တာအိုသခင်အဖြစ် လက်ခံခြင်း
Vol. 59 Ch. 821
“ ဆရာကြီး …. ကျုပ်တို့နတ်ဘုရားမျိုးနွယ်မှာ အဆင့်မြင့် ကျင့်ကြံသူတွေက တိမ်တိုက်လို ပေါများ …” အသက်မကြီးသေးသည့် ကောင်လေးတစ်ယောက်က ရောက်လာကာ ဝူဝမ်အား ပြောလိုက်သည်။
သူ့စကားမဆုံးခင် ဝူဝမ်၏ လက်ဖဝါးက ထိုကောင်လေး မျက်နှာပေါ် ကျရောက်လာကာ သွားများပင် ကျွတ်ထွက်သွားစေ၏။
နတ်ဘုရား ချောက်ကမ်းပါးခုံရုံးအတွင်းရှိ နတ်ဘုရားမျိုးနွယ်များက ပါးစပ်ဟောင်းလောင်းဖြစ်ကာ တအံ့တဩ ဖြစ်ကုန်ကြသည်။
သခင်လေးအား အရမ်းချစ်မြတ်နိုးလွန်းသည့် အကြီးအကဲ ဝူဝမ်သည် သခင်လေးအပေါ် လက်ပါလိမ့်မည်ဟု မထင်ထားကြပေ။ သိထားရမည့်အချက်မှာ သခင်လေး၏ မျှော်မှန်းချက်နှင့် မကိုက်ညီသဖြင့် မြောက်များစွာသော အစေခံများက အသတ်ခံခဲ့ရလေသည်။
မြေပြင်ပေါ်တွင် ထိုင်ကာ သွေးများပေပွနေသည့် ကောင်လေးက သူ့ဆရာအား မယုံနိုင်ဖွယ် ကြည့်လိုက်သည်။ သူက သူ့ဆရာဆီမှ တကယ် အရိုက်ခံလိုက်ရပြီး သွားများပင် ကျွတ်ထွက်သွားလေ၏။
“ ဝူလီ … မင်း နတ်ဘုရားမျိုးနွယ်ဆီ ဘယ်လိုကပ်ဘေး ခေါ်လာတာလဲဆိုတာ သိလား။ ငါတို့ နတ်ဘုရားမျိုးနွယ်က မကြာခင် သုတ်သင်ခံရတော့မယ်။ အဲဒါတွေအကုန်လုံးက စကြဝဠာအစွန်းမှာ မင်း စိတ်ကြီးဝင်ပြီးတော့ ပါရမီရှင်တွေကို သတ်ပစ်ခဲ့လို့ပဲ …..
တကယ်လို့ မင်းသာ မိုဝူကျိကို ရန်မစမိရင် တာအိုဆွေးနွေးခြင်း စင်မြင့်ပေါ်မှာ ဘာလို့ အသတ်ခံရမှာလဲ။ အခု ငါတို့မျိုးနွယ်ကို ဒီလိုအခြေအနေအထိ ဖြစ်စေခဲ့ပြီ။ အဲဒီလို ဖြစ်လာမှန်းသာ သိရင် မင်းကို ဒီအတိုင်း သေဖို့ ပစ်ထားလိုက်တယ်။ ငါတို့ နတ်ဘုရားမျိုးနွယ်ရဲ့ အထွတ်အထိပ် ရတနာကို မင်းအပေါ် ဘာလို့ သုံးပေးနေရမှာလဲ ….. ” ဝူဝမ်က ထိုကောင်လေးအား လက်ညိုးငေါက်ငေါက်ထိုးကာ အော်ဟစ်ဆူပူလိုက်သည်။
ထိုစဉ် နတ်ဘုရား ချောက်ကမ်းပါး ခုံရုံး တစ်ခုလုံး တိတ်ဆိတ်သွားလေ၏။
အားလုံးက ဤကောင်လေးမှာ နတ်ဘုရားမျိုးနွယ်၏ သခင်လေး ဝူလီ ဖြစ်ကြောင်း သိကြသည်။ သခင်လေးမှာ မိုဝူကျိ လက်ချက်ဖြင့် တာအိုဆွေးနွေးခြင်း စင်မြင့်ပေါ်တွင် သေဆုံးသွားသောကြောင့် နတ်ဘုရားမျိုးနွယ်မှ ဒေါသထွက်ကာ လူသားမျိုးနွယ် သန်းပေါင်းများစွာအား သတ်ဖြတ်ခဲ့ခြင်း ဖြစ်ပေသည်။ တစ်ချိန်တည်းဆိုသလို နတ်ဘုရားမျိုးနွယ်က အထွတ်အထိပ် တာအိုအသီးအား အသုံးပြုကာ ဝိညာဉ်၏ အရိပ်အယောင်မှ တဆင့် ဝူလီအား ပြန်လည် မေးဖွားစေခဲ့သည်။
“ အကြီးအကဲဝူ … မိုဝူကျိက တစ်ယောက်တည်းပါ။ သူ့ဆီ ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် ရှိနေတာလည်း မဟုတ်ဘူး။ သူတို့လူသားမျိုးနွယ် ကျင့်ကြံသူ ပါးမွှားလေးတွေက ကျုပ်တို့လူတွေအတွက် ဘာမှမဟုတ်ပါဘူး။ ကျုပ်တို့သာ မိုဝူကျိကို ရှင်းထုတ်နိုင်ရင် အခြားမျိုးနွယ်စုက သူတို့သစ္စာရှိမှုကို ချက်ချင်း ကျိန်ဆိုကြလိမ့်မယ်။ အဲဒီလူတွေက လေတိုက်ရာ ညွှတ်တဲ့ ကြွက်စုတ်တွေပါဗျာ …. ကျုပ်တို့တွေ မိုဝူကျိကို ရှင်းပြီးရင် သူတို့နဲ ဖြေရှင်းကြတာပေါ့ …. ” အင်မော်တယ် ဧကရာဇ် နောက်ဆုံးအဆင့် ကျင့်ကြံသူက ဦးညွှတ်ကာ ဝင်ပြောလိုက်သည်။
“ ဟုတ်ပါတယ် သခင်ကြီး …. ဒီကိစ္စက သခင်လေးအပေါ် အကုန် အပြစ်တင်လို့ မရပါဘူး။ ကျုပ်တို့ နတ်ဘုရားမျိုးနွယ်က ထိပ်တန်းမျိုးနွယ်ပါ။ ကျုပ်တို့ သခင်လေးက သူတို့ရဲ့ ဝိညာဉ်ကြောတွေကို ဝါးမျိုပစ်နေတာကိုက သူတို့အတွက် ဂုဏ်ရှိနေပါပြီ။ ကျုပ်တို့ကို ဆန့်ကျင်ရဲတာတော့ ဒီလူတွေက သေချင်နေလို့ နေမယ် ” နောက်ထပ် အမျိုးသား တစ်ယောက်က ရှေ့တက်လာကာ ပြောလိုက်သည်။ ဤတစ်ခေါက်၌ မဟာဧကရာဇ် ဖြစ်ပေသည်။
ဝူဝမ်၏ ဒေါသမှာ ပျောက်ကွယ်သွားဟန် ပေါ်၏။ သူက အချိန်အတော်ကြာသည့်အထိ တိတ်ဆိတ်နေပြီး လက်ကို ဝှေ့ကာ ပြောလိုက်သည်
“ တကယ်လို့ မိုဝူကျိသာ အဲလောက် ကိုင်တွယ်ဖို့ လွယ်နေရင် အခြေအနေက အဲလောက် ကျပ်တည်းနေမှာ မဟုတ်ဘူး။ တကယ့် ပညာရှင်တွေအတွက် ပမာဏက ခြိမ်းခြောက်မှု မဟုတ်ဘူး။ ငါတို့ နတ်ဘုရားမျိုးနွယ်မှာ လူအများကြီးရှိရင်တောင် ငါက တစ်ယောက်တည်းသော တာအိုဧကရာဇ်ပဲ ….
မိုဝူကျိက ချိုက်နိုကို သတ်ဖို့ ဘယ်လောက်ပဲ ကြာလိုက်လဲ သိလား။ လှုပ်ရှားမှု နှစ်ခုလေးပဲ …. ချိုက်နိုက မိုဝူကျိရဲ့ ပထမလှုပ်ရှားမှု တစ်ဝက်လောက်ပဲ တားနိုင်ခဲ့တယ်။ အဲဒီနောက်ကျ မိုဝူကျိကြောင့် သူ့ဝိညာဉ်ရော၊ ခန္ဓာရော ဖျက်စီးခံလိုက်ရတာပဲ …. ”
နတ်ဘုရား ချောက်ကမ်းပါး ခုံရုံးမှ လူများမှာ တိတ်ဆိတ်သွားလေ၏။ ချိုက်နိုက မဟာအကြီးအကဲ ဝူဝမ်နှင့် မယှဉ်နိုင်သည်မှာ အမှန်ဖြစ်သော်လည်း အကြီးအကဲဝူဝမ်ပင် ချိုက်နိုအား လှုပ်ရှားမှု နှစ်ခုတည်းဖြင့် မသတ်နိုင်ပေ။
“ ကျုပ် သိထားသလောက် သူ့ဆီမှာ ရှန်းထျန်း နတ်ဓားရှိတယ်တဲ့။ အထက်ဘုံ စကြဝဠာမြို့မှာ သူက ကျုပ်တို့ နတ်ဘုရားမျိုးနွယ် တစ်သောင်းလောက်ကို တစ်ချက်တည်းနဲ့ သတ်နိုင်ခဲ့တာ ….
သူတို့ကြားမှာ အင်မော်တယ် အုပ်စိုးသူ အလယ်အလတ်အဆင့်တွေတောင် ပါသေးတယ်။ တွေးကြည့်ပါဦး …. ကျုပ်တို့ နတ်ဘုရားမျိုးနွယ်မှာ သူ့နတ်ဓားကို ခုခံနိုင်မဲ့သူ ရှိမှာလား …. ”
ဝူဝမ်က သက်ပြင်းချကာ “ တကယ်တော့ ကျုပ်မှားတာပါ။ ကျုပ် ဝူလီကို အလိုလိုက်မိခဲ့တယ် ”
မုတ်ဆိတ်မွေးများနှင့် အင်မော်တယ် ဧကရာဇ်က ရှေ့ထွက်လာကာ “ မဟာအကြီးအကဲနဲ့ ဝူလီကိုလည်း အပြစ်တင်လို့ မရပါဘူး။ ဝူလီက ကျုပ်တို့ နတ်ဘုရားမျိုးနွယ်ရဲ့ မျှော်လင့်ချက်လေ။ စကြဝဠာအစွန်းမှာ ထိပ်တန်း ဝိညာဉ်ကြောတွေကို ဝါးမျိုတာက ဘာမှမမှားပါဘူး။ စကြဝဠာအစွန်းဆိုတာက တကယ့်ပါရမီရှင်တွေ ပြည့်နေတဲ့နေရာတစ်ခု … ပြီးတော့ ဝူလီအတွက် သင့်တော်တဲ့နေရာပဲလေ။ ကျုပ်တို့တွေ မျှော်လင့်မထားမိတာက မိုဝူကျိလိုမျိုး လူက လူသားမျိုးနွယ်စုမှာ ပေါ်လာတာကိုပဲ …. ”
ဝူဝမ်က လက်ကို ဝှေ့ကာ
“ ကျုပ်တို့အမှားက မိုဝူကျိကြောင့် မဟုတ်ဘူး။ လူသားမျိုးနွယ်စုကို ဆန့်ကျင်ဖို့ ရွေးချယ်လိုက်လို့။ လူသားမျိုးနွယ်စုက တာအိုကို ဦးဆုံးကျင့်ကြံတဲ့မျိုးနွယ်ပဲ …. ဒီကျယ်ပြောလှတဲ့ စကြဝဠာကြီးထဲမှာ ထူးချွန်တဲ့သူတွေ အများကြီးရှိနေမှာပဲ။ တကယ်လို့ မိုဝူကျိ ပေါ်မလာရင်လည်း နောက်ထပ် ပါရမီရှင် ပေါ်လာဦးမှာ …. ”
“ မဟာအကြီးအကဲ ကျုပ်တို့တွေ အခု ဘာလုပ်ကြမလဲ …. မိုဝူကျိရဲ့ အင်အားနဲ့ဆိုရင် သူက ကောင်းကင်ဘုံအလွန်က ကျုပ်တို့ရဲ့ မြို့တွေနဲ့တင် ရပ်သွားမှာ မဟုတ်ဘူး ” အင်မော်တယ် ဧကရာဇ် နောက်ပိုင်းအဆင့် ကျင့်ကြံသူက စိုးရိမ်တကြီး ထပ်ပြောလိုက်သည်။
ဝူဝမ်က သက်ပြင်းချကာ သွေးများပေပွနေသည့် ဝူလီအား ကြည့်လိုက်၏။ အချိန်အတော်ကြာပြီးနောက် သူက ပြောလိုက်သည်
“ မင်းပြောတာ မှန်တယ်။ ငါတို့တွေ အဲဒီမိုဝူကျိကို မမြင်ရသေးပေမဲ့ သူ ဘယ်လောက်အားကောင်းတယ်ဆိုတာ သိတယ်။ သူက အဲလောက်နဲ့တင် ရပ်သွားမှာ မဟုတ်ဘူး။ တကယ်လို့ ငါသာ မမှားရင် သူတို့တွေ ငါတို့ နတ်ဘုရားချောက်ကမ်းပါးနယ်မြေဆီ လာနေလောက်ပြီ။ ငါတို့နယ်မြေက အင်မော်တယ် ဝိညာဉ်စွမ်းအား ကြွယ်ဝတယ်ဆိုပေမဲ့ လူသားမျိုးနွယ်ရဲ့ အထက်ဘုံလိုမျိုး သီးခြားမဟုတ်ဘူး။ အထက်ဘုံက ကောင်းကင်ဘုံအလွန် စကြဝဠာနဲ့ ဆက်သွယ်ထားတဲ့ လမ်းကြောင်းကို ဖယ်လိုက်ရင် ရှာတွေ့ဖို့ အရမ်းခက်တယ်။ ဒါပေမဲ့ ငါတို့ နတ်ဘုရားချောက်ကမ်းပါး နယ်မြေက အဲလို မလုပ်နိုင်ဘူး …. ”
ဝူဝမ်က ပြောလိုက်ရင်း ခန်းမတစ်ခုလုံးကို ဝေ့ကြည့်လိုက်သည်။ ထို့နောက် သူက ရုတ်တရက် အသံမြင့်ကာ “ ဝူလီကို နတ်ဘုရားချောက်ကမ်းပါး နယ်မြေကနေ ချက်ချင်း ခေါ်ထုတ်သွားလိုက် … ပြီးတော့ နတ်ဘုရားချောက်ကမ်းပါး နယ်မြေကနေ ကျင့်ကြံရေး ပါရမီရှင်တွေပါ ခေါ်ဆောင်သွား … ”
“မဟာအကြီးအကဲ ….” အင်မော်တယ် ဧကရာဇ်များက ဝူဝမ်၏ ဆုံးဖြတ်ချက်ကို ကြားသောအခါ မျက်နှာ၌ ဖြူဖျော့ကုန်ကြသည်။
နတ်ဘုရား ချောက်ကမ်းပါးနယ်မြေမှာ အဓိက အင်အား၏ နေရာဖြစ်ပေသည်။ မဟာအကြီးအကဲ ဝူဝမ်၏ စကားများက နတ်ဘုရားချောက်ကမ်းပါးနယ်မြေကို စွန့်ပစ်ရန် ဆိုလိုနေခြင်း ဖြစ်၏။ အကယ်၍ သူတို့သာ လုပ်လိုက်လျှင် နတ်ဘုရားမျိုးနွယ်က အဆင့်နိမ့် ကမ္ဘာအတွင်း တိုးဝင်ရလိမ့်မည်။ ထိုအခါ ပြန်လည် မြင့်တက်ဖို့ ခက်ခဲပေမည်။
ဝူဝမ်က လက်ကို ဆန့်တန်းကာ “ ဒီကိစ္စကို ဆုံးဖြတ်ပြီးပြီ …. ချက်ချင်း အကောင်ထည်ဖော်ကြ ”
ထိုသို့ပြောပြီးနောက် သူက ဝူလီဆီ လျှောက်လှမ်းသွားကာ ထူပေးရင်း နွေးနွေးထွေးထွေး ပြောလိုက်၏
“ ဝူလီ … မင်းက ငါတို့နတ်ဘုရားမျိုးနွယ်ရဲ့ ရှေးဟောင်းသွေးမျိုးဆက်ရဲ့ တစ်ဦးတည်းသော အမွေဆက်ခံသူပဲ … တကယ်လို့ မင်းသာ သွေးမျိုးဆက်ကို အသက်သွင်းနိုင်ခဲ့မယ်ဆိုရ်င မင်းအနေနဲ့ နတ်ဘုရားမျိုးနွယ်ကို ပိုမို မြင့်မားအောင် ဦးဆောင်နိုင်လိမ့်မယ်။ မင်းကို မှတ်ထားစေချင်တာက ငါတို့နတ်ဘုရားမျိုးနွယ်စုကို ဒီလိုအခြေအနေ ဖြစ်အောင် ဘယ်သူလဲ လုပ်ခဲ့တာလဲဆိုတာကိုပဲ …. ပြီးရင် ငါတို့နတ်ဘုရားမျိုးနွယ်အတွက် လက်စားချေပေးပါ။
ငါ့အနေနဲ့ လူသားမျိုးနွယ်စုကို ဘာမှမလုပ်သင့်ဘူး ဆိုပေမဲ့ ငါတို့နတ်ဘုရားမျိုးနွယ်က ကိုယ်လုပ်ထားတာကို ကြောက်ရွံ့နေဖို့ မလိုဘူး။ လူသားမျိုးနွယ်စုက အားကောင်းတယ်ဆိုပေမဲ့ ငါတို့ နတ်ဘုရားမျိုးနွယ်ရဲ့ ရှေးဟောင်းသွေးမျိုးဆက်က ပိုပြီး အားကောင်းတယ် …. ”
“ ဟုတ်ကဲ့ပါ ဆရာကြီး … ဝူလီ ဆရာရဲ့ စကားတွေကို သေချာပေါက် မှတ်ထားပါ့မယ်။ တကယ်လို့ ကျုပ် မိုဝူကျိရဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ်ကို မဖျက်စီးရရင် ကျုပ် ဝူလီက နတ်ဘုရားမျိုးနွယ် ဖြစ်ဖို့ မထိုက်တန်တော့ဘူး။ ကျုပ် ဝူလီ အသက်ရှင်နေသရွေ့ လူသားမျိုးနွယ် အမျိုးတုန်းစေရမယ် … ” ဝူလီက လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း ကျိန်ဆိုလိုက်သည်။
“ကောင်းပြီ … အခု ထွက်သွားတော့ ” ဝူဝမ်က လက်တွေ့သမား ဖြစ်ပေသည်။ ထို့နောက် သူက နတ်ဘုရားချောက်ကမ်းပါး နယ်မြေမှ နတ်ဘုရားမျိုးနွယ်များကို တစ်ခါတည်း ထွက်ခွာရန် ကြေညာလိုက်သည်။
……………..…
အထက်ဘုံ စကြဝဠာမြို့ ….
မြို့ပတ်လည်မှ အစီအရင်များနှင့် ကာကွယ်ရေး အစီအရင်များမှာ အမှုန့် ဖြစ်နေလေပြီ။ နတ်ဘုရားမျိုးနွယ်က လူသားမျိုးနွယ်ကို မောင်းထုတ်ပြီးနောက် ပေးထားသည့် “ နတ်ဘုရား မျိုးနွယ်၏ ငါးခုမြောက် အင်မော်တယ်မြို့” ဟူသော နာမည်စာလုံးမှာလည်း တစစီ ဖြစ်နေပြီ ဖြစ်၏။
မြို့ထဲရှိ နတ်ဘုရားမျိုးနွယ် တစ်သောင်းကျော်မှာ မလွတ်မြောက်နိုင်ကြပေ။ သူတို့အားလုံးမှာ မျိုးနွယ်စုများ ပူးပေါင်းတိုက်ခိုက်မှုကြောင့် အသတ်ခံလိုက်ကြရသည်။
မိုဝူကျိက မြို့အပြင်ဘက် လေထဲတွင် ရပ်နေသည်။ အင်မော်တယ်လောက ကျင့်ကြံသူများက တိုက်ပွဲမြေကို စတင် ရှင်းလင်းနေပြီ ဖြစ်ရာ အခြားသော မျိုးနွယ်စုများမှ ကျင့်ကြံသူများမှာလည်း မြို့မှ စတင်၍ ဆုတ်ခွာလာကြသည်။
နတ်ဘုရားမျိုးနွယ်စုကား အထက်ဘုံအလွန် စကြဝဠာမှ ဖယ်ရှားခံလိုက်ရပြီ ဖြစ်၏။ နတ်ဘုရားမျိုးနွယ်စု၏ အင်မော်တယ်မြို့ ငါးမြို့မှာလည်း လူသားမျိုးနွယ် အပိုင် ဖြစ်သွားလေပြီ။
မိစ္ဆာမျိုးနွယ်၊ သွေးစုပ်မျိုးနွယ်နှင့် ပင်လယ်မျိုးနွယ်မှ တာအိုဧကရာဇ်များနှင့် မဟာဧကရာဇ်များ၊ အင်မော်တယ် ဧကရာဇ် နောက်ပိုင်းအဆင့် ကျင့်ကြံသူတို့မှာ မိုဝူကျိနောက်တွင် ရပ်နေကြသည်။ ဖုန်းဟွမ်နှင့် ယွမ်မိုတို့က မိုဝူကျိဘေးတွင် ရပ်နေသည်။
ထိုစဉ် အားလုံးက စိတ်ထဲ၌ ရှုပ်ထွေးလှသော ခံစားချက်များ ရှိနေကြ၏။ သူတို့က မိုဝူကျိအား အကြောက်တရားရော၊ လေးစားမှုနှင့်ပါ ကြည့်လိုက်ကြသည်။ မိုဝူကျိက သူတို့အား တိုက်ခိုက်စွမ်းရည်ဖြင့် အထိတ်တလန့်် ဖြစ်စေခဲ့သော်လည်း မိုဝူကျိ၏ နတ်ဓားက သူတို့အား ပို၍ ထိတ်လန့်သွားစေသည်။
သူတို့တွေ အထက်ဘုံ စကြဝဠာမြို့သို့ ကျူးကျော်လာစဉ် မိုဝူကျိက တစ်ချက်တည်းသာ ထုတ်သုံးခဲ့၏။ ထိုတစ်ချက်တည်းဖြင့် မိုဝူကျိက မြို့၏ အစီအရင်ကို တစစီ ဖြစ်စေခဲ့သည်။ ထိုမျှတင် မကသေးဘဲ နတ်ဘုရားမျိုးနွယ် ကျင့်ကြံသူ တစ်သောင်းကျော်ကိုလည်း ဝိညာဉ်များပင် မချန် သတ်ဖြတ်နိုင်ခဲ့သည်။
အားလုံးက မိုဝူကျိသည် ထိုဓားချက်ကို သူ့အင်အားထုတ်ပြရန် သုံးမှန်း သိကြသော်လည်း သူတို့စိတ်ထဲ မကြောက်ဘဲ မနေနိုင်ကြချေ။ ထိုရိုက်ချက်အတွင်းမှ ခမ်းနားကြီးကျယ်လှသော သတ်ဖြတ်ငွေ့များမှာ သူတို့စိတ်ထဲ ပဲ့တင်ရိုက်နေဆဲ ဖြစ်သည်။
တာအိုဧကရာဇ်ပင် မိုဝူကျိအား ခုခံနိုင်မည် မဟုတ်ပေ။ အကယ်၍ ဤလူကို ရန်စမိပါက မျိုးနွယ်စုမှာ အမြစ်ဖြတ်ရှင်းထုတ်ခံရနိုင်သည်။
မိုဝူကျိက လက်နှစ်ဖက် ယှက်ကာ “ အားလုံးက နတ်ဘုရားမျိုးနွယ်အပေါ် မကျေနပ်ချက်တွေ ရှိကြတယ်ဆိုပေမဲ့ ကျုပ်တို့ အင်မော်တယ်လောကကို အင်မော်တယ် မြို့ငါးမြို့လုံး သိမ်းယူနိုင်စေခဲ့တဲ့အတွက် ကျုပ် မိုဝူကျိက ခင်ဗျားတို့ အကူအညီအတွက် ကျေးဇူးတင်ရဦးမှာပါပဲ … ”
“ အစ်ကိုမို အင်မော်တယ်မြို့ငါးမြို့လုံး ပိုင်ရှင်အမှန်ဆီ ပြန်ရောက်တာကို ဂုဏ်ပြုပါတယ်။ ကျုပ်တို့တွေ နတ်ဘုရားမျိုးနွယ်ရဲ့ နတ်ဘုရားချောက်ကမ်းပါးနယ်မြေကို ကျုးကျော်ဖို့ဆိုရင် အစ်ကိုမို ဦးဆောင်ဖို့ လိုသေးတယ်” သွေးစုပ်မျိုးနွယ်၏ နီကိုင်က စိတ်ထဲ၌ ကျိတ်၍ ဝမ်းသာနေမိသည်။ သူက နတ်ဘုရားမျိုးနွယ်ဘက် မနေမိသည်က ကံကောင်းလှပေသည်။ မဟုတ်လျှင် သူက သွေးစုပ်မျိုးနွယ် သမိုင်း၌ ပြစ်တင်ရှုံ့ချဝေဖန်ချရမည့်သူ ဖြစ်သွားပေမည်။
“ ဝူကျိ မင်း ထပ်ငြင်းလို့ မရတော့ပါဘူးနော် … ငါတို့ ကောင်းကင်ဘုံအလွန် စကြဝဠာက တာအိုသခင်တစ်ယောက် လိုအပ်တယ်။ ဝူကျိ မင်းရဲ့ ကျင့်ကြံဆင့်က အားအကောင်းဆုံးဆိုတော့ မင်းအနေနဲ့ ဒီတာဝန်ကို ယူတာ အသင့်တော်ဆုံးပဲ … ”ဖုန်းဟွမ်က ခေါင်းစဉ်ပြောင်း ပြောလိုက်သည်။
“ ဟုတ်တယ် …တာအိုသခင်မိုက ဒီကိစ္စကို နောက်ဆွဲနေလို့ မဖြစ်တော့ဘူး။ အစ်ကိုမိုအပြင် ကျုပ်တော့ ဘယ်သူကိုမှ ကောင်းကင်ဘုံအလွန် စကြဝဠာရဲ့ တာအိုသခင်အဖြစ် လက်ခံမှာ မဟုတ်ဘူး ” နီကိုင်က အခွင့်အရေးကို လက်လွတ်မခံဘဲ ဝင်ထောက်ခံလိုက်သည်။
“ ဟုတ်ပါတယ် ကျုပ်တို့တွေ အစ်ကိုမိုက ပထမ တာအိုသခင် ဖြစ်သင့်တယ်လို့ ထောက်ခံတယ် … ”
စကြဝဠာအစွန်းတွင် ရှိစဉ်အခါက သဘောမတူကြသည့် လူများ ရှိနေသေးသော်လည်း ယခုတွင် အားလုံးနီးပါးက မိုဝူကျိအား ထောက်ပံ့ပေးကုန်ကြသည်။
မိုဝူကျိက ဤကိစ္စကို ဆက်လက် ငြင်းပယ်နေရန် မလိုအပ်ကြောင်း ခံစားမိပေသည်။ တကယ်တော့ အားလုံးက ဤအဆင့်အတန်း တာအိုသခင်ကို လိုချင်ကြသော်လည်း အားလုံးက သူ့လောက် အားမကောင်းကြပေ။ အကယ်၍ သူသာ တာအိုသခင် ဖြစ်လာလျှင် ကောင်းကင်ဘုံအလွန် စကြဝဠာ၌ လူသားမျိုးနွယ်၏ အဆင့်အတန်းမှာလည်း မြင့်တက်သွားပေလိမ့်မည်။ လူသားမျိုးနွယ်စုအနေနှင့်လည်း အကျိူးမြတ်များ ရရှိနိုင်ပေ၏။ ထိုသည်က လူသားမျိုးနွယ် တိုးတက်ခြင်း၏ အခရာ ဖြစ်ပေသည်။
“ တာအိုရောင်းရင်းတို့ ” မိုဝူကျိက လက်နှစ်ဖက် ယှက်ကာ “ ကောင်းကင်ဘုံအလွန် စကြဝဠာက အချိန်အကြာကြီး ဖြစ်တတ်ကဆန်း ဖြစ်နေခဲ့တယ်။ ပြောရမယ်ဆိုရင် ကောင်းကင်ဘုံနယ်နမိတ်အလွန်မှာ ခဏတိုင်း သတ်ဖြတ်မှုတွေ ကြုံရတယ်။ ကျုပ်က အားလုံးရဲ့ ထောက်ပံ့မှုကို ရထားမှတော့ ကျုပ် မိုဝူကျိက ကောင်းကင်ဘုံအလွန် စကြဝဠာရဲ့ ပထမ တာအိုသခင်အဖြစ် လက်ခံလိုက်ပါ့မယ်။ နတ်ဘုရားမျိုးနွယ် ကိစ္စတွေ အဆုံးသတ်သွားတာနဲ စကြဝဠာအစွန်းမှာ အရေးကြီးကိစ္စ ဆွေးနွေးဖို့ စုဝေးပွဲ လုပ်ကြတာပေါ့။ ပထမတာအိုသခင်ရဲ့ အိမ်တော်ကို ကျုပ်တို့လူသားမျိုးနွယ်တွေ နေခဲ့တဲ့ စကြဝဠာအစွန်းက နေရာမှာတင် တည်ဆောက်လိုက်မယ် ”
“ တာအိုသခင်မို စိတ်ချနေပါ။ ကျုပ် ဖုန်းဟွမ်က ပထမ တာအိုသခင်မိုရဲ့ အိမ်တော်ကို စကြဝဠာအစွန်းတစ်ခုလုံးမှာ နံပါတ်တစ် အဆောက်အဦး ဖြစ်အောင် တည်ဆောက်ပေးပါ့မယ် ” ဖုန်းဟွမ်က တုံ့ဆိုင်းမနေဘဲ ပြောလိုက်သည်။
အင်အားစုများမှာလည်း မိုဝူကျိအား တာအိုသခင်အဖြစ် လက်ခံလိုက်ကြပြီ ဖြစ်ရာ ပထမတာအိုသခင် ဟူသော အခေါ်အဝေါ်ပင် ရွေးချယ်ပြီးသွားလေပြီ။ ထိုစဉ် မည်သူကမှ မကျေမနပ် မပြကြပေ။
အင်မော်တယ် ဧကရီ ဝမ်လန်၊ ကျဲယင်နှင့် လုကျီတင်းတို့ကလည်း မိုဝူကျိသည် ကောင်းကင်ဘုံအလွန် စကြဝဠာ၏ ပထမတာအိုသခင် ဖြစ်လာမည့်အကြောင်း ကြားသောအခါ အရမ်းကို ပျော်ရွှင်ကြည်နူးနေကြသည်။ မိုဝူကျိက ကောင်းကင်ဘုံအလွန် စကြဝဠာ၌ မရှိတော့လျှင်ပင် လူသားမျိုးနွယ်မှာ အနိုင်ကျင့်ခံရတော့မည် မဟုတ်တော့ပေ။
မိုဝူကျိက ကြေညာလိုက်၏ “ အရင်ဆုံး အင်မော်တယ်မြို့တွေနဲ့ ပတ်သတ်ပြီးတော့ အရင်စီစဉ်ပါရစေ … ပြီးရင် အားလုံးကို နတ်ဘုရားမျိုးနွယ်ရဲ့ နတ်ဘုရားချောက်ကမ်းပါး နယ်မြေဆီ ဦးဆောင်သွားမယ် ”
ထိုသို့ပြောပြီးနောက် မိုဝူကျိက လူသားမျိုးနွယ် အင်မော်တယ် ဧကရာဇ်များထံ လှည့်ကာ
“ စီနီယာအစ်မဝမ်လန်၊ ဂိုဏ်းချုပ်ကျဲ၊ ဂိုဏ်းချုပ် လု …. ကျုပ်တို့ အင်မော်တယ်လောကမှာ လူလုံလုံလောက်လောက် မရှိဘူး။ အဲဒါကြောင့် အင်မော်တယ်မြို့လေးမြိုကို ယာယီပိတ်ထားဦးမယ်။ ကျုပ် အားကောင်းတဲ့ အစီအရင် ခင်းကျင်းပြီးတော့ လူများလာတဲ့အခါမှ အသုံးပြုဖို့ ပြန်ဖွင့်ပေးပါ့မယ်။
အခု ကျုပ်တို့ အင်မော်တယ်လောကက လူတွေကို ကျုပ်တို့ရှေ့ကမြို့မှာ နေခိုင်းကြတာပေါ့။ အခုကစပြီးတော့ ဒီအင်မော်တယ်မြို့ကို အထက်ဘုံ စကြဝဠာမြို့လို့ မခေါ်တော့ဘဲနဲ့ ဖင်းဖန်အင်မော်တယ်မြို့လို့ ခေါ်မယ် …. ”
***