← Chapters

အရင်မိတ်ဆွေက မရှိတော့ဘူး

Vol. 60 Ch. 836

အရင်မိတ်ဆွေက မရှိတော့ဘူး

Vol. 60 Ch. 836

ဆေးရုံမှ ထွက်လာပြီးနောက် မိုဝူကျိက လမ်းပေါ်တွင် ကားများများ ရှိမနေကြောင်း သိလိုက်ရသည်။ သို့သော်လည်း လူတန်း၊ ဆိုင်တန်းများဖြင့် စည်ကားနေသေး၏။ ဤမြို့မှာ အတော်လေး  စည်ကားအသက်ဝင်မှန်း သိသာလှသည်။

သူတို့က အသားကျနေသည့်အလား လမ်းမပေါ်ရှိ လူများမှာ ထိုလေထုကို အထူးအထွေ သတိပြုမိကြဟန် မပေါ်တော့ပေ။

တစ်နာရီကြာမြင့်ပြီးနောက် မိုဝူကျိနှင့် ရှန်းကျစ်ယန်တို့သည် ရှင်းဝူတက္ကသိုလ်သို့ ရောက်လာကြသည်။ ရှင်းဝူတက္ကသိုလ်၏ အဝင်မုခ်ဝမှာ ခမ်းနားထည်ဝါလှပြီး တိုင်လုံးကြီး နှစ်လုံးမှာ ဘေးတစ်ဖက်တစ်ချက်စီတွင် ရှိနေပြီး ထည်ဝါသည့် အရှိန်အဝါမျိုး ပေးစွမ်းနေသည်။

ရှန်းကျစ်ယန်က “ရှင်းဝူတက္ကသိုလ်” ဟူသော  စာလုံးသုံးလုံးကို ညွှန်ပြလိုက်ပြီး ပြောလိုက်သည်

“ ချီရှုမြို့ရဲ့ ရှင်းဝူတက္ကသိုလ်က မဆိုးဘူး။ နိုင်ငံရဲ့ ထိပ်ဆုံးကျောင်းနှစ်ဆယ်ထဲမှာ ပါတယ်။ ဒီမှာ လာပြီး လေ့လာကြတဲ့ နိုင်ငံခြားသားတွေလည်း ရှိတယ်။ ကျောင်းဝန်းထဲက အကောင်းဆုံး ကန်တင်းဆီ ခေါ်သွားပေးမယ်။ အပြင်နဲ့စာရင် ဈေးအရမ်းချိုပေမဲ့ အရသာကောင်းတယ် …. ”

မိုဝူကျိက စိတ်စွမ်းအားကို အသုံးမပြုထားသော်လည်း အမြင်ကောင်းကောင်းရှိသည့် အင်မော်တယ် ဧကရာဇ် တစ်ယောက် ဖြစ်နေဆဲ ဖြစ်သည်။ သူ တက္ကသိုလ်ဝန်းထဲ ဝင်လာသည်နှင့် ပတ်ဝန်းကျင် သန့်စင်ရေး စက်အများအပြားကို ဂရုပြုမိလိုက်သည်။ ကျောင်းအတွင်းရှိ လေထုမှာ အပြင်ဘက်နှင့်စာလျှင် အတော်လေး သန့်ရှင်းပေသည်။

တကယ်တော့ သူ့မပြီးပြတ်သေးသည့် ကိစ္စများအပြင် မိုဝူကျိက ကမ္ဘာမြေသို့ ပြန်လာချင်သည့် နောက်ထပ် အကြောင်းအရင်းတစ်ချက်လည်း ရှိသေး၏။ အကယ်၍ သူ့အနေနှင့် အင်မော်တယ် ဧကရာဇ်အဆင့်အလွန်ကို တက်လှမ်းလိုလျှင်  ကမ္ဘာမြေပေါ်ရှိ သူ့ကိစ္စအားလုံးကို ပြီးပြတ်စေဖို့ နည်းလမ်းရှာကြည့်ရမည်ဟု ခံစားမိခဲ့သည်။

မိုဝူကျိလည်း အကြောင်းအရင်းကို သေချာမသိပေ။ သူက လူသားတာအိုကို ကျင့်ကြံသည့်အတွက် ထိုအရာနှင့် ပတ်သတ်၍ ခံစားမိနေခြင်း ဖြစ်ပေသည်။ ထို့ကြောင့် ခွန်းဝူဓားက သူ့အား ဆန္ဒပြည့်ဝသွားအောင် ကူညီပေးလိုက်သည်ဟု ဆိုလို့ရပေသည်။ သူ့ကျင့်ကြံဆင့် ပြန်လည် ရရှိပြီး ကမ္ဘာမြေမှ ထွက်သွားသည့်အခါ ကမ္ဘာမြေဝန်းကျင်၌ အစီအရင် ခင်းကျင်းပေးခဲ့မည်။ တစ်ချိန်တည်းဆိုသလို သူက ကမ္ဘာမြေ၏ အခြေအနေကိုလည်း အကောင်းဆုံး အခြေအနေ ပြန်ဖြစ်အောင် ကြိုးစားပြုပြင်ကြည့်မည် ဖြစ်၏။ သူ မွေးဖွားခဲ့သည့် ကုန်းမြေအတွက် ပြန်လည် အကျိုးပြုခြင်းသာ ဖြစ်ပေသည်။

“ ကျုပ်တို့ ရောက်ပြီ  …. ဒီနေရာပဲ ” ရှန်းကျစ်ယန် ညွှန်းဆိုသော ကန်တင်းမှာ ကျောင်းအဝင်ဝနှင့် သိပ်မလှမ်းပေ။

ကန်တင်း၌ လူများစွာလည်း ရှိမနေချေ။ မိုဝူကျိနှင့် ရှန်းကျစ်ယန်တို့ ဝင်လာသည့်အခါ အမျိုးသမီး နှစ်ဦးနှင့် အမျိုးသား တစ်ဦး ထွက်သွားသည်ကို မြင်လိုက်ရ၏။

“ ယာချီ …. မင်းလည်း  …” ရှန်းကျစ်ယန်က ပြောလိုက်ပြီးနောက်  အမျိုးသား ကျောင်းသားပေါ် အကြည့်ရောက်သွားလေ၏။

မိုဝူကျိက ယာချီ၏  မျက်နှာပေါ်မှ ပျာယာခတ်သွားသည့် အမူအယာကို သတိပြုမိလိုက်သည်။ သို့သော်လည်း ဤအမျိုးသမီး၏ စိတ်အခြေအနေက မဆိုးလှပေ။ သူမက အမူအယာကို ချက်ချင်း ပြန်ပြင်လိုက်လေ၏။

“ကျစ်ယန် …. ရှင် ဘယ်လိုလုပ် ကျောင်းကို ပြန်ရောက်လာတာလဲ။ ဆေးရုံကို သွားတာ မဟုတ်ဘူးလား ” ယာချီအမည်ရှိ အမျိုးသမီးက မေးခွန်းဖြင့် ပြန်တုံ့ပြန်လိုက်သည်။ သူက စကားကိုပင် ပြီးအောင် မပြောနိုင်လိုက်ခင် ယာချီ ဘေးမှ ကျောင်းသားက လက်ကို ဆန့်ထုတ်ကာ  “ မင်းက ရှန်းကျစ်ယန်မလား။ ငါ့နာမည်က ဖုန်းနန်။ ငါက ကျင်းယန် ကြယ်တာရာကျောင်းက ယာချီရဲ့ သူငယ်ချင်းပါ ”

မိုဝူကျိက ယခင်ကကဲ့သို့ အချစ်ရူး ဖြစ်နေသည့် အရူး မဟုတ်တော့ပေ။ ထိုမြင်ကွင်းကို မြင်လိုက်သည်နှင့် ရှန်းကျစ်ယန်နှင့် ယာချီကြားတွင် တစ်ခုခု ရှိနေကြောင်း ခန့်မှန်းမိလိုက်သည်။ သူတို့သည် စုံတွဲပင် ဖြစ်နေနိုင်၏။

ရှန်းကျစ်ယန် မျက်နှာထက်တွင် မလိုလားသည့် အမူအယာများ ရှိနေသည်။ သူက ဖုန်းနန်ကို ပြန်မဖြေသလို ဖုန်းနန်၏ လက်ဆွဲခြင်းကို ပြန်၍ မတုံ့ပြန်ပေ။ ထို့အစား သူက ယာချီကို ကြည့်ကာ မေးလိုက်၏

“ ယာချီ ….. ငါ မင်းကို ဆေးရုံကို လိုက်ဖို့ ခေါ်တုန်းက ကြယ်တာရာစာမေးပွဲအတွက် စာပြန်ကြည့်စရာ ရှိသေးတယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား။  ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ ”

ယာချီက နေရာခက်စွာ ခေါင်းငုံ့ထားလိုက်၏။ သူတို့ကြား တိတ်ဆိတ်မှုသာ ကြီးစိုးသွားတော့သည်။ အချိန်တစ်ချို့ကြာပြီးနောက် သူမက ခေါင်းကို မော့ကာ  “ ကျစ်ယန် … ကျမ ဒီနှစ် ဘွဲ့ရတော့မှာကို ရှင်လည်း သိမှာပါ။ တိယွမ်ဂြိုဟ်ကို သွားဖို့က ကျမရဲ့ အိပ်မက်ပဲ …. ”

သူမက ဆက်မပြောတော့ပေ။ မိုဝူကျိက သူမသည် ရှန်းကျစ်ယန်က သူမ စံနှုန်းနှင့် မကိုက်ကြောင်း သွယ်ဝှက်ပြောဆိုနေကြောင်း နားလည်လိုက်သည်။ ရှန်းကျစ်ယန်ကို အရံလူအဖြစ် ထားထားခြင်း ဖြစ်ရမည်။ သူမက နောက်တစ်ယောက်ကို တွေ့ထား၍ နှစ်ယောက်ကြား နှိုင်းယှဉ်ကာ ရွေးချယ်နေခြင်း ဖြစ်ပေသည်။

“ ရှန်းကျစ်ယန် …. ရှင့်အပြုအမူက လွန်နေပြီနော်။ ယာချီက ရှင့်ကောင်မလေးလည်း မဟုတ်ဘူး။ တကယ်လို့ ဟုတ်နေရင်လည်း ရှင့်အနေနဲ့ သူမကို အခန်းဖော်အရှေ့မှာ မလေးမစား မလုပ်သင့်ဘူးလေ။ အသေးစိတ်ကို မပြောနဲ့ဦး … ဒီလိုတွေ လုပ်နေတာက ရှင့်အနာဂတ်အတွက် ဘာမှကောင်းမှာ မဟုတ်ဘူး ” နောက်ထပ် အမျိုးသမီးတစ်ယောက်က မျက်မှောင်ကျုတ်ကာ ဝင်ပြောလိုက်သည်။

ယာချီတွင် ဆံပင်တိုတို၊ မျက်နှာဝိုင်းဝိုင်း ရှိ၏။ သူမက လှပသည်ဟု ယူဆ၍ ရသော်လည်း သာမာန်ထက် အနည်းငယ်မျှ သာလွန်နေခြင်း ဖြစ်ပေသည်။ ရှန်းကျစ်ယန်အား အော်နေသည့် မိန်းကလေးက ပို၍ ကြည့်ကောင်းပေ၏။ သူမ သွင်ပြင်မှာ ပိန်ပိန်ပါးပါးနှင့် အသားရည်မှာလည်း ဖြူဆွတ်ကာ မျက်နှာအစိတ်အပိုင်းများကလည်း သိသာလှသည်။ သူမ၏ ဆံပင်အရှည်က ပခုံးအထက် ရောက်နေ၏။ သူမက ယာချီထက် ပိုကောင်းပေသည်။

ရှန်းကျစ်ယန်၏ မျက်နှာမှာ အနည်းငယ် ဖြူဖျော့သွားလေ၏။ သူ့စိတ်ထဲ အနှောင့်အယှက် ဖြစ်သွားသည်မှာ သိသာလှသည်။

မိုဝူကျိက ရှန်းကျစ်ယန်၏ ယခင်အပြုအမူများမှာ သိပ်မကောင်းကြောင်း သိလိုက်သော်လည်း သူက ရယ်ရယ်မောမောဖြင့် ရှန်းကျစ်ယန် ပခုံးကို ပုတ်ကာ  “ကျစ်ယန် …. ပင်လယ်ထဲမှာ တခြားငါးတွေလဲ ပေါပါတယ်ကွာ (ကမ္ဘာကြီးမှာ တခြားကောင်မလေးတွေလဲ အများကြီး) ။ တချို့ကိစ္စတွေကို အာရုံစိုက်ဖို့ မလိုဘူး ”

ရှန်းကျစ်ယန်က သူ့ဘာသာ တွေးမိ၍လား ဒါမှမဟုတ် မိုဝူကျိ၏ စကားများက သက်ရောက်မှု ရှိသွား၍လား မပြောတတ်ပေ။ သူက ယာချီအား စိတ်မပါစွာ ကြည့်လိုက်ပြီးနောက် ပိန်ပါးပါး မိန်းမလှလေးအား လှည့်ကြည့်ကာ  “ ထန်ကျန်းမန် .. မင်း ပြောတာ မှန်တယ်။ ငါက ယာချီနဲ့ ဘာမှတောင် မရင်းနှီးတာကို ငါ အပိုတွေးမိသွားတယ် …”

ထိုသို့ပြောပြီးနောက် ရှန်းကျစ်ယန်က မိုဝူကျိဘက် လှည့်ကာ  “ မိုဝူကျိ …. ကျုပ်တို့ ကောင်းကောင်း သွားစားရအောင်။ ကျုပ်တို့ကန်တင်းရဲ့ ဌက်သားက တကယ်အရသာရှိတယ်  ”

“ သွားကြတာပေါ့ ” မိုဝူကျိက ရှန်းကျစ်ယန်၏ တည့်တိုးဆန်ကာ ဖြောင့်မတ်သော အကျင့်စရိုက်ကို သဘောကျမိသည်။

“ ရှင်က မိုဝူကျိလား ” ထန်ကျန်းမန် အမည်ရှိ အမျိုးသမီးက ရုတ်တရက် ထမေးလိုက်သည်။

မိုဝူကျိက ခေါင်းညိတ်ပြကာ  “ ဟုတ်ပါတယ် .... ကျုပ်နာမည် မိုဝူကျိပါ …. ဘာများ မှားနေလို့လဲ ”

ထန်ကျန်းမန်သည် သူ့ကို သိနေလိမ့်မည်ဟု မယုံပေ။ သူ ထွက်သွားသည်မှာ ဆယ်စုနှစ်များစွာ ကြာမြင့်နေပြီ ဖြစ်၏။ ထို့အပြင် သူက ဆေးပင်များနှင့် အပင်များအပေါ်တွင် လေ့လာရာ၌ စိတ်နှစ်ထားခဲ့လေရာ သူနှင့် ပတ်သတ်မှုရှိခဲ့သူမှာ သူ့ကို တစ်ဖက်သတ် မြတ်နိုးနေသည့် ဝမ်ရှောင်ချီနှင့် သူ့အား လုပ်ကြံခဲ့သော ရှားရိုယင်တို့ ဖြစ်ကြသည်။

“ အို ဘာမှ မဟုတ်ပါဘူး …. မိုဝူကျိ နာမည်က အရမ်းနာမည်ကြီးနေလို့ပါ။ အဲဒါကြောင့် နည်းနည်း အံ့ဩမိသွားတာ ” ထန်ကျန်းမန်သည် အားနာစွာ ပြန်ဖြေလိုက်၏။

မိုဝူကျိက လက်နှစ်ဖက်ယှက်ကာ မေးလိုက်သည်  “ မိုဝူကျိ နာမည်က ဘာလို့ နာမည်ကြီးနေတာလဲဆိုတာ ကျောင်းသူထန်က ပြောပြပေးလို့ ရမလား ”

မိုဝူကျိက လက်နှစ်ဖက် ယှက်လိုက်သည်ကို မြင်သောအခါ ထန်ကျန်းမန်တင် မကဘဲ ရှန်းကျစ်ယန်ပင် အံ့အားသင့်သွားသည်။ မိုဝူကျိ၏ ဝတ်ရုံမှာ အတော်လေး အလွန်ရှေးဆန်ကာ ခေတ်နောက်ကျနေလေပြီ။ ယခု သူက လက်နှစ်ဖက်ယှက်၍ လောကဝတ်ပြုနေပြန်သည်။

ထန်ကျန်းမန်က မြန်မြန် ပြောလိုက်သည်  “ ဘာရယ်တော့ မဟုတ်ပါဘူး။ ရှင် ကျင်းယန်ကို သွားရင် သိမှာပါ။ ကျင်းယန်က လူတော်တော်များများက မိုဝူကျိကို သိကြတယ်လေ။ လွန်ခဲ့တဲ့နှစ်တွေတုန်းက ကျင်းရှို့တောင်မှာ အုတ်ဂူတစ်ခု ပေါ်လာတယ်။ အဲဒီအုတ်ဂူမှာ စာကြောင်းနှစ်ကြောင်းပါတယ်။ မိုဝူကျိရဲ့ အုတ်ဂူ၊ စိုက်ထားပေးထားသူ ဝမ်ရှောင်ချီတဲ့လေ …. ”

“ ဟုတ်တယ် … ကျင်းယန်က လူအားလုံး သိကြတယ် ” ဘေးတွင် ရှိနေသည့် ဖုန်းနန်က ခေါင်းညိတ်ကာ ပြောလိုက်သည်။

ရှန်းကျစ်ယန်က သူ့လက်ဆွဲနှုတ်ဆက်မှုအား လျစ်လျူရှုထားသော်လည်း သူက စကားဝင်ပြောလိုက်ဆဲ ဖြစ်သည်။

“ မိုဝူကျိရဲ့အုတ်ဂူ ၊ စိုက်ထူပေးထားသူ ဝမ်ရှောင်ချီ …..” မိုဝူကျိက သူ့ဘာသာ ရေရွတ်လိုက်သည်။ သူမျက်လုံးထဲမှ ရှက်သွေးကြွယ်သော မိန်းမလှလေး တစ်ဦး ပေါ်လာသည်။ သူမနာမည်မှာ ဝမ်ရှောင်ချီ ဖြစ်၏။

သူ သေဆုံးပြီးနောက်တွင် သူ့အား မှတ်မိပေးမည့် တစ်ဦးတည်းသောသူမှာ ဝမ်ရှောင်ချီသာ ဖြစ်နေ၏။

“ အဲဒီအုတ်ဂူ ကျောက်တိုင်က သာမာန်ကျောက်တုံးနဲ့ တူပေမဲ့ တကယ်ကျ ရှားပါးတဲ့ ကျောက်စိမ်းတစ်မျိုး ဖြစ်နေတယ်လေ။ အဲဒီကျောက်တိုင်ကြောင့် ကျင်းယန်မှာ ပဋိပက္ခတွေတောင် ဖြစ်သွားသေးတယ် …” ထန်ကျန်းမန်က မိုဝူကျိ နားမလည်သေးသည်ကို မြင်၍ ဆက်ရှင်းပြလိုက်သည်။

“ ကျောင်းသူထန် ကျေးဇူးပါ …. အဲဒီအုတ်ဂူကျောက်တိုင်က ကျင်းရှို့တောင်ရဲ့ ဘယ်နားမှာ ပေါ်လာတာလဲ ဆိုတာပြောပြလို့ ရမလား။ အခုရော ဘယ်မှာရှိနေတာလဲ။ ဝမ်ရှောင်ချီကိုရော တစ်ယောက်ယောက် သိကြလား ” မိုဝူကျိက စိတ်ထဲမှ စိုးရိမ်မှုများကို ချိုးနှိမ်ကာ မေးခွန်းများ ဆက်တိုက် ထုတ်မေးလိုက်သည်။

ထန်ကျန်းမန်က ခေါင်းညိတ်ပြကာ

“ ကျောက်စိမ်းအုတ်ဂူ ကျောက်တိုင် ပေါ်လာပြီးတော့ ဝမ်ရှောင်ချီကို စုံစမ်းကြတာပေါ့။ သူမက လက်မထပ်ရသေးတဲ့ တစ်ကိုယ်တည်းသမား ထင်တယ်။ သူမ မသေခင်လေးမှာ ကျန်းရှို့တောင်မှာ မြှပ်နှံ့ပေးဖို့ တောင်းဆိုခဲ့တယ်။ အဲဒီကျောက်စိမ်းအုတ်ဂူကျောက်တိုင်ကတော့ မရှိတော့ဘူး။ ကျမနဲ့ တခြားအတန်းဖော်တွေက  အဲဒီနေရာကို တစ်ခေါက် ရောက်ခဲ့သေးတယ် …. ”

ဝမ်ရှောင်ချီက သေသွားပြီလား …..

မိုဝူကျိက ခေါင်းထဲ ပြန်၍ နာကျင်လာပြန်သည်။ သူ့ဦးနှောက်ထဲသို့ အပ်ပေါင်းများစွာ တစ်ပြိုင်နက် ထိုးစိုက်နေသည့်အလား ခံစားနေရသည်။ သူ့မျက်နှာမှာ ချက်ချင်းဆိုသလို ဖြူဖျော့သွားလေ၏။ ခေါင်းထဲတွင် အရမ်းနာကျင်နေသော်လည်း သူ့နှလုံးသားထဲမှ ဝမ်းနည်းမှုနှင့် နောင်တတရားတို့ကို မလွှမ်းခြုံနိုင်ပေ။ သူ့မျက်ဝန်း၌ အရည်လဲ့လာမိ၏။

ယခင် သူက ချိန်စုယင်အတွက် ငိုကြွေးခဲ့ရသည်။ ဤတစ်ကြိမ်၌ ဝမ်ရှောင်ချီအတွက် ငိုကြွေးမိနေ၏။ သူ ပြန်ရောက်လာသည့်အချိန်ကား နောက်ကျသွားလေပြီ။ ဝမ်ရှောင်ချီအား ပြန်လည် ခေါ်ဆောင်နိုင်မည့် နည်းလမ်း မရှိတော့ပေ။

သူမအပေါ် အခွင့်အရေး၊ ကတိစကားများ မပေးထားသော  အမျိုးသားတစ်ယောက်အတွက် သူမ တစ်ဘဝလုံး အထီးကျန်စွာ နေခဲ့ရသည်။

ဒီလိုလုပ်ဖို့ ဆုံးဖြတ်ချက် ပြတ်သားမှု ဘယ်လောက်လိုအပ်မလဲ …. သူမ အချစ်က ဘယ်လောက်တောင် နက်ရှိုင်းနေတာလဲ ….

သို့သော်လည်း သူက ထိုအရာအားလုံးကို သတိမပြုမိခဲ့ပေ။ သူမက နောက်ကွယ်မှ သူ့အား အားလုံးကို ပံ့ပိုးပေးခဲ့သည်။ သူမအနေနှင့် မည်သည့်အရာကိုမှ ပြန်လည် မတောင်းဆိုဖူးသလို၊ အဆုံးသတ်ပျော်ရွှင်မှု ရရှိဖို့ရာလည်း မမျှော်လင့်ထားခဲ့ပေ။ ဝမ်ရှောင်ချီက သူ့အပြုံးလေးကို မြင်တွေ့ပြီး မနက်တိုင်း သူ့နှုတ်ဆက်စကား ကြားခွင့်ရဖို့သာ မျှော်လင့်ခဲ့မိလိမ့်မည်။

သို့သော် သူက သူမအား ဘာကိမှ မပေးနိုင်ခဲ့ပေ။ သူက ချီသွေးကြောဖွင့် ဆေးရည်အပေါ်တွင်သာ လုံးဝ အာရုံစိုက်ထားမိခဲ့ပြီး သူ့အချစ်ကိုလည်း နောက်ကွယ်မှ လုပ်ကြံသည့် ထိုအမျိုးသမီး ရှားရိုယင်ကိုသာ ပုံအောပေးထားမိခဲ့သည်။

“ မိုဝူကျိ အဆင်ပြေရဲ့လား ” ရှန်းကျစ်ယန်က စိုးရိမ်တကြီး မေးလိုက်သည်။

မိုဝူကျိက မျက်လုံးကို ပွတ်ကာ ခေါင်းခါပြလိုက်ပြီး  “ အဆင်ပြေပါတယ် … ”

ထို့နောက် သူက ထန်ကျန်းမန်အား ကြည့်ကာ  “ ကျောင်းသူထန် … ကျုပ်စကားတချို့က ရိုင်းကောင်း ရိုင်းနေနိင်ပေမဲ့ ဒီကိစ္စက ကျုပ်အတွက် အရမ်းအရေးကြီးလို့ပါ။ ကျုပ်ကို အဲဒီနေရာ ခေါ်သွားပေးနိုင်မလား ”

“ အာ ” ထန်ကျန်းမန်က မိုဝူကျိအား တအံ့တဩ ကြည့်လိုက်သည်။ သူမက မိုဝူကျိသည် ထိုသို့မျိုး အကျိုးအကြောင်းမသင့်သည့် တောင်းဆိုချက်မျိုး ပြုလုပ်လိမ့်မည်ဟု မထင်ထားပေ။

သူမက မိုဝူကျိနှင့် ပတ်သတ်မှု မရှိပေ။ ထို့အပြင်  မိုဝူကျိက နာမကျန်းဟန် ပေါ်နေပြီး သူ့အဝတ်အစားမှာလည်း ထူးဆန်းလှသည်။ ဟန်ခေတ် ရှေးအဝတ်အစားများက တကျော့ပြန် ခေတ်စားလာသည့် အချက်ကြောင့်သာ မဟုတ်လျှင် မိုဝူကျိအား အရူးဟု တွေးမိပေမည်။

သို့သော်လည်း သူမက မိုဝူကျိအပေါ်တွင် အမြင်ဆိုး မရှိချေ။ မိုဝူကျိက တောကျိုအုံ့ကြားမှ လူနှင့်တူသော်လည်း သူ့အနေနှင့် မဖော်ပြတတ်သည့် ခံစားချက်မျိုး ပေးစွမ်းနိုင်သည်။ မိုဝူကျိ၏ အဝတ်အစားများမှာ အိုဟောင်းနေသော်ငြား သူ့အရှိန်အဝါက သန့်စင်ကာ တောက်ပပေ၏။

“ ကျစ်ယန် … စီနီယာမိုက ရှင့်သူငယ်ချင်းလား ” ဖုန်းနန်နှင့် ယာချီတို့ အံ့ဩသွားစေသည်က ထန်ကျန်းမန်သည် ထိုသူ့အား တည့်တိုး မငြင်းပယ်လိုက်ပေ။ ထို့အစား သူမက ရှန်းကျစ်ယန်အား မေးခွန်းထုတ်လိုက်သည်။

ရှန်းကျစ်ယန်က မြန်မြန် ပြောလိုက်သည်  “ ဝူကျီနဲ့ငါက  စောစောလေးက သူငယ်ချင်း ဖြစ်သွားတာ …. သူက လော့ယန်တောင်မှာ ပြုတ်ကျပြီး ဒဏ်ရာရနေလို့ ဆေးရုံကို ပို့ပေးထားတာ ”

“ ကျန်းမန် … မိုဝူကျိအတွက် မြေပုံဆွဲပေးလိုက်လေ။ ဒီနေရာက ကျင်းယန်နဲ့ အရမ်းလှမ်းတယ် ” ဖုန်းနန်က ။ သူက ထန်ကျန်းမန်သည် စဉ်းစားနေကြောင်း မြင်သည့်အခါ အမြန်ပြောလိုက်၏

ထိုစဉ် ကျောင်း၏ အသံလွှင့်ဌာနမှ အသံထွက်လာသည်  “ ရှင်းဝူတက္ကသိုလ်ရဲ့ ဘွဲ့ရကျောင်းသား၊ ကျောင်းသူများ မှတ်ထားကြပါ။ အာကာသညွှန်ကြားရေး အဖွဲ့အစည်းက ကျုပ်တို့ ကိုင်နမ်နယ်မြေရဲ့ ကျောင်းသားတွေကို စတင်လက်ခံတော့မှာပါ။ ကြယ်သုံးလုံးအဆင့် စာမေးပွဲ အောင်တာနဲ့ ရွေးချယ်မှုထဲ ပါပါလိမ့်မယ်။ စာရင်းသွင်းရမဲ့နေရာက ချီရှုမြို့ရဲ့ လေ့လာရေး ရင်ပြင်မှာပါ ….. ”

ထိုကြေညာမှုကို ခြောက်ကြိမ်တိုင်တိုင် ကြေညာသွားလေ၏။ မိုဝူကျိက သူတို့အားလုံး အလိုရှိနေကြသည့် အမူအယာများ ပေါ်လာသည်ကို မြင်လိုက်ရသည်။ ရှန်းကျစ်ယန်ပင် အပစ်ခံလိုက်ရသည့်အကြောင်းကို မေ့လျော့သွားတော့သည်။

“ဟူး ….  ကြယ်သုံးလုံး စာမေးပွဲကို မအောင်တာ ကံဆိုးချက် ” ထန်ကျန်းမန်က သက်ပြင်းချကာ ပြောလိုက်သည်။

“ တကယ်လို့ ကျုပ်ကို ကျန်းရှို့တောင်ဆီ လိုက်ပို့ရင် ကြယ်သုံးလုံး စာမေးပွဲ အောင်အောင် သင်ပေးမယ် ” မိုဝူကျိက ရုတ်ချည်း ပြောလိုက်သည်။ သူက ကြယ်သုံးလုံး စာမေးပွဲအကြောင်းကို မသိသော်လည်း  သူ့လိုမျိုး အင်မော်တယ် ဧကရာဇ် တစ်ယောက်အတွက် ဘာမှမဟုတ်ကြောင်း ယုံကြည်ထားသည်။

All Chapters