← Chapters

တာ့ဟွမ် ပြန်ရောက်လာခြင်း

Vol. 60 Ch. 824

တာ့ဟွမ် ပြန်ရောက်လာခြင်း

Vol. 60 Ch. 824

“ ငါ့ဆီမှာ ဖီကာရွံ့စေး ရှိတာလား ” မိုဝူကျိက ရွိုက်ကောအား နားမလည်စွာ ကြည့်လိုက်သည်။ ရွိုက်ကော၏ စကားများအရ ဖီကာရွံ့စေးသည် ရှန်းထျန်းအဆင့် ပစ္စည်းတမျိုး ဖြစ်ကာ အသက်ရွံ့စေးနှင့် တူညီသော ရတနာ ဖြစ်ပေသည်။ ထိုရတနာသည် ရှေးဦးမူလကျောက်များနှင့် အဆင့်အတူတူ ဖြစ်၏။

ငါ့ဆီ ဘယ်လိုလုပ် ရှိနေမှာလဲ …..

သူ့တွင် သဘာဝ ဓာတ်ငါးမျိုး မြေကြီး ရှိသော်လည်း ရွိုက်ကော ညွှန်းဆိုသည့် ဖီကာရွံ့စေးနှင့် မိုးတမျှ ခြားနားနေပေသည်။

“ သခင်ကြီး …. အဲဒီ အစိမ်းရောင်ကျောက်တုံးထဲက ဖီကာရွံ့စေးလေ ” ရွိုက်ကောက မိုဝူကျိအား ပြောလိုက်သည်။ ဘေးတွင် ယွမ်မို ရှိနေသောကြောင့် ရွိုက်ကောက အစိမ်းရောင်ကျောက်ဘေးတွင် ရှိနေသော ဟုန်မုန့်စွမ်းအင်နှင့် ထာဝရ ကမ္ဘာ အကြောင်း မပြောလိုပေ။

“ ဘယ်အစိမ်းရောင်ကျောက်လဲ ” မိုဝူကျိက မေးလိုက်ရပြန်သည်။ သို့သော်လည်း သူက ရွိုက်ကော ပြန်မဖြေခင် အမှတ်ရသွားလေ၏။ သူက  ထာဝရ ကမ္ဘာထဲမှ အစိမ်းရောင်ကျောက်တုံးလေးကို ထုတ်ကာ မေးလိုက်သည်  “ ရွိုက်ကော မင်း ပြောတာ ဒီဟာက ဖီကာရွံ့စေးလား ”

“ ဟုတ်တယ်  အဲဒါလေး ….” ရွိုက်ကောက သူ့သခင်ကြီးမှာ အရမ်းကြီး မူမမှန်ခြင်း မဟုတ်သေးကြောင်း ရုတ်ချည်း ခံစားမိသွားသည်။ လောက၌ သူ့သခင်ကြီး မသိသေးသည့်အရာများလည်း ရှိနေသေး၏။

“ ငါ သိပြီ ” မိုဝူကျိက ရေရွတ်လိုက်သည်။

သူက နားလည်သွားလေ၏။ အကယ်၍ ရွိုက်ကော၏ စကားများက အမှန်ဖြစ်လျှင် ဤအရာမှာ ရှန်းထျန်းရတနာ ဖီကာရွံ့စေး ဖြစ်နေနိုင်ပေသည်။ ယခင် သူက ဖီကာရွံ့စေးသည် မြေကြီးနှင့် တူပေလိမ့်မည်ဟု တွေးခဲ့မိသည်။ အစိမ်းရောင်ကျောက်က ဖီကာရွံ့စေး ဖြစ်နေလိမ့်မည်ဟု မည်သို့ တွေးမိမည်နည်း။

သူက အစိမ်းရောင်ကျောက်တုံးကို အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်မှ ရရှိလာခြင်း ဖြစ်သည်။ ယခင် ထိုမြေခွေးအိုကြီး ယူမင်ကျန်းက သူ့အား အကောက်ကြံဖို့ ကြိုးစားခဲ့သည်။ ထိုလူက သူ့အား ခမ်းခြောက်နေသည့် ရေကန်မှ အစိမ်းရောင်ကျောက်တုံးကို ယူခိုင်းခဲ့ခြင်း ဖြစ်ရာ  လက်တွေ့၌ ထိုကျောက်တုံးသည် ငါးအရိုးအောက်၌ ထားထားခြင်း ဖြစ်နေသည်။ အကယ်၍ သူ့တွင် စိတ်ဝိညာဉ်မျက်လုံးသာ မပိုင်ဆိုင်ထားလျှင် သူ့အနေနှင့် ထိုအကွက်ထဲ ကျရောက်သွားပေမည်။

ထို့နောက် သူက တာ့ဟွမ်အား ထိုကျောက်တုံးလေးကို ယူခိုင်းလိုက်သည်။ ယူမင်ကျန်း ထိုမြေခွေးအိုကြီးသည် သူ့အား လှည့်စားဖို့ ကြိုးစားနေဆဲ ဖြစ်လိမ့်မည်ဟု မထင်ထားမိလေရာ အခွင့်အရေးကောင်းကို အသုံးချ၍ ထိုလူနှင့် ဆက်လက် အချိန်မဖြုန်းတော့ဘဲ  ကိုယ့်ဘာသာ ပြေးထွက်လာလိုက်သည်။

ယူမင်ကျန်းအနေနှင့် ဤကျောက်တုံးကို လိုချင်နေသည်မှာ မထူးဆန်းတော့ပေ။ အကယ်၍ ယူမင်ကျန်းတွင် ကမ္ဘာဦး စိတ်ဝိညာဉ်သာ ကျန်ရှိနေပါက ဤကျောက်တုံးမှာ ဖီကာရွံ့စေးသာ ဖြစ်နေလျှင် ယူမင်ကျန်းအနေနှင့် ထိုဖီကာရွံ့စေးအား အသည်းအသန် လိုချင်နေသည့် အကြောင်းအရင်းကို မှန်းဆကြည့်ဖို့ မခက်ခဲပေ။

မိုဝူကျိက စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်သည်။ ယခင် တာ့ဟွမ်က ထိုအစိမ်းရောင်ကျောက်တုံးကို ယူပေးခဲ့သူ ဖြစ်ရာ ယခု ထိုကျောက်တုံးဖြင့် တာ့ဟွမ်အတွက် ခန္ဓာကိုယ် ဖန်တီးပေးတော့မည် ဖြစ်၏။ ကံတရားက တန်ပြန်သက်ရောက်မှု ရှိကြောင်း သိသာလှသည်။

“ မဆိုးဘူးပဲ … ရွိုက်ကော မင်း တော်လာပြီ ” မိုဝူကျိက ရွိုက်ကော ခေါင်းလေးကို ပုတ်ပေးလိုက်လေ၏။

………………

မိုဝူကျိ စကြဝဠာအစွန်းဆီ ပြန်ရောက်လာသည့်အခါ မီဖေးကုန်သွယ်ရေး အဖွဲ့ ပတ်လည်၌ ကာကွယ်ရေး အစီအရင် ခင်းကျင်းကာ တံခါးပိတ် လေ့လာလိုက်တော့သည်။

စကြဝဠာအစွန်း၏ ကာကွယ်ရေး အစီအရင်မှာ ကျိုးပျက်နေပြီ ဖြစ်၏။ သို့သော်လည်း မိုဝူကျိက ဘာမှမပြောသေးသည့်အတွက် မည်သူကမှ အစီအရင် ပြန်လည် ခင်းကျင်းမည့်အကြောင်းအား မပြောကြပေ။ မိုဝူကျိက ကောင်းကင်ဘုံအလွန် စကြဝဠာ၏ တာအိုသခင် မဟုတ်ပါလော။ စကြဝဠာအစွန်းသည် ကောင်းကင်ဘုံအလွန် စကြဝဠာ၏ ဗဟိုချက် ဖြစ်ပေသည်။ ထို့ကြောင့် အစီအရင် ပြန်လည် ခင်းကျင်းမည့် လုပ်ငန်းစဉ်က မိုဝူကျိ ဆုံးဖြတ်ပေးမည် ဖြစ်၏။

ခမ်းခြောက်လုနီးပါး ဖြစ်နေသည့် အင်မော်တယ်အဆီအနှစ် ရေကန်၌ မိုဝူကျိက နောက်ထပ် အင်မော်တယ်သွေးကြော နှစ်ခုကို ထားလိုက်သည်။

ထို့နောက် သူက လူလုပ်ပစ္စည်း စိတ်ဝိညာဉ် အကျိုးအပျက်လေးအား ဂရုတစိုက် ထုတ်ယူလိုက်သည်။ ထိုအရာမှာ တာ့ဟွမ်၏ ပစ္စည်း စိတ်ဝိညာဉ် ဖြစ်ပေသည်။ ယခင် မဟာဧကရာဇ်များ၏ ဝိုင်းဝန်းတိုက်ခိုက်မှုကို ခံရစဉ်အခါက တာ့ဟွမ်က သူ့အတွက် အသက်ကို စွန့်သွားခဲ့သည်။ သူ့အနေနှင့် ပြန်လည် ရယူနိုင်လိုက်သည့် တစ်ခုတည်းသောအရာမှာ ပစ္စည်း စိတ်ဝိညာဉ်သာ ဖြစ်ပေသည်။

ဘေးတွင် လူလုပ် ပစ္စည်း စိတ်ဝိညာဉ်ကို ထားကာ မိုဝူကျိက အစိမ်းရောင်ကျောက်တုံးကို ထုတ်ယူလိုက်သည်။

သူ့စိတ်စွမ်းအားက ထိုအစိမ်းရောင်ကျောက်အတွင်း ထိုးဖောက်နိုင်စွမ်း မရှိပေ။ ယခုတွင် မိုဝူကျိက သူ့ပညာရှင် နှလုံးသားမှာ ထိုအစိမ်းရောင်ကျောက်ကို အရည်ပျော်နိုင်စွမ်း ရှိပါ့မလားဟု စိုးရိမ်နေမိသည်။

မိုဝူကျိက ပညာရှင်နှလုံးသားကို ထုတ်ယူလိုက်ပြီးနောက် အစိမ်းရောင်ကျောက်ကို မီးတောက်အတွင်း စိတ်လှုပ်ရှားစွာ ထားလိုက်သည်။

ပညာရှင်နှလုံးသားမှာ အဆင့် ၉ အင်မော်တယ်မီးတောက် ဖြစ်ပေသည်။ အကယ်၍ ပညာရှင်နှလုံးသားက ထိုအစိမ်းရောင်ကျောက်တုံးကို အရည်ပျော်နိုင်စွမ်း မရှိလျှင် မိုဝူကျိတွင် အခြားသော နည်းလမ်း မရှိတော့ချေ။ သူ့ကျင့်ကြံဆင့် မြင့်သည့်အထိ စောင့်ဆိုင်းပြီးမှ တာ့ဟွမ်အား ကယ်တင်ဖို့ရာ နောက်ထပ် ကြိုးစားကြည့်ရမည်။

အမွေးတိုင် တစ်ဝက်စာကြာမြင်ပြီးနောက် မိုဝူကျိက သက်ပြင်းချလိုက်သည်။ သူ့ပညာရှင်နှလုံးသားမှာ ထိုအစိမ်းရောင်ကျောက်ကို အရည်ပျော်စေနိုင်စွမ်း မရှိပေ။ အချိန်ကြာမြင့်ပြီးသည့်တိုင် ထိုအစိမ်းရောင်ကျောက်၌ ဘာအပြောင်းအလဲမှ မရှိချေ။

ဖီကာရွံ့စေးက ရှန်းထျန်း ရတနာ ဖြစ်ပေရာ ရှန်းထျန်းရတနာနှင့်သာ ဖြတ်တောက်နိုင်ပေလိမ့်မည်။

မိုဝူကျိက ရှန်းထျန်း ရတနာအကြောင်း တွေးမိသွားသောအခါ ခွန်းဝူဓားကို ချက်ချင်း အမှတ်ရသွားသည်။

သူက ခွန်းဝူ၏ ပထမအလွှာမျှသာ သန့်စင်ရသေးသော်လည်း ခွန်းဝူဓားမှာ ရှန်းထျန်း ရတနာ ဖြစ်နေဆဲ ဖြစ်သည်။ ခွန်းဝူဓားက ဤကျောက်တုံးအား နှစ်ပိုင်း ဖြတ်နိုင်လောက်ပေ၏။

သို့သော်လည်း မိုဝူကျိက မကြာခင် ခေါင်းခါလိုက်တော့သည်။ ခွန်းဝူဓားက အစိမ်းရောင်ကျောက်တုံးကို ဖြတ်နိုင်စွမ်း ရှိလျှင်ပင် အသုံးမဝင်ပေ။ သူက အစိမ်းရောင်ကျောက်ကို နှစ်ပိုင်း ဖြတ်နိုင်လိုက်လျှင်ပင် တာ့ဟွမ်အား ပြန်လည် ခေါ်ဆောင်နိုင်မည် မဟုတ်ပေ။

အသုံးဝင်မှု မည်သို့ပင် ဆိုစေကာမူ မိုဝူကျိက စမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။

မိုဝူကျိက ခွန်းဝူဓားကို မြှောက်ကာ ထိုအစိမ်းရောင်ကျောက်ဆီ ဓားအလင်းတစ်ချက် ပစ်ခွင်းလိုက်တော့သည်။

“ ဝုန်း ” အသံတစ်ခုကို ကြားလိုက်ရသည်။ ထိုအစိမ်းရောင်ကျောက်တုံးမှာ နှစ်ပိုင်း ပြတ်သွားလေ၏။

အရမ်းလွယ်လိုက်တာ ….

မိုဝူကျိက အစိမ်းရောင်ကျောက်တုံး တစ်ဝက်အား စိုက်ကြည့်လိုက်သည်။ ချက်ချင်းဆိုသလို သူက တစ်ခုခု လွဲမှားနေကြောင်း သတိပြုမိလိုက်သည်။ ပိုင်းဖြတ်ခံရပြီးနောက် ထိုအစိမ်းရောင်ကျောက်တုံးလေးမှာ အမှန်တကယ် ရွံ့စေးကဲ့သို့ ပျော့ပျောင်းသွားလေ၏။

မိုဝူကျိက လက်ဟန်များကို ထုတ်ဖော်လိုက်သည်။ လက်ဟန်များက အစိမ်းရောင်ကျောက်တုံးပေါ် ကျရောက်သွားသည့်အခါ အပြောင်းအလဲ ဆက်တိုက် ဖြစ်ပေါ်လာရသည်။

အားကောင်းလှသည့် အသက်ဓာတ်နှင့် သန့်စင်လွန်းသည့် အသက်ရှုနှုန်းတစ်ခု ဖြစ်ပေါ်လာသည်။ မိုဝူကျိပင် နှလုံးခုန် မြန်လာမိပြီး အလွန်အမင်း စိတ်လှုပ်ရှားမိလာသည်။ ထိုစဉ် မိုဝူကျိက ထိုအစိမ်းရောင်ကျောက်တုံးမှာ ဖီကာရွံ့စေး ဖြစ်ကြောင်း သေချာသွားလေ၏။

ဤတစ်ကြိမ်၌ သူက ပညာရှင်နှလုံးသားကို ထုတ်မသုံးလိုက်ပေ။ သူက စိတ်စွမ်းအားဖြင့် ထိုအင်မော်တယ်အရုပ်အား ထိန်းချုပ်ထားဖို့သာ လိုအပ်ပေသည်။

မူလက မိုဝူကျိသည် အထဲ၌ အစီအရင် သင်္ကေတများ ထည့်သွင်းချင်သော်လည်း ဖီကာရွံ့စေးအား ထိန်းချုပ်ပြီးနောက်တွင် စိတ်ပြောင်းလိုက်တော့သည်။ ဤသည်က မည်သို့မျိုး ပစ္စည်း ဖြစ်သနည်း။ သူက ရှန်းထျန်းအဆင့် ပစ္စည်း ဖြစ်သည့် ဖီကာရွံ့စေးကို အသုံးပြုနေခြင်း ဖြစ်ပေသည်။ အကယ်၍ သူသာ အစီအရင်သင်္တေကများ ထည့်သွင်းပြီး သူ့နည်းလမ်းအတိုင်း ပြုလုပ်လိုက်လျှင် သူက အင်မော်တယ်အရုပ် တစ်ရုပ်ကို ဖန်တီးနေခြင်းသာ ဖြစ်သွားမည်။

သို့သော်လည်း သူက တာ့ဟွမ်အား ရွိုက်ကောလိုမျိုး ဖြစ်စေချင်သည်။ သူက တာ့ဟွမ်တွင် ကိုယ်ပိုင် စိတ်ဝိညာဉ်ရှိပြီး ကိုယ့်ဘာသာ ကျင့်ကြံနိုင်စေလိုသည်။

မိုဝူကျိက ထိုအတွေး တွေးမိလိုက်သည့်အခါ အသိအမြင်တစ်ခုက စိတ်ထဲ ပေါက်ဖွားလာလေ၏။ ထိုအသိအမြင်မှာ သူ ထာဝရ ကမ္ဘာ စတင်ဖြစ်တည်လာစဉ်နှင့် တူညီနေပြီး ဖန်တီးခြင်း စွမ်းအားများ ပါဝင်နေသည်။

ဖီကာရွံ့စေးကို ဆက်လက်၍ ပုံဖော်နေလေ၏။ ဖြည်းဖြည်းချင်းဖြင့် တာ့ဟွမ်၏ နဂိုသွင်ပြင်အဖြစ်သို့ ရောက်ရှိသွားလေပြီ။ ထိုအခါ၌ ပစ္စည်း စိတ်ဝိညာဉ်လေးကိုလည်း ဖီကာရွံ့စေးထဲ မြှပ်ထည့်ပေးလိုက်သည်။

တစ်ခုတည်းသော ခြားနားချက်မှာ တာ့ဟွမ်၏ အတွင်းပိုင်း ခန္ဓာကိုယ်မှာ အစီအရင်သင်္ကေတများနှင့် မပြည့်နှက်နေတော့ခြင်း ဖြစ်၏။ ထို့အစား ချီသွေးကြောနှင့် ဝိညာဉ်လမ်းကြောင်းများ ပေါ်လာကာ အရိုးနှင့် အတွင်းအင်္ဂါများ ဖြစ်ပေါ်လာသည်။

အစပိုင်းတွင် မိုဝူကျိက သူ့စိတ်ဆန္ဒဖြင့် ထိန်းချုပ်ထားခဲ့သော်လည်း အဆုံးသတ်၌မူ မိုဝူကျိက သူ့တာအိုအသိတစ်ခုလုံးပေါ် မူတည်၍ တာ့ဟွမ်အား ပေါင်းစပ်ပေးလိုက်သည်။

ဤကျယ်ပြောလှသည့် စကြဝဠာကြီးအတွင်း၌ သက်ရှိများသာ ချီသွေးကြော ၁၀၈ ခုနှင့် ဝိညာဉ်လမ်းကြောင်း ၁၀၈ ခုကို ပိုင်ဆိုင်ထားပေသည်။

အချိန်အတော်အတန်ကြာပြီးနောက် မိုဝူကျိက ရုတ်တရက် မျက်လုံးပြန်ဖွင့်လိုက်သည်။ သူက မကျင့်ကြံနေဘဲ တာ့ဟွမ်ကို ဖန်တီးဖို့ရာ ဖီကာရွံ့စေးအား ပုံသွင်းနေခဲ့ခြင်း ဖြစ်သော်လည်း သူ့ကျင့်ကြံဆင့်မှာ အင်မော်တယ် ဧကရာဇ် အစောပိုင်းအဆင့် ထိပ်ဆုံးသို့ မြင့်တက်သွားလေ၏။

သူ့အရှိန်အဝါက သာမာန်ပိုဖြစ်လာကာ သူ့ဘေးပတ်လည် အာကာပြင်ကြီးထဲ၌  သူတစ်ယောက်တည်းသာ ရှိနေဟန် ပေါ်နေသည်။

မဟာတာအိုအတွင်း၌ လမ်းတိုင်းမှာ တာအိုလမ်းစဉ်သာ ဖြစ်ပေသည်။ သူက တာ့ဟွမ်ကို ပြန်လည် ထုဆစ်ရာ၌ အာရုံစိုက်ထားသော်လည်း သူ့ကျင့်ကြံဆင့်မှာ သူ ဆယ်နှစ်လောက် ကျင့်ကြံရမည့်နှုန်းထက်ပင် မြန်ဆန်သွားပေသည်။

တာ့ဟွမ်က နောက်ဆုံးတွင် မူလသွင်ပြင် ပြန်ရလာလေပြီ။ တာ့ဟွမ်အပေါ်တွင် အရည်ပြားတစ်လွှာပင် ရှိနေသေး၏။ တစ်ခုတည်းသော ခြားနားချက်မှာ တာ့ဟွမ်က အသက်မဝင်လာသေးပေ။

မိုဝူကျိက လက်ကို မြှောက်ကာ တာ့ဟွမ်၏ နဖူးပေါ် တင်လိုက်ရင်း အသက်ဓာတ်နှင့် တာအိုအသိအမြင်များကို တာ့ဟွမ် ခန္ဓာကိုယ်ထဲ ကူးပြောင်းပေးလိုက်သည်။ သူ သိသလောက်အရ တာ့ဟွမ်ဆီ ကူးပြောင်းပေးနိုင်ပေသည်။

မိုဝူကျိ၏ အသက်ဓာတ်နှင့်တာအိုအသိများကို ကူးပြောင်းပေးပြီးနောက် ဖီကာရွံ့စေး၌ သိသိသာသာ ပြောင်းလဲမှုများ ဖြစ်လာသည်။ တာ့ဟွမ် ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်လမ်းကြောင်းနှင့် ချီသွေးကြောများက ရုတ်ချည်းဆိုသလို အသက်ဝင်လာကြသည်။ တာ့ဟွမ် နဖူးမှ သွေးများ စီးဆင်းလာပြီး မကြာခင်ဆိုသလို တာ့ဟွမ် ခန္ဓာကိုယ်ထဲ ဖြည့်ပေးသွားသည်။

နှစ်နာရီကြာမြင့်ပြီးနောက် မိုဝူကျိက လက်ကို ပြန်ရုတ်သိမ်းလိုက်သည်။ သူ့မျက်နှာမှာ အနည်းငယ် ဖြူဖျော့နေလေ၏။

“ သခင်ကြီး ….. ကျတော် ခန္ဓာကိုယ်က အဲဒီလူတွေကြောင့် တစစီ ဖြစ်သွားပြီ မဟုတ်ဘူးလား။ ကျတော် ဘယ်လိုလုပ် အသက်ရှင်နေတာလဲ ” တာ့ဟွမ်က မိုဝူကျိကို မြင်လိုက်ရသောအခါ တအံ့တဩ ရေရွတ်လိုက်၏။

မိုဝူကျိ၏ မျက်ဝန်းများပင် အနည်းငယ် စိုဆွတ်လာမိသည်။ ယခုအချိန်မှ စ၍ တာ့ဟွမ်သည် အင်မော်တယ်အရုပ်မျှ မဟုတ်တော့ပေ။

“ သခင်ကြီးက ကယ်ပေးခဲ့တာပဲ …” မကြာခင် တာ့ဟွမ်က နားလည်လာသည်။ သူက သူ့ခန္ဓာကိုယ်အတွင်းမှ လူလုပ်ပစ္စည်း စိတ်ဝိညာဉ်ကို ခံစားမိလိုက်၏။ ပစ္စည်း စိတ်ဝိညာဉ်မှာ ဖီကာရွံ့စေးနှင့် ဖြည်းဖြည်းချင်း ပေါင်းစပ်နေပြီ ဖြစ်၏။ ထိုပစ္စည်း စိတ်ဝိညာဉ်မှာ အစအနမရှိ ပျောက်ကွယ်သွားပေလိမ့်မည်။

“ တာ့ဟွမ် မင်း ပြန်ရောက်လာပြီပဲ ….” မိုဝူကျိကလည်း ခံစားချက်အပြည့်ဖြင့် ပြောလိုက်သည်။

တာ့ဟွမ်က ရုတ်တရက် ဆိုသလို မျက်လုံးကို ပိတ်လိုက်ပြီးနောက် ပြန်ဖွင့်လိုက်သည်။ သူက မိုဝူကျိအား မယုံကြည်နိုင်စွာ ကြည့်ကာ  “ သခင်ကြီးက ကျတော် ခန္ဓာကိုယ် ပြန်ထုဆစ်ဖို့ ဖီကာရွံ့စေးကို သုံးခဲ့တာလား …. ဖီကာရွံ့စေးက … ”

“ အင်း ဟုတ်တယ်။ မင်း ဘယ်လိုနေသေးလဲ  ” မိုဝူကျိက ပျော်ရွှင်နေမိသည်။ ယခု တာ့ဟွမ်က ပြန်ရောက်လာ၍ သူ့စိတ်အခြေအနေမှာ တိုးတက်လာရသည်။

“ နှမြောစရာကြီး … တကယ်ကို နှမြောစရာကြီး ” တာ့ဟွမ်က သူ့ကိုယ်သူ ရေရွတ်နေလေ၏။ သူ့ယခင်ပိုင်ရှင်က နဂါးမျက်ဆံလောက် ဖီကာရွံ့စေးလေးကို မပိုင်ဆိုင်ခဲ့ချေ။ ယခု သူ့တစ်ကိုယ်လုံးမှာ ဖီကာရွံ့စေးနှင့် ထုဆစ်ထားခြင်း ဖြစ်နေသည်။

မိုဝူကျိက ရယ်မောကာ တာ့ဟွမ်၏ ပခုံးကို ပုတ်ပေးလိုက်ပြီး  “ ငါ့အတွက် ဖီကာရွံ့စေးလောက်က မင်း ပြန်ရောက်လာတာနဲ့ ယှဉ်ရင် ဘာမှမဟုတ်ဘူး။ လာလာ သွားကြစို့ ”

“ ဟုတ်ကဲ့ သခင်ကြီး ” တာ့ဟွမ် စိတ်ထဲ၌ စိတ်ခံစားချက်များ လောင်မြိုက်နေသည်။ သူ့ခန္ဓာကိုယ်မှာ အသစ်ဖြစ်သောကြောင့် နေသားကျအောင် ကြိုးစားနေရဆဲ ဖြစ်သော်လည်း အရေးမကြီးပေ။ အရေးကြီးဆုံးအရာမှာ သူ့သခင်ကြီးက ဖီကာရွံ့စေးဖြင့် သူ့ခန္ဓာကိုယ် တစ်ခုလုံးအား ထုဆစ်ပေးခဲ့ခြင်း ဖြစ်ပေသည်။ သူ့တာဟွမ်က အင်မော်တယ်အရုပ်မျှသာ ဖြစ်၏။ သူ့သခင်ကြီးက သူ့လို အရုပ်မျိုးအား နောက်ထပ် ရှင်သန်မှုဘဝ တစ်ခု ပေးဖို့ရာ တုံ့ဆိုင်းမနေပေ။

“ တာ့ဟွမ် …. ကြိုဆိုပါတယ် ” သူတို့ ထွက်လာသည်နှင့် ရွိုက်ကောက အပြေးအလွှား ရောက်လာသည်။ ယခင် တာ့ဟွမ်က ဘာမှမဟုတ်သော်လည်း ယခုတာ့ဟွမ်မှာ ဖီကာရွံ့စေးနှင့် ပြုလုပ်ထားသည့်အတွက် သူ့လို ခြင်တစ်ကောင်ထက် မနိမ့်ကျပေ။

“ ရွိုက်ကော ကျေးဇူးပဲ ” တာ့ဟွမ်၏ စိတ်ထဲ၌ ခံစားချက်များအပြည့် ဖြစ်နေသည်။

ရွိုက်ကောက သက်ပြင်းချကာ  “ တာ့ဟွမ် မင်းက အရင်ကထက် ယဉ်ကျေးလာတာပဲ။ အခု မင်းစွမ်းရည်တွေက အားနည်းသွားပြီ … ဟိုးဟိုး မင်းက အခု အင်မော်တယ် အုပ်စိုးသူအဆင့်ပဲ ရှိနေသေးတာပဲ ”

“ ငါ ကျင့်ကြံမှာ … ပြီးတော့ အရင်ကထက် အားကောင်းလာပြီးတော့ သခင်ကြီးကို ကာကွယ်ပေးမယ် ” တာ့ဟွမ်က တုံ့ဆိုင်းခြင်းမရှိ ပြောလိုက်သည်။

သူက နည်းနည်းလေးမှ စိတ်ပျက်ခြင်း မရှိပေ။ သူ့ယခင်အဆင့်မှာ မည်သို့ပင် သူ ကြိုးစားစေကာမူ တိုးတက်မလာနိင်ပေ။ ယခု သူ့သခင်ကြီးက သူ့အတွက် ခန္ဓာကိုယ်အသစ် ဖန်တီးထားပေးသည် ဖြစ်ရာ သူကိုယ်တိုင် ကျင့်ကြံ၍ အားကောင်းလာနိုင်ပေသည်။

***

All Chapters