← Chapters

မြင်ကွင်း အပြောင်းအလဲ

Vol. 60 Ch. 832

မြင်ကွင်း အပြောင်းအလဲ

Vol. 60 Ch. 832

“ ဒါပေမဲ့ ကျုပ် သန့်စင်နိင်ခဲ့ရင်ရော ….” ဖီကာရွံ့စေးသည် အဆောင်မျိုးနွယ်အတွက် ထိပ်တန်းရတနာ ဖြစ်နေမှန်း သိသော်လည်း မိုဝူကျိက သူတို့အပေါ် အခွင့်ကောင်း မယူလိုပေ။

နောက်အကြောင်းအရင်းတစ်ခုမှာ မိုဝူကျိက ဖီကာရွံ့စေး၏ အသုံးဝင်မှုကို တကယ် နားမလည်သေး၍ ဖြစ်သည်။ သူက ရွိုက်ကောဆီမှ အနည်းငယ်မျှသာ ကြားဖူးထားခြင်း ဖြစ်၏။ အမှန်တော့ ဖီကာရွံ့စေးသည် အဆောင်မျိုးနွယ်အတွက်တင် မကဘဲ ကျင့်ကြံသူအားလုံးအတွက် ထိပ်တန်းရတနာ ဖြစ်ပေသည်။

မိုဝူကျိ စိတ်ထဲ၌ ပညာရှိတာအိုအဆောင်ကို မသန့်စင်နိုင်လျှင် ဘာမှဖြစ်လာမည် မဟုတ်သော်လည်း သူသာ သန့်စင်နိုင်ခဲ့လျှင် ယခု ဖီကာရွံ့စေးကို ထုတ်ပေးထားခြင်းက သူ့အတွက်လည်း ကောင်းပေ၏။ ပညာရှိတာအိုအဆောင်မှာ အဆောင်မျိုးနွယ်၏ ရတနာ ဖြစ်နေသည် မဟုတ်ပါလော။

ဖူရှုဟန်က လေးလေးနက်နက် ပြောလိုက်သည်

“ တကယ်လို့ တာအိုသခင်မိုက ပညာရှိတာအိုအဆောင်ကို သန့်စင်နိုင်ခဲ့ရင် တာအိုသခင်မိုနဲ့ ပညာရှိတာအိုအဆောင်ကြားမှာ ဆက်နွယ်မှု ရှိတယ်ဆိုတာ ပြနေတာပေါ့။ အဲဒါကြောင့် တာအိုသခင်မိုရဲ့ အပိုင်ပဲ ဖြစ်သင့်ပါတယ်။ တာအိုသခင်မိုက ဖြောင့်မတ်တဲ့သူဆိုတာ သိပါတယ်။ ဒါပေမဲ့ ဖီကာရွံ့စေးရဲ့ ဈေးနှုန်းက အရမ်း  ….. ပြီးတော့ ဒီဖီကာရွံ့စေးက စကြဝဠာထဲမှာ တစ်ခုတည်းကျန်နေတဲ့ ရွံ့စေးလည်း ဖြစ်နေနိုင်တယ် ”

ဖူရှုဟန်က ပြောနေရင်း မိုဝူကျိသည် ဤဖီကာရွံ့စေးကို ပေးဖို့ရာ အမှန်တကယ် ဆန္ဒရှိကြောင်း ခံစားမိနေသည်။ ထို့ကြောင့် သူက ဆက်ပြောလိုက်သည်

“ ခင်ဗျားက အတင်းပေးနေမှတော့ ကျုပ်တို့တွေ တစ်ဝက်စီ ပြန်ခွဲယူရင် မကောင်းဘူးလား။ မဟုတ်ရင် ကျုပ် တာအိုသခင်မိုနဲ့ မိတ်ဆွေဖြစ်လာဖို့ မျက်နှာမပြရဲတော့ဘူး။ အနစ်နာမခံဘဲ အကျိုးမြတ် လက်ခံဖို့ပဲ သိတဲ့သူက မိတ်ဆွေအစစ်လို့ မခေါ်ထိုက်ဘူးလေ ”

ဖူရှုဟန်အတွက် မိုဝူကျိ ထုတ်ပေးလာသော  ဤဖီကာရွံ့စေးလေးမှာ အရမ်းကြီးမားလွန်းနေပြီ ဖြစ်၏။ သူက ဖီကာရွံ့စေးအကြောင်း မိုဝူကျိထက် နားလည်ထားသော်လည်း ဖီကာရွံ့စေး၏ တန်ဖိုးအမှန်ကိုတော့ ကောက်ချက်မချနိုင်သေးပေ။

မိုဝူကျိက ဆက်၍ အချိန်မဖြုန်းတော့ဘဲ ခွန်းဝူဓားကို ထုတ်ကာ ဖီကာရွံ့စေးအား နှစ်ပိုင်း ဖြတ်လိုက်တော့သည်။

ကြောက်မက်ဖွယ် ဓားအသိက နေရာတစ်ခုလုံးကို လွှမ်းခြုံသွားပြီး ဖီကာရွံ့စေးသည်လည်း မကြာခင် နှစ်ပိုင်း ဖြစ်သွားတော့၏။ ဖီကာရွံ့စေးလိုမျိုး ပစ္စည်းမျိုးသည် ဖြတ်ဖြတ်ပြီးချင်း တန်းသန့်စင်ဖို့ လိုအပ်ပေသည်။ မဟုတ်လျှင် အချိန်ကြာသွားလျှင် အင်မတန် မာကြောသွားမည် ဖြစ်၏။

မိုဝူကျိက သူ့ဖီကာရွံ့စေး တစ်ဝက်အား ပြန်သိမ်းထားလိုက်ပြီး တစ်ဝက်ကို ဖူရှုဟန်အား ပေးလိုက်သည်  “ ကျုပ်တို့တွေ အစ်ကိုဖူရဲ့ စကားအတိုင်း လုပ်ကြတာပေါ့။ အစ်ကိုဖူက ဒီနေ့ကစပြီးတော့ ကျုပ်ရဲ့ မိတ်ဆွေပဲ ”

ဖူရှုဟန်လည်း မိုဝူကျိအပေါ် အခွင့်ကောင်း မယူလိုပေ။ ထိုသည်က မိုဝူကျိအနေနှင့် သူ့အပေါ် ပို၍ လေးစားသွားစေသောအချက် ဖြစ်၏။ ဖူရှုဟန်သည် ဖီကာရွံ့စေးလိုမျိုး ပစ္စည်းကိုပင် ငြင်းပယ်လေရာ အမှန်တကယ် မိတ်ဆွေဖွဲ့ထိုက်သူမှန်း သိသာလှသည်။

ခွန်းဝူဓားကို မြင်ပြီးနောက် ဖူရှုဟန် စိတ်ထဲ ပို၍ အံ့ဩနေမိသည်။ ဖူဖေးယန်နှင့် တိုက်ပွဲအတွင်း မိုဝူကျိက အမှန်တကယ် အင်အားကို မပြသခဲ့ကြောင်း သေချာသိလိုက်၏။ ယခု သူ မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရသည့် ကြောက်မက်ဖွယ် ဓားအသိမှာ အဆောင်တစ်ထောင်တောင်ကိုပင် အပိုင်းပိုင်း ဖြစ်သွားစေနိုင်သည်။

“ ညီလေးမိုလိုမျိုး လူနဲ့ မိတ်ဆွေဖွဲ့နိုင်တာက ကျုပ်ရဲ့ ကံကောင်းမှုပါပဲ …. ဒီလိုဆိုမှတော့ ကျုပ် ဆက်မငြင်းတော့ပါဘူး ” ဖူရှုဟန်က လောကဝတ်ချော်မနေတော့ဘဲ ဖီကာရွံ့စေး တစ်ဝက်ကိုသာ သိမ်းထားလိုက်တော့သည်။ သူက မိုဝူကျိသည် သူ့အား အဆောင်သခင်ဟု မခေါ်တော့သည်ကို ကျေနပ်နေမိ၏။ မိုဝူကျိက သူ့အား မိတ်ဆွေတစ်ယောက်ကဲ့သို့ သဘောထားနေသည်မှာ သိသာလှသည်။

ဖီကာရွံ့စေးကို ဂရုတစိုက် သိမ်းဆည်းပြီးနောက် ဖူရှုဟန်သည် မိုဝူကျိအား ချိတ်ဆွဲထားသည့် အဆောင်ကို ညွှန်ပြရင်း လက်ဟန်တချို့ ပြုလုပ်လိုက်သည်။

မိုဝူကျိက အစီအရင်ဆရာ တစ်ယောက် ဖြစ်၍ သတ္တကမ္ဘာ လက်ချောင်းပညာရပ်ကိုပင် လေ့လာဖူးလေသည်။ ဖူရှုဟန်၏ လက်ဟန်များကို ကြည့်ရင်း သူက ကမ္ဘာအသစ်တစ်ခု တွေ့လိုက်ရသည့်အလား ခံစားလိုက်ရသည်။

ဖူရှုဟန်၏ လက်ဟန်များသည် အဆောင်သင်္ကေတများနှင့် အစီအရင် အတားအဆီးများ ပေါင်းစပ်ထားသောကြောင့် ထူးခြားသည့် တာအိုလက်ဟန် နည်းစနစ်မျိုး ပေါ်နေသည်။

လက်ဟန်များ လုပ်ပြီးသည့်နောက်တွင် ဖူရှုဟန်က  သူ့နဖူးကို ဘမ်းခနဲ ပြန်ရိုက်ချလိုက်သည်။ သူ့ကြောင့် ဖြစ်ပေါ်လာသည့် သွေးတန်းက အာကာပြင်ထဲ ရောက်သွားပြီး ငွေရောင်အဆောင်ထဲ ဝင်သွားလေ၏။

အဆောင်မှ ငွေရောင်ဖျော့ဖျော့ အလင်းတန်းလေး ပေါ်လာပြီး ထိုငွေရောင်အလင်းတန်းမှာ ငွေရောင် တံခါးကြီးအဖြစ် ပြောင်းလဲသွားသည်။ ထိုတံခါးကြီးမှာ မှိန်ဖျော့နေသောကြောင့် အချိန်မရွေး ပျောက်ပျက်သွားနိုင်လေ၏။

ဖူရှုဟန်၏ မျက်နှာမှာ အနည်းငယ် ဖြူဖျော့နေသော်လည်း သွေးဆက်ထွက်ဖို့ရာ ဆက်ရိုက်ဖို့ တုံ့ဆိုင်းမနေပေ။ မှိန်ဖျော့ဖျော့ တံခါးကြီးက ပို၍ သိသာလာကာ လူတစ်ယောက် ဝင်နိုင်သည့်အထိ ဖြစ်လာသည်။

“ ညီလေးမို …. မြန်မြန် နောက်မှ ကျုပ်တို့တွေ တွေ့ကြတာပေါ့ ” ဖူရှုဟန်က မိုဝူကျိအား အသည်းအသန် အော်ပြောလိုက်သည်။ မိုဝူကျိသည် ပညာရှိတာအိုအဆောင်ထဲ ဝင်သွားသည်နှင့် နှစ်များစွာကြာပြီးမှ ထွက်လာနိုင်သလို ပြန်၍ ထွက်မလာနိုင်တာမျိုးလည်း ဖြစ်နိုင်ပေသည်။

“ အစ်ကိုဖူ ကျေးဇူးပါ။ တကယ်လို့ အခက်အခဲရှိပြီး ကျူပ် အကူအညီလိုရင် လာပြောလှည့်ပါ ” မိုဝူကျိက လက်နှစ်ဖက် ယှက်ကာ ငွေရောင်တံခါးထဲ ပြေးဝင်လိုက်တော့သည်။

မိုဝူကျိ ဝင်ပြီးသည့်နောက်တွင် တံခါးကြီးက ပျောက်ကွယ်သွားလေ၏။

ဖူရှုဟန်က သက်ပြင်းချလိုက်သည်။ သူ့အနေနှင့် ပညာရှိတာအိုအဆောင်ကို အကြိမ်များစွာ ဖွင့်ဖူးသော်လည်း သူ့အနေနှင့် ဖွင့်ဖို့ရာ ပို၍ ခက်ခဲလာကြောင်း အမြဲတမ်း ခံစားခဲ့ရသည်။ အကယ်၍ နောက်တစ်ကြိမ်ဆိုပါက သူ့အနေနှင့် အောင်အောင်မြင်မြင် ဖွင့်နိုင်ပါ့မလား သံသယဝင်မိ၏။

အမှန်တိုင်းပြောရလျှင် ဖူရှုဟန်က ပညာရှိတာအိုအဆောင်ကို ဆက်လက်၍ မကာကွယ်တော့ဘဲ အဆောင်တစ်ထောင်တောင်မှ ထွက်သွားရန် ရွေးချယ်သည့် နောက်ထပ် အကြောင်းအရင်းလည်း ရှိနေသေးသည်။

တစ်ချက်မှာ အဆောင်မျိုးနွယ်၏ သွေးမျိုးဆက် လျော့နည်းလာပြီး နောက်တစ်ချက်မှာ ပညာရှိတာအိုအဆောင်သည် ဖြည်းဖြည်းချင်း အဆောင်မျိုးနွယ်နှင့် ဆက်နွယ်မှု မရှိတော့ကြောင်း ခံစားမိနေ၍ ဖြစ်သည်။ နှစ်အနည်းငယ်ကြာပြီးသည့်နောက်တွင်  အဆောင်မျိုးနွယ်၏ သွေးနှင့်ပင် ပညာရှိတာအိုအဆောင်အား ဖွင့်နိုင်တော့မည် မဟုတ်ပေ။ ထိုစဉ် အဆောင်မျိုးနွယ်မှာ ပညာရှိတာအိုအဆောင်အား သူတို့အပိုင်ဟု ဆိုနိုင်တော့မည် မဟုတ်ချေ။

ဖူရှုဟန် အသိပြန်မဝင်လာခင် ကျယ်လောင်သော ပေါက်ကွဲသံကြီး တစ်ခုက တည်နေရာတစ်ခုလုံးကို အပိုင်းပိုင်း ဖြစ်သွားစေ၏။

ထို့နောက် ဖူရှုဟန်က သူ့ရှေ့တွင် ရှိနေသော ငွေရောင်အလင်းတန်းများကို ကြောင်အမ်းအမ်း ကြည့်လိုက်သည်။ ပညာရှိတာအိုအဆောင်သည် အလျှင်အမြန် လှည့်ပတ်နေပြီး အားကောင်းသည့် အားတစ်ခုက ဖူရှုဟန်အား ဤနေရာမှာ နောက်အခိုက်အတန့်လေး၌ တစစီ ‌ပေါက်ကွဲထွက်တော့မည် ဖြစ်ကြောင်း ခံစားမိလာသည်။ အဆောင်တစ်ထောင်တောင် အပါအဝင် တည်နေရာတစ်ခုလုံးမှာ ထိုအင်အားကြောင့် တစစီ ဖြစ်သွားပေမည်။

“ မကောင်းတော့ဘူး ” ဖူရှုဟန် စိတ်ထဲ အေးခဲသွားလေ၏။ သူက အဆောင်မျိုးနွယ်၏ သွေးမျိုးဆက် မဟုတ်သည့်သူ တစ်ယောက်ကို ပို့လွှတ်လိုက်၍ ပညာရှိတာအိုအဆောင်က အပြင်းအထန် ပြုမူနေသည်ဟု မှန်းဆမိလိုက်သည်။

မိုဝူကျိအား စိတ်ပျက်စေခဲ့သောကြောင့် အပြစ်တင်စိတ် ခံစားမိသော်လည်း ယခုအရေးကြီးဆုံးမှာ အဆောင်မျိုးနွယ်မှ လူတိုင်းအား ဘေးကင်းရာသို့ ပြောင်းရွေ့ပေးနိုင်ရန် ဖြစ်၏။

ဖူရှုန်ဟန်က အချိန်ဆက်မဖြုန်းတော့ဘဲ အဆောင်သခင်ခန်းမမှ ထွက်ကာ အော်ပြောလိုက်သည်

“ အဆောင်သခင်အနေနဲ့ အားလုံးကို အဆောင်တစ်ထောင်တောင်ကနေ ထွက်သွားဖို့ အမိန့်ပေးတယ်။ ဒီနေရာက အာကာပြင်ရဲ့ ဝါးမျိုမှုကို ခံရတော့မှာမလို့ အားလုံး မြန်မြန် ထွက်သွားကြ ….. ”

ဖူရှုဟန်၏ စကားများကိုပင် မကြားလျှင်ပင် အဆောင်မျိုးနွယ်မှ လူများမှာလည်း တစ်ခုခု လွဲမှားနေကြောင်း သိကြပေ၏။ တည်နေရာ တုန်ခါမှု သို့မဟုတ် စည်းမျည်းများ ရှုပ်ထွေးမှုတို့ကြောင့်သာ မဟုတ်ဘဲ အဆောင်တစ်ထောင်တောင် တစ်ခုလုံးမှာ မြေငလျှင်ကဲ့သို့ အပြင်းအထန် တုန်ခါနေလေသည်။

ဖူရှုဟန်က အဆောင်တစ်ထောင်တောင်မှ အပြေးအလွှား ထွက်ကာ အဆောင်တစ်ထောင်တောင် အပြင်ဘက်၌ ဧရာမ ပျံသန်းရေး ယာဉ်တစ်စင်းကို ရပ်နားထား၏။ လူတစ်သောင်းကျော်လောက်က ထိုသင်္ဘောပျံပေါ် ပြေးဝင်လာကြသည်။

အဆောင်တစ်ထောင်တောင် ပြိုလဲပျက်စီးသွားပြီး သူ့ရှေ့မှ အာကာပြင်တစ်ခုလုံး ပျက်စီးသွားသည်ကို ကြည့်ကာ  ဖူရှုဟန်က သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။ သူက ဤနေရာမှ ထွက်ဖို့ရန် သင်္ဘောပျံအား ထိန်းချုပ်လိုက်သည်။

အဆောင်တစ်ထောင်တောင်မှ မလွတ်မြောက်နိုင်သည့် တစ်ဦးတည်းသောသူမှာ ဖူဖေးယန်သာ ဖြစ်၏။ ဖူဖေးယန်၏ ကျင့်ကြံဆင့်များမှာ ပျက်စီးသွားပြီ ဖြစ်ရာ တစ်စုံတစ်ဦး၏ အကူအညီမပါရှိဘဲ သူ့အနေနှင့် ကိုယ့်ဘာသာ လွှတ်မြောက်နိုင်မည် မဟုတ်ပေ။

“ ဝုန်း ” ကြောက်မက်ဖွယ် ပေါက်ကွဲသံကြီးကို ကြားလိုက်ရပြီး ဖူရှုဟန်အပါအဝင် အဆောင်မျိုးနွယ်မှ လူတိုင်းလည်း ကြားလိုက်ရသည်။ သူတို့ဘေးပတ်လည်ရှိ နေရာများမှာလည်း ပျက်စီးလိုက်လာလေ၏။ အဝေးရှိ အဆောင်တစ်ထောင်တောင်မှာ ဗလာနတ္ထိအဖြစ် ဖျက်စီးခံလိုက်ရသည်။ ဖူရှုဟန်၏ သင်္ဘောပျံပင် ပေါက်ကွဲလှိုင်းအားကြောင့် အပြင်းအထန် တုန်ခါသွားသေးသည်။

“ အဆောင်သခင် … ဘယ်လိုဖြစ်တာလဲ။ ကျုပ်တို့တွေ အခု ဘယ်သွားကြမလဲ ” မေးလိုက်သူမှာ အင်မော်တယ် ဧကရာဇ်တစ်ဦး ဖြစ်၏။

ဖူရှုဟန်က ပျောက်ပျက်သွားသော အဆောင်တစ်ထောင်တောင်ကို ကြည့်ကာ သက်ပြင်းချလိုက်ရင်း

“ နည်းနည်း အလျှင်လိုသွားပေမဲ့ ငါတော့ ဆုံးဖြတ်ချက် ပြတ်ပြတ်သားသား ချပြီးပြီ။ ငါတို့တွေ ကောင်းကင်ဘုံအလွန် စကြဝဠာဆီ သွားကြမယ်။ အဲဒီမှာ ငါတို့ဘဝကို ပြန်စကြမယ် ”

………….…

မိုဝူကျိက ပညာရှိတာအိုအဆောင်ထဲ ဝင်လိုက်သည်နှင့် တစ်ခုခု လွဲမှားနေကြောင်း ခံစားမိလိုက်သည်။ သူက ပညာရှိတာအိုအဆောင်သည် လျို့ဝှက်နယ်မြေကဲ့သို့ အန္တရာယ်များကြောင်း တွေးခဲ့မိသော်လည်း သူ အထဲသို့ ရောက်ပြီးသည့်အချိန်တွင် အတွေးမှားခဲ့ကြောင်း သိလိုက်ရသည်။

သူ့ဘေးပတ်လည်မှ တည်နေရာမှာ ဝေဝါးလာပြီး သူ့အနေနှင့် ကောင်းကင်နှင့် မြေကြီးကိုလည်း မမြင်ရပေ။ အတိအကျပြောရလျှင် ဘာဆိုဘာမှ မမြင်ရပေ။ သူ ခံစားမိသည့် တစ်ခုတည်းသောအရာမှာ သူ ဝင်လိုက်သည့်အချိန်ကတည်းမှ အာကာပြင်၏ ဆက်တိုက် လွှမ်းခြုံရစ်ပတ်မှုသာ ဖြစ်၏။

မိုဝူကျိက သူ့လေလွတ်မြောက်ရေး နည်းစနစ်မှာ ဤနေရာ၌ အတော်ကြာ ပုန်းကွယ်နိုင်စွမ်း ရှိကြောင်း သိသော်လည်း ပြဿနာအရင်းအမြစ်အတွက် ဖြေရှင်းနည်း မဟုတ်သေးပေ။ အချိန်ကြာလာသည်နှင့် ရစ်ပတ်ထားသော အာကာပြင်မှာ သူ့အား တစစီ လုပ်နိုင်စွမ်း ရှိလာပေမည်။

“ အား ” မိုဝူကျိ ပေါင်တစ်လျောက် နာကျင်မှု တိုးလာပြီး ပေါင်မှ အသားပိုင်းကြီး ပျောက်သွားသလို ခံစားလိုက်ရသည်။ မိုဝူကျိက သူ့ထာဝရ ကမ္ဘာထဲ ဝင်ဖို့ရာ မည်မျှ အလိုမရှိနေစေကာမူ ယခုတွင် သူ့အနေနှင့် ထာဝရ ကမ္ဘာအတွင်းသို့ ဝင်ဖို့ရွေးချယ်ရုံအပြင် မရှိတော့ပေ။

ဖူရှုဟန်က ဤနေရာ၌ သေဆုံးနိုင်ခြေ ၉၀ ရာခိုင်နှုန်း ရှိကြောင်း ပြောသည်မှာ မထူးဆန်းတော့ပေ။ မည်သို့ ၉၀ ရာခိုင်နှုန်း ဖြစ်နိုင်မည်နည်း။ သူသာ ဘာမှမလုပ်ဘဲ နေနေလျှင် သေချာပေါက် ရာနှုန်းပြည့်သာ ဖြစ်၏။

မဟုတ်သေးပါဘူး ….

ဖူဖေးယန် တစ်ယောက် ပညာရှိတာအိုအဆောင်ထဲ ဝင်နိုင်ခဲ့သည်ကို ရုတ်ချည်း ပြန်တွေးမိသွား၏။ မိုဝူကျိက ဖူဖေးယန်၏ စွမ်းရည်ကို ကောင်းကောင်း သိပေသည်။ သူက အမှန်တကယ် ပါရမီရှင် တစ်ယောက် ဖြစ်၏။ သို့သော်လည်း ဖူဖေးယန်က သူ့ထက် အားကောင်းသည်ဟု ပြောမည်ဆိုလျှင် မယုံပေ။ အကယ်၍ ဖူဖေးယန်က အားပိုမကောင်းနေလျှင် ဖူဖေးယန်က ဤပညာရှိတာအိုအဆောင်၌ မည်သို့ အသက်ဆက်ရှင်နိုင်သနည်း။

ဒါမှမဟုတ် ဖူဖေးယန် ဝင်ဝင်ချင်း  ရင်ဆိုင်ရသည့် အန္တရာယ်မှာ ဤကြောက်မက်ဖွယ် အာကာပြင်ကြီး မဟုတ်တာလား …

“ သခင်ကြီး … ဟုန်မုန့်စွမ်းအင်ကို ရွေ့လိုက်ရမလား ” ရွိုက်ကောက မိုဝူကျိ တစ်ယောက် ထာဝရ ကမ္ဘာထဲ ဝင်လာသည်ကို မြင်၍ အပြေးအလွှားသွားကာ မေးလိုက်သည်။

“ သွားပြီးတော့သာ ကျင့်ကြံနေစမ်းပါ ” မိုဝူကျိက စိတ်မရှည်စွာ ပြောလိုက်သည်။

အကယ်၍ ဤသို့မျိုး ဒဏ်ရာလေးက ဟုန်မုန့်စွမ်းအင် လိုအပ်နေလျင် သူ့ရုပ်ခန္ဓာ ကျင့်ကြံမှုကား အလကားဖြစ်ပေလိမ့်မည်။

ရွိုက်ကောက ကျင့်ကြံနေသည့် တာ့ဟွမ်အား ကူကယ်ရာမဲ့စွာ ကြည့်လိုက်ရင်း ကျင့်ကြံဖို့အတွက် နေရာသာ ရှာလိုက်တော့သည်။ ရွိုက်ကောအတွက် သည်းခံရ အခက်ဆုံးအရာမှာ ကျင့်ကြံခြင်းသာ ဖြစ်၏။ သူက ကျင့်ကြံဖို့ မလိုသရွေ့ ကျန်အရာအားလုံးကို လုပ်ဖို့ရာ ဆန္ဒရှိပေသည်။

အဆင့် ၇ အင်မော်တယ်သားရဲသို့ ရောက်ရှိပြီးနောက်တွင် ဆက်လက် ကျင့်ကြံဖို့ လိုသေးကြောင်း မည်သူ သိမည်နည်း။

မိုဝူကျိက ပြင်ပနေရာအား  စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့်လိုက်သည်။

မိုဝူကျိက ခေါင်းခါကာ စိတ်ကို ရှင်းရှင်းထားလိုက်သည်။ ကံကောင်းလှစွာ သူ့ထာဝရ ကမ္ဘာမှာ သေးငယ်သည့်အတွက် ထိုကြောက်မက်ဖွယ် အာကာပြင်ကြီးက သူ့ထာဝရ ကမ္ဘာလေးကို လွှမ်းခြုံထားသော်လည်း ဘာမှသက်ရောက်မှု မရှိပေ။

သူက စောစောလေးက အသက်ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့သော်လည်း မိုဝူကျိက ဖူရှုဟန်ကို သံသယ မဝင်မိပေ။ သူ့အသိစိတ်က ဖူရှုဟန်နှင့် ဖူဖေးယန်တို့သည် စရိုက်မတူသည့် လူများဖြစ်ကြောင်း ပြောနေလေ၏။

သူက ပညာရှိတာအိုအဆောင်ထဲ ဝင်ပြီးနောက်  ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များသည် ဖူရှုဟန်နှင့် မသက်ဆိုင်ပေ။ ဖူရှုဟန်ပင် အထဲ၌ ဘာဖြစ်နေမှန်း သိမည် မဟုတ်ပေ။

***

All Chapters