အမှာစာချန်ရစ်၍ ညဘက်ထွက်ခွာခြင်း
Vol. 3 Ch. 41
ဟန်လိတွင် အချိန်အများကြီး မကျန်တော့ပေ။ သူနှင့် သမားတော်မော့တို့က သူတို့၏ ဝှက်ဖဲများကို ထုတ်ဖော်ပြသရန်မှာ အများဆုံး လေးငါးလသာ ကျန်ရှိတော့သည်။ ထိုအချိန်မတိုင်ခင် သူသည် သူ့ကိုယ်သူ ကာကွယ်ရန် ပညာရပ်များကို ဆည်းပူးလေ့လာခြင်းမှလွဲ၍ ရွေးချယ်စရာမရှိပေ။
ရလဒ်အနေနှင့် သူသည် ချက်ချင်း အသုံးပြုနိုင်စွမ်းရှိသည့် လွယ်ကူရိုးရှင်းသော လျှို့ဝှက်နည်းစနစ်များကိုသာ လေ့ကျင့်ရန် ဆုံးဖြတ်ခဲ့သည်။ ပို၍ ခက်ခဲသည့် နည်းစနစ်များကို ခေတ္တမျှ ဘေးဖယ်ထားရဦးမည် ဖြစ်သည်။ သူ ကျားရဲတွင်းထဲက ထွက်ပြေးလွတ်မြောက်ပြီးနောက်မှသာ ၎င်းတို့ကို လေ့ကျင့်လျှင်လည်း နောက်ကျလိမ့်မည် မဟုတ်ပေ။
သူက ရိုးရှင်းသည့် လျှို့ဝှက်နည်းစနစ်များကို တတ်နိုင်သမျှ မြန်မြန် ကျွမ်းကျင်အောင် လေ့ကျင့်ခြင်းဖြင့် သူ၏ ကျင့်ကြံချိန်ကို အလွန် တိုတောင်းစေလိမ့်မည် ဖြစ်သည်။
ဟန်လိ၏ စိတ်ထဲ၌ သေချာနားလည်ထားသည်။ သူက ထိုလျှို့ဝှက်နည်းစနစ်ကို ကျွမ်းကျင်အောင် လေ့ကျင့်နိုင်လျှင်ပင် သမားတော်မော့နှင့် ယှဥ်နိုင်စွမ်းရှိလိမ့်မည် မဟုတ်ပေ။
သမားတော်မော့ နောက်ဆုံးတစ်ခေါက်က ပြောခဲ့သည့်စကားများသာ အမှန်ဖြစ်လျှင် သူ၏ ခွန်အားက ဒေသတစ်ခု၏ ထင်ရှားကျော်ကြားသော အုပ်ချုပ်သူနှင့် ယှဥ်နိုင်လိမ့်မည် ဖြစ်သည်။ ဟန်လိသည် သူတို့၏ နောက်ဆုံးအကြိမ် တိုက်ခိုက်မှုအတွင်း မည်မျှ ကြောက်မက်ဖွယ် ရက်စက်သည့် လှုပ်ရှားမှုများကို ထုတ်ဖော်ခဲ့ကြောင်း မသိခဲ့ပေ။ သူသည် ထိုအချိန်က သမားတော်မော့ ဖော်ပြခဲ့သော စွမ်းရည်က သူ့ခွန်အားအစစ်အမှန်၏ တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်မည်ကို စိုးရွံ့ခဲ့ပေသည်။
ဟန်လိသည် သမားတော်မော့၏ မကောင်းဆိုးဝါးဆန်သော စွမ်းရည်ကို တွေးမိသည့်အခါ သူ့စိတ်ထဲ၌ အေးစက်သော အကြောက်တရားတို့ ပေါက်ကွဲထွက်လာသည်။
သူသည်လည်း သင်ယူရမည့် အချိန်က တိုတောင်းပြီး သူ သမားတော်မော့အား ခြိမ်းခြောက်နိုင်မည့် ဖြစ်နိုင်ချေက အလွန်သေးငယ်ပြီး မဖြစ်နိုင်လုနီးပါးဖြစ်လိမ့်မည်ကို သိရှိပေမယ့် သူ၏ လက်များကို ချည်နှောင်ကာ တစ်ဖက်လူ ပြုသမျှနုရမည့် အဖြစ်မျိုးမှာ ဟန်လိ မည်သည့်အခါမှ ဖြစ်ခွင့်မပြုနိုင်သည့် အရာဖြစ်သည်။
ဟန်လိသည် သူက သမားတော်မော့ကို ဆန့်ကျင်တိုက်ခိုက်ရန် လုပ်ဆောင်ပါက အနိုင်ရရန်အတွက် အခွင့်အရေးတစ်ခုသာလျှင် ရှိမည်ဖြစ်ကြောင်း သိရှိသည်။ သမားတော်မော့က သူ့ကို အထင်အမြင်သေးနေမည်မှာ ကျိန်းသေပင် ဖြစ်သည်။ သမားတော်မော့၏ သူ့အပေါ် ဂရုမစိုက်မှုနှင့် ပေါ့ပေါ့ဆဆသဘောထားမှုကို အသုံးပြု၍သာလျှင် ဟန်လိသည် သမားတော်မော်၏ သတိအနေအထားကို လျော့ကျစေ၍ သူအသက်ရှင်ရန် အခွင့်အရေးကို ဖမ်းဆုပ်ရလိမ့်မည် ဖြစ်သည်။
ဤရက်များအတွင်း ဟန်လိသည် မျက်တောင်တစ်ခတ်ဓားပညာရပ်နှင့် ပတ်သတ်သည့် အကြောင်းအရာအားလုံးကို မှတ်သားခဲ့ပြီး ဖြစ်သည်။ သိုင်းကျမ်းမှနေ၍ သူက သူ့အတွက် အသုံးအဝင်ဆုံး လျှို့ဝှက်နည်းစနည်းများကို ရွေးချယ်ထားသည်။ သူက ၎င်းတို့ကို စတင် ဆန်းစစ်ကာ အလျင်မြန်ဆုံး ရလဒ်ကို ရရှိနိုင်မည့် လမ်းကြောင်းကို တွေးတောခဲ့သည်။
သူက ရက်အနည်းငယ်ကြာသည်အထိ သူ့ဦးနှောက်ကို အလုပ်ပေးခဲ့သည်။ သိုင်းကျမ်းမှ ကျင့်ကြံရေးနည်းလမ်းများအားလုံးက သူ့ရှေ့တွင် ထွက်ပေါ်လာ၏။ အချိန်တိုအတွင်း သူသည် ထိုကဲ့သို့သော ရှုပ်ထွေးသည့် အလုပ်မျိုးကို ပြီးပြည့်စုံအောင် လုပ်နိုင်စွမ်းရှိပြီး သူ၏ လုပ်နိုင်စွမ်းက ထူးခြားသာလွန်လှသဖြင့် သူ့ကို စိတ်ကျေနပ်အောင် ဖြစ်စေသည်။
လ၏ ဒုတိယတစ်ဝက်အတွင်း ဟန်လိသည် အသေးအဖွဲကိစ္စအနည်းငယ်ကို ဖြေရှင်းပြီး အခြားမည်သည့် စိတ်ပူစရာမှ မကျန်ခဲ့အေင် အသေအချာပြုလုပ်ပြီး အပြည့်အဝပြင်ဆင်ခဲ့သည်။
အရင်ဆုံး သူက လီဖေးယွီကို လျှို့ဝှက်သိုင်းကျမ်းများ ပြန်ပေးကာ ဝံပုလွေရိုင်းဂိုဏ်းမှ သူလျှိုများနှင့် တွေ့ခဲ့ကြောင်း ပြောပြီး စားဖိုဆောင် ခေါင်းဆောင်၏ သရုပ်မှန်ကိုပါ ပြောပြလိုက်သည်။
ထိုစကားများကို လီဖေးယွီကြားပြီးနောက် သူက အတော်လေး အံ့အားသင့်သွားခဲ့သည်။ ထို့နောက် သူက ဟန်လိ၏ ပခုံးမှ ဆွဲဖက်လိုက်ပြီး 'ညီအစ်ကိုကောင်း' ဟု အထပ်ထပ် ပြောခဲ့သည်။ ဟန်လိက ထိုကဲ့သို့သော ကောင်းမွန်လှသည့် အကျိုးဆောင်မှုဖြစ်နိုင်သော သတင်းကို မည်သည့် အကျိုးအမြတ်မှမယူဘဲ သူ့အား ပြောပြခဲ့သည်။ ဤသည်က သူ့ကို စိတ်လှုပ်ရှားသွားစေခဲ့၏။
သို့သော် သူသည် လတ်တလော၌ ဟန်လိက အလွန် အလုပ်များနေခဲ့သည်ကို မသိပေ။ ဟန်လိက သူလျှိုအား ဖမ်းဆီးမည့်အကြောင်း တွေးရန် မည်သို့ ဖြစ်နိုင်ပါမည်နည်း။ လီဖေးယွီကို ပြောပြလိုက်ခြင်းဖြင့် ဟန်လိသည် ထိုကိစ္စအတွက်နှင့် ပြဿနာမဖြစ်တော့ဘဲ စီနီယာတပည့်၏ နှစ်လိုမှုကိုပါ ရရှိနိုင်မည် ဖြစ်သည်။ ဟန်လိက မည်သည့်အတွက်ကြောင့် ထိုသို့မလုပ်ဘဲ နေရပါမည်နည်း။
သူက လီဖေးယွီနှင့် အလုပ်ကိစ္စပြီးသွားသည့်အခါ ဟန်လိက ဂိုဏ်းအတွင်းရှိ အတော်ဆုံးပန်းပဲသမားထံ သွားရောက်ခဲ့သည်။
ထို့နောက် သူက မတူညီသော ပုံစံနှင့် ဓားမြှောင်များကို မှာယူခဲ့ပြီး ပြုပြင်မွမ်းမံမှုအနည်းငယ်ကို ပြုလုပ်ပေးရန်လည်း လျှို့ဝှက်စွာ တောင်းဆိုခဲ့သည်။ ထို့ပြင် သူက အလွန် သေးငယ်ကောင်းမွန်သော သံခေါင်းလောင်းလေးများအပါအဝင် အသုံးမဝင်ပုံပေါ်သည့် ပစ္စည်း အနည်းငယ်ကိုလည်း မှာယူခဲ့သည်။ သူက ထိုပစ္စည်းများအားလုံးကို လျင်မြန်စွာ ပြုလုပ်ပေးရန် တောင်းဆိုခဲ့သည်။ သူက များပြားလှသော ဝယ်ယူမှုတို့ကို ပြုလုပ်ခဲ့သည့် ရလဒ်အနေနှင့် များပြားလှသော ငွေကြေးတို့ကို သုံးစွဲလိုက်ရပြီး သူ့ကို အနည်းငယ် ခေါင်းကိုက်လာသလို ခံစားရစေခဲ့သည်။
ရက်အတော်ကြာပြီးနောက် ပန်းပဲသမားထံမှ သူ မှာယူထားသည့် ပစ္စည်းများကို လက်ခံရရှိခဲ့သည်။ တောက်ပသည့် ဓားမြှောင်များနှင့် သေးငယ်ကောင်းမွန်သော ခေါင်းလောင်းများကို မြင်ရသည့်အခါ သူက အလွန် စိတ်ကျေနပ်သွားခဲ့သည်။ သူက သူ၏ ငွေများကို အချည်းနှီးအသုံးပြုလိုက်ရခြင်း မဟုတ်သည်ကို သိသွားသည့်အတွက် ပန်းပဲသမားကို ချီးမွမ်းလိုက်သည်။
ထိုညတွင် ဟန်လိက သူ၏ အိမ်မှ ထွက်ခွာ၍ အစအနမကျန်အောင် ပျောက်ကွယ်သွားလေသည်။ သူ ချန်ထားခဲ့သည့် တစ်ခုတည်းသောအရာမှာ သူ့ခုတင်ဘေးမှ အောက်ပါအကြောင်းအရာများ ရေးထားသည့် စာတစ်စောင်သာ ဖြစ်သည်။
သမားတော်မော့၊
ကျုပ် အဝေးကို ထွက်ပြေးပြီး ပုန်းနေမှာ မဟုတ်လို့ ခင်ဗျား စိတ်ပူစရာမလိုပါဘူး။ တောင်ကြားမှာ ခင်ဗျားနဲ့အတူ ရှိနေတာက အရမ်းမွန်းကြပ်လွန်းပြီး ထာဝရနွေဦးကျင့်စဥ်ကို ကျင့်ကြံဖို့ ခက်ခဲတယ်လို့ ခံစားမိခဲ့ရုံပါ။ ဒါကြောင့် ကျုပ် တောင်ပေါ်က တိတ်ဆိတ်တဲ့ နေရာတစ်ခုရှာပြီး တံခါးပိတ်ကျင့်ကြံဖို့ ဆုံးဖြတ်လိုက်တာ။ စိတ်အေးအေးထားပါ။ လေးလကြာပြီးတဲ့နောက် ကျုပ် အချိန်မှန် ပြန်လာပြီး ခင်ဗျားနဲ့ လာတွေ့ပါ့မယ်။
လေးစားစွာဖြင့်..
ဟန်လိ
သမားတော်မော့က သူ၏ ပက်လက်ကုလားထိုင်ပေါ် ထိုင်နေရင်း ထိုစာကို ဖတ်လိုက်ကာ ဘယ်ဘက်လက်၌ စာရွက်အားကိုင်၍ အနက်ရောင်တိမ်မည်းများ ဖုံးလွှမ်းနေဆဲဖြစ်သည့် မျက်နှာနှင့် တိတ်တဆိတ် ကြည့်နေခဲ့သည်။ တစ်ဖက်ရှိ စားပွဲပေါ်တွင် ပန်းပဲသမားထံမှ မှတ်စုတစ်ခုရှိနေပြီး ထိုအထဲ၌ ဟန်လိ၏ လတ်တလော အမှာစာရင်းအတိအကျ ပါဝင်သည်။
ထိုအခိုက်အတန့်တွင် သမားတော်မော့က သူ၏ ညာဘက်လက်မှ လက်ချောင်းနှင့် စားပွဲခုံကို တတောက်တောက် ခေါက်နေခဲ့သည်။
တောက်.. တောက်... (စားပွဲခေါက်သံ)
အခန်းအတွင်း စားပွဲခေါက်သံမှလွဲ၍ အခြား မည်သည့်အသံမှ ရှိမနေပေ။
ရုတ်တရက် သူက အေးစက်စွာ နှာမှုတ်လိုက်သည်။ သူ့လက်ထဲမှ စာရွက်က ချက်ချင်းပင် ပြာအဖြစ်ပြောင်းလဲသွားပြီး လေထဲ မျောလွင့်သွားသည်။
သူက ဒယိမ်းဒယိုင်နှင့် ထရပ်လိုက်ပြီး ပခန်းထဲ၌ လှည့်ပတ်လျှောက်နေခဲ့သည်။ သမားတော်မော့၏ မျက်ခုံးများက တွန့်ရှုံ့နေခဲ့သည်။ အရှေ့နှင့်အနောက်ကို အကြိမ်ရေအနည်းငယ် လျှောက်သွားပြီးနောက် သူက ရပ်လိုက်ကာ ခပ်တိုးတိုးပြောလိုက်သည်။ "ကောင်စုတ်ကလေး မင်းစိတ်ထဲမှာ ဘယ်လိုကောက်ကျစ်တဲ့ အကြံအစည်တွေ ရှိနေလဲဆိုတာ ငါမသိဘူးထင်နေလား။ မင်း ဘာလှည့်ကွက်တွေပဲ သုံးသုံး ငါ့လက်ထဲက ပြေးလွတ်မှာ မဟုတ်ဘူး။ ဒီလိုဖြစ်သွားရတာ ငါ မင်းကို အရမ်းလွှတ်ထားမိလို့ပဲ။"
သမားတော်မော့က ပြောပြီးသွားသည့်နောက် ရုတ်တရက် လှည့်ကာ ပြတင်းပေါက်ဆီ လျှောက်သွားခဲ့သည်။ ခပ်နိမ့်နိမ့်နှင့် ရှည်ကြာသည့် လေချွန်သံတစ်ခုက သူ့ပါးစပ်မှ ထွက်ပေါ်လာသည်။ တခဏကြာပြီးနောက် သေးငယ်လှသည့် အဝါရောင်အမွေးများနှင့် ငှက်ကလေးတစ်ကောင်က ပြတင်းပေါက်မှ ဝင်လာခဲ့သည်။ ၎င်းသည် အခန်းထဲတွင် အကြိမ်အနည်းငယ် ပတ်ပျံနေပြီးမှ သူ့ပခုံးပေါ်တွင် လာနားခဲ့သည်။
သေးငယ်သည့် ငှက်လေးက ခိုင်ခိုင်မာမာ ရပ်နေခဲ့သည်။ ၎င်းက သမားတော်မော့၏ မျက်နှာကို ချစ်ခင်နှစ်သက်စွာနှင့် ပွတ်သပ်လိုက်ပြီး နားဝင်ချိုဖွယ် အသံသေးသေးလေး ပြုလုပ်သည်။
"ကောင်းပြီ.. မင်း ဗိုက်ဆာနေတာ ငါ သိတယ်။ ဒီမှာ မင်း အကြိုက်ဆုံး အဝါရောင်သစ်အယ်သီးဆေးလုံး။"
ငှက်ကလေးကို ကြည့်ရင်း သမားတော်မော့၏ မှောင်မိုက်နေသော မျက်နှာထက်တွင် ချစ်ခင်နှစ်သက်သည့် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ သူ့အိတ်ထဲမှ အဝါရောင််အလုံးလေးတစ်ခုကို ထုတ်ယူ၍ ငှက်လေး၏ ပါးစပ်ထဲသို့ ခွံ့ကျွေးလိုက်သည်။
"သွား.. အရင်တုန်းကလိုပဲ။ အဲဒီလူနောက်ကို လိုက်ချေ။ သူ တောင်ပေါ်ကနေထွက်သွားတာနဲ့ ငါ့ဆီ ချက်ချင်းပြန်လာခဲ့။" သမားတော်မော့က ငှက်ကလေးအား လူတစ်ယောက်နှင့် ပြောသလို ပြောလိုက်သည်။
'ဂလူးလူး' ငှက်ကလေးက စားသောက်ပြီးနောက် စိတ်လှုပ်ရှားသည့် အသံလေးထွက်ပေါ်လာကာ အခန်းထဲ၌ ပျံသန်းလိုက်သည်။ သူ့စကားများကို ကြားပြီးနောက် ၎င်းက ပြတင်းပေါက်မှ ပျံသန်းထွက်သွားကာ ကောင်းကင်၌ ပျောက်ကွယ်သွားသည်။
"ဟမ့်! မြားပျံတစ်စင်းထက် မြန်အောင် သွားနိုင်တဲ့ တိမ်တောင်ပံငှက်ရဲ့ ထောက်လှမ်းမှုအောက်မှာ မင်း ဘယ်လို လှည့်ကွက်တွေ လုပ်နိုင်မလဲ သိချင်မိတယ်။" သူက ရက်စက်ယုတ်မာမည့်ဟန်နှင့် ပြောလိုက်သည်။
"လေးလလား။ မင်း ရောက်လာမယ့်နေ့ကို ငါ စောင့်နေမယ်။ ငါ့ရဲ့ အစီအစဉ်က ကျိန်းသေအောင်မြင်ရမယ်။ ငါ့ကို ဘယ်သူတားရဲသလဲ။ တားတဲ့လူတိုင်းကို သတ်ပစ်မယ်။ နတ်ဘုရားတွေ တားဆီးရန် နတ်ဘုရားတွေ သေရလိမ့်မယ်။ ဗုဒ္ဓက လာတားဆီးရင် ဗုဒ္ဓသေရလိမ့်မယ်။"
"ဟားဟားဟား...!" သမားတော်မော့က ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ့မျက်လုံးများထဲတွင် ရူးသွပ်မှုတို့နှင့် ပြည့်နေခဲ့သည်။