← Chapters

လူပျောက်ရှာပုံတော်

Vol. 6 Ch. Chapter 38

လူပျောက်ရှာပုံတော်

Vol. 6 Ch. Chapter 38

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ

V4 Chapter 38 - လူပျောက်ရှာပုံတော်

လင်ဒါတို့ရဲကားက သိုလှောင်ရုံကို ရောက်လာကြတယ်။ အလုပ်သမားတစ်ယောက်ပျောက်သွားပေမဲ့ သိုလှောင်ရုံက ဆက်ပြီးလည်ပတ်နေတုန်းပါပဲ။ သိုလှောင်ရုံရှေ့မှာ ပစ္စည်းအသယ်အချလုပ်နေတဲ့ ထရပ်ကားတွေနဲ့အလုပ်သမားတွေကို လင်ဒါတို့မြင်နေရတယ်။

"စတန်းဒတ်သိုလှောင်ရုံက နယူးယောက်မှာ သိပ်မကြီးတဲ့ လျှပ်စစ်ပစ္စည်းသိုလှောင်ရုံတစ်ခုပဲ။ အရင်က ဒီလိုပြဿနာတက်တာမျိုးလည်းမရှိဘူး။ သူတို့မန်နေဂျာကိုမေးကြည့်ရင် တစ်ခုခုသိလောက်မှာပါ။"

လင်ဒါပြောလိုက်တော့ ရဲသားတွေခေါင်းညိတ်လိုက်တယ်။ ဒါက ပုံမှန်လုပ်ရိုးလုပ်စဥ်တစ်ခုပါပဲ။ ရဲသုံးယောက် ကားပေါ်ကဆင်းလာတော့ အလုပ်သမားတချို့က တအံ့တဩနဲ့ကြည့်နေကြတယ်။ လင်ဒါက အလုပ်သမားတွေထဲက တစ်ယောက်ကိုစကားစပြီး မန်နေဂျာကို ခေါ်ပေးဖို့ပြောလိုက်တယ်။

မကြာခင်မှာပဲ ပုပုဝဝနဲ့ အဝတ်အစားသန့်သန့်ပြန့်ပြန့်ဝတ်ထားတဲ့ သိုလှောင်ရုံမန်နေဂျာထွက်လာပြီးတွေ့တယ်။ လင်ဒါက မန်နေဂျာကို အကျိုးအကြောင်းပြောတော့ မန်နေဂျာက ခေါင်းကုတ်ပြီး​ပြောလိုက်ပါတယ်။

"ကျွန်တော်သူ့မိသားစုကို ပြောခဲ့သလိုပဲ သူအိမ်ပြန်သွားတယ်လို့ပဲ ထင်နေတာပါ။ ညစောင့်အများစုက ကျွန်တော်ရောက်လာတာမစောင့်ဘဲ မနက်ဖက်တာဝန်ကျတဲ့သူတွေကို တာဝန်လွှဲပြီးပြန်တတ်ကြတယ်လေ။"

မန်နေဂျာပြောတာက နည်းနည်းသဘာဝကျတယ်ဆိုပေမဲ့ အဲဒီအလုပ်သမားက အိမ်ပြန်မရောက်လာဘူးမလား။ လင်ဒါက သိုလှောင်ရုံအဝကနေ လှည့်ပတ်ကြည့်ရင်း လုံခြုံရေးကင်မရာတစ်လုံးကို မြင်သွားတော့တယ်။

"ရှင်တို့သိုလှောင်ရုံထဲမှာရော CCTVတပ်ထားလား။"

မန်နေဂျာက ခေါင်းညိတ်ပြတယ်။ "သိုလှောင်ရုံထဲကို ခိုးဝင်တဲ့ကိစ္စမျိုးရှိဖူးတော့ အတွင်းရောအပြင်မှာပါ လုံခြုံရေးကင်မရာ ဆယ်လုံးလောက်တပ်ထားပါတယ်။ စခန်းမှူးတို့ မှတ်တမ်းတွေပြန်ကြည့်မလို့လား။"

လင်ဒါက ခေါင်းညိတ်ပြတော့ မန်နေဂျာက သူတို့ကို လုံခြုံရေးအခန်းဆီ ခေါ်သွားတယ်။ လုံခြုံရေးခန်းမှာ မန်နေဂျာလိုပဲ အလားတူအဝလွန်နေတဲ့ ဝန်ထမ်းရှိနေပြီး အိပ်ငိုက်နေတယ်။ မန်နေဂျာက တံခါးဖွင့်ဝင်ပြီးတဲ့နောက် အစောင့်ဝန်ထမ်းကို လှုပ်နှိုးလိုက်တယ်။

"ဟေ့ကောင်၊ အလုပ်ချိန်အိပ်ငိုက်နေပြန်ပြီ။" ဝန်ထမ်း လန့်ပြီးထခုန်လိုက်တာ ခုန်ကျိုးလုမတတ်လဲ။ လင်ဒါက စိတ်ပျက်လက်ပျက်နဲ့ ကွန်ပျူတာဖန်သားပြင်ကို ကြည့်လိုက်တယ်။ မန်နေဂျာပြောသလိုပဲ သိုလှောင်ရုံတစ်ခုလုံးကို ဒီကနေတစ်ဆင့် စောင့်ကြည့်လို့ရတယ်။

"ညဆိုင်းCCTVကြည့်တဲ့သူကရော တစ်ခုခုထူးခြားတာတွေ့တယ်ပြောသေးလား။" လင်ဒါမေးကြည့်တော့ မန်နေဂျာက ခေါင်းခါပြပြန်တယ်။

"စခန်းမှူးလည်း ဒီကောင်အိပ်ငိုက်နေတာ တွေ့တာပဲ။ညပိုင်းတာဝန်ယူရတဲ့သူတွေလည်း အဲဒီလိုပဲ။ ဖြစ်နိုင်ရင် ဉာဏ်ရည်တုတွေကို တာဝန်ပေးချင်ပေမဲ့ ကျုပ်တို့သူဌေးက ကပ်စေးနည်းနေတယ်လေ။"

အခုခေတ်မှာ အိမ်သုံးလုံခြုံရေးစက်ရုပ်တွေလည်း တိုးတက်လာပြီဖြစ်တာကြောင့် လူသားတွေရဲ့တချို့တာဝန်တွေကို သူတို့က ခွဲဝေယူလို့ရနေပါပြီ။ ဒါပေမဲ့အဲဒီလုံခြုံရေးစက်ရုပ်တွေက လူသားတွေလုပ်မိတဲ့ အမှားမျိုးမရှိနိုင်တာကလွဲလို့ သာမန်ကိစ္စတွေကိုပဲ ဖြေရှင်းပေးနိုင်တာဖြစ်လို့ လူတွေနဲ့ယှဥ်ရင် သိပ်မကွာသေးဘူး။ ဒီတော့ လူသားလုံခြုံရေးအစောင့်တွေကိုသုံးတဲ့ ကုမ္ပဏီတွေလည်းရှိနေတုန်းပဲ။ နည်းတော့နည်းလာပြီ ဆိုပေမဲ့ပေါ့။

"ဟုတ်ပြီ၊ အဲဒီဝန်ထမ်းနောက်ဆုံးအလုပ်ဆင်းတဲ့ညက မှတ်တမ်းတွေကို ပြန်ပြပေးလို့ရမလား။"

မန်နေဂျာက အိပ်ငိုက်နေခဲ့တဲ့ဝန်ထမ်းကို ခပ်စိမ်းစိမ်းကြည့်လိုက်ပြီး လင်ဒါတို့ကို ကူညီဖို့ပြောလိုက်တယ်။ နောက်တော့ အခန်းထဲကနေ ထွက်သွားပါတယ်။ လင်ဒါတို့ရှေ့မှာ အဲဒီဝန်ထမ်းကို ဘာမှဆူပူမသွားပေမဲ့ အနည်းဆုံးလခထဲက အဖြတ်ခံရမှာတော့သေချာတယ်။

ဝလွန်းလို့မေးနှစ်ထပ်ဖြစ်နေတဲ့ ဝန်ထမ်းက သူတို့နှစ်ယောက်ကို ပြုံးပြပြီး အရင်နှစ်ရက်က မှတ်တမ်းတွေကို စဖွင့်ပြတယ်။ မှတ်တမ်းတွေကို ရစ်လိုက်၊ ရပ်လိုက်၊ ကြည့်လိုက်နဲ့ သူတို့တွေစအလုပ်ရှုပ်တော့တာပေါ့။

အဲဒီညက ကလေးမလေးရဲ့အစ်ကိုအတွက် သာမန်အလုပ်ဆင်းနေကျနေ့မျိုးဖြစ်ပုံပဲ။ ညဦးပိုင်း သိုလှောင်ရုံရှေ့ပိုင်းစောင့်ဖို့ တာဝန်ကျတယ်။ ညဆယ်နာရီလောက်ကျတော့ သူ့အသင်းက တခြားအသင်းနဲ့ကင်းလဲပြီး ကုမ္ပဏီက ပြင်ပေးထားတဲ့ အိပ်ရာမှာဝင်အိပ်တယ်။ ညတစ်နာရီထိုးတော့ သူတို့စောင့်ရတဲ့အလှည့် ပြန်ရောက်လာပြီး ကလေးမလေးအစ်ကိုက သိုလှောင်ရုံအတွင်းပိုင်းကို ဝင်စစ်တယ်။

နောက်နှစ်နာရီလောက်ကြာတော့ ကလေးမလေးရဲ့အစ်ကိုကို မှတ်တမ်းတွေမှာဆက်မတွေ့ရတော့ဘူး။

"မနက်တစ်နာရီနဲ့သုံးနာရီကြားထဲမှာ တစ်ခုခုဖြစ်သွားတာလား။ သိုလှောင်ရုံအတွင်းပိုင်းက မှတ်တမ်းတိုင်းကို ပြန်စစ်ကြည့်ရအောင်။"

ဝန်ထမ်းက ခေါင်းညိတ်လိုက်ပြီး နှစ်နာရီနဲ့သုံးနာရီကြား သိုလှောင်ရုံထဲမှာ ဖြစ်ပျက်ခဲ့သမျှကို သေချာပြန်ကြည့်တယ်။ ဖြစ်စဥ်က အတော်လေးပျင်းဖို့ကောင်းတယ်။ ပျောက်သွားတဲ့လူက အလုပ်ကိုသေချာကြိုးစားတယ်။ အရင်က ပြစ်မှုဟောင်းတွေရှိခဲ့လို့ အလုပ်ရှာရခက်တာကြောင့် အခုအလုပ်ကနေ မထွက်ရလေအောင် အတတ်နိုင်ဆုံးကြိုးစားနေတယ်လို့တောင် လင်ဒါထင်မိတဲ့အထိပဲ။

ကောင်လေးက လက်ထဲမှာ စာရင်းတစ်ခုကိုင်ပြီး ပစ္စည်းတွေထားတဲ့ စင်တီတစ်ခုချင်းစီက ပစ္စည်းတွေကို လိုက်ရေတယ်။ မီးတွေထိန်ထိန်လင်းအောင်ထွန်းထားပေမဲ့ ​မှောင်ရိပ်ခိုနေတဲ့နေရာတွေရှိတာကြောင့် လင်ဒါတို့က သိုလှောင်ရုံတစ်ခုလုံးကို မှတ်တမ်းတွေထဲမှာ သေချာမမြင်ရတာတစ်ခုတော့ရှိတယ်။

မှတ်တမ်းက တစ်ဝက်လောက်ရောက်တော့ ညစောင့်ကောင်လေးက အသံတစ်ခုခုကြားတဲ့ပုံစံနဲ့ လမ်းသွားနေရာကနေ ရပ်လိုက်ပြီး သူနဲ့ဆန့်ကျင်ဘက်နေရာကိုစသွားတယ်။ ခါးမှာချိတ်ထားတဲ့ သံတုတ်ကိုဖြုတ်ပြီး ခြေသံလုံလုံနဲ့သွားကြည့်တယ်။ နောက်တော့ သိုလှောင်ရုံထဲက ဗီရိုတစ်ခုအကွယ်ကိုသူသွားကြည့်တယ်။ ဗီရိုကွယ်နေလို့ လင်ဒါတို့သေချာမမြင်ရဘူး။

တခြားကင်မရာတွေလည်းရှိပေမဲ့ အဲဒီနေရာက မျက်ကွယ်ဖြစ်နေတယ်။

နောက်တော့ အရိပ်မည်းတစ်ခုက အဲဒီဗီရိုနဲ့တစ်တန်းထဲရှိနေတဲ့ထောင့်ကနေ ခုန်ထွက်လာပြီး ကောင်လေးကို ဝင်အုပ်တယ်။ ဒါပေမဲ့ ကောင်လေးက ရုန်းကန်ခုခံတာမျိုးမတွေ့ရဘူး။ စက္ကန့်ဝက်လောက်ကြာတော့ အဲဒီအရိပ်မည်းက ကောင်လေးကိုသူလာခဲ့တဲ့ထောင့်ဆီ တရွတ်တိုက်ဆွဲခေါ်သွားတာ သူတို့တွေ့လိုက်ရတယ်။

"အဲဒီအရိပ်မည်းကြီးက ဘာလဲ။" လင်ဒါက လက်ညိုးထိုးပြတော့ ဝန်ထမ်းက မှတ်တမ်းတွေကိုရပ်ပြီး ပုံကြီးချဲ့လိုက်တယ်။ ဒါပေမဲ့ ကင်မရာတွေရဲ့ပုံရိပ်ရိုက်ကူးနိုင်စွမ်းက အတော်လေးခေတ်နောက်ကျနေတာကြောင့် သေချာသဲသဲကွဲကွဲမမြင်ရဘူး။ မည်းပြီးလူတစ်​ရပ်လောက်မြင့်တယ်ဆိုတာပဲတွေ့ရတာ။

"ညလယ်ခေါင်ကြီး မည်းမည်းအရိပ်တစ်ရိပ်က မင်းတို့ဝန်ထမ်းတစ်ယောက်ကို ပြန်ပေးဆွဲသွားတာတောင် လုံခြုံရေးကင်မရာကြည့်တဲ့ကောင်က သတိမထားမိဘူးဆိုတော့ တော်တော်ချာတာပဲ။"

တိုက်ဆန်က ပွစိပွစိနဲ့ပြောလိုက်တယ်။ မန်နေဂျာပြောသလိုပဲ ဒီဝန်ထမ်းတွေနေရာမှာ ခေတ်ပေါ်နည်းပညာတွေနဲ့ အစားထိုးသင့်တာ။ ဝန်ထမ်းကတော့ ပခုံးတွန့်ပြလိုက်တယ်။

"ကျွန်တော်တို့သူဌေးက နည်းပညာသစ်တွေကိုမုန်းတဲ့သူ ဖြစ်ရင်ဖြစ်မှာပေါ့ဗျ။"

ကယ်ဗင်နဲ့တိုက်ဆန်က မျက်ဖြူလှန်ပြလိုက်ပေမဲ့ လင်ဒါကတော့ ကိစ္စကိုအတော်လေး စိတ်ဝင်စားလာပြီ။ "နင်တို့သိုလှောင်ရုံမှာ နောက်ဘက်ဝင်ပေါက်တွေဘာတွေရှိလား။"

"ရှိပေမဲ့ အဲဒီနေရာတွေကိုလည်း အစောင့်ချထားပါတယ်။" လင်ဒါက ခေါင်းညိတ်လိုက်ပြီး နောက်ဖေးဝင်ပေါက်က မှတ်တမ်းတွေကိုပါ ပြန်စစ်ကြည့်ခိုင်းတယ်။ သံသယဝင်စရာဘာမှမတွေ့ဘူး။ ရှေ့တံခါးမကြီးအတွက်လည်း အတူတူပဲ။

"အဲဒီအရိပ်က ဘာမှန်းမသိပေမဲ့ ရှေ့ကလည်းဝင်တာမဟုတ်ဘူး၊ နောက်ကလည်းဝင်တာမဟုတ်ဘူး။ နေ့ခင်းကတည်းက ဝင်ပုန်းနေတာဆိုရင် ပိုတောင်မဖြစ်နိုင်ဘူး။ ဒီလောက်ပစ္စည်းအတင်အချလုပ်​နေတဲ့ လူတွေရှိနေတာကို။"

ကျန်တဲ့ရဲသားနှစ်ယောက်လည်း လင်ဒါရဲ့စကားကို သဘောတူလိုက်ကြတယ်။ ကင်မရာမှတ်တမ်းတွေ ပြန်ကြည့်ဖို့ကူညီပေးနေတဲ့ ဝန်ထမ်းကတော့ ဒူးတွေတုန်တဲ့အထိ လန့်နေပြီဖြစ်ပြီး တုန်ရင်နေတဲ့လက်တွေနဲ့ ကော်ဖီခွက်ကို ကောက်ကိုင်လိုက်တယ်။ လမ်းမှာ ကော်ဖီတချို့မှောက်ကျသွားပေမဲ့ သူ့ပါးစပ်ထဲ ကော်ဖီတစ်ငုံတော့ ရောက်သွားသေးတယ်။ ပြီးခါမှ...

"ရဲအရာရှိတို့၊ ခင်ဗျားတို့မှာ ပုံရိပ်ရှင်းလင်းအောင်လုပ်တဲ့ ဉာဏ်ရည်တုဆော့ဝဲလ်တွေဘာတွေမရှိဘူးလား။"

လင်ဒါက ခေါင်းညိတ်ပြပေမဲ့ စိတ်ကတော့ အတော်ပျက်နေပုံပဲ။ "ငါတို့မှာ သာမန်လူတွေသုံးတာထက် ပိုကောင်းတာတွေရှိပေမဲ့ နင်တို့ကင်မရာမှတ်တမ်းတွေရဲ့ပြတ်သားမှုက အတော်အခြေအနေဆိုးတယ်။ ပြီးတော့ သိုလှောင်ရုံရဲ့မြင်ကွင်းကို အတော်မြင့်မြင့်ကနေ စီးရိုက်ထားတာဆိုတော့ ဆော့ဝဲလ်သုံးရင်တောင် မည်းမည်းကြီးက ​မည်းမည်းကြီးပဲ ဆက်ဖြစ်ရင်ဖြစ်နေမှာ။"

ပုံထွက်ကောင်းအောင်လုပ်တဲ့ ဆော့ဝဲလ်နည်းပညာက ရှိပြီးသားပုံရိပ်ကို ဉာဏ်ရည်တုက အရောင်ဖြည့်စွက်ထည့်ပေးရုံပါပဲ။ မူရင်းပုံမကောင်းရင် ထွက်လာတဲ့ပုံလည်း သိပ်ကောင်းမှာမဟုတ်ဘူး။

"တော်ပြီ၊ ကျုပ်အလုပ်ထွက်စာ သွားတင်လိုက်ဦးမယ်။ ဝန်ထမ်းတွေကို ပြန်ပေးဆွဲမယ့် သရဲလိုဟာကြီးရှိနေတဲ့နေရာမှာ အလုပ်မလုပ်နိုင်ဘူး။"

ဝန်ထမ်းလူဝကြီးက ဘီလူးသံပရာသီးကိုက်မိတဲ့ရုပ်နဲ့ ရှုံမဲ့စွာပြောလိုက်ပြီး ရုံးခန်းထဲကနေ ထွက်သွားတယ်။ ရဲအရာရှိသုံးယောက်ကတော့ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြလေရဲ့။

ကယ်ဗင်က လင်ဒါကိုပြောတယ်။ "အရာရှိ၊ ကျွန်တော့်အထင်တော့ အဲဒီဘာမှန်းမသိတဲ့ကောင်ကြီးက ဒီထဲကို ဝင်ဖို့အပေါက်မရှိဘဲ ဝင်လာတယ်လို့တော့မထင်ဘူး။"

လင်ဒါလည်း ခေါင်းညိတ်လိုက်တယ်။ တကယ်တော့အဲဒီမည်းမည်းကြီးက ဘာလဲသူတို့မသိသေးပေမဲ့ သဲလွန်စတွေတော့ ရှိနေဆဲပါ။ "ပြီးတော့ ပျောက်နေတဲ့သူက မြူတန့်ဆိုတာမမေ့နဲ့ဦး၊ သူလည်းငါ့လိုပဲ မြူတန့်လက်ပတ်ပတ်ထားရမှာ။"

တိုက်ဆန်လည်း လက်ဖျောက်တီးလိုက်တယ်။ "ဒါဆို ကျွန်တော်တို့မှာ သူ့ကိုခြေရာခံဖို့ နည်းရှိသေးတယ်ပေါ့။"

လင်ဒါက သက်ပြင်းချလိုက်ပြန်တယ်။ "အဲဒါကလည်း ဟိုအေးဂျင့်နှစ်ကောင်ကို ခြေရာခံခိုင်းရဦးမှာ။" ထုံးစံအတိုင်းပဲ မြူတန့်ကိစ္စတွေကို မြူတန့်ဌာနစိတ်ကပဲ ကိုင်တွယ်တာဖြစ်ပါတယ်။

ခနနေတော့ သူတို့သုံးယောက် မန်နေဂျာဝဝကြီးကို သွားရှာရပြန်တယ်။ ကံကောင်းတာက မန်နေဂျာဝဝကြီးက အလိုက်သတိပဲ သိုလှောင်ရုံရဲ့အဆောက်အဦးပုံကြမ်းကို အသာတ​ကြည်ထုတ်ပေးလိုက်တယ်။ ဒီလိုမှမဟုတ်ရင် အိမ်ရာဌာနကိုဆက်သွယ်ရတာနဲ့ အတော်ကြာသွားဦးမှာ။ ပြီးတော့ လင်ဒါက သူ့စခန်းကိုပါ လှမ်းဆက်သွယ်ပြီး အကူအညီတောင်းလိုက်သေးတယ်။

မကြာခင်မှာပဲ မြူတန့်ဌာနစိတ်အေးဂျင့်နှစ်ယောက်အပါအဝင် ရဲကားလေးစင်းထပ်ရောက်လာတယ်။ ရဲတွေအပြင် ရဲဘက်သုံးအော်တိုဘော့တွေပါပါသေးတယ်။ ရဲတွေက လင်ဒါကိုအလေးပြုလိုက်ပေမဲ့ အေးဂျင့်တွေတော့မပါဘူး။

"အရာရှိလင်ဒါ၊ ခင်ဗျားပို့လိုက်တဲ့ဓာတ်ပုံကို ကျွန်တော်တို့ရတယ်။ စိတ်ရူးပေါက်နေတဲ့ မြူတန့်တစ်ယောက် ကွင်းဆက်လူသတ်နေတာမျိုးဖြစ်မှာစိုးလို့ ကျုပ်တို့တစ်ချက်လာကြည့်ဖို့ ဆုံးဖြတ်လိုက်တာ။"

လင်ဒါပြုံးလိုက်တယ်။ ဒီမတိုင်ခင်က CCTVက ပုံတွေကိုယူပြီး သူတို့နှစ်ယောက်​ဆီပို့ဖို့ ဆုံးဖြတ်လိုက်တာ မှန်သွားတယ်။ ရိုးရိုးတန်းတန်းပြောရရင် သူတို့တွေမှာ နည်းပညာချပ်ဝတ်တွေပါပေမဲ့ အဲဒါတွေက အကန့်အသတ်နဲ့ပဲ အသုံးဝင်တာပါ။ ဒီအေးဂျင့်တွေကတော့ မြူတန့်တွေနဲ့ရင်ဆိုင်ဖို့ အထူးလေ့ကျင့်ထားသူတွေဖြစ်တာကြောင့် အကူအညီရနိုင်ပါတယ်။

လင်ဒါက သူတို့ကိုခေါင်းညိတ်ပြပြီး ရဲသားစက်ဖုံးကို စားပွဲအဖြစ်သုံးကာ အဆောက်အဦးမြေပုံကို ဖြန့်လိုက်ပါတယ်။ နောက်တော့ လည်ချောင်းရှင်းတဲ့အနေနဲ့ ချောင်းဟန့်လိုက်ပြီး အားလုံးကို ကြည့်လိုက်တယ်။ အခုဒီနေရာမှာ လင်ဒါအပါအဝင်အားလုံးပေါင်း ရဲတစ်ဒါဇင်လောက်ရှိနေတယ်။ အေးဂျင့်နှစ်ယောက်ကိုပါ ထည့်တွက်ရင် သူတို့အင်အားက အတော်လေးတောင့်သွားပြီ။

"အားလုံးပဲ၊ ကျွန်မမြေပုံကို လေ့လာကြည့်တော့ ဒီအဆောက်အဦးမှာ အရှေ့ဘက်ဂိတ်နဲ့ အနောက်ဂိတ်အပြင် တခြားဝင်ပေါက်တွေမရှိဘူး။ သိုလှောင်ရုံမလို့ လေဝင်ပေါက်ကလွဲလို့ တခြားပြတင်းပေါက်တွေဘာတွေလည်းမရှိဘူး။ တံခါးမဟုတ်ဘဲဝင်ဖို့ဖြစ်နိုင်တဲ့နေရာဆိုလို့ အဆောက်အဦးရဲ့အလယ်မှာတူးထားတဲ့ ရေဆင်းမြောင်းပဲရှိတာ။ အဲဲဒီရေဆင်းမြောင်းက နယူးယောက်မိလ္လာမြောင်းစနစ်နဲ့ချိတ်ထားတယ်။ အဲဒီကနေ ဝင်ဖို့တော့ဖြစ်နိုင်လိမ့်မယ်။"

အေးဂျင့်တွေအပါအဝင် ရဲတွေရဲ့မျက်နှာ ရှုံမဲ့သွားတယ်။ ရုပ်ရှင်ကားတွေထဲမှာ မိလ္လာမြောင်းစနစ်ထဲကနေ ရာဇဝတ်သားတွေသွားလာနေတာမျိုး ရိုက်ပြဖူးပေမဲ့ အပြင်မှာတော့ အဲဒီမြောင်းတွေက ရုပ်ရှင်ထဲကထက် အများကြီးပိုညစ်ပတ်တယ်လေ။ ဓာတ်ငွေ့ကာ မျက်နှာဖုံးဝတ်ပြီးမဆင်းရင် အနံနဲ့တင်အသက်ရှုကျပ်သေသွားမလားပဲ။

"ဖြစ်နိုင်ပါတယ်၊ ကျုပ်တို့လက်ပတ်ကို ဒီအနီးအနားတစ်ဝိုက်မှာ မတွေ့ဖို့တော့ မျှော်လင့်ရတာပဲ။ အဲဒီလိုဆိုရင် ကောင်းတဲ့လက္ခဏာမဟုတ်ဘူး။" အေးဂျင့်တစ်​ယောက်က ပြောလိုက်ပြီး သူတို့လက်ကိုင်ကွန်ပျူတာနဲ့ခြေရာခံလိုက်တယ်။

"ဒီနေရာနဲ့မီတာနှစ်ရာမှာလို့ပြတယ်။ ကြည့်ရတာ လက်ပတ်ကတော့ လူနဲ့အတူမရှိတော့တဲ့ပုံပဲ။ ဘာပဲဖြစ်ဖြစ် ဆင်းကြည့်ကြတာပေါ့။"

အေးဂျင့်နှစ်​ယောက်က လက်ပတ်ကိုအနားမှာတွေ့တယ်လို့ ပြောလိုက်တာနဲ့ လင်ဒါစိတ်ပျက်ပျက်နဲ့ ခေါင်းခါလိုက်မိတယ်။ သူ့အတွေ့အကြုံအရ ဒီလိုမျိုးကြုံလာတာ ကောင်းတဲ့လက္ခဏာမဟုတ်မှန်းသိနေတယ်။ ရာဇဝတ်သား ဒါမှမဟုတ် ဝန်ထမ်းကောင်လေးကို အန္တရာယ်ပြုတဲ့အရာက ခြေရာခံပစ္စည်းကြောင့် ဒုက္ခမရောက်ချင်လို့ ဖြုတ်ပစ်ခဲ့တာလို့ အဓိပ္ပါယ်ရတယ်။ ဒီလိုဆိုရင် သူတို့ရဲ့လူပျောက်ရှာတဲ့အစီအစဥ်ကလည်း အောင်မြင်ဖို့ခက်သွားပြီ။

"ကျွန်မတို့ S.W.A.Tကို လှမ်းအကြောင်းကြားရင်ကောင်းမလား။ အဲဒါက ဘာကောင်မှန်းမသိရဘူးလေ။"

အေးဂျင့်နှစ်ယောက်က လင်ဒါရဲ့စကားကိုကြားတော့ ခပ်ဟဟရယ်လိုက်တယ်။ လင်ဒါကို ကြောက်တတ်တယ်ဆိုပြီး အထင်သေးကုန်ကြပုံပဲ။

"မိန်းကလေး၊ စိတ်မပူပါနဲ့။ ကျုပ်တို့နှစ်ယောက်က ဒီထက်ဆိုးတာတွေ မြင်ဖူးပါတယ်။ စိတ္တဇလူသတ်ကောင် မြူတန့်တွေကို ကျုပ်တို့အများကြီးဖမ်းဖူးတယ်။ ပြီးတော့ ကျုပ်တို့က B- မြူတန့်တွေ။ ခင်ဗျားတို့ရဲတွေ ကျုပ်တို့နောက်ကနေသာ အသာလိုက်ခဲ့။ ဘာမှမဖြစ်စေရဘူးလို့ အာမခံတယ်။"

လင်ဒါ သက်ပြင်းချလိုက်တယ်။ ဒါပေမဲ့ သူစိတ်ပူမိလွန်းနေတာလည်း ဖြစ်နိုင်တာပဲလေ။ အေးဂျင့်တွေက နည်းနည်းသွေးနားထင်ရောက်နေပေမဲ့ သူတို့ပြောတဲ့အထဲမှာ တစ်ခုတော့မှန်တယ်။ ဒီလူတွေက အခုလိုအခြေအနေမျိုးအတွက် သေချာလေ့ကျင့်ထားတဲ့သူတွေပါ။

လင်ဒါက အားလုံးကိုကြည့်ပြီး အမိန့်သစ်ပေးလိုက်တယ်။ "ကဲကဲ၊ အားလုံးပဲ အောက်ဆင်းဖို့အသင့်ပြင်ကြ။ အကူပစ္စည်းတွေ မြန်မြန်ဝတ်။"

နောက်တော့ လင်ဒါကိုယ်တိုင်လည်း ပလာဒင်ချပ်ဝတ်ကို ဝတ်လိုက်တယ်။ တိုက်ဆန်နဲ့ကယ်ဗင်တို့လည်း ရဲတပ်ဖွဲ့သုံးပလာဒင်ချပ်ဝတ်တွေကို ဝတ်လိုက်ကြတယ်။ ကျန်တဲ့ရဲတွေကတော့ ရဲသုံးချပ်ဝတ်တွေကို ဝတ်လိုက်ကြပြီး မောင်းပြန်ရိုင်ဖယ်တွေကို အသင့်ပြင်ထားတယ်။ သက်ရှိရဲသားတစ်ဒါဇင်အပြင် အောတိုဘော့ခြောက်ရုပ်ကလည်း အသင့်ဖြစ်နေပါပြီ။ သူတို့ရဲ့လက်ရှိအင်အားက တော်ရုံမူးယစ်ဂိုဏ်းတွေတောင် ဖြုံလောက်တဲ့အင်အားမျိုးပါ။ ဒီတော့ အားလုံးလည်း ယုံကြည်ချက်အပြည့်ရှိနေကြတယ်။

....

ရဲတပ်ဖွဲ့က အနီးဆုံးမိလ္လာမြောင်းဖုံးကိုရှာပြီး သတ္တုအဖုံးကို ဆွဲဖွင့်လိုက်တယ်။ နောက်တော့ အချင်းချင်းခေါင်းညိတ်ပြပြီး လက်နက်အပြည့်အစုံနဲ့ မြောင်းထဲကို စဆင်းတယ်။ မိလ္လာမြောင်းတွင်းက မှောင်မိုက်နေပြီး အနံအသက်မကောင်းပေမဲ့ အားလုံးက ဓာတ်ငွေ့ကာ မျက်နှာဖုံးတွေတပ်ထားပြီးပြီမလို့ အဆင်ပြေပြေရှိနေတယ်။

မကြာခင်မှာပဲ သူတို့နဲ့အတူယူလာတဲ့ ဓာတ်မီးတွေကြောင့် ​မိလ္လာမြောင်းအတွင်းပိုင်းကို သူတို့မြင်လာရတယ်။ မိလ္လာမြောင်းက အတော်လေးကျယ်ပြီး ကားတစ်စီး​ဝင်ဆန့်လောက်တဲ့အထိကျယ်တယ်။ အလယ်မှာ စွန့်ပစ်ရေတွေဆင်းဖို့မြောင်းရှိပြီး ဘေးတစ်ဖက်တစ်ချက်စီမှာတော့ လမ်းလျှောက်လို့ရတဲ့ ကန်ဘောင်တွေရှိတယ်။

မြေအောက်အောက်တာနဲ့ လူရှာမယ့်ကိစ္စကို သိပ်ပြီးစိတ်ဝင်စားပုံမရတဲ့ အေးဂျင့်နှစ်ယောက်က ရှေ့ကနေဦးဆောင်ပြီးသွားတယ်။ သူတို့နဲ့အတူ မြို့ရဲ့​မိလ္လာမြောင်းကွန်ယက်မြေပုံလည်းပါလာပြီး အားလုံးကို မျှဝေထားပြီးသား။ သူတို့ရဲ့ပန်းတိုင်က လက်ပတ်ရှိတဲ့နေရာကိုသွားဖို့ပါ။

"အရာရှိ၊ ပျောက်သွားတဲ့သူကို ကျွန်တော်တို့ပြန်တွေ့နိုင်လောက်သေးလား။ ကလေးမလေးက အတော်စိတ်ပူနေတဲ့ပုံပဲ။"

ကယ်ဗင်က ပတ်ဝန်းကျင်ကို သတိထားကြည့်နေရင်း နည်းပညာမြင့်ဝတ်စုံဝတ်ထားတဲ့ လင်ဒါကိုမေးလိုက်တယ်။ လင်ဒါက တစ်ခဏလောက်စဥ်းစားပြီးပြန်ပြောပါတယ်။

"ပျောက်သွားတဲ့သူကို ပြန်ရှာတွေ့မတွေ့က အချက်အလက်အများကြီးအပေါ်မူတည်ပေမဲ့ သိပ္ပံနည်းကျပြောရရင် ခုမှသုံးရက်ပဲရှိသေးတော့ ငါတို့ဘက်မှာ ၇၅ ရာခိုင်နှုန်းလောက်ရှိသေးတယ်။"

တိုက်ဆန်နဲ့ကယ်ဗင်တို့ ခေါင်းညိတ်လိုက်ကြတယ်။ ကြည့်ရတာ သူတို့မှာ မျှော်လင့်ချက်ရှိသေးပုံပဲ။ ဒါပေမဲ့ အေးဂျင့်တွေထဲက တစ်​ယောက်ကတော့ နားထောင်ရဆိုးတဲ့ အသံမျိုးနဲ့ ရယ်လိုက်ပါတယ်။

"ကောင်မလေး၊ အဲဒါက သာမန်ကိစ္စတွေအတွက် တွက်ချက်တဲ့မှတ်တမ်းကွ။ ငါ့အတွေ့အကြုံအရတော့ ရူးနေတဲ့မြူတန့်တစ်ယောက် ပြန်ပေးဆွဲခံရပြီဆိုရင် ၂၄နာရီအတွင်း သေဖို့က သေချာသလောက်ပဲ။"

လင်ဒါက မျက်လုံးကိုမှေးပြီး အေးဂျင့်ကို မကျေမနပ်ကြည့်လိုက်တယ်။ "အခုကိစ္စက စိတ္တဇမြူတန့်လက်ချက်ဟုတ်မဟုတ်တောင် ကျွန်မတို့မသိဘူးလေ။ ပြီးတော့ ကျွန်မကို အရာရှိလို့ပဲခေါ်ပါ။"

ဒါပေမဲ့ အေးဂျင့်က နောက်တစ်ခါထပ်ရယ်လိုက်ပြန်တယ်။ "မင်းသာ ငါ့လိုအတွေ့အကြုံရှိရင် အခုကိစ္စကိုစိတ္တဇမြူတန့်ကြောင့်ဖြစ်ပါစေလို့ မျှော်လင့်မိနေမှာသေချာတယ်။ အကြောင်းက မြူတန့်တစ်ယောက်ကြောင့်ဖြစ်တာဆိုရင် ပိုရှင်းရလွယ်လို့လေ။ အနည်းဆုံးတော့ ပိုဆိုးတဲ့ရန်သူနဲ့ မတွေ့ရတော့ဘူးပေါ့။"

လင်ဒါ ဘာမှဆက်မပြောဘဲ ငြိမ်နေလိုက်တယ်။ မြေအောက်မိလ္လာမြောင်းက နောက်တစ်ကြိမ် တိတ်ဆိတ်သွားပြန်တယ်။ အော်တိုဘော့တွေရဲ့လှုပ်ရှားနေတဲ့ ဂီယာသံနဲ့ လူတွေရဲ့ခြေသံကိုပဲ ကြားနေရတယ်။

သိပ်မကြာခင်မှာပဲ ကွန်ပျူတာက အချက်ပြတဲ့နေရာဆီကို သူတို့ရောက်လာကြပါတယ်။ အေးဂျင့်ထဲက တစ်ယောက်က ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး မကြာခင်မှာပဲ တစ်ခုခုကိုရှာတွေ့သွားတယ်။

"တွေ့ပြီ။" အေးဂျင့်က မရွံမရှာနဲ့ မိလ္လာမြောင်းဘောင်မှာတင်နေတဲ့ တစ်စုံတစ်ရာကို ကောက်ယူလိုက်တယ်။ သူတို့နဲ့အတူပါလာတဲ့ ရဲတချို့က ရွံရှာစွာနဲ့ တစ်ဖက်ကိုလှည့်လိုက်တယ်။ လင်ဒါကတော့ အဲဒီအရာကိုပဲ စိုက်ကြည့်နေမိတယ်။ အေးဂျင့်ကတော့ ရာသီဥတုသတင်းကြေညာနေတဲ့ပုံစံနဲ့ ပြောလိုက်တယ်။

"ငါတို့ထင်သလို လက်ပတ်က အဖြုတ်ခံလိုက်ရတာတော့မဟုတ်ဘူး။ အဲဒီအစား လက်မောင်းတစ်ခုလုံးအဖြတ်ခံလိုက်ရတာပဲ။" လင်ဒါမြင်နေရတာက မြူတန့်လက်ပတ်ရှိနေတဲ့ လူတစ်ယောက်ရဲ့လက်ပါ။

All Chapters