အချိန်နှင့် လိုက်၍ အရာအားလုံး ပြောင်းလဲသွားခြင်း
Vol. 60 Ch. 835
မိုဝူကျိက မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ အရောင်လွှင့်ပျယ်နေသည့် အဝါရောင်မျက်နှာကျက်ကို မြင်တွေ့လိုက်ရသည်။ ရုတ်တရက်ဆိုသလို သူက ထထိုင်လိုက်သည့်အခါ သူ့စိတ်ထဲ အပ်များနှင့် ထိုးစွခံလိုက်ရသလို ခံစားမိလိုက်သည်။
“ ဟူး ” မိုဝူကျိက သက်ပြင်းအရှည်ကြီး ချလိုက်သည်။ သူက ဖြည်းဖြည်းချင်း တည်ငြိမ်အောင် ထိန်းပြီးသည်နှင့် သူ့စိတ်ထဲမှ နာကျင်မှုသည်လည်း ပျောက်ပျက်လာ၏။
ဒီနေရာက ဘာလဲ …. ငါက ဘယ်မှာလဲ …..
မိုဝူကျိက မျက်မှောင်တွန့်ချိုးလိုက်ပြီး အဆောင်တစ်ထောင်တောင်တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကို ပြန်၍ စဉ်းစားမိလိုက်သည့်အခါ စိတ်ထဲ၌ တဖန်နာကျင်လာပြန်၏။ မိုဝူကျိက ဘာကိုမှ မစဉ်းစားဖို့ ဖိအားပေးလိုက်ပြီး လက်ရှိအခြေအနေကို သိဖို့ ကြိုးစားလိုက်သည်။
သူက အတော်အတန် ကျယ်ဝန်းသော အခန်းကျယ်ထဲ ရောက်ရှိနေပြီး အရောင်လွှင့်နေသည့် မျက်နှာကျက်အပြင် အိပ်ရာခင်းများမှာလည်း အရောင်လွှင့်နေပြီ ဖြစ်၏။ မိုဝူကျိက ဘေးကို လှည့်ကြည့်လိုက်သည့်အခါ သံချေးတက်နေသည့် လူနာထမ်းစင်ကို မြင်လိုက်ရသည်။ သူ့ကုတင်ညာဘက်တွင် ဆေးပုလင်းအမျိုးမျိုး ရှိနေသည့် ဆေးရောင်ကွာနေပြီ ဖြစ်သည့် ဗီရိုလေးတစ်လုံး ရှိနေသည်။
ခဏ …..
မိုဝူကျိ မျက်လုံးမှာ ပြူးကျယ်သွားလေ၏။ နောက်ဆုံးတွင် အသိပြန်ဝင်လာကာ သူက ဆေးရုံတွင် ရှိနေမှန်း သတိထားမိလိုက်သည်။
သူ့စိတ်ထဲ၌ နာကျင်မှုက တစ်ဖန်ကြီးစိုးလာပြန်သည်။ ဤတစ်ကြိမ်၌ မိုဝူကျိက နာကျင်မှုကို အတင်းကျပ် ချိုးနှိမ်လိုက်ပြီးနောက် မိနစ်အနည်းငယ်အကြာတွင် အဖြစ်အပျက်ကို စတင်နားလည်သွားတော့သည်။
သူက အဆောင်တစ်ထောင်တောင်သို့ ကမ္ဘာကူးအဆောင် တောင်းဆိုရန် ရောက်သွားခဲ့သည်။ ထို့နောက် ပညာရှိတာအိုအဆောင်ထဲ ဝင်မိကာ ထိုအတွင်းရှိ အာကာပြင်မှာ မူမမှန်ဘဲ တွန့်ချိုးရစ်ပတ်လာသည်။ သူက ဖူကျို့ကျန်း၏ ဝင်ပူးခြင်းကို ခံရလုမတတ် ဖြစ်သွားသေး၏။
ထို့နောက် ခွန်းဝူဓားက သူ့အသိစိတ်ပင်လယ်ထဲ ရောက်လာကာ ထိုဓားဖြင့် …..
မဟုတ်သေးပါဘူး ….
မိုဝူကျိက သူသည် ပညာရှိတာအိုအဆောင်ထဲတွင် ရှိနေဆဲ ဖြစ်ကြောင်း အမှတ်ရသွားကာ မည်သို့များ ဆေးရုံကုတင်ပေါ်သို့ ရောက်နေမည်နည်း။
မိုဝူကျိက အမြန်ဆုံးနှုန်းနှင့် လက်ကောက်ဝတ်မှ အကြောသွင်း အပ်ကို မြန်မြန် ဆွဲနှုတ်လိုက်သည်။ သူက ကုတင်ပေါ်မှ ဆင်းတော့မည့်ဆဲဆဲတွင် ကြောင်အမ်းနေဆဲ ဖြစ်သည်။
သူ့လက်ကောက်ဝတ်ပေါ်တွင် မှိန်ဖျော့ဖျော့ အမှတ်အသား နှစ်ခု ရှိနေလေ၏။ ဓားအမှတ်အသားက အဆောင်အမှတ်အသားကို ဖိနှိပ်ထားပေသည်။
ဤသည်မှာ ခွန်းဝူဓားနှင့် ပညာရှိတာအိုအဆောင်လား ….
မကြာခင် မိုဝူကျိက အမြင်မှားနေခြင်း မဟုတ်ကြောင်း သိလိုက်သည်။ လက်ကောက်ဝတ်ပေါ်ရှိ အမှတ်အသားနှစ်ခုမှာ ခွန်းဝူဓားနှင့် ပညာရှိတာအိုအဆောင်တို့ ဖြစ်နေသည်။
မိုဝူကျိက ခွန်းဝူဓားကို ထုတ်ယူပြီးနောက် အခြေအနေကို ပြန်လည် အမှတ်ရသွားလေ၏။ သူ့နောက်ဆုံးအတွေးမှာ ကမ္ဘာမြေသို့ ပြန်ခဲ့လိုခြင်း ဖြစ်ပေသည်။
ခွန်းဝူဓားက သူ့ဆန္ဒကို ခံစားမိတာလား …. ပညာရှိတာအိုအဆောင်ကို ချိုးနှိမ်ပြီးတော့ သူ့ကို ကမ္ဘာမြေဆီ ခေါ်လာခဲ့တာလား ….
မိုဝူကျိက စိတ်စွမ်းအားကို သုံး၍ ခွန်းဝူဓားနှင့် ဆက်သွယ်လိုသော်လည်း သူ့စိတ်စွမ်းအားကို အသုံးပြုတော့မည့်ဆဲဆဲတွင် ဦးခေါင်းပိုင်းက မခံမရပ်နိုင်အောင် နာကျင်လာသည်။ ဤသည်က မိုဝူကျိအား ဘာကိုမှ မလုပ်ရဲစေတော့ပေ။ ခဏအကြာတွင် မိုဝူကျိက အခြေအနေကို သဘောပေါက်သွားပေ၏။ လက်ရှိ သူ့တွင် အားကောင်းသော ခန္ဓာကိုယ် ရှိနေသည်မှလွဲ၍ ကျန်သည့်အရာ ဘာမှမရှိပေ။
“ အာ … ခင်ဗျား နိုးပြီလား ” တံခါးဝမှ အသံတစ်သံ ထွက်ပေါ်လာလေ၏။ ထို့နောက် အသက် ၂၀ ဝန်းကျင် လူငယ်လေး တစ်ဦး လျှောက်လှမ်းလာသည်။ ဤလူငယ်လေးတွင် ရိုးသားသော သွင်ပြင်ဟန် ရှိ၏။
“ ဘာလို့ အပ်ကို ဆွဲနှုတ်ထားတာလဲ ” လူငယ်လေး၏ နောက်တွင် လူလတ်ပိုင်းအရွယ် သူနာပြုတစ်ဦး ပါရှိ၏။ သူမက မိုဝူကျိသည် သူ့ဘာသာ ဖြုတ်ပစ်ထားကြောင်း မြင်သောအခါ ချက်ချင်း ဆူပူလိုက်တော့သည်။
“ ဒီအစ်ကိုကြီး … ဒါတွေက ခင်ဗျားရဲ့ ဒဏ်ရာတွေ ပိုးမဝင်အောင် ကာကွယ်ပေးတဲ့ ပဋိဇီဝဆေးပဲလေ။ ခင်ဗျား .. အာ ဒဏ်ရာတွေက …. ” လူငယ်လေး၏ အသံက ဖြည်းဖြည်းချင်း တိုးဝင်သွားလေ၏။ သူက မိုဝူကျိ ခန္ဓာပေါ်ရှိ ပြင်းထန်ဆိုးရွားသော ဒဏ်ရာများမှာ သိသိသာသာ ပျောက်ကွယ်သွားကြောင်း မြင်တွေ့လိုက်ရသည်။
သူနာပြုကလည်း ထိုမြင်ကွင်းကို ကြည့်ကာ မိုဝူကျိအား တအံ့တဩ ကြောင်အမ်းနေမိသည်။
မိုဝူကျိက မြန်မြန် တုံ့ပြန်ကာ “ ကျုပ်ဆီမှာ ဘိုးဘေးတွေဆီက လက်ဆင့်ကမ်းလာတဲ့ လိမ်းဆေးရှိတယ်။ ဒဏ်ရာပေါ် ပွတ်လိုက်တာနဲ့ မြန်မြန် ပျောက်သွားလိမ့်မယ် ”
မိုဝူကျိက ထိုနှစ်ယောက်သည် မေးခွန်းများ ဆက်မေးမည်ကို တွေးမိလိုက်စဉ် သူက သူနာပြုနှင့် လူငယ်လေးတို့သည် အံ့ဩသည့် အမူအယာ မရှိတော့ကြောင်း သိလိုက်ရသည်။ သူ့စကားများမှာ ပုံမှန်အလား ဖြစ်နေသည်။
“ ကျုပ်က ဘယ်ရောက်နေတာလဲ …. ကျုပ် မှတ်ဉာဏ်တွေက နည်းနည်း ဝေဝါးနေတယ် ” မိုဝူကျိက နားမလည်စွာ မေးလိုက်၏။
လူငယ်လေးက မြန်မြန် ဖြေပေးလိုက်သည် “ ဒါက ချီရှုမြို့ရဲ့ အကြီးဆုံးဆေးရုံ ရှင်းတာ့ဆေးရုံလေ။ ခင်ဗျားက လော့ယန်တောင်ခြေမှာ ဒဏ်ရာအပြင်းအထန် ရနေတာကို တွေ့လို့။ ခင်ဗျားက တောင်ပေါ်က ပြုတ်ကျတာလားလို့ ဆေးရုံကို ခေါ်လာပေးတာ …. ”
မိုဝူကျိက ချီရှုမြို့ကို သိပေသည်။ သူက ယခင်က ရောက်ခဲ့ဖူးလေ၏။ ဤသည်က ကိုင်နမ်နယ်၏ မြို့တော် ဖြစ်ပေသည်။ အမြင်နှင့်တင် ခွန်းဝူက သူ့အတွေးကို အာရုံခံမိကာ ကမ္ဘာမြေဆီ ပြန်လည် ပို့ဆောင်ပေးလိုက်ခြင်း ဖြစ်ရမည်။ ထိုမျှတင် မကသေးဘဲ ခွန်းဝူဓားက ပညာရှိတာအိုအဆောင်အား ဖိနှိပ်ပေးထားသေး၏။ ဤခွန်းဝူဓားက အမှန်တကယ် မရိုးရှင်းလှပေ။
သို့သော် …..
ဤယိုယွင်းပျက်စီးနေသည့် နေရာက ချီရှုမြို့ရဲ့ အကြီးဆုံးဆေးရုံတဲ့လား ….
စုတ်ဖွာနေသော အခင်းများ၊ နံစော်နေသော စောင်များနှင့် ညစ်ပတ်ကာ အရောင်မွဲနေသည့် မျက်နှာကျက်နဲ့တဲ့လား ….. လာနောက်နေတာလား ….
မြို့တော်တစ်ခုရဲ့ အကြီးမားဆုံး ဆေးရုံက ဘယ်လိုလုပ် ဒီလောက် စုတ်ပြတ်နေမှာလဲ …..
ယခင် သူ ကမ္ဘာမြေမှ ထွက်သွားစဉ်အခါက ပဋိဇီဝဆေးများ သုံးစွဲမှုအား တားမြစ်ထားသေး၏။
နှစ်တွေ ဘယ်လောက်ကြာမြင့်သွားပြီလဲ။ အကြောဆေးက တဆင့် ပဋိဇီဝဆေးတွေကို ဘာလို့ သွင်းပေးနေရတာလဲ ….
“ ကျုပ်ကို ကယ်ပေးတာ ကျေးဇူးပါ။ ခင်ဗျားကို ဘယ်လိုခေါ်ရမလဲ ” မိုဝူကျိက မြန်မြန်ဆန်ဆန် ကျေးဇူးတင်လိုက်သည်။
လူငယ်လေးက ရယ်မောကာ လက်ခါပြရင်း “ အားနာနေဖို့ မလိုပါဘူးဗျာ …. ဘာမှအပန်းမကြီးပါဘူး။ ကျုပ်နာမည်က ရှန်းကျစ်ယန်ပါ။ ရှင်းဝူတက္ကသိုလ်က ဂြိုလ်သက်ရှိ ဇီဝဗေဒ မဟာတန်းကပါ ”
မိုဝူကျိက ပြုံးကာ “ ခင်ဗျားအတွက် အပန်းမကြီးဘူးဆိုပေမဲ့ ကျုပ်အတွက်တော့ မဟုတ်ဘူးလေ … ဒါနဲ့ ကျုပ်နာမည်က မိုဝူကျိပါ ”
တကယ်တော့ ရှန်းကျစ်ယန် သူ့အား မကယ်လျှင်ပင် သူ့အနေနှင့် ကမ္ဘာမြေ ရောက်လာပြီ ဖြစ်၍ ထပ်၍ ဘာပြဿနာနှင့်မှ ကြုံတွေ့မည် မဟုတ်ကြောင်း သိထားသည်။ တောရိုင်းတိရစ္ဆာန်တချို့နှင့် တွေ့လျှင်ပင် သူ့အား ထိခိုက်ဒဏ်ရာ မဖြစ်စေနိုင်ပေ။ သူ့နတ်ဘုရား ရုပ်ခန္ဓာမှာ ဤနေရာရှိ တိရစ္ဆာန်များ၏ အစွယ်ထက် ပိုကြမ်းပေသည်။ အကြောဆေးအပ်ကား သူ့ခန္ဓာကိုယ်ကို အန္တရာယ်မပေးနိုင်သည့်အတွက် ကွဲပြားပေသည်။
“ ရှင် အဆင်ပြေပြီဆိုမှတော့ ကျသင့်ငွေ သွားသွင်းလို့ ရပါပြီ ” ရှန်းကျစ်ယန်အား ပြောပြီးနောက် သူနာပြုက အခန်းအတွင်း လျှောက်လာကာ ဆေးပစ္စည်းများကို သန့်ရှင်းလိုက်တော့သည်။
“ ကောင်းပြီလေ မိုဝူကျိ …. ကျုပ်နဲ့ လိုက်ခဲ့ပါ။ ကျုပ်တို့တွေ ကျသင့်ငွေ ရှင်းပြီးရင် ထမင်းအတူတူ စားကြတာပေါ့ ” ရှန်းကျစ်ယန်က မိုဝူကျိ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။
မိုဝူကျိတွင် အိတ်တစ်လုံးမှ မပါပေ။ ရှန်းကျစ်ယန်သည် မိုဝူကျိက လိမ်းဆေးအား မည်သည့်နေရာမှ ရမှန်း မသိသော်လည်း မိုဝူကျိတွင် ပိုက်ဆံ မပါသလို မှတ်ပုံတင်လည်း မရှိကြောင်း သိထား၏။
“ ကျေးဇူးပါ … ဒီနေရာက လေထု သိပ်မသန့်ဘူးနော်၊ မြန်မြန် ထွက်သွားတာ ကောင်းမယ် ” မိုဝူကျိက မြန်မြန် ပြောလိုက်သည်။ သူက တစ်ခုခု လွဲမှားနေကြောင်း ခံစားမိနေသည်။ သူက ရှန်းကျစ်ယန်အား မေးခွန်းတချို့ မေးကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ရှန်းကျစ်ယန်က ရယ်မောကာ
“ ဝူကျိ …. လေထုကို သန့်စင်ထားရတာလေ။ ငါတို့တွေ ဆေးရုံကနေ ထွက်တာနဲ့ တကယ်အနံ့ဆိုးက ဘာလဲဆိုတာ သိသွားလိမ့်မယ်။ ဒါပေမဲ့ ငါတို့နိုင်ငံက နိုင်ငံလုံးဆိုင်ရာ လေထုသန့်စင်ရေး စက်ကို တီထွင်ဖို့ လေ့လာနေကြတယ်။ အချိန်ကျလာရင် အခုလောက် မဆိုးလောက်တော့ဘူး ”
“ ကျစ်ယန် … ရှင်းတာ့ဆေးရုံက အိုဟောင်းပြီးတာ့ ယိုယွင်းနေတဲ့ပုံပဲ …. ဘယ်လိုလုပ်ပြီးတော့ ချီရှုမြို့ရဲ့အကြီးဆုံးဆေးရုံ ဖြစ်နေရတာလဲ ” ရှန်းကျစ်ယန်က ပြောပြီးနောက် မိုဝူကျိက အခွင့်အရေးယူကာ မေးလိုက်သည်။
ရှန်းကျစ်ယန်က သက်ပြင်းချကာ
“ ဒီနေရာက ပစ္စည်းတွေက ဆယ်စုနှစ်ရှိနေပြီလေ။ ချီရှုမြို့က တခြားမြို့တွေနဲ့ မယှဉ်နိုင်ဘူး။ ကျုပ်တို့မြို့က အာကာသဆိုင်ရာ လမ်းညွှန်မှုတွေလည်း မဖွံ့ဖြိုးသေးဘူးလေ။ အာကာသ သက်တမ်းက ကြာလာတာနဲ့ ကမ္ဘာမြေရဲ့ လေထုကလည်း အဆိပ်အတောက်တွေ ပါလာတယ်။ အင်အားကြီးပြီး ချမ်းသာတဲ့သူတွေကတေ့ ကမ္ဘာမြေကနေ ထွက်ပြီးတော့ တိယွမ်ဂြိုဟ်ဆီ သွားနေကြတယ်။ ကျုပ်တို့ နိုင်ငံက ကမ္ဘာမှာ အားအကောင်းဆုံးထဲက နိုင်ငံတစ်ခုဆိုတော့ တိယွမ်ဂြိုဟ်ပေါ်မှာ မြေတစ်ခုတော့ ပိုင်တာပေါ့။ စွမ်းဆောင်ရည်ရှိရင် တိယွမ်ဂြိုဟ်ကို သွားဖို့ အခွင့်အရေး ရှိတယ် … ”
နှစ်ယောက်သား ကောင်တာဆီ ရောက်လာကြသည်။ မိုဝူကျိက ရှန်းကျစ်ယန်၏ လက်ခံဖြတ်ပိုင်းပေါ်တွင် ၆၃၁ ဒေါ်လာ ဟု ရေးထားသည်ကို တွေ့လိုက်ရပြီး အဓိကအချက်မှာ ခုနှစ်ကား ၂၀၇၇ ဖြစ်နေခြင်း ဖြစ်၏။
သူ ထွက်သွားခဲ့စဉ်ကတည်းက ရာစုနှစ်တစ်ဝက်လောက် ရှိနေလေပြီ။ သူ့အနေနှင့် ကမ္ဘာမြေပေါ်တွင် ရင်းနှီးသူများနှင့် တွေ့နိုင်၊ မတွေ့နိုင်ကိုပင် မသိတော့ချေ။
“ လာလာ ထမင်းသွားကြစားစို့ … ဒါနဲ့ ခင်ဗျားရဲ့ ဇာတိက ဘယ်မှာလဲ။ ဘယ်လိုလုပ် ချီရှုမြို့ကို ရောက်လာတာလဲ ” ရှန်းကျစ်ယန်က ကျသင့်ငွေ ပေးချေပြီးနောက် ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သည်။
“ ချန်လောင်မြို့ကပါ။ ကျုပ်က ကျင်းယန်မှာလည်း အချိန်တစ်ခုလောက်အထိ အလုပ်လုပ်ဖူးတယ်။ ကျင်းယန်ရဲ့ ရှားမျိုးနွယ်အတွက် အလုပ်လုပ်ပေးရတာ … ခင်ဗျားရော ကြားဖူးလား ” မိုဝူကျိက စိတ်ထဲ ဗလာကျင်းနေပြီ ဖြစ်၏။ တကယ်တော့ သူက ရှားရိုယင်ကို ရှာတွေ့လိုသည့် စိတ်ဆန္ဒမရှိတော့ဘဲ ဝမ်ရှောင်ချီကိုသာ ရှာတွေ့လိုသည်။
ဒီနှစ်တွေမှာ သူမ အဆင်ပြေရဲ့လား …..
သူမမှာ မြေးတွေရော ရနေပြီလား …. ဒါမှမဟုတ် သူမလည်း ရှန်းကျစ်ယန် ပြောသလို တိယွမ်ဂြိုဟ်ဆီ ရောက်သွားပြီလား …..
“ ကျင်းယန်ရဲ့ ရှားမျိုးနွယ်စုကို သိတာပေါ့ ” ရှန်းကျစ်ယန်က လေးလေးစားစား အမူအယာဖြင့်
“ ရှားမျိုးနွယ်စုက တိယွမ်ဂြိုဟ်ကို တန်းသွားခွင့် ရှိတယ်လေ။ သူတို့က ကိုယ်ပိုင် အာကာသယာဉ်ပျံတောင် ပိုင်ကြသေးတယ်။ ရှားမျိုးနွယ်ရဲ့ ခန္ဓာကိုယ်လေ့ကျင့်ရေး ဆေးအရည်က တစ်ကမ္ဘာလုံးက အလိုရှိနေကြတဲ့အရာပဲ …. တိယွမ်ဂြိုဟ်က ကမ္ဘာမြေလောက် အန္တရာယ်မကင်းဘူးလို့ ပြောကြပေမဲ့ လေထုက သန့်ရှင်းပြီးတော့ ပတ်ဝန်းကျင်ကလည်း သာယာလှပတယ်။ ဒါပေမဲ့လည်း သားရဲအရိုင်းတွေတော့ ရှိတယ်တဲ့ … ”
ရှန်းကျစ်ယန်က ပြောလိုက်ရင်း တစ်ခုခု အမှတ်ရသွားဟန်ဖြင့်
“ ဝူကျိ … ခင်ဗျားရဲ့ လိမ်းဆေးကလည်း မဆိုးဘူးပဲ။ ခင်ဗျားကို ပဋိဇီဝဆေး မလိုဘဲ အချိန်တိုအတွင်း ပြန်ကောင်းလာစေတယ်ဆိုတော့ ကုမ္ပဏီထောင်ပြီးရောင်းရင် တိယွမ်ဂြိုဟ်ပေါ်မှာ ဈေးကွက်ရလာနိုင်တယ် … ”
မိုဝူကျိက လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း တိတ်ဆိတ်နေလေ၏။
ရှားမျိုးနွယ်ရဲ့ ခန္ဓာလေ့ကျင့်ရေး ဆေးအရည်တဲ့လား …. အဲဒါ သူရဲ့ ချီသွေးကြောဖွင့် ဆေးရည် မဟုတ်ဘူးလား ….
သူ့မှတ်စုထဲတွင် မှတ်သားထားသော ဖော်မြူလာမှာ မပြီးပြည့်စုံချေ။ သူ မချရေးထားသည့် တချို့အဓိက ပါဝင်ပစ္စည်းများ ကျန်ရှိနေသေး၏။ ရှားရိုယင်က သူ့အား အကောက်ကြံပြီးနောက်တွင် ဖော်မြူလာ အတိအကျ လက်ခံမရနိုင်တော့ပေ။
ရှားမျိုးနွယ်စု၏ ခန္ဓာလေ့ကျင့်ရေး ဆေးအရည်မှာ သူ့ချီသွေးကြောဖွင့် ဆေးရည်၏ မပြီးပြည့်စုံသည့် ဖော်မြူလာမှ ထပ်ဆင့် အဆင့်မြင့်ထားခြင်းသာ ဖြစ်ရမည်။ သို့သော်လည်း သူ့အနေနှင့် သူ့အပိုင်ဖြစ်သည့်အရာကို သေချာပေါက် ပြန်ယူရမည်။
“ ကျုပ်ဆီမှာ ဆေးဖော်မြူလာ မရှိဘူး။ ကျုပ် ဘိုးဘေးတွေက လက်ဆင့်ကမ်းလာတာဆိုတော့ ကျုပ်သုံးပြီးသွားရင် ကုန်သွားတာပဲ ” မိုဝူကျိက လူအများ၏ အကျင့်စရိက်ကို ခွဲခြမ်းစိတ်ဖြာရာ၌ ကျွမ်းကျင်ပေသည်။ သူက ရှန်းကျစ်ယန်သည် သူ့ဖော်မြူလာကို ရဖို့ရာ ချည်းကပ်ဖို့ ကြိုးစားနေခြင်း မဟုတ်ကြောင်း ပြောနိုင်လေ၏။
ရှန်းကျစ်ယန်က သက်ပြင်းချကာ “ နှမြောစရာပဲဗျာ …. ဝူကျိ … ရှားမျိုးနွယ်စုရဲ့ အာကာသ ဆေးဝါးကုမ္ပဏီက ကမ္ဘာမှာအကောင်းဆုံးထဲက တစ်ခုပဲ။ အလုပ်ရဖို့ အရမ်းခက်တယ်မလား ။ ဘာလို့ ထွက်လာတာလဲ ”
မိုဝူကျိလည်း သက်ပြင်းချကာ “ ကျုပ်က မကောင်းလို့ မောင်းထုတ်ခံလိုက်ရတာလေ။ အသတ်ခံရလုနီးပါးပဲ ”
ရှန်းကျစ်ယန်က မိုဝူကျိ တစ်ယောက် အသတ်ခံရလုနီးပါး ဖြစ်သည့် အကြောင်းကို ထူးဆန်းနေသည်ဟု မထင်ပေ။ သူ့အတွက် ပုံမှန်ဖြစ်နေဟန် ပေါ်၏။
ယခု သူတို့နှစ်ယောက်က ဆေးရုံမှ ထွက်လာကြသည်။ အပြင်ဘက်ရှိ လေထုမှာ ဆေးရုံရှိ လေထုနှင့် ယှဉ်လျှင် အင်မတန် ညစ်ညမ်းနေပြီး ဖော်မပြနိုင်လောက်သည့် အနံ့အသက်များနှင့် ပြည့်နေသည်။
မိုဝူကျိက ခေါင်းမော့ကာ ကြည့်လိုက်သည့်အခါ မှုန်မှိုင်းမှိုင်း ကောင်းကင်ကြီးကို မြင်လိုက်ရ၏။ သူက စိတ်ခံစားချက်မျိုးစုံဖြင့် သက်ပြင်းသာ ချလိုက်သည်။
ရှန်းကျစ်ယန်လည်း သက်ပြင်းချကာ “ အဲဒီနှစ်တုန်းက ကမ္ဘာ့လေထုကို ဖျက်စီးသွားတဲ့ နေအဖွဲ့အစည်းထဲမှာ ပေါက်ကွဲသွားတဲ့ ဂြိုဟ်တစ်လုံးကြောင့်သာ မဟုတ်ရင် ကမ္ဘာမြေက အခုလောက် ဆိုးမှာ မဟုတ်ဘူး ”
မိုဝူကျိက ထိုပေါက်ကွဲမှုအကြောင်း မေးချင်သော်လည်း သူက မျိုသိပ်ထားလိုက်သည်။ သူ့အနေနှင့် ထိုသို့ကိစ္စအကြီးကြီးကို မသိလျှင် ပို၍ ထူးဆန်းနေမည် ဖြစ်၏။ သို့သော်လည်း ရှန်းကျစ်ယန်၏ စကားများကို ကြားပြီးနောက် ကမ္ဘာမြေ အခြေအနေသည် မည်သို့ ဖြစ်လာကြောင်း အကြမ်းဖျင်း နားလည်သွားပေသည်။ ဤသည်မှာ လူသားတွေချည်းကြောင့်တော့ မကပေ။ သူ ကမ္ဘာမြေမှ ထွက်သွားစဉ်ကတည်းမှ ကမ္ဘာမြေ လေထု ကာကွယ်ရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးတို့မှာ အရေးပါသည့် ကိစ္စများ ဖြစ်၏။
***