အပြန်အလှန်
Vol. 60 Ch. 831
မိုဝူကျိက နတ်ဘုရားမျှော်စင် အကြောင်းကို တွေးမိကာ ဆွံ့အနေဆဲ ဖြစ်သည်။ သူသာ အင်မော်တယ် ဧကရာဇ် ပြီးပြည့်စုံခြင်းအဆင့်အထိ ကျင့်ကြံနိုင်မည်ဆိုလျှင်ပင် တခြားသူများ အမြင်၌ ပါးမွှားမျှသာ ဖြစ်နေသေးမည်ကို ကောင်းကောင်း သိပေသည်။ ယခု ထိုအချက်ကို အတည်ပြုပြီးပြီ ဖြစ်ရာ သူ့စိတ်ထဲ ခိုကိုးရာြဖစ်မှုနှင့် စိတ်မသက်မသာဖြစ်မှုတို့ကို ခံစားနေမိသည်။
ခဏအကြာတွင် မိုဝူကျိက ပြန်တုံ့ပြန်ပေးလိုက်သည် “ ကျုပ်က ဒီနေ့ အဆောင်သခင်စကားတွေကနေ အကျိုးကျေးဇူးတွေ အများကြီး ရခဲ့ပါတယ်။ အဆောင်သခင်က ထိပ်တန်းအဆင့် ကမ္ဘာကူးအဆောင် ရနိုင်မဲ့ နည်းလမ်းရှိတယ်လို့ ပြောဖူးတယ်လေ။ ကျုပ် အဲဒီအကြောင်းကို သိလို့များ ရမလား ”
ဖူရှုဟန်က မြန်မြန် ပြန်ဖြေပေးလိုက်သည် “ တာအိုသခင်မို ဖူဖေးယန်ရဲ့ မှော်ရတနာကို မြင်လိုက်လား ”
မိုဝူကျိက ခေါင်းညိတ်ပြကာ “ ဟုတ် မြင်လိုက်ပါတယ် … အဆောင်နဲ့တူတဲ့ မှော်ရတနာမလား ”
မိုဝူကျိက အဆောင်အမျိုးမျိုးကို မြင်ဖူးသော်လည်း အဆောင်နှင့်တူသည့် မှော်ရတနာကိုတော့ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်၏။
ဖူရှုဟန်က ရှင်းပြလိုက်သည်
“ ဖူဖေးယန်ရဲ့ မှော်ရတနာက တကယ်တော့ ကျုပ်တို့ အဆောင်မျိုးနွယ်ရဲ့ ပညာရှိတာအိုအဆောင်ကို အတုယူပြီး လုပ်ထားတာ။ အရင်တုန်းက ကျုပ်တို့မျိုးနွယ်စုက အဆင့်မြင့် ကျင့်ကြံသူ တစ်ယောက်ကို ရန်စမိခဲ့လို့ ကျုပ်တို့လူတွေ အများအပြား သုတ်သင်ခံခဲ့ရတယ်။ ကျုပ်တို့အဆောင်မျိုးနွယ်ရဲ့ တချို့အဆင့်မြင့် ကျင့်ကြံသူတွေက အသက်ကျန်ရှင်ကျန်နေတဲ့ လူတွေကို ခေါ်ဆောင်လာပြီးတော့ ကျုပ်တို့ မျိုးနွယ်ရဲ့ ကာကွယ်ရေး ရတနာဖြစ်တဲ့ ပညာရှိတာအိုအဆောင်ကို အသက်သွင်းခဲ့ကြရတယ်။
ပညာရှိတာအိုအဆောင်က အာကာပြင်ထဲ ရောက်သွားပြီးတော့ ဂြိုဟ်တွေဦ ကမ္ဘာတွေ ကျော်ဖြတ်လာပြီးတော့ ဒီနေရာ ရောက်လာတယ်။ ရလဒ်အနေနဲ့က ပညာရှိတာအိုအဆောင်ကို အသက်သွင်းခဲ့ကြတဲ့သူတွေက သူတို့အသက်ဓာတ် ကုန်ဆုံးသွားကြတယ်
ကံကောင်းတာက ဒီမှာ ဧရာမတောင်တွေ ဆက်တိုက် တည်ရှိနေတာပဲ။ ကျုပ်တို့က ပညာရှိတာအိုအဆောင်ကို ဘယ်သူကမှ မရွေ့လျားနိုင်ကြတော့ ကျုပ်တို့အဆောင်မျိုးနွယ်က ဒီတောင်ကြောကြီးကို အဆောင်တစ်ထောင်တောင်ဆိုပြီး အမည်ပေးပြီးတော့ ဒီမှာပဲ နေနေကြရတယ် ”
မိုဝူကျိက မေးလိုက်သည် “ အဲဒါက အဆောင်မျိုးနွယ်စုရဲ့ ထိပ်တန်းလျို့ဝှက်ချက်မလား။ ကျုပ်ကို ဘာလို့ ပြောပြနေတာလဲ ”
ဖူရှုဟန်က ရယ်မောလိုက်ရင်း
“ အဲဒါက ကျုပ်တို့ အဆောင်မျိုးနွယ်ရဲ့ လျို့ဝှက်ချက်ဆိုပေမဲ့ ကျုပ်တို့ဘာသာ လျို့ဝှက်ချက်ကို ဆက်လက် ထိန်းသိမ်းနေမယ်ဆိုရင် မကြာခင် ကျုပ်တို့တွေ ပျက်သုန်းသွားလိမ့်မယ်။ ကျုပ်တို့ အဆောင်မျိုးနွယ်က ဒီနေရာမှာ နေနေတာ ကြာလှပြီဆိုတော့ ကျုပ်တို့ဂုဏ်သတင်းက တစ်ရက်ထက် တစ်ရက်ကျဆင်းလာပြီ။
အင်မော်တယ် ဧကရာဇ်အဆင့်အထက် ကျင့်ကြံသူဆိုလို့ အကြီးအကဲ ဖူဖေးယန်၊ သူ့တပည့်နဲ့ ကျုပ်အပြင် အသက်ဓာတ်ကုန်ခါနီးနေတဲ့ နောက်တစ်ယောက်ရယ်ပဲ ရှိတော့တာ။ တာအိုသခင်မိုက ယုံကြည်လို့ရမဲ့သူလို့ ယုံကြည်တယ်။ ပြီးတော့ ကမ္ဘာကူးအဆောင်အတွက် ပညာရှိတာအိုအဆောင်ဆီ သွားတောင်းရမှာမလို့ ခင်ဗျားကို ဒါတွေ ပြောပြခဲ့တာ ”
ဖူရှုဟန်က မိုဝူကျိသည် စက်ဆုပ်ဖွယ် လူမဟုတ်ကြောင်း အမှန်တကယ် ယုံကြည်ထားသည်။ ပို၍ အရေးကြီးသည်က ဖူရှုဟန်သည် အဆာင်တစ်ထောင်တောင်၌ ဆက်နေနေလျှင် အနာဂတ်မရှိကြောင်း ကောင်းကောင်း သိထား၏။ သူက မိုဝူကျိကို ထိုအကြောင်း မပြောပြလျှင်ပင် သူ့အဆောင်မျိုးနွယ်မှာ သူတို့သေခြင်းတရားကို စောင့်နေခြင်းသာ ဖြစ်ပေမည်။ ယခု မိုဝူကျိက သူတို့မျိုးနွယ်အား ကောင်းကင်ဘုံအလွန်၌ ရှင်သန်နိုင်မည့် အခွင့်အရေး ပေးလာလေရာ သူ ဖူရှုဟန်က ထိုအခွင့်အရေးကို အသုံးမချပါက သူ့မျိုးနွယ်စု ပျက်သုန်းပျောက်ကွယ်သွားပေမည်။
“ အဆောင်သခင် ရှင်းပြပါဦး ” မိုဝူကျိက ခေါင်းညိတ်ကာ သူက ဖူရှုဟန်၏ ရည်ရွယ်ချက်ကို အကြမ်းဖျင်း နားလည်လာလေ၏။
ဖူရှုဟန်က လေးလေးနက်နက် ပြောလိုက်သည်
“ ပညာရှိတာအိုအဆောင်မှာ ကျုပ်တို့ အဆောင်မျိုးနွယ်ရဲ့ အဆင့်မြင့်ဆုံးအဆောင်တွေ ပါဝင်ရုံတင် မကဘူး။ အထဲမှာ ထိပ်တန်းအဆင့် အဆောင်တွေကို လျို့ဝှက်ထားသေးတယ်။ ဖူဖေးယန် ဒီမှာ ဆက်နေနေတဲ့ အကြောင်းအရင်းက ပညာရှိတာအိုအဆောင်ကို မွမ်းမံသန့်စင်နိုင်အောင်လို့ပဲ …. နှမြောဖို့ကောင်းတာက ပညာရှိတာအိုအဆောင်က အလွယ်လေး သန့်စင်လို့ မရဘူး။
ဒီလောက်နှစ်တွေကြာတာတောင် ကျုပ်တို့ အဆောင်မျိုးနွယ်ရဲ့ ဘယ်သူကမှ မသန့်စင်နိုင်ကြဘူး။ တာအိုသခင်မိုကို ပြောပြတာက ကျုပ်တို့ အဆောင်မျိုးနွယ်က ဒီပညာရှိတာအိုအဆောင်ကို ဆက်ပြီး မထိန်းသိမ်းထားနိုင်တော့လို့ပါ ”
“ အဆောင်သခင်က ကျုပ်ကို ပညာရှိတာအိုအဆောင်ထဲ ဝင်ပြီးတော့ ကမ္ဘာကူးအဆောင်ကို ရှာစေချင်တာလား ” မိုဝူကျိက မေးခွန်းထုတ်လိုက်သည်။
ဖူရှုဟန်က ရှင်းပြလိုက်သည် “ ကျုပ်စကားတွေက မကောင်းတဲ့ရည်ရွယ်ချက်နဲ့ ပြောတဲ့ပုံ ပေါက်နေပေမဲ့ အမှန်တရားက ဒီလိုပါ ”
ဖူရှုဟန်က ဆက်မပြောခင် ခဏတာ ရပ်လိုက်ပြီး
“ အဆောင်တစ်ထောင်တောင်ကို ကမ္ဘာအဖြစ် ယူဆလို့ မရဘူးလေ။ ဒီနေရာမှာ စည်းမျည်းတွေ မရှိဘူး။ ကျုပ်တို့အဆောင်မျိုးနွယ်သာ ပျက်သုန်းဖို့ အလိုမရှိရင် ဒီနေရာကနေ ထွက်သွားရမယ်။ တကယ်လို့ ကျုပ်တို့အဆောင်မျိုးနွယ် ထွက်သွားမယ်ဆိုရင် ပညာရှိတာအိုအဆောင်ကို တစ်ခါတည်း ယူသွားလို့ မရဘူး။ ဖြတ်သွားတဲ့သူ တွေ့ရအောင် ချန်ခဲ့မဲ့အစား တာအိုသခင်မိုဆီမှာ ရှိစေချင်တယ်။
တကယ်လို့ တာအိုသခင်မိုသာ ပညာရှိတာအိုအဆောင်ကို ယူသွားနိုင်မယ်ဆိုရင် ပညာရှိတာအိုအဆောင်က တာအိုသခင်မို အပိုင်ပါပဲ ….
ပညာရှိတာအိုအဆောင်ကို ယူသွားဖို့ဆိုတာက အရမ်းခက်ခဲမှန်း သိပါတယ်။ ဒါပေမဲ့ ပညာရှိတာအိုအဆောင်ထဲမှာ ကမ္ဘာကူးအဆောင် တကယ်ရှိနေပါတယ်။ တကယ်လို့ ပညာရှိတာအိုအဆောင်ထဲ ဝင်ပြီး ကမ္ဘာကူးအဆောင်ကို ရှာမယ်ဆိုရင် သေဆုံးနိုင်ခြေ ၉၀ ရာခိုင်နှုန်းလောက်အထိ ရှိတယ်။ ကျုပ်တို့ အဆောင်မျိုးနွယ်ရဲ့ ပါရမီရှင်တော်တော်များများလည်း အထဲမှာ အမှန်တကယ် ထိပ်တန်းအဆင့် အဆောင်တွေကို တွေ့ခဲ့ရပေမဲ့ လူဆယ်ယောက်လောက်ပဲ အသက်ရှင်ရက် ထွက်လာနိုင်တယ်။ ဖူဖေးယန်က သူတို့ထဲက တစ်ယောက်ပဲ ….
အဲဒါကြောင့်မလို့ ပညာရှိတာအိုအဆောင်ထဲ ဝင်တာ၊ မဝင်တာက တာအိုသခင်မိုအပေါ် မူတည်ပါတယ် ”
မိုဝူကျိက စိတ်ထဲမှ သက်ပြင်းသာချလိုက်သည်။ အဆောင်မျိုးနွယ်သည် ပညာရှိတာအိုအဆောင် မပါရှိဘဲ ဤနေရာမှ ထွက်သွားမည် ဖြစ်ရာ မိုဝူကျိက ဖူရှုဟန်နှင့် မတွေ့ခဲ့လျှင်ပင် သူ့အနေနှင့် ပညာရှိတာအိုအဆောင်ကို မြင်လျှင် ကံတရားကို စမ်းသပ်၍ သန့်စင်ကြည့်မည်သာ ဖြစ်၏။
မည်သို့ပင် ဆိုစေကာမူ ဖူရှုဟန်သည် အစကတည်းမှ ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ခြင်းမှာ တည့်တိုးဆန်ကာ ဖြောင့်မတ်သည့်သူ ဖြစ်ကြောင်း ပြသနေခြင်း ဖြစ်၏။ မိုဝူကျိက အခြားလူတစ်ယောက်နှင့် ပတ်သတ်သည့်အခါ ထိုလူ၏ ကောင်းသည့်အခြမ်းကို အရင်တွေးကြည့်လေ့ ရှိသည်။
အဆောင်သခင်တစ်ယောက်မှာ မျိုးနွယ်စု ခေါင်းဆောင်ဟု ဆိုနိုင်ပေရာ ဤသို့မျိုး ဆုံးဖြတ်ချက် ချနိုင်ဖို့ လွယ်ကူမည် မဟုတ်ပေ။
မိုဝူကျိက ထိုအတွေးဖြင့် ပြောလိုက်သည်
“ ဘယ်လိုဖြစ်ဖြစ်ပါ အဆောင်သခင်က ဒီလိုစကားမျိုး ပြောတဲ့အချက်ကိုက လေးစားဖို့ ကောင်းပါတယ်။ နောင်ကျ ကျုပ်တို့ အင်မော်တယ်လောက လူသားမျိုးနွယ်စုနဲ့ ကောင်းကင်ဘုံအလွန်ကြား လမ်းပွင့်သွားရင် ကျုပ်တို့ အင်မော်တယ်လောက က ခင်ဗျားတို့ အဆောင်မျိုးနွယ်ကို နွေးနွေးထွေးထွေး ကြိုဆိုပါတယ်။ ကျုပ်က ပညာရှိတာအိုအဆောင်ကို သန့်စင်နိုင်တာ၊ မသန့်စင်နိုင်တာကို ထားလိုက်ပါ … ဒီဆေးပုလင်း နှစ်ပုလင်းက အဆောင်သခင်အတွက် အပြန်အလှန် လက်ဆောင်လေးပေါ့ ”
မိုဝူကျိက ဆေးနှစ်ပုလင်း ထုတ်ပေးကာ ဖူရှုဟန်အား ပေးလိုက်၏။
ဖူရှုဟန်က အနည်းငယ် စိတ်ရှုပ်မိသွားသည်။ သူ့အဆောင်မျိုးနွယ်စုက ဆင်းရဲကောင်း ဆင်းရဲသော်လည်း အင်မော်တယ် ဆေးနှစ်ပုလင်း မတတ်နိုင်သည့်အထိ ဆင်းရဲနေခြင်းတော့ မဟုတ်ပေ။ အဆင့် ၉ အင်မော်တယ်ဆေးလုံးပင် သူတို့အဆောင်မျိုးနွယ်အတွက် ဘာမှမဟုတ်ပေ။
ထိုသို့ဆိုလျှင်ပင် ဖူရှုဟန်က လေးလေးစားစားဖြင့် လက်ခံထားလိုက်သည်။ သူက စိတ်စွမ်းအားဖြင့် အာရုံခံကြည့်လိုက်သည့်အခါ အံ့အားသင့်သည့် အမူအယာ ပေါ်လာလေ၏။
“ ဒါတွေက ဧကရာဇ်ဆေးလုံးတွေလား ”
ဧကရာဇ်ဆေးလုံးသည် အင်မော်တယ် အုပ်စိုးသူ ပြီးပြည့်စုံခြင်းအဆင့် ကျင့်ကြံသူအား အင်မော်တယ်ဧကရာဇ်အဆင့် တက်လှမ်းနိုင်စေရန် အသိအမြင် တိုးလာစေသည်။ တန်ဖိုးအားဖြင့် ဧကရာဇ်တာအိုဆေးလုံးထက် နိမ့်သော်လည်း ဤဆေးလုံးတစ်လုံးချင်းစီမှာ မြို့တစ်မြို့စာ တန်ဖိုးရှိပေ၏။ မျိုးနွယ်စုအတွက် ဤသို့မျိုး ဆေးလုံးမှာ တိုက်ခိုက်ရေးအတွက် ထိရောက်မှုအရှိဆုံး ဖြစ်ပေသည်။ ကျင့်ကြံရေး အရင်းအမြစ် လိုအပ်မှုကြောင့် အဆောင်မျိုးနွယ်စုကား နောက်ထပ် အင်မော်တယ် ဧကရာဇ်အသစ် မမွေးထုတ်နိုင်တော့ပေ။ မိုဝူကျိ သူတို့အဆောင်မျိုးနွယ်အပေါ် များစွာ အကျိုးပြုလိုက်ခြင်းသာ ဖြစ်၏။
မိုဝူကျိက အဆောင်မျိုးနွယ်အား ဧကရာဇ်ဆေးနှစ်ပုလင်း ပေးထားပြီး စုစုပေါင်းအားဖြင့် ဆေးလုံး ၁၂ လုံး ပါဝင်ပေသည်။ ဈေးနှုန်းအရ ထိုသည်မှာ ပညာရှိတာအိုအဆောင်၏ ထောင့်လေးတစ်ခုမျှပင် နှိုင်းယှဉ်ကြည့်၍ မရသေးပေ။
တခြားအမြင်အရ ကြည့်မည်ဆိုလျှင် ထိုဆေးနှစ်ပုလင်းမှာ အဆောင်မျိုးနွယ်အတွက် အလိုအပ်ဆုံးအရာ ဖြစ်နေ၏။ ဖူရှုဟန် မိုဝူကျိအား ပေးလိုက်သော ပညာရှိတာအိုအဆောင်မှာ ရေကန်ထဲမှ လ ဖြစ်နေပြီး ကြည့်ရှုရုံမျှသာ ဖြစ်၏။
နှစ်များစွာ ကျော်လွန်ပြီးနောက် အဆောင်မျိုးနွယ်စုတွင် မည်သူကမှ ပညာရှိတာအိုအဆောင်အား အောင်အောင်မြင်မြင် မသန့်စင်နိုင်ကြပေ။ အကယ်၍ အပြင်လူတစ်ဦးက ရောက်လာပြီး ပညာရှိတာအိုအဆောင်အား အောင်အောင်မြင်မြင် သန့်စင်နိင်သည်ဆိုလျှင် ဟာသ ဖြစ်နေပေမည်။
ဖူရှုဟန်က ဧကရာဇ်ဆေးလုံးကို သိမ်းလိုက်ပြီးနောက် မိုဝူကျိအား ဦးညွှတ်ကာ “ တာအိုသခင်မို …. တကယ်လို့ ပညာရှိတာအိုအဆောင်ထဲ ကမ္ဘာကူးအဆောင်ကို ရှာချင်ရင် ကျုပ် ခေါ်သွားပေးပါ့မယ် ”
မိုဝူကျိက အဆောင်မျိုးနွယ်အား ကောင်းကင်ဘုံအလွန်၌ နေထိုင်ခွင့် ပေးခဲ့ရုံသည်သာမက အင်မော်တယ်လောကသို့ လာဖို့ရာလည်း ဖိတ်ခေါ်ခဲ့သေးသည်။ ထို့အပြင် မိုဝူကျိက ဧကရာဇ်ဆေးလုံး နှစ်ပုလင်း လက်ဆောင်ပေးလာသေး၏။ တစ်ဖက်တွင် သူ ဖူရှုဟန်က မသန့်စင်နိုင်သည့် ပညာရှိတာအိုအဆောင်ကိုသာ ပေးလိုက်ရသည်။ ဖူရှုဟန်နှင့် မိုဝူကျိကြားရှိ အပေးအကမ်း ခြားနားချက်မှာ အရမ်းကွာလွန်းလှသည်။
“ ဘယ်လိုဖြစ်ဖြစ် ကျုပ်တစ်ချက်တော့ သွားကြည့်သင့်တယ်လို့ ထင်တယ်။ တာအိုသခင် လမ်းပြပေးပါဦး ” မိုဝူကျိက တုံ့ဆိုင်းခြင်းမရှိ ပြောလိုက်သည်။
အကယ်၍ ဖူဖေးယန်သာ ပညာရှိတာအိုအဆောင်အတွင်း အသက်ရှင်ခဲ့မည်ဆိုလျှင် သူ မိုဝူကျိက မည်သို့ မလုပ်နိုင်ဘဲ နေမည်နည်း။ အကယ်၍ သူသာ ပညာရှိတာအိုအဆောင်ကို သန့်စင်နိင်ခဲ့မည်ဆိုလျှင် ကိစ္စမရှိတော့ပေ။ မိုဝူကျိ အာရုံစိုက်နေသည်က သူက ပညာရှိတာအိုအဆောင်အတွင်း ကမ္ဘာကူးအဆောင် ရှာဖို့ရာ ဖြစ်၏။
ဖူရှုဟန်က ခေါင်းညိတ်လိုက်သော်လည်း ဘာမှဆက်မပြောတော့ပေ။ သူက အဆောင်သခင် အိမ်တော် အနောက်နံရံသို့ သွားလိုက်ပြီးနောက် သွေးတစ်ပွက် အန်ထုတ်လိုက်သည်။
ထိုအခါ သာမာန်ခန်းမဆောင်လေးအတွင်း လမ်းကြောင်းတစ်ခု ရုတ်တရက် ပေါ်လာလေ၏။ ဖူရှုဟန်က လက်ညိုးထိုးပြကာ “ တာအိုသခင်မို … ဒီလမ်းကြောင်းက ကျုပ်တို့အဆောင်မျိုးနွယ်ရဲ့ ပညာရှိတာအိုအဆောင်ဆီ ဦးတည်နေတာပါ ”
ဖူရှုဟန်က ပြောနေရင်း လမ်းကြောင်းပေါ် ခြေချလိုက်ပြီ ဖြစ်၏။ မိုဝူကျိက တာ့ဟွမ်နှင့် ရှိုက်ကောတို့အား သိမ်းကာ ဖူရှုဟန်နောက်မှ လိုက်လာလိုက်သည်။ အသက်ဆယ်ရှိုက်စာအတွင်း သူက အာကာပြင် အဝင်ဝသို့ ရောက်ရှိနေလေပြီ။
မိုဝူကျိ၏ စိတ်စွမ်းအားက အာရုံမခံနိင်သော်လည်း အဆောင်သခင်ခန်းမဆောင်နောက်မှ အဆုံးမဲ့ အာကာပြင်ကြီး ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သူ့ရှေ့ရှိ အာကာပြင်အတွင်း လေထဲ တွဲကာကျနေသည့် မှုန်ဝါးဝါး အဆောင်တစ်ခု ရှိနေသည်။ ထိုအဆောင်မှ ငွေရောင်အလင်းတချို့ ထုတ်လွှင့်နေပြီး ဘေးပတ်လည်တွင် မြူများ လွှမ်းခြုံထားလေသည်။
ကျယ်ပြောလွန်းကာ အဆုံးမဲ့စွမ်းအားများ ထွက်ပေါ်လာပြီး မိုဝူကျိက ဤသည်မှာ ရိုးရိုး အဆောင်တစ်ခု မဟုတ်ကြောင်း သိလိုက်သည်။
“ တာအိုသခင်မို … ဒါက ကျုပ်တို့မျိုးနွယ်ရဲ့ ပညာရှိတာအိုအဆောင်ပါ။ ဒီမှာ ချိတ်ဆွဲထားတာ နှစ်အတော်ကြာနေပြီဆိုပေမဲ့ ဘယ်သူကမှ မသန့်စင်နိုင်ကြဘူး ” ဖူရှုဟန်က သက်ပြင်းချကာ ပြောလိုက်သည်။ သူ ဖူရှုဟန်က ပညာရှိတာအိုအဆောင်မှ အသက်ရှင်လျက် ထွက်လာနိုင်သူထဲမှ တစ်ဦး ဖြစ်ပေသည်။ သူကိုယ်တိုင်လည်း မသန့်စင်နိင်ခဲ့ပေ။
ပညာရှိတာအိုအဆောင်နှင့် သူတို့အဆောင်မျိုးနွယ်၏ ရှင်သန်မှုကြားတွင် မျိုးနွယ် ရှင်သန်မှုကိုသာ ရွေးချယ်မိပေမည်။
“ အဆောင်သခင် ဒီအထိ ခေါ်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျုပ်က ပညာရှိတာအိုအဆောင်ထဲ ဘယ်လိုဝင်ရမလဲ ” မိုဝူကျိက ပညာရှိတာအိုအဆောင်ကို မြင်ပြီးနောက် ချက်ချင်း စိတ်ဝင်စားလာမိသည်။ အဆုံးမဲ့ အဆောင်မျိုးသည် စကြဝဠာတစ်ခုနှင့် ညီမျှပေသည်။
ဖူရှုဟန်က ပြန်ဖြေပေးလိုက်၏ “ ပညာရှိတာအိုအဆောင်က ကျုပ်တို့ အဆောင်မျိုးဆက်ရဲ့ သွေးကို လိုအပ်တယ်။ နှစ်ထောင်ချီတိုင်း တစ်ခါပဲ ဖွင့်လို့ရတယ်။ တကယ်လို့ တာအိုသခင်မို ဆုံးဖြတ်ချက် ချပြီးရင် တာအိုသခင်မိုကို အထဲ ပို့ပေးပါ့မယ် ”
အဆောင်မျိုးဆက်၏ သွေးလိုတာလား ….
မိုဝူကျိက ဖူရှုဟန်သည် မည်သို့အကျိုးပြုနေကြောင်း နားလည်သွားပေသည်။ တခြားနည်းဖြင့်ဆိုလျှင် အဆောင်မျိုးနွယ် ထွက်သွားသည်နှင့် မည်သူကမှ ပညာရှိတာအိုအဆောင်ကို ဖွင့်နိုင်မည် မဟုတ်တော့ပေ။ သူက မည်သို့ သန့်စင်နိုင်မည့်အကြောင်းကို ထည့်မပြောလျှင်ပင် သူ့အနေနှင့် ပညာရှိတာအိုအဆောင်အတွင်းပင် ဝင်နိုင်မည် မဟုတ်ပေ။
ဤအဆောင်၏ ကျယ်ပြောကာ ကြီးမားလှသည့်အချက်အရ မိုဝူကျိသည် ဤအဆောင်ထဲ တစ်ယောက်တည်း ဝင်ဖို့ရာ လုံလုံလောက်လောက် အားမကောင်းသေးကြောင်း ခံစားမိနေသည်။
အကယ်၍ ဖူရှုဟန်သည် မိုဝူကျိအား ဤနေရာသို့ ခေါ်လာပြီးနောက် ထွက်သွားလျှင် သူ ပေးလိုက်သည့်အရာများက လုံလောက်သည်ဟု ယုံကြည်ထားသည်။ ယခုအခါ ဖူရှုဟန်က သူ့သွေးကိုပင် ထုတ်၍ အဆောင်ထဲ ဝင်ဖို့ အသုံးပြုပေးရမည်ဖြစ်ကာ မိုဝူကျိက သူ့ပစ္စည်းများမှာ မလုံလောက်သေးကြောင်း ခံစားမိလာသည်။
မိုဝူကျိက သူများအပေါ် အခွင့်အရေးယူရသည်ကို မနှစ်သက်ပေ။ သူက ဖူဖေးယန်သည် သူ့ဖီကာရွံ့စေး လိုချင်နေသည့်အကြောင်းကို တွေးမိလိုက်ပြီး ထိုပစ္စည်းမှာ အဆောင်မျိုးနွယ်အတွက် အလွန်အရေးကြီးနေကြောင်း ခံစားမိလိုက်သည်။
မိုဝူကျိက ထိုအတွေးဖြင့် ကျန်ရှိနေသော ဖီကာရွံ့စေး တစ်ဝက်အား ထုတ်ပေးကာ
“ ကျုပ်က ပညာရှိတာအိုအဆောင်ကို မသန့်စင်နိုင်ရင်တောင် ဒါက အဆောင်မျိုးနွယ်ရဲ့ နံပါတ်တစ် ရတနာ ဖြစ်နေတာပဲလေ။ ကျုပ်မှာ ဘာမှပေးစရာတော့ မရှိပေမဲ့ ဒါလေးကို လက်ဆောင်ပေးလိုက်ပါရစေ ”
“ အာ ….” ဖူရှုဟန်သည် ကြောင်အမ်းသွားလေ၏။ မိုဝူကျိလက်ထဲမှ ဖီကာရွံ့စေး၏ တန်ဖိုးမှာ ခန့်မှန်း၍ပင် မရပေ။ သူ့အနေနှင့် သူ မသန့်စင်နိုင်သည့် ပညာရှိတာအိုအဆောင်နေရာအား ပြသလိုက်ခြင်းသာ ဖြစ်၏။ ထိုသို့ဆိုလျှင်ပင် သူက မိုဝူကျိ တစ်ယောက် ဖီကာရွံ့စေး ထုတ်ပေးသည့်အကြောင်းကို သိပေသည်။ အကြောင်းမှာ အစပိုင်းတွင် အဆောင်မျိုးနွယ်၏ သွေးကို လိုအပ်မှန်း မသိခဲ့၍ ဖြစ်သည်။
မိုဝူကျိက ဖြောင့်မတ်သောသူ ဖြစ်ပေသည်။ ထိုသည်က ဖူရှုဟန်အား များစွာ စိတ်ချယုံကြည်သွားစေ၏။ သူက မိုဝူကျိလိုမျိုး မိတ်ဆွေကို မဆုံးရှုံးလိုက်ရပေ။ သူက မိုဝူကျိသည် ပညာရှိတာအိုအဆောင်အား မသန့်စင်နိုင်လျှင်ပင် အန္တရာယ်ကင်းကင်း ထွက်လာနိုင်လိမ့်မည်ဟု ယုံကြည်နေမိသည်။ မိုဝူကျိလိုမျိုး မိတ်ဆွေသည် တန်ဖိုးထားရမည့် လူစားမျိုး ဖြစ်ပေသည်။
“ တာအိုသခင်မို …. ကျုပ် ဒီဖီကာရွံ့စေးကို လက်မခံနိုင်ဘူး။ ပြီးတော့ တာအိုသခင်မိုက ပညာရှိတာအိုအဆောင်ကို သန့်စင်နိုင်ဖို့ဆိုတာ အခွင့်အရေး ၁ ရာခိုင်နှုန်းတောင် မရှိဘူး။ တကယ်လို့ ကျုပ်သာ ဖီကာရွံ့စေးကို လက်ခံလိုက်ရင် အရမ်း …. ”
***