← Chapters

နယ်မြေအစစ်

Vol. 60 Ch. 830

နယ်မြေအစစ်

Vol. 60 Ch. 830

“ အဆောင်သခင် …. ကျုပ်ကို ပြောပြပေးပါ။ ကောင်းတာ၊ ဆိုးတာကို ကျုပ် မိုဝူကျိလည်း ခွဲခြားနိုင်ပါတယ် ” မိုဝူကျိက တက်တက်ကြွကြွ ပြန်ဖြေပေးလိုက်သည်။

ကမ္ဘာကူးအဆောင်က သူ့အတွက် အလွန်အရေးကြီးနေလေရာ သူ့အနေနှင့် ကမ္ဘာမြေသို့ မပြန်နိုင်လျှင်ပင် အင်မော်တယ်လောကသို့ ပြန်နိုင်ခြင်းက လုံလောက်နေပြီ ဖြစ်၏။ အင်မော်တယ်လောကမှ အချိန်ကြာမြင့်စွာ ထွက်လာရသောကြောင့် မိုဝူကျိပင် ကိစ္စတချို့ကို စတင်လွှမ်းဆွတ်မိလာသည်။

“ ကျုပ်အဆောင်မျိုးနွယ်က တကယ်တော့ ရှေးဟောင်းမျိုးနွယ်တစ်ခုဆိုပေမဲ့ အခုအချိန်မှာ အလယ်အလတ်အဆင့် ဂိုဏ်းလောက်တောင် မရှိတော့ပါဘူး။ လက်ရှိ ကျုပ်တို့က သာမာန်နဲ့အရမ်းကွာခြားနေပြီးတော့ ကျုပ်တို့တွေ ကောင်းကင်ဘုံအလွန် စကြဝဠာထဲကိုတောင် မဝင်ရဲကြဘူး ” ဖူရှုဟန်က သက်ပြင်းချကာ ပြောလိုက်သည်။

မိုဝူကျိက မေးလိုက်၏

“ အရင်တုန်းက ကျုပ်ပစ္စည်းတွေကို ခိုးဖို့ ကြိုးစားတဲ့ ဖူဖေးယန်က တာအိုဧကရာဇ်အဆင့်မလား၊ ခင်ဗျားတို့မျိုးနွယ်မှာ သူ့လိုအဆင့်မျိုး ရှိနေတယ်ဆိုရင်  ကောင်းကင်ဘုံအလွန် စကြဝဠာထဲ ဝင်လာတာနဲ့ ခြေကုပ်ရနိုင်ပါတယ် မဟုတ်ဘူးလား။ ပြီးတော့ အဲလိုအဆင့်မြင့် ကျင့်ကြံသူမျိုးနဲ့ဆိုရင် ခင်ဗျားက ကောင်းကင်ဘုံအလွန်စကြဝဠာထဲ မရှိရင်တောင် အသက်ရှင်နိုင်မဲ့နေရာကို တွေ့နိုင်ပါသေးတယ် ”

မိုဝူကျိက အမှန်တကယ် သိချင်နေမိသည်။ ဖူဖေးယန်၏ အင်အားမှာ ကောင်းကင်ဘုံအလွန်ရှိ တာအိုဧကရာဇ် အများစုကို ကျော်လွန်နေကြောင်း သိပေသည်။ အဆောင်မျိုးနွယ်အနေနှင့် ဖူဖေးယန်သာ ရှိနေလျှင်  ကောင်းကင်ဘုံအလွန်၌ ခြေကုပ်ရဖို့ရာ ခက်ခဲမည် မဟုတ်ပေ။

ဖူရှုဟန်က ခေါင်းခါကာ

“ တာအိုရောင်းရင်းမိုက ဇာတ်ကြောင်းအပြည့်အစုံကို မသိလို့ပါ။ အကြီးအကဲဖူဖေးယန်က တကယ် အားကောင်းတယ်ဆိုပေမဲ့ အဆောင်မျိုးနွယ်ကို စိတ်မဝင်စားဘူး။ သူ့မျက်လုံးထဲမှ အဆောင်တစ်တောင်တောင်ရဲ့ ပညာရှိတာအိုအဆောင်က သူ့အတွက် အရေးကြီးဆုံးပဲ …. ပညာရှိတာအိုအဆောင်ကြောင့်သာ မဟုတ်ရင် ဖူဖေးယန်က အဆောင်တစ်ထောင်တောင်ကနေ ထွက်သွားတာ ကြာလောက်ပြီ ….

အရင် ကျုပ် တာအိုရောင်းရင်းမိုကို တားတာက အကြီးအကဲဖူဖေးယန်က ကျုပ်တို့ အဆောင်တစ်ထောင်တောင်အတွက် အများကြီး အထောက်အကူပြုထားမျိုး ဒါမှမဟုတ် အဆောင်မျိုးနွယ်အတွက် အရေးကြီးနေလို့ အဲလိုတွေကြောင့်  မဟုတ်ဘူး။ အကြီးအကဲဖူဖေးယန် အသတ်ခံလိုက်ရတာနဲ့ အဆောင်တစ်ထောင်တောင်မှာ နောက်ထပ် အဆင့်မြင့် ပညာရှင် မရှိတော့ဘူး ”

မိုဝူကျိက အသာပြုံးလိုက်ပြီး ဘာမှဝင်မပြောပေ။ ဖူရှုဟန်သည် မဟာဧကရာဇ် တစ်ယောက် ဖြစ်သော်လည်း သာမာန် တာအိုဧကရာဇ်များထက် သေချာပေါက် အားမနည်းပေ။ ထို့ကြောင့် မိုဝူကျိက ဖူရှုဟန်၏ စကားကို များများစားစား နားထောင်ပြီး ဘာမှလှည့်စားခံမည် မဟုတ်ပေ။ အဆောင်တစ်ထောင်တောင်၏  ပညာရှိတာအိုအဆောင်ကိုလည်း မိုဝူကျိက စိတ်မဝင်စားပေ။

“ တကယ်တော့ တာအိုရောင်းရင်းမို စောစောက မှားပြောလိုက်မိတယ် ” ဖူရှုဟန်က ခေါင်းစဉ်ကို ရုတ်ချည်းပြောင်းလဲလိုက်သည်။

မိုဝူကျိက လက်နှစ်ဖက် ယှက်ကာ  “ ကျုပ်ကို ညွှန်ပြပါဦး  ”

ဖူရှဟန်က ပြန်ဖြေလိုက်၏  “ တကယ်လို့ တာအိုရောင်းရင်းမို ကိစ္စမရှိရင် ကျုပ်နဲ့အတူတူ ကျုပ် ကျင့်ကြံတဲ့ တာအိုသခင်အဆောင် အိမ်တော်ဆီ လိုက်ခဲ့လို့ ရမလား ”

“ ဒီလိုဆိုမှတော့ အဆောင်သခင် ရှေ့က ဦးဆောင်ပါ ..” မိုဝူကျိက ဖူရှုဟန် ကစားမည့် မည်သည့် လှည့်ကွက်ကိုမှ မကြောက်ပေ။ အစစ်အမှန် အင်အားရှေ့မှောက်၌ မည်သည့်လှည့်ကွက်မဆို အကျိုးမရှိပေ။

………………

ခွန်းဧည့်ခန်းမဆောင်မှာ အဆောင်တစ်ထောင်တောင်၏ အလယ်တွင် တည်ရှိသောကြောင့် အဆောင်သခင် အိမ်တော်သည် တောင်ထိပ်၌ တည်ရှိလိမ့်မည်ဟု ခန့်မှန်းမိလိုက်သည်။ မျှော်လင့်ထားသည်နှင့် ကွဲလွဲစွာ  ဖူရှုဟန်က မိုဝူကျိအား တောင်ခြေသို့ ခေါ်ဆောင်သွားလေသည်။

တောင်၏ ညာဘက်အခြေတွင် အထီးကျန်စွာ သီးခြားတည်ရှိနေသည့် ခန်းမဆောင်တစ်ခု၌ အဆောင်သခင် အိမ်တော်ဟူသော စာလုံးများ ချိတ်ဆွဲထားလေ၏။

မိုဝူကျိက သံသယဝင်နေသည်ကို မြင်၍ ဖူရှုဟန်က ရယ်မောစွာ  “ တောင်ထိပ်နေရာက အကြီးအကဲဖူဖေးယန် ယူထားတာလေ။ ဒါက တကယ် ကျုပ်နေနေတဲ့ နေရာပါ ”

တကယ်တော့ မိုဝူကျိက အဆောင်တစ်ထောင်တောင်အတွင်းရှိ ပဋိပက္ခများအကြောင်း စိတ်မဝင်စားသောကြောင့် ဘာကိုမှ ထပ်မမေးတော့ပေ။ သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားကို ဖြန့်ကျက်ထားပြီးပြီ ဖြစ်ရာ အိမ်တော်အနောက်ဖက်၌ သူ့စိတ်စွမ်းအား ဝင်မရသည်မှလွဲ၍ အရာအားလုံးကို စစ်ဆေးပြီးလေပြီ။ မိုဝူကျိက သေမင်းထောင်ချောက် အစီအရင်ကိုလည်း မခံစားမိပေ။

ထိုသည်က မိုဝူကျိသည် ဖူရှုဟန်အပေါ် အမြင်ကြည်သွားစေ၏။ အကယ်၍ သူသာ အစီအရင်များ ရှာတွေ့ခဲ့လျှင် မိုဝူကျိအနေနှင့် သူ ထွက်သွားသည့်အခါ အဆောင်တစ်ထောင်တောင် တစ်ခုလုံးကို မဖျက်စီးဘဲ ထားခဲ့လိမ့်မည် ဖြစ်ကြောင်း အာမ မခံနိုင်ပေ။

ဖူရှုဟန်က များများစားစား မပြောဘဲ မိုဝူကျိအား ထိုင်ခိုင်းပြီးနောက် အင်မော်တယ် အခါးရည်တစ်ခွက် ဌဲ့ပေးလိုက်သည်။ ထို့နောက်မှ သူက ပြောလိုက်သည်  “ စောစောလေးက တာအိုရောင်းရင်းမို ပြောတဲ့ ဖူဖေးယန်က တာအိုဧကရာဇ်ဆိုတာ တကယ်တော့ မှားနေတယ် ”

မိုဝူကျိက ကြောင်အမ်းသွားလေ၏။

ဖူဖေးယန်လည်း မဟာဧကရာဇ်လား …..

မဟုတ်သေးပါဘူး …..  ဖူဖေးယန်က  သွေစောင်း အာကာပြင် ပင်လယ်ကျွန်း၌ သူ တိုက်ခိုက်ခဲ့ဖူးသော တာအိုဧကရာဇ်များထက် အားကောင်းနေပေသည်။ မည်သို့များ မဟာဧကရာဇ် ဖြစ်နိုင်မည်နည်း။ အဆောင်တစ်ထောင်တောင်၏ ကျင့်စဉ်က ထိုမျှ အံ့ဩကြီးကျယ်နေသည်လား။ သူ့အင်မော်တယ် မော်တယ်ကျင့်စဉ်လိုမျိုး အဆင့်တူအတွင်း အင်အားကျော်လွန်နေသည်လား။

“ တာအိုရောင်းရင်းမို ….. အင်မော်တယ်ဧကရာဇ်အဆင့်ပြီးတော့ နောက်အဆင့်ကို သိလား ” ဖူရှုဟန်သည် မိုဝူကျိ၏ စိတ်ရှုပ်ထွေးနေသော အကြည့်တို့ကို သတိပြုမိ၍ မေးလိုက်သည်။

“ မဟာဧကရာဇ်အဆင့် မဟုတ်ဘူးလား ” မိုဝူကျိက ပြန်မေးလိုက်သည်။

ဖူရုဟန်က ခေါင်းခါကာ

“ တကယ်တော့ မဟာဧကရာဇ်ဆိုတာကလည်း အင်မော်တယ် ဧကရာဇ်ပဲ။ ဒါပေမဲ့ မိုးမြေ စည်းမျည်း မပြီးပြည့်စုံမှုကြောင့် အင်မော်တယ် ဧကရာဇ်အတွက် ထိပ်ဆုံးကို ရောက်ဖို့ အရမ်းခက်ခဲတယ်။ အဲဒါကြောင့် အားလုံးက ထိပ်ဆုံးရောက်လာနိုင်တဲ့ အင်မော်တယ် ဧကရာဇ်တချို့ကို မဟာဧကရာဇ်လို့ ခေါ်ကြတယ်။ အမှန်တော့ အင်မော်တယ် ဧကရာဇ်နဲ့ မဟာဧကရာဇ်က  သိသိသာသာ ခြားနားချက်မရှိတဲ့ အဆင့်တူအတွင်းက အဆင့်တွေပဲ ”

မိုဝူကျိက လက်နှစ်ဖက် ယှက်ကာ လေးလေးနက်နက်ဖြင့် ပြောလိုက်၏  “ ကျုပ်ကို သင်ပြပေးပါဦး ”

သူက ဖူရှုဟန်သည် အဆင့်နယ်မြေများနှင့် ပတ်သတ်လာလျှင် ပို၍ အသိဉာဏ်ကြွယ်ဝကြောင်း သတိပြုမိလိုက်သည်။ ယခင် မိုဝူကျိက အင်မော်တယ် ဧကရာဇ်၊ မဟာဧကရာဇ်နှင့် တာအိုဧကရာဇ်များအကြောင်းသာ သိခဲ့၏။

ဖူရှုဟန်က မျက်နှာတည်တည်ဖြင့် “ အင်မော်တယ် ဧကရာဇ်အဆင့်ရဲ့ အထွတ်အထိပ်အဆင့်က မဟာဧကရာဇ် ဆိုပေမဲ့  မိုးမြေစည်းမျည်း မပြီးပြည့်စုံမှုတွေကြောင့် အင်မော်တယ် ဧကရာဇ် ပြီးပြည့်စုံခြင်းအဆင့် ရောက်တဲ့အထိ ကျင့်ကြံနိုင်ဖို့ အရမ်းခက်ခဲတယ်။ အဲဒါကြောင့်မလို့ အထွတ်အထိပ်အဆင့် ရောက်ပြီးသွားရင် အင်မော်တယ် ဧကရာဇ်တွေက  သူတို့မဟာတာအိုအပေါ် အသိအမြင် တိုးတက်လာကြတယ်။ သူတို့က နှစ်များစွာ အတွေ့အကြုံတွေနဲ့ ကိုယ်ပိုင် စည်းမျည်းတွေကို ဉာဏ်အလင်း ပွင့်လာကြတယ်….

စည်းမျည်းအပေါ် ဉာဏ်အလင်းပွင့်မှု ပြီးပြည့်စုံသွားတာနဲ့ သူတို့က အင်မော်တယ် ဧကရာဇ် ပြီးပြည့်စုံခြင်းအဆင့်ကို နှိုးဆွနိုင်ပြီးတော့ သိသိသာသာ တိုးတက်လာလိမ့်မယ်။ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတင် မကဘူး။ သူတို့တာအိုအပေါ်လည်း နားလည်နိုင်စွမ်း မြင့်လာကြတယ်။ အဲဒါကြောင့်မလို့  ကိုယ်ပိုင် တာအိုကို အင်မော်တယ် ဧကရာဇ် ပြီးပြည့်စုံခြင်းအဆင့် ရောက်လာအောင် လှုံ့ဆော်နိုးဆွနိုင်တဲ့သူတွေကို တာအိုဧကရာဇ်လို့ ခေါ်နေကြတာပဲ   ”

မိုဝူကျိက အရမ်းအံ့ဩမိသွားသည်။ သူက မဟာဧကရာဇ်များသည် အင်မော်တယ် ဧကရာဇ်အဆင့်တွင် ရှိသေးကြောင်းကို သိ၍ တာအိုဧကရာဇ်များသည်လည်း ထိုအဆင့်အတွင်းသာ ရှိမည် ဖြစ်ကြောင်း မှန်းဆမိပေသည်။ ယခု ဖူရှုဟန်က အသေးစိတ် ရှင်းပြလာသည့်အခါ သူ့ခန့်မှန်းချက်မှာ အမှန်တကယ် မှန်ကန်နေပေ၏။ တကယ်တော့ သူတို့ကို အင်မော်တယ် ဧကရာဇ် ပြီးပြည့်စုံခြင်းအဆင့် ပညာရှင်များအဖြစ် မှတ်ယူ၍ မရသေးပေ။ သူတို့က သူတို့ကိုယ်ပိုင်စည်းမျည်းများကို လှုံ့ဆော်နေကြဆဲ ဖြစ်၏။

“ မဟာဧကရာဇ်နဲ့ တာအိုဧကရာဇ်အဆင့် နှစ်ခုလုံးက အင်မော်တယ် ဧကရာဇ်အဆင့်အတွင်းမှာပဲ …. အဆောင်မျိုးနွယ် ပြင်ပက လူတွေက အဲဒီအကြောင်းကို သိပ်မသိကြဘူး။ အဆောင်မျိုးနွယ် မဟုတ်တဲ့သူကို ပြောပြဖူးတာ ကျုပ်အတွက် ပထမဆုံးအကြိမ်ပဲ ” ဖူရှုဟန်က ရှင်းပြလိုက်သည်။

ဖူရှုဟန်က အရာအားလုံး ရှင်းပြလိုသည့် အကြောင်းအရင်းမှာ မိုဝူကျိနှင့် မိတ်ဆွေဖွဲ့လို၍ ဖြစ်သည်။ သူက မိုဝူကျိသည် မိတ်ဆွေဖွဲ့ထိုက်သူဟု ယုံကြည်မိသည်။

မိုဝူကျိ၏ အင်အားဖြင့် ဖူဖေးယန် သေဆုံးပြီးနောက်တွင် မည်သူကမှ သူနှင့် ရင်ဆိုင်နိုင်မည် မဟုတ်ချေ။ ထို့ကြောင့် ဖူရှုဟန်သည် မိုဝူကျိအား ကိုယ်ကျင့်တရားကောင်းသည့်သူဟု ယုံကြည်ထားသည်။ သူက တိုက်ပွဲသို့ ရောက်ရှိပြီးနောက်တွင် မိုဝူကျိက သူ့အား ဖူဖေးယန်ကို ကယ်တင်ရန် မတားဆီးခဲ့ချေ။ ထိုမျှတင် မကသေးဘဲ မိုဝူကျိက ဖူဖေးယန်၏ သိုလှောင်လက်စွပ်ကိုလည်း မတောင်းခဲ့ချေ။

ဤသို့မျိုးလူမှာ ကျယ်ပြောလှသော စကြဝဠာကြီးထဲ၌ မျိုးတုံးပျောက်ကွယ်လုနီးပါး ဖြစ်နေလေပြီ။

မိုဝူကျိက မတ်တတ်ရပ်ကာ လက်နှစ်ဖက် ယှက်ကာ

“ ဒီနေ့ ကျုပ်လိုချင်တဲ့အဆောင်ကို ရရ၊ မရရ အဆောင်သခင်ဆီကနေ ဗဟုသုတတွေအများကြီး ရလိုက်ပါတယ်။ အဆောင်သခင်ကို ကျေးဇူးအများကြီးတင်ပါတယ်။ တကယ်လို့ အဆောင်သခင် ကောင်းကင်ဘုံအလွန်ကို လာမယ်ဆိုရင် ကျုပ် မိုဝူကျိက အဆောင်မျိုးနွယ်ကို ရပ်တည်နိုင်ဖို့ နေရာပေးပါ့မယ် ”

ဖူရှုဟန်က မိုဝူကျိအား ကြည့်ကာ ကြောင်အမ်းသွားလေ၏။ မိုဝူကျိသည် မရိုးရှင်းမှန်း သိသော်လည်း မိုဝူကျိဆီမှ အာမခံချက်သည် နည်းနည်း လွန်လွန်းမနေဘူးလား။

ကောင်းကင်ဘုံအလွန် စကြဝဠာကြီးသည် ကြီးမားကျယ်ဝန်းကာ ရှုပ်ထွေးလွန်းသော နေရာတစ်ခု ဖြစ်ပြီး အင်အားစုများက တစ်ခုနှင့်တစ်ခု အပြိုင်အဆိုင် ဖြစ်ပေသည်။ အဆောင်မျိုးနွယ်ကဲ့သို့သော မျိုးနွယ်စုလေးအတွက် မျိုးနွယ်စုကြီးနှစ်ခုကြားက တိုက်ခိုက်မှုကပင် သူတို့အား မျိုးတုံးသည့်အထိ ချေမှုန်းဖျက်စီးသွားနိုင်ပေသည်။

ထိုသို့မျိုးနေရာ၌ သူတို့မျိုးနွယ်အား နေရာတစ်ခု ပေးမည်ဟူသော မိုဝူကျိ၏ ကတိစကားမှာ  ….

ဖူရှုဟန် အံ့ဩနေသည်ကို မြင်၍ မိုဝူကျိက ပြောလိုက်သည်

“ စောစောလေးက ကျုပ် အကြမ်းဖျင်း နှုတ်ဆက်လိုက်တဲ့အတွက် အားနာပါတယ်။ ကျုပ်က ကောင်းကင်ဘုံအလွန်ကပါ။ ကောင်းကင်ဘုံအလွန် စကြဝဠာရဲ့ ပထမတာအိုသခင်ပါ … ”

“ ကောင်းကင်ဘုံအလွန် စကြဝဠာမှာ အခု တာအိုသခင် ရှိနေပြီလား ” ဖူရှုဟန်က နောက်ဆုံးတွင် နားလည်သွားဟန်ဖြင့် ရေရွတ်လိုက်သည်။ သူက မိုဝူကျိအား စိုးရိမ်တကြီး ကြည့်ကာ “ တာအိုသခင်မို … ကောင်းကင်ဘုံအလွန်စကြဝဠာမှာ ဘယ်လိုအပြောင်းအလဲတွေ ဖြစ်နေပြီလဲ ”

မိုဝူကျိက ခေါင်းညိတ်ကာ

“ အင်း ပြောင်းလဲသွားပြီ။ အရင်တုန်းက တခြားမျိုးနွယ်တွေကို အနိုင်ကျင့်ပြီး သတ်ဖြတ်နေခဲ့တဲ့ နတ်ဘုရားမျိုးနွယ်က အခု ကျုပ်ရဲ့ ဦးဆောင်မှုအောက်မှာ သုတ်သင်ခံလိုက်ရပြီ။ ကောင်းကင်ဘုံအလွန်စကြဝဠာမှာ နတ်ဘုရားမျိုးနွယ် မရှိတော့ဘူး။

ကျုပ်က အခု တာအိုသခင် ဖြစ်နေပြီ။ ကျုပ် အုပ်ချုပ်နေတုန်း စကြဝဠာမှာ ကာကွယ်သူငါးယောက် ထားထားတယ်။ သူတို့က မိစ္ဆာမျိုးနွယ်၊ ကောင်းကင်မျိုးနွယ်၊ သွေးမျိုးနွယ်၊ နတ်ဆိုးမျိုးနွယ်က တာအိုဧကရာဇ် အသီးသီးပေါ့။ မဟုတ်သေးဘူး သူတို့ကို အင်မော်တယ် ဧကရာဇ် ပြီးပြည့်စုံခြင်းအဆင့် ကျင့်ကြံသူတွေလို့ ခေါ်ရမှာပဲ  ”

ဖူရှုဟန်က စိတ်လှုပ်ရှားမှုကို ချုပ်ထိန်းကာ ဦးညွှတ်လိုက်ပြီး  “ ကျုပ်တို့ အဆောင်မျိုးနွယ်ကို ကောင်းကင်ဘုံအလွန်မှာ နေခွင့်ပေးတဲ့အတွက် တာအိုသခင်မိုကို ကျေးဇူးတင်ပါတယ်။ တာအိုသခင်မို ညွှန်ကြားလိုက်ပါ။ ကျုပ် ဖူရှုဟန်က အကောင်းဆုံးကြိုးစားပြီးတော့ လုပ်ဆောင်ပေးပါ့မယ် ”

ဖူရှုဟန်က အမှန်တကယ် စိတ်လှုပ်ရှားနေမိသည်။ အကြောင်းမှာ အဆောင်မျိုးနွယ်က အပြင်ထွက်မလာရဲသည့် တစ်ခုတည်းသော အကြောင်းအရင်းမှာ သူတို့သေသည့်အထိ ချေမှုန်းခံရမည်ကို ကြောက်ရွံ့၍ ဖြစ်သည်။

ထိုသို့ဆိုလျှင်ပင် ဖူရှုဟန်က အဆောင်မျိုးနွယ်သာ အဆောင်တစ်ထောင်တောင်၌ ဆက်နေနေလျှင် သူတို့အနေနှင့် အဆုံးမဲ့စကြဝဠာကြီးထဲ၌ ဖြည်းဖြည်းချင်း ပျက်သုန်းသွားမည်ကို ခံစားမိနေသည်။ နောက်တစ်ဖန် တိုးတက်လာနိုင်မည့် တစ်ခုတည်းသော မျှော်လင့်ချက်မှာ သူတို့အဆောင်တစ်ထောင်တောင်မှ ထွက်သွားနိင်ဖို့ ဖြစ်၏။  အဆောင်တစ်ထောင်တောင်ရှိ လူအရေအတွက်မှာ လျော့နည်းလာပြီး သူတို့သည် အပြင်လောကသို့ ထွက်ရမလား ဒါမှမဟုတ် မျိုးတုံးခြင်း အကျိုးဆက်ကို ရင်ဆိုင်ရမည်လား ရွေးချယ်ရမည့် အခြေအနေသို့ ကျရောက်နေလေပြီ။

ထိုသို့ဆိုလျှင်ပင် အကြီးအကဲ ဖူဖေးယန်သည် အဆောင်တစ်ထောင်တောင်၏ လူများ၏ နေထိုင်မှုဘဝအကြောင်း အာရုံမစိုက်သောကြောင့် အဆောင်တစ်ထောင်တောင်ကို ကမ္ဘာတပိုင်း အဆောင်ဖြင့် ဆက်တိုက် ဖုံးကွယ်ထားခဲ့သည်။ ထိုမှ သူက ပညာရှိတာအိုအဆောင်ကို လေ့ကျင့်နိုင်လိမ့်မည်။

မိုဝူကျိက ဖူရှုဟန်အား ပြန်ထိုင်ခိုင်းလိုက်ပြီးနောက် အမှတ်အသားပြား တစ်ခု ထုတ်ပေးကာ  “ အဆောင်သခင် …. ကောင်းကင်ဘုံအလွန်ကို ခင်ဗျားလူတွေ ခေါ်သွားရင် ဒီအမှတ်အသားပြားက ခင်ဗျားကို ဆိုင်တစ်ဆိုင် ဖွင့်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။ ခင်ဗျားတို့ အဆောင်မျိုးနွယ်ရဲ့ စွမ်းဆောင်ရည်နဲ့ဆိုရင် ဆိုင်တစ်ဆိုင်ကို ဆက်လက် တိုးချဲ့နိုင်မှာပါ

စကြဝဠာအစွန်းဆီ ရောက်ပြီးရင် ဒီအမှတ်အသားပြားကို မြို့စားဖုန်းဟွမ် ဒါမှမဟုတ် စကြဝဠာအစွန်းရဲ့ ကာကွယ်သူတွေဆီ ပေးလိုက်ရုံပဲ။ စကြဝဠာအစွန်းက အရင်ကလို နေရာ မဟုတ်တော့ဘူး။ တရားမျှတနေပါပြီ ”

“ ကျေးဇူးပါ …. ကျေးဇူးပါ ” ဖူရှုဟန်က အမှတ်အသားပြားကို ကျေးဇူးတင်စွာ လက်ခံလိုက်ပြီး စကြဝဠာအစွန်းဆီ သွားဖို့ရာ မစောင့်နိုင်တော့ပေ။ စကြဝဠာအစွန်းသည် စီးပွားရေး စတင်ဖို့ သင့်တော်ရုံသာမက အရင်းအမြစ်များ စုစည်းဖို့ရာလည်း အဓိကနေရာ ဖြစ်နေသည်။ မည်သူမဆို စကြဝဠာအစွန်းကို ဖြတ်သွားရမည်သာ ဖြစ်၏။ ထို့အပြင် သူတို့ဘိုးဘေး ချန်ရစ်ထားခဲ့သော ပစ္စည်းများနှင့် ကောင်းကင်ဘုံအလွန် စကြဝဠာသည် ဤလောကမှ ထွက်သွားဖို့ရာ အဓိကနေရာ ဖြစ်ပေသည်။

မိုဝူကျိက လက်ခါပြကာ

“ တာအိုရောင်းရင်းဖူ …. ဒါက ခင်ဗျားတို့အတွက် အကောင်းဆုံး လုပ်ပေးနိုင်တာပါပဲ။ ကျုပ် အဆောင်သခင်ကို အင်မော်တယ် ဧကရာဇ် ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ပြီး နောက်အဆင့်အကြောင်းကို မေးလို့ရမလား ”

ဖူရှုဟန်က သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းလိုက်ရင်း

“ မူလတုန်းက အင်မော်တယ် ဧကရာဇ် ပြီးပြည့်စုံခြင်းအဆင့် ရောက်ပြီးသွားရင် မိုးမြေ အတားအဆီးတွေနဲ့ ရင်ဆိုင်ရမယ်။ သူတို့တွေ အဆင့်သစ်မတက်ခင် မိုးကြိုးစမ်းသပ်ချက် ခံယူရမယ်။ ဒါပေမဲ့လည်း နတ်ဘုရားကြားက တိုက်ပွဲတွေပြီးသွားတော့ ကမ္ဘာနယ်မြေတစ်ခုလုံးက ပျက်စီးသွားပြီးတော့ စည်းမျည်းတွေလည်း သွေဖယ်လာတယ်။

ကမ္ဘာအသစ်တစ်ခုက အစီအစဉ်အတိုင်း မဖြစ်တော့ဘဲနဲ့ ဘယ်သူကမှလည်း  နောက်တဆင့်အကြောင်းကို မသိကြတော့ဘူး။ အဲဒါကြောင့် အင်မော်တယ် ဧကရာဇ် ပြီးပြည့်စုံခြင်းအဆင့် ကျော်လွန်သွားတဲ့ ကျင့်ကြံသူတွေကို ကျုပ်တို့ အဆောင်မျိုးနွယ်က  သူတော်စင်တပိုင်းအဆင့်လို့ ခေါ်တယ် …. ”

***

All Chapters