ဖုန်းဟွမ်၏ ဆုံးဖြတ်ချက်
Vol. 59 Ch. 814
မိုဝူကျိက သိုလှောင်လက်စွပ်ကို ယူလိုက်ပြီးနောက် ကျန်ရှိနေသော လူများထံ လှည့်ကာ ပြောလိုက်သည်
“ အခုကစပြီးတော့ မီဖေးကုန်သွယ်ရေး အဖွဲ့ကို ဖျက်သိမ်းလိုက်ပြီ။ ဒီနယ်မြေက အခု ငါ့အပိုင်ပဲ …. အားလုံးက ဒီကနေ ဆယ်ရှိုက်စာအတွင်း ထွက်သွားကြ။ တကယ်လို့ တစ်ယောက်ယောက်က မြက်ပင်လေး တစ်ပင် ယူသွားရဲတယ်ဆိုရင် ငါက ထောက်ထားမနေဘဲ သတ်ပစ်မယ် ”
မိုဝူကျိက ချင်းယီစာကို သတ်လိုက်သည့်အခါ မီဖေးကုန်သွယ်ရေး အဖွဲ့ရှိ အားလုံးက စိတ်တုန်လှုပ်မိနေကြသည်။ အင်မော်တယ် ဧကရာဇ်အဆင့်ပင် ရှိကြသော အကြီးအကဲများပင် တစ်ခွန်းမှ ဝင်မပြောရဲကြပေ။
ဤအချိန်၌ မိုဝူကျိက မီဖေးကုန်သွယ်ရေး အဖွဲ့အား လုံးဝ ဖျက်သိမ်းလိုက်ပြီ ဖြစ်ရာ အရူးသာ စကားထွက်ပြောရဲပေလိမ့်မည်။ မိုဝူကျိက မီဖေးကုန်သွယ်ရေး အဖွဲ့ ဖျက်သိမ်းလိုက်ကြောင်း ကြေညာလိုက်သည်နှင့် အားလုံးက ပြေးထွက်ကုန်ကြသည်။ အသက်ရှိုက်စာအနည်းငယ်လေးအတွင်း သူတို့က ဝေးဝေးသို့ ရောက်ရှိသွားကြလေပြီ။
ယွမ်မိုက သက်ပြင်းချကာ “ ဝူကျိ … မင်းက တကယ်ကို ကြင်နာလွန်းတယ်။ ငါ သာဆိုရင် သူတို့တွေ တစ်ယောက်မှ အလွတ်ပေးမှာ မဟုတ်ဘူး ”
သူက မိုဝူကျိသည် အမှန်တကယ် ကြင်နာတတ်လွန်းကြောင်း ခံစားမိနေသည်။ အကယ်၍ ဤသို့မျိုး ကိစ္စသာ သွေစောင်း အာကာပြင် ပင်လယ်ကျွန်း၌ ဖြစ်ပျက်ခဲ့လျှင် ရန်စသူအားလုံးမှာ သေချာပေါက် အသတ်ခံရပေမည်။
မိုဝူကျိက ရယ်မောလိုက်ပြီး “ ယွမ်မို …. ကျုပ်ကို ဟဲရှီးအဖွဲ့ ကူကြည့်ပေးထားပါဦး။ ပြီးတော့ ဒီနေရာကို အရောင်းကြော်ငြာလိုက်ပါ။ ကျုပ် တံခါးပိတ် လေ့ကျင့်လိုက်ဦးမယ် ”
မိုဝူကျိက မီးဖေးကုန်သွယ်ရေး အဖွဲ့မှ လူများကို မသတ်လိုက်သည့် အကြောင်းအရင်းမှာ မလိုအပ်၍ ဖြစ်ပေသည်။ ကုန်သွယ်ရေး အဖွဲ့မှာ ဂိုဏ်းနှင့် မတူပေ။ ကုန်သွယ်ရေး အဖွဲ့မှာ အကျိုးမြတ်အတွက် အဖွဲ့ဖြစ်တည်နေခြင်း ဖြစ်၏။ ကုန်သွယ်ရေး အဖွဲ့ ဖျက်သိမ်းလိုက်သည်နှင့် ထိုလူများမှာ သူတို့၏ အကျိုးမြတ်ကို တခြားနေရာ၌ သွားရှာနိုင်ပေသည်။ ယခင် ကုန်သွယ်ရေး အဖွဲ့ကို ဖျက်သိမ်းလိုက်၍ မည်သူကမှ ရန်ငြိုးထားနေမည် မဟုတ်ပေ။
ယခုလေးပင် သူက ချင်းယီစာကို ဖိနှိပ်ထားခဲ့စဉ် မည်သူကမှ ဝင်၍ ကူညီမပေးခဲ့ပေ။ ထိုမှ မိုဝူကျိသည် ထိုလူများသည် သူတို့အကျိူးအတွက်သာ ပူးပေါင်းထားသော လူကြောက်အုပ်စု ဖြစ်ကြောင်း သိလိုက်မိ၏။
“ စီနီယာမို …” ယန်ဝေက မိုဝူကျိရှေ့ မြန်မြန် လျှောက်လှမ်းလာကာ သူ့အား စီနီယာဟု တဖန် ခေါ်လိုက်ပြန်သည်။
မိုဝူကျိက အတော်လေး ပြောစရာရှာမတွေ့ ဖြစ်နေမိသည်။ သူက ဝါစဉ်အကြီးအငယ်ကို သိပ်ဂရုမစိုက်ပေ။ သို့သော်လည်း ကျင့်ကြံဆင့် ကွာခြားချက်ကြောင့် ယန်ဝေက သူ့ကဲ့သို့ ပေါ့ပေါ့ပါးပါး ဖြစ်နေမည် မဟုတ်ပေ။
“ ယန်ဝေ … မင်းမှာ ပြောစရာရှိရင် ပြောပါ။ ငါတို့က မိတ်ဆွေတွေပဲလေ ” မိုဝူကျိက လက်ကာပြရင်း ပြောလိုက်သည်။
ယန်ဝေက မြန်မြန် ပြောလိုက်သည်
“ အထက်ဘုံ စကြဝဠာမြို့ အသိမ်းခံလိုက်ရတော့ လူသားမျိုးနွယ် ကျင့်ကြံသူတွေက ဘယ်မှ သွားစရာနေရာ မရှိတော့ဘူး။ အခု သူတို့တွေ ကျင့်ကြံရေး အရင်းအမြစ် နည်းနည်းပဲရှိတဲ့ အစွန်းအဖျား ဥက္ကာခဲပေါ်မှာ နေနေရတယ်။ အဲဒါကြောင့် ဒီမြေကို မရောင်းဘဲနဲ့ အင်မော်တယ်လောကက ကျုပ်တို့ လူသားမျိုးနွယ်တွေအတွက် နေစရာ ပေးလို့များ ရမလားလို့ တောင်းဆိုချင်လို့ပါ ”
“ ဟုတ်ပါတယ် စီနီယာမို …. စီနီယာအစ်ကိုယန်ရဲ့ စကားတွေက အမှန်ပါ။ လူသားမျိုးနွယ်တွေက ဥက္ကာခဲပေါ်မှာ စုစည်းပြီး နေနေရတာ။ ကျင့်ကြံဖို့ မပြောနဲ့ အသက်ရှင်ဖို့တောင် မလွယ်ဘူး …” နျုံရှောင်ယုလည်း မြန်မြန် ထပ်ပြောလိုက်သည်။
ယန်ဝေ၊ သူမနှင့် အခြားသူများမှာ ထိုနေရာ၌ ဆက်နေနေဖို့ မလိုလားကြပေ။ ထိုနေရာက သူတို့အသက်ဓာတ်ကို ဖြည်းဖြည်းချင်း လျော့ပါးစေသည်။ ထို့ကြောင့် သူတို့က စွန့်စား၍ စကြဝဠာအစွန်းသို့ လာရောက်ကြခြင်း ဖြစ်သည်။ လက်တွေ့၌ စကြဝဠာအစွန်းတွင် သူတို့က အသက်ရှင်လိုကြသော်လည်း အင်မော်တယ်အများစုက သေဆုံးကြရသည်။ မိုဝူကျိကြောင့်သာ မဟုတ်ပါက ယန်ဝေနှင့် သူမသည်လည်း သေဆုံးနေလောက်လေပြီ။
ထိုကြောင့် နျုံရှောင်ယုက အင်မော်တယ်လောကမှ ကျင့်ကြံသူများအတွက် ထွက်ပြောပေးခြင်း ဖြစ်သည်။
မိုဝူကျိက ခေါင်းညိတ်ပြလိုက်ပြီး “ ကောင်းပြီလေ။ အဲဆို မင်းနဲ့ ယန်ဝေဆီကို ဒီကိစ္စ အပ်ထားလိုက်ပြီ။ ငါ တံခါးပိတ် ကျင့်ကြံလိုက်ဦးမယ်။ ဒီအချိန်အတွင်းမှာ ယွမ်မိုက စောင့်ရှောက်ပေးလိမ့်မယ် ”
မိုဝူကျိက တံခါးပိတ် ကျင့်ကြံဖို့ အလျှင်လိုနေသည့် အကြောင်းအရင်းမှာ မီဖေးကုန်သွယ်ရေး အဖွဲ့၏ အင်မော်တယ် အဆီအနှစ်ရေကန်ကြောင့် မဟုတ်ပေ။ ပို၍ အရေးကြီးသည်က သူ့ကိုယ်ပိုင် မလုံလောက်မှု၊ လိုအပ်ချက်များကို ခံစားမိနေ၍ ဖြစ်သည်။ သူက တာအိုဧကရာဇ်များကို သတ်နိုင်သည်က အမှန်ဖြစ်သော်လည်း တာအိုဧကရာဇ် မြောက်များစွာ ဝိုင်းထားခံရသည့်အခါ ရင်ဆိုင်နိုင်မည် မဟုတ်ပေ။ နတ်ဘုရားမျိုးနွယ်၌ တာအိုဧကရာဇ် မည်မျှ ရှိနေမည်နည်း။ တာအိုဧကရာဇ်အပြင် အင်မော်တယ် ဧကရာဇ်များ၊ အင်မော်တယ် အုပ်စိုးသူများနှင့် အင်မော်တယ်ဘုရင်များလည်း ရှိပေဦးမည်။
ယွမ်မိုက မိုဝူကျိ တွေးတောနေသည့် အကြောင်းကို ကောင်းကောင်း သိပေ၏။ ယခင် ပေါင်ပုကြောင့် မိုဝူကျိက သွေစောင်းအာကာပြင် ပင်လယ်ကျွန်းမှ ထွက်ပြေးရစဉ် သူက နှစ်အနည်းငယ် တံခါးပိတ် ကျင့်ကြံခဲ့သည်။ သူ ထွက်လာသည့်အခါ သွေစောင်းအာကာပြင် ပင်လယ်ကျွန်းသို့ ပြန်လာကာ အားလုံးအား သတ်ဖြတ်နိုင်ခဲ့သည်။
မိုဝူကျိက သူ့မလုံလောက်မှုများကို ခံစားမိနေခြင်း ဖြစ်နိုင်ပေသည်။ ထို့ကြောင့် အချိန်တစ်ခုအထိ ဆက်လက် ကျင့်ကြံလိုခြင်း ဖြစ်လိမ့်မည်။
“ ဝူကျိ … စိတ်ချလက်ချသာ လေ့ကျင့်နေ။ ငါ အားလုံးကို ကိုင်တွယ်နိုင်ပါတယ် ” ယွမ်မိုက တုံ့ဆိုင်းမနေဘဲ ပြောလိုက်သည်။
“ ဒီမိတ်ဆွေပြောတာ မှန်တယ်။ ညီလေးမို စိတ်ချလက်ချသာ ကျင့်ကြံနေလိုက်။ ကျုပ် ဖုန်းဟွမ်က စကြဝဠာအစွန်းမှာ ရှိနေသရွေ့ ဘယ်သူကမှ ညီလေးမို ဘေးနားက လူတွေကို ဘာမှမလုပ်စေရဘူး ” ဖုန်းဟွမ်၏ အသံ ထွက်ပေါ်လာလေ၏။
ထိုနှစ်များ၌ သူ့တာအိုသခင် အနေအထားမှာ ခက်ခဲခဲ့ရသည်။ သူက တာအိုသခင် တစ်ယောက် ဖြစ်သော်လည်း သူ့ကို နားမထောင်ကြသည့် လူအများကြီး ရှိနေသည်။ ရတနာရှာသွားကြသည့် ခရီးတိုလေးများကိုလည်း သူတို့က သူ့ကို ဖယ်ချန်ထားခဲ့ကြလေ၏။ ဤတစ်ကြိမ် မိုဝူကျိက စကြဝဠာအစွန်းမှ မဟာဧကရာဇ် ဖေးဟူအပါအဝင် အင်မော်တယ် ဧကရာဇ်များစွာကို သတ်ဖြတ်ခဲ့လေရာ သူ့ကို ဆန့်ကျင်ခဲ့ကြသော သူများ ပျောက်ဆုံးသွားလေပြီ။ ယခု သူတို့ ပျောက်ဆုံးသွားပြီ ဖြစ်၍ တာအိုသခင်ပိုင်နက်၌ အပြည့်အဝ ထိန်းချုပ်နိုင်ဖို့ရာ အချိန်တစ်ခုမျှသာ လိုတော့သည်။
မိုဝူကျိက ဖုန်းဟွမ် ဆိုလိုရင်းကို နားလည်ပေသည်။ ဖုန်းဟွမ်မှာ စကြဝဠာအစွန်း၏ တာအိုသခင် တစ်ယောက် ဖြစ်ပြီး သူက တာအိုဧကရာဇ် တစ်ယောက် မဟုတ်သော်လည်း သူ့အနေနှင့် ဤနေရာအထိ တက်နိုင်စွမ်း ရှိနေ၏။ ဆိုလိုသည်မှာ သူသည်လည်း ရိုးရှင်းသည့်သူ မဟုတ်ချေ။
“ အစ်ကိုဖုန်းကို ကျေးဇူးပါ။ ကျုပ် အစ်ကိုဖုန်းရဲ့ အကူအညီ လိုအပ်နေတဲ့ ကိစ္စလေး ရှိနေတာ ” မိုဝူကျိက တံခါးပိတ် ကျင့်ကြံမည့်အရေးကို တွေးမိပြီး ဖုန်းဟွမ်၏ မိတ်ဆွေဖွဲ့လိုသည့် ကြိုးစားမှုအား ငြင်းပယ်ရန် ဆန္ဒမရှိပေ။ သို့သော်လည်း အကယ်၍ ဖုန်းဟွမ်သာ အပြောသာရှိပြီး လက်တွေ့မလုပ်နိုင်သည့် သူ ဖြစ်နေပါက သူ့အနေနှင့် ဖုန်းဟွမ်အား ဆက်လက် ပတ်သတ်မည် မဟုတ်ပေ။ သူက ထိုသို့လူမျိုးကို အရွံ့ရှာဆုံး ဖြစ်၏။
ဖုန်းဟွမ်က ကျယ်ကျယ်လောင်လောင် ပြောလိုက်သည် “ ညီလေးမို ပြောပါ။ ကျုပ် ဖုန်းဟွမ် လုပ်ပေးနိုင်တာဆိုရင် သေချာပေါက် အကောင်းဆုံး ကြိုးစားပြီး ကူညီပေးပါ့မယ် ”
မိုဝူကျိက ပြောလိုက်သည်
“ အစ်ကိုဖုန်း လုပ်ပေးနိုင်မယ်ဆိုတာကို ယုံပါတယ်။ ကျုပ်တို့ လူသားမျိုးနွယ်ရဲ့ ကျင့်ကြံသူတွေ သိန်းဂဏန်းလောက်က ဥက္ကာခဲပေါ်မှာ နေနေရတယ်။ အဲဒါ အစ်ကိုဖုန်းက သူတို့ကို ဘေးကင်းကင်း နေစရာလေးများ စီစဉ်ပေးနိုင်မလားလို့ပါ။ ကျုပ် တံခါးပိတ် ကျင့်ကြံတာကနေ ထွက်လာတဲ့အခါကျ ကျုပ် ကျေးဇူးတင်မှုကို ပြပါ့မယ် .... ”
မိုဝူကျိ တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာသည့်အခါ သူက အထက်ဘုံ စကြဝဠာမြို့ကို သွားမည် ဖြစ်သည်။
အထက်ဘုံ စကြဝဠာမြို့၌ ရှိနေသော နတ်ဘုရားမျိုးနွယ်စုများကိုတော့ ဟီးဟီး ... ဆက်နေနေပါက အသတ်ခံရသည့်အခါ အပြစ်မတင်သင့်ပေ။
“ အာ ....” ဖုန်းဟွမ်က တုန်လှုပ်မိသွားသည်။ ထိုသည်မှာ သူ မကူညီနိုင်၍ မဟုတ်ဘဲ ဤကိစ္စမှာ အရမ်းကြီးမားနေ၍ ဖြစ်သည်။
အကယ်၍ အရေအတွက်က ထောင်ချီနေခြင်း မဟုတ်လျှင် သူ့အနေနှင့် ကူညီပေးနိုင်ဦးမည် ဖြစ်၏။ သို့သော် အခုက တစ်သိန်းကျော်လွန်နေလေရာ သူ ဖုန်းဟွမ်က မည်သို့ ကူညီပေးရမည်နည်း။ စကြဝဠာအစွန်း၌ နယ်မြေအကျယ်ကြီး ရှိသော်လည်း လူများစွာက ငမ်းငမ်းတက် လိုချင်နေကြပေသည်။
ဖုန်းဟွမ်က ဤနယ်မြေကို ထိန်းချုပ်ထားဟန် ထင်ရသော်လည်း ဖုန်းဟွမ်အနေနှင့် နယ်မြေများမှာ မည်သူပိုင်ဆိုင်သင့်ကြောင်း ဆံးဖြတ်ပိုင်ခွင့် မရှိချေ။
ကောင်းကင်ဘုံအလွန် စကြာဝဠာ၌ ကျင့်ကြံရေး အရင်းအမြစ်များစွာ ရှိသောကြောင့် စကြဝဠာအစွန်းမှာ ပို၍ ပို၍ လူနေထူထပ်လာသည်။ အင်အားစုများ၏ ဆွေမျိုးများကလည်း ထိုနယ်မြေကို မျက်စိကျနေကြသည်။ ထို့အပြင် အကယ်၍ သူက ထိုနယ်မြေကို မိုဝူကျိအား ပေးလိုက်လျှင် သူ့အနေနှင့် နတ်ဘုရားမျိုးနွယ်အား လူသိရှင်ကြား ရန်စသလို ဖြစ်သွားပေမည်။ နတ်ဘုရားမျိုးနွယ်မှာ အားအကောင်းဆုံး မျိုးနွယ်ထဲမှ တစ်ခု ဖြစ်၏။ သူ ဖုန်းဟွမ်တွင် အားကောင်းသော နောက်ခံရှိသော်လည်း နတ်ဘုရားမျိုးနွယ်ကို ရန်စနိုင်လောက်သည့်အထိတော့ မဟုတ်ပေ။
မိုဝူကျိက ပြုံးလိုက်ကာ “ တကယ်လို့ တာအိုသခင်ဖုန်းအနေနဲ့ ခက်ခဲတယ်ဆိုရင်လည်း ထားလိုက်ပါတော့ ”
ဖုန်းဟွမ်က အံ့ကိုကြိတ်လိုက်ပြီး ဆုံးဖြတ်ချက် ချလိုက်တော့သည်။ မိုဝူကျိအား ထိုနယ်မြေအကြောင်း ထုတ်ပြောပြဖို့ လိုအပ်ပေသည်။ အကယ်၍ လူသားမျိုးနွယ်သာ အရင်ဦးစွာ နေနိုင်လိုက်လျှင် သူ့အမှား ဖြစ်တော့မည် မဟုတ်ပေ။
“အဲလိုတော့ မဟုတ်ပါဘူး ... တကယ်တော့ ....” ဖုန်းဟွမ်က ထစ်အ ထစ်အ ဖြစ်နေမိသည်။ အကယ်၍ တခြာသော ကျင့်ကြံသူဆိုလျှင် သူ့စိတ်မပါ့တပါ အပြုအမူများက မိတ်ဆွေ ဖွဲ့ကောင်းဖွဲလို့ရမည် ဖြစ်သော်လည်း ဤသူမှာ မိုဝူကျိ ဖြစ်နေသည်။ ထို့ကြောင့် မိုဝူကျိလို လူမျိုးနှင့် မိတ်ဆွေဖွဲ့ဖို့ရာ မလုံလောက်မည်ကို စိုးရိမ်မိသည်။
မိုဝူကျိလို လူမျိုးနှင့် မိတ်ဆွေဖွဲ့ဖို့ရာ စွန့်စားမှုတချို လုပ်ဖို့ လိုအပ်ပေသည်။ အကယ်၍ သူက အပြုအမူမရှိဘဲ လေကြီးနေမည်ဆိုလျှင် သူ့အနေနှင့် ဘာအကျိုးမြတ်မှ ရနိုင်မည် မဟုတ်ပေ။ မိတ်ဆွေဖွဲ့ဖို့ရာ မပြောထားနှင့်။ သူ့အတွက် မိုဝူကျိနှင့် ဆက်ဆံရေး ကောင်းကောင်း ဆက်လက် ထိန်းထားနိုင်ဖို့ရာပင် ခက်ခဲပေလိမ့်မည်။ အကယ်၍ သူက လူများကို အတိတ်အကြောင်း ပြန်ပြောပြီး မိုဝူကျိ၏ တောင်းဆိုမှုကို ဆက်လက်၍ မသိချင်ယောင်ဆောင်နေလိုက်ပါက မိုဝူကျိအနေနှင့် ထိုအပြုအမူကို ချက်ချင်း နားလည်သွားပေလိမ့်မည်။ ထိုအခါ သူက မိုဝူကျိနှင့် မိတ်ဆွေဖွဲ့ဖို့ရာ အခွင့်အရေး ရရှိတော့မည်ပင် မဟုတ်တော့ချေ။
ထိုနှစ်များတုန်းက သူက နတ်ဘုရားမျိုးနွယ်စုဘက်မှ နေ၍ မိုဝူကျိကို အချိန်ဆွဲထားလိုသည်။ အကြောင်းမှာ မိုဝူကျိက အမှန်တကယ် အားနည်းနေ၍ ဖြစ်သည်။ သူ ဖုန်းဟွမ်က နတ်ဘုရားမျိုးနွယ်ကို မဆန့်ကျင်နိုင်ပေ။ သို့သော် ယခုတွင် မိုဝူကျိက တစ်ယောက်တည်း အင်မော်တယ် ဧကရာဇ် ဆယ်ယောက်ကျော်နှင့် ရင်ဆိုင်နိုင်ခဲ့ပေသည်။ တချိုးအားနည်းသော မျိုးနွယ်စုများ၌ အင်မော်တယ် ဧကရာဇ်ပင် မရှိချေ။
“ ညီလေးမို .... စကြဝဠာအစွန်းမှာ နေရာတစ်ခုတော့ ရှိတယ်။ မျိုးနွယ်စု တော်တော်များများက လိုချင်နေကြတာ။ ကျုပ်က တာဝန်ယူပြီးတော့ ညီလေးမိုနဲ့ လူသားမျိုးနွယ်ဆီ ပေးလိုက်မယ်။ ဒါပေမဲ့လည်း ကျုပ် ပြောချင်တဲ့ အရှက်ရမဲ့ စကားနည်းနည်း ရှိတယ်။ တကယ်လို့ ကျုပ် ဒီလို လုပ်လိုက်ရင် ကျုပ်ကို ပုန်ကန်ကြတဲ့သူတွေ ရှိလာလိမ့်မယ်။ အဲလို ဖြစ်လာခဲ့ရင် ညီလေးမိုအနေနဲ့ ဘေးထွက်မနေဖို့ မျှော်လင့်ပါတယ် ...” ဖုန်းဟွမ်က နောက်ဆုံး ဆုံးဖြတ်ချက်ကို ချမှတ်လိုက်လေပြီ။ အကယ်၍ သူက အကျိုးဆက်ကို လက်ခံဖို့ စိတ်ကူးမရှိလျှင် သူ့အနေနှင့် မိုဝူကျိလို လူမျိုးနှင့် မိတ်ဆွေဖွဲ့နိုင်မည် မဟုတ်ပေ။
မိုဝူကျိက ရယ်မောက ဖုန်းဟွမ်၏ ပခုံးကို ပုတ်လိုက်ပြီး ဆက်သွယ်ရေး ပုတီးစေ့တစ်လုံး ပေးလိုက်သည်
“ အစ်ကိုဖုန်းက တကယ်ကို မိတ်ဆွေဖွဲ့ထိုက်တဲ့ လူမျိုးပဲ ... အစ်ကိုဖုန်းရဲ့ စိတ်ဝင်စားမှုက ကိုယ်ကျိုးအပေါ် မူတည်နေတယ်ဆိုပေမဲ့လည်း တကယ် လုပ်ရဲလောက်အောင် သတ္တိရှိတယ်။ တကယ်လို့ တစ်ခုခု ဖြစ်လာရင် ကျုပ်ကိုသာ ဆက်သွယ်လိုက်ပါ ... ”
“ ဟားဟား ဝူကျိ ... မင်းဆီက ကတိစကားကို ရတာက အပြောပဲ မဟုတ်ဘူးဆိုတာ သိပါတယ်။ မင်း စိတ်ချလက်ချသာနေ။ တကယ်လို့ နတ်ဘုရားမျိုးနွယ်က လူတွေ ရောက်လာတဲ့အခါ သူတို့တွေ စကြဝဠာအစွန်းမှာ ငါ့ကို လျစ်လျူရှုထားလို့ မရပါဘူး ” ဖုန်းဟွမ်က မိုဝူကျိသည် သူ့အား မိတ်ဆွေအဖြစ် ယူဆကြောင်း ပြောသည်ကို ကြားလိုက်သောအခါ စိတ်ထဲ၌ ပျော်ရွင်လာမိသည်။
သူက စကြဝဠာအစွန်း၌ နေလာသည်မှာ ကြာမြင့်လှပြီ ဖြစ်၏။ သူ့ကျင့်ကြံဆင့်မှာ အမြင့်ဆုံး မဟုတ်သော်လည်း သူ့အနေနှင့် တာအိုသခင်ဟူသော အနေအထားကို အရယူနိုင်ခဲ့သည်။ ထိုသည်က သူသည် အတွေ့အကြုံ ကြွယ်ဝသော သူ တစ်ယောက် ဖြစ်သောကြောင့် ဖြစ်ပေသည်။
သူ့အနေနှင့် မိုဝူကျိက နှိုင်းယှဉ်မရလောက်အောင် တောက်ပနေမည့် အနာဂတ် ရှိနေလိမ့်မည်ဟု သေချာသိနေသည်။ မဟုတ်လျှင် ယွမ်မိုကဲ့သို့ တာအိုဧကရာဇ် တစ်ယောက်က မိုဝူကျိဘေးမှ လိုက်နေစရာ မလိုပေ။ ထို့အပြင် မိုဝူကျိက အဆင့်မြင့် ကျင့်ကြံသူများ အဝိုင်းခံထားလျက်နှင့် အသတ်မခံရပေ။
..............…
စကြဝဠာအစွန်းနှင့် မိုင်ပေါင်းသန်းချီ ကွာဝေးလှသော ထောင့်တစ်နေရာ၌ ဧရာမ ဥက္ကာခဲကြီး ရှိနေသည်။
ထိုဥက္ကာခဲအား ကာကွယ်ရေး အစီအရင်များနှင့် ကာကွယ်ထားပြီး နယ်စပ်၌ ကျင့်ကြံသူများက အဆက်မပြတ် လှည့်ပတ်စောင့်ကြည့်နေကြသည်။ ထိုနေရာပေါ်၌ များပြားလွန်းသော အာကာသ ရတနာများနှင့် အင်မော်တယ် ခြံဝန်းများကို မြင်တွေ့နိုင်ပေသည်။
နတ်ဘုရားမျိုးနွယ်က လူသားမျိုးနွယ်၏ နောက်ဆုံး မြို့ကို သိမ်းပိုက်လိုက်ကတည်းက လူသားမျိုးနွယ်များသည် မည်သည့်နေရာကိုမှ သွားစရာ မရှိကြတော့ပေ။ သူတို့က အင်မော်တယ် ဧကရာဇ် သုံးယောက်၏ ဦးဆောင်မှုဖြင့် ဤဥက္ကာခဲဆီ ရောက်ရှိလာပြီး သေမင်းတံခါးဝ၌ ရုန်းကန်နေကြရသည်။
အားလုံးက ထိုဥက္ကာခဲကြီးမှာ ကြာကြာနေနိုင်သည့် နေရာ မဟုတ်ကြောင်း သိကြပေသည်။ နတ်ဘုရားမျိုးနွယ်စုက သူတို့နောက် ဆက်လိုက်နေသည့် အကြောင်းကို ထည့်မပြောလျှင်ပင် ဤဥက္ကာခဲကြီးမှာ အင်မော်တယ် ဝိညာဉ်စွမ်းအားများ နည်းပါးလွန်းပေသောကြောင့် ကျင့်ကြံနိုင်သည့် နေရာမဟုတ်ပေ။
ကောင်းကင်ဘုံအလွန် စကြဝဠာ၏ ကျယ်ပြောလွန်းသော အာကာပြင်ကြီး၌ အန္တရာယ်များနှင့်သာ ပြည့်နှက်နေသည်။ ဤနေရာမှ ထွက်သွားသည့်သူထဲ၌ ၈၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းလောက်မှာ သေဆုံးနိုင်ခြေ ရှိပေသည်။ တချို့လူသားမျိုးနွယ် ကျင့်ကြံသူများက ဆက်လက်၍ တောင့်မခံနိုင်ကြဘဲ ထွက်သွားကြကာ အစအနမရှိ ပျောက်ကွယ်သွားကြသည်။
ကြေကွဲမြို့ဟောင်းသို့ သွားနိုင်ရန် ဖြစ်နိုင်သော်လည်း ကြေကွဲမြို့ဟောင်းသို့ ချည်းကပ်လာသော လူသားမျိုးနွယ်စု ကျင့်ကြံသူတိုင်း အသတ်ခံရသည်။ နတ်ဘုရားမျိုးနွယ်စုက ကြေကွဲမြို့ဟောင်း အဝင်ဝ၌ အစောင့်များ ချထားလေ၏။
သူတို့သွားနိုင်သည့် တစ်ခုတည်းသော နေရာမှာ စကြဝဠာအစွန်း ဖြစ်၏။ အပေါ်ယံ၌ စကြဝဠာအစွန်းမှာ တရားမျှတသည့် နေရာတစ်ခု ဖြစ်ဟန် ပေါ်နေသည်။ အနည်းဆုံးတော့ မည်သူကမှ ပေါ်တင် ဘာမှမလုပ်ကြပေ။ သူတို့က လုပ်ချင်လျှင် တာအိုဆွေးနွေးခြင်းစင်မြင့်အထက်၌သာ စိမ်ခေါ်ကြသည်။ အကယ်၍ သဘောမတူလျှင် စကြဝဠာအစွန်းမှ ထွက်သွားရမည် ဖြစ်၏။
သို့သော်လည်း စကြဝဠာအစွန်းသို့ ရောက်လာကြသည့် အင်မော်တယ်များကြား ဆယ်ရာခိုင်နှုန်းလောက်သာ အသက်ရှင်ပေသည်။ အများစုမှာ တာအိုဆွေးနွေးခြင်း စင်မြင့်အထက်၌ ပျောက်ကွယ်သွားကြရသည်။ တည်းခိုဆောင်၌ ပုန်းအောင်းနေနိုင်သော်လည်း သူတို့က မည်မျှကြာကြာ ပုန်းနိုင်မည်နည်း။
ထိုစဉ် ဥက္ကာခဲအလယ် ခန်းမအတွင်း၌ လူသုံးယောက် ရှိနေသည်။ သူတို့က မျက်မှောင်များကျုတ်နေကြပြီး ထိုအထဲမှ နှစ်ယောက်မှာ မိုဝူကျိနှင့် သိကျွမ်းဖူးသည့် အင်မော်တယ် ဧကရီ ဝမ်လန်နှင့် ဝိညာဉ်လှည့်ပတ် တာအို၏ ဂိုဏ်းချုပ် လုကျီတင်းတို့ ဖြစ်၏။ နောက်တစ်ယောက်မှာ ပုံရိပ်ယောင်တာအို၏ တာအိုသခင် ကျဲယင် ဖြစ်သည်။
ထိုသူများမှာ အင်မော်တယ် ဧကရာဇ် ဖြစ်၏။ အင်မော်တယ်လောကရှိ ကျင့်ကြံသူများ အသက်ရှင်နေသည့် အကြောင်းအရင်းမှာ ထိုသုံးယောက်က ဘေးကင်းကင်း ခေါ်ဆောင်လာ၍ ဖြစ်ပေသည်။ သို့သော် ယခုတွင် သူတို့သုံးယောက်လုံးက ထွက်လမ်းကြောင်း မရှာဘဲ ဤနေရာ၌ ဆက်နေနေပါက သေဆုံးဖို့ရာသာ ရှိကြောင်း သိနေသည်။
***