← Chapters

သတ်ဖြတ်လိုစိတ် အငွေ့အသက်တစ်ခု

Vol. 59 Ch. 820

သတ်ဖြတ်လိုစိတ် အငွေ့အသက်တစ်ခု

Vol. 59 Ch. 820

မီးတောက်ခေါင်းဆောင်ကြီးပင် အံ့ဩတုန်လှုပ်သွားရသည်ဖြစ်ရာ နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့် အဘိုးကြီးဆိုလျှင် အထူးတလည် ဖော်ပြနေစရာပင် မလိုတော့ပေ။ သူသည် သွေးပျက်သွားရပြီး ထိုစွမ်းအားကြီးကြောင့် အတွင်းကလီစာများအားလုံး ပေါက်ကွဲပျက်စီးသွားတော့မည့်အလား ခံစားလိုက်ရ၏။ သူ၏ ဝိညာဉ်မှာလည်း အချိန်မရွေး တစ်စစီစုတ်ပြဲသွားတော့မည့်ပုံ ပေါက်နေတော့သည်။

ဂြိုဟ်ကြီးပေါ်သို့ ရုပ်ခြည်းဆိုသလို ဆင်းသက်လာသည့် အငွေ့အသက်ကြီးမှာ အားကောင်းလွန်းနေသောကြောင့် လောကကြီးတစ်ခုလုံးမှာ တုန်ရီသွားရ၏။ သို့ဖြစ်ရာ စကြဝဠာကြီး၏ အစွန်းပိုင်းတွင် ရှိနေသော သတ္တဝါကြီးတစ်ကောင်မှာ အိပ်ရာမှ နိုးထလာပြီး သူတို့ဆီသို့ ဦးတည်လာနေသကဲ့သို့ပင်။ နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့် အဘိုးကြီးနှင့် ဝမ်ပေါင်လဲ့တို့ နှစ်ယောက်စလုံးမှာ ထိုကဲ့သို့ ခံစားနေကြရ၏။

" တကယ်ကြီး နိုးမလာပါနဲ့ကွာ... " ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင်ကျိတ်၍ ဆုတောင်းနေမိတော့သည်။ သူသည် သူ တာအိုဂါထာတော်အား နောက်ဆုံးအကြိမ်အဖြစ် ရွတ်ဖတ်ခဲ့စဉ်တုန်းက ပေါ်ပေါက်လာခဲ့သည့် ကြောက်မက်ဖွယ်ရာ စွမ်းအားကြီးကြောင့် ၎င်းအား ထပ်၍ အသုံးမပြုမိစေရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့၏။ သူသည် ၎င်းအား တိုက်ပွဲများထဲ၌ ဆက်လက်အသုံးပြုနေမည်ဆိုပါက တစ်ရက်ရက်တွင် စကြဝဠာကြီး၏ အခြားတစ်ဖက်ခြမ်းတွင် ရှိနေသော သတ္တဝါကြီး အမှန်တကယ် နိုးထလာမည်ကို စိုးရိမ်နေခြင်းဖြစ်သည်။

သို့သော် ယခုတွင်မူ သူသည် ရွေးချယ်စရာမရှိတော့ပေ။ ထို့ကြောင့် သူ၏ ဆင့်ခေါ်မှုကြီးကြောင့် လူတိုင်း ဆွံ့အမှင်တက်သွားရစဉ် ဝမ်ပေါင်လဲ့မှာ ချယ်ချင်းဆိုသလိုပင် နောက်သို့ ချာခနဲ လှည့်သွားပြီး အရှိန်ကုန်မြှင့်တင်ကာ အဝေးသို့ ပြေးထွက်သွားလိုက်တော့သည်။ သူသည် ခြေတစ်လှမ်းလှမ်းကာ ပျောက်ကွယ်သွားပြီးနောက် မိုင်ပေါင်းများစွာ ဝေးကွာသည့် နေရာတစ်ခုတွင် ပြန်လည်ပေါ်ပေါက်လာ၏။ ထို့နောက် သူသည် ရပ်တန့်သွားခြင်းမရှိဘဲ ထိုသို့ ထပ်၍ တည်နေရာပြောင်းရွှေ့သွားလိုက်ပြန်သည်။

အဆုံမဲ့မျိုးနွယ်စုဝင် အဘိုးကြီးမှာမူ ဝမ်ပေါင်လဲ့ အဝေးသို့ ထွက်ပြေးသွားသည်ကို ကတုန်ကယင်နှင့် ငေးကြည့်နေ၏။ သူသည် လိုက်လံဖမ်းဆီးရန် မဝံ့ရဲတော့ပေ။ ဂြိုဟ်ကြီးပေါ်သို့ ရုတ်တရက် ဆင်းသက်လာသည့် အငွေ့အသက်ကြီးမှာ အားကောင်းလွန်းနေသောကြောင့် သူသည် ၎င်း၏ မျက်မှောက်ရှေ့တွင် ပုရွက်ဆိတ်တစ်ကောင်အဖြစ် ရောက်သွားသကဲ့သို့ ခံစားနေရ၏။ ထို အငွေ့အသက်ကြီးမှာ တစ်ချက်မျှ တွေးလိုက်ရုံနှင့် သူ့အား တစ်စစီ ခြေမွှဖျက်ဆီးပစ်နိုင်စွမ်း ရှိပေသည်။ ထို့ကြောင့် သူသည် တုန်လှုပ်ချောက်ချားနေရ၏။ ထို့အပြင် သူသည် ဝမ်ပေါင်လဲ့ ပြောခဲ့သည့် စကားကိုလည်း ကြားလိုက်ရသည် မဟုတ်ပါလော။

သူသည် သူ၏ ယောက္ခမကြီးအား လှမ်း၍ အကူအညီတောင်းလိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် အဆုံးမဲ့မျိုးနွယ်စုဝင် အဘိုးကြီးမှာ ထို စကားလုံးများ၏ အဓိပ္ပါယ်ကို စဉ်းစားတွေးတောရင်း ကျောချမ်းသွားရ၏။ သူ ထိတ်လန့်တုန်လှုပ်ကာ မလှုပ်မယှက် ရပ်နေစဉ်မှာပင် ဝမ်ပေါင်လဲ့မှာ သူနှင့်ဝေးရာသို့ အမြန်ဆုံးနည်းဖြင့် ထွက်ပြေးသွားပြီ ဖြစ်သည်။ ယခုတွင် သူတို့၏ကြားမှ အကွာအဝေးမှာ ကီလိုမီတာ တစ်ထောင်ကျော်အထိ ရှိနေပြီဖြစ်သည်။

ထိုအခြင်းအရာများ အားလုံးမှာ ရုတ်ခြည်းဆိုသလို ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ ငါးစက္ကန့်အတွင်းတွင် ဝာာအိုဂါထာတော်အား ရွတ်ဖတ်ကာ ၎င်း၏ စွမ်းအားများကို ထုတ်လွှတ်လိုက်ပြီးနောက် ထွက်ပြေးသွားခဲ့ခြင်းဖြစ်၏။ ဝမ်ပေါင်လဲ့ အဝေးသို့ရောက်သွားသည်နှင့်အမျှ ထို ဂါထာတော်ကြီး၏ စွမ်းအားမှာလည်း တဖြည်းဖြည်းနှင့် အားပျော့သွားသည်။ ခဏအကြာတွင် ၎င်းမှာ လုံးဝ ရှိမနေခဲ့သည့်အလား ပျောက်ကွယ်သွားတော့သည်။ ထိုအခါ နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့် အဘိုးကြီးမှာ ထိုစွမ်းအားများ လုံးဝပျောက်ကွယ်သွားသည်ကို အာရုံခံမိလိုက်သဖြင့် တစ်ခဏမျှ ဆွံ့အမှင်တက်သွားရ၏။ ထို့နောက် သူသည် မျက်နှာပျက်သွားပြီး မျက်ဝန်းများထဲ၌ ဒေါသမီးတောက်များ တောက်လောင်လာတော့သည်။ သူသည် ဘယ်တုန်းကမှ ယခုလောက် ဒေါသမထွက်ခဲ့ဖူးပေ။

" မင်း ငါ့ကို လှည့်စားခဲ့တာပဲ " မကြာသေးမီတုန်းက ပေါ်ပေါက်လာခဲ့သည့် အစွမ်းထက် အငွေ့အသက်ကြီးမှာ သူ၏ရန်သူ ဖန်တီးထားသော အတုအယောင်တစ်ခုသာ ဖြစ်ကြောင်း သူက သဘောပေါက်သွား၏။ ထို အငွေ့အသက်ကြီးမှာ အစစ်နှင့် တစ်ထေရာတည်း တူနေခဲ့ပါသော်လည်း ဝမ်ပေါင်လဲ့မှာ ၎င်းပေါ်ပေါက်လာပြီးနောက် နောက်သို့ပင် လှည့်မကြည်ဘဲ ထွက်ပြေးသွားခဲ့သည် မဟုတ်ပါလော။ သို့ဖြစ်ရာ ထို ဖြစ်စဥ်ကြီးတစ်ခုလုံးမှာ လှည့်ကွက်တစ်ခုသာဖြစ်ကြောင်း သိနိုင်ပေသည်။

နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့် အဘိုးကြီးမှာ နောက်ထပ်တစ်ကြိမ်ထပ်၍ လှည့်စားခံလိုက်ရပြီဖြစ်ကြောင်း ခံစားလိုက်ရသဖြင့် ခေါင်းမော့ကာ အသံကုန် အော်ဟစ်မြည်တမ်းလိုက်တော့သည်။ သူ၏ ဆံပင်များမှာလည်း ဖွာလန်ကြဲနေ၏။ ထိုအချိန်တွင် သူသည် မိုးကောင်းကင်တာအို စိတ်ဆန္ဒဖြင့် ဆင့်ခေါ်ထားသော အရိုးစုကြီးအား သူ၏ ညာဘက်လက်ဖြင့် လှမ်းဆွဲလိုက်ပြီး ဝမ်ပေါင်လဲ့ လုံးဝမကြားဖူးသည့် မန္တန်တစ်ခုအား အသုံးပြုလိုက်တော့သည်။ ထိုအခါ ထို အရိုးစုကြီးမှာ မျက်လုံးများပွင့်လာပြီး မီးတောက်များမှာ ၎င်းအား လွှမ်းခြုံသွား၏။ နောက်ဆုံးတွင် ၎င်းမှာ အနီရောင် အမျှင်အတန်းလေး တစ်ခုအသွင် ပြောင်းလဲသွားပြီးနောက် ဟင်းလင်းပြင်ကြီးနှင့် တစ်သားတည်း ပေါင်းစည်းသွားသဖြင့် ၎င်းဆီမှ ထွက်ပေါ်နေသည့် ‌တည်နေရာပြောင်းရွှေ့ခြင်း အငွေ့အသက်များမှာလည်း လွင့်ပါးပျောက်ကွယ်သွားတော့သည်။ ထိုအခါ ခေါင်းဆောင်ကြီးမှာ ရှေ့သို့ ခြေတစ်လှမ်းလှမ်းလာပြီး ထို အနီရောင် အမျှင်အတန်းလေး၏ နောက်သို့ ပြေးလိုက်သွား၏။ သူ၏ မျက်ဝန်းများထဲတွင်မူ သတ်ဖြတ်လိုစိတ် အရိပ်အယောင်များ တောက်ပနေပြီး သူ၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင်လည်း ရက်စက်ကြမ်းကြုတ်မှု အငွေ့အသက်များ ရစ်ဝဲနေ၏။ ယခုတွင် သူသည် သူ၏ လက်အောက်ငယ်သားများအား သတ်မိသလို ဖြစ်သွားမည်ကိုပင် စိုးရိမ်နေခြင်း မရှိတော့ပေ။ သူ၏ ‌အသိစိတ်ထဲ၌ အတွေးတစ်ခုသာ ရှိနေတော့သည်။

၎င်းမှာ... ထို ဝက်ခေါင်းမျက်နှာဖုံးနှင့် ကျင့်ကြံသူအား နုတ်နုတ်စဉ်းပစ်လိုသည့် အတွေးပင် ဖြစ်သည်။ သူသည် ထိုသို့မလုပ်နိုင်ပါက ဤ ဖြစ်ရပ်ကြီးတစ်ခုလုံးကို မေ့ပျောက်နိုင်တော့မည် မဟုတ်ဘဲ တစ်ဘဝလုံး ခြောက်လှန့်ခံနေရသကဲ့သို့ ခံစားနေရမည်မှာ မလွဲဧကန်ပင်။

အဆုံးမဲ့မျိုးနွယ်စုဝင် အဘိုးကြီး ဝမ်ပေါင်လဲ့၏နောက်သို့ ပြေးလိုက်သွားစဉ် ဝမ်ပေါင်လဲ့၏ မျက်နှာဖုံးမှတစ်ဆင့် ထိုတိုက်ပွဲကြီးအား ကြည့်ရှုနေခဲ့သည့် မီးတောက်ခေါင်းဆောင်ကြီးမှာ အံသြတုန်လှုပ်နေရာမှ အသိစိတ် ပြန်ကပ်သွားအောင် ကြိုးစားနေရ၏။ သူသည် ဝမ်ပေါင်လဲ့၏ ဂါထာတော်ကြောင့် ပေါ်ပေါက်လာသည့် အငွေ့အသက်ကြီး ပျောက်ကွယ်သွားပြီဖြစ်ကြောင်း အာရုံခံမိလိုက်သည့်တိုင်အောင် အမူအရာ တည်ကြည်နေဆဲပင်။ သို့သော် အဆုံးမဲ့မျိုးနွယ်စုဝင် အဘိုးကြီးနှင့် မတူသည့်အချက်မှာ သူသည် ဝမ်ပေါင်လဲ့မှာ လှည့်စားခဲ့ခြင်းမဟုတ်ဟု ယုံကြည်နေခြင်းပင်။ သူသည် ဖြည်းညင်းစွာ ခေါင်းမော့လာပြီး ဝမ်ပေါင်လဲ့ ရှိနေသည့် ဂြိုဟ်ကြီး ရှိရာဘက်သို့ မဟုတ်ဘဲ စကြဝဠာကြီး၏ အတွင်းပိုင်းထဲသို့ လှမ်းကြည့်လိုက်၏။

သူသည် ထို ကြောက်မက်ဖွယ်ရာ အငွေ့အသက်ကြီး ထွက်ပေါ်လာသည့် နေရာဟု သူ အာရုံခံမိနေသော အရပ်မျက်နှာဘက်သို့ လှမ်းကြည့်နေခြင်း ဖြစ်သည်။

" အဲဒီနေရာက.... အဆုံးမဲ့တာအိုနယ်မြေရဲ့ အပြင်ဘက်မှာပဲ... " မီးတောက်ခေါင်းဆောင်ကြီးမှာ တိုးတိုးလေး ရေရွတ်လိုက်ပြီးနောက် ငြိမ်ကျသွား၏။

" အပြင်ဘက်နယ်မြေကနေ ဒီလို စွမ်းအားမျိုးကို ဆင့်ခေါ်နိုင်ဖို့ဆိုရင် အနည်းဆုံး စကြဝဠာအဆင့်မှာ ရှိနေမှရမှာလေ... ပြီးရင် သူ ချန်ရှင်းရဲ့ ပုံရိပ်ယောင်ပညာရပ်ကို ပိုင်ဆိုင်ထားတဲ့ အချက်ကိုလည်း မေ့ထားလို့ မဖြစ်ဘူး... ဒီကောင်လေးက... " မီးတောက်ခေါင်းဆောင်ကြီးမှာ တစ်အောင်ခန့်ကြာပြီးနောက် သူ၏အကြည့်အား ပြန်လည် ရုပ်သိမ်းလိုက်၏။ ထို့နောက် သူသည် သူ၏ရှေ့တွင် ရှိနေသည့် ဖန်သားပြင်အား ပြန်ကြည့်လိုက်ပြီး အဓိပ္ပါယ်လေးနက်သည့် မျက်ဝန်းများဖြင့် ဝမ်ပေါင်လဲ့အား အကဲခတ်နေလိုက်တော့သည်။

ဝမ်ပေါင်လဲ့ တာအိုဂါထာတော်အား ရွတ်ဖတ်လိုက်သည့် အချိန်တွင် တုန်ရီသွားခဲ့သည့် အခြားပစ္စည်းတစ်ခုလည်း ရှိနေသေးသည်။ နတ်မျက်လုံး ပင်မဂြိုဟ်၏ မြေအောက်ရှိ ခေါင်းတလားကြီးထဲတွင် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အစစ် လဲလျောင်းနေ၏။ ထိုအချိန်တွင် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ မမလေး ကိန်းအောင်နေသော မျက်နှာဖုံးမှာ အနည်းငယ်ခန့် တုန်ရီသွားသည်။ သို့ဖြစ်ရာ ၎င်းမှာလည်း သက်ဝင်လှုပ်ရှားလာတော့မည့်ပုံပင်။

ဝမ်ပေါင်လဲ့မှာမူ ထိုအခြင်းအရာများကို သိရှိထားခြင်းမရှိပေ။ သူသည် ကြိမ်ဖန်များစွာ တည်နေရာပြောင်းရွှေ့ကာ အဆုံးမဲ့မျိုးနွယ်စုဝင် အဘိုးကြီးအား မျက်ခြည်ဖြတ်နိုင်ခဲ့သည့်တိုင်အောင် သူ၏ နှလုံးသားထဲ၌ ခံစားနေရသည့် အန္တရာယ်များမှာ ပျောက်ကွယ်သွားခြင်း မရှိသေးပေ။ ထို့ကြောင့် သူသည် နောက်ထပ်တစ်ကြိမ် ထပ်၍ တည်နေရာပြောင်းရွှေ့လိုက်ပြီး အဝေးတစ်နေရာတွင် ပြန်လည်ပေါ်ပေါက်လာပြန်သည်။ သို့သော် သူသည် အန္တရာယ်များကို အာရုံခံမိနေဆဲပင်။ သူသည် ပုံရိပ်ယောင်ပညာရပ်အား အသုံးပြုကာ ရုပ်ဖျက်လိုက်သည့်တိုင်အောင် လိုက်လံဖမ်းဆီးခံနေရသကဲ့သို့ ဖြစ်နေသည့် ခံစားချက်ကြီးမှာ ပျောက်ကွယ်သွားခြင်း မရှိသည့်အပြင် ပို၍ပင်အားကောင်းလာ၏။

" ဘာတွေ ဖြစ်နေတာလဲဟ " ဝမ်ပေါင်လဲ့မှာ စိုးရိမ်စိတ်များ ကြီးထွားလာရပြီ ဖြစ်သည်။ သူသည် အဝေးသို့ ဆက်လက် ထွက်ပြေးသွားရင်း မျက်လုံးများမှေးကာ လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များ ဖော်လိုက်၏။ ထို့နောက် သူသည် သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး နတ်ဆိုးမျက်လုံးပညာရပ်၏ စွမ်းအားများအားလုံးကို ထုတ်သုံးလိုက်သဖြင့် ကောင်းကင်ယံထဲ၌ ပေါက်ကွဲသံကြီးတစ်သံ ပဲ့တင်ထပ်သွားတော့သည်။ ထို့နောက် အနက်ရောင်မျက်လုံးကြီးတစ်လုံးမှာ သူ၏ခန္ဓာကိုယ်ထဲတွင် မဟုတ်ဘဲ သူ၏နောက်၌ ပေါ်ပေါက်လာ၏။ ထို အနက်ရောင် မျက်လုံးကြီးမှာ အေးတိအေးစက် အငွေ့အသက်များကို ထုတ်လွှတ်နေသည်။ ထို့နောက် ၎င်းမှာ ဝမ်ပေါင်လဲ့၏ ညွှန်ကြားချက်အတိုင်း ပွင့်လာပြီး သူ့အား စိုက်ကြည့်လိုက်တော့သည်။

ထိုအခါ ဝမ်ပေါင်လဲ့မှာ အမူအရာပြောင်းလဲသွား၏။ သူသည် နတ်ဆိုးမျက်လုံးပညာရပ်မှ တစ်ဆင့် သူ၏ခန္ဓာကိုယ်ပေါ်တွင် တွယ်ကပ်နေသည့် အနီရောင် အမျှင်အတန်းလေးတစ်ခုကို မြင်လိုက်ရခြင်း ဖြစ်သည်။

၎င်းမှာ သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာပြီး အာကာသကြီးထဲသို့ ဆန့်တန်းသွားနေသည့်ပုံ ပေါက်နေ၏။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ရင်ခုန်သံများ တစ်ခဏမျှ ရပ်တန့်သွားရပြီး တစ်ခေါင်းလုံး ထူပူသွားအောင် စဉ်စားတွေးတောလိုက်တော့သည်။ ထို အမျှင်အတန်းလေး သူ၏ ခန္ဓာကိုယ်ပေါ်၌ တွယ်ကပ်နေသရွေ့ သူသည် လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ကြောင်း သိထား၏။ သူ၏ရန်သူမှာ အနှေးနှင့်အမြန် သူ့အား လိုက်မီသွားမည်သာ ဖြစ်သည်။ သို့ဖြစ်ရာ သူ့တွင် ရွေးချယ်စရာနှစ်ခုသာ ရှိတော့ပေသည်။

သူသည် ဆက်လက် ပြေးလွှားကာ အချိန်နှစ်နာရီ ကုန်သွားသည့်အထိ အချိန်ဆွဲနိုင်ရန် ကြိုးစားနိုင်ပေသည်။ ထိုသို့သာဆိုပါက တာဝန်ပြီးဆုံးသွားချိန်တွင် သူ၏မျက်နှာဖုံးမှာ သူ့အား ဘေးကင်းလုံခြုံရာသို့ ပြန်၍ တည်နေရာပြောင်းရွှေ့ပေးမည် ဖြစ်သည်။

သို့မဟုတ် သူသည် ထွက်မပြေးဘဲ အသေခံတိုက်ခိုက်နိုင်ပေသည်။ အကယ်၍ သူသာ အနိုင်ရရှိသွားမည်ဆိုပါက ထိုတိုက်ပွဲမှာ သူ၏ လက်ရှိကျင့်ကြံခြင်းအဆင့်အား ဖောက်ထွက်နိုင်အောင် ကူညီပေးနိုင်လိမ့်မည်ဟု ဝမ်ပေါင်လဲ့က ခံစားနေရ၏။ သို့သော် ရှုံးနိမ့်သွားလျှင်မူ စဉ်းစားနေစရာပင် မလိုပေ။

သူသည် အချိန်အကြာကြီး စဉ်းစားတွေးတောနေခြင်း မရှိဘဲ ဆုံးဖြတ်ချက်ချလိုက်ပြီး မျက်ဝန်းများထဲ၌ ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ တောက်ပလာတော့သည်။ သူသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ ဒုတိယနည်းလမ်းအား ရွေးချယ်လိုက်ခြင်းဖြစ်၏။ ပထမနည်းလမ်းအတိုင်းသာ ဆိုပါက သူသည် အချိန်ပြည့်သည့်အထိ ရန်သူ၏ လက်မှ လွတ်မြောက်အောင် ထွက်ပြေးနိုင်ရန်မှာ ဖြစ်နိုင်ခြေ သိပ်မရှိပေ။ အကယ်၍ သူ၏ရန်သူသာ သူ့အား လိုက်မီသွားမည်ဆိုပါက မလွဲမသွေ တိုက်ခိုက်ရမည်သာ ဖြစ်သည်။

သို့ဖြစ်ရာ သူသည် အပင်ပန်းခံကာ ထွက်ပြေးပြီးမှ တိုက်ခိုက်ရမည့်အစား... ယခုချက်ချင်း အသေခံတိုက်ခိုက်လိုက်မည်သာ ဖြစ်သည်။

" ဒီလိုပဲ လုပ်ကြတာပေါ့ " ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အရောင်တောက်ပသွား၏။ သူသည် ပြေးလွှားနေသည့် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီးနောက် နောက်သို့လှည့်လာပြီး သူ၏ ပုံရိပ်ယောင် ပညာရပ်အား ဖျောက်ဖျက်လိုက်သည်။ ထိုအခါ ဝက်ခေါင်းမျက်နှာဖုံးကြီး ပြန်လည်ပေါ်ပေါက်လာ၏။ တစ်ချိန်ထဲမှာပင် သူသည် ညာဘက်လက်ကိုမြှောက်ကာ မန္တန်လက်ကွက်တစ်ခု ဖော်လိုက်ပြန်သည်။ ထို့နောက် သူသည် မီးတောက်ခေါင်းဆောင်ကြီး၏ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ကာ ထို မျက်နှာဖုံးထဲရှိ ကျိန်စာစွမ်းအားများကို ထုတ်လွှတ်လိုက်တော့သည်။

ထိုကျိန်စာအား အသုံးပြုနိုင်ရန် အချိန်လိုအပ်သည်။ ဝမ်ပေါင်လဲ့မှာ အချိန်များများစားစား မရှိသည့်တိုင်အောင် ထိုကျိန်စာအား အချိန်မီ ထုတ်သုံးနိုင်ခဲ့၏။ သူ မန္တန်လက်ကွက်များ ဖော်လိုက်ချိန်တွင် ထို မျက်နှာဖုံးပေါ်၌ သွေးကြောများ စတင်ပေါ်ပေါက်လာ၏။ ၎င်းတို့မှာ တဖြည်းဖြည်းနှင့် ပို၍များလာကာ မျက်နှာဖုံးတစ်ခုလုံးအား ဖုံးလွှမ်းသွားပြီး နောက်ဆုံးတွင် သွေးနီရောင် ပန်းပွင့်တစ်ပွင့်အဖြစ် ပြောင်းလဲသွားတော့သည်။

၎င်းမှာ ပွင့်ဖတ်ခုနစ်ခုပါသော ပန်းပွင့်တစ်ပွင့်ဖြစ်ပြီး ပွင့်ဖတ်တစ်ခုချင်းစီပေါ်တွင် လူမျက်နှာတစ်ခုစီ ရှိနေသည်ကို ခပ်ရေးရေးခန့် မြင်နိုင်ပေသည်။ ထို မျက်နှာများမှာ ပျော်ရွှင်မှု၊ အမျက်ဒေါသ၊ ဝမ်းနည်းမှု အစရှိသော လူ့ခံစားချက်မျိုးစုံကို ဖော်ပြနေကြသဖြင့် ထိုမြင်ကွင်းကြီးမှာ ကျောချမ်းဖွယ်ရာကောင်းနေ၏။ ထို မျက်နှာဖုံး၏ မျက်လုံးများ ရှိ‌နေရမည့် နေရာတွင် အပေါက်နှစ်ပေါက်ရှိနေပြီး ထိုအပေါက်နှစ်ပေါက်ထဲတွင် ဝမ်ပေါင်လဲ့၏ မျက်လုံးများ စူးရှစွာတောက်ပနေသည်ကို မြင်နိုင်ပေသည်။

ဝမ်ပေါင်လဲ့မှာ သူ၏ကျိန်စာအား အဆင်သင့်ပြင်ထားလိုက်ပြီးနောက် ဘယ်ဘက်လက်ကိုမြှောက်ကာ နောက်ထပ် မန္တန်လက်ကွက်တစ်ခု ထပ်ဖော်လိုက်ပြန်သည်။ ထိုအခါ နတ်ဆိုးမျက်လုံးပညာရပ်မှတစ်ဆင့် ဆင့်ခေါ်ထားသည့် အနက်ရောင်မျက်လုံးကြီးတစ်လုံးမှာ သူ၏နောက်တွင် ပေါ်ပေါက်လာသည်။

သူသည် ထိုမျှလောက်နှင့် လုံလောက်မှုမရှိသေးဟု ခံစားနေရ၏။ ထို့ကြောင့် သူ၏ အသိစိတ်ထဲ၌ တစ်ချက်တွေးလိုက်သောအခါ အနက်ရောင်မီးတောက်များမှာ သူ၏ ခန္ဓာကိုယ်ထဲမှ ထိုးထွက်လာကြပြီး ကောင်းကင်ပေါ်အထိ မြင့်တက်သွားကြသည်။ ၎င်းတို့မှာ အမှောင်မီးတောက်များ ဖြစ်ပေသည်။

ထိုအခါမှသာ သူသည် အဆင်သင့်ဖြစ်သွားပြီဟု ခံစားလိုက်ရ၏။ ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများကို တည်ငြိမ်အောင် ထိန်းသိမ်းလိုက်ပြီးနောက် အာရုံစူးစိုက်လိုက်၏။ သူ၏မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုစိတ် အရိပ်အယောင်များ တောက်ပနေသည်။ သူ၏ရန်သူ၏ ကျင့်ကြံခြင်းအဆင့်အား လျှော့ချပေးမည့် ကျိန်စာမှာ ကောင်းကင်ဘုံမှ ချီးမြှင့်ထားသည့် နတ်ဘုရားစွမ်းရည်တစ်ခုကဲ့သို့ပင်။ ထိုစွမ်းရည်နှင့်သာ ဆိုပါက သူသည် ဂြိုဟ်များကိုပင် နေရာရွှေ့ကာ ကြယ်တာရာများကို အသွင်ပြောင်းလဲပစ်နိုင်လိမ့်မည်ဟု ယုံကြည်နေသည်။

နတ်ဆိုးမျက်လုံးပညာရပ်၏ အဖျက်စွမ်းအားများမှာမူ ကမ္ဘာမြေကြီး၏ စွမ်းအားများကဲ့သို့ပင်။ ဝမ်ပေါင်လဲ့မှာ ထိုစွမ်းအားများကြောင့် အစွမ်းထက် စစ်တပ်ကြီးတစ်ခုအား ပိုင်ဆိုင်ထားသကဲ့သို့ ခံစားနေရ၏။

ထို့အပြင် သူ၏ ပတ်ပတ်လည်၌ အသံတိတ် ပေါက်ကွဲမှုတစ်ခု ပေါ်ပေါက်လာ၏။ ထိုပေါက်ကွဲမှု၏ ပြင်းအားကြောင့် တိမ်တိုက်များ လွင့်စင်ပပျောက်သွားရပြီး ကမ္ဘာမြေကြီးမှာ တုန်ရီသွားရသည်။ ထို့ကြောင့် သူသည်... စစ်မြေပြင်ထဲ၌ အသေခံတိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေသည့် စစ်သည်‌တော်တစ်ယောက်နှင့် တူနေတော့သည်။

ထိုအချိန်တွင် လျှို့ဝှက်ဆန်းကြယ် အငွေ့အသက်တစ်မျိုးမှာ ထိုစစ်မြေပြင်ထဲသို့ ဆင်းသက်လာ၏။ ဝမ်ပေါင်လဲ့မှာ ၎င်းအား သတိထားမိသည့်ပုံ မပေါ်ပေ။ ပုံမှန်အတိုင်းဆိုလျှင် ဝမ်ပေါင်လဲ့ဆီသို့ ပြေးလာနေသည် နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့် အဘိုးကြီးမှာ ထိုအငွေ့အသက်အား အာရုံခံမိခဲ့သင့်ပါသော်လည်း တစ်စုံတစ်ယောက်မှာ သူ၏ အာရုံခံနိုင်စွမ်းများကို နှောင့်ယှက်ထားသည့်ပုံပင်။ ထို့ကြောင့် သူသည် သူ၏ရှေ့တွင်ရှိနေသော အန္တရာယ်ကြီးအား အာရုံခံနိုင်စွမ်းမရှိဘဲ ဖြစ်နေရ၏။

ထိုတစ်စုံတစ်ယောက်မှာ ဝမ်ပေါင်လဲ့အား စောင့်ကြည့်နေသော မီးတောက်ခေါင်းဆောင်ကြီး ဖြစ်ပေသည်။ သူသည် ဝမ်ပေါင်လဲ့တစ်ယောက် ဆုံးဖြတ်ချက်ချလိုက်သည်ကို မြင်ခဲ့ရသည်မဟုတ်ပါလော။ မီးတောက်ခေါင်းဆောင်ကြီးမှာ ဝမ်ပေါင်လဲ့၏ လုပ်ရပ်များအားလုံးကို မျက်ဝါးဝါးထင်ထင် မြင်ခဲ့ရသည့်ဖြစ်ရာ သူ့အား သဘောကျနှစ်သက်နေပြီး မျက်ဝန်းများထဲ၌ ချီးကျူးလိုသည့် အရိပ်အယောင်များ တောက်ပလာတော့သည်။

" သူနဲ့ အပြင်ဘက်နယ်မြေရဲ့ကြားမှာရှိတဲ့ ချိတ်ဆက်မှုတွေနဲ့ ချန်ရှင်းနဲ့ သူ့ရဲ့ကြားက ဆက်ဆံရေးတွေကို ထည့်မတွက်ရင်တောင်.... သူ့ရဲ့ ရဲစွမ်းသတ္တိ တစ်ခုတည်းနဲ့တင် သူ့ကို ချီးကျူးသင့်နေပါပြီ။ အဲတာကြောင့်မလို့... ငါ မင်းကို ဒီတစ်ခေါက်တော့ ကူညီပေးလိုက်မယ်။ မင်း ဒီအခွင့်အရေးကို ကောင်းကောင်းအသုံးချနိုင်မလားဆိုတာ ကြည့်ကြတာပေါ့။ တကယ်လို့ မင်း ဒီတစ်ခေါက် အောင်မြင်သွားခဲ့မယ်ဆိုရင် နောက်ကျရင် အခွင့်အလမ်းတွေ အများကြီးနဲ့ ကြုံရမှာ အသေအချာပဲ "

All Chapters