← Chapters

အဆောင်တစ်ထောင် တောင်ထိပ်နှင့် ဖီကာရွံ့စေး

Vol. 59 Ch. 823

အဆောင်တစ်ထောင် တောင်ထိပ်နှင့် ဖီကာရွံ့စေး

Vol. 59 Ch. 823

“ အဲဒါဆို ဘာကြီးလဲ ” မိုဝူကျိ စကားထွက်ပေါ်လာသည်နှင့် လူများစွာက တစ်ပြိုင်နက် မေးလိုက်ကြသည်။

ဤနေရာရှိ လူများမှာ တာအိုဧကရာဇ်၊ မဟာဧကရာဇ် သို့မဟုတ် အင်မော်တယ် ဧကရာဇ် နောက်ပိုင်းအဆင့်များသာ ဖြစ်ကြသည်။ သူတို့၏ အစီအရင်တာအိုက မိုဝူကျိလောက် အားမကောင်းသော်လည်း သူတို့က အစီအရင်နှင့် ပတ်သတ်လာလျှင် နုံအနေသူများ မဟုတ်ပေ။

ထိုသင်္ကေတများမှာ အစီအရင် သင်္ကေများသာ ဖြစ်ပြီး သူတို့အနေနှင့် မသင်ယူရသေးခြင်းသာ ဖြစ်၏။ တချို့လူများမှာ မိုဝူကျိ၏ စကားမှာ တမင်ထုတ်ပြောလိုက်ကြောင်း သံသယဝင်လာမိကြသည်။ သူက သူတို့အားလုံးကို ကန်လွှတ်ပြီးနောက် သူ့ဘာသာ တစ်ယောက်တည်း တိတ်တဆိတ် ပြန်လာလို၍ ဖြစ်နိုင်သည်။

မိုဝူကျိက ခဏတာ တုံ့ဆိုင်းသွားပြီး  “ ကျုပ်လည်း သေချာတော့ မသိဘူး။ ကျုပ်က ဒီလိုအရာမျိုးကို တစ်ခါမှ မမြင်ဖူးပေမဲ့ ဒီဟာက ရှေးဟောင်းကျိန်စာ သင်္ကေတနဲ့ ပိုတူတယ် ”

မိုဝူကျိ၏ အစီအရင်တာအိုက ချူရှင်းကျီ၏ အမွေအနှစ်မှ ဆင်းလက်လာခြင်း ဖြစ်၏။ ထို့နောက် သူက အင်မော်တယ် မော်တယ် ကျင့်စဉ်ဖြင့် ဆက်လက် လေ့လာခဲ့လေရာ နတ်ဘုရားမျှော်စင်၏ အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်ဆီ ရောက်သွားပြီးနောက် သူ့အစီအရင်တာအိုမှာ သိသိသာသာ တိုးတက်လာခဲ့သည်။ ဓားအကျဉ်းထောင်သို့ ရောက်စဉ်အခါ၌လည်း သူက အာကာပြင် အစီအရင် သင်္ကေတများအကြောင်း အသိဉာဏ်ပွင့်ခဲ့သေးပေသည်။ ယခု သူ့လက်ရှိ အစီအရင်တာအို အဆင့်အတန်းမှာ အချိန်နည်းနည်း လေ့လာလိုက်သည်နှင့် အဆင့် ၉ အစီအရင်ဆရာ တစ်ယောက် ဖြစ်လာမည်မှန်း သေချာသိနေသည်။

ထိုအကြောင်းအရင်းကြောင့် မိုဝူကျိက ထိုသင်္ကေတများမှာ အစီအရင် သင်္ကေတများ မဟုတ်ကြောင်း သေချာသိနေခြင်း ဖြစ်၏။ သူက စိတ်ဝိညာဉ်မျက်လုံးကို ထုတ်မသုံးထားသော်လည်း သူ့အနေနှင့် ထိုသင်္ကေတများကြားရှိ ကျိန်စာစွမ်းအားကို ခံစားမိနေသည်။

“ ကြည့်ရတာ တာအိုသခင်ရဲ့ စကားတွေက အမှန်ဖြစ်နေတဲ့ပုံပဲ …. နတ်ဘုရားမျိုးနွယ်ဆိုတာက အရမ်းကို ဆန်းကြယ်တဲ့ မျိုးနွယ်တစ်ခု။ ကျုပ်ကြားတာတော့ နတ်ဘုရားမျိုးနွယ်မှာ အားကောင်းတဲ့ ကျိန်စာတိုက်ကွက်တောင် ရှိတယ်တဲ့။ ဒါပေမဲ့ အဲဒီလျို့ဝှက်တိုက်ကွက်က ဒီသင်္ကေတတွေကို သုံးလားဆိုတာတော့ မသိဘူး ” ပင်လယ်မျိုးနွယ်၏ တာအိုဧကရာဇ် ကျောင်လွမ့်က သဘောတူစွာ ခေါင်းညိတ်ပြလိုက်သည်။

သူက မိုဝူကျိ စကားများမှာ သဘောတရားကျကြောင်း ခံစားမိလိုက်သည်။ သူပင်လယ်မျိုးနွယ်မှာ နတ်ဘုရားမျိုးနွယ်နှင့် ပဋိပက္ခ ဖြစ်ခဲ့သောကြောင့် ထိုကိစ္စအကြောင်းများအား ရှင်းရှင်းလင်းလင်း သိထားသည်။

“ညီလေးကျောင် …. မင်း ပြောတာ မဟာကျိန်စာတိုက်ကွက် ကို ပြောနေတာလား ” နီကိုင်ကလည်း တစ်ခုခု အမှတ်ရသွားဟန်ဖြင့် ချက်ချင်း ဝင်ပြောလိုက်သည်။

“ ဟုတ်တယ် … မဟာကျိန်စာ တိုက်ကွက်ကို ပြောနေတာပဲ။ ဒါပေမဲ့ အဲဒီသင်္ကေတထဲမှာ ကျိန်စာတိုက်ကွက် ပါနေတယ်ဆိုရင်တောင် မဟာကျိန်စာ တိုက်ကွက် ဖြစ်ဦးမှာ မဟုတ်ဘူး။ အသေးစားလေးပဲ ရှိဦးမှာ  ” ကျောင်လွမ့်က ထပ်ပြောလိုက်သည်။

“ တာအိုသခင်မိုမှာ အဲဒီကျိန်စာကို ဖယ်ရှားဖို့ နည်းလမ်း ရှိလား ” မိစ္ဆာမျိုးနွယ်၏ တာအိုဧကရာဇ် စီဟုန်က မိုဝူကျိအား မျှော်လင့်တကြီး ကြည့်ကာ မေးလိုက်သည်။

သူ့ကျင့်ကြံဆင့်မှာ အမြင့်ဆုံးသို့ ရောက်ရှိနေပြီ ဖြစ်ရာ သူ့အနေနှင့် တိုးတက်လာဖို့ရာ ခက်ခဲလှပေ၏။ အကယ်၍ သူသာ အဆင့်မြင့်မြင့် တက်လှမ်းနိုင်မည်ဆိုလျှင် သူ့အနေနှင့် ဤလောကမှ ထွက်သွားဖို့ လိုအပ်လိမ့်မည်။

ဤနှစ်များတစ်လျှောက် စီဟုန်သည် မိုးမြေ စည်းမျည်းများ ပိုမြင့်မားသည့် ကောင်းကင်ဘုံအလွန် စကြဝဠာကို တွေ့ထားခြင်းမျှသာ ဖြစ်၏။

ယခု နတ်ဘုရားမျိုးနွယ်က ပိုမိုမြင့်မားသည့် ကမ္ဘာလောကနှင့် ချိတ်ဆက်ထားသည့် လမ်းကြောင်း ရှိနေနိုင်လေရာ စီဟုန်သည် အလိုလားဆုံးသူ ဖြစ်နေသည်။

မိုဝူကျိက ထိုလမ်းကြောင်းကို ဖွင့်ဖို့ရာ ယုံကြည်ချက် မရှိသေးကြောင်း ပြောနေဖို့ပင် မလိုသေးပေ။ အကယ်၍ သူ ဖွင့်နိုင်လျှင်ပင် ယခု ဖွင့်မည် မဟုတ်ပေ။ နတ်ဘုရားမျိုးနွယ်က ထိုသင်္ကေတများကြား ကျိန်စာတိုက်ကွက်ကို မြှပ်နှံ့ထားခြင်း ဖြစ်ပေသည်။ ဖွင့်လိုက်လျှင် မည်သို့ ဖြစ်လာမည်ကို မည်သူက သိမည်နည်း။ သူက စွန့်စားမှုလုပ်ချင်လျှင်ပင် သူ့အနေနှင့် အင်မော်တယ် ဧကရာဇ် ပြီးပြည့်စုံခြင်းအဆင့်အထိ ရောက်အောင် စောင့်ဆိုင်းရပေမည်။

အကယ်၍ ဤသည်က ကျိန်စာ သင်္ကေတ မဟုတ်ဘဲ အစီအရင် သင်္ကေတ ဖြစ်နေလျှင် မိုဝူကျိက ကြိုးစားကြည့်မိလောက်သည်။

“ကျုပ် ကျင့်ကြံဆင့်က ကန့်သတ်ချက် ရှိနေတော့ ဒါတွေသာ အစီအရင် သင်္ကေတဆိုရင် ကျုပ် ကြိုးစားကြည့်မှာပါ။ ဒါပေမဲ့ ကျုပ်က ကျိန်စာသင်္ကေတတွေအကြောင်း တစ်ခါမှ မကြားဖူးထားတော့ ဖွင့်နိုင်မှာ မဟုတ်ဘူး ” မိုဝူကျိက တုံ့ဆိုင်းမနေဘဲ ပြောလိုက်သည်။

စီဟုန်စိတ်ထဲ၌ စိတ်ပျက်သွားသည့် ခံစားချက် မြင့်တက်လာသည်။ သူက တုံ့ဆိုင်းနေပြီးနောက် ပြောလိုက်သည်  “ ကျုပ်တို့တွေ သွေးစတေးတာကို လုပ်ရင်ရော …. ”

မိုဝူကျိက စီဟုန်အား အေးစက်စွာ စိုက်ကြည့်လိုက်သည်။ ဤလမ်းကြောင်းကို ဖွင့်ဖို့ရာ လူတစ်သိန်းကျော်၏ အသက်ကို စတေးခြင်းမှာ လောက၌ အရက်စက်ဆုံး အပြုအမူ ဖြစ်ပေသည်။ သို့သော်လည်း ဤလူများအတွက် အခြားသူများ၏ အသက်မှာ ပုရွက်ဆိတ်မျှသာ ဖြစ်၏။ လူတစ်သိန်းအကြောင်း ထည့်ပြောနေဖို့ မလိုပေ။ အကယ်၍ ဂြိုလ်တစ်ခုလုံး ဆိုလျှင်ပင် ထိုလူများက မျက်တောင်တစ်ချက် ခတ်ကြမည် မဟုတ်ပေ။

မိုဝူကျိ၏ မကျေနပ်မှုကို ခံစားမိကာ စီဟုန်ကာ နေရခက်စွာ ရယ်မောလိုက်ပြီး  “ အားလုံးရဲ့ အမြင်ပေါ် ဆွေးနွေးကြတာပေါ့။ ကျုပ်တို့တွေလည်း ဒီလမ်းကြောင်းကို ဖွင့်နိုင်မဲ့ နည်းလမ်းကို အကြံပြုသင့်တယ်လေ ”

မိုဝူကျိက မထူးမခြားနား ပြောလိုက်၏

“ ကျုပ်က ကောင်းကင်ဘုံအလွန်ရဲ့ တာအိုသခင်ဆိုတော့ ဒီကိစ္စကို ကျုပ်ပဲ ဆုံးဖြတ်ပေးပါရစေ …. ဒီနေရာကို ယာယီပိတ်ထားလိုက်မယ်။ ကျုပ်တို့တွေ သင့်တော်တဲ့ နည်းလမ်းကို ရှာတွေ့တော့မှ ပြန်ဖွင့်ကြတာပေါ့။ စည်းမျည်းတွေမရှိဘဲ စံနှုန်းမရှိဘူး။ သုံးလကြာပြီးရင် ကျုပ်တို့တွေ စကြဝဠာအစွန်းရဲ့ တာအိုသခင်အိမ်တော်မှာ ကောင်းကင်ဘုံအလွန် စကြဝဠာအတွင်းက စည်းမျည်းတွေနဲ့ ပတ်သတ်ပြီးတော့ ဆွေးနွေးကြတာပေါ့ ”

“ တာအိုသခင်မိုရဲ့ စကားတွေက မှန်ပါတယ်။ ကျုပ်တို့တွေ ကျိန်စာက ဘယ်လောက် အားကောင်းနေတယ်ဆိုတာလည်း မသိရသေးဘူး။ ဒါပေမဲ့ ဒါက ရှေးဟောင်းနတ်ဘုရားမျိုးနွယ်က ကျိန်စာဆိုတာ့ ကျုပ်တို့တွေ ဂရုစိုက်တာ ပိုကောင်းတယ် ” နီကိုင်က သဘောတူလိုက်သည်။

“ ဟုတ်ပြီ … ဒီလိုဆိုမှတော့ အခုပဲ ပိတ်ထားလိုက်တော့မယ် ” မိုဝူကျိက တခြားသူများ၏ အမြင်များကို ဂရုပင် မစိုက်ပေ။ သူက အစီအရင်အလံများကို ထုတ်၍ ဤနေရာအား ပိတ်ထားလိုက်တော့သည်။

သူက ထိုကျိန်စာသည် မည်မျှ အားကောင်းကြောင်း အသေအချာ မသိသေးပေ။ သို့သော်လည်း ဤသည်က နေရာကောင်း မဟုတ်ကြောင်း ခံစားမိနေသည်။ ဖွင့်လိုက်သည့်အခါ ကောင်းကင်ဘုံအလွန် စကြဝဠာထက် အပြင်ထိ သက်ရောက်ကောင်း သက်ရောက်နိုင်ပေသည်။

…………..

“ ဝူကျိ …. မင်း နတ်ဘုရားရှေးဟောင်းနယ်မြေကို ပိတ်လိုက်တုန်းက မိစ္ဆာမျိုးနွယ် စီဟုန်နဲ့ ပင်လယ်မျိုးနွယ် ကျောင်လွမ့်တို့က သိပ်မကြိုက်တဲ့ပုံ ဖြစ်နေတာ သတိထားမိလိုက်လား ” ယွမ်မိုက သူတို့ နတ်ဘုရားချောက်ကမ်းပါး နယ်မြေမှ ထွက်လာစဉ် ပြောလိုက်သည်။

မိုဝူကျိက ခေါင်းညိတ်ကာ  “ ကျုပ် သိပါတယ်။ ဒါပေမဲ့ နေရာကောင်းတစ်ခုတော့ မဟုတ်ဘူး။ သူတို့တွေ စိတ်ဝင်စားတာ ဘယ်လိုဖြစ်ဖြစ် ကျုပ်ကတော့ ဖွင့်မပေးနိုင်ဘူး ”

“ တကယ်တော့ အဲဒီကျိန်စာ သင်္ကေတတွေက ပိုမြင့်မားတဲ့ လောကဆီ သွားတဲ့လမ်းကြောင်းလည်း ဖြစ်နေနိုင်တယ်။ တကယ်လို့ ငါတို့တွေ ကျင့်ကြံဆင့် အားကောင်းလာရင် နောက်တစ်ခေါက် လာပြီး ကြည့်ကြည့်ကြတာပေါ့” ယွမ်မိုက လေးလေးနက်နက် ပြောလိုက်သည်။

“ ဟုတ်တယ် …. အခုတော့ ကျုပ်မှာ မပြီးပြတ်သေးတဲ့ ကိစ္စလေးတွေ ရှိနေသေးတယ်။ ကျုပ် အဲဒါတွေ ပြီးသွားရင် အင်မော်တယ်လောကဆီ ပြန်သွားဖို့ နည်းလမ်း ရှာရဦးမယ် ”

မိုဝူကျိက ထိုအထိ ပြောပြီးနောက် တစ်ခုခု တွေးမိသွားကာ “ ယွမ်မို.... ကျုပ် တစ်ခုလောက် မေးချင်လို့ …. တကယ်လို့ ကျုပ်က အဆင့်နိမ့ ကမ္ဘာတစ်ခုဆီ သွားချင်ရင် နည်းလမ်းများ ရှိလား ”

သူ့ကျင့်ကြံဆင့်မှာ ဆက်လက် မြင့်တက်နေသော်လည်း မိုဝူကျိက ကမ္ဘာမြေသို့ တစ်ခေါက် ပြန်သွားလိုသေးသည်။ ဝမ်ရှောင်ချီက အသက်ရှင်လျက် မရှိနိုင်တော့သော်ငြား သူက သူမ မျိုးဆက်ကို မြင်တွေ့မိချင်သေးသည်။

ယခု သူက နှစ်ဘဝ ဖြတ်သန်းလာပြီးပြီ ဖြစ်ရာ ဝမ်ရှောင်ချီ တစ်ယောက် သူ့အတွက် ဖြတ်သန်းခဲ့ရသည့် အခက်အခဲများနှင့် အားစိုက်မှုများအား ပို၍ သိလာမိသည်။ သူက တိုက်ရိုက် ပြန်လည် မပေးဆပ်နိုင်တော့သော်လည်း သူမမျိုးဆက်နှင့် တွေ့လာမိလျှင် မိုဝူကျိ၏ လေးလံနေသော စိတ်နှလုံးမှာ အနည်းငယ် ပေါ့ပါးသွားပေမည်။

ဝမ်ရှောင်ချီအပြင် သူက ထိုအမျိုးသမီး သူ့အား လုပ်ကြံခဲ့သည့် အကြောင်းအရင်း အတိအကျကိုလည်း သိချင်မိသေးသည်။

“ ဝူကျိ … မင်းက အဆင့်နိမ့် ကမ္ဘာဆီ ပြန်သွားချင်တာလား ” ယွမ်မိုက နားမလည်စွာ မေးလိုက်သည်။

မိုဝူကျိက သက်ပြင်းချကာ

“ ဟုတ်တယ် .. ကျုပ် ဒီကိုရောက်လာတာက မိတ်ဆွေတစ်ယောက်ကြောင့်ပဲ။ ဒါပေမဲ့ ကျုပ်မိတ်ဆွေက ဒီမှာရှိနေလားဆိုတာ မသေချာဘူး။ အဲဒါကြောင့်မလို့ အင်မော်တယ်လောကက ကိစ္စတွေကို ဖြေရှင်းပြီးသွားရင် တံခါးပိတ် ကျင့်ကြံမယ်။ ကျုပ်စွမ်းဆောင်ရည်သာ သေချာတဲ့ အဆင့်တစ်ခုအထိ ရောက်သွားပြီဆိုရင် အဲဒီနယ်မြေကို ဖွင့်ဖို့ ကြိုးစားကြည့်မယ်။ တကယ်လို့ ကျုပ် မဖွင့်နိုင်ဘူးဆိုရင် စကြဝဠာနံရံဆီ တစ်ခေါက်လောက် သွားကြည့်မယ် ”

ဤနှစ်များ၌ ကျင့်ကြံရေး အရင်းအမြစ်နှင့် ပစ္စည်းများမှာ စကြဝဠာနံရံမှ ကျလာခြင်း ဖြစ်ရာ မိုဝူကျိက စကြဝဠာနံရံကိုသာ တွယ်ကပ်တက်ကြည့်ပါက ထိုနေရာမှာ ပိုမို မြင့်မားသည့် လောက ဖြစ်နိုင်ခြေ ရှိနေနိုင်ပေသည်။ သူ့လက်ရှိစွမ်းရည်ဖြင့် သူက မလုပ်နိုင်သေးပေ။ သို့သော် သူသာ အင်မော်တယ် ဧကရာဇ် ပြီးပြည့်စုံခြင်းအဆင့် ရောက်ရှိလာလျှင် မည်သို့ ဖြစ်လာမည်နည်း။

ချိန်စုယင်နှင့် လင်းဂူတို့အတွက်မူ မိုဝူကျိက သူတို့သည် ကောင်းကင်ဘုံအလွန် စကြဝဠာတွင် မရှိကြောင်း သိထားသည်။ အကယ်၍ သူတို့သာ ကောင်းကင်ဘုံအလွန် စကြဝဠာ သို့မဟုတ် စကြဝဠာအစွန်း၌ ရှိနေလျှင် သူ့နာမည်ကို သေချာပေါက် ကြားပေလိမ့်မည်။

ယွမ်မိုက အချိန်အတော်ကြာ စဉ်းစားနေပြီးနောက်

“ နည်းလမ်း မရှိတာတော့ မဟုတ်ဘူး။ နည်းနည်း ခက်ခဲနေရုံပဲ …. ပထမနည်းလမ်းက ပြန်လည်ဝင်စားခြင်း တာအိုအသီးကို သုံးပြီးတော့ စိတ်စွမ်းအား တစ်မျှင်ကို ထည့် .. အဲဒါကို အဆင့်နိမ့် ကမ္ဘာမှာ ပြန်လည် ဝင်စားခိုင်းရမယ်။ ပုံမှန်ဆိုရင် သက်တမ်းက နှစ် ၃၀ လောက်ပဲ ရမယ်။ ဒုတိယနည်းလမ်းက ထိပ်တန်းအဆင့် ကမ္ဘာကူးပြောင်း အဆောင်ကို သုံးဖို့ပဲ။ ဒါပေမဲ့ အဲဒီနည်းလမ်းမှာ ထည့်စဉ်းစားစရာတွေ ရှိတယ်။

နံပါတ်တစ် အချက် အဲဒီ ထိပ်တန်းအဆင့် ကမ္ဘာကူးပြောင်းအဆောင်က ရဖို့ ခက်ခဲတယ်။ နံပါတ်နှစ်အချက်  အဲဒီအဆောင်ကို သုံးပြီး အဆင့်နိမ့် ကမ္ဘာကို သွားလို့ ရမယ်ဆိုရင်တောင် မိုးမြေ စည်းမျည်းရဲ့ ဖိအားကို ခံစားရဦးမှာပဲ … အဲဒီဖိအားကို ပြန်လည် ခုခံနိုင်မဲ့ ရတနာ မရှိရင် တာအိုဧကရာဇ်တောင် တစစီ ခြေမွခံလိုက်ရမှာ …

တတိယနည်းလမ်းကိုလည်း ကြားဖူးတယ်။ အဲဒါက လူတစ်ယောက်ရဲ့ ကျင့်ကြံဆင့်က အထွတ်အထိပ်ကို ရောက်သွားပြီဆိုရင် မိုးမြေစည်းမျည်းက ချုပ်နှောင်ထားဖို့ မဖြစ်နိုင်တော့ဘူးတဲ့ …. အဲဒီအထွတ်အထိပ်အဆင့်ဆိုတာကို သိပ်မရှင်းပေမဲ့ တာအိုဧကရာဇ် မဟုတ်တာတော့ သေချာတယ် ”

“ အဲဆို ကမ္ဘာကူးပြောင်းအဆောင်က ဘယ်ကနေ ရနိုင်တုန်း ” မိုဝူကျိက မြန်မြန် မေးလိုက်သည်။

သူက အင်မော်တယ် မော်တယ်ကျင့်စဉ်ကို ကျင့်ကြံသူ ဖြစ်လေရာ အဆင့်နိမ့်ကမ္ဘာများ၏ ဖိအားနှင့် ချုပ်နှောင်မှုအကြောင်း စိုးရိမ်နေဖို့ မလိုပေ။ အကြောင်းမှာ သူ့အား သေမျိုုးအဖြစ် သတ်မှတ်ထားနိင်၍ ဖြစ်သည်။

“ ဝူကျိ အဆောင်တစ်ထောင် တောင်ထိပ်ကို ကြားဖူးလား ” ယွမ်မိုက မေးလိုက်သည်။

မိုဝူကျိက ခေါင်းခါကာ  “ မကြားဖူးဘူး ”

ယွမ်မိုက ရှင်းပြလိုက်သည်

“ အဆောင်တစ်ထောင် တောင်ထိပ်ဆိုတာက အဆောင်မျိုးနွယ်ရဲ့ မျိုးဆက်တွေ ဖွဲ့စည်းထားတဲ့ ဂိုဏ်းတစ်ခုပဲ … အဆောင်မျိုးနွယ်တွေက အဆောင်မျိုးနွယ်ကနေ ဆင်းသက်လာတဲ့ ထိပ်တန်းအဆောင်တွေနဲ့ အဆောင်တွေကို ဖန်တီးဖို့ အရည်အချင်းနဲ့ မွေးဖွားလာကြတဲ့သူတွေ။ ဒါပေမဲ့ အကြောင်းအရင်းတော့ မသိလိုက်ရဘူး။ အဲဒီအဆောင်မျိုးနွယ်က တကယ့်ထိပ်တန်း ပညာရှင်တစ်ဦးကို သွားရန်စမိခဲ့တယ်။

အဲဒီပညာရှင်က အဆောင်မျိုးနွယ်စုကို သုတ်သင်ပစ်ခဲ့တာ …. အဆောင်မျိုးနွယ်ရဲ့ အသက်ရှင်ကျန်တဲ့သူတွေက အဆောင်တစ်ထောင် တောင်ထိပ်ဆီ ထွက်ပြေးသွားပြီးတော့ နောက်ဆုံး အဲမှာပဲ နေကြတော့တယ်။ သွေစောင်းအာကာပြင် ပင်လယ်ကျွန်းက သူတို့နဲ့ ထိပ်တန်းအဆောင်တွေအတွက် မကြာခဏ အရောင်းအဝယ် လုပ်ကြတယ်လေ ”

“ အဲဆို အဆောင်တစ်ထောင် တောင်ထိပ်က ဘယ်နေရာမှာလဲ ” မိုဝူကျိက စိုးရိမ်တကြီး မေးလိုက်သည်။

ယွမ်မိုက ဖြေကြားလိုက်လေ၏

“ အဲဒီနေရာကို သိတယ်။ ဒါပေမဲ့ အဆောင်တစ်ထောင် တောင်ထိပ်မှာ အဲလိုမျိုး ထိပ်တန်းအဆင့် ကမ္ဘာကူးပြောင်း အဆောင်လိုမျိုး ထပ်မရှိလောက်တော့ဘူး။ အဆောင်မျိုးနွယ် သုတ်သင်ခံရတုန်းက  သူတို့ရဲ့ အဆောင်ပညာရပ် အမွေအနှစ် တော်တော်များများ ဆုံးရှုံးသွားကြတယ်။ ဒါပေမဲ့ ဝူကျိ စိတ်ဝင်စားရင်တော့ ခေါ်သွားပေးနိုင်ပါတယ် ”

မိုဝူကျိက ခဏတာ တိတ်ဆိတ်သွားလေ၏။ ထို့နောက် သူက ပြန်ပြောလိုက်သည်

“ အရင်ဆုံး စကြဝဠာအစွန်းဆီ ပြန်ကြတာပေါ့။ ကျုပ် အင်မော်တယ်အရုပ် လုပ်ဖို့ သုံးလလောက် တံခါးပိတ် လေ့ကျင့်လိုက်ဦးမယ်။ ကျုပ် အင်မော်တယ်အရုပ်ကို ပြုလုပ်ပြီးတော့ စကြဝဠာအစွန်းက ကိစ္စတွေကို ဖြေရှင်းပြီးတာနဲ့ ကျုပ် တစ်ယောက်တည်း သွားလိုက်ပါ့မယ် ”

စကြဝဠာအစွန်းမှာ ငြိမ်သက်ခါစ ဖြစ်ကာ ယွမ်မို နောက်တွင် ကျန်ရှိနေမှ လူသားမျိုးနွယ်အတွက် ကြည့်ရှုပေးမည့်သူ ရှိပေလိမ့်မည်။

……………….

“ သခင်ကြီးက ဖီကာရွံ့စေးနဲ့ တာ့ဟွမ်ကို ပြန်အသက်သွင်းမလို့လား ” ရွိုက်ကောက မြန်မြန် မေးလိုက်သည်။

“ ဖီကာရွံ့စေးက တာ့ဟွမ်ကို အသက်ပြန်ရှင်လာစေတာလား ” မိုဝူကျိက ရွိုက်ကောအား နားမလည်စွာ ကြည့်လိုက်သည်။ သူက ရွိုက်ကောသည် အဆင့်  ၇ သို့ ရောက်ရှိသွားပြီ ဖြစ်၍ အမွေအနှစ်အသစ်များ လက်ခံလိုက်ရကြောင်း သိထားသည်။

 သို့သော် ဖီကာရွံ့စေးက ဘာကြီးလဲ …..

ရွိုက်ကောက သူ့သခင်ကြီး မသိသေးသည့် အကြောင်းအရာ ရှိနေသေးသည်ကို မြင်သောအခါ ပျော်ရွှင်မိသွားသည်  “ သခင်ကြီး … ဖီကာရွံ့စေးက ရှန်းထျန်း ပစ္စည်းလေ။ ခန္ဓာကိုယ် ပြန်လည် ကောင်းလာဖို့ အကောင်းဆုံးပစ္စည်း ဖြစ်ရုံတင် မကဘူး။ အင်မော်တယ်အရုပ်တွေအတွက်လည်း ထိပ်တန်းပစ္စည်းပဲ …. တကယ်လို့ အင်မော်တယ်အရုပ်ကို အဲဒီပစ္စည်းနဲ့ ထုဆစ်လိုက်မယ်ဆိုရင် ဝိညာဉ်စွမ်းအားကို စုပ်ယူပြီး ကျင့်ကြံနိုင်လိမ့်မယ်။ ကိုယ်ပိုင် အသိဉာဏ်လည်း ပိုင်ဆိုင်လာလိမ့်မယ် ”

“ ရွိုက်ကော …. မင်း ပြောတာက အဲဒီဖီကာ ရွံ့စေးကနေ လုပ်ထားတဲ့ အင်မော်တယ်အရုပ်က ကိုယ့်ဘာသာ ဝိညာဉ်စွမ်းအား စုပ်ယူနိုင်တာလား။ တခြားကျောက်တွေ ဘာတွေ မလိုတော့ဘူးပေါ့ ” မိုဝူကျိက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

မိုဝူကျိ၏ တာ့ဟွမ်အပေါ် ခံစားချက်မှာ အလွန်နက်ရှိုင်းပေသည်။ ထိုအကြောင်းအရင်းကြောင့် သူက အင်မော်တယ်အရုပ် ဖန်တီးဖို့ သင်ယူရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပေသည်။ သူ့လက်ရှိနည်းလမ်းဖြင့် သူက အင်မော်တယ် အုပ်စိုးသူအဆင့် အင်မော်တယ်အရုပ်ကို အလွယ်တကူ ဖန်တီးနိုင်ပြီ ဖြစ်၏။ သို့သော်လည်း သူက တာ့ဟွမ်ကို ပြန်လည် ဖန်တီးဖို့ မစတင်ရဲသေးပေ။ သူက တာ့ဟွမ်အား ယခင်ကနှင့် တူညီသော အသိဉာဏ်ကို ပိုင်ဆိုင်လိုစေ၍ ဖြစ်သည်။

ရွိုက်ကော၏ စကားကို ကြားပြီး ဖီကာရွံ့စေးမှာ တာ့ဟွမ်၏ အသိဉာဏ်ကို တိုးမြင့်ပေးနိုင်ရုံသာမက တာ့ဟွမ်သည်လည်း ကျင့်ကြံနိုင်ပေမည်။ သူက ဖီကာရွံ့စေးကို မည်သည့်နည်းလမ်းဖြင့် ဖြစ်စေ ရအောင် ယူရမည်။ တခြားအကြောင်းအရင်း မရှိပေ။ အားလုံးမှာ တာ့ဟွမ်အတွက်သာ ဖြစ်၏။

“ ဟုတ်ပါတယ် … အဲဒါတွေက ကျတော်ရဲ့ အမွေအနှစ် အသိဉာဏ်ကနေ သင်ယူထားတာပါ ” ရွိုက်ကောက ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။

“ အဲဆို ဖီကာရွံ့စေးကို ဘယ်မှာ သွားရှာရမလဲ ” မိုဝူကျိ မျက်ခုံးတို့မှာ တွန့်ချိုးကာ စဉ်းစားနေမိသည်။ သူက ထိုအရာကို တာဝန်အဖြစ် ထုတ်လိုက်လျှင် ကောင်းမလားဟု တွေးနေမိသည်။ သို့သော်လည်း သူပင် မကြားဖူးလေရာ တခြားသူများက သိမည်လား။

“ သခင်ကြီးဆီမှာ ဖီကာရွံ့စေး ရှိပြီးသား မဟုတ်ဘူးလား ” မိုဝူကျိ၏ စကားကို ကြားကာ ရွိုက်ကောက စိတ်ရှုပ်သွားကာ နားမလည်နိုင် ဖြစ်သွားမိတော့သည်။

***

All Chapters