တိမ်တောင်ပံငှက်
Vol. 3 Ch. 42
"ခင်ဗျားက ကိုယ့်ကိုယ်ကိုယ် အရမ်း အထင်ကြီးလွန်းတယ်။ အဲဒီကောင်လေးက ဉာဏ်ကောင်းလွန်းပြီး သူ့ရည်မှန်းချက် ပြည့်ဝဖို့ဆိုရင် သေချာပေါက် ဘယ်သူ့ကိုမှ သက်ညှာမယ့်သူမျိုး မဟုတ်ဘူး။ ခင်ဗျားရဲ့ ကြက်ကလေးတွေ သားမပေါက်ခင် မရေတွက်ထားနဲ့ဆိုသလိုပဲ ကိစ္စတွေကို အပေါ်ယံရှပ်ကြည့်ပြီး ဂရုတစိုက်မရှိရင် ခင်ဗျား အဲဒီကောင်လေးရဲ့ လက်ထဲမှာ ကျဆုံးခန်းရောက်သွားရလိမ့်မယ်နော်။" ရုတ်တရက် ငယ်ရွယ်သည့် လူငယ်တစ်ယောက်၏ အသံက သမားတော်မော့ စိတ်ထဲမှ ထွက်ပေါ်လာသည်။
သမားတော်မော့၏ အမူအရာက ချက်ချင်းပြောင်းလဲသွားပြီး အေးစက်မှုတို့ လွှမ်းခြုံသွားခဲ့၏။ သူက အေးတိအေးစက်ဖြင့် ပြန်ပြောလိုက်သည်။
"ယွီကျစ်ထုံ မင်း ငါ့အလုပ်မှာ ဝင်မရှုပ်တာ ပိုကောင်းလိမ့်မယ်။ ငါ့ကို ဘာလုပ်ပါဆိုပြီး ပြောဖို့ မင်းကိုယ်မင်း အရည်အချင်းမီတယ်လို့ ထင်နေတာလား။ ငါ အောင်မြင်သွားခဲ့ရင် မင်းကို ကတိပေးထားတာကို မေ့မှာ မဟုတ်ဘူး။ ဒါပေမယ့် မင်းက ငါ့ နောက်ကျောကို ဓားနဲ့ထိုးမလားဆိုတာတော့ မေးရလိမ့်မယ်။ မင်း ငါ့ကို ပေးထားတဲ့ ကျင့်ကြံခြင်းနည်းလမ်းထဲမှာ အရေးကြီးတဲ့ အပိုင်းတချို့ ဖျောက်ထားပြီး ငါ့ကို ကျရှုံးသွားစေမယ့် မတော်တဆဖြစ်လာအောင် မျှော်လင့်နေတာလား။" သမားတော်မော့ ပြန်ပြောလိုက်သည့် အသံက သံသယများနှင့် ပြည့်နေခဲ့သည်။
လူငယ်လေး၏ အသံက သမားတော်မော့ကို ကြောက်ရွံ့နေသလို ထင်မှတ်ရပြီး သူက အလျင်အမြန် အာမခံလာသည်။
"ဘယ်လိုလုပ် အမှားအယွင်းရှိနိုင်မှာလဲ။ ခင်ဗျား တိရစ္ဆာန်တွေနဲ့ စမ်းသပ်ပြီးသား မဟုတ်ဘူးလား။ ကျင့်ကြံခြင်းနဲ့ အကျွမ်းတဝင်မရှိလို့ တစ်ကောင် သေသွားတာကလွဲရင် ကျန်တာတွေ အကုန် အသက်ရှင်ခဲ့တာပဲ။ ကျရှုံးသွားတဲ့ စမ်းသပ်မှုတွေက ခင်ဗျားရဲ့ အစီအစဥ်ကို အဟန့်အတား မဖြစ်နိုင်ပါဘူး ဟုတ်တယ်မလား။"
"ဟမ့်! အဲဒီလိုဖြစ်ရင် ပိုကောင်းမယ်။ ငါ ကိုယ်တိုင် မကျင့်ကြံနိုင်တာ နှမြောစရာပဲ။ အဲဒီလိုသာမဟုတ်ခဲ့ရင် အောင်မြင်နိုင်မယ့် အခွင့်အရေးက ပိုများလိမ့်မယ်။" သမားတော်မော့က ထိုလျှို့ဝှက်ဆန်းကြယ်သည့် အသံရှင်၏ ရှင်းပြချက်ကို ကြားပြီးနောက် သူ့နှလုံးသားထဲမှ နောက်ဆုံးသံသယက ပျောက်ကွယ်သွားလေသည်။
သမားတော်မော့ ပြောပြီးသွားသည့်နောက် လျှို့ဝှက်ဆန်းကြယ်သော အသံရှင်က သင်ခန်းစာတစ်ခု ရသွားသကဲ့သို့ တိတ်ဆိတ်သွားကာ သမားတော်မော့ တစ်ယောက်တည်း အရူးလို ရေရွတ်နေခြင်းအား လွှတ်ထားလိုက်တော့သည်။ ၎င်းသည် အခန်းတစ်ခုလုံးထဲ၌ ချောက်ချားဖွယ် လေထုဖြင့် ပြည့်နှက်သွားစေခဲ့သည်။
ထိုအခိုက်အတန့်တွင် ဟန်လိက မထင်မရှား ဂူအသေးလေးတစ်ခုထဲတွင် ခိုအောင်းနေခဲ့သည်။ ထိုလိုဏ်ဂူသည် လီဖေးယွီနှင့် သူ တွေ့ဆုံသည့် နေရာထက် ဝေးလံပြီး ပို၍ပင် လျှို့ဝှက်သော နေရာ၌ တည်ရှိပေသည်။
ထိုလိုဏ်ဂူအတွင်း ဝင်ရောက်ရန်မှာ တစ်လမ်းထဲသာရှိပြီး ပုံသဏ္ဌာန်တူ တောင်နှစ်လုံး၏ ဖုံးကွယ်ထားခြင်းကို ခံထားရသည်။ ထိုတောင်ကြားလျှိုမြောင်မှာ ရွှံ့ဗွက်များဖြင့် ပြည့်နေပြီး လမ်း၏ ဘေးတစ်ဖက်တစ်ချက်တွင်လည်း အပင်များ ယှက်သမ်း ပေါက်ရောက်နေသဖြင့် ထိုလမ်းမှ ဖြတ်သန်းသွားရန်မှာ မဖြစ်နိုင်သလောက်ပင်။ ဂူအတွင်းသို့ ရောက်နိုင်မည့် တစ်ခုတည်းသောလမ်းမှာ တောင်ထိပ်များ၏ တစ်နေရာမှ တွဲလောင်းချထားသည့် လျှို့ဝှက်ကြိုးကို ဖြတ်သန်းကာ သွားရောက်ခြင်းသာ ဖြစ်လေသည်။ ထိုကြိုးမှလွဲ၍ အခြားဝင်ရောက်နိုင်မည့် နည်းလမ်းမရှိပေ။
ဆူးများစွာ ပါရှိသည့် သစ်ပင်များက ထိုနေရာကို ဝန်းရံထားပြီး ဟန်လိကျင့်ကြံနိုင်ရန် နေရာသေးသေးလေးတစ်ခုသာ ကျန်ရှိပေသည်။ လိုဏ်ဂူရှိရာ တောင်ထိပ်တွင် အမည်မသိနွယ်ပင်တချို့က သဘာဝကန့်လန့်ကာသဖွယ် ပေါက်ရောက်နေသောကြောင့် ဟန်လိသည် စုံစမ်းထောက်လှမ်းနေမည့် မျက်လုံးများက မတော်တဆ ရှာဖွေတွေ့ရှိသွားလိမ့်မည်အား စိုးရိမ်ပူပန်နေစရာ မလိုအပ်ပေ။
ဟန်လိက သူ့ကိုယ်ပေါ်တွင် သယ်ဆောင်လာသည့် ပစ္စည်းများကို ကြီးမားသော ကျောက်တုံးကြီးတစ်ခုပေါ်၌ တင်ထားလိုက်ပြီး ထိုနေရာ၏ အလယ်ဗဟိုသို့ ပြန်လာခဲ့သည်။ သူက မျက်လုံးများကို မှိတ်လိုက်ပြီး အတွေးနက်နေခဲ့၏။ ထို့နောက် သူက ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်ကာ ထိုမျက်လုံးများထဲတွင် ဆုံးဖြတ်ချက် ပြတ်သားသော အရိပ်အယောင်များရှိနေပြီး သူက ပေါ့ပါးစွာ ပြောလိုက်သည်။ "အရိုးပျော့ပညာရပ်ကနေ စပြီး လေ့ကျင့်ကြတာပေါ့။"
ထို့နောက် ဟန်လိက ကျင့်ကြံရန် စတင်လိုက်တော့သည်။
သူ သတိမပြုမိလိုက်သည်မှာ သူနှင့် မနီးမဝေး၌ အဝါရောင်ငှက်ကလေးတစ်ကောင်က သစ်ကိုင်းပေါ်တွင် နားနေကာ သူ၏ လှုပ်ရှားမှုများကို အဆက်မပြတ် ထောက်လှမ်းနေခြင်းကို ဖြစ်သည်။ ဟန်လိက ထွက်ပြေးရန် ရည်ရွယ်ချက် မရှိသည့်အတွက်ကြောင့် ငှက်ဝါလေးက ၎င်း၏ ပိုင်ရှင်ထံ ချက်ချင်း ပြန်၍ သတင်းသွားပေးခဲ့ခြင်း မရှိပေ။
အချိန်က လျင်မြန်စွာ ကုန်ဆုံးနေခဲ့ပြီး အချိန်လေးလ၏ တစ်ဝက်ကို ဖြတ်ကျော်ပြီးသွားခဲ့ပြီ ဖြစ်၏။
ထိုအချိန်၌ လိုဏ်ဂူအတွင်းတွင် ဗလာကျင်းနေခဲ့ပြီး အကြည့်တစ်ချက်နှင့် အခြားမည်သူမှ မရှိဟု ထင်မှတ်ရပေသည်။ ထိုနေရာ၌ ရှိနေသည်မှာ ဟန်လိနှင့် ၎င်း၏ မူလတာဝန်ကို မေ့သွားခဲ့သည့် အမွေးအတောင်များကို သ,နေသော ငှက်ဝါလေးတစ်ကောင်သာ ဖြစ်လေသည်။
ရုတ်တရက် မီးခိုးရောင်ငှက်လေးတစ်ကောင်က နွယ်ပင်များသို့ ပျံသန်းလာသည်။ ၎င်းက အနားယူရန် နေရာရှာနေသကဲ့သို့ အနည်းငယ် ပတ်ပျံနေပြီးမှ အဝါရောင်သစ်သားပုံကြီး၏ ထိပ်တွင် ဆင်းသက်လိုက်သည်။
ငှက်ဝါလေးက အခြားအမျိုးအစား ငှက်တစ်ကောင်ကို မြင်လိုက်ရသည့်အခါ ချက်ချင်းပင် လူသားတစ်ယောက်ကဲ့သို့ အထင်အမြင်သေးသည့် အမူအရာတို့ကို ပြသလာသည်။
ငှက်ကလေးက ခြေထောက်တစ်ဖက်ချလိုက်ရင်း ပတ်ဝန်းကျင်ကို စူးစမ်းနေသည်။ ၎င်းက ငှက်ဝါလေးကို တွေ့လိုက်သောအခါ အတောင်ပံများကို ခတ်ရင်း အဝေးသို့ ပျံသန်းသွားချင်ခဲ့သည်။
ရုတ်တရက် မျှော်လင့်မထားသည့် အရာတစ်ခု ဖြစ်ပေါ်လာ၏။ အဝါရောင်လက်ဝါးတစ်ဖက်က တစ်နေရာမှ ပေါ်ပေါက်လာပြီး မီးခိုးရောင်ငှက်လေးကို တစ်ချက်တည်းနှင့် ဖမ်းယူရန် ကြိုးစားလိုက်သည်။
ထိုရုတ်တရက် အပြောင်းအလဲက မီးခိုးရောင် ငှက်ကလေးကို ကြောက်လန့်သွားစေခဲ့သည်။ ၎င်းက အသက်ဘေးအတွက် ရုန်းကန်နေခဲ့၏။ သူ မည်မျှ အားထုတ်ပါစေ လွတ်မြောက်ရန် မစွမ်းဆောင်နိုင်ခဲ့ပေ။
ထိုအခိုက်အတန့်တွင်မှ ငှက်ကလေးသည် သူ အဝါရောင်သစ်ပုံကြီးအဖြစ် အထင်မှားခဲ့မိသည်မှာ အမှန်တကယ်၌ အဝါရောင်ဝတ်စုံနှင့် လူငယ်လေးတစ်ယောက်ဖြစ်နေကြောင်း နားလည်သွားခဲ့ပေသည်။ ဤအဝါရောင်ဝတ်စုံနှင့် လူငယ်လေးသည် နက်မှောင်သော အသားအရေနှင့် အလွန် သာမန်ဆန်သော အသွင်အပြင်ရှိသည်။ သူ၏ ကြည်လင်တောက်ပနေသည့် မျက်ဝန်းများမှလွဲ၍ အခြား ဆွဲဆောင်နိုင်သည့် သွင်ပြင်လက္ခဏာများ မရှိပေ။
လူငယ်လေးက ပြုံးလိုက်ပြီး သူ့လက်ထဲတွင် ရုန်းကန်နေသည့် ငှက်ကလေးကို ကြည့်လိုက်သည်။ နောက်ဆုံး ၎င်းက အတော်လေး ပင်ပန်းသွားသည့်အချိန်မှ လူငယ်လေးက သူ့လက်ကို ဖွင့်ပေးလိုက်၏။
"မင်း သွားနိုင်ပြီ။ နောက်တစ်ခါဆို ဒီလောက် မရူးမိုက်နဲ့တော့။ မင်း အနားယူဖို့ မကြိုးစားခင် ပတ်ဝန်းကျင်ကို ဂရုတစိုက်လေ့လာ။"
ငှက်ကလေးက သူ၏ လွတ်လပ်မှုကို ပြန်ရလာသည်နှင့် အဝါရောင်ဝတ်စုံနှင့် လူငယ်လေးအား ထပ်မံနှောက်ယှက်ခြင်းမရှိတော့ပေ။ ၎င်းက အတောင်ပံကို တဖျတ်ဖျတ်ခတ်ရင်း လိုဏ်ဂူအပြင်သို့ ပျံသန်းထွက်သွားလေသည်။
သူက ငှက်ကလေး ပျံသန်းသွားရာကို လိုက်ကြည့်နေရင်း တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။ တခဏကြာပြီးနောက်မှ သူက အသက်ရှူထုတ်ရင်း ရေရွတ်လိုက်သည်။
"ကြည့်ရတာ ငါ့ရဲ့ အသက်ရှူထိန်းချုပ်ပြီး ဖုံးကွယ်တဲ့ နည်းစနစ်က ကျွမ်းကျွမ်းကျင်ကျင် ဖြစ်သွားခဲ့ပြီပဲ။ နောက်ထပ် လုပ်ကြံသတ်ဖြတ်ခြင်းနည်းစနစ်ကို လေ့ကျင့်ရမယ်။"
စကားပြောပြီးနောက် ဟန်လိက သူ တည်ဆောက်ထားသည့် သစ်သားအိမ်သေးသေးလေးဆီ လျှောက်လာခဲ့ရင်း ငှက်ဝါလေးကို မသိလိုက်မသိဘာသာနှင့် ကြည့်လိုက်သည်။
ထိုငှက်ကလေး၏ ထူးဆန်းသော အပြုအမူများက လွန်ခဲ့သော လတစ်ဝက်ခန့်ကပင် သူ့အာရုံကို ဖမ်းစားထားခဲ့ပေသည်။ ထိုငှက်ကလေးသည် အမြဲတမ်း အနီးဝန်းကျင်၌ နားနေလေ့ရှိပြီး အသိဉာဏ်ရရှိထားသည့် ငှက်တစ်ကောင်ဖြစ်နေသကဲ့သို့ သူ့အပြုအမူများကို စူးစမ်းလေ့လာနေတတ်သည်။
သူ ပထမအကြိမ် မြင်တွေ့လိုက်သည့်အခါ ထိုငှက်ဝါလေး၏ အသိဉာဏ်ဖွံ့ဖြိုးမှုကြောင့် အံ့အားသင့်ခဲ့ရပေသည်။
သူက ၎င်းကို ဖမ်းချင်ခဲ့သော်လည်း မည်သည့်နည်းလမ်းကို အသုံးပြုပါစေ အောင်မြင်ခဲ့ခြင်း မရှိပေ။ ထိုငှက်ကလေးက အရူးလုပ်ခံရန် ရည်ရွယ်ချက်မရှိပုံရသည်။ ၎င်းက ဟန်လိကို ငတုံးတစ်ကောင်ကဲ့သို့ပင် စိုက်ကြည့်လာခဲ့ပြီး ဟန်လိကို ခါးသက်စွာ ပြုံးမိစေခဲ့သည်။
ထို့နောက် သူက ဒေါသထွက်စွာဖြင့် အတင်းအကျပ် အားသုံးရန် ကြိုးစားခဲ့သော်လည်း သူ အနီးပင် မရောက်ခင် ငှက်ဝါလေးက သူလက်လှမ်းမမီသည့် ကောင်းကင်သို့ ပျံသန်းသွားခဲ့ပေသည်။ ဟန်လိ ထွက်သွားပြီးသည့်အခါ ၎င်းက မူလနေရာသို့ ပြန်လည်ရောက်ရှိလာလိမ့်မည် ဖြစ်သည်။ ဟန်လိသည် မည်သို့လုပ်ရမည်ကို မသိတော့ဘဲ နေရာမှ စိုက်ကြည့်နေရုံသာ တတ်နိုင်ပေသည်။
အပေါ်ယံတွင် ဟန်လိက ထိုငှက်ကလေးကို ဂရုမစိုက်တော့သည့်ဟန် ရှိနေသော်လည်း သူ့နှလုံးသားထဲတွင် ထိုငှက်ကလေး ဤနေရာ၌ ရှိနေရခြင်းမှာ အကြောင်းရင်းတစ်ခု ရှိလိမ့်မည်ဟု ဆုံးဖြတ်ထားပြီး ဖြစ်သည်။ ထိုငှက်ကလေးသည် သမားတော်မော့က သူ့လှုပ်ရှားမှုများကို စောင့်ကြည့်ရန် ပို့လိုက်သည့် သူလျှိုပင် ဖြသိနိုင်လေသည်။
သို့ဆိုလျှင်ပင် ဟန်လိက အများကြီး စိုးရိမ်ပူပန်ခြင်း မရှိပေ။ သမားတော်မော့ကိုယ်တိုင် လာရောက်ထောက်လှမ်းခြင်း မဟုတ်သရွေ့ ထိုငှက်ကလေးက မည်မျှ အသေးစိတ် ထုတ်ဖော်နိုင်ပါမည်နည်း။ ထို့ပြင် သူသည် ထိုငှက်ကလေးက ပိုင်ဆိုင်ထားသည့် အသိဉာဏ်ဖွံ့ဖြိုးမှုကို အံ့အားသင့်နေသည့်အတွက်ကြောင့် ၎င်းနှင့် ရင်ဆိုင်ရာတွင် အဆိပ်အား အသုံးပြုရန် ဆန္ဒမရှိခဲ့ပေ။
ထိုအချိန်တွင် သမားတော်မော့က ကျောက်တုံးကျင့်ကြံရေးအခန်းအတွင်း သားရဲရိုင်းများ၏ အရိုးများနှင့် ထူးဆန်းသည့် တည်ဆောက်မှုအစီအရင်တစ်ခု ပြုလုပ်နေသည်။ သူက အစီအရင် တည်ဆောက်နေရင်း လျှို့ဝှက်ဆန်းကြယ်သည့် အသံရှင်နှင့် ဟန်လိက သမားတော်မော့ အသုံးပြုထားသည့် စုံစမ်းထောက်လှမ်းရေးနည်းလမ်းကို တွေ့ရှိသွားခဲ့ခြင်းရှိမရှိ ဆွေးနွေးနေခဲ့သည်။