ရွိုက်ကော အဆင့်တက်ခြင်း
Vol. 59 Ch. 822
ကောင်းကင်ဘုံအလွန် စကြဝဠာနှင့် နတ်ဘုရားမျိုးနွယ်၏ နတ်ဘုရားချောက်ကမ်းပါး နယ်မြေကို အင်မော်တယ်တပိုင်းနယ်ပယ်နှင့် ယုံရင်အစွန်းအဖျားကဲ့သို့ ချောက်ကြီးတစ်ခုနှင့် ခြားနားထားလေ၏။ ကောင်းကင်ဘုံအလွန် စကြဝဠာမှ အဆင့်မြင့် ကျင့်ကြံသူများ၏ စွမ်းရည်ဖြင့် ထိုချောက်ကြီးမှာ ဘာမှမဟုတ်ပေ။
ပျံသန်းရေး ရတနာပေါင်း တစ်သောင်းကျော်က ချောက်နက်ကြီးအား အတားအဆီးမရှိ ကျော်ဖြတ်လာကာ နတ်ဘုရား ချောက်ကမ်းပါး နယ်မြေဆီ ရောက်ရှိလာကြသည်။
“ ငါတို့ နောက်ကျသွားပြီ။ နတ်ဘုရားမျိုးနွယ်က ရွေ့သွားကြပြီ ” မိစ္ဆာမျိုးနွယ် တာအိုဧကရာဇ် စီဟုန်က နတ်ဘုရားချောက်ကမ်းပါး နယ်မြေဆီ ရောက်လာသည်နှင့် ပြောလိုက်သည်။
မိုဝူကျိလည်း နတ်ဘုရားမျိုးနွယ်စုမှာ ဘေးကင်းရာသို့ စွန့်ခွာသွားပြီ ဖြစ်ကြောင်း သိလိုက်သည်။ သို့သော်လည်း ထိုအရာမှာ သူ့ခန့်မှန်းချက်အတွင်း ရှိနေသေးသည်။ ကောင်းကင်ဘုံအလွန် စကြဝဠာမှ နတ်ဘုရားမျိုးနွယ်အားလုံးကို ရှင်းထုတ်ပြီးပြီ ဖြစ်၏။ အကယ်၍ နတ်ဘုရား ချောက်ကမ်းပါးနယ်မြေတွင် ရှိနေသည့် နတ်ဘုရားမျိုးနွယ်က ထိုသတင်းကို မသိနိုင်လျှင် နတ်ဘုရားမျိုးနွယ်က ယခင် သူတို့အဆင့်အတန်းကို ရလာမည် မဟုတ်ချေ။
သူ့အတွက် နတ်ဘုရားချောက်ကမ်းပါး နယ်မြေကို ထိန်းချုပ်နိင်ဖို့ရာ လုံလောက်ပေသည်။ ဤနေရာမှ ထွက်ပြေးသွားသော နတ်ဘုရားမျိုးနွယ်များအား လိုက်ဖမ်းခြင်းမှာ သူတို့ကို ဖိနှိပ်ထားသလို ဖြစ်နေပေလိမ့်မည်။ နတ်ဘုရားချောက်ကမ်းပါးနယ်မြေမှာ အထက်ဘုံနှင့် ဆင်တူပေ၏။ နတ်ဘုရားမျိုးနွယ် ကျင့်ကြံသူများက နတ်ဘုရားချောက်ကမ်းပါး နယ်မြေ၌သာ တာအိုဧကရာဇ်အဖြစ် တက်လှမ်းနိုင်ခြင်း ဖြစ်၏။ နတ်ဘုရားချောက်ကမ်းပါး နယ်မြေ မရှိလျှင် နတ်ဘုရားမျိုးနွယ်မှာ ဖြည်းဖြည်းချင်း အားနည်းသွားပေမည်။
“ တာအိုသခင်မို အခု ဘယ်လိုလုပ်ကြမလဲ ” သွေးစုပ်မျိုးနွယ်၏ တာအိုဧကရာဇ်နီကိုင်က မေးလိုက်သည်။
အကယ်၍ မိုဝူကျိက နတ်ဘုရားမျိုးနွယ်အား အဆင့်နိမ့် ကမ္ဘာအထိ လိုက်ဖမ်းဖို့ အကြံပြုလာလျှင် သူတို့က လုပ်ကြမည် ဖြစ်၏။ သို့သော်လည်း သူတို့က ထိုသို့မျိုးကိစ္စအတွက် အားအပြည့် စိုက်ထုတ်မည် မဟုတ်ပေ။
မိုဝူကျိကို တာအိုသခင်အဖြစ် ထောက်ခံပေးကြသည့် အဓိက ရည်ရွယ်ချက်မှာ သူတို့ကိုယ်ပိုင် အကျိုးကြောင့်သာ ဖြစ်၏။ ကောင်းကင်ဘုံအလွန် စကြဝဠာမှ နတ်ဘုရားမျိုးနွယ်ကို သုတ်သင်ပစ်ပြီး နတ်ဘုရားချောက်ကမ်းပါး နယ်မြေကို သိမ်းပိုက်နိုင်လိုက်ခြင်းမှာ သူတို့အနေနှင့် အကျိုးမြတ်များစွာ ရရှိနိင်ပေသည်။ သို့သော်လည်း အဆင့်နိမ့် ကမ္ဘာအထိ နတ်ဘုရားမျိုးနွယ်များအား လိုက်ဖမ်းဆီးလျှင် အချိန်ကုန်မည်သာ ဖြစ်ရာ သူတို့အနေနှင့် မလုပ်ချင်ကြပေ။
မိုဝူကျိက စကားပြန်ပြောတော့မည့်ဆဲဆဲတွင် ထာဝရ ကမ္ဘာအတွင်း၌ လှုံ့ဆော်မှုကို ခံစားမိလိုက်သည်။ ထိုနှစ်များတုန်းက ရွိုက်ကောသည် လွန်ဖာ သူ့အား တိုက်ခိုက်လိုက်သည့် သစ်သားသံချွန်အား ဝါးစားပစ်ခဲ့သည်။ ထိုအချိန်မှစ၍ ရွိုက်ကောက နက်နက်ရှိုင်းရှိုင်း အိပ်မောကျသွားလေသည်။ နှစ်များစွာ ကြာမြင့်ပြီးနောက် ရွိုက်ကော နိုးထလာလေပြီ။
မိုဝူကျိက ရွိုက်ကောကို အမြဲတမ်း ဆူပူနေသော်လည်း သူက ရွိုက်ကောကို ဂရုစိုက်ပေသည်။ သူက မြန်မြန် ပြောလိုက်၏
“ အားလုံး …. နတ်ဘုရားမျိုးနွယ်တချို့က နတ်ဘုရားချောက်ကမ်းပါး နယ်မြေကနေ ထွက်သွားကြပြီ။ အဆင့်မြင့် ကျင့်ကြံသူထဲ ဝူဝမ် တစ်ယောက်တည်း ကျန်တော့တယ်။
အားလုံး ဝူဝမ်ကို သတ်ပြီးတော့ ကျန်ရှိနေတဲ့ နတ်ဘုရားမျိုးနွယ် ကျင့်ကြံသူအားလုံးကို သတ်ပစ်ကြ ….. ဒီပိုင်နက်ကို အကျိုးနဲ့ ပြန်ခွဲပေးမယ်။ ခင်ဗျားတို့တွေ နတ်ဘုရားမျိုးနွယ်ရဲ့ လျို့ဝှက်နယ်မြေကို တွေ့ရင် ကျုပ် လာခဲ့မယ် …. အဆင့်နိမ့်ကမ္ဘာကို ရောက်သွားတဲ့သူတွေကိုတော့ ယာယီလွှတ်ပေးလိုက်ကြတာပေါ့ ”
မိုဝူကျိ၏ စိတ်စွမ်းအားက နတ်ဘုရားချောက်ကမ်းပါး နယ်မြေတွင် တာအိုဧကရာဇ် တစ်ယောက်သာ တွေ့၍ ဝူဝမ် ဖြစ်လိမ့်မည်ဟု ခန့်မှန်းမိလိုက်သည်။
“ တာအိုသခင်မိုက ကျုပ်တို့နောက် မလိုက်ဘူးလား ” နီကိုင်က မြန်မြန် မေးလိုက်သည်။
မိုဝူကျိက ရှင်းပြလိုက်သည် “ ကျုပ်ရဲ့ သားရဲလေးက မိုးကြိုးစမ်းသပ်ချက် ခံယူတော့မှာမလို့။ သူ့ကို ကာကွယ်ပေးဖို့ စောင့်ပေးရဦးမယ်။ ကျုပ် သားရဲလေး မိုးကြိုးစမ်းသပ်ချက် ပြီးသွားတဲ့အခါ အားလုံးကလည်း နတ်ဘုရားမျိုးနွယ်ရဲ့ ရှေးဟောင်းနယ်မြေကို တွေ့နေလောက်ပြီ ”
“ ဟုတ်ပါပြီ …. အဲဆို ကျုပ်တို့ အရင်သွားနှင့်ပါမယ် ” မိစ္ဆာမျိုးနွယ် တာအိုဧကရာဇ် စီဟုန်က မြန်မြန် ပြောလိုက်သည်။
တာအိုဧကရာဇ်တချို့က မိုဝူကျိ လိုက်မလာနိုင်သည့်အကြောင်းကို ကြားကာ ပျော်ရွှင်မိနေကြသည်။ နတ်ဘုရားမျိုးနွယ်က မြန်မြန် စွန့်ခွာသွားလေရာ သူတို့အနေနှင့် နတ်ဘုရား ချောက်ကမ်းပါး ခုံရုံး၌ ရတနာများစွာ ကျန်ရစ်ပေဦးမည်။ အကယ်၍ တာအိုသခင် ဖြစ်သည့် မိုဝူကျိသာ လိုက်ပါလာလျှင် သူတို့အနေနှင့် ဝေစုမှာ သိသိသာသာ နည်းသွားပေလိမ့်မည်။
တာအိုဧကရာဇ်များ၊ အင်မော်တယ် ဧကရာဇ်များနှင့် ကျင့်ကြံသူပေါင်း တစ်သောင်းကျော်လောက်က အပြေးအလွှား သွားကြတော့သည်။ ဆုလာဘ်ကို ခွဲဝေပြီးပြီ ဖြစ်ရာ မည်သူကမှ နောက်ကျ မကျန်လိုပေ။
အားလုံးက ထွက်ခွာသွားပြီးနောက် မိုဝူကျိက ထာဝရ ကမ္ဘာငယ်လေးအတွင်းမှ ရွိုက်ကောကို ထုတ်လိုက်သည်။
“ သခင်ကြီး ကျတော် မိုးကြိုးစမ်းသပ်ချက် ခံယူရတော့မယ် ” ရွိုက်ကောက ထွက်ထွက်လာချင်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
မိုဝူကျိက ရွိုက်ကောဆီမှ သိသိသာသာ ပြောင်းလဲမှုကို ခံစားမိပေသည်။ သူ့ခြေထောက်သုံးချောင်းမှာ အပြောင်းအလဲ မရှိသော်လည်း အရှိန်အဝါ်မှာ ထွက်ပေါ်နေလေ၏။ ရွိုက်ကောက ဤနှစ်များအတွင်း သိသိသာသာ ကြီးထွားလာပေသည်။
“ ငါသိပြီ … မင်း မိုးကြိုးစမ်းသပ်ချက်အတွက်သာ အာရုံစိုက်ထား ” မိုဝူကျိက ပြောလိုက်ရင်း ထိပ်တန်းအဆင့် အင်မော်တယ်သွေးကြော နှစ်ခုနှင့် အင်မော်တယ်ကျောက် အပုံလိုက် ထုတ်ပေးလိုက်သည်။
အစိမ်းရောင်ကျောက်က ကျင့်ကြံရေးအတွက် များစွာ အထောက်အကူပြုသော်လည်း သူတို့က တာအိုစွမ်းအင်များ လစ်ဟာနေသည်။
မိုဝူကျိက ဝိညာဉ်စွမ်းအား စုစည်းရေး အစီအရင်ကို ခင်းကျင်းပြီးသည်နှင့် မိုးကြိုးချက်များက ကျဆင်းလာသည်။ မိုဝူကျိက ရွိုက်ကော၏ အရှိန်အဝါ ထွက်ပေါ်လာမှုကို ခံစားမိလိုက်ပြီး ထိုမိုးကြိုးချက်များမှာ ရွိုက်ကောအပေါ် သက်ရောက်မှု ရှိမည် မဟုတ်ကြောင်း ခန့်မှန်းမိလိုက်သည်။
သူ မျှော်လင့်မထားသည်က ရွိုက်ကောသည် ယခင်ကကဲ့သို့ ကောင်းကင်သို့ တဟုန်ထိုး ပျံသန်းသွားခြင်း ဖြစ်သည်။ နှုတ်သီးကျယ်ကျယ်ဟထား၍ ထိုမိုးကြိုးချက်များကို ဝါးမျိုနေသည်။
မိုဝူကျိက ရွိုက်ကောက ကြောင်အမ်းအမ်းသာ ကြည့်လိုက်တော့သည်။
ဒီကောင်စုတ်လေး အရင်က စားထားတာ မလုံလောက်သေးလို့ ထပ်စားချင်နေသေးတာလား …
“ ဝုန်း ဝုန်း ဝုန်း ” လေထုအတွင်း မိုးခြိမ်းသံများ ပဲ့တင်ရိုက်လာပြီး ရွိုက်ကောဆီ မိုးကြိုးချက်များ ကျရောက်လာသည်။ မိုဝူကျိက ရွိုက်ကောသည် မြေပြင်ပေါ်သို့ ပြန်ရောက်လာကြောင်း တွေ့လိုက်ရပြီးနောက် သူ့ပေါ်တွင် ဒဏ်ရာများများစားစား ရှိမနေပေ။ ရွိုက်ကော ခန္ဓာကိုယ် ပတ်လည်၌ မိုးကြိုးချက်များ ခုန်ပေါက်နေရုံသာမက ထိုကောင်လေးက မိုးကြိုးချက်များကို စတင် အချက်ပြနေလေပြီ။
မိုဝူကျိက အတော်လေး စိတ်လှုပ်ရှားနေမိသည်။ နှစ်အနည်းငယ် အနားယူပြီးနောက် ရွိုက်ကောသည် မိုးကြိုးချက်များကိုပင် ဝါးမျိုနိုင်စွမ်း ရှိလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူ့ကိုယ်ပိုင် မိုးကြိုးစမ်းသပ်ချက်နှင့် ရင်ဆိုင်သည့်အခါ သူက လျှပ်စီးအဆီအနှစ်များအား မစုပ်ယူနိုင်ခင် မိုးကြိုးချက်များကို ရင်ဆိုင်ရပေသည်။ သူ့အနေနှင့် မိုးကြိုးချက်များအား မစားသုံးနိုင်ပေ။
နောက်ထပ် မိုးကြိုးချက်များက ကျဆင်းလာပြသည်။ ရွိုက်ကောက အလွယ်လေး ရင်ဆိုင်လိုက်ပြန်၏။ မိုဝူကျိက ရွိုက်ကော၏ အရှိန်အဝါမှာ အားကောင်းလာကြောင်း ခံစားမိလာသည်။ ဤမိုးကြိုးစမ်းသပ်ချက်မှာ ရွိုက်ကောအတွက် ခြိမ်းခြောက်နိင်စွမ်း မရှိပေ။
“ ဝုန်း ” အဝေးတွင် ပေါက်ကွဲမှုကြီး ဖြစ်လာသည်။ နေရာ၌ မိုးမြေစည်းမျည်းများတွင်ပင် အနှောင့်အယှက် အကြီးကြီး ဖြစ်လာစေ၏။
မိုဝူကျိက တအံ့တဩ လှမ်းကြည့်လိုက်ပြီးနောက် အဖြစ်အပျက်ကို ချက်ချင်း နားလည်သွားပေသည်။ နတ်ဘုရားမျိုးနွယ်၏ တာအိုဧကရာဇ် ဝူဝမ်က ကိုယ်တိုင် ဖောက်ခွဲလိုက်ခြင်း ဖြစ်ပေ၏။
ဝူဝမ်က မည်မျှ အားကောင်းနေစေကာမူ သူ့အနေနှင့် တာအိုဧကရာဇ် လေးယောက်၏ တိုက်ခိုက်မှုများအား ခုခံနိုင်စွမ်း မရှိပေ။ မိုဝူကျိသာ ရှိနေပါက ဝူဝမ်သည် သူ့ကိုယ်သူ ဖောက်ခွဲခွင့် ရလိုက်မည် မဟုတ်ပေ။ သို့သော်လည်း မိုဝူကျိအတွက် ဝူဝမ်၏ ကိုယ့်ဘာသာ ဖောက်ခွဲလိုက်မှုသည် ရွိုက်ကော၏ မိုးကြိုးစမ်းသပ်ချက်လောက် အရေးမကြီးပေ။
“ ဝူကျိ … ဝူဝမ်တော့ သူ့ဘာသာ ဖောက်ခွဲသွားပြီ။ နတ်ဘုရားမျိုးနွယ်ရဲ့ ရှေးဟောင်းနယ်မြေကိုလည်း တွေ့ပြီ။ အဲဒါက နတ်ဘုရားချောက်ကမ်းပါး ခုံရုံးမှာ … ငါတို့တွေ မင်းကို စောင့်နေတယ် ” ယွမ်မိုက သတင်းလှမ်းပို့လာသည်။
ဝူဝမ်က မိမိဘာသာ ဖောက်ခွဲမှုအတွင်း လူမည်မျှ ဆွဲခေါ်သွားသည့်အကြောင်းကိုတော့ ယွမ်မိုက ထည့်မပြောပေ။ မိုဝူကျိကလည်း လုံးလုံး ဂရုမစိုက်ပေ။ ဤနေရာ၌ လူသားမျိုးနွယ်မှာ သူ တစ်ဦးတည်း ဖြစ်၏။ ယွမ်မိုမှာ တာအိုဧကရာဇ် တစ်ယောက် ဖြစ်၍ ဝူဝမ်၏ ဖောက်ခွဲမှုမှာ ယွမ်မိုအား အများဆုံး အပေါ်ယံ ဒဏ်ရာမျှသာ ရစေနိုင်လိမ့်မည်။
“ သခင်ကြီး ….” ရွိုက်ကော၏ စိတ်လှုပ်ရှားနေသည့် အသံက ထွက်ပေါ်လာသည်။
မိုဝူကျိက ရွိုက်ကော၏ အရှိန်အဝါမှာ နောက်ဆုံးတွင် တည်ငြိမ်သွားပြီ ဖြစ်ကြောင်း ခံစားမိလိုက်၏။ ရွိုက်ကောအား စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့်လိုက်ပြီးနောက် ရွိုက်ကောသည် အဆင့် ၇ သားရဲများကြား ထိပ်တန်းအဆင့် ဖြစ်မည်မှန်း သေချာပေါက် ပြောနိုင်လေသည်။
ရွိုက်ကော၏ အရှိန်အဝါတွင် ရှေးဟောင်း သွေးမျိုးဆက်၏ အားမာန်နှင့် ယုံကြည်ချက်တို့ ပါဝင်နေသောကြောင့် မိုဝူကျိက ရွိုက်ကော ဘေးပတ်လည်တွင် လှည့်ပတ်နေသည့် တာအိုအရှိန်အဝါကိုလည်း ခံစားမိနေသည်။ ထို့အပြင် ရွိုက်ကော၏ အမွေးများမှာလည်း ယခင်ကလို ပါးမနေတော့ဘဲ ယခုအခါ ကျန်းကျန်းမာမာ ဌက်မွေးမည်းမည်းကို ရရှိနေပြီ ဖြစ်၏။
“ မဆိုးဘူးပဲ … မင်းက အဆင့် ၇ သားရဲအဆင့်ကို အလွယ်လေး ကျော်ဖြတ်သွားတာပဲ။ မင်းက မိုးကြိုးချက်တွေတောင် ဝါးစားလိုက်သေးတယ် ” မိုဝူကျိက ရွိုက်ကော၏ လုပ်ဆောင်ချက်ကို အားရနေမိသည်။
“ သခင်ကြီး …. အဲဒီ မိုးကြိုးပိစိလေးတွေက ယားတာလောက်ပဲ ရှိတယ်။ နောင်ကျ မိုးကြိုးစမ်းသပ်ချက်က ကျတော်အပေါ်ဆို ဘာမှမဟုတ်တော့ဘူး ” ရွိုက်ကောက မိုဝူကျိ၏ ချီးကျူးမှုကို ကြားသောအခါ ချက်ချင်းဆိုသလို အမြီးအား ကောင်းကင်ပေါ်သို့ မြှောက်ထားကာ ဝင့်ကြွားစွာ ပြောလိုက်လေ၏။
မိုဝူကျိက နှာခေါင်းရှုံ့ကာ “ မင်းက တော်ပေမဲ့ ခြင်တစ်ကောင်ပဲ ဖြစ်နေသေးတယ် ”
မိုဝူကျိက ရွိုက်ကောအား ကောင်းကောင်း နားလည်ပေသည်။
ထိုကောင်လေးက တစ်လက်မလောက် ပေးလိုက်လျှင် တစ်မိုင်လောက် ယူချင်သူ ဖြစ်၏။
ရွိုက်ကောက ထိုစကားများကို ကြားသောအခါ ခေါင်းငိုက်စိုက် ဖြစ်သွားပြီး “ သခင်ကြီး …. ကျတော်က ကျတော်အမွေအနှစ်ရဲ့ တပိုင်းလောက်ပဲ ရသေးလို့ပါ။ သာမာန်ခြင်က ကျတော်နဲ့ ဘယ်လိုလုပ် ယှဉ်လို့ ရမှာလဲ ”
“ လျှောက်ပြောမနေနဲ့တော့ …. မင်း ဝါးစားလိုက်တဲ့ သစ်သားသံချွန်က ဘာကြီးလဲ ” မိုဝူကျိက ထိုသံချွန်၏ ဇာတ်မြစ်အကြောင်း သိချင်နေမိသည်။ ထိုသံချွန်တွင် သေခြင်းတရား စွမ်းအားများ ပြည့်နှက်နေပြီး အလွန်ကြောက်ဖို့ ကောင်းလှသည်။ ရွိုက်ကောသာ သူ့ကို မကယ်လိုက်လျှင် သူ့အနေနှင့် ထိုသံချွန်ကြောင့် သေနေလောက်လေပြီ။
မိုဝူကျိ၏ မေးခွန်းကို ကြားကာ ရွိုက်ကောက ပြန်လည် စိတ်ဝင်စားလာပြီး “ သခင်ကြီး …. အဲဒီသံချွန်ကို နတ်ဘုရားယင် တိုင်လို့ ခေါ်တယ်။ အဲဒါကို နတ်ဘုရား ယင်သစ်သားကနေ ဖန်တီးပြုလုပ်ထားတာ။ အဲဒီအထဲမှာ ယင်အဆိပ်တောက်တွေ ပါနေတယ်။ မကြာခင် ကျတော်တော့ ယင်အမျိုးအစား လျို့ဝှက်တိုက်ကွက် ဉာဏ်အလင်း ပွင့်လာတော့မယ်ထင်တယ်။ အဲဒီအချိန်ကျရင် ကမ္ဘာကြီးတစ်ခုလုံးကို မွေနှောက်ပြီးတော့ …. ”
မိုဝူကျိ၏ အမူအယာ မည်းမှောင်လာသည်ကို မြင်၍ ရွိက်ကောက ပါးနပ်စွာ ရပ်တန့်လိုက်တော့သည်။
“ သွားကြစို့ … နတ်ဘုရား ချောက်ကမ်းပါးခုံရုံးဆီ ငါ့နောက်ကနေ လိုက်ခဲ့ ” မိုဝူကျိက နတ်ဘုရား ယင်တိုင်အကြောင်း တစ်ခါမှ မကြားဖူးပေ။ သူ့အနေနှင့် ရွိုက်ကောဆီမှ ဘာမှထပ်ထွက်လာမည် မဟုတ်ကြောင်းလည်း သိထားသည်။ ရွိုက်ကောက ထိုအကြောင်း သိနေသည့် အကြောင်းအရင်းမှာ သူက ဝါးစားလိုက်၍ ဖြစ်ကာ အသိဉာဏ် ကြွယ်ဝလွန်းနေ၍ မဟုတ်ပေ။
………………
နတ်ဘုရားချောက်ကမ်းပါး ခုံရုံးမှာ စကြဝဠာအစွန်းထက် ကြီးကျယ်ခမ်းနားလှသည်။ အဝေးမှ ကြည့်လျှင် သက်တံ့တိမ်တိုက်များနှင့် ဝန်းရံနေသော မျှောလွင့်နယ်မြေတစ်ခုလို ဖြစ်နေသည်။
မိုဝူကျိက နတ်ဘုရား ချောက်ကမ်းပါး ခုံရုံးထဲ ဝင်မကြည့်ဘဲဖြင့် အင်မော်တယ်သွေးကြော အများစုမှာ သူ့ရှေ့မှ သွားကြသူများ ယူပြီးသွားပြီ ဖြစ်ကြောင်း သိလိုက်သည်။
သူက စိတ်ထဲ မထားပေ။ သူက သွေစောင်းအာကာပြင် ပင်လယ်ကျွန်း၌ အင်မော်တယ်သွေးကြောများစွာ ရထားပေသည်။
မီတာ ၃၀ ကျယ်ဝန်းသော ကျောက်ဖြူဖြူလမ်းကြောင်းလေး တစ်ခု ပေါ်လာသည်။ ထိုလမ်းကြောင်းက စကြဝဠာ၏ ထိပ်ဆုံးဆီ ဦးတည်နေဟန် ပေါ်သည်။ မိုဝူကျိက ရွိုက်ကောအား ခေါ်ကာ ထိုလမ်းကြောင်းတစ်လျှောက် လျောက်လာလိုက်သည်။ သူ ပထမဆုံး မြင်လိုက်သည့်အရာမှာ ခန်းမကျယ်တစ်ခု ဖြစ်၏။ ခန်းမမှာ မဖျက်စီးရသေးသည့်အတွက် ဤနေရာမှာ နတ်ဘုရားမျိုးနွယ်၏ ထိပ်သီးလူများ စုစည်းကြသည့် နေရာ ဖြစ်မည်မှန်း သိလိုက်သည်။
“ တာအိုသခင်မို …. ဒါက ခင်ဗျားရဲ့ အင်မော်တယ်သားရဲလား ” မိုဝူကျိ ရောက်ရှိလာသည်နှင့် မိစ္ဆာမျိုးနွယ်၏ စီဟုန်က တအံ့တဩ မေးလိုက်သည်။
မိုဝူကျိက ရယ်မောကာ “ ဟုတ်တယ်လေ … ဒါနဲ့ ဒီကောင်လေးက ခင်ဗျားတို့ မိစ္ဆာမျိုးနွယ်ရဲ့ အစိတ်အပိုင်းလို့တောင် ယူဆလို့ ရနေတာပဲ ”
မိစ္ဆာမျိုးနွယ်မှ တာအိုဧကရာဇ်က ပြန်ပြောလိုက်သည် “ တာအိုသခင်မိုရဲ့ သားရဲက အရမ်းအံ့ဩဖို့ ကောင်းတယ်။ ကျုပ်တို့ မိစ္ဆာမျိုးနွယ်မှာတောင် သူ့သွေးမျိုးရိုးက အတော်လေး ရှားပါးတယ် ”
“ ဘာမိစ္ဆာမျိုးနွယ်တုန်း … ကျုပ် သွေးမျိုးဆက်က မိစ္ဆာမျိုးနွယ်ထက် အရမ်းကို မြင့်မြတ်တယ်” ရွိုက်ကောက ပြန်လည် ချေပလိုက်သည်။
“ ရွိုက်ကော မဟုတ်တာတွေ လျှောက်မပြောနေနဲ့ ” မိုဝူကျိက ရွိုက်ကောသည် မိစ္ဆာမျိုးနွယ်၏ တစိတ်တပိုင်း ဖြစ်ကြောင်း သိထားသည်။ သို့သော်လည်း ရွိုက်ကော၏ စကားမှာလည်း မမှားပေ။ သာမာန် မိစ္ဆာမျိုးနွယ်နှင့် နှိုင်းယှဉ်ကြည့်လျှင် သွေးဆာခြင်နက်သည် ပို၍ ကြောက်မက်ဖွယ် ကောင်းလှသည်။
စီဟုန်က ရွိုက်ကောမှ အကြည့်ခွာလိုက်ရသည်။ အကယ်၍ ရွိုက်ကောသည် မိုဝူကျိ၏ သားရဲ ဖြစ်မနေလျှင် သူ့အနေနှင့် သေချာပေါက် လုယူမိလိမ့်မည်။ ရွိုက်ကော၏ သွေးမျိုးဆက်မှာ ရွိုက်ကော ပြောလိုက်သည့်အတိုင်း အလွန်မြင့်မြတ်ကာ သိက္ခာကြီးပေသည်။ အကယ်၍ သူသာ ရွိုက်ကောကို ရရှိလျှင် သူ့အနေနှင့် ကံကောင်းလာမည် မဟုတ်ပါလော။
ကံမကောင်းသည်က ရွိုက်ကောသည် မိုဝူကျိ၏ သားရဲ ဖြစ်နေလေပြီ။ အကယ်၍ ကောင်းကင်ဘုံအလွန် စကြဝဠာ၌ သူ စီဟုန် ရန်မစရဲသည့် တစ်ဦးတည်းသော သူမှာလည်း တာအိုသခင်မိုသာ ဖြစ်ပေသည်။
“ တာအိုသခင်မို ….ဒါက နတ်ဘုရားမျိုးနွယ်တွေ သွေးစတေးမှုကို သုံးပြီး ဖွင့်ချင်တဲ့ နယ်မြေပါ ” နီကိုင်က သူတို့ရှေ့ရှိ ပုံကားချပ်ကို ညွှန်ပြရင်း ပြောလိုက်သည်။
မိုဝူကျိ၏ စိတ်စွမ်းအားမှာ ထိုသင်္ကေတများထံ ရောက်ရှိသွားသည်။ ထိုသင်္ကေတများက အလွန်ရှုပ်ထွေးပြီး ကြီးကျယ်ခမ်းနားလှပေသည်။ သူတို့တစ်ခုချင်းစီက တစ်ခုချင်းစီနှင့် ဆက်စပ်နေသည်။ ထိုသင်္ကေတများမှာ ရှုပ်ထွေးသည်သာမက ထိုသင်္ကေတများအတွင်း ပုန်းအောင်းနေသည့် အလွန်ပဟေဋိဆန်လှသည့် ပုံကားချပ်ကြီးလည်း ရှိနေဟန် ပေါ်သည်။
ခဏလေးအတွင်း မိုဝူကျိက မူးနောက်နောက် ဖြစ်လာမိသည်။ သူ့စိတ်ထဲ၌လည်း တုန်လှုပ်နေမိ၏။ ဤနေရာတွင် သူ့ကျင့်ကြံဆင့်မှာ အနိမ့်ဆုံးဖြစ်နေသော်လည်း သူ့အသိစိတ်ပင်လယ်နှင့် စိတ်စွမ်းအားတို့ကို မည်သူကမှ ယှဉ်နိုင်မည် မဟုတ်ပေ။ အကယ်၍ သူက ထိုသင်္ကေတများကြောင့် မူးဝေနေလျှင် ထိုအရာမှာ မည်မျှကြောက်ဖို့ကောင်းကြောင်း သိနိုင်လေပြီ။
“ တာအိုသခင်မို …. အဲဒီ အစီအရင် သင်္ကေတတွေက ခင်ဗျားရဲ့ စိတ်စွမ်းအားကို ကမောက်ကမ ဖြစ်စေလိမ့်မယ် ” ပင်လယ်မျိုးနွယ် တာအိုဧကရာဇ်က မိုဝူကျိအပေါ်လည်း သက်ရောက်မှု ရှိသည်ကို မြင်သောအခါ တိတ်တဆိတ် ပင့်သက်ရှိုက်မိလိုက်သည်။
မိုဝူကျိက လေးလေးနက်နက် ပြောလိုက်သည် “ ဒါတွေက အစီအရင် သင်္ကေတတွေ မဟုတ်ဘူး ….”
***