ငါက တကယ်အားကောင်းတယ်
Vol. 60 Ch. 833
မူမမှန်သည့် အာကာပြင်ကြီးက ဆက်တိုက် တွန့်လိမ်ကာ ရစ်ပတ်နေဆဲ ဖြစ်သည်။ မိုဝူကျိက သူ့ထာဝရ ကမ္ဘာထဲ မလှုပ်မရှား ဆက်နေနေရမည်ကို စိုးရိမ်လာမိသည်။ သူ့ထာဝရ ကမ္ဘာမှာ အခြေမငြိမ်သေးသည့်အတွက် သူ့အနေနှင့် ထိုမူမမှန်သည့် အာကာပြင်ကြီးကြောင့် ထာဝရ ကမ္ဘာကို တစစီ ဖျက်စီးသွားမည့်အရေးအား အမှန်တကယ် ထိတ်လန့်လာမိသည်။
မိုဝူကျိ၏ စိတ်စွမ်းအားမှာ ထာဝရ ကမ္ဘာပြင်ပ၌ ဆက်တိုက် လှည့်ပတ်နေလေ၏။ တစ်ခါတစ်ရံတွင် သူက ထိုမူမမှန်သည့် အာကာပြင်ကြီးကို ရှောင်ကွင်းဖို့ ကြိုးစားကြည့်လိုက်သေးသည်။
ထိုစဉ် သူ့စိတ်စွမ်းအားအတွင်း အစိမ်းရောင်အဆောင် တစ်ခု ဝင်ရောက်လာသည်။ မိုဝူကျိက ရုတ်ချည်း ထရပ်လိုက်သည်။ သူက အဆောင်တာအိုကို မလေ့လာဖူးသော်လည်း ထိုအဆောင်ကိုတော့ ကောင်းကောင်း သိပေသည်။ ထိုသည်မှာ အဆင့် ၉ အင်မော်တယ်အဆောင် ဖြစ်သည့် ကျာစစ်အသက်ဓာတ် အဆောင်ဖြစ်သည်။
(ကျာစစ် အဆောင် တစ်ခုက နှစ်ခြောက်ဆယ်နှင့် တူ၏ )
ထိုအဆောင်၏ အသုံးဝင်မှုမှာ အသက်ရွယ် ရနေသည့် အင်မော်တယ်ဧကရာဇ် တစ်ဦးအား နောက်ထပ် နှစ် ၆၀ သက်တမ်း တိုးမြင့်ပေးနိုင်သည်။ သာမာန် အင်မော်တယ် တစ်ယောက်အတွက် နှစ် ၆၀ မှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားနိုင်သော်လည်း အဆောင်တစ်ခုက အင်မော်တယ် ဧကရာဇ်၏ သက်တမ်းအား နှစ် ၆၀ တိုးမြင့်ပေးနိုင်ခြင်းမှာ ရိုးရှင်းသည့်အရာတော့ မဟုတ်ပေ။
ဤနေရာတွင် အဆောင်များ ရှိနေသည်။
မိုဝူကျိက တွေးမိလိုက်သည်နှင့် စိတ်စွမ်းအားကို ဝေးဝေး ဖြန့်ကျက်လိုက်လေ၏။ ဤနေရာသို့ ရောက်လာသည့် သူ့ရည်ရွယ်ချက်မှာ ကမ္ဘာကူးအဆောင်ကို ရဖို့ရာ ဖြစ်၏။
မူမမှန်သည့် အာကာပြင်ကြောင့် ဖြစ်လာသည့် သူ့အသိစိတ်ပင်လယ်နှင့် စိတ်စွမ်းအားအပေါ် ပျက်စီးမှုတို့ကို မိုဝူကျိက လျစ်လျူရှုထားလိုက်သည်။ သူ့အသိစိတ်ပင်လယ်မှာ အားကောင်းပြီး သူ့စိတ်စွမ်းအားကိုသာ နေရာအမှားဆီသာ မပို့လွှတ်သရွေ့ မူမမှန်သည့် အာကာပြင်ကြီးအနေနှင့် သူ့အသိစိတ်ပင်လယ်အပေါ် ဖျက်စီးနိုင်စွမ်းမှာ ကန့်သတ်ချက်နှင့် ဖြစ်ပေသည်။ ထို့အပြင် သူတွင် စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်း ရှိသေးသည့်အတွက် သူ့အသိစိတ်ပင်လယ်အပေါ် ထိခိုက်မှု ဖြစ်စေနိုင်မည် မဟုတ်ချေ။
နှစ်နာရီအတွင်း မိုဝူကျိက အဆင့် ၉ လွတ်မြောက်ရေး အဆောင်၊ အဆင့် ၉ ဧရာမအဆောင်၊ အဆင့် ၉ ကမ္ဘာတပိုင်း အဆောင်၊ အဆင့် ၉ ကမ္ဘာကူးအဆောင်တို့ကိုလည်း တွေ့လိုက်ရသည်။
မိုဝူကျိက သူ့စိတ်ထဲ ပျော်ရွှင်မှုအပြည့် ဖြစ်သွားမိသည်။ အဆင့် ၉ ကမ္ဘာကူးအဆောင်မှာ သူ လိုချင်နေသည်နှင့် ကွက်တိ ဖြစ်ပေသည်။
ကံဆိုးသည်က ဤအာကာပြင်မှာ မူမမှန် ဖြစ်နေခြင်းဖြစ်သည်။ သူ့ရုပ်ခန္ဓာအဆင့်နှင့်ပင် သူ့အနေနှင့် မထွက်သွားရဲပေ။
နာရီအတော်ကြာပြီးနောက် မိုဝူကျိက အပြင်ဘက်ရှိ အာကာပြင်သည် ဖြည်းဖြည်းချင်း ပြေလျော့လာကြောင်း ခံစားမိလိုက်ပြီး စဝင်စခါလောက် မပြင်းထန်တော့ပေ။
မိုဝူကျိက ထာဝရ ကမ္ဘာထဲမှ ထွက်လိုက်သည်နှင့် ပညာရှိတာအိုအဆောင် အာကာပြင်ထဲ ရောက်သွားသည်။ နောက်ထပ် မူမမှန် အာကာပြင်တစ်ခုက သူ့ဆီ ရောက်ရှိလာပေသည်။ ဤတစ်ကြိမ်၌ မိုဝူကျိက မရှောင်ရှားတော့ပေ။ အာကာပြင် စည်းမျည်းများ၏ မူမမှန်မှုမှာ အရင်ကလောက် အားမကောင်းတော့၍ သူ့ခန္ဓာအား ဖိအားတချို့သာ ဖြစ်ပေါ်စေသည်။
မိုဝူကျိက စိတ်သက်သာရာ သက်ပြင်းချလိုက်သည်။ ယခု သူက ဤပညာရှိတာအိုအဆောင်အား မည်သို့ ဖန်တီးထားကြောင်း မတွေးနိုင်တော့ပေ။ ထို့အစား သူက အဆင့် ၉ ကမ္ဘာကူးအဆောင်ကို လိုက်ရှာနေမိသည်။
သူ့စိတ်စွမ်းအားကို တဖန်ဖြန့်ကျက်လိုက်ပြန်သည်။ မကြာခင် မိုဝူကျိက ဤနေရာကြီးတွင် ကောင်းကင်နှင့် မြေကြီးလည်း မရှိသလို ကုန်းမြေလည်း မရှိနေပေ။ နေရာတစ်ခုလုံးကို မှုန်မှိုင်းမှိုင်း ဟင်းလင်းပြင်ကြီးနှင့်သာ ပြည့်နှက်နေသည်။ တစ်ခုတည်းသော ခြားနားချက်မှာ ဤနေရာရှိ မူမမှန်မှုများက အားနည်းလာခြင်း ဖြစ်၏။
တစ်နာရီအကြာတွင် မိုဝူကျိ မျက်နှာ၌ မကြည်မလင် အမူအယာ ဖြစ်လာရသည်။ နောက်ဆုံးတွင် သူက ပုံစံကို သိသွားလေပြီ။
မူမမှန်မှုများက အားကောင်းလာလေလေ အဆောင်ပေါ်လာနိုင်ခြေ များလေလေ ဖြစ်၏။ အပြန်အလှန်အားဖြင့် မူမမှန်မှု နည်းလေလေ အဆောင်ပေါ်လာနိုင်ခြေ နည်းလေလေ ဖြစ်ပေသည်။
မူမမှန် အာကာပြင်ကြီး အားနည်းလာသည်နှင့် အဆောင်အရေအတွက်မှာလည်း လျော့ကျသွားတော့သည်။ မူမမှန်မှုမျိုး လုံးဝ မရှိသည့်အချိန်များတွင် သူ့အနေနှင့် အဆောင်တစ်ခုတစ်လေမျှ ရှာမတွေ့တော့ချေ။
မိုဝူကျိ၏ ခန့်မှန်းချက်မှာ မှန်ကန်ပေသည်။ နောက်ထပ် နှစ်နာရီကြာမြင့်ပြီးနောက် မူမမှန်မှုများမှာ လုံးဝ ပျောက်ကွယ်သွားတော့သည်။ ယခု သူက အဆောင်အရိပ်အယောင်ကို မမြင်ရတော့ချေ။
တစ်ဖက်တွင် ကုန်းမြေတစ်ခု ပေါ်လာသည်။ သို့သော်လည်း ထိုအရာက မြေကြီးနှင့် လုပ်ထားခြင်း မဟုတ်ဘဲ အဆောင်သင်္ကေတများ စုပုံနေကာ ဖြစ်တည်နေခြင်း ဖြစ်၏။ မိုဝူကျိ၏ စိတ်စွမ်းအားက ထိုသင်္ကေတများနှင့် ဆက်နွယ်မှု ရှိသွားသည့်အခါ ကြီးကျယ်ခမ်းနားသည့် အဆောင် တာအိုစွမ်းအားက သူ့ဆီ ဝင်ရောက်လာသည်။
မိုဝူကျိက ကျောင်းတော်အသစ်တစ်ခုဆီ ရောက်ရှိသွားသလို ခံစားလိုက်ရသည်။ အကယ်၍ ဖူရှုဟန်၏ အမှတ်အသားက သူ့အား ပြတင်းပေါက် တစ်ချပ်ပေးခဲ့လျှင် ဤသင်္ကေတများက ကမ္ဘာအသစ်တစ်ခု ပေးစွမ်းလေ၏။
အဆောင်သင်္ကေတ တစ်ခုစီက နက်နက်နဲနဲ လင်းလက်နေပြီး မိုဝူကျိ၏ စိတ်စွမ်းအားအတွင်း ဝင်ရောက်လာသည်။ အသက်ရှိုက်စာအနည်းငယ်လေးအတွင်း မိုဝူကျိက သူကိုယ်သူ ထိုသင်္ကေတများကြား နှစ်မြှပ်သွားသည်ကို တွေ့လိုက်ရသည်။
အဆောင်တာအို …. ရိုးရှင်းခြင်းမှ နက်နဲသည့်အဆင့်အထိ ….
သူ့လူသားတာအိုမှာ လူသားလောက၏ သာမာန်အဖြစ်ဆုံးအရာ မြက်ပင်တစ်ပင်လည်း ဖြစ်နိုင်သလို သစ်ပင် တစ်ပင်လည်း ဖြစ်နေနိုင်ပြီး အခြေခံအကျဆုံး အရိုးရှင်းဆုံးအရာမှ အစပြုလာခြင်း ဖြစ်၏။ တစ်ဖက်တွင် ထိုအဆောင်သင်္ကေတ၏ တာအိုစွမ်းအင်တွင် မိုးမြေ၏ အရှုပ်ထွေးဆုံးသော ပဟေဠိတွေ ပါဝင်နေသည့်အလား စကြဝဠာကြီး၏ မဟာတာအိုလည်း ပါဝင်နေသည်။
ထိုစဉ် မိုဝူကျိ၏ တာအိုအသိဉာဏ်ပွင့် လမ်းကြောင်းတွင် အသိအမြင်အသစ်များ ပေါ်လာသည်။ သူ့ချီသွေးကြောများနှင့်အတူ သူ့တာအိုအသိဉာဏ်ပွင့်လမ်းကြောင်းက အဓိက လှည့်ပတ်နေလေ၏။
မိုဝူကျိက အဆောင်များ မည်သို့ ဖန်တီးရကြောင်း မသိ၍ မဟုတ်ဘဲ သူ့အဆောင်များမှာ အဆင့်အလွန်နိမ့်နေခြင်းကြောင့် ဖြစ်ပေသည်။ သူက ရိုးရိုးရှင်းရှင်း အဆင့် ၁ အဆောင်ကိုပင် မဖန်တီးနိုင်သေးပေ။
အဆောင်သင်္ကေတများက မိုဝူကျိ၏ တာအိုအသိဉာဏ်ပွင့် လမ်းကြောင်းထဲ စိမ့်ဝင်လာပြီးနောက် မိုဝူကျိ၏ မဟာတာအိုအတွင်း အဆောင်တာအို၏ တာအိုအရှိန်အဝါများပါ ရုတ်ချည်း ထွက်ပေါ်လာကာ အမျိုးမျိုးသော အသိအမြင်များက ပန်းများကဲ့သို့ ပွင့်လန်းလာလေ၏။
သူက မိုးမြေမှ အဆောင်တာအိုအမျိုးမျိုးကို အမြန်အဆန် စုပ်ယူလိုက်ပြီး ပုံတူပွားနိုင်ဖို့ ကြိုးစားလိုက်သည်။
အချိန်အတော်ကြာမြင့်ပြီးနောက် မိုဝူကျိ၏ အသိစိတ်ပင်လယ်အတွင်း အားကောင်းသည့် စိတ်ဆန္ဒ တစ်ခု ပေါ်လာသည်။
အာရုံနှစ်မျှောနေသည့် မိုဝူကျိလည်း ရုတ်ချည်း အသိပြန်ကပ်လာသည်။ သူက သူ့ခရမ်းရေကန်ထဲမှ စိတ်ဝိညာဉ် ခန္ဓာကိုယ်တစ်ခုကို တအံ့တဩ ကြည့်နေမိလေ၏။
“ ဟူး…. မင်းဆီမှာ ကမ္ဘာဦး စိတ်ဝိညာဉ် မရှိဘူးပဲ … မင်းဆီမှာ ဒီလောက် အားကောင်းတဲ့ အသိစိတ်ပင်လယ်နဲ့ စိတ်စွမ်းအား ရှိနေတာ အံ့ဩစရာ မဟုတ်တော့ဘူး။ မင်းရဲ့ ရုပ်ခန္ဓာကလည်း အရမ်းအားကောင်းသေးတယ် ” ထိုစိတ်ဝိညာဉ်က မိုဝူကျိ၏ ခရမ်းရေကန်ကို ကြည့်ကာ ရေရွတ်လိုက်သည်။
ဝင်ပူးကပ်ခြင်းလား ….
မိုဝူကျိက တစ်ဖက်လူသည် သူ့အား မပူးကပ်ရသေးမှန်း သိသော်လည်း ထိုစိတ်ဝိညာဉ်အား သူ့အသိစိတ်ပင်လယ်၌ မည်သို့ ဆက်လက်၍ နေခွင့်ပြုနိုင်မည်နည်း။ ပြင်းထန်သော သတ်ဖြတ်ငွေ့များက စုစည်းသွားကာ စိတ်စွမ်းအင်မြှားသုံးချောင်း ဖြစ်တည်လာပြီး ထိုဝိညာဉ်ထံ ပစ်လွှတ်လိုက်သည်။
“ စိတ်စွမ်းအင်မြှားတောင် ရှိနေတာလား။ ဒီလိုအားကောင်းတာမျိုး …” ဝိညာဉ်က နည်းနည်း စိတ်ရှုပ်ထွေးသွားလေ၏။ သို့သော်လည်း သူက တုန်လှုပ်သွားကာ အဆောင်တချို့ပစ်လွှတ်လိုက်သည်။
“ ဝုန်း ဝုန်း ဝုန်း ” ပြင်းထန်လွန်းသည့် ပေါက်ကွဲမှုများက မိုဝူကျိ၏ အသိစိတ်ပင်လယ်တစ်လျှောက် ဖြစ်ပေါ်လာသည်။ သူ့အသိစိတ်ပင်လယ်မှာ အနည်းငယ် ယိုင်နှဲ့လာသည်ကို ခံစားမိလိုက်ပြီး သူ့မျက်နှာမှာ ဖြူဖျော့နေလေ၏။ သူက ပါးစပ်ကို ဟကာ မြှားတစ်ချောင်း ပစ်ခွင်းလိုက်သည်။
အရမ်းအားကောင်းတယ် ….
မိုဝူကျိ စိတ်ထဲ တုန်လှုပ်နေမိသည်။ သူက ဤမျှ အားကောင်းသည့် စိတ်ဝိညာဉ်မျိုးကို မတွေ့ဖူးပေ။ သူ့စိတ်စွမ်းအင်မြှားပင် အဆောင်တချို့၏ တားဆီးခြင်းကို ခံလိုက်ရ၏။
မိုဝူကျိက ပူးကပ်ခြင်းအကြောင်း ဘာမှမသိဘဲ နေခြင်း မဟုတ်ပေ။ သူက အကြိမ်ရေများစွာ ကြုံတွေ့ခဲ့ဖူး၏။ သို့သော်လည်း သူ့တွင် အားကောင်းလွန်းသော အသိစိတ်ပင်လယ်ရှိနေသည့်အတွက် ပူးကပ်ခံရမည့်အရေးကို မကြောက်ခဲ့ပေ။ ထိုမျှတင် မကသေးဘဲ သူ့တွင် ကမ္ဘာဦး စိတ်ဝိညာဉ်လည်း မရှိချေ။ သူက စိတ်စွမ်းအင်မြှား တိုက်ကွက်ကို ချဲ့ထွင်ပြီးည့်နောက်တွင် ပူးကပ်ခံရမည့်အရေးကား ပို၍ မစိုးရိမ်တော့ပေ။
သို့သော် ယနေ့မှာ စိတ်စွမ်းအင်မြှား၏ သက်ရောက်မှုကို မခံရသည့် စိတ်ဝိညာဉ်မျိုးကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်ပေသည်။ စိတ်ဝိညာဉ်က ဒဏ်ရာမရရုံတင်မက သူ့အား သွေးအန်အောင် လုပ်နိုင်ခဲ့သေး၏။
“ မင်းလည်း ငါ့အဆောင်ကို မြည်းစမ်းကြည့်ပေါ့ ” စိတ်ဝိညာဉ်က မိုဝူကျိသည် အသိစိတ်ပင်လယ်အတွင်း ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသွားရုံမျှ ဖြစ်သည်ကို မြင်သောအခါ အံ့အားသင့်သွားလေ၏။
ဤနှစ်များအတွင်း သူက ဝင်ပူးကပ်ဖို့ ပစ်မှတ်များစွာနှင့် ကြုံတွေ့ခဲ့ရသည်။ သူက တစ်ခါမှ မအောင်မြင်ခဲ့သော်လည်း မိုဝူကျိလိုမျိုး အားကောင်းသည့် အသိစိတ်ပင်လယ်ရှိသည့် ကျင့်ကြံသူမျိုးနှင့် မတွေ့ခဲ့ချေ။
ထိုစိတ်ဝိညာဉ်အား ပို၍ အံ့အားသင့်သွားစေသည်က ဤလူတွင် ကမ္ဘာဦး စိတ်ဝိညာဉ် မရှိနေသည့် အချက် ဖြစ်၏။ ထိုလူက အားကောင်းသော အသိစိတ်ပင်လယ် ရှိသော်လည်း အဆောင်မျိုးနွယ်၏ မျိုးဆက် မဟုတ်ချေ။
ထိုစိတ်ဝိညာဉ်က အဆောင်တစ်ရွက် ထုတ်လွှင့်လိုက်သည်။ ထိုအရာ ထွက်ပေါ်လာသည်နှင့် အက်ကြောင်းရာများ ဖြစ်လာသည်။ အင်မတန် စက်ဆုပ်ဖွယ် ခံစားချက်လည်း ကျူးကျော်ဝင်ရောက်လာသည်။ မိုဝူကျိက မေ့လဲခါနီးတွင် လော့ကျမ်းစာရွက် ခြောက်ရွက်အား ထုတ်သုံးဖို့ တုံ့ဆိုင်းမနေတော့ချေ။
“ ဝုန်း ” အဆောင်က စူးရှသည့် အလင်းအဖြစ် ပြောင်းလဲသွားကာ မိုဝူကျိ၏ လော့ကျမ်းစာရွက်နှင့် ထိတွေ့သွား၏။ မိုဝူကျိက သွေးအန်လိုက်ရပြီး အဆောင်သင်္ကေတများ စုပုံနေသည့် ကုန်းပေါ်၌ ပြိုလဲသွားတော့သည်။ မိုဝူကျိက ထိုစိတ်ဝိညာဉ်သာ ဆက်လက် တိုက်ခိုက်နေလျှင် သူ့အသိစိတ်ပင်လယ်မှာ လော့ကျမ်းစာရွက်က ကာကွယ်ထားနိင်လျှင်ပင် တစစီ ဖြစ်သွားမည် ဖြစ်ကြောင်း သိလိုက်သည်။
“ လော့ကျမ်းစာရွက်ပါ့လား …. ခြောက်ရွက်တောင် ရှိနေတာပဲ ” စိတ်ဝိညာဉ်က လော့ကျမ်းစာရွက်များအား တအံ့တဩ ကြည့်လိုက်ပြီး သူ့အသံပင် တုန်တုန်ယင်ယင် ဖြစ်နေမိသည်။ မိုဝူကျိပင် သူ့စိတ်လှုပ်ရှားမှုအား သတိပြုမိပေသည်။
“ အစတုန်းက ငါ့အဆောင်မျိုးဆက်ကိုပဲ ဝင်ပူးကပ်ဖို့ လုပ်ထားပေမဲ့ ငါ့မျိုးနွယ်ရဲ့ ပါရမီရှင်တွေက နှစ်တွေကြာလာတာနဲ့ လျော့နည်းလာတယ်။ မင်းမှာ ကမ္ဘာဦး စိတ်ဝိညာဉ် မရှိပေမဲ့ အသိစိတ်ပင်လယ်က အရမ်းအားကောင်းတယ်။
မင်းရဲ့ ခန္ဓာကိုယ်ကလည်း ငါ့အဆောင်မျိုးနွယ်ရဲ့ ပါရမီအရှိဆုံးလူကိုတောင် ကျော်လွန်နေသေးတယ်။ အခု မင်းမှာ လော့ကျမ်းစာရွက်လည်း ရှိနေသေးတယ်။ ငါတို့တွေ ညှိနှိုင်းကြည့်ရအောင်လား …. ငါက မင်းခန္ဓာကိုယ်ကို လိုချင်တယ်။ တကယ်လို့ မင်းမှာ မပြီးပြတ်သေးတဲ့ စိတ်ဆန္ဒရှိမယ်ဆိုရင် မင်းကို ကူပြီးတော့ ဖြည့်ဆည်းပေးမယ်။ တောင့်ခံနေဖို့ မလိုဘူး… မင်းအသိစိတ်ပင်လယ်က ပြိုလဲပျက်စီးနေပြီ ” ထိုစိတ်ဝိညာဉ်က ဖြည်းဖြည်းချင်း ပြောလိုက်သည်။
မိုဝူကျိက ဒေါသထွက်လာမိသည်။
ဒီခွေးကောင်က ဝင်ပူးကပ်ချင်တာကို သူ့ကို အလိုက်သင့်နေခိုင်းနေတာတဲ့လား …..
မိုဝူကျိ၏ ဒေါသတရားကို ခံစားမိကာ ထိုစိတ်ဝိညာဉ်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်
“ မင်းလည်း သိမှာပါ။ ငါ့အင်အားနဲ့ အဆောင်က မင်း ဘယ်လိုတိုက်တိုက် အသုံးမဝင်ဘူး။ ငါ မင်းကို ပူးကပ်လိုက်ရင် မင်းအနေနဲ့ ခုခံပေါ့။ ဒါပေမဲ့ မင်းအနေနဲ့ ဆန့်ကျင်လို့တော့ မရဘူး။ ငါ့အတွက် မင်းက ပါးမွှားလေးပဲ ”
မိုဝူကျိက အသက်ပြင်းပြင်းရှုလိုက်သည်။ သူက ဒေါသကို ချိုးနှိမ်ကာ အေးစက်စွာ ပြောလိုက်လေ၏
“ ခင်ဗျားဘယ်သူလဲဆိုတာ သိတယ်။ အဆောင်မျိုးနွယ် သုတ်သင်ခံရတုန်းက အဆောင်မျိုးနွယ်ရဲ့ ပါရမီရှင်တစ်ယောက်က ပညာရှိတာအိုအဆောင်နဲ့ အာကာပြင်ထဲကို ထွက်ပြေးခဲ့တယ်။ ခင်ဗျားက အဲဒီသူပဲ မလား။ ဖူရှုဟန်က ခင်ဗျား သေပြီ ထင်နေတာ …. ခင်ဗျားက ခန္ဓာကိုယ် ဝင်ပူးကပ်ဖို့ ဒီမှာ ပုန်းလျိုးကွယ်လျို့ နေနေလိမ့်မယ်လို့ ဘယ်သူမှ တွေးမိမှာ မဟုတ်ဘူး ”
စိတ်ဝိညာဉ်က သက်ပြင်းချကာ
“ ဟုတ်တယ် ငါက ဖူကျို့ကျန်းပဲ …. ဒီနှစ်တွေမှာ ငါ့အဆောင်မျိုးနွယ်ရဲ့ တပည့်တွေက ပညာရှိတာအိုထဲ ဝင်လာကြပေမဲ့ ပူးကပ်ဖို့ အဆင်မပြေခဲ့ဘူး။ အရှင်းဆုံးပြောရရင် ငါက မင်းကိုတော့ မျှော်လင့်ချက်ကြီးကြီး ထားထားတယ်။ မင်းရဲ့ ခန္ဓကိုယ်က အရမ်းအားကောင်းတယ်ဆိုတော့ ငါ့ရဲ့ ပူးကပ်မှုကို မပေါက်ကွဲဘဲနဲ့ ခံနိုင်ရည်ရှိမှာပဲ ”
“ အဲဆို စောစောလေးက မူမမှန်တဲ့ အာကာပြင်တွေက ကျုပ်က အဆောင်မျိုးနွယ် မဟုတ်လို့ ဖြစ်လာတာ မဟုတ်ဘူးမလား ” မိုဝူကျိက နှုတ်မှ ပြောလိုက်သော်လည်း စိတ်ထဲ၌ ဖူကျို့ကျန်းနှင့် ရင်ဆိုင်နိုင်မည့် နည်းလမ်းကို တွေးနေမိသည်။ သူက ဖူကျို့ကျန်း၏ စကားသည် အမှန်ဖြစ်ကြောင်း ကောင်းကောင်း သိပေသည်။ ဖူကျို့ကျန်းသည် အားကောင်းလွန်း၍ သူ့စိတ်စွမ်းအင်မြှားပင် ဘာမှမလုပ်နိုင်ချေ။ သူက ဖူကျို့ကျန်းအား ဆက်လက်ခုခံဖို့ရာ နည်းလမ်း မရှိတော့ချေ။
သူ့သေခြင်းရှင်ခြင်း ကံကြမ္မာစက်ဝန်း၊ သတ္တကမ္ဘာ လက်ချောင်းတို့မှာလည်း မိုဝူကျိက ဖူကျို့ကျန်းနှင့် ရင်ဆိုင်ရာ၌ မသုံးနိုင်ချေ။ ထိုတိုက်ကွက်နှစ်ခုက သူ့အသိစိတ်ပင်လယ်အား ပျက်စီးသွားစေနိုင်ကြောင်း ထည့်မပြောဘဲ သူက ပျက်စီးမှုကို ထိန်းချုပ်နိုင်လျှင်ပင် ဖူကျို့ကျန်းလိုမျိုး အားကောင်းသည့်ရန်သူနှင့် ယှဉ်ဖို့ရာ မလုံလောက်သေးပေ။
“ အကုန်လုံးတော့ မဟုတ်ပေမဲ့ ဒီလိုပါပဲ။ အကြိမ်များစွာ ကျရှုံးပြီးတော့ ပညာရှိတာအိုအဆောင်ထဲ ဝင်လာတဲ့သူတွေထဲ အားကောင်းတဲ့ ခန္ဓာကိုယ်မရှိရင် ပူးကပ်ဖို့ မသင့်တော်ဘူးဆိုတာ သင်ယူလိုက်ရတယ်။ ငါ မျှော်လင့်မထားတာက အဲဒီမူမမှန်တဲ့ အာကာပြင်ကြီးက အရမ်းကို အားကောင်းလွန်းလို့ ငါ့ဘာသာ မထိန်းချုပ်နိုင်တာပဲ ။ အခု ဒီနေရာမှာတော့ ငါက တကယ်ကို အားကောင်းတာပဲ ” ဖူကျို့ကျန်းက စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်သည်။
မိုဝူကျိကလည်း နားလည်သွားပေသည်။ ဖူဖေးယန်နှင့် အရင်လူများ ပညာရှိတာအိုအဆောင်ထဲ ဝင်ပြီး ဘေးကင်းကင်း ပြန်ထွက်လာနိုင်ခြင်းမှာ ဖူကျို့ကျန်းက သူတို့အပေါ် ညှာတာထောက်ထားလိုက်၍သာ ဖြစ်၏။ အကြောင်းအရင်းမှာ ရိုးရှင်းလှပေသည်။ ဖူကျို့ကျန်းသည် သူတို့အားလုံးကို မသတ်သည်မှာ အဆောင်တစ်ထောင်တောင်အား ကာကွယ်ပေးမည့် တစ်ယောက်ယောက် ချန်ရစ်ထားရဦးမည် ဖြစ်ကာ နောက်မျိုးဆက်ကိုလည်း မျှော်လင့်ချက် ဆက်လက် ပေးချင်နေ၍ ဖြစ်သည်။ သူက ပညာရှိတာအိုအဆောင်အတွင်း သေခြင်းတရားမှာ အသေအချာ မဟုတ်ကြောင်း ပြလိုခြင်းသာ ဖြစ်၏။
***