တာအိုရောင်းရင်းမိုရဲ့ အင်မော်တယ်အရုပ်ကို လိုချင်တယ်
Vol. 60 Ch. 828
ပိန်ပါးပါး အမျိုးသားက ခပ်တိုးတိုး ပြောလိုက်သည်
“ သူက အာကာပြင်ထဲ ရှိနေပြီးတော့ ခွန်းဧည့်ခန်းမထဲ မရှိနေဘူးဆိုရင်တောင် သူတော်စင်အဆင့် မရောက်သေးတဲ့သူက ငါ့ ဖူဖေးယန် လက်ကနေ လွတ်ဖို့ မျှော်လင့်မနေနဲ့ … လာ အဲဒီလူကို အတူတူ သွားတွေ့ကြမယ် ”
“ ဆရာ ကျတော်တို့ နှစ်ယောက်တည်းလား ” ရှဲ့တုက မိုဝူကျိကို ကြောက်ရွံ့သည့်အတွက် အနည်းငယ် တုံ့ဆိုင်းနေလေ၏။
သူ့ကိုယ်သူ ဖူဖေးယန်ဟု ညွှန်းဆိုသည့် အမျိုးသားက အော်ပြောလိုက်သည်
“ ဖီကာရွံ့စေးလိုမျိုး ပေါ်လာတာကို အဆောင်တစ်ထောင်တောင်ထဲက ဘယ်သူက မလိုချင်ဘဲ နေမှာလဲ။ အဲဒါက ကောင်းကင်အဆောင်နဲ့ လူသားခန္ဓာကိုယ် ပြန်လည်တည်ဆောက်နိုင်မဲ့ ထိပ်တန်းအဆင့် ပစ္စည်းလေ။ ငါတို့တွေ တခြားသူတွေကို ဘယ်လိုလုပ် ပြောလို့ရမှာလဲ ”
“ ဟုတ်ကဲ့ပါ ဆရာ ” ရှဲ့တုက မြန်မြန် ပြန်ဖြေလိုက်သည်။
…………...
“ စီနီယာ … ဒါက ကျမတို့ရဲ့ ခွန်းဧည့်ခန်းမပါ။ စီနီယာ အရင်ဝင်ပြီး စောင့်နေလိုက်ပါ့လား ” ဟွမ်ဖေးဖေးသည် မိုဝူကျိအား ခမ်းခမ်းနားနား အဆင့်မြင့်ဟန် ပေါ်သည့် ခန်းမအဝင်ဝသို့ ခေါ်ဆောင်လာပြီးနောက် ရပ်ကာ ကြိုဆိုဟန်ပြ၍ မိုဝူကျိအား အထဲဝင်ရန် ဖိတ်ကြားလိုက်သည်။
မိုဝူကျိက မျက်မှောင်ကျုတ်လျက် ရပ်နေမိသည်။ စကြဝဠာအစွန်းနှင့် ဖင်းဖန်အင်မော်တယ်မြို့၏ ကာကွယ်ရေး အစီအရင်များကို ခင်းကျင်းပြီးနောက် သူကိုယ်တိုင်က တရားဝင် အဆင့် ၉ အင်မော်တယ် အစီအရင်ဆရာ တစ်ယောက် ဖြစ်လာလေပြီ။ ထို့အပြင် သာမာန်အဆင့် ၉ အစီအရင်ဆရာများကြားတွင်ပင် ခြားနားချက်တချို့ ရှိနေနိုင်ပေသည်။ သူက အင်မော်တယ် မော်တယ်ကျင့်စဉ်ပေါ်မှ အစီအရင်တာအိုအား ကောက်ချက်ချထားခြင်း ဖြစ်ရာ သူ့ပညာရပ်မှာ ထိုအထဲမှ တစ်ခုအဖြစ် မှတ်ယူနိုင်၏။
အင်မော်တယ် မော်တယ်ကျင့်စဉ်ကြောင့် မိုဝူကျိက သာမာန်အရာမျိုး ဖြစ်နေသည့် သစ်ပင်နှင့်မြက်ပင်များကိုပင် အစီအရင်အလံအဖြစ် မှတ်ယူနိုင်ပေသည်။ ထို့အပြင် မိုဝူကျိက အာကာပြင် အစီအရင် သင်္ကေတ ပညာရပ်ကိုလည်း ကျွမ်းကျင်တတ်မြောက်ထားသေး၏။
ထိုခန်းမရှေ့တွင် ရပ်နေရင်းဖြင့် မိုဝူကျိက စိတ်မသက်သာမှုကို ခံစားမိနေသည်။
သူ့အာရုံခြောက်ပါးအပြင် မိုဝူကျိက သူ့လက်ရှိ အစီအရင်တာအိုနှင့် ကွဲပြားသည့် တစ်စုံတစ်ရာကို ခံစားမိနေသည်။ ထိုအရာမှာ အတော်လေး ဖုံးကွယ်ထားသည့် သေမင်းထောင်ချောက် အစီအရင် ရှိနေဟန် ပေါ်သည်။
မိုဝူကျိက ရှဲ့တုသည် သူ့အား ဤသို့မျိုး အကောက်ချ၍ လုပ်ကြံလိမ့်မည့်ကိစ္စကို တွေးမိကာ မျက်မှောင်ကျုတ်လိုက်မိသည်။
“ ဒါနဲ့ ဒီခန်းမနာမည်က ဘယ်လိုခေါ်တာ …” မိုဝူကျိက မေးလိုက်ပြန်သည်။
“ခွန်းဧည့်ခန်းမပါရှင့် …. ဒါက ကျမတို့အဆောင်တစ်ထောင်တောင်ရဲ့ အကြီးဆုံး ခန်းမသုံးခုထဲက တစ်ခုပါ။ ပုံမှန်ဆိုရင်တော့ ဂုဏ်သရေရှိ ဧည့်သည်တော်တွေကို ခွန်းဧည့်ခန်းမ ဒါမှမဟုတ် ချင်ဧည့်ခန်းမတို့မှာ ဧည့်ခံကြပါတယ် ” ဟွမ်ဖေးဖေးက ရှင်းပြလိုက်သည်။
မိုဝူကျိက ထိုနာမည်ကို ကြားလိုက်ပြီးနောက် နှာခေါင်းရှုံ့မိလိုက်သည်။ ခွန်းဧည့်ခန်းမနှင့် ချင်ဧည့်ခန်းမတို့သည် တခြားနည်းဖြင့်ဆိုရလျှင် ဧည့်သည်ကို ပိတ်လှောင်ထားခြင်းနှင့် ဧည့်သည်ကို ဖမ်းဆီးထားခြင်းသာ ဖြစ်ပေမည်။
ပုံမှန်အားဖြင့် ဧည့်ခန်းမအတွင်း သေမင်းထောင်ချောက် အစီအရင်ကို ခင်းကျင်းထားသော ဂိုဏ်းများမှာ သူတို့ဂိုဏ်း၏ စိတ်အနေအထားမှာ မည်မျှ ကျဉ်းမြောင်းကြောင်း ဖော်ပြနေခြင်း ဖြစ်၏။ ရှဲ့တုသည် သူ့အား ဤခန်းမထဲသို့ မကောင်းသည့် ရည်ရွယ်ချက်ဖြင့် ခေါ်ဆောင်လာခြင်းသာ ဖြစ်မည်ဟု ယုံကြည်နေမိသည်။ မဟုတ်လျှင် ရှဲ့တုက ၁၈၀ ဒီဂရီလောက် သဘောထားပြောင်းလဲပြီးနောက်တွင် မိုဝူကျိ၏ နာမည်ကို မမေးဘဲ နေခဲ့မည် မဟုတ်ချေ။ ရှဲ့တုက မိုဝူကျိ၏ နာမည်ကို မမေးခဲ့သလို သူတို့တွေ့ဆုံမှုတစ်လျှောက်၌ မည်သည့်နေရာမှ ရောက်လာကြောင်းကိုပင် မမေးခဲ့ပေ။
မိုဝူကျိက အာကာပြင် သင်္ကေတတချို့ကို ခင်းကျင်းတော့မည့်ဆဲဆဲတွင် မျက်တွင်းဟောက်ပက်နှင့် လူလတ်အရွယ် အမျိုးသားတစ်ယောက် ရောက်လာလေ၏။
ဟွမ်ဖေးဖေးက မြန်မြန် ဦးညွှတ်ကာ ရောက်ရှိလာသည့် ထိုလူအား နှုတ်ဆက်လိုက်သည် “ ဟွမ်ဖေးဖေးက အဆောင်သခင်ကို ဂါရဝပြုပါတယ် ”
အဆောင်တစ်ထောင်တောင်၏ အဆောင်သခင်လား ….
မိုဝူကျိက ယွမ်မိုဆီမှ ထိုလူ့အကြောင်း ကြားဖူး၍ လက်နှစ်ဖက် ယှက်ကာ နှုတ်ဆက်လိုက်သည် “ ဒီက အဆောင်တစ်ထောင်တောင်ရဲ့ အဆောင်သခင် ဖူရှုဟန်လား ”
လူလတ်အရွယ် အမျိုးသားက မိုဝူကျိနား ကြည့်လိုက်ပြီးနောက် “ ဟုတ်ပါတယ် ကျုပ်က ဖူရှုဟန်ပါ။ ဒီက တာအိုရောင်းရင်းက ဘယ်သူများလဲ ”
မိုဝူကျိ ပြန်မဖြေခင် ဟွမ်ဖေးဖေးက ဝင်ဖြတ်ပြောလိုက်သည် “ ဒီစီနီယာက တာဝန်ခံရှဲ့ရဲ့ မိတ်ဆွေပါ။ တာဝန်ခံရှဲ့က ကိစ္စတချို့ ရှိလို့ မကြာခင် ရောက်လာပါလိမ့်မယ် ”
မိုဝူကျိက ရှဲ့တု၏ မိတ်ဆွေဖြစ်ကြောင်းကို ကြားပြီးနောက် နဂိုသံသယဖြစ်နေသည့် ဖူရှုဟန်၏ အမူအယာမှာ ပျောက်ကွယ်သွားလေ၏ “ ဒီလိုဆိုမှတော့ ဧည့်သည်ကို ကောင်းကောင်း ဧည့်ခံလိုက်ပါ ”
ထိုသို့ပြောပြီးနောက် ဖူရှုဟန်က မြန်မြန် ထွက်ခွာသွားလေသည်။ သူ့အနေနှင့် မိုဝူကျိ ပြောမည့်အရာကို ဆက်နားထောင်ဖို့ အာရုံမရှိတော့ပေ။
မိုဝူကျိက ဆွံ့အသွားမိသည်။ ဤနေရာရှိ အားလုံးက သူ့အား အဆောင်တစ်ရွက်လေးအတွက် အရမ်း လိုချင်တပ်မက်နေသည့်ပုံစံဖြင့် ရောက်လာသည့်နှယ် ဆက်ဆံကြပေသည်။
အဆင့် ၉ အဆောင်ဧကရာဇ်က အဲလောက်တောင် အံ့ဩဖို့ ကောင်းလို့လား ….
သူ မိုဝူကျိက အဆင့် ၉ ဆေးလုံးဧကရာဇ် တစ်ဦးဖြစ်သည့်အပြင် အဆင့် ၉ ပန်းပဲဧကရာဇ်နှင့် အဆင့် ၉ အစီအရင်ဆရာလည်း ဖြစ်ပေသည်။ ထိုသို့ဆိုလျှင်ပင် သူကိုယ်သူ ကြီးကျယ်တော်တတ်နေသည်ဟု မထင်မိပေ။
မိုဝူကျိက အဆောင်တစ်ထောင်တောင်အပေါ် စိတ်မကြည်တော့သည့်အတွက် သူ့စိတ်ဝိညာဉ်သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားကို သုံးကာ အစီအရင် သင်္တေကများ တစ်ခုပြီး တစ်ခု ရေးဆွဲလိုက်သည်။ အချိန်တိုလေးအတွင်း ခွန်းဧည့်ခန်းမ တစ်ခုလုံးမှာ မိုဝူကျိ၏ အစီအရင် သင်္တေကများဖြင့် ပြည့်နှက်သွားသည်။
“ စီနီယာ ကြွပါရှင် ” ဖူရှုဟန် ထွက်သွားပြီးနောက် ဟွမ်ဖေးဖေးကလည်း ဦးညွှတ်ကာ ပြောလိုက်သည်။
မိုဝူကျိက ခေါင်းညိတ်ပြကာ ခန်းမအတွင်း မဝင်ခင် တိတ်တဆိတ်ဖြင့် အစီအရင်အလံများကိုပါ ပစ်လွှတ်ထားလိုက်သည်။
ဟွမ်ဖေးဖေးတွင် ကျင့်ကြံဆင့် ကန့်သတ်ချက်ရှိသည့်အတွက် မိုဝူကျိအနေနှင့် အချိန်တိုလေးအတွင်း ထိုမျှကိစ္စတော်တော်များများကို လုပ်နိုင်လိမ့်မည်ဟု မတွေးမိပေ။
မိုဝူကျိက ခွန်းဧည့်ခန်းမထဲ ဝင်လိုက်သည်နှင့် သူက သေမင်းထောင်ချောက် အစီအရင်သည် အတွင်းဘက်၌ ပို၍ အားကောင်းနေကြောင်း သိလိုက်သည်။ ထိုအရာက အပြင်ဘက်ရှိ အရာနှင့်ပါ ချိတ်ဆက်ထားလေ၏။ သူက ဟွမ်ဖေးဖေးအား ပြောလိုက်သည် “ ကျုပ် ထိုင်ပြီး အထဲမှာ စောင့်နေတုန်း မင်း အပြင်မှာ နေလို့ ရပါတယ် … ”
“ ဟုတ်ကဲ့ စီနီယာ ” ဟွမ်ဖေးဖေးသည် များစွာ မပြောရဲတော့ဘဲ ခွန်းဧည့်ခန်းမမှ အလျှင်အမြန် ထွက်သွားလေသည်။
ဟွမ်ဖေးဖေး ထွက်သွားသည်နှင့် မိုဝူကျိက အစီအရင်အလံများကို ပစ်လွှတ်လိုက်သည်။ သူ ကြောက်ရွံ့ခြင်း ကင်းမဲ့စွာဖြင့် တန်ပြန် ထောင်ချောက် အစီအရင်အား ခင်းကျင်းလိုက်ပြီး အစီအရင် သင်္ကေတများကိုလည်း စတင်၍ အကြမ်းဖျင်း ခြစ်နေသည်။
ဤခွန်းဧည့်ခန်းကား အဆင့် ၉ သေမင်းထောင်ချောက် အစီအရင် ဖြစ်နေသည်။ တခြားသူများအတွက် ဤအစီအရင်အား တန်ပြန်အစီအရင် ပြန်လည် ခင်းကျင်းနိင်ဖို့ရာ မဖြစ်နိုင်သလောက် ဖြစ်ပေသည်။ အဆင့် ၉ အစီအရင်ဆရာများမှာ ရှားပါးလွန်းသည့်အချက်ကို ထည့်မပြောလျှင်ပင် အဆင့် ၉ အစီအရင်ဆရာပင် ထိုဖုံးကွယ်ထားသည့် အစီအရင်အား သတိပြုမိကြလျှင်ပင် အချိန်တိုလေးအတွင်း တန်ပြန်အစီအရင် ခင်းကျင်းဖို့ရာကား မဖြစ်နိုင်ချေ။
တစ်ယောက်ယောက်သာ ဤသေမင်းထောင်ချောက် အစီအရင်ထဲ ဝင်သွားမိလျှင် သူတို့အနေနှင့် ထွက်လာနိုင်မည် မဟုတ်ပေ။
မိုဝူကျိက သာမာန်လူ မဟုတ်ဘဲ လူသားတာအိုကို လေ့ကျင့်သူ တစ်ဦး ဖြစ်၏။ မိုဝူကျိအမြင်၌ အစီအရင်အလံများကို မည်မျှနက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားစေကာမူ မိုဝူကျိအတွက် သာမာန်သာ ဖြစ်၏။ ထို့အပြင် မိုဝူကျိက အင်မော်တယ် မော်တယ်ကျင့်စဉ်ကို အပြန်ပြန်အလှန်လှန် လေ့ကျင့်ထားသောကြောင့် ဤသို့မျိုး ထောင်ချောက်အစီအရင်မျိုးကို တန်ပြန်တိုက်စစ်ဆင်ရာ၌ ကျွမ်းကျင်ပေသည်။
“ သခင်ကြီး တစ်ခုခု မှားနေလို့လား ” မိုဝူကျိက အစီအရင်အလံအမျိုးမျိုး ထုတ်ကာ ခင်းကျင်းနေသည်ကို မြင်၍ တာ့ဟွမ်က မေးလိုက်သည်။
ရွိုက်ကောက မကျေမနပ် ပြောလိုက်သည် “ မင်း ဘာသိလို့လဲ …. မှားမှား၊ မမှားမှား ငါတို့သခင်ကြီးက အဆိုးဆုံးအခြေအနေကို ကြိုပြင်ထားတာ။ တာ့ဟွမ် မင်း ကျင့်ကြံနေမဲ့အစား ဒီလိုလေးလဲ သင်ယူစမ်းပါဦး ”
“ ဟားဟား … တာအိုရောင်းရင်းကို အကြာကြီး စောင့်ခိုင်းမိစေခဲ့ပြီ။ ကျုပ်က အဆောင်တစ်ထောင်တောင်ရဲ့ နံပါတ်တစ် ထိပ်သီး အကြီးအကဲ ဖူဖေးယန်ပါ။ ဒီက တာအိုရောင်းရင်းကို ဘယ်လိုများ ခေါ်ရမလဲ ” ကျယ်လောင်သည့် ရယ်မောသံတစ်ခု ထွက်ပေါ်လာကာ ပိန်ပါးပါး အရိုးခြောက်နှင့်တူသည့် အမျိုးသားက လျှောက်လှမ်းလာသည်။
ထိုလူ၏ နောက်တွင် မိုဝူကျိ စောစောလေးက သိကျွမ်းခဲ့သည့် ရှဲ့တု ပါလာ၏။
မိုဝူကျိက မတ်တတ်ရပ်ကာ “ နယ်လှည့်ကျင့်ကြံသူ မိုဝူကျိက တာအိုရောင်းရင်းဖူကို နှုတ်ဆက်ပါတယ်။ ကျုပ်က အဆောင်တစ်ထောင်တောင်ရဲ့ နာမည်ကို ကြားဖူးနေတာ ကြာပါပြီ။ ကျုပ်က အဆောင်တစ်ခုလောက် တောင်းဆိုဖို့ ရောက်လာတာပါ ”
“ ကောင်းပြီလေ … ထိုင်ပြီး ဆွေးနွေးကြတာပေါ့ ” ဖူဖေးယန်၏ အကြည့်များက မိုဝူကျိကို ပြောနေရင်းဖြင့် တာ့ဟွမ်ဆီ ရောက်ရှိသွားပေသည်။
မိုဝူကျိက နောက်တစ်ဖန် ပြန်ထိုင်လိုက်ပြီး ရှဲ့တုသည် သူ့အား လုပ်ကြံဖို့ ကြိုးစားနေသည့် အကြောင်းအရင်းအား သိသွားလေ၏။ အကြောင်းအရင်းကား တာ့ဟွမ်ကြောင့်သာ ဖြစ်မည်။ အဆောင်တစ်ထောင်တောင်တွင် တာ့ဟွမ်၏ ဖီကာရွံ့စေး ခန္ဓာကိုယ်အကြောင်း မြင်နိုင်စွမ်း ရှိသည့် နည်းစနစ်မျိုး ရှိပေလိမ့်မည်။
“ တာအိုရောင်းရင်းမို …. ဒီအင်မော်တယ်အရုပ်က သာမာန်စိတ်ဝိညာဉ်နဲ့ ဉာဏ်ရည်မျိုး ရှိနေတဲ့ပုံပဲ။ တာအိုရောင်းရင်းမို ဘယ်ကနေများ ရှာတွေ့လာတာလဲ မေးလို့ ရမလား ” ဖူဖေးယန်သည် ချက်ချင်း မပြုမူသေးပေ။ သူက မိုဝူကျိ၏ ထူးခြားမှုကို အာရုံခံမိလိုက်၍ ဖြစ်သည်။ သူက သူတော်စင်တပိုင်းအဆင့် ရောက်နေပြီ ဖြစ်သော်လည်း မိုဝူကျိ အနီးအနားမှ ဝိညာဉ်စွမ်းအား အရိပ်အယောင်ကို အာရုံမခံမိပေ။ မိုဝူကျိက သာမာန်သေမျိုးတစ်ယောက်လို ဖြစ်နေ၏။
ဖူဖေးယန် မိုဝူကျိသည် သာမာန် ဖြစ်လိမ့်မည်ဟု မယုံပေ။ မည်သို့သော သာမာန်လူက အဆင့် ၉ ကမ္ဘာတပိုင်းအဆောင်အား ဖျက်စီးပစ်နိင်မည်နည်း။
မိုဝူကျိက ပြုံးကာ “ တာ့ဟွမ်က ကျုပ်မိတ်ဆွေပါ … သူက တိုက်ပွဲတစ်ခုမှာ ခန္ဓာကိုယ် ပျက်စီးသွားလို့။ ကျုပ်ကလည်း ရှားရှားပါးပါး ဖီကာရွံ့စေးလေးကို တွေ့ပြီးတော့ တာ့ဟွမ် ခန္ဓာကိုယ်နဲ့ ပြန်ပေါင်းစပ်ပေးထားတာ ”
“ အာ ” ဖူဖေးယန်က မိုဝူကျိအား ပါးစပ်ဟောင်းလောင်းဖြင့် ကြည့်လိုက်သည်။
သူတို့သည် မိုဝူကျိက တာ့ဟွမ်အား ဖီကာရွံ့စေးဖြင့် ပြုလုပ်ထားသည့်အကြောင်း တုံ့ဆိုင်းခြင်းမရှိ ပြောလိုက်သည်ကို ကြည့်၍ အံ့ဩမိနေသည် သာမက မိုဝူကျိသည် ဖီကာရွံ့စေး အကြောင်း သိနေလျက်နှင့် အင်မော်တယ်အရုပ် ဖန်တီးဖို့ အသုံးပြုသည့်အကြောင်းကို ပို၍ အံ့အားသင့်ပေသည်။
ဒီလူက ရူးနေတာလား
“ ဟူး ” ဖူဖေးယန်က လေအေးများ မှုတ်ထုတ်ကာ စိတ်ခံစားချက်ကို ထိန်းချုပ်ထားလိုက်ရင်း “ တာအိုရောင်းရင်းမို … ခင်ဗျားရဲ့ ဖီကာရွံ့စေးက ဘယ်ကများ တွေ့လာတာလဲဆိုတာရော သိလို့ရမလား။ ကျုပ် သိလို့ရော အဆင်ပြေရဲ့လား ”
မိုဝူကျိက ပြုံးကာ “ အဆင်မပြေစရာ အကြောင်းမရှိပါဘူး။ ကျုပ်က ထောင်ချောက်အစီအရင်တစ်ခုထဲ ရောက်သွားပြီးတော့ ကျေးဇူးရှင် ယူမင်ကျန်းနဲ့ တွေ့လာတာ။ သူက ကြင်နာပြီးတော့ ကျုပ်ကို ဖီကာရွံ့စေး တည်နေရာအကြောင်း ပြောပြခဲ့လို့ ကျုပ် ရလာတာ ”
“ အဲဆို ခင်ဗျားဆီမှာ ဖီကာရွံ့စေး ကျန်သေးလား ” ဖူဖေးယန်က စိတ်မသက်မသာစွာ မေးလိုက်သည်။
ဖူဖေးယန်က တာ့ဟွမ်၏ ခန္ဓာကိုယ် ပြုလုပ်ထားသည်မှာ တစ်နှစ်ပင် မရှိသေးကြောင်း သိပေသည်။ ဆိုလိုသည်မှာ သူတို့အနေနှင့် တာ့ဟွမ်ဆီမှ ဖီကာရွံ့စေးကို ယူနိုင်သေး၏။ သို့သော်လည်း ဖီကာရွံ့စေး များများ ရလေလေ အသုံးမပြုရသေးသည့် ဖီကာရွံ့စေးက သူ့အတွက် ပိုကောင်းလေလေ ဖြစ်၏။
“ ကျုပ်က တာ့ဟွမ်အတွက် အကုန်လုံး သုံးပစ်လိုက်ပြီ ” မိုဝူကျိက ပြုံးလျက် ရှိနေဆဲ ဖြစ်သည်။
မိုဝူကျိက တာ့ဟွမ်ကို ဖီကာရွံ့စေး တစ်ဝက်ကို အသုံးပြုခဲ့ခြင်း ဖြစ်ပြီး ကျန်တစ်ဝက်အား ထာဝရ ကမ္ဘာငယ်လေးထဲ သိမ်းဆည်းထားသည်။ မိုဝူကျိက ဖီကာရွံ့စေးလိုမျိုး ရတနာကို အလွယ်လေး ထုတ်မည် မဟုတ်ပေ။
ဖူဖေးယန်က စိတ်ထဲမှသာ ထိုလူသည် ရတနာအား အလကားသပ်သပ် ဖြုန်းတီးလိုက်ကြောင်း ကျိန်ဆဲပစ်မိသွားသည်။
“ တာအိုရောင်းရင်းဖူ …. အဆောင်တစ်ထောင်တောင်မှာ အဆောင်အမျိုးမျိုး ရှိတယ်လို့ ကြားထားတယ်။ ကျုပ် အဆောင်တချို့ကို တောင်းဆိုလို့ ရမလား ” မိုဝူကျိက ဖီကာရွံ့စေးအကြောင်း ထပ်၍ မပြောနေတော့ဘဲ သူ့ရည်ရွယ်ချက်ကိုသာ တန်းပြောလိုက်သည်။
“ တာအိုရောင်းရင်းမိုက ဘယ်အဆောင်ကိုများ လိုအပ်တာလဲ ” ဖူဖေးယန်သည် ဖီကာရွံ့စေး လိုချင်တပ်မက်မှုအား ချုပ်ထိန်းထားကာ တည်တည်ငြိမ်ငြိမ် မေးလိုက်သည်။
“ ကျုပ်က ကမ္ဘာကူးအဆောင်တချို့ တောင်းဆိုချင်လို့ပါ။ ကျုပ်ကို အဆင့်နိမ့်ကမ္ဘာဆီ သွားလာနိုင်စေမဲ့ ကမ္ဘာကူးအဆောင်မျိုးပေါ့ ” မိုဝူကျိက လက်နှစ်ဖက် ယှက်၍ ပြောလိုက်သည်။
သူက ယွမ်မိုနှင့် ပြောဆိုပြီးနောက် ကမ္ဘာကူးအဆောင်တွင် အဆင့်အမျိုးမျိုး ရှိကြောင်း သိလိုက်၏။ အင်မော်တယ်လောကမှ ကျင့်ကြံရေးလောကသို့ သွားနိုင်မည့် အဆောင်အဆင့်မှာ အင်မော်တယ်လောကမှ လူသားကမ္ဘာသို့ သွားလာနိုင်မည့် အဆောင်အဆင့်ထက် နိမ့်ကျပေသည်။
ဖူဖေးယန်က ပြန်ဖြေလိုက်သည်
“ အဲလိုဆိုရင်တော့ အားနာပါတယ်။ ကမ္ဘာကူးအဆောင်က ကျုပ်တို့ အဆောင်တစ်ထောင်တောင်ကနေ မလုပ်နိုင်တော့ဘူး။ လူသားကမ္ဘာကို သွားနိုင်မဲ့ ကမ္ဘာကူးအဆောင်ကို မပြောနဲ့ဦး။ အင်မော်တယ်လောကကနေ ကျင့်ကြံရေး လောကဆီ သွားလာနိုင်တဲ့ အဆောင်တောင် မရှိဘူး။ တကယ်လို့ တာအိုရောင်းရင်းမိုရဲ့ ကျင့်ကြံဆင့်က မဟာလော့ရှန်းအဆင့်ဆိုရင် အဲဒီ ကမ္ဘာကူးအဆင့်လောက်ကို ရဖို့ ကူညီပေးနိုင်ဦးမှာ … ”
မိုဝူကျိက ထိုစကားကို ကြားလိုက်ရသည့်အခါ စိတ်ပျက်သွားလေ၏။ သူက လက်နှစ်ဖက် ယှက်ကာ “ ဒီလိုဆိုမှတော့ တာအိုရောင်းရင်းဖူကို မနှောင့်ယှက်တော့ပါဘူး ”
“ ခဏ ” မိုဝူကျိက မဟာလော့ရှန်း ကမ္ဘာကူးအဆောင်ကို စိတ်မဝင်စားသည်ကို မြင်၍ ဖူဖေးယန်က ထပ်ပြောလိုက်သည် “ တာအိုရောင်းရင်းမို …. ကျုပ်က အဆင့်မြင့် ကမ္ဘာကူးအဆောင်ကို ရနိုင်မဲ့ နည်းလမ်းမျိုး မရှိပေမဲ့ တိုက်ရိုက်မဟုတ်တာတော့ ရှိတယ် ”
“ အို ကျုပ်ကို ညွန်ပြပါဦး ” မိုဝူကျိက စိတ်ကျေနပ်မိသွားသည်။
“ တာအိုရောင်းရင်းမိုက ကျုပ်နဲ့ အပေးအယူလုပ်ဖို့ ဆန္ဒရှိရဲ့လား ” ဖူဖေးယန်က ထပ်မေးလိုက်သည်။
မိုဝူကျိက တစ်ဖက်လူ၏ အကြံကို သိသော်လည်း တည်တည်ငြိမ်ငြိမ်ဖြင့်သာ ပြန်ပြောလိုက်သည် “ ရှိတာပေါ့ … တကယ်လို့ ခင်ဗျားသာ ကျုပ်ကို ကျင့်ကြံရေးလောကဆီ ပြန်သွားနိုင်မဲ့ အဆောင်ပေးနိုင်မယ်ဆိုရင် ကျုပ်တော့ အပေးအယူလုပ်ဖို့ ဆန္ဒရှိပါတယ်”
“ အရမ်းကောင်းတယ် …. ကျုပ် တာအိုရောင်းရင်းမိုရဲ့ အင်မော်တယ်အရုပ်ကို လိုတယ်” ဖူဖေးယန်က မိုဝူကျိဘေးတွင် ရပ်နေသည့် တာ့ဟွမ်အား ညွှန်ပြလိုက်သည်။
***