← Chapters

အခန်း (၈၁၈)

Vol. 59 Ch. 818

အခန်း (၈၁၈)

Vol. 59 Ch. 818

မိုဝူကျိက သူ့ဘေးပတ်လည် နေရာမှာ အပျက်အစီး အပုံလိုက် ဖြစ်သွားကြောင်း တွေ့လိုက်ရသည့်အခါ လက်ချောင်းကို ပြန်ရုတ်သိမ်းလိုက်၏။

“ ဝူကျိ  …. ဒါက နည်းနည်း …” ဖုန်းဟွမ်၏ အသံတစ်ဖန် ထွက်ပေါ်လာပြန်သည်။ သူ့မျက်နှာအထက်၌ ကူကယ်ရာမဲ့သည့် အမူအယာမျိုး ဖြစ်နေသည်။ သူက မိုဝူကျိသည် တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာသည်နှင့် ဤသို့ တုန်လှုပ်စရာမျိုး ဖြစ်စေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူက မီဖေးကုန်သွယ်ရေး အဖွဲ့ကို ဖျက်စီးလိုက်ခြင်းမှာ မဆိုးပေ။ မည်သို့ပင် ဆိုစေကာမူ မီဖေးကုန်သွယ်ရေး အဖွဲ့ပိုင်နက်မှာ မိုဝူကျိ အပိုင် ဖြစ်နေလေပြီ။ သို့သော်လည်း စကြဝဠာအစွန်း၏ ကာကွယ်ရေး အစီအရင်ကို ဖျက်စီးလိုက်ခြင်းမှာ အရေးမထားဘဲ နေ၍ ကိစ္စ မဟုတ်ပေ။

“ အားနာပါတယ်ဗျာ …. ကျုပ် စောစောလေးက သတိလွတ်သွားတယ် ”

မိုဝူကျိက ထိုသို့ပြောလိုက်သော်လည်း အားနာသည့်အရိပ်အယောင်ပင် ရှိမနေချေ။ ယခင် သူက သတ္တကမ္ဘာ လက်ချောင်း၏ ဒုတိယမြောက် လောကနှိမ်နှင်းရေး တိုက်ကွက်ဖြစ်သည့် မိုးမြေ ဉာဏ်အလင်းပွင့်လာခြင်း ဖြစ်ပေသည်။ အကယ်၍ သူ ချက်ချင်း ကြိုးစားမကြည့်ပါက အမှန်တကယ်ဟု ခံစားမိမည် မဟုတ်ပေ။

ထို့အပြင် မိုဝူကျိက စကြဝဠာအစွန်းတွင် ရှိနေပြီ ဖြစ်ရာ ဂရုမစိုက်ပေ။ စကြဝဠာအစွန်း၌ လူသားမျိုးနွယ်များစွာက သေဆုံးထားရပြီး လက်ရှိ မည်သူကမှ သူ့အား လာရောက်နှစ်သိမ့်မပေးမည်ကို စိုးရိမ်နေမိသည်။ ပြောရမည်ဆိုလျှင် စကြဝဠာအစွန်း၌ ပိုင်နက်နှင့် ချမ်းသာကြွယ်ဝမှုများကို ပိုင်းဖြတ်ပေးနိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ သတ်ဖြတ်ခြင်း ဖြစ်၏။

ထို့အပြင် သူက စကြဝဠာအစွန်း၏ ကာကွယ်ရေး အစီအရင်ကို တမင်သပ်သပ် ဖျက်စီးပစ်လိုက်ခြင်း ဖြစ်ပေသည်။ “အဟောင်းရှိနေသရွေ့ အသစ်မဝင်”  စကားပုံတောင် ရှိသေးသည် မဟုတ်ပါလော။ ထို့ကြောင့် ယခင်ရှိနေသည့်အရာကို အကြောင်းပြချက် ရှာ၍ ဖျက်စီးပစ်လိုက်ခြင်းသာ ဖြစ်သည်။ အကယ်၍ သူက တစ်ခြားလူ၏ အစီအရင်အောက်တွင် နေနေရပါက မိုဝူကျိက စိတ်ဖြောင့်မည် မဟုတ်ပေ။

ဖုန်းဟွမ်က ရုတ်တရက် ဆက်သွယ်ကာ

“ လူသားမျိုးနွယ်စု ကျင့်ကြံသူတွေ စကြဝဠာအစွန်းဆီ ရောက်လာပြီ? ကျုပ်လည်း သင့်တော်တာကို စီစဉ်ပေးထားပါတယ်။ သူတိုတွေ ရောက်လာတော့ သွေးစုပ်မျိုးနွယ်၊ ပင်လယ်မျိုးနွယ်နဲ့ နတ်ဘုရားမျိုးနွယ်တွေက  အပြင်းအထန် ဆန့်ကျင်ကြသေးတယ်။ ကျုပ်က သူတို့အားလုံးကို အကောင်းဆုံး ဖြောင့်ဖြထားပေမဲ့ သူတို့က လူသားမျိုးနွယ်တွေကို ဆက်သတ်နေတုန်းပဲ ….

အစက ခင်ဗျားကို လာအကြောင်းကြားဖို့ လုပ်ပေမဲ့ ခင်ဗျားရဲ့ အသိအမြင်ပေါ် သက်ရောက်မှု ရှိသွားမှာကို စိုးရိမ်မိလို့ပါ။ ယွမ်မိုနဲ့ ကျုပ် တာအိုသခင် နယ်မြေကလူတွေ ရှိနေတာ ကံကောင်းတာပဲ … သူတို့က ခင်ဗျားကို ကြောက်ကြတော့ သူတို့တွေ ယာယီတော့ ရပ်သွားကြတယ် ”

မိုဝူကျိ ဘေးပတ်လည်တွင် အစီအရင်များ ခင်းကျင်းထားသော်လည်း အသိဉာဏ်ပွင့်သည့်အခါ အပြင်ဘက်မှ လွှမ်းမိုးနိုင်သော အရှိန်အဝါများကို ခံစားမိနေရဆဲ ဖြစ်သည်။ ဖုန်းဟွမ်က မိုဝူကျိ၏ လျို့ဝှက်တိုက်ကွက်မှာ ပို၍ အားကောင်းလာစေလိုသည်။ အခြားသော အင်အားစုများမှာ သူ့ထိန်းချုပ်မှုအောက်တွင် ရှိနေဆဲ ဖြစ်သည့်အတွက် မိုဝူကျိအား မနှောင့်ယှက်ရန် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။

ဖုန်းဟွမ် စကားအဆုံးတွင် အဆင့်မြင့် ကျင့်ကြံသူ ဆယ်ယောက်ကျော်က မီဖေးကုန်သွယ်ရေး အဖွဲ့ရှေ့ ရောက်လာကြသည်။

မိုဝူကျိ စိတ်ထဲ ဒေါသတို့ တောက်လောင်လာသည်။ ယွမ်မိုနှင့်သူက အင်မော်တယ် ဧကရာဇ် အယောက် ၂၀ လောက်ကို သတ်ခဲ့သော်လည်း ထိုလူများဆီမှ  သူတို့လူသားမျိုးနွယ် အသတ်ဖြတ်ခံရခြင်းကို မကာကွယ်နိုင်သေးဘူးလား။ အမြင်နှင့်တင် သူ့နည်းလမ်းက လုံလုံလောက်လောက် ရက်စက်ဟန် မပေါ်သေးပေ။ သူ့အနေနှင် ခပ်ကြမ်းကြမ်း လုပ်ဆောင်ပစ်ရမည်။

မိုဝူကျိက သူ့သတ်ဖြတ်ငွေ့ကို ဖုံးကွယ်ကာ လူအုပ်ကြီးအား စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့်လိုက်သည်။ သူက ထိုလူဆယ်ယောက်ကျော်၌ တာအိုဧကရာဇ် သုံးယောက်၊ မဟာဧကရာဇ် ငါးယောက်၊ ခြောက်ယောက်နှင့် ကျန်လူများမှာ အင်မော်တယ် ဧကရာဇ် နောက်ပိုင်းအဆင့် ကျင့်ကြံသူများဖြစ်မှန်း ချက်ချင်း သိလိုက်သည်။ မိုဝူကျိက အင်မော်တယ် ဧကရာဇ် အစောပိုင်းအဆင့်နှင့် အလယ်အလတ်အဆင့်ကိုပင် မတွေ့မိပေ။

ယခင် မိုဝူကျိက မီဖေးကုန်သွယ်ရေး အဖွဲ့ကို ဖျက်သိမ်းလိုက်စဉ်အခါက မည်သူမှ ထွက်မလာကြပေ။ သို့သော် သူက စကြဝဠာအစွန်း၏ အစီအရင်ကို ဖျက်စီးလိုက်သည်နှင့် အုပ်စုလိုက် ရောက်ရှိလာကြသည်။

အရပ်မြင့်မြင့် ဆံနီ အမျိုးသားက မိုဝူကျိရှေ့ ရောက်လာကာ လက်နှစ်ဖက် ယှက်လိုက်ရင်း

“ အိမ်တော်သခင်မို … ခင်ဗျားရဲ့ လျို့ဝှက်တိုက်ကွက်တွေ အားကောင်းတာကို ကျုပ်တို့ သိပါတယ်။ စကြဝဠာအစွန်းမှာ ခင်ဗျား ရောက်လာတာကိုလည်း ကြိုဆိုပါတယ်။ ဒါပေမဲ့  ခင်ဗျား ရောက်ရောက်ချင်း စကြဝဠာအစွန်းရဲ့ ကာကွယ်ရေး အစီအရင်ကို ဖျက်စီးပစ်လို့ မဖြစ်ဘူးလေ။  ခင်ဗျားနဲ့ နတ်ဘုရားမျိုးနွယ်ကြားမှာ ရန်ငြိုးရှိတာကို သိပါတယ်။ ဒါပေမဲ့ စကြဝဠာအစွန်းမှာ တခြားမျိုးနွယ်စုတွေလည်း ရှိနေတယ်လေ။ အိမ်တော်သခင်မိုအနေနဲ့ ရှင်းပြချက် ပေးဖို့ တောင်းဆိုပါတယ် မဟုတ်ရင်တော့  …. ”

မိုဝူကျိက သွေးစုပ်မျိုးနွယ်၏ ထိပ်တန်းအဆင့်မြင့် ကျင့်ကြံသူ ရွယ်လုနှင့် တိုက်ခိုက်ဖူးပေသည်။ ဤအရပ်မြင့်မြင့် ဆံနီ အမျိုးသား ရှေ့ထွက်လာသည်နှင့် မိုဝူကျိက ဤလူမှာ သွေးစုပ်မျိုးနွယ်မှ ဖြစ်ကြောင်း သိလိုက်သည်။ ဤလူ၏ ကျင့်ကြံဆင့်မှာ မဟာဧကရာဇ်အဆင့်အထက် ဖြစ်လေရာ တာအိုဧကရာဇ်အဆင့် တည်ရှိမှုမျိုး ဖြစ်ပေမည်။

“ ဒါက သွေးစုပ်မျိုးနွယ်ရဲ့ တာအိုဧကရာဇ် နီကိုင်ပါ ..” ဖုန်းဟွမ်က စိတ်ဖြင့်ဆက်သွယ်ကာ ပြောလိုက်သည်။

“ မဟုတ်ရင်တော့ ဘာဖြစ်လဲ …. ကျုပ်ကို တိုက်ချင်တာလား ” မိုဝူကျိက အေးစက်စွာ ပြောလိုက်ပြီးနောက် သူ့အရှိန်အဝါမှာ သိသိသာသာ မြင့်တက်လာသည်။ အကယ်၍ သွေးစုပ်မျိုးနွယ်မှ လူများ ရောက်မလာလျှင်ပင် သူက သွားရှာမည် ဖြစ်၏။

သူ မိုဝူကျိ ပြန်ရောက်လာပြီးသည့်နောက်တွင်ပင် သူတို့က စကြဝဠာအစွန်း၌ လူသားမျိုးနွယ်ကို ဆက်လက် သတ်ဖြတ်နေကြသေးသည် မဟုတ်ပါလော။ သူ မိုဝူကျိက ထိုမျှ ဖော်ရွှေတတ်သည့်သူ မဟုတ်ပေ။

ဤသို့ စကြဝဠာအစွန်းလို နေရာမျိုး၌ အားကောင်းသူသာ  ပြောဆိုခွင့် ရှိပေသည်။ မဟုတ်လျှင် ဒူးထောက်၍ တောင်းပန်နေလျှင်ပင် မည်သူကမှ သနားကြမည် မဟုတ်ပေ။

နီကိုင်၏ အမူအယာမှာ အနည်းငယ် ပြောင်းလဲသွားလေ၏။ သူက မိုဝူကျိသည် သူတို့အား အရေးမပေးဘဲ နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

သူက မပြောနိုင်ခင် နောက်ထပ် တာအိုဧကရာဇစ် တစ်ဦး ရှေ့တက်လာကာ လက်နှစ်ဖက် ယှက်လိုက်ရင်း

“ စကြဝဠာအစွန်းက တာအိုရောင်းရင်းတို့ အမြင်နဲ့တင် အိမ်တော်သခင်မိုက သူ့အင်အားကို သုံးပြီး စကြဝဠာအစွန်းကို ပိုင်စိုးချင်နေတာ နေမှာပေါ့။ လွန်ခဲ့တဲ့ရက်တုန်းက သူက လူသားမျိုးနွယ် ကျင့်ကြံသူ တစ်သိန်းကျော်ကို နေစရာရွေ့ပြောင်းပေးခဲ့တယ်။ အခု သူက စကြဝဠာအစွန်းရဲ့ ကာကွယ်ရေး အစီအရင်ကို လူသိရှင်ကြား ဖျက်စီးပစ်ခဲ့တယ်။ စကြဝဠာအစွန်းက အားလုံးရဲ့အပိုင်ပါ။

အားလုံးက တာအိုဧကရာဇ် နီကိုင်နဲ့ ကျုပ်နဲ့အတူတူ ရပ်တည်ပေးပြီးတော့ အိမ်တော်သခင်မိုရဲ့ လျို့ဝှက်တိုက်ကွက်တွေ ဘယ်လောက် အားကောင်းနေလဲ ကြည့်ကြည့်ရအောင် ”

မြောက်များစွာသော အဆင့်မြင့်ကျင့်ကြံသူများက ရှေ့ထွက်လာပြီး တာအိုဧကရာဇ် နှစ်ယောက်ဘေး ရပ်ကာ  မိုဝူကျိအား ခက်ထန်စွာ ကြည့်လိုက်ကြသည်။

မည်သူကမှ မလှုပ်ရှားသေးသော်လည်း သူတို့ဘေးပတ်လည်ရှိ နေရာမှာ ထိုလူများ၏  စွမ်းအားစက်ကွင်းများနှင့် ပြည့်နှက်လာလေ၏။

“ ဝူကျိ ငါ ယွမ်မို ရောက်လာပြီ ” အရပ်ရှည်ရှည် ယွမ်မိုက သူတို့ကြား ဆင်းလာလိုက်သည်။ ယွမ်မို ဝင်လာသည်နှင့် စွမ်းအားစက်ကွင်းများ၏ ဖိအားမှာ သိသိသာသာ လျော့ဆင်းသွားပေ၏။

“ ကျုပ် လုကျီတင်းလည်း ရောက်ပြီ ”

“ ကျုပ် ကျဲယင်လည်း ပါပါတယ် ”

“ ကျမ ဝမ်လန်လည်း ရောက်လာပြီ … ”

မိုဝူကျိဘေးသို့ ပုံရိပ်သုံးခု ကျရောက်လာသည်။ ကျဲယင်မှလွဲ၍ မိုဝူကျိက လုကျီတင်းနှင့် ဝမ်လန်တို့အား မှတ်မိပေသည်။

မိုဝူကျိက ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူ့ရှေ့တွင် ရပ်နေသော အဆင့်မြင့် ကျင့်ကြံသူများအား စိုက်ကြည့်ကာ

“ အရင်က ကျုပ် စကြဝဠာအစွန်းရဲ့ ကာကွယ်ရေး အစီအရင်ကို မတော်တဆ ဖျက်စီးမိခဲ့တယ်။ အဲအတွက် တောင်းပန်ပါတယ်။ ကျုပ်ကိုယ်တိုင် အစီအရင်ကို ပြန်ပြင်ပေးမယ်။ တကယ်လို့ ကျုပ်တို့ လူသားမျိုးနွယ်နဲ့ ရန်သူဖြစ်လာဖို့ စိတ်ကူးမရှိရင် နောက်ဆုတ်နေကြပါ ….

စကြဝဠာအစွန်းမှာ ကျုပ် လူတွေကို သတ်ထားတဲ့သူတွေကတော့ နောက်ဆုတ်ဖို့ မလိုဘူး။ သူတို့နောက်ဆုတ်လည်း ကျုပ်က သတ်မှာပဲ … ”

သူတို့က မိုဝူကျိ စကားကို ကြားလိုက်ကြည့်အခါ နဂိုက တုံ့ဆိုင်းနေကြသော  မြောက်များစွာသော အင်မော်တယ် ဧကရာဇ်များနှင့် မဟာဧကရာဇ်များက နောက်ဆုတ်လိုက်ကြသည်။

မိုဝူကျိက တာအိုဧကရာဇ်များကိုပင် အလွယ်တကူ သတ်နိုင်ခဲ့သည့်အပြင် သူ သတ်ထားသော အင်မော်တယ် ဧကရာဇ်များ၏ အရေအတွက်မှာ အံ့ဖွယ် ဖြစ်ပေသည်။ အကယ်၍ သူတို့သာ ဤလူအား ယနေ့မသတ်နိုင်ခဲ့လျှင် နောင်အခါ၌ သူတို့မျိုးနွယ်စုအပေါ် ကပ်ဘေး ဖိတ်ခေါ်သလို ဖြစ်သွားပေလိမ့်မည်။ ထို့အပြင် ဤနေရာရှိ မည်သူကမှ အရူး မဟုတ်ပေ။ နတ်ဘုရားမျိုးနွယ်က သူတို့အား အသုံးချလိုနေသည်ကို မည်သူက မသိဘဲ နေမည်နည်း။ အကယ်၍ နတ်ဘုရားမျိုးနွယ်စုက မိုဝူကျိအား ဖိနှိပ်နိုင်လျှင် သူတို့အနေနှင့် အသုံးချခံရသည့်ကိစ္စအား စိတ်ထဲ မထားပေ။ သို့သော်လည်း လက်တွေ့မှာ နတ်ဘုရားမျိုးနွယ်ပင် လုပ်နိုင်စွမ်း မရှိလေရာ မည်သူကများ ကြိုးဆွဲခံဖို့ လိုလားကြမည်နည်း။

အကယ်၍ စကြဝဠာအစွန်း၏ ကာကွယ်ရေး အစီအရင်မှာ ပကတိအတိုင်း ကျန်ရှိနေသေးသည်ဆိုလျှင် သူတို့က မိုဝူကျိအား အုပ်စုဖွဲ့တိုက်ဖို့ ကြိုးစားမိပေလိမ့်မည်။ သို့သော် ယခုတွင် ကာကွယ်ရေး အစီအရင်မှာ မိုဝူကျိကြောင့် တစစီ ဖြစ်သွားလေပြီ။ သူက တမင် လုပ်သည် ဖြစ်စေ၊ မလုပ်သည် ဖြစ်စေ မိုဝူကျိအား သတ်ဖို့ ခက်ခဲမှုမှာ တိုးလာသည့်အချက်အား မငြင်းဆန်နိုင်ပေ။

ထို့အပြင် မိုဝူကျိတွင် အင်မော်တယ် ဧကရာဇ်သုံးယောက်နှင့် တာအိုဧကရာဇ် တစ်ယောက်ရှိနေသေး၏။ တာအိုသခင်ဖုန်းဟွမ်က မိုဝူကျိဘက်မှ ဖြစ်သည့်အချက်ကို ထည့်တွက်လိုက်လျှင် မည်သူကများ ထိုစွန့်စားမှုကို လုပ်ချင်မည်နည်း။

မိစ္ဆာမျိုးနွယ်မှ တာအိုဧကရာဇ် နောက်ဆုတ်လိုက်သည်ကို မြင်၍ သွေးစုပ်မျိုးနွယ်၏ တာအိုဧကရာဇ်က နောင်တရလာမိသည်။ သူက နတ်ဘုရားမျိုးနွယ်စုကြောင့် ရိုက်စားလုပ်ခံရသလို ခံစားနေရသည်။

ယခင် ဖုန်းဟွမ်၏ ခွင့်ပြုချက်ဖြင့် လူသားမျိုးနွယ် တစ်သိန်းကျော်မှာ စကြဝဠာအစွန်းသို့ ပြောင်းရွေ့လာလေ၏။ နတ်ဘုရားမျိုးနွယ်စုက သူ့အား ဖိတ်ကြားကာ ဖုန်းဟွမ်အပေါ် အတွေးအမြင်တချို့ ဖော်ပြဖို့ သွေးစုပ်မျိုးနွယ်အား ကိုယ်စားပြုခိုင်းခဲ့သည်။ သို့သော်လည်း နတ်ဘုရားမျိုးနွယ်စုက လူသားမျိုးနွယ်စုအား သတ်ဖို့ တစ်ခါမှ မပြောဖူးပေ။ သူ့သွေးစုပ်မျိုးနွယ်က စကြဝဠာအစွန်း၌ ခြေကုပ်ရဖို့ လိုအပ်နေသည် ဖြစ်ရာ ထိုနယ်မြေကို လိုချင်နေသည်မှာ ကြာမြင့်လှလေပြီ။ သူတို့ အကုန် မရဘဲ တစ်စိတ်တပိုင်းလောက် ရလျှင်ပင် ကျေနပ်ပြီ ဖြစ်၏။

သူက နတ်ဘုရားမျိုးနွယ်စုမှ တာအိုဧကရာဇ်သည် အကြောင်းပြချက်မရှိ၊ သတိပေးခြင်းမရှိဘဲ လူသားမျိုးနွယ်များကို စတင် သတ်ဖြတ်လိမ့်မည်ဟု မထင်ထားပေ။ ထိုသည်က သူ့အား အရှုပ်တော်ပုံထဲ ကျရောက်သွားစေသည်။

ထို့ကြောင့် မိုဝူကျိက စကြဝဠာအစွန်း၏ ကာကွယ်ရေး အစီအရင်ကို ဖျက်စီးလိုက်သည့်အခါ ထိုအခွင့်အရေးကို အသုံးချ၍ မိုဝူကျိအား အပြစ်ပုံချလိုခြင်း ဖြစ်သည်။ မူလက သူက မိုဝူကျိအား အပြစ်ဝန်ခံကာ လျော်ကြေးပေးဖို့ မျှော်လင့်ခဲ့ရုံမျှ ဖြစ်သည်။ သူက ရှေ့ဆုံးမှ ထွက်လာသူ ဖြစ်၍ သူ့သွေးစုပ်မျိုးနွယ်အနေနှင့် နယ်မြေ ပိုရပေလိမ့်မည်။

သူ နီကိုင်က မိုဝူကျိသည် ထိုနယ်မြေကို လူသားမျိုးနွယ်အတွက် အချိန်အတော်ကြာ အပိုင်သိမ်းထားလိမ့်မည်ဟု တစ်ခါမှ မတွေးမိပေ။ မိုဝူကျိက ထိပ်တန်း တာအိုဧကရာဇ် တစ်ဦးဖြစ်နေလျှင်ပင် သူ့အနေနှင့် လုပ်ရဲမည် မဟုတ်ပေ။ စကြဝဠာအစွန်း၌ မျိုးနွယ်ပေါင်း ရာကျော် ရှိလေရာ အင်အားစုများစွာ ရှိပေသည်။ မိုဝူကျိက ထိုလူများကို တစ်ပြိုင်နက်တည်း ရန်စနိုင်စွမ်း ရှိမည် မဟုတ်ပေ။

မိုဝူကျိက တာအိုဧကရာဇ် နှစ်ယောက်၊ မဟာဧကရာဇ် သုံးယောက်နှင့် အင်မော်တယ် ဧကရာဇ် နောက်ဆုံးအဆင့်မျှသာ ကျန်ရှိနေကြောင်း တွေ့သောအခါ စိတ်ပျော်မိသွားသည်။ ထိုခြောက်ယောက်လေးဖြင့် သူ့အား ဆန့်ကျင်ရဲသည်လား။ သူတို့အားလုံးက တာအိုဧကရာဇ် ဖြစ်နေလျှင်ပင် သူတို့က သူ့အား ဘာလုပ်နိုင်မည်နည်း။

“ ယွမ်မို တိုက် ….” မိုဝူကျိက လက်ဖဝါးဖြန့်လိုက်သည်နှင့် လခြမ်းကွေး ပုဆိန်လှံရှည် တစ်ချောင်း ပေါ်လာသည်။

“ ခဏ … ကျုပ် နောက်ဆုတ်ပါရစေ … ကျုပ်တို့ သွေးစုပ်မျိုးနွယ်က ခင်ဗျားရဲ့ လူသားမျိုးနွယ်ကို မသတ်ခဲ့ပါဘူး။ ဒါပေမဲ့ အိမ်တော်သခင်မိုက ကျုပ်တို့သွေးစုပ်မျိုးနွယ်ကို ဒေါသဖြေမယ်ဆိုရင်တော့ ကျုပ်တို့ မျိုးနွယ်က ခင်ဗျား လုပ်ချင်တဲ့အတိုင်း လုပ်ခွင့်ပေးမှာ မဟုတ်ဘူး ” နီကိုင်က ပြတ်ပြတ်သားသား ပြောလိုက်သည်။ လူသားမျိုးနွယ်၌ မိုဝူကျိ ပေါ်လာစဉ်ကတည်းက လူသားမျိုးနွယ်မှာ မြင့်တက်လာလေ၏။ ယခု သူ့သွေးစုပ်မျိုးနွယ်မှာ လူသားမျိုးနွယ်ကို မကျေအေးနိုင်သည့် အဆင့်အထိ ရန်မစထားလေရာ သူ့အနေနှင့် မြန်မြန် နောက်ဆုတ်ရမည်။

နီကိုင် ပြောလိုက်သည်နှင့် နတ်ဘုရားမျိုးနွယ်မှ တာအိုဧကရာဇ်က မိုဝူကျီဆီ ခုန်ဝင်လိုက်သည်။ ထိုလူသားမျိုးနွယ်စုများကို နတ်ဘုရားမျိုးနွယ်က သတ်ပစ်ခဲ့ခြင်း ဖြစ်၏။ သူတို့က မိုဝူကျိအား ရင်ဆိုင်ရန် တခြားမျိုးနွယ်များကိုပါ ဆွဲထည့်ထားခြင်း ဖြစ်သည်။ မိုဝူကျိ၏ တိုက်ခိုက်စွမ်းမှာ အမှန်တကယ် ထူးခွန်လာပေသည်။ သူ့နတ်ဘုရားမျိုးနွယ်စုတွင် လူများများ ရှိနေလျှင်ပင် လုံလောက်မည် မဟုတ်ပေ။

မိုဝူကျိက နီကိုင် နောက်ဆုတ်ခြင်း၊ နောက်မဆုတ်ခြင်းအား ဂရုမစိုက်ပေ။ သူ့လခြမ်းကွေး ပုဆိန်လှံရှည်မှာ တာအိုဧကရာဇ်ထံ လေဟုန်ဆန်မြစ် တစ်စင်း ဆင်းသက်လာသည်။

သူက မဟာသဲကန္တာရ မသုံးသည့် အကြောင်းအရင်းမှာ မိုဝူကျိက သွေးစုပ်မျိုးနွယ်မှ တာအိုဧကရာဇ်နှင့် မဟာဧကရာဇ် နှစ်ယောက်မှာ နောက်ဆုတ်သွားသည်ကို မြင်တွေ့လိုက်၍ ဖြစ်သည်။ ထိုလူသုံးယောက်အတွက် သူက မဟာသဲကန္တာရ သတ်ဖြတ်ရေး အစီအရင် ထုတ်သုံးဖို့ မလိုအပ်ပေ။

မိုဝူကျိက ထိုလူသုံးယောက်မှာ နတ်ဘုရားမျိုးနွယ်က ဖြစ်ကြောင်း သိလိုက်သည်။ ယနေ့ ဤနေရာသို့ လူများစွာ ရောက်လာကြသော်လည်း မည်သူကမှ နတ်ဘုရားမျိုးနွယ်စု၏ အသုံးချခြင်းကို မခံလိုကြပေ။ သို့သော်လည်း သူ မိုဝူကျိက စွမ်းရည်ကို မပြသလိုက်လျှင် ထိုသူများက သူ့အပေါ် ပြုံတိုးလာပေဦးမည်။

မည်သည့်နေရာတွင် ဖြစ်နေစေကာမူ အားကောင်းသူထံမှ အားနည်းသူ အစာ မဖြစ်စေဖို့ ကာကွယ်ရသည့်ကိစ္စမှာ ခက်ခဲလှပေသည်။

လေဟုန်ဆန်မြစ် ဆင်းသက်လာသည်နှင့် ကောင်းကင်၌ လှပသော ငွေရောင်မြစ် တစ်စင်း ပေါ်လာသည်။

လှပသော်လည်း ထိုငွေရောင်မြစ်၌ သတ်ဖြတ်ငွေ့များနှင့် ပြည့်နှက်နေသည်။

ဤနတ်ဘုရားမျိုးနွယ် တာအိုဧကရာဇ်မှာ လေဟုန်ဆန်မြစ် အပြည့်အဝ ပေါ်လာသည့်အထိ မစောင့်ဆိုင်းဘဲ ပုလင်းရှည်တစ်လုံးကို ထုတ်လိုက်သည်။

ထိုပုလင်း အဝင်ဝက ရုတ်တရက် ကျယ်ပြန့်လာပြီး အရာအားလုံးကို ဝါးမျိုပစ်မည့် ပါးစပ်ကြီးအလား ဖြစ်နေသည်။

ဤတာအိုဧကရာဇ်က မိုဝူကျိ၏ စွမ်းရည်များအကြောင်း ကောင်းကောင်း သိထားပေရာ ဤပုလင်းကို သုံးပြီးနောက် သူ့စွမ်းအားစက်ကွင်းကိုလည်း ပစ်လွှတ်လိုက်သည်။ သူက နတ်ဘုရားမျိုးနွယ်စု၌ အားအကောင်းဆုံး တာအိုဧကရာဇ် မဟုတ်သော်လည်း သူ့စွမ်းအားစက်ကွင်းမှာ အားအကောင်းဆုံး ဖြစ်၏။

သူ့စွမ်းအားစက်ကွင်းက မိုဝူကျိ၏ စွမ်းအားစက်ကွင်းကို ဖျက်ဆီးပြီး မိုဝူကျိအား အသက်တစ်ရှိက်စာမျှ ထိန်းချုပ်ထားနိုင်သည်နှင့် မိုဝူကျိအား သေရာပါ ဒဏ်ရာရစေဖို့ ယုံကြည်ချက်အပြည့် ရှိပေသည်။ သူက မိုဝူကျိအား မသတ်နိုင်သော်လည်း မိုဝူကျိအား ဒဏ်ရာအပြင်းအထန် ရစေနိုင်လိမ့်မည်ဟု သေချာနေသည်။ အကယ်၍ သူသာ လုပ်နိုင်ခဲ့လျှင် တခြားမျိုးနွယ်စုမှ အဆင့်မြင့် ကျင့်ကြံသူများ ဝင်ပါလာလျှင် အဆုံးသတ်ပစ်ဖို့ အခွင့်အရေး ရလာပေမည်။

“ ဝုန်း ” လေဟုန်ဆန်မြစ်က ပုလင်းအဝနှင့် တွေ့သွားကာ အလင်းတန်းပေါက်ကွဲမှုများ နေရာအနှံ့ ဖြစ်ပေါ်လာသည်။

ဤနတ်ဘုရားမျိုးနွယ် တာအိုဧကရာဇ်၏ မျက်နှာမှာလည်း ပြောင်းလဲသွားလေ၏။ သူ ယုံကြည်ချက် ရှိနေခဲ့သော သူ့စွမ်းအားစက်ကွင်းမှာ မိုဝူကျိအား အနိုင်မယူနိုင်ပေ။ အမှန်တိုင်းဆိုရလျှင် မိုဝူကျိ၏ စွမ်းအားစက်ကွင်း လက်ချက်ဖြင့် တစစီ ဝါးမျိုခံလိုက်ရသည်။ ထို့နာက် သူက ကြောက်မက်ဖွယ် ဖိအားကြီးကို ခံစားလာရ၏။ သူ့အထက် စကြဝဠာကြီးထဲ၌ လက်ညိုးတစ်ချောင်း ပေါ်လာသည်။  ထိုအရာ  ပေါ်လာသည်နှင့် မိုးမြေများမှာ သေခြင်းတရား အငွေ့အသက်နှင့်သာ ပြည့်နှက်သွားတော့သည်။

***

All Chapters