဖော်ပြောနေဖို့ပင် မလိုအပ်ပေ။ ကောင်းကင်ဘုံအလွန် စကြဝဠာ၏ ကြီးစိုးသူ ဖြစ်နေလျှင်ပင် မိုဝူကျိအား သတ်ဖို့ ကြိုးစားသည်နှင့် မိုဝူကျိအနေနှင့် မည်သည့် ညှာတာမှုမျိုးမှ ပြသမည် မဟုတ်ပေ။ ထို့အပြင် သူ့အား လာရောက်တိုက်ခိုက်ကြသော အင်မော်တယ် ဧကရာဇ် ဆယ်ယောက်ကျော်ထဲ၌ သူ့အား အန္တရာယ်ပေးနိုင်သူမှာ အင်မော်တယ် ဧကရာဇ် နောက်ဆုံးအဆင့်နှင့် မဟာဧကရာဇ်တစ်ဦးသာ ပါရှိ၏။

“ ဖူး ” အန်းရွယ်ချန်းလည်း ကောင်းကင်မှ ပြုတ်ကျလာသောကြောင့် သွေးတစ်ပွက် အန်ထုတ်လိုက်ရပြီး ယွမ်မိုအား မယုံနိုင်ဖွယ် ကြည့်လိုက်သည်။

ယခင် သူက ယွမ်မိုအား မိုဝူကျိ၏ လက်ပါးစေဟု ထင်မှတ်ထားခဲ့သည်။ သို့သော် ယွမ်မိုက မဟာဧကရာဇ်များကိုပင် သတ်နိုင်စွမ်း ရှိသည့် အဆင့်မြင့် ကျင့်ကြံသူ ဖြစ်နေကြောင်း သိလိုက်ရသည်။

“ ခင်ဗျားက ဘယ်သူလဲ …. ဘာကြောင့် … ” အန်းရွယ်ချန်းက ဆက်မမေးတော့ပေ။ သူက မိုဝူကျိသည် နောက်ဆုံးသော အင်မော်တယ် ဧကရာဇ်အား သတ်လိုက်သည်ကို မြင်တွေ့လိုက်ရသည့်အတွက် သူ့စိတ်ထဲ ပြင်းထန်စွာ တုန်လှုပ်မိလာသည်။ သူက မိုဝူကျိကို ရန်မူမိသည့်အတွက် နောင်တပင် ရလာမိသည်။

မိုဝူကျိက တစ်ယောက်တည်းဖြင့် အင်မော်တယ် ဧကရာဇ် ၁၅ ယောက်ကို သတ်ဖြတ်ခဲ့သည်။ ထိုအထဲ၌ အင်မော်တယ် ဧကရာဇ် နောက်ဆုံးအဆင့် သုံးယောက်နှင့် မဟာဧကရာဇ် တစ်ယောက်ပင် ပါဝင်နေသေး၏။ သူ အန်းရွယ်ချန်းအနေနှင့် ထိုသို့မျိုး စွမ်းအားကြီးဖို့ရာ အိပ်မက်သာ မက်နိုင်ပေသည်။

အန်းရွယ်ချန်းက စကြဝဠာအစွန်း၏ နာမည်ကျော်ကြားသော မဟာဧကရာဇ် ငါးယောက်ထဲမှ တစ်ယောက် ဖြစ်သော်လည်း သူသာ မိုဝူကျိ၏ အနေအထားသို့ ကျရောက်နေလျှင် …. မဟုတ်သေးဘူး …. တိုက်ခိုက်နေသော အင်မော်တယ် ဧကရာဇ် အရေအတွက်ကို တစ်ဝက်မျှ လျော့ချလိုက်လျှင်ပင် သူ့အနေနှင့် သေဆုံးပေလိမ့်မည်။ ထို့အပြင် မိုဝူကျိက ယွမ်မိုကဲ့သို့ ကောင်းကင်ဘုံသွေဖွယ်နေသည့် အဆင့်မြင့် ကျင့်ကြံသူ ရရှိထားလေရာ စကြဝဠာအစွန်း၌  မိုဝူကျိအား မည်သူကမှ ခြိမ်းခြောက်နိုင်တော့မည် မဟုတ်ပေ။

“ အိမ်တော်သခင်မို … အရင်တုန်းက ကျုပ် စကြဝဠာအစွန်းမှာ မရှိခဲ့လို့ပါ။ ကျုပ်တို့ကြားမှ နားလည်မှုလွဲနေတာလေး  ရှိမယ်ထင်တယ် …” အန်းရွယ်ချန်းက မိုဝူကျိအား သတ်ဖို့ရာ မတွေးရဲတော့ပေ။ သူ့အသံ၌ပင် စိုးရိမ်ပူပင်မှုများ ကိန်းအောင်းနေသေး၏။

ဒါက စကြဝဠာအစွန်း ဖြစ်၏။ အကယ်၍ မိုဝူကျိအနေနှင့် သူ့ကို သတ်မည်ဆိုလျှင် သူက သေချာပေါက် လွတ်မြောက်နိုင်မည် မဟုတ်ပေ။

မိုဝူကျိက အန်းရွယ်ချန်း၏ စကားများကို လုံးဝ လျစ်လျူရှုထားသည်။ သူက ယွမ်မိုကိုသာ ပြောလိုက်သည်  “ ယွမ်မို …. ကျုပ်က ဒီလူကို သတ်တဲ့အခါကျ သူ ထွက်မပြေးနိုင်အောင် လုပ်ပေးထား …. ”

မိုဝူကျိက စကားမဆုံသေးခင် ရှေ့တိုးလာလေ၏။ သူ့ဝဲကတော့ စွမ်းအားစက်ကွင်းကို အန်းရွယ်ချန်းဆီ ထုတ်လွှင့်လိုက်သည်။

ယခုမှ ယွမ်မိုက တုံ့ပြန်လိုက်လေ၏  “ ဝူကျိ စိတ်ချနေလိုက် …. ငါ အင်မော်တယ် ဧကရာဇ် အလယ်အလတ်အဆင့်လေး ထွက်ပြေးတာကိုမှ မတားဆီးနိုင်ရင် ငါ ယွမ်မို အိပ်နေတာပဲ ကောင်းလိမ့်မယ် ”

အန်းရွယ်ချန်း အားကောင်းသည်မှာ အမှန်ဖြစ်၏။ ထိုသို့ဆိုလျှင်ပင် သူက အင်မော်တယ် ဧကရာဇ် အလယ်အလတ်အဆင့်မျှသာ ရှိသေး၏။

“ မိုဝူကျိ ....  ငါ့ကို သတ်လို့ ဘာမှအကျိုးမြတ်ရမှာ မဟုတ်ဘူး။ တကယ်လို့ ငါတို့သာ ပူးပေါင်းလိုက်ရင် နှစ်ဖက်လုံးအတွက် အကျိုးရှိလိမ့်မယ် … ” မိုဝူကျိ၏ သတ်ဖြတ်ငွေ့များကို မြင်ပြီး အန်းရွယ်ချန်းက မှော်ရတနာနှင့် စွမ်းအားစက်ကွင်းကို မြန်မြန် ထုတ်လိုက်သည်။ သူ့ပါးစပ်ကလည်း ရပ်နားခြင်း မရှိပေ။

မိုဝူကျိ၏ မျက်နှာမှာ တည်ငြိမ်နေဆဲ ဖြစ်ကာ အန်းရွယ်ချန်းဆီ လက်ညိုးတစ်ချောင်းဖြင့် ချိန်ရွယ်လိုက်သည်။

***

All Chapters