← Chapters

အလှည့်အပြောင်း

Vol. 60 Ch. 827

အလှည့်အပြောင်း

Vol. 60 Ch. 827

ယာဉ်ပျံက တုန်ခါလာသောကြောင့် မိုဝူကျိက အသိပြန်ကပ်လာသည်။ အသိဉာဏ်ပွင့်နေစဉ် နှောင့်ယှက်ခံလိုက်ရသည့် ခံစားချက်မှာ မိုဝူကျိ မနှစ်သက်သောအရာ ဖြစ်၏။

သူ ထုတ်ယူထားသော အစိမ်းရောင်ကျောက်များနှင့် အင်မော်တယ်ကျောက်များက အမှုန့်ဖြစ်ကုန်လေပြီ။ အရှင်းဆုံးပြောရလျှင် သူ့ကို ရက်အနည်းငယ် ထပ်ပေးလျှင် သူ့အနေနှင့် အင်မော်တယ် ဧကရာဇ် အလယ်အလတ်အဆင့်သို့ တက်လှမ်းနိုင်မည် ဖြစ်ပေသည်။ နှမြောစရာကောင်းသည်က ယာဉ်ပျံသည် တုန်ခါလာသောကြောင့် သူက အင်မော်တယ် ဧကရာဇ် အစောပိုင်း ပြီးပြည့်စုံခြင်းအဆင့်၌သာ ရပ်တန့်သွားလေ၏။

“ ရွိုက်ကော ဘာတွေဖြစ်နေတာလဲ။ တာ့ဟွမ်နဲ့ငါက ကျင့်ကြံနေတုန်းဆိုတာ မသိဘူးလား ”မိုဝူကျိက ကုန်းပတ်သို့ ထွက်လာကာ ပြောလိုက်သည်။

“ သခင်ကြီး … ကျတော်တို့ ယာဉ်ပျံက ရုတ်တရက် တိုက်ခိုက်ခံရပြီးတော့ ရပ်သွားပြီ ” ရွိုက်ကောက မြန်မြန် ရှင်းပြလိုက်သည်။

ယာဉ်ပျံဆီ ဧရာမတောင်တစ်လုံးက လာထိရိုက်နေသည်ကို ရှင်းရှင်းလင်းလင်း ခံစားနေမိသော်လည်း အနီးကပ် ကြည့်ကြည့်ပါက ဘာဆိုဘာမှ မမြင်ရပေ။

မိုဝူကျိက အာကာပြင် မူမမှန်မှုများကို ခံစားမိကာ ယွမ်မို ပေးလိုက်သော မြေပုံကို ထုတ်ကာ သံသယဖြင့် ရေရွတ်လိုက်သည်  “ ဒါက အဆောင်တစ်ထောင် တောင်မလား။ ဘာလို့ ဝင်ပေါက် မရှိရတာလဲ ”

ယွမ်မို ပေးထားသည့် သတင်းအချက်အလက်များအရ အဆောင်တစ်ထောင်တောင်၏ ကျင့်ကြံသူများက အာကာပြင်ကို ဖြတ်သန်း၍ သွားလာခြင်း မရှိကြသော်လည်း အဆောင်တစ်ထောင်တောင်က ပြင်ပကမ္ဘာနှင့် အမြဲအဆက်အသွယ် ရှိပေသည်။ ဤတည်နေရာမှာ အဆောင်တစ်ထောင်တောင်၏ ဝင်ပေါက် ဖြစ်သင့်ပေ၏။

ရွိုက်ကောက စိုးရိမ်တကြီး ဝင်ပြောလာသည်  “ ဟုတ်တယ် …. ကျတော်က မြေပုံအတိုင်း လိုက်လာတာ။ ဒီကို ရောက်ပြီးတော့ ဘယ်မှ သွားစရာ မရှိတော့ဘူး ”

မိုဝူကျိက ယာဉ်ပျံပေါ်မှ အတားအဆီးကို ဖွင့်ကြည့်ပြီး စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့်လိုက်သည့်အခါ မည်သည့်အရိပ်အယောင်မှ မတွေ့ပေ။ သူက စိတ်ဝိညာဉ်မျက်လုံးကို အသက်သွင်းလိုက်သည့်အခါ မှိန်ဖျော့ဖျော့ အကာအရံတစ်လွှာကို မြင်လိုက်ရသည်။

မိုဝူကျိက လက်ကို ဆန့်ထုတ်ကာ ထိုမှိန်ဖျော့ဖျော့ အကာအရံအား ဆွဲကိုင်ကာ စုတ်ဖြဲပစ်လိုက်သည်။ သူတို့ရှေ့မှောက်၌ အားနည်းသည့် ဝိညာဉ်စွမ်းအား အရိပ်အယောင် ပေါ်လာလေ၏။ မိုဝူကျိ၏ စိတ်စွမ်းအားအတွင်း တောင်တစ်လုံး ပေါ်လာသည်။

“ အိုး သခင်ကြီး ဒီနေရာကို အကာအရံနဲ့ ကာထားတာလား။ မဟုတ်သေးပါဘူး   စက်ကွင်းတစ်ခုမျိုးလား ….” ရွိုက်ကောက အဆင့် ၇ သားရဲ ဖြစ်လာပြီးနောက် သူ့အသိဉာဏ်မှာလည်း ဘာမှမသိသေးသည့် ခြေသုံးချောင်းဌက် ဖြစ်စဉ်အခါထက် သာလွန်နေလေပြီ။

“ တစ်ယောက်ယောက် လာနေပြီ ” မိုဝူကျိက လက်ကို ဆန့်ထုတ်ကာ ရွိုက်ကောအား ဆက်မပြောဖို့ တားလိုက်၏။

မိုဝူကျိ၏ အသံကို ကြားလိုက်သည်နှင့် ထိုပုံရိပ်က စုတ်ဖြဲခံလိုက်ရသည့် အကာအရံရှေ့ ချက်ချင်း ပေါ်လာသည်။

အဝါရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် လူလတ်အရွယ် အမျိုးသား၏ မျက်နှာမှာ အနည်းငယ် ဖြူတော့တော့ ဖြစ်နေပြီး သူ့ဘေးပတ်လည်တွင် ထူးဆန်းသည့် စွမ်းအင်များ လှည့်ပတ်နေသည်။ မိုဝူကျိက တစ်ချက်တည်းကြည့်ရုံဖြင့် ထိုသူမှာ အင်မော်တယ် ဧကရာဇ် အစောပိုင်းအဆင့် ဖြစ်ကြောင်း သိလိုက်၏။

အဝါရောင်ဝတ် အမျိုးသားက ရွိုက်ကောနှင့် မိုဝူကျိအား ခြုံငုံကြည့်ပြီးနောက် မိုဝူကျိအား တဖန်ပြန်ကြည့်ကာ  “ ဒီက တာအိုရောင်းရင်းက ကျုပ်တို့ အဆောင်တစ်ထောင်တောင်ရဲ့ အစီအရင်ကို အကြောင်းပြချက်မရှိ ဘာလို့ ဖျက်စီးပစ်ရတာလဲ ”

သူက သတ်ဖြတ်ငွေ့များ ပါဝင်နေသော်လည်း မိုဝူကျိ၏ အင်အားမှာ အတော်လေး ကြောက်မက်ဖို့ ကောင်းပေသည်။ အဆောင်တစ်ထောင်တောင်အား သာမာန်မဟာဧကရာဇ်များပင် မချိုးဖောက်နိုင်သည့် ကမ္ဘာတပိုင်း အဆောင်ဖြင့် ကာဆီးထားခြင်း ဖြစ်၏။ တခြားနည်းဖြင့်ဆိုလျှင် စည်းမျည်းများမှာ တကယ့် ကမ္ဘာနယ်မြေလောက် မတည်ငြိမ်သော်လည်း ကမ္ဘာတပိုင်း အဆောင်ကို ထုတ်သုံးလိုက်သည်နှင့် တကယ့် ကမ္ဘာနယ်မြေနှင့် ကွာခြားချက် များများစားစား မရှိတော့ပေ။

သို့သော်လည်း သူ့ရှေ့ရှိ လူမှာ ထိုကမ္ဘာတပိုင်းအဆောင်အား လက်ချည်းသပ်သပ်ဖြင့် စုတ်ဖြဲပစ်နိုင်လေရာ မည်မျှ ကြောက်မက်ဖို့ ကောင်းကြောင်း မြင်တွေ့နိုင်ပေသည်။ ထိုသူက ပြင်ပလောကမှ တာအိုဧကရာဇ်တစ်ယောက်သာ ဖြစ်ပေလိမ့်မည်။

မိုဝူကျိက အဆောင်တာအိုကို မကျွမ်းကျင်သောကြောင့် အားနာစွာ ပြောလိုက်လေ၏

“ ကျုပ်က အဆောင်တစ်ထောင်တောင်ကနေ အကူအညီတောင်းဖို့ ရောက်လာတာပါ။ ကျုပ်မိတ်ဆွေပေးလိုက်တဲ့ မြေပုံက ရုတ်တရက် ပျောက်သွားလို့ ခင်ဗျားတို့ရဲ့ တောင်အကာအကွယ်ကို မတော်တဆ ဖျက်စီးမိသွားတာပါ။ ခွင့်လွှတ်မှုကို တောင်းခံပါရစေ …. ”

“ ဒီလိုဆိုမှတော့ ကျုပ်တို့တောင်က ပိတ်ထားတာဆိုတော့ ခင်ဗျားအတွက် ဆိုးသွားတာပဲ ” အဝါရောင်ဝတ် အမျိုးသားက အေးစက်စက် ပြန်ပြောလိုက်ပြီး ကမ္ဘာတပိုင်း အဆောင်ကို ပြန်လည် ပြုပြင်ဖို့ရာ သူ့အဆောင်ကို ထုတ်ယူလိုက်သည်။

မိုဝူကျိက မျက်မှောင်ကျုတ်ကာ  “ ဒီကတာအိုရောင်းရင်း …. ကျုပ်က အဆောင်တစ်ထောင်တောင်ကို အဝေးကြီးကနေ လာခဲ့ရတာပါ။ ဧည့်သည်ကို ဒီလိုဆက်ဆံတာက မသင့်တော်ဘူးလို့ ထင်တယ် ”

“ ဟားဟား ”အဝါရောင်ဝတ် အမျိုးသားက အားရပါးရ ရယ်မောလိုက်သော်လည်း သူ့မျက်နှာတွင် အပြုံးအရိပ်အယောင် မရှိနေချေ

“ ခင်ဗျားက ကျုပ်တို့တောင်ရဲ့ အဆောင်ကို ဖျက်စီးပစ်တာလေ။ ကျုပ်က ခင်ဗျားကို လျော်ကြေးမတောင်းတာနဲ့တင် လေးစားရာကျနေပြီ။ ကျုပ် အပြုအမူတွေက မသင့်တော်ဘူးလို့ ပြောချင်နေတုန်းလား …. ဒီက ရောင်းရင်းက တာအိုဧကရာဇ်ဆိုတာနဲ့ ကျုပ်တို့ အဆောင်တစ်ထောင်တောင်ကို အလွယ်တကူ အနိုင်ကျင့်လို့ ရမယ် ထင်နေတာလား။

ကျုပ်တို့တောင်က ထိပ်တန်းနေရာတစ်ခု မဟုတ်ပေမဲ့ ခင်ဗျားလိုမျိုး တာအိုဧကရာဇ်ကိုတော့ ကြောက်နေမှာ မဟုတ်ဘူး ”

မိုဝူကျိ၏ အမူအယာမှာ အလေးအနက် ပြောင်းလဲသွားကာ အေးစက်စက် ပြန်ဖြေပေးလိုက်သည်

“ အဲလိုဆိုရင် ခင်ဗျားတို့ အဆောင်တစ်ထောင်တောင်ရဲ့ အကာအကွယ်ကို အာကာပြင်ထဲ ဘာလို့ တပ်ဆင်ထားလဲ။ ခင်ဗျားတို့အဆောင်ရဲ့ တိုက်ခိုက်မှုအောက်မှာ အဆင့်နိမ့် အင်မော်တယ်ပစ္စည်းတွေဆိုရင် ဗလာနတ္ထိအဖြစ် ဖျက်စီးခံလိုက်ရနိုင်တယ်ဆိုတာ မသိဘူးလား။ ပြီးတော့ ကျုပ်က ကိုယ့်ဘာသာ တံခါးပိတ် ကျင့်ကြံနေတာ …. ခင်ဗျားတို့အဆောင်က ကျုပ်ယာဉ်ပျံပေါ်ကို လာတိုက်လို့ ကျုပ် ကျင့်ကြံရေး ပျက်တာကျ ဘယ်သူက  တာဝန်ယူဖြေရှင်းပေးမှာလဲ  ”

အစပိုင်းတွင် တစ်ဖက်လူက အဆောင်တစ်ထောင်တောင်မှ လူဖြစ်ကာ သူကိုယ်တိုင်လည်း အကူအညီ လိုအပ်နေသည့်အတွက် သူ အင်မော်တယ် ဧကရာဇ် အလယ်အလတ်အဆင့်သို့  တက်လှမ်းခါနီးတွင် နှောင့်ယှက်သည့် တိုက်ခိုက်မှုအား စိတ်ထဲ မထားခဲ့သော်လည်း ယခုအခါ ထိုလူသည် ရိုင်းရိုင်းစိုင်းစိုင်း မှတ်ချက် ပေးနေလေရာ မိုဝူကျိအနေနှင့် အမှန်တကယ် စိတ်တိုလာမိ၏။

အဝါရောင်ဝတ် အင်မော်တယ် ဧကရာဇ်က ဆက်ပြောလိုက်သည်  “ အဲဆို ကျုပ်တို့ အဆောင်တစ်ထောင်တောင်ရဲ့ အမှားလို့ ပြောချင်နေတာလား။ ကျုပ်တို့က ကျုပ်တို့တောင်ဘေးပတ်လည်မှာ အကာအရံချတာလေ ”

မိုဝူကျိက အသာပြန်ပြောလိုက်သည်  “ ခင်ဗျားတို့တောင်အတွင်းမှာ အစီအရင် အကာအကွယ် ဘယ်လောက်ချချ ခင်ဗျားတို့အမှားလို့ ဘယ်သူကမှ မပြောဘူး။ ဒါပေမဲ့ အာကာပြင်ထဲမှ တိုက်ခိုက်ရေး အကာအကွယ်ချထားတာက ခင်ဗျားတို့ မှားတာပဲ။ အာကာပြင်ထဲက လမ်းကြောင်းက အားလုံးအတွက်ပဲ … ခင်ဗျားတို့ အဆောင်တစ်ထောင်တောင် တစ်ခုတည်းအတွက် မဟုတ်ဘူး ”

ထိုစကားများကို ပြောပြီးနောက် မိုဝူကျိက သူတို့ဆီမှ အဆောင်မတောင်းရန် ဆုံးဖြတ်လိုက်တော့သည်။ သူတို့၏ သဘောထားကို ကြည့်ရုံဖြင့် သူတို့အနေနှင့် သူ လိုအပ်နေသည့် အဆောင်ကို ပေးလာလျှင်ပင် ထူးဆန်းနေမည် ဖြစ်၏။

“ ကျုပ်က တခြားနေရာကိုတော့ မသိပေမဲ့ ကျုပ်တို့ အဆောင်တစ်ထောင်တောင် ပတ်လည်က ကျုပ်တို့တောင် အပိုင်ပဲ ….” အဝါရောင်ဝတ် အမျိုးသားက ဓားပျံကို ဝင့်မြှောက်ကာ ပြောလိုက်သည်။ မိုဝူကျိ တိုက်ခိုက်သည်နှင့် သူကလည်း ဓားပျံကို သုံး၍ ပြန်ချမည်မှာ သိသာလှသည်။

မိုဝူကျိက အဆောင်တစ်ရွက်အတွက် အဆောင်တစ်ထောင်တောင်ဆီ နှိမ့်ချကာ တောင်းဆိုမည့်သူ မဟုတ်ပေ။ သူက ထိုအမျိုးသားအား အာရုံမရှိပေ။ ထို့အစား သူက ရွိုက်ကောဘက် လှည့်၍ ပြောလိုက်သည်  “ ရွိုက်ကော … ယာဉ်ပျံကို ထိန်းလိုက်တော့ ငါတို့တွေ အခု သွားကြမယ်။ တာ့ဟွမ် …. မင်းက ဆက်လေ့ကျင့်နေလေ။ ထွက်လာစရာ မလိုပါဘူး ”

“ ဟုတ်ကဲ့ သခင်ကြီး ” ရွိုက်ကောကလည်း တက်တက်ကြွကြွ ပြန်ဖြေလိုက်သည်။

ကုန်းပတ်ပေါ်သို့ ထွက်လာသည့် တာ့ဟွမ်က မိုဝူကျိ စကားကို ကြားသည့်အခါ ယာဉ်ပျံအတွင်း ချက်ချင်း ပြန်ဝင်သွားလေသည်။

မိုဝူကျိအား အံ့ဩသွားစေသည်က သူတို့ လှည့်ပြန်တော့မည့်ဆဲဆဲတွင် အဝါရောင်ဝတ် အမျိုးသားက လှမ်းခေါ်လိုက်၏  “ ခဏ ”

“ ဘာကိစ္စရှိသေးလို့လဲ ” မိုဝူကျိက အေးအေးဆေးဆေး လှည့်ပြောလိုက်သည်။

တစ်ဖက်လူက သူ့အား အင်မော်တယ် ဧကရာဇ် အလယ်အလတ်အဆင့် တက်လှမ်းမည့်ကိစ္စအား အနှောင့်အယှက် ပေးသည့် တိုက်ခိုက်ရေး အကာအကွယ်ကို လျို့ဝှက်ထားပြီး တစ်ဖက်တွင် သူက တစ်ဖက်လူ၏ ကမ္ဘာတပိုင်းအဆင့် အဆောင်အား ဖျက်စီးပစ်ခဲ့သောကြောင့် တစ်ဖက်နှင့်တစ်ဖက် အကျေဟု ယူဆ၍ ရပေသည်။ အဆောင်တစ်ထောင်တောင်က  မိုဝူကျအား လိုက်မဖမ်းလျှင် မိုဝူကျိအနေနှင့်လည်း သူတို့အပေါ် အချိန်ဖြုန်းရန် ဆန္ဒမရှိပေ။ အကယ်၍ အဆောင်တစ်ထောင်တောင်က သူ့အား အနိုင်ကျင့်ခဲ့လျှင် မိုဝူကျိက တန်ပြန်တိုက်ခိုက်သည့်အခါ သူတို့အနေနှင့် သူတို့ကံတရားကို အပြစ်မတင်သင့်ပေ။

မိုဝူကျိက သွေစောင်းအာကာပြင် ပင်လယ်ကျွန်း၌ အကြောက်တရား ကင်းမဲ့လွန်းနေပြီ ဖြစ်ရာ ဤအဆောင်တစ်ထောင်တောင် တစ်တောင်ကို မည်သို့ ကြောက်ရွံ့ရမည်နည်း။ သွေစောင်း အာကာပြင် ပင်လယ်ကျွန်းပေါ်ရှိ မဟာဧကရာဇ် ရှစ်ယောက်နှင့် ရင်ဆိုင်ရစဉ်အခါထက် မိုဝူကျိ၏ အင်အားမှာ အဆများစွာ အားကောင်းနေပြီ ဖြစ်၏။

မိုဝူကျိအား အံ့အားသင့်စေသည်က အဝါရောင်ဝတ် အမျိုးသားက လက်နှစ်ဖက် ယှက်ကာ ယဉ်ယဉ်ကျေးကျေး ပြောလိုက်လေ၏

“ စောစောလေးက ကိစ္စနဲ့ ကျုပ်ရဲ့ အပြုအမူအတွက် တောင်းပန်ပါတယ်။ ကျုပ် စီနီယာဦးလေးက ဒီကိစ္စကို သိသွားပြီးတော့ ကျုပ်ကို အပြစ်တင်တဲ့စကား ရောက်လာပါတယ်။ တကယ်လို့ တာအိုရောင်းရင်းသာ စိတ်ထဲ မထားရင် ကျုပ်တို့ဆီ လိုက်လည်ပါဦးလား။

တာအိုရောင်းရင်း လိုအပ်နေတဲ့ အဆောင်ကို ကျုပ် ရှဲ့တုက သေချာပေါက် စိတ်မပျက်စေရပါဘူး ”

သူက ပြောလိုက်ရင်း အဝါရောင်ဝတ် အမျိုးသားက သတင်းပို့ ဓားပျံတစ်ချောင်း ပစ်လွှတ်လိုက်သည်။

မိုဝူကျိက ထိုရှဲ့တု၏ အပြောင်းအလဲအမြန်မှုကို အံ့အားသင့်မိနေဆဲ ဖြစ်ကာ ရှဲ့တု၏ စီနီယာဦးလေးဖြစ်သူသည် အဆင့်အတန်းမြင့်မြင့်ထဲမှ ဖြစ်ပေလိမ့်မည်မှန်း မှန်းဆမိလိုက်သည်။

“ ဒီလိုဆိုမှတော့ ကျေးဇူးပါ ” မိုဝူကျိက အဆောင်တစ်ထောင်တောင်သို့ အဆောင်စာရွက် အကူအညီတောင်းရန် ရောက်လာလေရာ တစ်ဖက်လူက သူ့အား ဖိတ်ကြားလာပြီ ဖြစ်ရာ သူက လက်ခံမည်သာ ဖြစ်၏။ မကြာခင် ကျင့်ကြံသူ မိန်းမငယ်လေး တစ်ဦး ရောက်ရှိလာသည်။ ထိုအမျိုးသမီးလေး ရောက်ရှိလာသည်နှင့် သူမက ဦးညွှတ်ကာ ရှဲ့တုအား နှုတ်ဆက်လိုက်လေ၏  “ ဟွမ်ဖေးဖေးက တာဝန်ခံရှဲ့ကို ဂါရဝပြုပါတယ်ရှင် ”

ရှဲ့တုက ခေါင်းညိတ်ပြကာ  “ ဒါက ငါတို့အဆောင်တစ်ထောင်တောင်ရဲ့ ဧည့်သည်တော်ပဲ … အဲကြောင့် သူ့ကို ဧည့်ခန်းမထဲ ခေါ်သွားပေးပါဦး။ ငါ မကြာခင် လိုက်လာလှည့်မယ် ”

ရှဲ့တုက မိုဝူကျိဘက် လှည့်ကာ

“ ဒီက တာအိုရောင်းရင်း …. ကျုပ်က ကျုပ်ရဲ့ စီနီယာဦးလေးကို သွားခေါ်လိုက်ပါဦးမယ်။ ကျုပ်ဆီမှာ အဆောင်ကောင်းကောင်း ရှိတယ်ဆိုပေမဲ့လည်း ခင်ဗျား စိတ်မဝင်စားမှာကို စိုးရိမ်လို့ပါ။ ကျုပ်ရဲ့ စီနီယာဦးလေးက အဆောင်သခင် တစ်ယောက်ပါ။ အဆင့် ၉ အင်မော်တယ်အဆောင်ကိုတောင် ပြုလုပ်နိုင်ပါတယ် ”

မိုဝူကျိက မြန်မြန် ပြောလိုက်သည်  “ တာအိုရောင်းရင်း ရှဲ့ မြန်မြန် သွားလိုက်ပါ။ ကျုပ် ဧည့်ခန်းမမှာ စောင့်နေပါ့မယ် ”

“ စီနီယာ ကျမနောက်က လိုက်ခဲ့ပေးပါ ….” ဟွမ်ဖေးဖေးက မိုဝူကျိထံ ဦးညွှတ်ကာ လေးလေးစားစား ပြောလိုက်သည်။

“ သွားကြတာပေါ့ ” မိုဝူကျိက ယာဉ်ပျံကို သိမ်းလိုက်ရင်း တာ့ဟွမ်နှင့် ရွိုက်ကောကိုလည်း ခေါ်ထုတ်လိုက်သည်။

……………….…

မိုဝူကျိကို ခေါ်သွားပြီးသည့်နောက်တွင် ရှဲ့တု မျက်ဝန်း၌ ဝမ်းမြောက်နေသည့် အရိပ်အယောင်များ ထွက်ပေါ်လာသည်။ သူ့ခန္ဓာကိုယ်မှာ တစ်ခဏလေးအတွင်း ပျောက်ကွယ်သွားလေ၏။

အမွေးတိုင်တစ်ဝက်စာလောက်အကြာတွင် သူက အတားအဆီး တောင်အဝင်ဝသို့ ရောက်လာသည်။

ရှဲ့တုက အတားအဆီးကို ထိလိုက်သည်နှင့် အနည်းငယ် အိုမင်းရင့်ရော်နေသည့် အသံကို ကြားလိုက်ရသည်  “ ငါ့ကို နှောင့်ယှက်ရ‌အောင် မင်းဆီမှာ ဘာကိစ္စရှိလို့လဲ ”

ရှဲ့တုက မြန်မြန် ဦးညွှတ်ကာ  “ ဆရာ …. တပည့်က အရေးတကြီး တင်ပြစရာ ရှိပါတယ် ”

“ ဝင်လာခဲ့ ” အသံက တဖန်ထွက်ပေါ်လာပြန်သည်။

ရှဲ့တုက အထဲသို့ ဝင်သွားပြီးနောက် အသက်ဆယ်ရှိုက်စာလောက်အတွင်း ကျောက်ခန်းမအတွင်း ရောက်ရှိသွားသည်။

ထိုကျောက်နံရံ၌ အဆောင်များစွာ ချိတ်ဆွဲထားပြီး အလယ်၌ ပိန်ပါးပါး အမျိုးသား တစ်ဦး ထိုင်နေသည်။ သူက  အဝင်ဝကို ကျောပေးထားရင်း သူ့လက်ထဲတွင် ကျင့်စဉ်တစ်ခု ကိုင်ထားလျက် သူ့ဆီမှ အင်မော်တယ်စွမ်းအားများ ထုတ်လွှင့်နေသည်။

“ ပြော ” ရှဲ့တု ဝင်လာသည်နှင့် ပိန်ပါးပါး အမျိုးသားက ပြောလိုက်၏။

ရှဲ့တုက အသံတိုးတိုးဖြင့် ပြောလိုက်သည်  “ ဆရာ … ကျတော်လေ ဒီနေ့  ဖီကာရွံ့စေးကို မြင်ခဲ့တယ် ”

“ ဘာ ” မူလက တည်တည်ငြိမ်ငြိမ် ထိုင်နေသည့် အမျိုးသားက ရှဲ့တုအား စိတ်အားထက်သန်စွာ ကြည့်လိုက်ကာ  “ ဒီနေ့ ဖီကာရွံ့စေးကို မြင်လိုက်တယ်လို့ ပြောလိုက်တာလား ”

ရှဲ့တုက အသက်ပြင်းပြင်းရှုကာ ခေါင်းညိတ်ပြလိုက်၏  “ အမှန်ပါပဲ …. ဒီနေ့ တကယ် ဖီကာရွံ့စေးကို မြင်ခဲ့တာပါ။ ဒါပေမဲ့ ဖီကာရွံ့စေးကို အဲဒီလူက အလကားဖြုန်းတီးပြီးတော့ အင်မော်တယ် အုပ်စိုးသူအဆင့်  အင်မော်တယ်အရုပ် လုပ်ထားတယ် ”

“ အရုပ် လုပ်ထားတာ ဘယ်လောက်ကြာလောက်ပြီလဲ ” ပိန်ပါးပါး အမျိုးသားက စိတ်လှုပ်ရှားမှု မြင့်တက်လာသည်။

ရှဲ့တုက ခိုင်မာစွာဖြင့်  “ တစ်နှစ်အောက်ဆိုတာ အသေအချာပဲ …. မဟုတ်ရင် ကျတော်အင်အားနဲ့ ဖီကာရွံ့စေးဆိုတာကို အာရုံခံမိမှာ မဟုတ်ဘူး ”

“ ဟုတ်တယ် …. တနှစ်ထက် ကျော်သွားရင် မင်းအနေနဲ့ ဖီကာရွံ့စေးကို အာရုံခံမိမှာ မဟုတ်တော့ဘူး … မြန်မြန် အဲဒီလူက အခု ဘယ်မှာလဲ ” ပိန်ပါးပါး အမျိုးသားက စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ထားသော်လည်း သူ့လေသံမှ  ပျော်ရွှင်နေမှုကို မထိန်းချုပ်နိုင်ပေ။

“ သူက အဆောင်အတွက် အပေးအယူလုပ်ဖို့ ရောက်လာတာ နေမယ်။ သူ့ကို ဧည့်ခန်းမအတွင်းမှာ စောင့်ဆိုင်းထားတယ်။ အဲဒီလူက ကျင့်ကြံဆင့် မနိမ့်လောက်ဘူး။ ကျတော် ခန့်မှန်းချက်အရဆိုရင် သူက သူတော်စင်အဆင့်ထဲ ရောက်လုနီးပါး ဖြစ်နေပြီ ” ရှဲ့တုက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

***

All Chapters