တိုင်ကိုးလုံး ကျွန်းကို ဖျက်စီးခြင်း
Vol. 60 Ch. 834
“ အမြင်နဲ့တင် မင်းက သိမှာ မဟုတ်ဘူး။ မင်းလိုလူမျိုးက အပြင်မှာလည်း အံ့ဩဖို့ကောင်းတဲ့ တည်ရှိမှုမျိုးပဲ ဖြစ်မယ် ဟုတ်တယ်မလား။ ဒါပေမဲ့ မင်း အသိစိတ်ပင်လယ် ပျက်စီးသွားလို့ ငါ မင်းကို ဘာမှမလုပ်နိုင်ဘူး ထင်ရင်တော့ မင်းမှားသွားပြီ။ ငါ့အတွက် ပြန်ပြင်ဆင်ဖို့ နှစ်သောင်းချီ လိုအပ်မယ်ဆိုပေမဲ့ ငါ့အတွက် တန်ဖိုးမရှိဆုံးက အချိန်ပဲ ”
စိတ်ဝိညာဉ်က ပြောလိုက်ပြီးနောက် လက်ဖဝါးကို ဖြန့်ကာ အဆောင်ဆယ်ခုကျော် ထွက်ပေါ်လာကာ ဝန်းရံထားလေ၏။ ထိုအဆောင်များကို အသက်မသွင်းရသေးသော်လည်း မိုဝူကျိက သူတို့ဆီမှ ခြိမ်းခြောက်နိုင်စွမ်းအား ခံစားမိနေပြီ ဖြစ်၏။
မိုဝူကျိ စိတ်ထဲ လေးလံသွားလေ၏။ အကယ်၍ ဤလူသာ အဆောင်များကို အသုံးပြုလိုက်လျှင် သူ့ဝိညာဉ်မှာ ဖျက်စီးခံရပြီး ခန္ဓာကိုယ်မှာ ထိုလူလက်ထဲ ကျရောက်သွားပေမည်။
မူလက မိုဝူကျိသည် လျှပ်စီးကွန်ယက်နှင့် သေခြင်းရှင်ခြင်း ကံကြမ္မာ စက်ဝန်းကြား အသုံးပြုဖို့ တွေဝေနေသော်လည်း ယခုတွင်မူ မိုဝူကျိက ခွန်းဝူဓားကို အသက်သွင်းဖို့ တုံ့ဆိုင်းမနေပေ။
မိုဝူကျိက ခွန်းဝူဓား၏ ပထမအလွှာကိုသာ သန့်စင်ပြီးသေးသော်လည်း ထိုဓား၏ လျို့ဝှက်တိုက်ကွက်တမျိုးကို ရရှိနေပြီ ဖြစ်၏။
မိုဝူကျိက ဓားအသိ၏ ခမ်းနားကြီးကျယ်မှုအကြောင်း ကောင်းကောင်း သိပေသည်။ ဤဓားအသိမှာ အခက်ထန်ဆုံး အရာကိုပင် နှစ်ပိုင်း ပိုင်းဖြတ်သွားနိုင်ရာ သူ့အသိစိတ်ပင်လယ်ကို ထည့်ပြောဖို့ရာ မလိုတော့ပေ။ သူက ခွန်းဝူဓားကို တစ်ခါမှ အပြည့်အဝ မထိန်းချုပ်ဖူးသေးပေ။ အကယ်၍ ယခု အသုံးပြုလိုက်လျှင် သူ့အနေနှင့် ထိန်းချုပ်နိုင်မည့် အခွင့်အရေး ဘယ်တော့မှ မရနိုင်လောက်တော့ပေ။
ဆိုလိုသည်မှာ သူ့အသိစိတ်ပင်လယ်ပင် ထိုဓားကြောင့် ပျက်စီးသွားနိုင်၏။
သို့သော် ဤအချိန်၌ သူ့တွင် နောက်ထပ် ရွေးချယ်မှု မရှိပေ။ အကယ်၍ သူက ဓားကို ထုတ်မသုံးလျှင် သူ့ခန္ဓာကိုယ်က သူ့အပိုင် ဖြစ်တော့မည် မဟုတ်ပေ။
မိုဝူကျိ၏ အသိစိတ်ပင်လယ်အတွင်း သာမာန်ဓားရှည်တစ်ချောင်းက ကျဆင်းလာသည်။
ဖူကျို့ကျန်းက နှာခေါင်းရှုံ့လိုက်၏။ သာမာန်ဓားတစ်ချောင်းနှင့် သူ ဖူကျို့ကျန်းကို တားဆီးချင်သည်လား။ သူ့အတွက် ထိုဓားက ပို၍ အားကောင်းနေလျှင်ပင် ယားယံမှုတစ်ခုသာ ဖြစ်၏။
သို့သော် နောက်အခိုက်အတန့်လေး၌ ဖူကျို့ကျန်းက တစ်ခုခု လွဲမှားနေကြောင်း ခံစားလိုက်ရသည်။ ဤသာမာန်ဓားရှည်သည် မိုးမြေစွမ်းအားများကို စုစည်းလာပြီး ဖျက်စီးစွမ်းအားအဖြစ် ပြောင်းလဲသွားလေ၏။
ထိုစဉ် ဤဓားအောက်ရှိ အရာအားလုံးမှာ ဝါးမျိုခံလိုက်ရပြီး ဘေးပတ်လည် တစ်ခုလုံး ဗလာနတ္ထိအဖြစ် ကျရောက်သွားသည်။
“ ဒါက ခွန်းဝူဓားအသိလား … ဒါက ခွန်းဝူဓားပေါ့ ” ဖူကျို့ကျန်းက တအံ့တဩ ရေရွတ်လိုက်သည်။ မကြာခင် သူက သူ့ရှေ့မှ ဓားသည် ခွန်းဝူဓား ဖြစ်ကြောင်း အတည်ပြုနိုင်လိုက်၏။
ဒီလူက ဘယ်သူလဲ …. သူ့တွင် လော့ကျမ်းစာရွက် ခြောက်ရွက် ရှိနေရုံသာမက ခွန်းဝူဓားလည်း ရှိနေသေးသည်လား …..
“ မင်းက ရူးနေတာပဲ …. မင်းက ခွန်းဝူဓားကိုတောင် မထိန်းချုပ်နိုင်ဘဲနဲ့ ဓားကျဆင်းလာရင် အရာအားလုံး ပျက်စီးသွားလိမ့်မယ်။ ရပ်လိုက်စမ်း ….” ဖူကျို့ကျန်းက စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။
သူ့အတွက် ခွန်းဝူဓားကြောင့် မိုဝူကျိ၏ အသိစိတ်ပင်လယ် ပျက်စီးသွားခြင်းမှာ အသေးအဖွဲ ကိစ္စမျှသာ ဖြစ်၏။ ကြောက်စရာကောင်းသည့်အရာမှာ သူကိုယ်တိုင်လည်း ထိုခွန်းဝူဓားအောက်တွင် ရှင်သန်နိုင်မည် မဟုတ်ချေ။ ခွန်းဝူဓားသည် ရှေးဟောင်းနတ်ဓားဆယ်လက်၌ နံပါတ်တစ် ဓားတစ်လက် ဖြစ်၏။ သူ ဖူကျို့ကျန်းက ပို၍ အားကောင်းနေလျှင်ပင် သူ့အနေနှင့် စိတ်ဝိညာဉ်အဖြစ် ခွန်းဝူဓားကို ရင်ဆိုင်နိုင်မည် မဟုတ်ချေ။
မိုဝူကျိက ရပ်တန့်ဖို့ရာ ရည်ရွယ်ချက် လုံးဝ မရှိပေ။ သူ့အသိစိတ်ပင်လယ်အတွင်းရှိ ခရမ်းရေကန်က အပြင်းအထန် ပေါက်ကွဲထွက်လာပြီး အဆုံးမဲ့ စိတ်စွမ်းအားများက ခွန်းဝူဓား၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။
အရာအားလုံးကို ဝါးမျိုထားသည့် ဖျက်စီးစွမ်းအားသည် မိုဝူကျိ၏ အသိစိတ်ပင်လယ်အတွင်း၌ အပြင်းအထန် ကျယ်ပြန့်လာကာ ဖူကျို့ကျန်း၏ စိတ်ဝိညာဉ်မှာ အစကတည်းက မှုန်မှိုင်းနေလေ၏။ ဤသို့မျိုး ကြောက်မက်ဖွယ် သတ်ဖြတ်ငွေ့အောက်၌ တုန်ယင်လာကာ နောက်အခိုက်အတန့်လေး၌ပင် ပျောက်ကွယ်သွားတော့မတတ် ဖြစ်နေသည်။
“ ရပ်စမ်း ” မိုဝူကျိကို အော်ပြောရုံအပြင် ဖူကျို့ကျန်း၏ တုန်လှုပ်နေသည့် စိတ်ဝိညာဉ်လေး လုပ်နိုင်သည့် အရာ မရှိပေ။
သူ့ဘေးပတ်လည်မှ အဆောင်များမှာ ဓားအသိ၏ ဖိအားအောက်သို့ ကျရောက်သွားကာ အင်အားမဲ့သွားပေသည်။
“ ဝုန်း ” ခွန်းဝူဓား၏ ပျက်စီးစွမ်းအားများက နောက်ဆုံးတွင် ဆင်းသက်လာသည်။
“ အား …” ဖူကျို့ကျန်းက အင်မော်တယ် ဧကရာဇ်အဆင့်ထက် မည်မျှ အားကောင်းနေမှန်း မသိသော်လည်း ထိုခွန်းဝူဓားအသိ၏ ဖျက်စီးစွမ်းအားအောက်သို့ ကျရောက်သွားသည့်အခါ ခုခံနိုင်မည့် အနေအထား မဟုတ်တော့ပေ။ ထိုစဉ် ဖူကျို့ကျန်းက နောင်တရလာမိ၏။ အကယ်၍ သူက မိုဝူကျိတွင် ခွန်းဝူဓား ရှိနေကြောင်း သိထားလျှင် မိုဝူကျိက သူ့အသိစိတ်ပင်လယ်အတွင်း ခွန်းဝူဓားကို ထုတ်သုံးရဲသည့် အရူးမှန်း သိထားလျှင် သူ့အနေနှင့် မိုဝူကျိ၏ ခန္ဓာကိုယ်အား ပူးကပ်ဖို့ ကြိုးစားမိမည် မဟုတ်ပေ။
သူက နှစ်များစွာ ကုန်ဆုံးလာခဲ့သည် ဖြစ်ရာ နောက်ထပ် နှစ်အနည်းငယ် စောင့်နေလျှင်လည်း ဘာမှားမည်နည်း။
ယခုတော့ အရာအားလုံး နောက်ကျသွားလေပြီ။
စူးစူးဝါးဝါး အော်ဟစ်သံကို ကြားလိုက်ရသည်။ ခွန်းဝူဓားအသိ၏ မရပ်တန့်နိင်တော့သည့် အင်အားအောက်တွင် ဖူကျို့ကျန်းက ဗလာနတ္ထိအဖြစ် ပြောင်းသွားရသည်။
“ ဂျွတ် …” တစ်ချိန်တည်းဆိုသလို မိုဝူကျိက သူ့ဝိညာဉ် ကြေမွသွားသည့်အလား နာကျင်မှုကို ခံစားလိုက်ရပြီးနောက် သူ့အသိစိတ်ပင်လယ်မှာ ဖြည်းဖြည်းချင်းဖြင့် ဝေဝါးလာသည်။
မိုဝူကျိ၏ စိတ်အတွင်း မလိုလားမှုများ ကြီးစိုးနေလေ၏။ သူ့အသိစိတ်ပင်လယ်သာ ပျက်စီးသွားမှန်း သိလိုက်သည်။ ကံမကောင်းစွာဖြင့် သူက အင်အားမဲ့နေလေ၏။ သူက သတိမေ့မြောသွားရင်း သူ့အသိစိတ်ပင်လယ် ပျက်စီးသွားခွင့်ပြုလိုက်ရတော့သည်။
ခွန်းဝူဓားသည်လည်း ထိုမလိုလားမှုကို ခံစားမိနေသည်။ မိုဝူကျိက ရုတ်ချည်းဆိုသလို သူ့စိတ်ထဲ၌ စိတ်ဆန္ဒတစ်ခုကို တွေးမိသွား၏။
အကယ်၍ သူ မသေခင် ကမ္ဘာမြေကို ပြန်သွားနိုင်ခဲ့လျှင် ….
ကံဆိုးစွာဖြင့် သူက ပညာရှိတာအိုအဆောင်ထဲ ရောက်နေသည်ဖြစ်ရာ ကမ္ဘာမြေသို့ ပြန်သွားဖို့ လုံးဝ မဖြစ်နိုင်ချေ။
“ ဝုန်း ” ခွန်းဝူဓား၏ ဓားအသိက ရုတ်ချည်းဆိုသလို မိုဝူကျိ၏ အသိစိတ်ပင်လယ်အတွင်း ပြေးဝင်လာကာ ပညာရှိတာအိုအဆောင်အတွင်း ပေါ်လာသည်။
မိုဝူကျိက ပညာရှိတာအိုအဆောင်အတွင်း တစ်ခုခု ဖြစ်နေမှန်း ခံစားလိုက်ပြီးနောက် လုံးဝ မေ့မြောသွားတော့သည်။
………………
တစ်ချိန်တည်းဆိုသလို အမျိုးသမီး နှစ်ယောက်က မီးခိုးရောင်သစ်မြင်ပေါ် ရပ်နေကြ၏။
“ လင်းဂူ … ငါတို့တွေ ဆက်လုပ်နေလို့ အကျိုးမရှိဘူး။ ငါတို့ ခန့်မှန်းချက်က မှန်တယ်။ ဒီတိုင်ကိုးလုံး ကျွန်းက ဟင်းလင်ပြင်ကျွန်းတစ်ခုပဲ …. ငါတို့နှစ်ယောက် ဒီမှာပိတ်မိနေတာ အတော်ကြာနေပြီ။ အခုထိလည်း မလွတ်မြောက်နိုင်သေးဘူး …” ပြောလိုက်သူမှာ လက်ဝဲဘက်တွင် ရှိနေသည့် အစိမ်းရောင်ဝတ်ရုံနှင့် အမျိုးသမီးလေး ဖြစ်၏။
လင်းဂူ အမည်ရှိ အမျိုးသမီးက ခေါင်းညိတ်ကာ
“ စုယင် နင်ပြောတာ မှန်တယ်။ ငါတို့တွေ ဒီမှာ တစ်နှစ်ကျော်ကြာ ဒီကျွန်းရဲ့ ဖြစ်နိုင်ခြေရှိတဲ့ အစိတ်အပိုင်းနေရာတိုင်းဆီကိုလည်း သွားပြီးပြီ။ ဒီတိုင်ကိုးလုံးက လွဲရင် ဘာမှကို မရှိဘူး။ ဒါက ဟင်းလင်းပြင်ထဲမှာ ပုန်းကွယ်နေတဲ့ ကျွန်းတစ်ကျွန်းပဲ ဖြစ်လိမ့်မယ် ”
ထိုအမျိုးသမီး နှစ်ယောက်မှာ လင်းဂူနှင့် ချိန်စုယင်သာ ဖြစ်၏။ ယခင် သူတို့တွေလည်း မိုဝူကျိကဲ့သို့ သတ္တကမ္ဘာကျောက်တုံးပေါ် ရောက်ခဲ့ကြသည်။ သူတို့က တည်နေရာတစ်ခု ရွေးချယ်ကာ ဆက်သွားလိုက်ကြ၏။ သို့သော်လည်း သူတို့နှစ်ဦးမှာ အရမ်းအားနည်းနေသောကြောင့် သူတို့နှစ်ယောက်ကို ကာကွယ်ရန် လော့ကျမ်းစာရွက် ထုတ်သုံးလိုက်ရသည်။
သူတို့နှစ်ယောက် မမျှော်လင့်ထားသည်က သူတို့ခရီးစဉ်အတွင်း သူတို့ကို အားပြင်းသည့် အင်အားတစ်ခု၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။ လော့ကျမ်းစာရွက်ကြောင့်သာ မဟုတ်လျှင် သူတို့နှစ်ယောက်မှာ တစစီ ဖြစ်နေလောက်လေပြီ။
သူတို့နှစ်ယောက် နှိုးထလာသည့်အခါ သူတို့က သီးခြားကျွန်းတစ်ခုစီ ရောက်နေကြောင်း တွေ့လိုက်ရသည်။ ဤကျွန်းမှာ သဘာဝစွမ်းအား အလွန်ပေါကြွယ်ဝပေ၏။ လင်းဂူက ဂိုဏ်းကြီးမှ ဖြစ်သော်လည်း ဤသို့ သဘာဝစွမ်းအား ပေါကြွယ်ဝသည့် နေရာမျိုုးကို တစ်ခါမှ မတွေ့ဖူးပေ။ သူမက ဤနေရာရှိ သဘာဝစွမ်းအားများသည် အင်မော်တယ် ဝိညာဉ်စွမ်းအားထက်ပင် ပိုကောင်းကြောင်းနှင့် ကျင့်ကြံဖို့လည်း ပို၍ သင့်တော်ကြောင်း ခံစားမိလိုက်သည်။ ချိန်စုယင်က ထိုသို့အရာမျိုးကို သိပ်ဂရုမစိုက်ပေ။
တစ်ခုတည်းသော ထူးခြားနေသည့်အရာမှာ သဘာဝစွမ်းအားပေါကြွယ်ဝသော်လည်း အပင်များလည်း မရှိသလို သက်ရှိလည်း မရှိချေ။ ရံဖန်ရံခါတွေ့ရသည့် သစ်ပင်အမြစ်တချို့သာ ရှိပြီး သူတို့သည်လည်း နှစ်အတော်ကြာ ညိုးနွမ်းသေဆုံးနေပြီ ဖြစ်၏။
ဤကျွန်းပေါ်တွင် တိုင်လုံး ကိုးလုံးသာ ရှိနေသောကြောင့် သူတို့နှစ်ယောက်က တိုင်ကိုးလုံးကျွန်းဟု အမည်ပေးထားခြင်း ဖြစ်ပေသည်။ ဤကျွန်းပေါ်တွင် သူတို့နှစ်ယောက်က မည်သူမှ မတွေ့ရသည့်အတွက် စတင်ကျင့်ကြံဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
လင်းဂူ ရောက်လာသည့်အခါ သူမက မဟာကျီရှန်းအဆင့် ရောက်နေပြီ ဖြစ်၏။ မိုဝူကျိ၏ ဆေးလုံးနှင့် သိပ်သည်းလွန်းသော သဘာဝစွမ်းအားကြောင့် သူမက နှစ်အနည်းငယ်လေးအတွင်း မဟာလော့ရှန်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။
ချိန်စုယင်၏ ပါရမီမှာ ထိပ်တန်းအဆင့် ဖြစ်သည့်အပြင် မိုဝူကျိက သူမ ခန္ဓာကိုယ်ကို ဟုန်မုန့်စွမ်းအင်နှင့် သန့်စင်ပေးထားပြီး သူမ၏ ကမ္ဘာဦး စိတ်ဝိညာဉ်ကိုလည်း မြေအောက်ကမ္ဘာနှလုံးသားပန်းကို အသုံးပြု၍ အာဟာရ ဖြည့်ပေးထားလေသည်။ သူမ၏ ခန္ဓာကိုယ်နှင့် ကမ္ဘာဦး စိတ်ဝိညာဉ်တို့မှာ တစ်ခုနှင့်တစ်ခု ပေါင်းစပ်သွားသည်နှင့် သူမ ပါရမီမှာ ယခင်ကထက် တိုးတက်လာပေ၏။
ဤနေရာရှိ သိပ်သည်းလွန်းသော သဘာဝစွမ်းအားများ ထည့်ပေါင်းလိုက်သည့်အခါ သူမသည်လည်း နှစ်အနည်းငယ်အတွင်း မဟာလော့ရှန်း ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်နေလေပြီ။
သို့သော်လည်း ဤနေရာတွင် မိုးမြေ ကန့်သတ်ချက်များ ရှိပုံ ပေါ်၏။ သူတို့နှစ်ဦးက နက်နဲသည့် အသိအမြင်မှာလည်း မရလာသလို အဆင့်တက်ဖို့ရာလည်း ဆေးလုံး မရှိကြချေ။ ထို့ကြောင့် ဤနေရာတွင် စွမ်းအားသိပ်သည်းသော်လည်း သူတို့နှစ်ဦးက ဆက်လက်၍ အဆင့်မတက်နိုင်တော့ပေ။ ချိန်စုယင်က မိုဝူကျိကို ပို၍ စိုးရိမ်နေမိသည်။ ထို့ကြောင့် သူမက ဤနေရာတွင် ဆက်၍ မနေလိုတော့ပေ။ သူတို့နှစ်ဦးက ကျင့်ကြံရေးကို ရပ်တန့်ကာ ထွက်လမ်းကို စတင်ရှာနေကြခြင်း ဖြစ်၏။
တစ်နှစ်တာ ကုန်ဆုံးသွားပြီးနောက် နှစ်ယောက်သား ကျွန်းတစ်ကျွန်းလုံးကို မွေနှောက်ရှာဖွေပြီးလေပြီ။ သူတို့နှစ်ဦး ကောက်ချက်ချနိုင်လိုက်သည်က ဤကျွန်းသည် ဟင်းလင်ပြင်ကျွန်း တစ်ခု ဖြစ်ပြီး သဘာဝအစီအရင်နှင့် ကာဆီးထား၍ ဝင်၍သာ ရပြီး ထွက်သွားခွင့် မရှိပေ။
“ လင်းဂူ … ငါတို့တွေ ထွက်သွားချင်ရင် ဒီတိုင်ကိုးလုံးကနေ စသင့်တယ် ထင်တယ်။ ဒီတိုင်ကိုးလုံးက တိုင်ကိုးလုံးကျွန်းရဲ့ အဓိက သော့ချက် ဖြစ်လိမ့်မယ်။ တကယ်လို့ ငါတို့တွေ ဒီတိုင်တွေကို ချိုးဖျက်နိုင်ရင် ဒီနေရာကနေ ထွက်သွားနိုင်လောက်တယ် ….” လင်းဂူက ချိန်စုယင် စကားကို ကြားသောအခါ သူမသည်လည်း ထိုတိုင်ကိုးလုံးက သော့ချက် ဖြစ်မည်ဟု ယုံကြည်နေမိသည်။
လင်းဂူက အနည်းငယ် တုံ့ဆိုင်းနေပြီးနောက် “ စုယင် … မင်းရဲ့ လော့ကျမ်းစာရွက်ကို ဘယ်လောက် သန့်စင်ပြီးပြီလဲ ”
“ ၆၇ ခုမြောက် အတားအဆီးထိ ရောက်နေပြီ ” ချိန်စုယင်က ပြန်ဖြေလိုက်သည်။
လင်းဂူက အံ့ကို ကြိတ်ကာ “ စုယင် ငါတို့တွေ နင်ပြောတဲ့အတိုင်း လုပ်ကြည့်ကြမယ်။ ငါတို့တွေ အတူတူ ပေါင်းပြီးတော့ ဒီတိုင်လုံးတွေကို တိုက်ကြည့်ကြမယ်။ ဒါပေမဲ့ နင်က ငါတို့ကို ကာကွယ်ဖို့ ဒီလော့ကျမ်းစာရွက်ကို ဆက်ပြီး သန့်စင်နေဖို့ လိုတယ်။ ဒီတိုင်ကိုးလုံး ပျက်စီးသွားရင် ဒီကျွန်းတစ်ခုလုံးလည်း အတူတူ ပါသွားမှာကို စိုးရိမ်မိတယ် ”
“ အင်း သိပါပြီ ” ချိန်စုယင်က ခေါင်းညိတ်ကာ ပြောလိုက်သည်။
တိုင်ကိုးလုံးကျွန်းမှာ နာမည်နှင့် လိုက်ပေသည်။ ထိုတိုင်ကိုးလုံးအပြင် ကျွန်းတစ်ခုလုံး၌ မီးခိုးရောင်လွှမ်းနေသော မြေသာ ရှိ၏။
ဤနှစ်များအတွင်း လင်းဂူနှင့် ချိန်စုယင်တို့က အန္တရာယ်များကို သတိထားမိသည့်အထိ ရင့်ကျက်လာကြပေသည်။ သူတို့အနေနှင့် အန္တရာယ်မှ တစ်ခါ၊ နှစ်ခါမျှ လွတ်မြောက်ခဲ့ခြင်း မကပေ။
သေခြင်းတရားမှ လွတ်မြောက်လာသည့်အချိန်တိုင်း သူတို့နှစ်ဦးက တုံ့ဆိုင်းနေခြင်းမှာ ပြဿနာအရင်းခံ ဖြစ်ကြောင်း သိလာကြသည်။
ထို့ကြောင့် သူတို့နှစ်ဦးက တိုင်ကိုးလုံးကို ဖျက်စီးဖို့ ဆုံးဖြတ်လိုက်သည်နှင့် သူတို့က လုံးဝ တုံ့ဆိုင်းမနေတော့ပေ။
မူလက လင်းဂူနှင့် ချိန်စုယင်တို့သည် သူတို့ကိုယ်သူတို့ ဤတိုင်လုံးများကို ဖျက်စီးလောက်အောင်အထိ အားမကောင်းကြောင်း သိထားကြသော်လည်း အင်အားအပြည့်နှင့် တိုက်ခိုက်ပြီးနောက် သူတို့ မှားယွင်းနေကြောင်း သိလိုက်ရသည်။ ထိုတိုင်လုံးမှာ ထောက်ခံမှုကောင်းကောင်း မရှိသည့်အတွက် တိုက်ခိုက်လိုက်တိုင်း တစစီ ကျိုးကြေလာနေရသည်။
“ စုယင် ငါ နားလည်သွားပြီ။ ဒီတိုင်လုံးတွေကို တစ်ယောက်ယောက် ခင်းကျင်းထားတာပဲ နေမယ်။ ငါတို့တွေ ဒီလိုလုပ်နိုင်တာက သူတို့တွေကို ထောက်ပံ့ပေးတဲ့ သဘာဝစွမ်းအား လုံလုံလောက်လောက် မရှိတော့လို့နေမယ် ” လင်းဂူက အတော်ကြာ တိုက်ခိုက်ပြီးနောက် နားလည်လာပေသည်။
ထိုတိုင်လုံးများကို ဖျက်စီးနိုင်ကြောင်း သိပြီးနောက် နှစ်ယောက်သား အားပြင်းပြင်းနှင့် လုပ်ဆောင်နေကြသည်။ သူတို့က လျို့ဝှက်တိုက်ကွက်များကိုပင် ထုတ်သုံးလာကြ၏။
တစ်နှစ်ကြာပြီးနောက် ပထမတိုင်လုံးမှာ ကျိုးကြေသွားလေပြီ။ ထိုအရာ ကျိုးပျက်လာသည်နှင့် ချိန်စုယင်နှင့် လင်းဂူတို့က သူတို့ဘေးပတ်လည်မှာ အနည်းငယ် မတည်မငြိမ် ဖြစ်လာကြောင်း ခံစားမိလိုက်သည်။
နှစ်ယောက်လုံးက တစ်ယောက်နှင့်တစ်ယောက် ကြည့်ပြီး ခေါင်းညိတ်လိုက်ကြသည်။ ဤသည်မှာ ထွက်ပေါက်ဖြစ်ကြောင်း သိလိုက်ကြ၏။
ဒုတိယတိုင်လုံးကို ချိုးဖျက်ဖို့ရာ သုံးလမျှသာ ကြာမြင့်လေသည်။
ထို့နောက် တတိယတိုင်လုံး …. စတုတ္ထတိုင်လုံး ….
နှစ်ယောက်သား နဝမမြောက် တိုင်လုံးကို ဖျက်စီးပြီးသည့်အခါ သူတို့ဘေးပတ်လည်ရှိ အာကာပြင်မှာ တွန့်ချိုးကာ မူမမှန် ဖြစ်လာသည်။ သူတို့အောက်ရှိ မြေကြီးမှာလည်း စတင်ပြိုကျသွားပြီး လေထုထဲ၌လည်း တုန်ခါသံများ ဆက်တိုက် ဖြစ်ပေါ်နေသည်။ စကြဝဠာတစ်ခုလုံး ပြိုလဲပျက်စီးသွားသည့်အလား ခံစားနေရသည်။
ချိန်စုယင်နှင့် လင်းဂူတို့က တစ်ယောက်နှင့် တစ်ယောက် အကြောက်လန့်တကြား ဖက်ထားလိုက်ကြသည်။ သူတို့က လော့ကျမ်းစာရွက်အတွင်း ဝင်နေလိုက်ကြ၏။ နောက်အခိုက်အတန့်လေး၌ ပြင်းထန်လွန်းသော အာကာပြင် တွန့်ချိုးကြီးက သူတို့အား ဟင်းလင်ပြင်ထဲသို့ ပို့လွှတ်လိုက်တော့သည်။
………….…
တစ်ချိန်တည်းဆိုသလို ဂြိုလ်အမျိုးမျိုးမှ မြေကမ္ဘာအင်မော်တယ် ပြီးပြည့်စုံခြင်းအဆင့် ကျင့်ကြံသူများက ကောင်းကင်ကို တအံ့တဩ ကြည့်လိုက်ကြသည်။ ထိုအခိုက်အတန့်လေး၌ သူတို့က အဆင့်တက်လှမ်းခြင်း စွမ်းအားကို ခံစားမိလိုက်ကြသည်။
***