၀မ်ထျန်းလုံကို သွားခေါ်လိုက်
Vol. 3 Ch. 32
"ဘယ်သူက ကိုယ်တုံးလုံးနဲ့ အိပ်လို့လဲ..."ကျီချင်းရန် အရှက်သည်းလျက် ပြန်ပြောလိုက်သည်။
"မင်းတို့ သူဌေးတွေပေါ့....မင်းတို့က အရမ်း အလုပ်များတာကိုး...."
ကျီချင်းရန် ဆွံ့အသွားပြီး "နင်က ငါ့ထက်တောင် ဌေးသေးတယ်မဟုတ်လား...."
သူတို့ ဒုတိယထပ်ရှိ အ၀တ်လဲခန်းသို့ ရောက်ရှိသောအခါ လင်းရီ ကျီချင်းရန် အတွက် ညအိပ်၀တ်စုံကို ရှာတွေ့သွားသည်။
"ရော့...ဒါတွေ မင်း ၀တ်လို့ရတယ်...အသစ်တွေပဲ.."
ကျီချင်းရန်ကတော့ သူမနဲ့ တော်နေသရွေ့ ထို၀တ်စုံများက ကျား၀တ်လော ၊ မ၀တ်လော ဂရုစိုက်မည် မဟုတ်ပေ။
သူမ ညအိပ်၀တ်စုံကို ရေချိုးခန်းထဲသို့ ယူသွားပြီး ရေချိုးရန် ပြင်ဆင်လိုက်၏။
လင်းရီကတော့ ထိုကိစ္စကို လျစ်လျူရှုလိုက်ပြီး သူ့အိပ်ခန်းသို့သွားကာ စက်တော်ခေါ်တော့သည်။
ရေချိုးပြီးနောက် ကျီချင်းရန် နူးညံ့ပျော့ပျောင်းသော အိပ်ယာပေါ်၌ အိပ်နေရသော်လည်း အိပ်မပျော်နိုင် ဖြစ်နေ၏။
လင်းရီရဲ့ နောက်ခံက ဘာများလဲ....
ဘာလို့ သူက အရမ်း ချမ်းသာ နေရတာလဲ....
ဘာလို့ သူ့အကြောင်း အရင်က မကြားဖူးရတာလဲ....
ထိုအတွေးများ ခေါင်းထဲတွင် တဝဲဝဲလည်ရင်း မိုးလင်းသွားတော့၏။
နောက်တစ်နေ့နံနက်တွင်တော့ လင်းရီ စောစော နှိုးထလာသည်။
နှစ်ယောက်လုံး ကိုယ်လက်သန့်စင် ဆေးကြောပြီးနောက် လင်းရီ ကျီချင်းရန်ကို ကုမ္ပဏီသို့ လိုက်ပို့လိုက်ပြီး ကြယ်ငါးပွင့် ရီဗျူး တစ်ခုကို ထပ်မံ ရယူလိုက်သည်။
ထိုအချိန်တွင်တော့ သူ၏ စိတ်ထဲရှိ အလုပ်ပြီးမြောက်မှု ဇယားတွင် ၈/၁၀ သို့ ပြောင်းသွားပြီး မစ်ရှင်ပြီးမြောက်ရန် နောက်ထပ် ရီဗျူးကောင်းနှစ်ခုမျှသာလိုအပ်တော့၏။
အကယ်၍ လင်းရီသာ တစ်နေ့ထဲ ရီဗျူးကောင်းနှစ်ခု ရမည်ဆိုပါက မစ်ရှင်မှာ ယနေ့၌ပင် အောင်မြင်သွားနိုင်သည်။
ဤတစ်ကြိမ်တွင်တော့ စနစ်မှ မည်သို့သော အန္တိမ ဆုလက်ဆောင် ချီးမြင့်မည်ကို လင်းရီလည်း သဲလွန်စမရှိပေ။
ကျီချင်းရန် ကို လိုက်ပို့ပေးပြီးနောက် လင်းရီ ပန်နီဆူလာ ဟိုတယ်သို့ ဦးတည်လိုက်၏။
တစ်မနက်လုံး အလုပ်ရှုပ်နေသောကြောင့် အစာတစိမျှ ဗိုက်ထဲ မ၀င်သေးချေ။ ထို့ကြောင့် လင်းရီအရင်ဆုံး မနက်စာ စားရမည်။
ကားပါကင် ထိုးသည့်နေရာသို့ ရောက်ရောက်ချင်း ၀မ်ထျန်းလုံနှင့် ပက်ပင်းတိုး၏။
"အိုး ...ဘော့စ်လည်း ဒီရောက်နေတာလားဗျ...."
လင်းရီ ခေါင်းညိမ့်လိုက်ပြီး "လာလေ...ငါနဲ့အတူ တစ်ခုခု သွားစားရအောင်....."
"ရပါပြီဗျ..ကျွန်တော်အခုပဲ မီးဖိုချောင်သွားပြီး ပြင်ဆင်ပေးဖို့ ပြောလိုက်ပါ့မယ်...."
"မလိုဘူး...ငါက ဒီတိုင်း မနက်စာ လာစားတာ ဘာမှ ရေကြီးခွင်ကျယ် တွေ လုပ်မနေနဲ့ မင်းလုပ်စရာ ရှိတာသာ သွားလုပ်ချည် ...ငါ့ဟာငါပဲ သွားစားလိုက်မယ်...."လင်းရီ ပြောလိုက်သည်။
ဟိုတယ်မှာ သူ၏ အပိုင် ဖြစ်သည်ကို အလယ်ပိုင်းနှင့် အဆင့်မြင့်ပိုင်း အရာရှိများက သိသော်လည်း သာမန် အလုပ်သမားများကတော့ မသိကြသေးချေ။
ယခုအချိန်က သူ၏ အခြေခံ ၀န်ထမ်းများ၏ လုပ်ပုံကိုင်ပုံကို အကဲခတ်ရန် အခွင့်ကောင်းဖြစ်၏။
"ဟုတ်ကဲ့...ဟုတ်ကဲ့...နားလည်ပါပြီ ခင်ဗျ....."
ထျန်းလုံ သူ၏ အလုပ်သို့ ပြန်သွားလိုက်ပြီး လင်းရီလည်း ဒုတိယထပ်သို့ ဦးတည်လိုက်သည်။
ဒုတိယထပ်ရှိ စားသောက်ဆိုင်မှာ ကြယ်လေးပွင့် အရည်အချင်းရှိသည့် စားဖိုမှူးမှ လက်စွမ်းပြထားသော ဟင်းလျာများကို မြည်းစမ်းကြည့်နိုင်သည်။ ပန်နီဆူလာဟိုတယ်၏ အနေအထားနှင့် ဆိုပါက ထိုကဲ့သို့ အရည်အသွေးမြင့်သည့် စာဖိုမှူးတစ်လက် ရှိခြင်းမှာ သာမန်သာ ဖြစ်၏။
စားသောက်ဆိုင်ထဲတွင်တော့ မနက်စာ လာစားကြသည့် လူများစွာ ရှိမနေပဲ စားပွဲဝိုင်းများ၏ တစ်၀က်လောက်က နေရာလွတ်နေသည်။
လင်းရီ နေရာလွတ် တစ်နေရာတွင် ၀င်ထိုင်လိုက်ပြီး မီနူးကြည့်ကာ အဓိက ဟင်းပွဲတစ်ချို့ကို မှာလိုက်ပြီး နမူနာ ဟင်း ပွဲများကိုလည်း လာချပေးရန် တောင်းဆိုလိုက်၏။
"ဟဲ့ ကောင်မ ကြည့်စမ်းပါဦး..ဟိုနားမှာ အဆင်လေးတော့...."
ဘေးနားဝိုင်းရှိ ကောင်မလေး နှစ်ဦးမှ လင်းရီကို တွေ့သောအခါ အချင်းချင်းလက်တို့လိုက်ကြသည်။
"အွန်း...ချောလိုက်တာနော်....ငါသူနဲ့ ဝီချက် အပ်ချင်လိုက်တာ..."
"အာ့ဆိုလည်း သွားလေ..နင်သာ လက်ဦးမှု ရယူထားရင် သူနဲ့ ဇတ်လမ်းတွေ ဘာတွေ ဖြစ်မလာနိုင်ဘူးလို့ ပြောလို့မရဘူးလေ....."
လင်းရီ၏ ရောက်ရှိလာမှုက ဆိုင်ထဲရှိ အမျိုးသမီးများအားလုံး၏ အာရုံစိုက်ရာ ဖြစ်လာသည်။ သူမတို့က အချိန်တိုင်း သူ့ကို ရှိုးနေကြ၏။
"ကလေး...ဘာတွေ ကြည့်နေတာတုန်း..."
အမျိုးသား တစ်ဦးမှ သူ့ကောင်မလေးကို မေးလိုက်သည်။
"ဟီးဟီး..ကလေး ဟိုကောင်လေးကို ကြည့်နေတာလေ...သူက မခန့်ဘူးလား...."
"ကျွတ်....သူက အပျော်လင်လေး နေမှာပေါ့....ကလပ်ကကောင်လေးတွေလည်း သူ့လောက်နီးနီး ချောကြပါတယ်ကွာ....."
"ကိုကို နင်ဘာမဟုတ်တမ်းလျားတွေ လျှောက်ပြောနေတာလည်း ဘာမှလည်း မသိဘဲနဲ့ သူများကို အပျော်လင်လေးလို့ လျှောက်ခေါ်နေတယ်ပေါ့....."
"ကိုက ဒီတိုင်းပြောလိုက်တာပါကွာ ကလေးကလည်း....."
"ဟွန့်...ကလေး အထင်တော့ ကိုက အူတိုနေတာမလား...."
လင်းရီ အော်ဒါမှာပြီးနောက် မီနူးကို စားပွဲထိုးထံ ပြန်ပေးလိုက်၏။
"လင်းရီ....."
လင်းရီ မှာယူထားသော ဟင်းပွဲများကို စောင့်ဆိုင်းနေတုန်း သူ၏အမည် ခေါ်သံကို ကြားလိုက်ရသည်။
အသံလာရာနေရာကို မျှော်ကြည့်လိုက်သောအခါ လင်းရီ ရုတ်ချည်း ကမ္ဘာကြီးမှာ ကျဉ်းမြောင်းလွန်းသည်ဟု ခံစားသွားရပြန်သည်။
မနေ့တုန်းက ကျီချင်းရန် ယွီလီလီကို အလုပ်ထုတ်လိုက်သော်လည်း ယနေ့ သူ့ဟိုတယ်၌ သူမကို ပြန်တွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားချေ။
"ဘယ်လောက်တောင် တိုက်ဆိုင်လိုက်သလဲ....ငါမင်းကို ဒီမှာ တွေ့မယ်လို့တောင် ထင်မထားဘူး...."
"အွန်း...တကယ့်ကို တိုက်ဆိုင်တာပဲ...."ယွီလီလီ ရင်ဘက်ရှေ့တွင် လက်ပိုက်လိုက်ပြီး လင်းရီကို အထင်သေးသည့် အကြည့်များဖြင့် ငုံ့ကြည့်လိုက်သည်။
"လင်းရီ...အိုးလင်းရီ ငါနင့်ကို တကယ် အထင်သေးခဲ့မိတာပဲ နင်က ဥက္ကဌကျီရဲ့ ပေါင်ကို ဖက်ထားလိမ့်မယ်လို့တောင် ထင်မထားဘူး...ငါက နင့်ကို အလုပ်ဖြုတ်လိုက်တော့ ဥက္ကဌကျီနဲ့ သွားတိုင်တယ်ပေါ့ ...ဟမ့် နင်တို့နှစ်ယောက်က တကယ့်ကို တစ်ခုခုတော့ တစ်ခုခုပဲ...."
"နေပါဦးကွ...ငါက အခု ဒီဟိုတယ်ရဲ့ စားသုံးသူတစ်ယောက်ပဲလေ..စားသုံးသူဆိုတာ နတ်ဘုရားပဲ ....ဆိုတော့ နတ်ဘုရားကို ခုလိုမျိုး ပြောတယ်ဆိုတာတော့ သိပ်ပြီး မသင့်တော်သလိုပဲ....."
"နင်က ပန်နီဆူလာ ဟိုတယ်ရဲ့ နတ်ဘုရားလို့ ခေါ်ဖို့ ထိုက်တန်တယ်လို့များ ထင်နေတာလား...."ယွီလီလီ အထင်သေးမှုအပြည့်ဖြင့် ပြောလိုက်သည်။
"ဘာလို့လဲ....ငါ မထိုက်တန်လို့လား..."
"နင် ထွက်သွားလိုက်တာပဲ ကောင်းမယ်...ဘာလို့လဲ ဆိုတော့ နင်က ချမ်းသာတဲ့ အမျိုးသမီးတွေရဲ့ အပျော်လင်ပဲလေ....ကိုယ့်ကိုယ်ကို အဆင့်အတန်းရှိတဲ့ လို့များ ထင်နေတာလား...."
လင်းရီ တို့ အငြင်းပွားနေသည်ကို မြင် သောအခါ စားပွဲထိုးလေးမှာ လင်းရီထံပြေးလာပြီး သူ့နားထဲသို့ တီးတိုး ပြောလိုက်သည်။
ထို့နောက် "မစ်ယွီ ဒီရဲ့ ဧည့်သည်က ကျွန် တော်တို့ရဲ့ အထူးဧည့်သည်ပဲ...ဒီတော့ ခင်များ နှုတ်ကလေး ထိန်းရင် ကောင်းမယ်ဗျ...."
"ဟမ့်...ဒင်းက ဘာတွေများ ထူးခြားနေလို့လဲ..ငါသူ့ရဲ့ အခြေအနေကို ကောင်းကောင်းကြီး နားလည်တယ်..."
ယွီ လီလီ အာဃာတ အပြည့်နှင့် ပြောလိုက်သည်။
"သူက အရင်တုန်းက ငါ့ရဲ့ လက်အောက်ငယ်သား..သူ့ရဲ့ ရုပ်ရည်လေးကို အားကိုးပြီးတော့ ဥက္ကဌရဲ့ပေါင်ကို တွယ်ဖက်ထားတာလေ..တကယ်တော့ သူက အပျော်လင်လေးသာသာပဲ တကယ်လို့ သူသာ ချမ်းသာတဲ့ အမျိုးသမီးတွေရဲ့ စကတ်နား ကပ်စားမနေဘူးဆိုရင် ပန်နီဆူလာဟိုတယ်မှာ တစ်နပ် လာစားဖို့တောင် တတ်နိုင်မှာ မဟုတ်ဘူး...."
ယွီလီလီ၏ စကားကိုကြားတော့ ဆိုင်ထဲရှိ လူများအားလုံး လင်းရီကို အထင်တသေးဖြင့် ကြည့်လိုက်ကြသည်။
"ဟူး ..တော်ပါသေးရဲ့ ငါသူ့နား ဝီချက် သွားမတောင်းလိုက်လို့...ဒီတော့ အဲ့အဆင်လေးက ငွေရှိတဲ့ အမျိုးသမီးတွေနဲ့ အိပ်တဲ့ အပျော်လင်လေးပေါ့..အွက် တွေးကြည့်တာနဲ့တင် ငါအန်ချင်လာပြီ...."
"စာအုပ်တစ်အုပ်ကို အဖုံးကြည့်ပြီး ဆုံးဖြတ်လို့မရဘူးဆိုတာ တကယ်မှန်တာပဲ...ငါကတော့ သူ့ကို အထင်တွေကြီးလိုက်ရတာဟာ.. ဒီလို ချူစားနေတဲ့ကောင် ဖြစ်နေမယ်လို့ မမျှော်လင့်ထားဘူး...ဒီတစ်ခေါက်တော့ လူကဲခတ် မှားတာပဲဟေ့....."
"ငါတို့တော့ ဒီကနေ့ သင်ခန်းစာ ရလိုက်တာပဲ...ရုပ်ခံလေးရှိတာနဲ့ အဆင်လေးလို့ ပြောလို့မရတော့ဘူး...."
တခြားထိုင်ခုံတစ်ခုတွင် ထိုင်နေသော စုံတွဲမှာတော့ လင်းရီ၏ အကြောင်းသိသွားသောအခါ အမူအရာကိုယ်စီနှင့် ရှိနေကြသည်။
"တွေ့လား...ကိုပြောသားပဲ သူက တကယ့်ကို အပျော်လင်လေးပါဆို...ခုတော့ ယုံရပြီမလား...."
အမျိုးသားမှာ ဂုဏ်ယူ၀င့်ကြွားစွာဖြင့် သူကောင်မလေးကို ပြောလိုက်၏။
"ကိုကို ပြောတာမှန်တယ် ကလေးက ပိုက်ဆံရှိတဲ့ မိန်းမတွေနဲ့ အတူအိပ်တဲ့ အပျော်လင်တွေဆို သိပ်မုန်းတာပဲ ..အဲ့လိုကောင်တွေက လက်ကြောတင်းတင်းကျ လုပ်မစားချင်ဘဲ ရုပ်လေးပြပြီး ချူစားနေကြတာ ..ဟွန့် တွေးကြည့်လိုက်တာနဲ့ ရွံ့ဖို့ ကောင်းလိုက်တာနော်... "
"အမှန်ပဲ ..သူက အကို့ထက် မဆိုစလောက်လေး ရုပ်ချောတယ်ဆိုပေမယ့် ကျန်တဲ့နေရာမှာဆို ဘာမှကို ယှဉ်ဖို့မတန်တာ...အကိုလျှာပေါ် မြက်ပေါက်ရင် ပေါက်ပလေ့စေ...အဲ့လို ချမ်းသာတဲ့ အမျိုးသမီးတွေနားတော့ ချူမစားဘူး...."
လင်းရီ သူ့အကြောင်း အတင်းအဖျင်းပြောနေသည်များကို ကြားသောအခါ ပြုံးလိုက်မိသည်။
"ငါမင်းနဲ့ စကားပြောရမှာ ပျင်းတယ် ၀မ်ထျန်းလုံကို သွားခေါ်လာခဲ့..... "
"ခေါ်စရာ မလိုတော့ဘူး...ကျုပ်ကိုယ်တိုင် ဒီရောက်နေပြီ...."
၀မ်ထျန်းလုံ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး အဝေးမှ လမ်းလျှောက်လာခဲ့၏။
ယွီလီလီ ၀မ်ထျန်းလုံထံသွား၍ "အစ်ကိုကြီး လုံ..အဲ့ကောင်က တစ်ခုခု မသင်္ကာဖို့ကောင်းတယ် ..ကျွန်မတို့ ဟိုတယ် လုံခြုံရေးကို ခေါ်ပြီးတော့ ကျန်တဲ့သူတွေရဲ့ စားသောက်နေတာကို အနှောက်အယှက် မဖြစ်အောင် သူ့ကို ဆွဲခေါ်သွားသင့်တယ်လို့ အကြုံပြုပါရစေ....."
၀မ်ထျန်းလုံ၏ ရင်ထဲရှိ ဒေါသမီးမှာ တစ်စ တစ်စ တောက်လောင်လာပြီး ယွီလီလီ၏ နှာခေါင်းကို လက်ညိုးထိုး၍ အားရပါးရ ကျိန်ဆဲတော့သည်။
"မင်းသောက်လုံးတွေက ကန်းနေတာလား ကောင်မစုတ်ရ...မင်းရှေ့မှာ ထိုင်နေတဲ့ ပုဂ္ဂိုလ်က ဟောဒီ့ ပန်နီဆူလာဟိုတယ်ရဲ့ ပိုင်ရှင်ကြီးပဲ..အဲ့တာကို သူက သင်္ကာဖို့ မကောင်းဘူးပေါ့...မင်းဦးနှောက်ကို ခွေးချီသွားတာလားကွ သွား ..မင်းလို သောက်ပိန်းမျိုးကို ဒီဟိုတယ်မှာ လက်မခံနိုင်ဘူး...လစ်လိုက်တော့..မင်းအထုပ်တွေ သိမ်းပြီး ခုချက်ချင်းလစ်လိုက်တော့...."