← Chapters

ခွန်းဝူဓားကို သန့်စင်ခြင်း

Vol. 59 Ch. 816

ခွန်းဝူဓားကို သန့်စင်ခြင်း

Vol. 59 Ch. 816

“ ဂိုဏ်းချုပ်မိုက မီဖေးကုန်သွယ်ရေး အဖွဲ့ကို ဖျက်သိမ်းပြီးတာနဲ့ တခြားအင်အားစုတွေက ရှေ့ထွက်မလာကြတော့ဘူး။ ပြီးတော့ စကြဝဠာအစွန်းရဲ့ တာအိုသခင် ဖုန်းဟွမ်က အရင်ဦးဆုံး စပြီးတော့ ဂိုဏ်းချုပ်မိုနဲ့ မိတ်ဆွေဖွဲ့ခဲ့တာ။ ဂိုဏ်းချုပ်မိုက တာအိုသခင်ဖုန်းဟွမ်းဆီ ကျတော်တို့ လူသားမျိုးနွယ်အတွက် နေရာချထားဖို့ အကအညီ တောင်းပေးထားတယ်။ စီနီယာယွမ်မိုက ဂိုဏ်းချုပ်မိုရဲ့ မိတ်ဆွေလေ။ ကျတော်တို့ကို ပြန်ခေါ်ဖို့ ထည့်ပေးလိုက်တာ။ အခု ဂိုဏ်းချုပ်မိုက တံခါးပိတ် ကျင့်ကြံနေလောက်ပြီ ”

ယန်ဝေက ထိုစကားများကို တစ်ခွန်းတည်းဖြင့် ဆက်တိုက် ပြောချလိုက်သည်။

“ ဂိုဏ်းချုပ်မိုက ဒဏ်ရာများ ရသွားလို့လား ” ကျဲယင်က စိုးရိမ်တကြီး မေးလိုက်သည်။ စကြဝဠာအစွန်း၌ လူသားမျိုးနွယ်၏ ဘေးကင်းမှုသည် မိုဝူကျိလို အားကောင်းသော အဆင့်မြင့် ကျင့်ကြံသူပေါ်တွင် များစွာ မူတည်နေပေသည်။ ထို့ကြောင့် ကျဲယင်က မိုဝူကျိ၏ အခြေအနေကို အာရုံစိုက်မိနေခြင်း ဖြစ်သည်။

အင်မော်တယ် ဧကရီ ဝမ်လန်က စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်ရင်း

“ ကြည့်ရတာ ကျမ သူ့ကို လျော့တွက်မိတဲ့ပုံပဲ …. တာအိုသခင်ကျဲ ဘာမှစိုးရိမ်ဖို့ မလိုပါဘူး။ ဂျုနီယာမောင်လေးမိုက ဒဏ်ရာရတာ မဟုတ်လောက်ဘူး။ တကယ်လို့ ကျမသာ မမှားရင် ဒီတစ်ခေါက် တံခါးပိတ် ကျင့်ကြံတာက အထက်ဘုံ စကြဝဠာမြို့ကို ပြန်သိမ်းဖို့အတွက် ပြင်နေတာ နေမယ် ”

“ ဟားဟား ” အင်မော်တယ် ဧကရီ ဝမ်လန်၏ စကားကို ကြားလိုက်သောအခါ လုကျီတင်းက မရယ်မောဘဲ မနေနိုင်တော့ချေ။ သူက နတ်ဘုရားမျိုးနွယ်၏ ထိုအယုတ်တမာကောင်များကို သတ်ပစ်ချင်သည်မှာ ကြာမြင့်လှလေပြီ။ နောက်ဆုံးတော့ ဦးဆောင်မည့်သူ ပေါ်လာပြီ ဖြစ်၏။ သူက နတ်ဘုရားမျိုးနွယ်မှ အားလုံးအား သူ လုကျီတင်းသည် သွေးဆူလွယ်သော စစ်သည်တော်တစ်ယောက် ဖြစ်ရာ ထွက်ပြေးကာ ကြောက်ရွံ့နေမည့် လူကြောက် မဟုတ်ကြောင်း ပြောပြလိုသည်။ ထိုနှစ်များက  သူသည် အင်မော်တယ်လောကမှ ကျင့်ကြံသူများ အသတ်ခံရသည်ကို ကူကယ်ရာမဲ့စွာ ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။ အကယ်၍ သူ လုကျီတင်းက လက်စားမချေရလျှင် သူ့တာအိုနှလုံးသားအပေါ် သက်ရောက်မှု ရှိလာပေလိမ့်မည်။

“ သွားကြစို့  စကြဝဠာအစွန်းဆီ သွားကြမယ်။ ငါတို့တွေ ဘာကိုစောင့်နေရဦးမှာလဲ။ ဂိုဏ်းချုပ်မိုက ငါတို့ အင်မော်တယ်မြို့ကို ပြန်သိမ်းတဲ့အခါ ငါ လုကျီတင်းက ရှေ့ဆုံးကနေ ပါရမယ် ” လုကျီတင်းက တည့်တိုးပြောလိုက်သည်။

အင်မော်တယ် ဧကရီ ဝမ်လန်နှင့် ကျဲယင်တို့ကလည်း လုကျီတင်း စကားကို သဘောတူဖို့ တုံ့ဆိုင်းမနေပေ။ လူသားမျိုးနွယ်စုက ဤဥက္ကာခဲပေါ်၌ ပိတ်မိနေကြပြီး မည်သည့်နေရာမှ သွားစရာ မရှိပေ။ ယခု မိုဝူကျိက စကြဝဠာအစွန်း၌ ပြောဆိုပိုင်ခွင့် ရလာပြီ ဖြစ်ရာ သူတို့အနေနှင့် စကြဝဠာအစွန်းဆီ အရင်ပြန်သွားသင့်ပေသည်။ အရင်ဦးစွာ သူတို့က နေစရာ ကောင်းကောင်း ရသွားပေမည်။ ဒုတိယအနေနှင့် သူတို့က မိုဝူကျိအား ထောက်ပံ့ပေးနိုင်မည် ဖြစ်ရာ လူသားမျိုးနွယ်အတွက် မိုဝူကျိ တစ်ယောက်တည်း  ရင်ဆိုင်ခွင့် မပြုနိုင်ပေ။

……………...

လူသားမျိုးနွယ် ကျင့်ကြံသူများက ဤနေရာမှ ထွက်သွားပြီး စကြဝဠာအစွန်းဆီ သွားရတော့မည် ဖြစ်ကြောင်း ကြားသောအခါ ပျော်ရွှင်ကုန်ကြသည်။ အကယ်၍ သူတို့က ဤနေရာ၌ ဆက်နေနေလျှင် သေခြင်းတရားကသာ စောင့်ကြိုနေပေလိမ့်မည်။ အများစုက ဤနေရာမှ ထွက်သွားဖို့ စဉ်းစာမိပြီးသား ဖြစ်သော်လည်း ယခု သူတို့က ဤသို့သတင်းကောင်းမျိုး ကြားလိုက်ရသည့်အခါ မည်သူကမှ ဆက်လက်၍  အချိန်မဖြုန်းလိုကြတော့ပေ။

အကယ်၍ သာမာန် လူတစ်သိန်းလောက် ဖြစ်နေမည်ဆိုလျှင် နေရာပြောင်းရွေ့ဖို့က ရက်အတော်ကြာမြင့်မည် ဖြစ်သော်လည်း ယခု ဤလူများမှာ ရွမ်ရှန်းအဆင့်နှင့်အထက် ကျင့်ကြံသူများသာ ဖြစ်ပေသည်။ ရိုးရိုးရှင်းရှင်း အမိန့်တစ်ခုဖြင့် အားလုံးက ထွက်ခွာဖို့ အဆင့်သင့် ပြင်ပြီးကြလေပြီ။

တတ်နိင်သမျှ အချိန်တိုလေးအတွင်း ဤလူသိန်းကျော်က ဧရာမ ပျံသန်းရေး ရတနာထဲ ဝင်သွားကြတော့သည်။ လုကျီတင်းက သင်္ဘောပျံကို ထိန်းချုပ်ထားရင်း ထွက်ခွာတောမ့ည့်ဆဲဆဲတွင် သင်္ဘောပျံများ၏ တားဆီးခြင်းကို ခံလိုက်ရသည်။

“ သူတို့က နတ်ဘုရားမျိုးနွယ်က အင်မော်တယ် ဧကရာဇ်တွေ ….” ကျဲယင်က နတ်ဘုရားမျိုးနွယ်နှင့် တိုက်ပွဲများစွာ ဆင်နွဲဖူးလေရာ ထိုသင်္ဘောပျံများ ရောက်လာသည်နှင့် သူတို့မှာ နတ်ဘုရားမျိုးနွယ်၏ အင်မော်တယ် ဧကရာဇ်များဖြစ်ကြောင်း တန်းမှတ်မိလိုက်သည်။

အင်မော်တယ် ဧကရာဇ်များက သင်္ဘောပျံကြီးရှေ့ တန်းစီကာ တားလိုက်သည်။ ခေါင်းဆောင်ဖြစ်သည့် လူလတ်အရွယ် အမျိုးသားက နှာခေါင်းရှုံ့ကာ

“ အားလုံး ဒီလောက် အလောတကြီးထွက်သွားဖို့ မလိုပါဘူး။ နောက်ထပ် တစ်နှစ်လောက် နေလိုက်ပါဦး …. နောက်ထပ် တစ်နှစ်တောင် မလိုတော့ဘူး။ ကျုပ်တို့ နတ်ဘုရားမျိုးနွယ်က လာတော့မှာဆိုတော့ အားလုံးကို ကျုပ်တို့ ဧည့်သည့်တော်အဖြစ် ဖိတ်ကြားပါရစေ ”

လုကျီတင်းက ကုန်းပတ်ပေါ် ပြေးထွက်သွားသည်။ ကျဲယင်၊ ဝမ်လန်နှင့် သူက ထိုစကားများကို ကြားလိုက်သည့်အခါ ဤဥက္ကာခဲပေါ်၌ အေးအေးချမ်းချမ်း အသက်ရှင်လျက် နေနိုင်သည့် အကြောင်းအရင်းကို သိသွားပေတော့သည်။ အကြောင်းမှာ နတ်ဘုရားမျိုးနွယ်က သူတို့အား ရှာမတွေ့၍ မဟုတ်ဘဲ နတ်ဘုရားမျိုးနွယ်က အချိန်တစ်ခုကို စောင့်ဆိုင်းနေခြင်းသာ ဖြစ်၏။

သုံးယောက်သား တစ်ယောက်နှင့် တစ်ယောက် အဓိပ္ပါယ်ပါပါ ကြည့်လိုက်ကြသည်။ သူတို့က နတ်ဘုရားမျိုးနွယ်၏ ရည်ရွယ်ချက်ကို ကောင်းကောင်း သိလိုက်ကြသည်။ နတ်ဘုရားမျိုးနွယ်က သူတို့အား ဧည့်သည်တော်အဖြစ် သေချာပေါက် ဖိတ်ကြားမည် မဟုတ်ပေ။

“ ကျမတို့ကို ဘာလို့ ဖိတ်ကြားတာလဲ ” အင်မော်တယ် ဧကရီ ဝမ်လန်က အေးအေးဆေးဆေး ပြောလိုက်သည်။ သူမက နတ်ဘုရားမျိုးနွယ်သည် အချိန်တစ်ခုကို အဘယ်ကြောင့် စောင့်ဆိုင်းနေကြောင်း သိလိုသည်။

“ ကောင်းတဲ့အရာလေးကြောင့်ပေါ့ ….” ဤနတ်ဘုရားမျိုးနွယ် အင်မော်တယ် ဧကရာဇ်က နောက်တဖန် သရော်လိုက်ပြန်သည်။

ယွမ်မိုက မိုဝူကျိနှင့် နတ်ဘုရားမျိုးနွယ်အကြား ဧရာမရန်ကြွေး ရှိထားကြောင်း သိထားသည်။ သူက ဆက်လက်၍ အချိန်မဖြုန်းလိုတော့ပေ။ သူက သင်္ဘောပျံမှ ခုန်ထွက်ကာ ဝံပုလွေအစွယ် တင်းပုတ်ကို ဝှေ့ယမ်းပစ်လိုက်သည်။

ဤနေရာ၌ အင်မော်တယ် ဧကရာဇ် ခုနှစ်ယောက် ရှိသော်လည်း အင်မော်တယ် ဧကရာဇ် နောက်ပိုင်းအဆင့် တစ်ယောက်သာ ပါရှိ၏။ ကျန်လူများမှာ အစောပိုင်းအဆင့် ဒါမှမဟုတ် အလယ်အလတ်အဆင့်များ ဖြစ်ကြသည်။ သူ ယွမ်မိုက မိုဝူကျိလောက် အားမကောင်းသော်လည်း ထိုသေးနုပ်သော အင်မော်တယ် ဧကရာဇ်များကို မကြောက်ပေ။

ယွမ်မို ရှေ့တက်သွားသည်နှင့် လုကျီတင်းတို့လည်း ထွက်လာလိုက်ကြသည်။ မိုဝူကျိနှင့် ယွမ်မိုကြားမှ ဆက်ဆံရေးက မည်သို့ပင် ဖြစ်စေ ယွမ်မိုက ဧည့်သည်တစ်ယောက်သာ ဖြစ်နေသေး၏။ သူတို့က ကြည့်နေပြီး ဧည့်သည့်အား တိုက်ခိုင်း၍ မဖြစ်ပေ။

ယွမ်မို၏ စွမ်းအားစက်ကွင်းမှာ အားပြင်းပြင်း ထွက်ပေါ်လာသည်။ ထိုစဉ် ထိုနတ်ဘုရား အင်မော်တယ် ဧကရာဇ်များက အဖြစ်အပျက်ကို နားလည်သွားကြပြီး ဤသည်မှာ တာအိုဧကရာဇ် တစ်ဦး၏ စွမ်းအားစက်ကွင်းမှန်း သိလိုက်ကြသည်။ သူတို့က ခုနှစ်ယောက်တည်းသာ ဖြစ်၏။ အကယ်၍ တာအိုဧကရာဇ်နှင့် ရင်ဆိုင်ရလျှင် သူတို့အနေနှင့် ကိုယ့်သေတွင်းကို တူးနေသလို ဖြစ်နေပေမည်။

“ ဝုန်း ဝုန်း ဝုန်း ” စွမ်းအားစက်ကွင်းများက တစ်ခုနှင့်တစ်ခု ထိပ်တိုက် တွေ့သွားသည်။ အင်မော်တယ် ဧကရာဇ် အစောပိုင်းအဆင့် ကျင့်ကြံသူ နှစ်ယောက်က လှုပ်ရှားခွင့်ပင် မရလိုက်ဘဲ ယွမ်မို၏ ဝံပုလွေအစွယ် တင်းပုတ်ကြောင်း စိစိညက်ညက် ကြေသွားလေသည်။ အင်မော်တယ် ဧကရာဇ် နောက်ပိုင်းအဆင့် ကျင့်ကြံသူက ယွမ်မိုဆီမှ အထူးအာရုံစိုက်မှုကို ရရှိထားသည်။

ယွမ်မိုအနေနှင့် မိုဝူကျိဆီမှ သင်ယူထားသော အာကာပြင် ချုပ်နှောင်မှုအား ပထမဆုံးအကြိမ် ထုတ်သုံးလိုက်ခြင်း ဖြစ်ပေသည်။ အင်မော်တယ် ဧကရာဇ် နောက်ပိုင်းအဆင့် ကျင့်ကြံသူက သူ့မှော်ရတနာကို မထုတ်နိုင်ခင် ယွမ်မို၏ ချုပ်နှောင်မှုကို ခံလိုက်ရသည်။ နောက်အခိုက်အတန့်လေး၌ သူ့ဦးနှောက်မှာ ယွမ်မို၏ ဝံပုလွေအစွယ် တင်းပုတ်အောက်၌ ကြေမွသွားတော့သည်။

ကျန်ရှိနေသော အင်မော်တယ် ဧကရာဇ်များက ထွက်ပြေးဖို့ ကြိုးစားကြသည်။ သို့သော် လုကျီတင်းတို့က အလှပြရုံသပ်သပ် ရောက်ရှိနေခြင်း မဟုတ်ပေ။ သူတို့သုံးယောက်လုံးမှာ သူတို့ဂိုဏ်း၏ ဂိုဏ်းချုပ်များ ဖြစ်ကြပြီး အင်မော်တယ် ဧကရာဇ် သုံးဦးအား ဖိနှိပ်ထားနိုင်သည်။

ထွက်ပြေးသွားသော အင်မော်တယ် ဧကရာဇ် အလယ်အလတ်အဆင့် ကျင့်ကြံသူ တစ်ယောက်က ဝေးဝေးမရောက်ခင် ယွမ်မို၏ တားဆီးခြင်းကို ခံလိုက်ရသည်။

ယွမ်မို ပြန်ရောက်လာသည့်အခါတွင် အင်မော်တယ် ဧကရီ ဝမ်လန်သည် အင်မော်တယ် ဧကရာဇ် အစောပိုင်းအဆင့်အား သတ်ပြီးသွားပြီ ဖြစ်ရာ လက်ရှိ၌ ကျဲယင်အား ကူ၍ တိုက်ပေးနေသည်။ တစ်ခါတည်းဖြင့် ယွမ်မိုက အာကာပြင် ချုပ်နှောင်မှု နှစ်ခုကို ထုတ်သုံးလိုက်သည်။ ကျန်ရှိနေသော အင်မော်တယ် ဧကရာဇ် နှစ်ဦးမှာ အလွယ်တကူ အဆုံးသတ်သွားတော့သည်။

“ စီနီယာအစ်ကိုယွမ်ရဲ့ အာကာသ စည်းမျည်းအပေါ် အသိအမြင်က ကျုပ်တို့ ရောက်နိုင်တဲ့အဆင့်နဲ့ အရမ်းကို အလှမ်းကွာလွန်းတယ် … ” အင်မော်တယ် ဧကရာဇ် ခုနှစ်ယောက်အား အလွယ်တကူ သတ်နိုင်ခြင်းမှာ ဝမ်လန်တို့အနေနှင့် ယွမ်မိုအား ပို၍ လေးစားမိသွားစေသည်။ တစ်ချိန်တည်းဆိုသလို တာအိုဧကရာဇ်များကို စိတ်ထဲ၌ အကြောက်တရားလည်း ကြီးစိုးလာမိသည်။

သူတို့က ကူညီပေးခဲ့သော်လည်း ကိစ္စအများစုမှာ ယွမ်မိုက ကိုင်တွယ်ခဲ့ခြင်း ဖြစ်၏။ သူတို့သာ ယွမ်မို၏ အာကာပြင် ချုပ်နှောင်မှုအောက်တွင် ရောက်ရှိနေပါက သူတို့သည်လည်း ထိုအင်မော်တယ် ဧကရာဇ်များကဲ့သို့ သေခြင်းတရားနှင့်သာ ရင်ဆိုင်ရပေမည်။

ယွမ်မိုက ရယ်မောကာ  “ ကျုပ်က အာကာသ စည်းမျည်းတွေကို အပေါ်ယံလောက်လေးပဲ နားလည်တာပါ။ တကယ် ကျွမ်းကျင်တဲ့သူက ကျုပ် မဟုတ်ဘူး။ အဲဒါ ဝူကျိလေ။ သူက ကျုပ်ကို သင်ပေးထားတာ … ကျုပ် သိသမျှအထဲ သူက ပါရမီအကောင်းဆုံးပဲ ”

“ အာ …” ဝမ်လန်တို့လည်း အရမ်းကို စိတ်လှုပ်ရှားမိသွားကြသည်။

ယွမ်မို၏ နားလည်နိုင်စွမ်းမှာ မိုဝူကျိက သင်ပေးထားတာ ဖြစ်နေလျှင် သူတို့လည်း မိုဝူကျိဆီမှ သင်ယူနိုင်မလား …..

ဝမ်လန်က မိုဝူကျိ၏ အကျင့်စရိုက်အကြောင်း ကောင်းကောင်း သိပေသည်။ သူမက မိုဝူကျိသည် ကပ်စေးကုပ်သည့်သူမျိုး မဟုတ်ကြောင်း သိထား၏။

“ စကြဝဠာအစွန်းဆီ သွားကြတာပေါ့။ နတ်ဘုရားမျိုးနွယ်က ကျုပ်တို့ ထွက်လာတာကို သိဦးမှာ မဟုတ်သေးဘူး။ တကယ်လို့ နတ်ဘုရားမျိုးနွယ်စုက အဆင့်မြင့် ကျင့်ကြံသူတွေသာ သိသွားရင် ကျုပ်တို့ ထွက်ပြေးနိုင်ရင်တောင် တန်ရာတန်ကြေး ပေးဆပ်ရလိမ့်မယ် ” ကျဲယင်က အသိပြန်ဝင်လာကာ မြန်မြန် ပြောလိုက်သည်။

“ ဟုတ်တယ် ….” ဝမ်လန်နှင့် လုကျီတင်းတို့လည်း ထောက်ခံကြသည်။ နတ်ဘုရားမျိုးနွယ်က လူသားမျိုးနွယ်အား ဤဥက္ကာခဲပေါ်၌ ပိတ်ဆို့ထားလိုလျှင် တစ်ခုခု ကြီးကြီးမားမား ကြံစည်နေခြင်းသာ ဖြစ်ရမည်။ သို့သော် လူသားမျိုးနွယ်စု၌ သူတို့ကို ဦးဆောင်မည့် လူ ရှိလာလေပြီ။ သူတို့သာ မိုဝူကျိကို တွေ့သရွေ့ မျှော်လင့်ချက် ရှိပြီ ဖြစ်၏။

………………..…

မိုဝူကျိက မီဖေးကုန်သွယ်ရေး အဖွဲ့ ပိုင်နက် ပတ်လည်၌ ထိပ်တန်းအဆင့် ကာကွယ်ရေး အစီအရင်ကို ခင်းကျင်းထားလေ၏။ ထိုစဉ် မိုဝူကျိက မီဖေးကုန်သွယ်ရေး အဖွဲ့၏ အတွင်းဆုံး ကျင့်ကြံရေး အခန်း၌ ထိုင်နေပေသည်။

ကျင့်ကြံရေး အခန်းဟု ခေါ်ဝေါ်သော်လည်း ဤနေရာ၌ အင်မော်တယ် အဆီအနှစ်ရေကန်သာ ရှိပေသည်။ မိုဝူကျိက အင်မော်တယ် အဆီအနှစ်ရေကန်ကို မြင်တွေ့ဖူးသော်ငြား မီဖေးကုန်သွယ်ရေး အဖွဲ့ရှိ ထိပ်တန်းအဆင့်ကိုတော့ မြင်တွေ့ခဲပေသည်။

အင်မော်တယ် ဝိညာဉ်စွမ်းအားမြူများက အင်မော်တယ် အဆီအနှစ်ရေကန်ထက်၌ မျှောလွှင့်နေသည်။ မိုဝူကျိက ဤနေရာတွင် ထိပ်တန်းအဆင့် အင်မော်တယ်သွေးကြောကို ထားလိုက်ပြီး အစိမ်းရောင်ကျောက် တချို့ကို အသုံးပြုလိုက်လျှင် သူ့အနေနှင့် နှစ်အနည်းငယ်အတွင်း အင်မော်တယ် ဧကရာဇ် အလယ်အလတ်အဆင့်သို့ ရောက်ရှိနိုင်လိမ့်မည်မှန်း သိပေသည်။

သို့သော်လည်း မိုဝူကျိက အချိန်များစွာ မရကြောင် သိထား၏။ နတ်ဘုရားမျိုးနွယ်စုအနေနှင့် စကြဝဠာအစွန်းဆီ သူ ပြန်ရောက်လာသည့် အကြောင်းအား သိပြီးလောက်လေပြီ။ ထိုသည်မှာ သူနှင့် နတ်ဘုရားမျိုးနွယ်ကြားမှ တိုက်ပွဲမှာ အစပျိုးနေပြီ ဖြစ်၏။

ဤတံခါးပိတ် ကျင့်ကြံခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ခွန်းဝူဓားအား သန့်စင်ရန် ဖြစ်သည်။

သူ ခွန်းဝူဓားကို သန့်စင်ဖို့ ရွေးချယ်လိုက်သည့် အကြောင်းအရင်းမှာ လော့ကျမ်းစာရွက်ကြောင့် ရလာခြင်း ဖြစ်၏။ အင်မော်တယ် ဧကရာဇ် ၁၅ ယောက်၏ အဝိုင်းခံရစဉ် သူက လော့ကျမ်းစာရွက် နှစ်ရွက်ကြောင့်သာ မဟုတ်လျှင် ဒဏ်ရာအပြင်းအထန် ရသွားပေလိမ့်မည်။ လော့ကျမ်းစာရွက်က သူ့အား ဒဏ်ရာအပြင်းအထန် ရစေခြင်းမှ  ကာကွယ်ပေးခဲ့သည်။ ထိုသည်က ရှန်းထျန်း ရတနာများ၏ အရေးပါမှုကို ပြသနေပေသည်။ မိုဝူကျိအား ယုံကြည်ချက်ရှိစေသည်မှာ သူ့တွင် လော့ကျမ်းစာရွက် နှစ်ရွက် မဟုတ်ဘဲ ခြောက်ရွက် ရှိပေသည်။

ထို့အပြင် သူ့စိတ်စွမ်းအင်မြှားမှာ ချင်းယီစာလိုမျိုး တာအိုဧကရာဇ်ပင် မရှောင်ရှားနိုင်ချေ။ ချင်းယီစာ၏ အသိစိတ်ပင်လယ်အား တစစီ ဖြစ်သွားစေလေ၏။ ထိုသည်က စိတ်စွမ်းအား တိုက်ခိုက်မှု အင်အားကို ပြသနေခြင်း ဖြစ်၏။

သူ့တွင် ခရမ်းရေကန်နှင့် လော့ကျမ်းစာရွက်လည်း ရှိပေသည်။ အကယ်၍ သူ့တွင် ခွန်းဝူဓားသာ ရှိနေလျှင် ကာကွယ်မှု အလွှာတစ်ခု ရသလို ဖြစ်ပေမည်။ အထူးသဖြင့် သူ့အနေနှင် စိတ်စွမ်းအား  တိုက်ခိုက်မှုကို အသုံးပြုရမည့် အဆင့်မြင့် ကျင့်ကြံသူနှင့် ရင်ဆိုင်ပြီးနောက်တွင် ဖြစ်သည်။ ထို့အပြင် ခွန်းဝူဓားသည် ထိပ်တန်းအဆင့် တိုက်ခိုက်ရေး ရတနာတစ်ခု ဖြစ်ပေ၏။ သူက နတ်ဘုရားမျိုးနွယ်ကို အမြစ်ဖြတ်ရှင်းထုတ်သည့်အခါ ဤသို့မျိုး ရတနာ လိုအပ်ပေမည်။

မိုဝူကျိက ဓားကို မလေ့ကျင့်သည့်အတွက် ခွန်းဝူဓားကို ရရှိပြီးနောက်တွင်ပင် မလေ့လာမိပေ။ ဤသည်က သူ့အနေနှင့် ခွန်းဝူဓားကို သေချာကြည့်မိသည့် ပထမဆုံးအကြိမ် ဖြစ်သည်။

ခွန်းဝူမှာ သုံးပေနှင့် တစ်လက်မ ရှည်လျား၏။ ဓားတွင် ဓားစောင့်လည်း မရှိသလို ဓားကိုင်ဘုလည်း မရှိချေ။ ဓားရိုးသာ ရှိ၏။ ကိုယ်ထည်မှ မီးခိုးရောင် ဖြစ်ကာ ရှေးဟောင်းဓားတစ်လက်၏ ထည်ဝါမှုတို့ မရှိပေ။

မိုဝူကျိက ဓားကို ဝေ့လိုက်ပြီးနောက်  သာမာန်ဓားရှည်နှင့် တူကြောင်း ခံစားမိလိုက်သည်။ တာအိုအရှိန်အဝါပင် ထွက်ပေါ်မနေပေ။ သို့သော်လည်း မိုဝူကျိက စိတ်ထဲ မထားပေ။ သူက လူသားတာအိုကို ကျင့်ကြံခြင်း ဖြစ်ရာ သူက သေမျိုးတစ်ယောက်နှင့် တူနေသော်လည်း တာအိုဧကရာဇ်များကိုပင် သတ်နိုင်စွမ်း ရှိသည် မဟုတ်ပါလော။

မိုဝူကျိ၏ စိတ်စွမ်းအားက ဖြည်းဖြည်းချင်း ခွန်းဝူထဲ စိမ့်ဝင်သွားသည်။ သူ့အား အံ့အားသင့်သွားစေသည်မှာ သူက ဟွားကုံ နည်းလမ်းနှင့် တွေ့သွားဟန် ပေါ်သည်။ ခွန်းဝူဓားက ရုတ်တရက်ဆိုသလို အားပြင်းပြင်း ထွက်ပေါ်လာသည်။ ဤအင်အားမှာ လှိုင်းလုံးများကဲ့သို့ ထွက်ပေါ်လာပြီး သူ့စိတ်စွမ်းအားကို ဆွဲယူသွားတော့သည်။

(မှတ်ချက် - ဟွားကုံ နည်းလမ်းမှာ ကျင်းယုံ ဝတ္ထုထဲမှ တိုက်ကွက်တမျိုး ဖြစ်ပြီး တခြားသူ၏ အတွင်းအားကို စုပ်ယူကာ ကိုယ်ပိုင်အဖြစ် ပြောင်းလဲပစ်ခြင်း ဖြစ်၏)

ဤသို့မျိုး မျှော်လင့်မထားသည့် အခြေအနေနှင့် ရင်ဆိုင်ရသည့်အခါ မိုဝူကျိ စိတ်ထဲ တုန်လှုပ်မိသွားကာ စိတ်စွမ်းအားအား မြန်မြန် ရုတ်သိမ်းဖို့ ကြိုးစားလိုက်သည်။ သို့သော်လည်း မကြာခင် တုန်လှုပ်မိသွားတော့သည်။ သူ့စိတ်စွမ်းအားကို  ပြန်လည် ရောက်ရှိလာအောင် မလုပ်နိုင်ပေ။ ထိုမျှတင်မကဘဲ သူ့စိတ်စွမ်းအားမှာ အမြန်နှုန်းနှင့် စုပ်ယူခံနေရသည်။

ဝင်ပူးကပ်မှုလား ….

ဒီခွန်းဝူဓားမှာ ပုန်းအောင်းနေတဲ့ ကမ္ဘာဦး စိတ်ဝိညာဉ် တစ်ခု ရှိနေတာလား

မဟုတ်သေးပါဘူး ….

မိုဝူကျိက အတွေးကို ရုတ်သိမ်းလိုက်သည်။ ဤသည်မှာ ပူးကပ်မှု မဖြစ်နိုင်ပေ။

အမြင်နှင့်တင် ဤခွန်းဝင်ဓားမှာ အတော်လေး ထူးခြားလှသည်။ သို့သော်လည်း ပို၍ ထူးခြားနေလျှင်ပင် မိုဝူကျိ၏ စိတ်စွမ်းအားအား ခမ်းခြောက်သည့်အထိ စုပ်ယူနိုင်လိမ့်မည်ဟု တွေးနေလျှင် အိပ်မက်မက်နေခြင်းသာ ဖြစ်ပေမည်။ ယခင် မိုဝူကျိက အင်မော်တယ် ဧကရာဇ် ၁၅ ယောက်နှင့် ရင်ဆိုင်စဉ်အခါက သူ့စိတ်စွမ်းအား ကုန်ခမ်းလုမတတ် ဖြစ်သွားရသည်။ ထိုအခါ သူ့ခရမ်းရေကန်က အရှိန်ဟုန်ပြင်းပြင်းနှင့် ထွက်ပေါ်လာပေသည်။ ထို့ကြောင့် သူ့အသိစိတ်ပင်လယ်မှာ ကျယ်ပြန့်သွားပြီး စိတ်စွမ်းအားမှာလည်း ပို၍ အားကောင်းလာသည်။

ခွန်းဝူဓားက သူ့စိတ်စွမ်းအားကို စုပ်ယူလိုသည့်အတွက် သူ့အနေနှင့် သူ့စိတ်စွမ်းအားက အားပိုကောင်းလား ဒါမှမဟုတ် ခွန်းဝူဓားက အားပိုကောင်းလား သိချင်မိသည်။

မိုဝူကျိက ထိုအတွေးဖြင့် စိတ်စွမ်းအားကို ပြန်လည်ရုတ်သိမ်းဖို့ မကြိုးစားတော့ပေ။ ထို့အစား သူ့စိတ်စွမ်းအားမှာ ခွန်းဝူဓားဆီ ငွေရောင်မြစ်အလား ပြေးဝင်သွားသည်။ ထိုမျှတင် မကသေးဘဲ သူက စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားကိုပါ ခွန်းဝူဓားဆီ ထုတ်လွှင့်လိုက်သည်။

***

All Chapters