← Chapters

ငါ့ကို လှီးလိုက်

Vol. 60 Ch. 837

ငါ့ကို လှီးလိုက်

Vol. 60 Ch. 837

ထန်ကျန်းမန်က ဘာမှမပြောနိုင်ခင် ယာချီက အော်ဟစ်ကာ ဆူပူပြောလိုက်သည်

“ ဘာအဓိပ္ပါယ်မရှိတာတွေ ပြောနေတာလဲ။ အဖွဲ့အစည်းရဲ့ နံပါတ်တစ် ပါရမီရှင် ရှီလီကတောင် ဒီလို အာမ မခံရဲဘူး။ ဒါက အရည်အချင်းနဲ့ ပါရမီလည်း လိုသေးတယ်။ ရှင်က ဘယ်လိုများ ပြောထွက်ရဲတာလဲ ”

မိုဝူကျိက ယာချီအား ကြည့်ကာ

“ ငါက မင်းနဲ့ မတူဘူး။ မင်းက ကိစ္စတွေကို လုပ်ရင် အားလုံးကို ထည့်စဉ်းစားပေမဲ့ ယောက်ျားမိန်းမ ဆက်ဆံရေးနဲ့ ပတ်သတ်လာတဲ့အခါကျ မင်းက အရံလူ လိုက်ရှာနေတာပဲ ….  တကယ်လို့ ငါသာ မမှားရင် ဒီကျောင်းသား ဖုန်းနန်ကလည်း မင်းရဲ့ အရံလူထဲက တစ်ယောက်မလား။ ဒါပေမဲ့ မင်းရဲ့ အရံလူတွေ အပြောင်းအလဲလုပ်တဲ့ ဆုံးဖြတ်ချက်ကတော့ အတော်လေး ထူးခြားတာပဲ …. တစ်ဖက်မှာ ငါက ထည့်သွင်းစဉ်းစားရမဲ့အကြောင်းအရာ များများစားစား မရှိဘူး။ တကယ်လို့ ငါ လုပ်နိုင်ရင် လုပ်မယ်။ မလုပ်နိုင်ရင် ထပ်ပြီး မစဉ်းစားတော့ဘူး ”

မိုဝူကျိက ယာချီ၏ ဖုန်းနန်အပေါ် သဘောထားမှာ မလေးနက်သေးကြောင်း သတိထားမိရုံသာမက ဖုန်းနန်သည်လည်း ထန်ကျန်းမန်ကို ပို၍ ဂရုစိုက်နေဟန် ပေါ်ကြောင်း သတိပြုမိပေသည်။

“ ရှင် ….” ယာချီ၏ မျက်နှာမှာ နီရဲလာသော်လည်း ဘာမှဆက်မပြောနိုင်ပေ။

လက်တွေ့၌ သူမ၏ တွေးပုံတွေးနည်းမှာ ပုံမှန်သာ ဖြစ်၏။ ရှန်းကျစ်ယန်၏ အကျင့်စရိုက်မှာ မဆိုးလှပေ။ နောက်ခံမိသားစု အခြေအနေမှာလည်း အဆင်ပြေနေသည်။ အကယ်၍ သူမက တိယွမ်ဂြိုဟ်သို့ ဝင်ခွင့်မရခဲ့လျှင် ရှန်းကျစ်ယန်သည် အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပေမည်။ သို့သော်လည်း ရှန်းကျစ်ယန်၏ ပါရမီမှာ လိုအပ်နေ၍ တိယွမ်ဂြိုဟ်သို့ သေချာပေါက် သွားနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သူမက တိယွမ်ဂြိုဟ်သို့ သွားနိုင်လျှင် ရှန်းကျစ်ယန်သည် သူမအတွက် မသင့်တော်တော့ပေ။ တစ်ဖက်တွင် ဖုန်းနန်တွင် တိယွမ်ဂြိုဟ်သို့ သွားရောက်နိင်ခြေ ရှိ၏။ သူမ အမြင်အရ ဖုန်းနန်အား ရွေးချယ်လိုက်ခြင်းမှာ သာမာန် ဖြစ်ပေသည်။

သို့သော်လည်း မိုဝူကျိ ပြောသည့်အတိုင်း ကွက်တိ ဖြစ်၏။ အကယ်၍ ဖုန်းနန်ထက် ပိုမိုကောင်းမွန်သည့် ပစ်မှတ်ရှာတွေ့လာလျှင် ဖုန်းနန်အား ဘေးဖယ်ထားမည်သာ ဖြစ်၏။ ဤနယ်ပယ်၌ သူမ လုယာချီအတွက် အချစ်မှာ အဆင်တန်ဆာတစ်ခုမျှသာ ဖြစ်ပေသည်။

“ ကျန်းမန် … ငါက စီနီယာမိုအပေါ် ဘာအမြင်မှ မရှိပေမဲ့ စီနီယာမိုရဲ့စကားတွေက တုန်လှုပ်ဖို့ ကောင်းတာတော့ အမှန်ပဲ …. တကယ်တော့ ယာချီ ပြောတာလည်း မမှားဘူး။ စီနီယာရှီလီ ရှိနေရင်တောင် သူ့အနေနဲ့ နင့်ကို ကြယ်သုံးလုံးအဆင့် စာမေးပွဲအောင်ဖို့ အာမခံနိုင်မှာ မဟုတ်ဘူး ” ဖုန်းနန်က မိုဝူကျိ၏ အရံလူအကြောင်း ပြောသည့်စကားကို ဘာမှ ပြန်မပြောပေ။ ထို့အစား သူက အလေးအနက် သဘောထားလိုက်သည်။

ရှန်းကျစ်ယန်က ဘာမှဝင်မပြောသော်လည်း  သူ့စိတ်ထဲ၌ မိုဝူကျိ၏ စကားများမှာ အရမ်းလက်တွေ့မဆန်လွန်းကြောင်း တွေးနေမိသည်။ ကြယ်သုံးလုံးအဆင့် စာမေးပွဲမှာ အောင်မြင်ဖို့ရာ ခက်ခဲလှပေသည်။ ထိုသည်က နှုတ်ဖြေစာမေးပွဲလိုမျိုး မဟုတ်ပေ။ သို့သော်လည်း သူက ထိုလူများနှင့် ကွာခြားပေသည်။ သူက မိုဝူကျိသည် မရိုးရှင်းကြောင်း ခံစားမိနေ၏။

အားလုံးကို အံ့အားသင့်စေသည်က ထန်ကျန်းမန်သည် မိုဝူကျိအား ကြည့်လိုက်ပြီး အလေးအနက် ပြောလိုက်သည်  “ စီနီယာမိုရဲ့ စကားတွေက အမှန်ပဲလား ”

“ အမှန်ပဲ …. ငါ့ကို ခေါ်သွားပေးမယ်ဆိုရင် ဖြစ်လာအောင် လုပ်ပေးမယ် ” မိုဝူကျိက ခိုင်မာစွာ ပြောလိုက်သည်။

“ ကောင်းပြီလေ … ရှင့်ကို ယုံလိုက်မယ် ” ထန်ကျန်းမန်သည် ခေါင်းကို ညိတ်ကာ ပြောလိုက်၏။

ယာချီက စိုးရိမ်လာကာ ထန်ကျန်းမန် လက်အား မြန်မြန် ဆွဲလိုက်ပြီး  “ ကျန်းမန် …. ရူးနေပြီလား။ ဒီလိုစကားတွေကို တကယ် ယုံတယ်လား ”

ထန်ကျန်းမန်၏ မျက်ဝန်း၌ အားမလို အားမရ ဖြစ်သည့် အရိပ်အယောင်တချို့ ဖြတ်ပြေးသွားလေ၏။ သူမက ခေါင်းခါကာ “ ယာချီ …. ငါ့ပါရမီက နင်နဲ့ ယှဉ်လို့ မရဘူး။ နင်က ကြယ်သုံးလုံးအဆင့် စာမေးပွဲ အောင်နိုင်ခြေရှိပေမဲ့ ငါက မဖြစ်နိုင်ဘူး။ ငါသာ စာမေးပွဲကျသွားရင် ဘယ်လိုအရာတွေက စောင့်ကြိုနေတယ်ဆိုတာကို နင်လည်း သိမှာပါ …. ငါ တကယ် မဖြစ်ချင်ဘူးဟာ … ”

ယာချီက တိတ်ဆိတ်သွားလေ၏။ ထန်ကျန်းမန်သည် အတော်အတန်ကြီးမားသော မျိုးနွယ်စုမှ ဆင်းသက်လာခြင်း ဖြစ်ကာ အာကာသ ခေတ်ကာတွင် အလှတရားမှာ အသုံးမဝင်တော့ပေ။ မျိုးနွယ်စုများအတွက် ပါရမီမှာ အရေးပါဆုံး ဖြစ်၏။ မိန်းကလေးတစ်ဦးက အရမ်းလှပနေလျှင်ပင် မျိုးနွယ်စုအတွက် တန်ဖိုးမရှိပေ။ သူမအနေနှင့် မျိုးနွယ်စုအား ကူညီပေးနိုင်သည့် တစ်ခုတည်းသော အရာမှာ လက်ထပ်ထိမ်းမြှားခြင်းသာ ဖြစ်ပေသည်။ မျိုုးနွယ်စုအား တခြားသော အားကောင်းသော မျိုးနွယ်စုများနှင့် ဆက်နွယ်မှုရလာအောင် ကူညီပေးလိမ့်မည်။ ထိုကံတရားမှာ ထန်ကျန်းမန် မထိန်းချုပ်နိုင်သော အရာ ဖြစ်၏။

“ သွားကြစို့  … အရင်ဆုံး ကျမ အဆောင်ကို သွားကြမယ်။ လိုအပ်တာလေးတွေ ထည့်လိုက်ဦးမယ်။ ပြီးရင် ရှင့်ကို ကျင်းယန်ဆီ ခေါ်သွားပေးမယ် ” ယာချီ တိတ်ဆိတ်သွားသည်ကို မြင်၍ ထန်ကျန်းမန်က မိုဝူကျိအား ကြည့်ကာ ပြတ်ပြတ်သားသား ပြောလိုက်၏။

“ ကျန်းမန် …. ငါလည်း ကျင်းယန်ကြယ်တာရာကျောင်းကို ပြန်မှာဆိုတော့ နင်နဲ့ စီနီယာမိုနဲ့ အတူ လိုက်ခဲ့မယ်လေ ” ဖုန်းနန်က မြန်မြန် ပြောလိုက်သည်။

ထန်ကျန်းမန်က ခေါင်းခါကာ  ဖုန်းနန်အား ကြည့်လိုက်ပြီး

“ ဖုန်းနန် .. ငါတို့က တစ်ယောက်အတွက် တစ်ယောက် မသင့်တော်ဘူး။ ပြီးတော့ ငါတို့က ကိုယ့်လမ်းကို လျှောက်ရမှာပဲလေ။ ရှင် ကျမနောက်ကို တစ်ကြိမ် လိုက်နိုင်ပေမဲ့ ထာဝရ လိုက်နေနိုင်မှာမှ မဟုတ်တာ … စီနီယာမို သွားကြစို့ ”

“  စီနီယာလို့ ခေါ်စရာ မလိုပါဘူး။ မိုဝူကျိလို့ ခေါ်ရင် ရပါပြီ။ ငါ ကျောင်းတက်ခဲ့တာ အရမ်းကို ကြာနေပြီ ” မိုဝူကျိက ထန်ကျန်းမန်အပေါ် အနည်းငယ် လေးစားမိပေသည်။ သူမက ဆုံးဖြတ်ချက် ပြတ်သားလှပြီး ဆုံးဖြတ်ချက် ချသည့်အခါ တွေဝေနေခြင်း မရှိပေ။

“……”

ဖုန်းနန်က ထန်ကျန်းမန် စကားများကို ကြားလိုက်သည့်အခါ အနည်းငယ် ရှက်ရွံ့မိသွားသည်။ အရိုးသားဆုံးပြောရလျှင် သူက လုယာချီထက် ထန်ကျန်းမန်ကို ပို၍ နှစ်သက်ပေသည်။ အကယ်၍ သူနှင့် ထန်ကျန်းမန်တို့ ဖြစ်နိုင်ခြေက နည်းပါးနေသည့်အချက်ကြောင့်သာ မဟုတ်လျှင် ယာချီအစား ထန်ကျန်းမန်ကို လိုက်မိပေလိမ့်မည်။

မိုဝူကျိက ကျင်းရှို့တောင်ကို သိသော်လည်း အလွန်တရာ ကျယ်ဝန်းနေပေသည်။ အကယ်၍ သူ့စိတ်စွမ်းအားကို အသုံးပြုနိုင်လျှင် ထန်ကျန်းမန်၏ အကူအညီကို လိုတော့မည် မဟုတ်ပေ။ သို့သော် ယခုတွင် သူ့တွင် စိတ်စွမ်းအား မရှိနေသည့်အတွက် ကျင်းရှို့တောင်ပေါ်မှ အုတ်ဂူကျောက်တိုင်အား ရှာတွေ့ဖို့ရာ ခက်ခဲလှသည်။

“ မိုဝူကျိ ကျုပ် လိုက်ပို့မယ်လေ ” ရှန်းကျစ်ယန်က ထန်ကျန်းမန်သည် မိုဝူကျိအား ကူညီမည်ကို ကြားသောအခါ မြန်မြန် ပြောလိုက်သည်။

မိုဝူကျိက ရပ်ကာ ပြောလိုက်၏  “ ကျစ်ယန် … ဆေးရုံကို ပို့ပေးတာ ကျေးဇူပါ။ အခု ကျုပ် ထွက်သွားရင် ဘယ်အချိန်မှ ပြန်တွေ့မယ်ဆိုတာ မသိဘူး။ မင်းဆီမှာ ဘာအစီအစဉ် ရှိသေးလဲ ”

မိုဝူကျိက သူ့အစီအစဉ်ကို မေးသောအခါ ရှန်းကျစ်ယန်၏ မျက်ဝန်းများက မှေးမှိန်သွားကာ

“ ကျုပ် ပါရမီက ကန့်သတ်ချက်နဲ့ဆိုတော့ ကြယ်နှစ်လုံးအဆင့် စာမေးပွဲကို အောင်ရင်တောင် မဆိုးဘူး။ အဲဒါကြောင့်မလို့ ကျုပ် တစ်ဘဝလုံး တိယွမ်ဂြိုဟ်ပေါ် သွားဖို့ အခွင့်အရေး ရမှာ မဟုတ်ဘူး။ ကျုပ် ဘွဲ့ရပြီးသွားရင် မိသားစု စီးပွားရေးကိုပဲ ကူပေးဖြစ်လောက်တယ်။ တကယ်လို့ ကျုပ် စီးပွားရေး အဆင်ပြေရင် တိယွမ်ဂြိုဟ်ပေါ် သွားဖို့ အခွင့်အရေး ဝယ်လို့ ရတယ်လေ ”

မိုဝူကျိက ရှန်းကျစ်ယန် ပခုံးအား ပုတ်ပေးကာ

“ ကျုပ် မင်းကို နှစ်ခု ပြောချင်တယ်။ ပထမတစ်ချက် တိယွမ်ဂြိုဟ်ကို မသွားနဲ့ … ကျုပ် အဲဒီကို မရောက်ဖူးပေမဲ့  ကမ္ဘာမြေထက် မကောင်းတာ သေချာတယ်။ နံပါတ်နှစ်အချက်  မင်းရဲ့ စီးပွားရေး အဆင်ပြေလာရင် တိယွမ်ဂြိုဟ်ပေါ်ကို ပိုမသွားသင့်ဘူး။ ကျုပ် စကားကို နားထောင် …. ဖွံ့ဖြိုးပြီးသား မြို့တွေရဲ့ မြေတွေ လိုက်ဝယ်ထားလိုက် …. ကျုပ် စကားက သေချာပေါက် မမှားဘူး ”

မိုဝူကျိက လျှောက်ပြောနေခြင်း မဟုတ်ပေ။ စကြဝဠာကြီးတွင် အဆင့်မြင့် ကျင့်ကြံသူများ ဖျက်စီးပစ်သည့် ဂြိုဟ်များ  မရေတွက်နိုင်လောက်အောင် များပြားပေသည်။ အကယ်၍ တိယွမ်ဂြိုဟ်လိုမျိုးကို တွေ့သွားခဲ့လျှင် တိုက်ပွဲအတွင်း ဖျက်စီးခံရကိန်း ဒါမှမဟုတ် သန့်စင်ခံနိုင်ရကိန်း ရှိပေသည်။

တိယွမ်ဂြိုဟ်ကို မည်သို့ ရှာတွေ့သွားကြောင်း မသိသော်လည်း တိယွမ်ဂြိုဟ်မှာ ကမ္ဘာမြေကဲ့သို့ ဖုံးကွယ်ထားနိုင်မည် မဟုတ်မှန်း သေချာသိနေသည်။ ကမ္ဘာမြေမှာ စကြဝဠာကြီးထဲမှ ပုန်းကွယ်နေသော ဂြိုဟ်တစ်လုံးသာ ဖြစ်ပေမည်။ မဟုတ်လျှင် ယနေ့အထိ ရှင်သန်နိုင်မည် မဟုတ်ပေ။

ထို့အပြင် မိုဝူကျိက သူ မထွက်သွားခင် ကမ္ဘာမြေကို အစီအရင်ကြီးတစ်ခု ခင်းကျင်းပေးခဲ့ဖို့ ဆုံးဖြတ်ထားသည်။ သူက နေအဖွဲ့အစည်းတစ်ခုလုံးကို ကာရံနိုင်သည့် အစီအရင်တစ်ခုကိုပင် ခင်းကျင်းနိင်လေ၏။ အကယ်၍ အဆင့်မြင့် ကျင့်ကြံသူ တစ်ယောက်ယောက်က ဤအဖွဲ့အစည်းအား တွေ့သွားခဲ့လျှင် သူတို့က အဆင့် ၉ ကာကွယ်ရေး အစီအရင်အား အလွယ်လေး ဖျက်စီးပစ်နိုင်မည် မဟုတ်ပေ။ ဤအစီအရင်ကို ဖျက်စီးလိုက်ခြင်းမှာ အစီအရင် ခင်းကျင်းထားသူနှင့် ကမ္ဘာ့ရန်ကြွေး ဖြစ်သွားနိုင်သည် မဟုတ်ပါလော။ အဆင့် ၉ အင်မော်တယ် အစီအရင်ကို ခင်းကျင်းနိုင်သည့်သူနှင့် အင်မော်တယ် ဧကရာဇ်ပင် ရန်ကြွေးဖွဲ့လိုမည် မဟုတ်ပေ။

သူက မိုဝူကျိနှင့် ထန်ကျန်းမန်တို့ ထွက်သွားသည်ကို မြင်သည့်အခါ ရှန်းကျစ်ယန်က ရုတ်တရက်ဆိုသလို တွန်းအား ရသွားလေ၏။ သူက စာသင်မှုကို ရွေ့ဆိုင်းကာ မြေအပေါ်၌ ရင်းနှီးမြှပ်နှံ့လိုသည်။ ယခု ချမ်းသာကြွယ်ဝကာ အားကောင်းသော အင်အားစုများက ကမ္ဘာမြေမှ ထွက်သွားပြီ ဖြစ်ရာ ကမ္ဘာမြေ၏ ပတ်ဝန်းကျင်မှာလည်း ဆိုးဆိုးရွားရွား ဖြစ်နေသောကြောင့် မြေမှာ အဖိုးမတန်ဆုံးအရာ ဖြစ်နေပေသည်။

“ ရှန်းကျစ်ယန်ကို အဲဒီအကြံ မပေးလိုက်သင့်ဘူး။ ကမ္ဘာမြေရဲ့ ပတ်ဝန်းကျင်က ပိုပိုဆိုးလာနေတာ …. ပျက်စီးသွားဖို့ အချိန်တစ်ခုပဲ ကြာတော့မှာ။ အနည်းဆုံးတော့ သူက တိယွမ်ဂြိုဟ်ပေါ်မှာ အသက်ရှင်နိုင်ခြေ ရသေးတာပေါ့။ အခု ရှင်က သူ့စိတ်ဓာတ်ကို ရိုက်ချိုးလိုက်တာပဲ ” သူတို့ အဝေးရောက်လာသည့်အခါ ထန်ကျန်းမန်က ရုတ်ချည်း ပြောလိုက်သည်။

မိုဝူကျိက ထန်ကျန်းမန် စကားများကို စိတ်ထဲ မထားပေ။ စကားလုံးများက အတွေ့အကြုံနှင့် ဗဟုသုတအပေါ် မူတည်လေရာ ထန်ကျန်းမန်၏ အတွေ့အကြုံဖြင့် ထိုသို့စကားမျိုး ပြောသည်က မမှားယွင်းပေ။ သူက ထန်ကျန်းမန်အား စာမေးပွဲ မဖြေဘဲ ကမ္ဘာမြေ၌ ဆက်နေနေဖို့  အကြံပြုဖို့ရာ ရည်ရွယ်ချက် မရှိပေ။ ထိုအရာက သူနှင့် မသက်ဆိုင်ပေ။ သူက သူမအား ကြယ်သုံးလုံးအဆင့် စာမေးပွဲအောင်ဖို့ရာသာ ကတိပေးထားခြင်း ဖြစ်၏။

မိုဝူကျိက တိတ်ဆိတ်နေသည်ကို မြင်၍ ထန်ကျန်းမန်က ဆက်မပြောတော့ပေ။ သူမက အမှန်တကယ် ထူးခြားသည့်သူ ဖြစ်၏။ နာရီဝက်လေးအတွင်း သူမက ပစ္စည်းများကို စုစည်းပြီး မိုဝူကျိအား ကျောင်းဝန်းအတွင်းမှ ခေါ်ထုတ်လာနိုင်ခဲ့သည်။

“ ချီရှုကနေ ကျင်းယန်အထိ  အမြန်ရထားက ခြောက်နာရီကြာမယ်။ လေယာဉ်နဲ့ဆိုရင် လေးနာရီကြာမယ်။ ဘယ်လိုသွားကြမလဲ ” ထန်ကျန်းမန်က သူတို့ ကျောင်းဝန်းမှ ထွက်လာသည်နှင့် မေးလိုက်သည်။ သူမက မိုဝူကျိထက် စိတ်အားတက်ကြွနေလေ၏။ ထိုအရာက ကြယ်သုံးလုံးအဆင့် စာမေးပွဲ အောင်ခြင်း၊ မအောင်ခြင်းနှင့် သက်ဆိုင်နေပေသည်။

မိုဝူကျိက မပြောခင် တုံ့ဆိုင်းနေပြီးနောက်  “ ကျုပ် မှတ်ပုံတင် ပျောက်သွားပြီ …. ”

“ အဲဆို အမြန်ရထားနဲ့ သွားကြမယ်။ ကျမမှာ ရှင့်ကို စစ်ဆေးမှု ဖြတ်ဖို့နည်းလမ်း ရှိတယ် ” မိုဝူကျိက ကားဌားသွားဖို့ မပြောနိုင်လိုက်ခင် ထန်ကျန်းမန်က ဖြတ်ပြောလိုက်တော့သည်။

…………….…

ထန်ကျန်းမန်က အမှန်တကယ် လျှောက်ပြောနေခြင်း မဟုတ်ပေ။ တစ်နာရီအတွင်း သူမနှင့် မိုဝူကျိတို့က ကျင်းယန်မြို့ဆီ သွားမည့် အမြန်ရထားပေါ် ရောက်နေပြီ ဖြစ်၏။

ထိုမျှတင် မကသေးဘဲ သူမက ကိုယ်ပိုင်အခန်းတွဲလေးပါ ရလာသေး၏။ ထန်ကျန်းမန်၏ မိသားစုမှာ အရမ်းချမ်းသာကြောင်း သိသာလှသည်။

“ စီနီယာမို … စီနီယာလို့ ခေါ်တာ ပိုသင့်တော်မယ်လို့ ထင်တယ်။ ပြီးတော့ ကျမက ကြယ်သုံးလုံးအဆင့် စာမေးပွဲအောင်ဖို့ ရှင့်အကူအညီ လိုနေသေးတယ်လေ။ အခု ကျင်းယန် ရောက်ဖို့ ခြောက်နာရီလောက် လိုသေးတာဆိုတော့ စီနီယာမိုက ဒီအချိန်လေးမှာ ကျမကို သင်ပြပေးလို့ ရမလား ” ရထားက စထွက်လာသည်နှင့် ထန်ကျန်းမန်က အခန်းကို ပိတ်ကာ မိုဝူကျိအား မေးလိုက်သည်။

မိုဝူကျိက ခေါင်းညိတ်ကာ  “ အရင်ဆုံး  ကြယ်သုံးလုံး စာမေးပွဲမှာ ဘယ်လိုစစ်ဆေးမှာလဲဆိုတာ အရင်ပြောပြ .. လိုအပ်ချက်တွေက ဘာတွေလဲ ”

မိုဝူကျိ စကားကိုကြားကာ ထန်ကျန်းမန်က မိုဝူကျိအား ကြောင်အမ်းစွာ ကြည့်လိုက်သည်။ နောက်အခိုက်အတန့်လေး၌ သူမ မျက်ဝန်းတွင် ဒေါသများနှင့်အတူ စိတ်ပျက်မှုတို့ဖြင့် ပြည့်နှက်သွားတော့သည်။ မိုဝူကျိက ကြယ်သုံးလုံး စာမေးပွဲအကြောင်းပင် မသိလေဘဲ မည်သို့များ သူမကို အောင်ရန် ကူညီပေးမည်ဟု အာမခံနေသနည်း။ သူမ စိတ်ထဲ ဂယောက်ဂယက် ဖြစ်သွားခြင်းသာ ဖြစ်လိမ့်မည်။ မဟုတ်လျှင် သူမက လူတစ်ယောက်၏ စကားကို အဘယ်ကြောင့် ယုံကြည်မည်နည်း။

အချိန်အတော်အတန်ကြာပြီးနောက် ထန်ကျန်းမန် မျက်ဝန်းအတွင်းမှ စိတ်ပျက်မှုနှင့် ဒေါသတရားတို့မှာ ပျောက်ကွယ်သွားလေ၏။ ထို့အစား ကူကယ်ရာမဲ့မှုက အစားထိုး ဝင်ရောက်လာသည်။

“ ဟူး ” ထန်ကျန်းမန်က သက်ပြင်းချကာ မိုဝူကျိအား ဖြည်းဖြည်းချင်း ပြောလိုက်၏  “ ရှင့်ကို အလကားပေးစီးတယ်လို့ပဲ သဘောထားလိုက်ပေါ့။ နောက်ဘူတာ ရောက်ရင် ဆင်းတော့မယ်။ ပြီးရင် ရှင့်လမ်း ရှင်သွား …. ကျမလည်း ကိုယ့်ဘာသာ ဆက်သွားတော့မယ် ”

မိုဝူကျိက ထန်ကျန်းမန်၏ အတွေးကို သိလိုက်ပြီး  ထန်ကျန်းမန်အား ကြည့်လိုက်ကာ  အေးအေးဆေးဆေး ပြောလိုက်လေသည်

“ ငါက ကြယ်သုံးလုံး စာမေးပွဲအကြောင်း မသိတာ အဆင့်နိမ့်နေလို့ မဟုတ်ဘူး။ ကြယ်သုံးလုံး စာမေးပွဲက အဆင့်နိမ့်နေလို့ပဲ  …..  ငါ နားလည်ဖို့ ဂရုမစိုက်ဘဲ နေရလောက်အောင်အထိ နိမ့်ကျနေတာ။ အခု မင်းရဲ့ အကူအညီကို လိုလို့ ငါ့ဘာသာ နှိမ့်ချပြီးတော့ ဒီစာမေးပွဲကို သင်ပေးဖို့ ရွေးချယ်ခဲ့ရတာ။ တကယ်လို့ မင်းသာ လမ်းညွှန်ဖို့ အကူအညီ မပေးရင် မင်းဘာသာ ဘယ်ကို သွားသွား  ဂရုမစိုက်ဘူး။ အခု မင်းအတွက် ငါ လုပ်ပေးနိုင်တာက ငါ့ကို ယုံကြည်ဖို့ပဲ  … ”

မိုဝူကျိက ထိုအထိ ပြောလိုက်ပြီးနောက် ထန်ကျန်းမန် အိတ်အား ကြည့်ကာ  “ တကယ်လို့ ငါသာ မမှားရင် မင်းအိတ်ထဲမှာ ဓားတိုတစ်ချောင်း ပါတယ်မလား။ ဓားကို ထုတ်ပြီးတော့ ငါ့လက်မောင်းကို လှီးလိုက် …. ”

“ ကျမတို့ ထန်မျိုးနွယ် ဓားကို သုံးပြီး ရှင့်ကို လှီးဖြတ်ပေးရမှာလား ” ထန်ကျန်းမန်၏ မျက်ဝန်းများက ပြူးကျယ်သွားလေ၏။ သူမက အရူးနှင့် တွေ့တာလားဟု သံသယဝင်လာမိသည်။ ထန်မျိုးနွယ်စု မြင့်တက်လာမှုမှာ သူတို့၏ ပစ္စည်းလက်နက်များကြောင့် ဖြစ်၏။ တိယွမ်ဂြိုဟ်ဆီ သွားကြသော တချို့လူများက ထန်မျိုးနွယ်စုမှ ပစ္စည်းများကို ဝယ်ယူကြရသည်။ ယခု မိုဝူကျိက သူမအား ထန်မျိုးနွယ်စု၏ ဓားဖြင့် လှီးဖြတ်ဖို့ တောင်းဆိုနေပေသည်။

ထန်မျိုးနွယ်စု၏ ဓားက အရိုးကိုပင် ထိုးဖောက်နိုင်သည်ကို မသိပေဘူးလား။

***

All Chapters