အဆောင်တစ်ထောင်တောင်သို့ ဦးတည်ခြင်း
Vol. 60 Ch. 826
ဤနေရာရှိ တာအိုဧကရာဇ်များကြား ကောင်းကင်မျိုးနွယ်၏ ယွမ်ဖေးလော့သည် မိုဝူကျိကို အနည်းဆုံး နားလည်သူ တစ်ဦး ဖြစ်ပေသည်။ အားလုံးက မိုဝူကျိသည် အဆင့် ၉ အင်မော်တယ် အစီအရင် ဆရာတစ်ယောက် ဖြစ်ကြောင်း သိထားကြစဉ် သူက မသိသေးပေ။
ယခု မိုဝူကျိက အဆင့် ၉ အင်မော်တယ် အစီအရင်ဆရာ တစ်ယောက် ဖြစ်ကြောင်း ပြောလိုက်သည့်အခါ ယွမ်ဖေးလော့က ပြန်လည် ချေပစရာ မရှိတော့ပေ။
“ ကာကွယ်ရေး အစီအရင်ကိစ္စကိုတော့ တာအိုသခင်မိုပဲ ဆုံးဖြတ်ပေးလိုက်ပါ ” မိစ္ဆာမျိုးနွယ်၏ စီဟုန်က အတွေ့အကြုံ ကြွယ်ဝပေသည်။ ဤအခြေအနေအား ကြည့်ရုံဖြင့် တာအိုသခင်မိုသည် အစီအရင်ခင်းကျင်းရန် တာဝန်ယူဖို့ရာ ဆုံးဖြတ်ထားခြင်း ဖြစ်ကြောင်း သိလိုက်၍ မိုဝူကျိဘက်မှ ဝင်၍ ရပ်တည်ပေးဖို့ရာ တုံ့ဆိုင်းမနေပေ။
စီဟုန်နောက်တွင် အခြားသော မျိုးနွယ်စုများ၏ တာအိုဧကရာဇ်များနှင့် အင်မော်တယ် ဧကရာဇ်များကလည်း မိုဝူကျိအား ထောက်ခံကြောင်း ပြသကြသည်။
ရလဒ်မှာ မပြောင်းလဲမှန်း သိထားသော်လည်း မိုဝူကျိက အလွန်ကျေနပ်စွာဖြင့် ထရပ်ကာ
“ ကျုပ် ခင်းကျင်းမဲ့ စကြဝဠာအစွန်းရဲ့ ကာကွယ်ရေး အစီအရင်မှာ အဓိက ထိန်းချုပ်ရေး အလံရှစ်ခု ရှိမယ်။ ကာကွယ်ရေး အစီအရင်ခင်းကျင်းဖို့က အဆင့်မြင့် အင်မော်တယ်ပစ္စည်းတွေ အများအပြား လိုအပ်မှာဆိုတော့ ကျုပ်က အလံတစ်ခုကို ထိန်းချုပ်ထားမယ်။ ကျန်အလံ ခုနှစ်ခုကိုတော့ အများဆုံး အကျိုးဆောင်ထားတဲ့သူကို ပေးမယ်။ အဲဒီတွေ ခွဲဝေပြီးပြီဆိုရင် ကာကွယ်ရေး အစီအရင်အပေါ် ဘယ်မျိုးနွယ်စုက အများဆုံး ပံ့ပိုးပေးခဲ့တာလဲဆိုတာပေါ် မူတည်ပြီးတော့ ပိုင်နက်ကို ခွဲဝေပေးမယ် ”
အမှန်တရားမှာ စကြဝဠာအစွန်းအတွက် ကာကွယ်ရေး အစီအရင် ခင်းကျင်းလိုက်ခြင်းမှာ အင်မော်တယ်မြို့အတွက် ခင်းကျင်းသည်နှင့် အတူတူသာ ဖြစ်၏။ အရင်းအမြစ်များများစားစား မလိုအပ်သော်လည်း မိုဝူကျိက ကိုယ်တိုင် လုပ်မည် ဖြစ်သောကြောင့် သာမာန်အရာမျိုး မခင်းကျင်းလိုပေ။ ထို့အပြင် သူက အရင်းအမြစ် အမြောက်အမြား လိုအပ်ခြင်းမှာ သူက စကြဝဠာအစွန်း၏ ကာကွယ်ရေး အစီအရင်အတွက် လိုအပ်ခြင်းသာမက သူ့ဖင်းဖန် အင်မော်တယ်မြို့၏ ကာကွယ်ရေး အစီအရင်အတွက်လည်း ဖြစ်ပေသည်။ ထိုအရာများအပြင် သူက အင်မော်တယ်လောကသို့ ပြန်ရောက်သည့်အခါ ဖင်းဖန်အင်မော်တယ် ကျောင်းတော်၏ ကာကွယ်ရေး အစီအရင်ကိုလည်း ပြန်လည် ပြုပြင်ချင်သေး၏။
မိုဝူကျိ စကားများကို ကြားကြသည်နှင့် မျိုးနွယ်စုအများအပြားက အရင်းအမြစ် ထောက်ပံ့ဖို့ရာ စိတ်ဆန္ဒလောကုန်ကြသည်။
“ အခု ကျုပ်ရဲ့ နောက်ဆုံးကိစ္စကို ပြောပါ့မယ် ” မိုဝူကျိက အားလုံးကို ငြိမ်ရန် ညွှန်ပြလိုက်ပြီးနောက် “ ကျုပ်က ကောင်းကင်ဘုံအလွန်ရဲ့ ပထမဦးဆုံး တာအိုသခင်ဆိုတော့ ကျုပ် ကောင်းကင်ဘုံအလွန်ကနေ ထွက်သွားရင် တာအိုသခင် ရာထူးအတွက် ဆက်ခံသူတစ်ယောက် လိုအပ်တယ်။ ဒီနေ့ ကျုပ်က တာအိုသခင် အမှတ်အသားပြားကို ပြုလုပ်ပြီးတော့ နောက်လာနောက်သား တာအိုသခင်တွေက ဒီတာအိုသခင် အမှတ်အသားပေါ်က နည်းလမ်းတွေကို ရိုးရာအဖြစ် မှတ်ယူပြီး လိုက်နာရမယ် ”
မိုဝူကျိက စကားအဆုံးတွင် ကြယ်တာရာ ဝိညာဉ်ကျောက်တုံးနှင့် ရှေးဦးမူလမီးကျောက်ကို ထုတ်ကာ အားလုံးရှေ့၌ အမှတ်အသားပြားကို စတင် ဖန်တီးလိုက်သည်။ ရှေးဦးမူလမီးကျောက်သည် ပစ္စည်းကောင်းလေး ဖြစ်သော်လည်း မည်မျှပင် ကောင်းနေစေကာမူ မိုဝူကျိ လက်တွင် ရှိနေသည့်အတွက် မည်သူကမှ မလိုချင်ရဲကြပေ။ ထို့အပြင် မိုဝူကျိ ထုတ်ယူလိုက်သည့် အပိုင်းလေးမှာ မကြာခင်တွင် သေးငယ်လာလေ၏။
မိုဝူကျိက အဆင့် ၉ အင်မော်တယ် ပန်းပဲဧကရာဇ်အဆင့် ဖြစ်နေပြီ ဖြစ်ရာ ဤသို့မျိုး အမှတ်အသားပြား ဖန်တီးခြင်းက စက္ကန့်ပိုင်းလေးမျှသာ ဖြစ်ပေ၏။
ထိုအမှတ်အသားပြားတွင် မီးတောက်စွမ်းအားများ ပါဝင်နေပြီး လေထဲသို့ လွှင့်မျောနေလေ၏။ မိုဝူကျိက ပြောလိုက်သည် “ နောင်ကျ ဒီအမှတ်အသားပြားက တာအိုသခင်ရဲ့ အမှတ်တံဆိပ်ပဲ ….. ကောင်းကင်ဘုံအလွန် စကြဝဠာအတွင်းမှာ နေနေတဲ့ မျိုးဆက်အလိုက် လက်ဆင့်ကမ်းရမယ်။”
ကြယ်တာရာဝိညာဉ်ကျောက်တုံးမှာ ရှားပါးသော်လည်း ဤနေရာရှိ လူအများစုအနေနှင့် ရရှိနိုင်ကြသေး၏။ ရှေးဦးမူလမီးကျောက်အတွက်မူ ထိုသည်မှာ တွေ့ဖို့ပင် ခက်ခဲလှသည့် ရတနာမျိုး ဖြစ်ပေသည်။
ထို့အပြင် ဤတာအိုသခင် အမှတ်အသားပြားတွင် မိုဝူကျိ ရေးထွင်းထားသည့် အစီအရင် သင်္ကေတများ ရှိနေသည့်အတွက် သူ တစ်ယောက်တည်းသာ ထိုသို့အမှတ်အသားပြားကို လုပ်နိုင်ပေလိမ့်မည်ဟု ယုံကြည်ထားသည်။
တာအိုသခင် ဖွဲ့စည်းပုံအခြေခံစည်းမျည်းအဖွဲ့ကို တည်ထောင်ပြီး စည်းမျည်းများကိုလည်း ချမှတ်ထားပြီးလေပြီ။ တာအိုသခင် အမှတ်အသားပြားမှာလည်း ဖြစ်ပေါ်လာပြီ ဖြစ်၏။ နောက်ဆုံးတွင် မိုဝူကျိက စကြဝဠာအစွန်း၏ ကာကွယ်ရေး အစီအရင်ကို စတင် ခင်းကျင်းလိုက်တော့သည်။ ကောင်းကင်ဘုံအလွန် စကြဝဠာက ခေတ်သစ်သို့ ရောက်ရှိသွားကာ ယခင်ကလို နေရာတိုင်း၌ သတ်ဖြတ်ခွင့်ပေးထားသော ရှုပ်ယှက်ခတ်သည့်နေရာမျိုး မဟုတ်တော့ချေ။
မိုဝူကျိအနေနှင့် ကာကွယ်ရေး အစီအရင် တည်ဆောက်မှုကို စတင်ရန် ရွေ့လျားဖို့ပင် မလိုလိုက်ပေ။ အကြောင်းမှာ လူများစွာက စတင် ခင်းကျင်းဖို့ရာ စိတ်အားပြင်းနေကြ၍ ဖြစ်သည်။ ထောကက်ပံ့ပေးထားသော အရင်းအမြစ်များစွာဖြင့် မိုဝူကျိသည် သေမင်းထောင်ချောက် အစီအရင်၊ သတ်ဖြတ်ရေး အစီအရင်များနှင့် ပုံရိပ်ယောင် အစီအရင်နှင့်အတူ စွမ်းအား စုစည်းရေး အစီအရင်ပင် ထည့်ထားလိုက်၏။
မိုဝူကျိက သူ့ကတိစကားအတိုင်း အစီအရင်ကို အသက်သွင်းနိုင်မည့် ထိန်းချုပ်ရေး အလံရှစ်ခုကို ဖန်တီးခဲ့သည်။ ထို့အပြင် မိုဝူကျိက သူ့ကာကွယ်ရေး အစီအရင်နှင့် သေမင်းထောင်ချောက်အစီအရင်များအတွင်း အစီအရင် သင်္ကေတများကို ထည့်သွင်းခဲ့သေး၏။ ဤသို့မျိုး အစီအရင် သင်္ကေတများကို သူ တစ်ယောက်တည်းသာ သိပြီး အဆင့် ၉ အင်မော်တယ် အစီအရင်ဆရာတစ်ယောက်ပင် မိုဝူကျိအနေနှင့် စကြဝဠာအစွန်း၏ ကာကွယ်ရေး အစီအရင်ကို ဘာလုပ်ထားကြောင်း ဖော်ထုတ်နိုင်မည် မဟုတ်ချေ။
အကြောင်းမှာ မိုဝူကျိက တာအိုသခင် ဖြစ်သည့်အပြင် ကာကွယ်ရေး အစီအရင်ကို ခင်းကျင်းထားသူ ဖြစ်၍ သူ့အဓိကအလံ တစ်ခုတည်းဖြင့် ကာကွယ်ရေး အစီအရင်နှင့် သေမင်းထောင်ချောက်တို့ကို အသက်သွင်းနိုင်သည့်အကြောင်းအား မည်သူကမှ အတွန့်မတက်ကြပေ။ အကယ်၍ တာအိုသခင် တစ်ယောက်က ကာကွယ်ရေး အစီအရင်လေးကိုမျှ ထိန်းချုပ်နိုင်စွမ်း မရှိလျှင် တာအိုသခင် ဖြစ်နေသည်မှာ ဘာအကျိုးရှိမည်နည်း။
အစီအရင်အလံ ခုနှစ်ခုကို ကိုင်ဆောင်ထားရမည့် လူခုနှစ်ယောက်အတွက်မူ သူတို့ထဲမှ လေးယောက်က စုစည်း၍ အစီအရင်အလံကို အတူတူ ပစ်လွှတ်လိုက်ပါက ကာကွယ်ရေး အစီအရင်ကို အသက်သွင်းနိုင်ပေလိမ့်မည်။
ကာကွယ်ရေး အစီအရင်အတွင်း အာကာပြင် အစီအရင် သင်္ကေတများ ထည့်သွင်းသည့် နည်းလမ်းမှာ မိုဝူကျိ၏ အဓိကရည်ရွယ်ချက် မဟုတ်သေးပေ။ ထိုအာကာပြင် အစီအရင် သင်္ကေတများက မိုဝူကျိ တစ်ယောက်တည်း အသက်သွင်းနိုင်မည့် နောက်ထပ် ထိပ်တန်းအဆင့် ထောင်ချောက်အစီအရင်လည်း ဖြစ်ပေသည်။
စကြဝဠာအစွန်း၏ ကာကွယ်ရေး အစီအရင် ခင်းကျင်းမှုမှာ အလွန်မြန်ဆန်လှသည်။ တစ်လတာလေးအတွင်း ကာကွယ်ရေး အစီအရင်မှာ ချောချောမွေ့မွေ့ ပြီးဆုံးသွားလေပြီ။
မိုဝူကျိက ထိန်းချုပ်ရေး အစီအရင်အလံများကို ကျဲယင်၊ ဖုန်းဟွမ်နှင့် သက်ဆိုင်ရာသူတို့ကို ပေးလိုက်ပြီး သူက လူသားမျိုးနွယ်စုအတွက် နောက်ထပ် အင်မော်တယ်အစီအရင်မြို့များကို စတင် ပိတ်ထားလိုက်သည်။
ကောင်းကင်ဘုံအလွန် စကြဝဠာ၌ ဖင်းဖန်အင်မော်တယ်မြို့အပြင် လူသားမျိုးနွယ်စုတွင် နောက်ထပ် အင်မော်တယ်မြို့လေးခု ရှိနေသေး၏။ လူသားမျိုးနွယ် အရေအတွက်မှာ အလွန်နည်းပါးနေသည့်အတွက် သူတို့အနေနှင့် အချိန်တစ်ခုအထိ ဖင်းဖန်အင်မော်တယ်မြို့တွင် နေထိုင်ကြမည် ဖြစ်၏။
ဖင်းဖန်အင်မော်တယ်မြို့အတွက် မိုဝူကျိက ထိပ်တန်းအဆင့် ကာကွယ်ရေး အစီအရင်နှင့် သေမင်းထောင်ချောက် အစီအရင်များကို ခင်းကျင်းပေးပြီးနောက် အစီအရင်အလံများကို အင်မော်တယ် ဧကရီ ဝမ်လန်နှင့် ယွမ်မိုထံ အပ်နှံ့လိုက်သည်။
“ ဝူကျိ … မင်းရဲ့ ကာကွယ်ရေး အစီအရင်နဲ့ဆိုရင် တာအိုဧကရာဇ်အဆင့်ကို ကျော်လွန်နေတဲ့ လူတွေတောင် အလွယ်တကူ ချိုးဖောက်နိုင်မှာ မဟုတ်ဘူး ” မိုဝူကျိက ဖင်းဖန်အင်မော်တယ်မြို့ ကာကွယ်ရေး အစီအရင် ခင်းကျင်းမှု ပြီးဆုံးသွားသည်ကို မြင်၍ ယွမ်မိုက လေးစာစွာ ပြောလိုက်သည်။ သူက မိုဝူကျိသည် သူ့အစီအရင်တာအိုကို မည်သည်မှ သင်ယူပြီး မည်မျှ ကြာကြာသင်ယူခဲ့သည်ကို လုံးဝ တွေးကြည့်၍ မရပေ။
မိုဝူကျိက သက်ပြင်းချကာ
“ ကျုပ် လောကအင်မော်တယ်အဆင့်ကို ရောက်တော့ ကိုယ့်အင်အားကို ဘယ်သူမှ လိုက်မမှီဘူးဆိုပြီး ယူဆမိခဲ့သေးတယ်။ ဒါပေမဲ့ တကယ်ကျ ရေတွင်းထဲက ဖားတစ်ကောင်ဖြစ်ပြီးတော့ အမြင်မကျယ်ခဲ့မိတာလေ … အဲဒါမလို့ ကျုပ် ကာကွယ်ရေး အစီအရင်က အားကောင်းတယ်လို့ ထင်ရပေမဲ့ တကယ့် အဆင့်မြင့် ကျင့်ကြံသူသာ ရောက်လာရင် သူတို့အနေနဲ့ လက်တစ်ချက် ဝှေ့ရုံလောက် ဖြစ်နေမှာ ”
မိုဝူကျိက ယခင် နတ်ဘုရားမျှော်စင်တွင် တွေ့ခဲ့ရသော အရာအားလုံးကို ပြန်စဉ်းစားကြည့်မိလျှင် စိတ်လှုပ်ရှားမိလာသည်။ ယူမင်ကျန်းနှင့် ကျီလီတို့ကဲ့သို့သော အဆင့်မြင့် ကျင့်ကြံသူများကို ထည့်မပြောလျှင်ပင် ပစ္စည်း စိတ်ဝိညာဉ်လေး အသက်ဝင်မှုလေး တစ်ခုကပင် ကောင်းကင်ဘုံအလွန် စကြဝဠာတစ်ခုလုံးကို အလွယ်တကူ ဖိနှိပ်နိုင်စွမ်း ရှိပေ၏။
“ ဂျုနီယာမောင်လေးမိုက ထွက်သွားတော့မလို့လား ” မိုဝူကျိက ကာကွယ်ရေး အစီအရင်ကို ခင်းကျင်းပေးပြီး အခြားသော အင်မော်တယ်မြို့လေးမြိုကိုလည်း ပိတ်ထားပြီးပြီး ဖြစ်ရာ အင်မော်တယ် ဧကရီ ဝမ်လန်က သူ့နောက်မှ တောက်လျောက် လိုက်ပါနေခဲ့၏။ သူမက မိုဝူကျိတွင် အတွေးတချို့ ရှိနေသည်ကို အာရုံရနေမိသည်။ ယခု မိုဝူကျိက ထိုသို့စကားမျိုး ပြောလာသောအခါ သူမက မိုဝူကျိ ထွက်သွားတော့မည် ဖြစ်ကြောင်း ပို၍ သေချာသွားလေသည်။
မိုဝူကျိက ခေါင်းညိတ်ပြကာ “ ကျုပ် ခဏ ထွက်သွားဖို့ ရည်ရွယ်ထားတယ်။ စီနီယာအစ်မဝမ်လန်၊ ယွမ်မို ခင်ဗျားတို့နှစ်ယောက်ကို တစ်ခုလောက် အကူအညီတောင်းလို့ ရမလား ”
“ ဝူကျိ …ပြောသာပြောလိုက် ” ယွမ်မိုက တုံ့ဆိုင်းခြင်းမရှိ ပြောလိုက်သည်။
ဝမ်လန်က မိုဝူကျိအား စဉ်းစဉ်းစားစား ကြည့်နေရင်း သူမက ဘာမှမပြောလိုက်သော်လည်း သူမ တတ်နိုင်သမျှ လုပ်နိုင်စွမ်းအတွင်းရှိနေလျှင် မိုဝူကျိအား စိတ်ပျက်စေမည် မဟုတ်ပေ။
မိုဝူကျိက လက်ကို မြှောက်ကာ အသံလုံအကာအရံတစ်ခု ဖန်တီးလိုက်ပြီး
“ ကျုပ်ဇနီးနာမည်က ချိန်စုယင်တဲ့ … သူမနဲ့ လင်းဂူလို့ ခေါ်တဲ့ နောက်ထပ် ကောင်မလေးတစ်ယောက် တို့က ကောင်းကင်ဘုံအလွန်ကို ရောက်လာတာ ဖြစ်နိုင်ခြေရှိတယ်။ ဒါပေမဲ့ ကျုပ်က သူတို့သတင်း ဘာမှမရခဲ့ဘူး။ ကျုပ် မရှိတုန်း ခင်ဗျားတို့ နှစ်ယောက် သူတို့ကို ကူရှာပေးလို့ ရမလား ”
“ ဝူကျိ မစိုးရိမ်နဲ့ …” ယွမ်မိုက ခေါင်းညိတ်ပြလိုက်သည်။
ဝမ်လန်က ဝင်ပြောလာသည် “ဂျုနီယာမောင်လေးဝူကျိ … မင်း စိတ်ချနေပါ။ တကယ်လို့ မင်းဇနီး ချိန်စုယင်သာ ဒီမှာ ရှိနေမယ်ဆိုရင် ငါ သူမကို သေချာပေါက် ရှာပေးမယ် ”
သူမနှင့် ယွမ်မိုတို့က မိုဝူကျိသည် သူတို့ကို အကူအညီတောင်းသည့် ကိစ္စအား အသံလုံ အကာအရံ ခင်းကျင်းလိုက်သည့် အကြောင်းအရင်းအား နားလည်ကြပေသည်။ မိုဝူကျိက ကောင်းကင်ဘုံအလွန်၏ တာအိုသခင် တစ်ယောက် ဖြစ်သော်လည်း မိုဝူကျိ၏ ဦးခေါင်းကို အလိုရှိနေကြသူများစွာ ရှိနေသေးသည်။ အကယ်၍ ထိုလူများသာ မိုဝူကျိ၏ ဇနီးဖြစ်သူက စကြဝဠာအစွန်းတွင် ရှိနေကြောင်း သိသွားလျှင် သူတို့က မိုဝူကျိနှင့် မရင်ဆိုင်နိုင်သည့်အတွက် မိုဝူကျိ၏ ဇနီးကို ပစ်မှတ်ထားကြလိမ့်မည်။
မိုဝူကျိက လက်နှစ်ဖက်ယှက်ကာ “ ဒီလိုဆိုမှတော့ ကျုပ် အရင်သွားနှင့်ပြီနော် … ကျုပ် ပြန်ရောက်လာတာနဲ့ အင်မော်တယ်လောကကို ပြန်ဖို့ လမ်းကြောင်းကို ရှာပေးပါ့မယ် ”
ကောင်းကင်ဘုံအလွန် စကြဝဠာ၏ ပိုင်နက်အား မိုဝူကျိအား ခွဲဝေပေးထားခြင်း ဖြစ်သော်ငြား ကောင်းကင်ဘုံအလွန် စကြဝဠာ၌ လူသားမျိုးနွယ် များများ ရောက်လာဖို့ လိုအပ်နေသေးသည်။ ထိုအခါမှ ဤနေရာ၌ သင့်တော်မည့် ခြေကုပ်နေရာ ဖွဲ့စည်းလာနိုင်မည် မဟုတ်ပါလော။ သူ တစ်ယောက်တည်း သို့မဟုတ် လူသားမျိုးနွယ် အုပ်စုအသေးလေးပေါ် မှီခိုနေခြင်းထက် များစွာ သဘောတရားကျပေသည်။
အင်မော်တယ် ဧကရီ ဝမ်လန်က မိုဝူကျိ ထွက်သွားမှုကို ကြည့်ကာ ဘာပြောရမှန်းမသိ ဖြစ်နေသေးသည်။ သူမက မိုဝူကျိသည် အင်မော်တယ်လာက၏ လူသားမျိုးနွယ် အနာဂတ် ဖြစ်ကြောင်း သိထားပြီး မိုဝူကျိက အင်မော်တယ်လောကအတွင်း များစွာ ခံစားခဲ့ရသော လူလည်း ဖြစ်ပေသည်။
မည်သူကမှ မိုဝူကျိလိုမျိုး မဟာလော့ရှန်းအဆင့်သို့ ရောက်မလာခင်ကတည်းက လူများစွာ၏ အဆဲခံ၊ အပြောခံခဲ့ရသည် မဟုတ်ပေ။ မည်သူကမှ မိုဝူကျိလိုမျိုး အင်မော်တယ်ဘုရင်အဆင့်ပင် မရောက်သေးဘဲဖြင့် မဟာဧကရာဇ်များ၏ ဝိုင်းဝန်းတိုက်ခိုက်မှုကို ခံခဲ့ရသည်လည်း မဟုတ်ကြပေ။ ပိုမိုမြင့်မားသည့် အတွေးအမြင်မှ စဉ်းစားကြည့်လျှင် အထက်ဘုံ၏ ကျီချန်းလော့က သူ့ဖင်းဖန်အင်မော်တယ်ကျောင်းတော်၏ အမွေအနှစ်အား ချေမှုန်းဖို့ ကြိုးစားနေစဉ် မိုဝူကျိလိုမျိုး ဤနေရာတွင် နေ၍ လူသားမျိုးနွယ်အတွက် အသက်စွန့် တိုက်ခိုက်ပေးမည့်သူလည်း ရှိမည် မဟုတ်ပေ။
သို့သော်လည်း သူမက ထိုအရာအားလုံးကို မိုဝူကျိအား မပြောပြရဲခဲ့ပေ။ အကြောင်းမှာ အကယ်၍ အထက်ဘုံနှင့် ကောင်းကင်ဘုံအလွန် စကြဝဠာကြား လမ်းရှိနေလျှင် ပြောပြမိမည် ဖြစ်သော်လည်း ယခုအခါတွင် ကောင်းကင်ဘုံအလွန် စကြဝဠာ၌ အထက်ဘုံနှင့် ဆက်သွယ်ထားသည့် လမ်းကြောင်း မရှိတော့သောကြောင့် မိုဝူကျိအား ပြောပြလိုက်ခြင်းက ပို၍ စိတ်ပူစေကာ လက်ရှိ စိတ်အခြေအနေကို ပျက်ပြားသွားစေလိမ့်မည်။
မိုဝူကျိက မဟာတာအို အထွတ်အထိပ်သို့ ရောက်ရှိနေပြီး အလျှင်အမြန် တိုးတက်နေဆဲ ဖြစ်၏။ အကယ်၍ သူမက ဤသို့မျိုး အရေးကြီးသည့် အချိန်ကာလ၌ မိုဝူကျိ၏ စိတ်အခြေအနေကို ဖျက်စီးမိမည်ဆိုလျှင် မိုဝူကျိ၏ တိုးတက်နှုန်းအပေါ်လည်း သက်ရောက်မှု ရှိသွားပေမည်။ ထိုအခါ သူမ ဝမ်လန်က သူမဘာသာ တစ်ဘဝလုံး အပြစ်တင်မိနေပေလိမ့်မည်။
“ ဂျုနီယာညီမ ဝမ်လန် …. ဝူကျိကို စိုးရိမ်ဖို့ မလိုပါဘူး။ သူ အဆင်ပြေမှာပါ ” ယွမ်မိုက အင်မော်တယ် ဧကရီ ဝမ်လန်၏ စိုးရိမ်မှုကို ခံစားမိကာ နှစ်သိမ့်ပေးလိုက်လေ၏။
သူက မိုဝူကျိသည် အဆောင်တစ်ထောင်တောင်ဆီ ဦးတည်နေမှန်း သိပေသည်။ မိုဝူကျိ၏ တာအိုအဆင့်ဖြင့် မိုဝူကျိအား ခြိမ်းခြောက်နိုင်မည့် တည်ရှိမှုမျိုး မရှိချေ။
………………………
အဆောင်တစ်ထောင်တောင်မှာ ကောင်းကင်ဘုံအလွန် စကြဝဠာတွင် မတည်ရှိဘဲ နတ်ဘုရားချောက်ကမ်းပါးနယ်မြေလိုမျိုး အင်မော်တယ်လျိုကို ဖြတ်သန်းသွားရသော နေရာတွင် ဖြစ်၏။
နတ်ဘုရားချောက်ကမ်းပါးနယ်မြေနှင့် ကောင်းကင်ဘုံအလွန် စကြဝဠာကြားတွင် အင်မော်တယ်လျို တစ်ခုမျှ ကွာဝေးသော်လည်း အဆောင်တစ်ထောင်တောင်နှင့် ကောင်းကင်ဘုံအလွန် စကြဝဠာကြားတွင်မူ အင်မော်တယ်လျိုလေးခုမျှ ခြားနားထား၏။
အကယ်၍ မိုဝူကျိသာ ယွမ်မိုဆီမှ တည်နေရာပြ သလင်းကျောက်ကို ရမလာလျှင် သူ့အနေနှင့် အဆောင်တစ်ထောင်တောင်အား ရှာတွေ့မည် မဟုတ်ပေ။ ကျယ်ပြောလှသည့် အာကာသအတွင်း ကောင်းကင်ချောက်နက်၊ အင်မော်တယ်လျို၊ အာကာပြင် ချောက်နက်အမျိုးမျိုး ရှိပေသည်။
မိုဝူကျိ၏ ယာဉ်ပျံမှာ ချိန်စုယင်နှင့် အလဲအလှယ်လုပ်ခဲ့စဉ်ကအတိုင်း ဖန်တီးထားခြင်း ဖြစ်ပြီး ရွိုက်ကောကို မောင်းနှင်ခိုင်းထား၏၊ သူနှင့်တာ့ဟွမ်တို့မှာ တံခါးပိတ် ကျင့်ကြံနေကြသည်။
ရွိုက်ကောက နှစ်မျာစွာ အိပ်စက်ထားသည့်အတွက် သူ့ကျင့်ကြံဆင့် တိုးတက်လာဖို့ရာ ယာယီ မဖြစ်နိုင်သေးသောကြောင့် ယာဉ်ပျံကို ထိန်းချုပ်နေရခြင်း ဖြစ်၏။ တာ့ဟွမ်က အသက်ပြန်ရှင်လာစဉ်ကတည်းက အင်မော်တယ် မော်တယ်ကျင့်စဉ်ကို ကျင့်ကြံရန် ရွေးချယ်ထားသ့်အတွက် အချိန်လိုအပ်ပေသည်။
မိုဝူကျိ၏ ကျင့်ကြံဆင့်မှာ အင်မော်တယ် ဧကရာဇ် အစောပိုင်းအဆင့် ထိပ်ဆုံးသို့ ရောက်ရှိနေပြီး အလယ်အလတ်အဆင့် ရောက်ရှိဖို့ရာ ခြေတစ်လှမ်းမျှသာ ကွာဝေးတော့၏။ ပုံမှန်အားဖြင့် သူက အဆောင်တစ်ထောင်တောင်ဆီ မရောက်ခင် ကျင့်ကြံဆင့်ကို အင်မော်တယ် ဧကရာဇ် အလယ်အလတ်အဆင့် ရောက်ရှိလိုပေသည်။
***