ယောက္ခမကြီး၊ ကျွန်တော့်ကို တစ်ခါလောက် ထပ်ကယ်ပါဦး
Vol. 59 Ch. 819
ဝမ်ပေါင်လဲ့၏ ကိုယ်ပွားအစစ်မှာ သူ၏ ဘေးပတ်ပတ်လည်ရှိ အဆုံးမဲ့မျိုးနွယ်စုဝင်များ၏ ကြားတွင် ပုန်းအောင်းနေရင်း မျက်လုံးများမှေးသွား၏။ ထို ကျင့်ကြံသူများ သူ၏ အဆင့်နိမ့်ကိုယ်ပွားတစ်ခုအား လိုက်လံဖမ်းဆီးနေကြစဉ် သူသည် တိတ်တဆိတ် နောက်သို့ဆုတ်ခွာသွားနေပြီး ရုပ်ဖျက်ကာ ထိုနေရာမှ ထွက်ပြေးသွားနိုင်မည့် အချိန်ကို စောင့်ဆိုင်းနေသည်။
နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့် အဘိုးကြီးမှာ ဒဏ်ရာရထားပြီး အဆိပ်မိထားသည့်တိုင်အောင် သူ၏ ဒဏ်ရာများမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိမနေသေးကြောင်း သူက သိထားသည်။ သို့ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ ထိုမျှလောက်နှင့် ထိုအဘိုးကြီးအား အနိုင်ယူနိုင်လိမ့်မည်ဟု ယုံကြည်မှုမရှိပေ။
ဝမ်ပေါင်လဲ့မှာ မီးတောက်ခေါင်းဆောင်ကြီး ပေးထားသည့် ကျိန်စာအား အသုံးပြုလိုက်လျှင်တောင် တိုက်ပွဲထဲ၌ အခက်အခဲများနှင့် ကြုံတွေ့ရဦးမည်ဖြစ်ကြောင်း မှန်းဆထား၏။ ထို့ကြောင့် သူသည် အကောင်းအကျိုး အဆိုးအပြစ်များကို ချင့်ချိန်သုံးသပ်လိုက်ပြီး အဘိုးကြီး၏ အမျက်ချောင်းချောင်းထွက်နေသော မျက်နှာအမူအရာအား လှမ်း၍အကဲခတ်လိုက်သည်။ ထို အဘိုးကြီးမှာ သူ့အား အရှင်လက်လက် ဝါးစားပစ်ချင်နေသည့်ပုံစံ ပေါက်နေ၏။ ထို့ကြောင့် သူသည် နတ်ဆိုးမျက်လုံးပညာရပ် တောင်းဆိုနေသည့် ပမာဏအထိ သတ်ဖြတ်မှုများ မကျူးလွန်ရသေးသည့်တိုင်အောင် အရဲမစွန့်ရန် ဆုံးဖြတ်လိုက်သည်။ သူသည် စစ်တပ်စခန်းထဲမှ ပစ္စည်းများအားလုံးကို ခိုးယူလာခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် ရသမျှနှင့် ရောင့်ရဲရန် ဆုံးဖြတ်လိုက်တော့သည်။
" ဒီတစ်ခေါက်တော့ ခဗျားကြီးရဲ့ အသက်ကို ချမ်းသာပေးလိုက်မယ် " ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင် ထိုသို့ကြိမ်းဝါးလိုက်၏။ သူသည် တိုက်ပွဲထဲမှ ထွက်ပြေးဆုတ်ခွာလာသည်ဟု မှတ်ယူထားခြင်းမရှိပေ။ ထိုသို့ဖြင့် သူ အဝေးသို့ ထွက်ပြေးသွားရန် ပြင်လိုက်စဉ်မှာပင် နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့် အဘိုးကြီး၏ နတ်ဘုရားအာရုံမှာ ခပ်လှမ်းလှမ်းမှနေ၍ ရောက်ရှိလာ၏။ ၎င်းမှာ ထိုနေရာတစ်ခုလုံးကို လွှမ်းခြုံသွားပြီးနောက် အားကောင်းသော ဖိနှိပ်စွမ်းအားတစ်မျိုးကို ထုတ်လွှတ်လိုက်သဖြင့် ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ ရပ်တန့်သွားရသည်။
သူနှင့် ခပ်လှမ်းလှမ်းတွင်မူ နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့် အဘိုးကြီးမှာ သူ၏လက်ဖဝါးအား မြေကြီးပေါ်သို့ ရိုက်ချကာ ဝမ်ပေါင်လဲ့၏ ပဉ္စမမြောက်ကိုယ်ပွားအား တစ်စစီ ခြေမွှပစ်လိုက်ပြီဖြစ်သည်။ ထို့နောက် ထိုအဘိုးကြီးမှာ လေထဲတွင် ရစ်ဝဲနေရင်း နောက်သို့ ချာခနဲလှည့်လာ၏။ သူသည် သတ်ဖြတ်လိုစိတ် အရိပ်အယောင်များ တောက်ပနေသည့် မျက်ဝန်းတစ်စုံဖြင့် သူ၏ရှေ့တွင် ရှိနေသည့် အဆုံးမဲ့မျိုးနွယ်စုဝင်များကို အကဲခတ်ကြည့်ရှုလိုက်သည်။
ထို အဆုံးမဲ့မျိုးနွယ်စုဝင်များမှာ ထိုအဘိုးကြီး၏ မျက်ဝန်းများထဲရှိ ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များကို မြင်လိုက်ရသောအခါ အသားများ တဆတ်ဆတ် တုန်ရီလာကြတော့သည်။ သူတို့၏ ခေါင်းဆောင်ကြီးမှာ အချိန်မရွေး အသိစိတ်ပျောက်ကာ စိတ်ဖောက်သွားနိုင်သည့် အနေအထားတွင် ရှိနေကြောင်း သူတို့က ရိပ်မိထားကြ၏။ ထို့ကြောင့် သူတို့မှာ ထိုအဘိုးကြီး၏ သတ်ဖြတ်လိုစိတ် အရိပ်အယောင်များ တောက်ပနေသည့် မျက်ဝန်းများကို စိုက်ကြည့်ရင်း သေမင်းနှင့်ရင်ဆိုင်တွေ့နေရသကဲ့သို့ ခံစားနေရသောကြောင့် အသက်ပင် ကောင်းကောင်းမရှူနိုင်တော့ပေ။
သူတို့၏ ထင်မြင်ယူဆချက်များမှာ မှန်ကန်ပေသည်။ နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့် အဘိုးကြီးမှာ မိတ်ဆွေနှင့်ရန်သူကိုပင် ခွဲခြားနိုင်စွမ်းမရှိတော့ပေ။ သူသည် မည်သူမှာ အဆုံးမဲ့မျိုးနွယ်စုဝင်အစစ် ဖြစ်ပြီး မည်သူမှာ ဝက်ခေါင်းမျက်နှာဖုံးနှင့် လူကြီး ရုပ်ဖျက်ထားသည့် ကျင့်ကြံသူဖြစ်နေကြောင်းကို အတိအကျ မသိနိုင်ဘဲဖြစ်နေရ၏။ ထို့အပြင် သူသည် ထို ဝက်ခေါင်းမျက်နှာဖုံးနှင့် လူကြီး သူ၏စစ်တပ်ထဲ၌ ကိုယ်ပွားမည်မျှခန့် ဖန်တီးထားခဲ့သည်ကိုလည်း မသိနိုင်ဘဲဖြစ်နေရသည်။
သို့သော် သူ၏ ဝမ်းတွင်းအသိစိတ်များမှာမူ သူ၏ရန်သူမှာ သူ၏ လက်အောက်ငယ်သားများ၏ ကြားတွင် ပုန်းကွယ်နေကြောင်း သူ့အား အသိပေးနေ၏။
သို့ဖြစ်ရာ သူ့အား ရှာတွေ့နိုင်မည့် အကောင်းဆုံးနည်းလမ်းမှာ လူတိုင်းအား သတ်ဖြတ်ပစ်ရန် ဖြစ်ပေသည်။ ထိုနည်းလမ်းနှင့်သာ ဆိုပါက သူ၏ရန်သူအား သေချာပေါက် ရှာတွေ့နိုင်မည်သာဖြစ်သည်။ သို့သော်... ထိုနည်းလမ်းမှာ လုံးဝအဓိပ္ပါယ်မရှိပေ။ သူသည် ဒေါသစိတ်များကြောင့် စုံလုံးကန်းကာ ရူးသွပ်လုမတတ် ဖြစ်နေရသည့်တိုင်အောင် ထိုကဲ့သို့ ရက်စက်ကြမ်းကြုတ်စွာ ပြုမူနိုင်မည် မဟုတ်ပေ။
ထို့အပြင် ထည့်သွင်းစဉ်းစားစရာ အချက်တစ်ချက်လည်း ရှိနေသေးသည်။ သူ၏ ရန်သူမှာ လူသေအလောင်းတစ်ခုအဖြစ်လည်း အသွင်ပြောင်းလဲနိုင်စွမ်း ရှိနေသည့်ပုံပင်။ သို့ဖြစ်ရာ သူသည် လူတိုင်းအား သတ်ဖြတ်ပြီးလျှင်တောင် ထို ဝက်ခေါင်းမျက်နှာဖုံးနှင့် လူကြီးအား ရှာတွေ့နိုင်ရန်မှာ မသေချာပေ။
သို့သော်... အရာအားလုံးကို ဖျက်ဆီးချေမှုန်းပစ်လိုက်မည်ဆိုပါက စိတ်ပူနေစရာမလိုတော့ပေ။ အကယ်၍ သူသာ စခန်းတစ်ခုလုံးနှင့် စခန်း၏ ပတ်ပတ်လည်ရှိ အရာအားလုံးကို ဖျက်ဆီးပစ်လိုက်မည်ဆိုလျှင် ထို ဝက်ခေါင်းမျက်နှာဖုံးနှင့် လူကြီးအား သေချာပေါက် ရှာတွေ့သွားမည်သာဖြစ်သည်။
ထိုအတွေးမှာ အဘိုးကြီးမှာ၏ အသိစိတ်ထဲ၌ တဖြည်းဖြည်း ကြီးထွားလာ၏။ ထို့နောက် သူ၏ မျက်ဝန်းများထဲမှ ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များနှင့် သူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်ရှိ သတ်ဖြတ်လိုစိတ်် အငွေ့အသက်များမှာလည်း ပို၍အားကောင်းလာသည်။ ထို့ကြောင့် သူ၏ ဘေးပတ်ပတ်လည်တွင် ရှိနေသော အဆုံးမဲ့မျိုးနွယ်စုဝင်များမှာ တုန်လှုပ်ချောက်ချားလာကြတော့သည်။ သူတို့မှာ အဖြစ်ဆိုးကြီးတစ်ခုနှင့် ကြုံရတော့မည်ဖြစ်ကြောင်း ခံစားလာရသဖြင့် ပူဆွေးသောကရောက်ကာ မကျေမချမ်း ဖြစ်လာကြ၏။ ထိုလူအုပ်ကြီးထဲ၌ ရှိနေသည့် ဝမ်ပေါင်လဲ့မှာလည်း ရင်ခုန်နှုန်းများ မြန်ဆန်လာရပြီ ဖြစ်သည်။
" မဖြစ်နိုင်တာ။ ဒီအဘိုးကြီက ရူးသွားပြီလားဟ။ ငါ့ကို သတ်နိုင်ဖို့အတွက်နဲ့ သူ့ရဲ့ စစ်တပ်တစ်ခုလုံးကို ဖျက်ဆီးပစ်မှာတော့ မဟုတ်ဘူးမလား။ ငါ့ရဲ့ လုပ်ရပ်တွေက အဲလောက်ကြီးလည်း ဆိုးရွားမနေခဲ့ပါဘူးကွာ... " ဝမ်ပေါင်လဲ့မှာ သူ့ကိုယ်သူပင် မယုံရဲတော့ဘဲ အမှန်တကယ် ကြောက်ရွံ့တုန်လှုပ်လာရပြီဖြစ်သည်။ သူသည် ဤ အနေအထားမှ လွတ်မြောက်အောင် မည်သို့မည်ဖုံ ထွက်ပြေးရပါမည်နည်းဟု တစ်ခေါင်းလုံး ထူပူသွားအောင် စဉ်းစားတွေးတောနေမိတော့သည်။
ဝမ်ပေါင်လဲ့တစ်ယောက် ထိတ်ထိတ်ပျာပျာဖြစ်နေပြီး အခြား အဆုံးမဲ့မျိုးနွယ်စုဝင်များ တုန်လှုပ်ချောက်ချားနေကြစဉ် ထာဝရဝိညာဉ်အဆင့် အဘိုးကြီးမှာ ရုတ်တရက်ဆိုသလို သွေးရူးသွေးတန်း အော်ဟစ်မြည်တမ်းလိုက်ပြီး သူ၏ညာဘက်လက်အား မိုးပေါ်သို့ မြှောက်လိုက်၏။
" သွားပြီ " ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး သူ၏ ပတ်ပတ်လည်တွင်ရှိနေသည့် အဆုံးမဲ့မျိုးနွယ်စုဝင်များမှာမူ သွေးပျက်သွားကြတော့သည်။ သူတို့မှာ ချက်ချင်းဆိုသလိုပင် နောက်သို့ဆုတ်ခွာသွားကြပြီး အများစုမှာဆိုလျှင် အော်ဟစ်ငိုကြွေးနေကြပြီ ဖြစ်သည်။
" ခေါင်းဆောင်ကြီး၊ ကျေးဇူးပြုပြီး စိတ်အေးအေးထားပါဗျာ "
" ခေါင်းဆောင်ကြီး၊ နောက်ထပ် နှစ်နာရီလောက် ထပ်စောင့်လိုက်ရင် ရပါပြီဗျ။ အဲဒီအချိန်ရောက်ရင် ဆင်းသက်သူတွေအကုန်လုံး ထွက်ခွာသွားတော့မှာပါ။ ကျေးဇူးပြုပြီးတော့... စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့ဗျာ "
သူတို့၏ စကားများမှာ အချည်းနှီးပင်။ အဘိုးကြီးမှာ မျက်လုံးများနီမြန်းနေပြီး ဒေါသစိတ်များကြောင့် မျက်နှာတစ်ခုလုံး ရှုံ့မဲ့နေ၏။ သူ၏ မျက်နှာအမူအရာကိုကြည့်လျှင် သူသည် ရရာနည်းဖြင့် ရန်သူအား သတ်ဖြတ်နိုင်ရန် ကြိုးစားတော့မည်ဖြစ်ကြောင်း သိနိုင်ပေသည်။ ထိုသို့ဖြင့် မိုးပေါ်သို့မြှောက်ထားသည့် သူ၏လက်ကြီး အောက်သို့ပြုတ်ကျလာသောအခါ လက်ဖဝါးကြီးတစ်ခု ပေါ်ပေါက်လာပြီး မြေပြင်ပေါ်သို့ ဆင်းသက်လာတော့သည်။
ထိုတိုက်ကွက်မှာ အဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူများပေါ်သို့ ကျရောက်လာခြင်းမဟုတ်ပေ။ ၎င်းမှာ စစ်စခန်း အလယ်တည့်တည့်သို့ ကျရောက်လာခြင်း ဖြစ်၏။ ထို လက်ဝါးကြီး၏ ရိုက်ခတ်မှုဒဏ်ကြောင့် မြေပြင်ကြီးမှာ တစ်စစီ ကွဲအက်သွားရပြီး လေပြင်းများ စတင်တိုက်ခတ်လာသဖြင့် အဆုံးမဲ့မျိုးနွယ်စုဝင်များမှာ နောက်သို့ ဒယိမ်းဒယိုင် ဖြစ်သွားကြ၏။ ထို့နောက် တကျွီကျွီမြည်သံများ ထွက်ပေါ်လာပြီး မြေပြင်ကြီးမှာ ထက်ခြမ်းကွဲသွားတော့သည်။ နောက်ဆုံးတွင် ထို အက်ကွဲကြောင်းကြီးထဲမှ ခေါင်းတလားကြီးတစ်လုံး ထွက်ပေါ်လာ၏။
သာမန်ကာလျှံကာမျှသာ ကြည့်လိုက်မည်ဆိုလျှင်ထို ခေါင်းတလားကြီးမှာ အနက်ရောင်ဖြစ်နေသည့်ပုံ ပေါက်နေ၏။ သို့သော် သေသေချာချာ ကြည့်ရှုလိုက်မည်ဆိုပါက ၎င်းမှာ အနက်ရောင်မဟုတ်ဘဲ သွေးများ ခြောက်သွေ့သွားရာမှာ ပေါ်ပေါက်လာသည့် ခရမ်းရင့်ရောင် ဖြစ်နေသည်ကို မြင်ရပေမည်။ ထို ခေါင်းတလားကြီးပေါ်၌ အက်ကွဲကြောင်းများ စတင်ပေါ်ပေါက်လာပြီး နောက်ဆုံးတွင် ၎င်းမှာ တစ်စစီ ကြေမွပျက်စီးသွားတော့သည်။
ထိုအခါ လေထုထဲ၌ ကြောက်မက်ဖွယ်ရာ အော်ဟစ်မြည်တမ်းသံကြီးတစ်သံ ပဲ့တင်ထပ်သွားပြီး ထို ခေါင်းတလားကြီးထဲမှ အရိုးစုကြီးတစ်ခု ထွက်လာ၏။
" မိုးကောင်းကင်တာအို စိတ်ဆန္ဒပါလား "
" ဒါ... ငါတို့စခန်းရဲ့ မိုးကောင်းကင်တာအို စိတ်ဆန္ဒပဲ " အဆုံးမဲ့မျိုးနွယ်စုဝင်များမှာ ထို အရိုးစုကြီးအား မြင်တွေ့လိုက်ရသည်နှင့် ပင့်သက်များ ရှိုက်မိသွားကြ၏။ နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့် အဘိုးကြီးမှာ အသိစိတ်ပျောက်လုမတတ် ရူးသွပ်နေပြီ ဖြစ်ပါသော်လည်း သူ၏ စစ်တပ်တစ်ခုလုံးအား သတ်ဖြတ်ပစ်ရလောက်သည့်အထိတော့ အခြေအနေ မဆိုးသေးပေ။ သူသည် ထိုသို့ ကျူးလွန်မိပါက သေလူတစ်ယောက်သာ ဖြစ်သွားလိမ့်မည်ဖြစ်ကြောင်း နားလည်ထားသည်။
အဆုံးမဲ့မျိုးနွယ်စုမှာ ထိုကဲ့သို့သော လုပ်ရပ်မျိုးအား ခွင့်လွှတ်၍မရနိုင်သည့် ပြစ်မှုတစ်ခုအဖြစ် သတ်မှတ်လိုက်မည်သာ ဖြစ်သည်။ သူသည် လူတစ်ယောက်အား သတ်နိုင်ရန်အတွက်လောက်နှင့် သူ့ဘက်မှ ထိုမျှလောက် ပေးဆပ်ရန် စိတ်ကူးမရှိပေ။ သို့သော် သူသည် ဝက်ခေါင်းမျက်နှာဖုံးနှင့် ဝမ်ပေါင်လဲ့အား အလွန်အင်မတန်မှ မျက်မုန်းကျိုးနေပြီ ဖြစ်သည်။ ထို့ကြောင့်လည်း သူသည် သူတို့၏ စခန်းထဲရှိ မိုးကောင်းကင်တာအို စိတ်ဆန္ဒအား ဖျက်ဆီးပစ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
အဆုံးမဲ့မျိုးနွယ်စုထဲရှိ ဂြိုဟ်အဆင့် စစ်တပ်စခန်းတစ်ခုချင်းစီတိုင်းအား ခေါင်းတလားကြီးတစ်လုံးစီ ပေးအပ်ထား၏။ သေရေရှင်ရေး အခိုက်အတန့်များတွင် ထို ခေါင်းတလားကြီးအား ဖျက်ဆီးလိုက်မည်ဆိုပါက သတ်မှတ်ထားသည့် အကွာအဝေး တစ်ခုအတွင်းရှိ မျိုးနွယ်စုဝင်များအားလုံး အပေါ် အကျိုးသက်ရောက်နိုင်သော မန္တန်တစ်ခု ထွက်ပေါ်လာမည်ဖြစ်သည်။ ထိုမန္တန်မှာ ထို မျိုးနွယ်စုဝင်များအားလုံးကို သူတို့နှင့် အနီးဆုံးရှိ အဆုံးမဲ့မျိုးနွယ်စု ပိုင်နက်တစ်ခုဆီသို့ တည်နေရာပြောင်းရွှေ့ပေးနိုင်စွမ်း ရှိပေသည်။
၎င်း၏ မူလဇစ်မြစ်အကြောင်းကို သိထားသည့် လူအရေအတွက်မှာ မရှိသလောက်နည်းပေသည်။ သူတို့မှာ ၎င်း၏ အမည်ကိုသာ သိထားကြ၏။ ၎င်းမှာ... မိုးကောင်းကင်တာအို စိတ်ဆန္ဒ ဖြစ်ပေသည်။
၎င်းမှာ သေရေးရှင်ရေး အခိုက်အတန့်မျိုးတွင်သာ အသုံးပြုသင့်သည့် နည်းလမ်းတစ်ခု ဖြစ်၏။
နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့် အဘိုးကြီးမှာ ထို မိုးကောင်းကင်တာအို စိတ်ဆန္ဒအား အသုံးပြုရမည့်အချိန်သို့ ရောက်လာပြီဟု မှတ်ယူလိုက်၏။ သူသည် ၎င်းအား အသုံးပြုကာ စစ်တပ်ထဲရှိ ရိက္ခာများကို ခိုးယူသွားခဲ့ပြီး စခန်းအား ထိခိုက်ပျက်စီးအောင်လုပ်ခဲ့သည့် ဝက်ခေါင်းမျက်နှာဖုံးနှင့် ကျင့်ကြံသူကြီးအား သတ်ဖြတ်ပစ်မည် ဖြစ်သည်။
သူသည် မိုးကောင်းကင်တာအို စိတ်ဆန္ဒ၏ တမူထူးခြားသော ဂုဏ်သတ္တိအား အသုံးပြုကာ ဤနေရာကြီးတစ်ခုလုံးကို စစ်ဆေးကြည့်ရှုပြီးလျှင် ခေါင်းတလားကြီးက မျိုးနွယ်စုဝင်များအဖြစ် သတ်မှတ်ထားခြင်း မရှိသောလူများကို ရှာဖွေမည် ဖြစ်သည်။ ခေါင်းတလားကြီး၏ စမ်းသပ်မှုအား ကျော်လွှားနိုင်စွမ်း မရှိသည့်လူမှာ ရုပ်ဖျက်ထားသည့် ဝက်ခေါင်းမျက်နှာဖုံးနှင့် ကျင့်ကြံသူကြီး ဖြစ်ရပေမည်။ အကယ်၍ ထိုနည်းလမ်းဖြင့် မည်သူ့ကိုမှ ရှာမတွေ့လျှင်တောင် ခေါင်းတလားကြီး မျိုးနွယ်စုဝင်အားလုံးကို ဘေးကင်းလုံခြုံရာသို့ တည်နေရာပြောင်းရွှေ့ပြီးသွားသည့် အချိန်တွင် သူသည် ထိုနေရာကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်မည် ဖြစ်သည်။
ထိုအဘိုးကြီးမှာ ထိုသို့ အစီအစဉ် ချမှတ်လိုက်ပြီးနောက် အလျင်အမြန် ပြုမူလှုပ်ရှားလိုက်၏။ သူ ခေါင်းတလားကြီးအား ဆင့်ခေါ်လိုက်ပြီးနောက် ထွက်ပေါ်လာသည့် အရိုးစုကြီးမှာ ရုတ်ခြည်းဆိုသလို ထက်ခြမ်းကွဲသွား၏။ ထို့နောက် ၎င်း၏ ခန္ဓာကိုယ်ထဲမှ အနီရောင် အလင်းတန်းများ ထွက်ပေါ်လာပြီး ၎င်း၏ ပတ်ပတ်လည်တွင် ရှိနေသည့် အဆုံးမဲ့မျိုးနွယ်စုဝင်များဆီသို့ ဦးတည်သွားတော့သည်။
ထိုအနီရောင်အလင်းတန်းများမှာ အလွန်အင်မတန်မှ မြန်ဆန်လွန်းနေသောကြောင့် အဆုံးမဲ့မျိုးနွယ်စုဝင်များမှာ ရှောင်တိမ်းချိန်ပင် မရလိုက်ပေ။ စက္ကန့်ပိုင်းလေးအတွင်းတွင် ထို အလင်းတန်းများမှာ အဆုံးမဲ့မျိုးနွယ်စုဝင်တိုင်း၏ နဖူးများပေါ်သို့ ကျရောက်သွားကြ၏။ ထိုအခါ ၎င်းမှာ သူတို့၏ နဖူးများပေါ်တွင် အမှတ်အသားတစ်ခု အဖြစ်ပြောင်းလဲသွားကာ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်တစ်ခုအား ထုတ်လွှတ်လိုက်ပြီးနောက် သူတို့အား အဝေးသို့ ပို့ဆောင်ပေးလိုက်ကြတော့သည်။
နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့် အဘိုးကြီးမှာလည်း ထိုနည်းတူပင်။ သို့သော် သူသည် သူ၏ အစွမ်းထက် ကျင့်ကြံခြင်းစွမ်းအားများဖြင့် ထိုတည်နေရာပြောင်းရွှေ့မှုလုပ်ငန်းစဉ်အား အတင်းအဓမ္မ ရပ်တန့်လိုက်၏။ ထို့နောက် သူသည် သူ၏ နတ်ဘုရားအာရုံအား နေရာအနှံ့သို့ ဖြန့်ကြက်လိုက်ပြီးနောက် ကျန်ရစ်ခဲ့သည့် လူများကို လိုက်လံရှာဖွေနေလိုက်တော့သည်။
ဝမ်ပေါင်လဲ့မှာမူ အံ့ဩတုန်လှုပ်သွားရ၏။ သူသည် သူ၏ရန်သူမှာ ယခုလို အစွမ်းမျိုးကို ထုတ်သုံးလိုက်လိမ့်မည်ဟု ထင်မှတ်ထားခြင်းမရှိပေ။ သူသည် စဉ်းစားတွေးတောနေရန် အချိန်မရှိသောကြောင့် သူ၏ ပုံရိပ်ယောင်ပညာရပ်ကို အသုံးပြုကာ သူ၏ နဖူးပေါ်တွင် အနီရောင် အမှတ်အသားတစ်ခုကို ကြိုးစားဖန်တီးလိုက်၏။ သို့သော်... ယခုအကြိမ်တွင်မူ ယခင်တုန်းက သူ၏ ညွှန်ကြားချက်များအတိုင်း တဝေမသိမ်း ဆောင်ရွက်ပေးခဲ့သည့် ပုံရိပ်ယောင်ပညာရပ်မှာ မည်သည့်အရာကိုမှ မဖန်တီးပေးနိုင်ခဲ့ပေ။ ၎င်းမှာ ခေါင်းတလားကြီး၏ အစွမ်းထက် မန္တန်အား ယှဉ်နိုင်စွမ်းမရှိသောကြောင့် ပထမဆုံးအကြိမ်အဖြစ် ဝမ်ပေါင်လဲ့ ခိုင်းသည့်အတိုင်း မဆောင်ရွက်နိုင်ခဲ့ချေ။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ကြက်သေသေသွားရ၏။ သူသည် အစီအစဉ်များ ရေးဆွဲနေရန် အချိန်မရှိသောကြောင့် သူ၏စိတ်ထဲ၌ တာအိုဂါထာတော်အား စတင်ရွတ်ဖတ်နေလိုက်တော့သည်။
ထိုအချိန်တွင် နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့် အဘိုးကြီးမှာမူ ဝမ်ပေါင်လဲ့အား ရှာတွေ့သွား၏။
ထိုအခါ သူတို့နှစ်ယောက်မှာ အကြည့်ချင်းဆုံသွားကြ၏။ အကယ်၍ အကြည့်များကသာ လူသတ်နိုင်စွမ်းရှိပါက ဝမ်ပေါင်လဲ့မှာ နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့် အဘိုးကြီး၏ မျက်ဝန်းများထဲရှိ သတ်ဖြတ်လိုစိတ် အငွေ့အသက်များကြောင့် အသက်ပျောက်နေလောက်ပြီ ဖြစ်သည်။
" မင်းကိုးကွ " ထိုအဘိုးကြီးမှာ ထိုသို့ ကြိမ်းဝါးလိုက်ပြီးနောက် ရှေ့သို့ ပြေးထွက်လာ၏။ သူ၏ အမြန်နှုန်းကြောင့် သူ၏နောက်တွင် လေပြင်းမုန်တိုင်းများ တိုက်ခတ်သွားပြီး လမ်းတစ်လျှောက်ရှိ အရာအားလုံးမှာ ကြေမွပျက်စီးသွားရသည်။ အလုံးစုံ ပျက်သုဥ်းခြင်းသည်သာလျှင် သူ၏နှလုံးသားထဲရှိ ဝက်ခေါင်းမျက်နှာဖုံးနှင့် လူကြီးအပေါ် ထားရှိသော အမုန်းတရားများကို ဖြေဖျောက်ပေးနိုင်မည် ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာမူ မျက်နှာတစ်ခုလုံး ရှုံ့မဲ့မဲ့ ဖြစ်နေ၏။ သို့သော်လည်း သူသည် သူ၏ရန်သူကြီး ထိုကဲ့သို့ ပြေးလာနေသည်ကို မြင်နေရသည့်တိုင်အောင် တွေဝေတုံ့ဆိုင်းသွားခြင်း မရှိဘဲ ချက်ချင်းပင် နောက်သို့ ဆုတ်ခွာသွားလိုက်၏။ သူ ထိုသို့ ဆုတ်ခွာသွားချိန်တွင် တာအိုဂါထာတော်ကြီး၏ စွမ်းအားများမှာ ဂြိုဟ်ကြီးပေါ်သို့ ကျရောက်လာတော့သည်။
ထိုအခါ ဝမ်ပေါင်လဲ့မှာ နောက်သို့ ရုတ်တရက် လှည့်ကြည့်လိုက်ပြီး ဂုဏ်ယူဝင့်ကြွားကာ ရိုသေလေးစားမှု အပြည့်ရှိသော မျက်ဝန်းများဖြင့် ခေါင်းမော့ကာ အော်ဟစ်လိုက်တော့သည်။
" ကျွန်တော့်ကို ကယ်ပါဦး ယောက္ခမကြီးရေ "
အုန်း၊ အုန်း၊ အုန်း....
မိုးကောင်းကင်ကြီးမှာ အသွင်ပြောင်းလဲသွားပြီး တိမ်တိုက်များမှာ လွင့်ပါးပျောက်ကွယ်သွားကြပြီဖြစ်သည်။ ထိုအခိုက်အတန့်တွင် တစ်ဂြိုဟ်လုံးမှာ အပြင်းအထန် တုန်ရီသွား၏။ အဆုံးမဲ့မျိုးနွယ်စုဝင် အဘိုးကြီးမှာမူ ဆွံ့အမှင်တက်ရသွားရသည်။ အဝေးတစ်နေရာရှိ စကြဝဠာကြီးထဲမှနေ၍ ထိုတိုက်ပွဲကြီးအား ကြည့်ရှုနေသော မီးတောက်ခေါင်းဆောင်ကြီးမှာမူ မီးတောက်သစ်သီးတစ်လုံး စားနေရာမှ နင်သွားရပြီး မျက်လုံးများ ပြူးသွားတော့သည်။ သူသည် ချက်ချင်းဆိုသလိုပင် မတ်တတ်ထလာပြီး မယုံကြည်နိုင်လောက်အောင် ဖြစ်နေသည့် မျက်ဝန်းများဖြင့် ပင့်သက်ရှိုက်မိသွား၏။
" ဒီ အငွေ့အသက်ကြီးက... "