← Chapters

စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်း ပြန်ကောင်းမွန်လာခြင်း

Vol. 61 Ch. 838

စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်း ပြန်ကောင်းမွန်လာခြင်း

Vol. 61 Ch. 838

“ ဟုတ်တယ် …. မင်း နားကြားမှားတာ မဟုတ်ဘူး ” မိုဝူကျိက လက်မောင်းကို ဆန့်ထုတ်လိုက်သည်။ စိတ်ထဲ၌ သူက ကူကယ်ရာမဲ့မှုနှင့်သာ ပြည့်နှက်နေသည်။ ယခု သူက အားကောင်းသော ခန္ဓာကိုယ်အပြင် ဘာမှမကျန်ရှိတော့ပေ။ အကယ်၍ သူသာ စိတ်စွမ်းအားတစ်မျှင်လောက် အသုံးပြုနိုင်သေးလျှင် ထိုသို့ကိစ္စမျိုးကို အကြံပြုမိမည် မဟုတ်ချေ။

ထန်ကျန်းမန်က မိုဝူကျိအား လေးလေးနက်နက် ကြည့်လိုက်ကာ  “ မိုဝူကျိ …. ကျမတို့ ထန်မျိုးနွယ်က ဓားနဲ့  ပတ်သတ်ပြီးတော့ ကျော်ကြားတယ်။ တိယွမ်ဂြိုဟ်ကို သွားဖို့ အခွင့်အရေး ရတဲ့သူတွေတောင် ကျမတို့ ထန်မျိုးနွယ်က လက်နက်တွေကို ဝယ်ယူကြရတာ …. ကျမလက်ထဲက ဓားက ထန်မျိုးနွယ်ရဲ့ ထိပ်တန်း ထုတ်ကုန်တမျိုးပဲ။ ရှင်ကို လှီးစေချင်တာ သေချာရဲ့လား ”

မိုဝူကျိက မပြောင်းမလဲ ပြောလိုက်သည်  “ ဟုတ်တယ် … လုပ်လိုက်တော့။ မင်း ငါကို လှီးဖြတ်ပြီးရင် ကြယ်သုံးလုံး စာမေးပွဲအကြောင်း မြန်မြန် ပြောပြ။ ငါ့ဆီမှာ အချိန်အဲလောက် မရှိဘူး ”

မိုဝူကျိအတွက် အချိန်မှာ အဖိုးတန်ဆုံး ဖြစ်၏။ သူ့အသိစိတ်ပင်လယ်မှာ တစစီ ဖြစ်သွားလေရာ သူ့အနေနှင့် စိတ်စွမ်းအားကို သေချာပေါက် ထုတ်သုံးနိုင်မည် မဟုတ်ပေ။ ယခု သူ့အတွက် တစ်ခုတည်းသော မျှော်လင့်ချက်လေးမှာ သိုလှောင်လက်စွပ်ကို အတင်းကျပ် ဖွင့်ကြည့်ဖို့ ဖြစ်၏။ ဤနည်းဖြင့် သူက မျှော်လင့်ချက် မျှင်မျှင်လေး ရှိပေမည်။ အပြန်ပြန်အလှန်လှန် သူက ထာဝရ ကမ္ဘာထဲ အတင်းကျပ် ဝင်နိုင်ပေလိမ့်မည်။

သူ့ကျင့်ကြံဆင့် ပျောက်ဆုံးသွားလျှင်ပင် အဆင့်နိမ့် အင်မော်တယ် ဓားလေးတစ်ချောင်းက  သူ့ခန္ဓာကိုယ်အား ထိခိုက်ဒဏ်ရာ လုပ်နိုင်မည် မဟုတ်ပေ။

“ ဟုတ်ပြီလေ ” ထန်ကျန်းမန်က အရမ်းတည့်တိုးဆန်လှသည်။ သူမက လက်တစ်ချက် အဝှေ့ဖြင့် အိတ်ထဲမှ ဓားကို ထုတ်ယူလိုက်သည်။ သူမက ဓားဖြင့် မိုဝူကျိ၏ လက်အပေါ် ချိန်ရွယ်လိုက်သည့်အခါ နှေးကျသွားခြင်း မရှိပေ။

ထန်ကျန်းမန်၏ အပြုအမူကို မြင်၍ မိုဝူကျိက ဤမိန်းကလေးသည် တိုက်ပွဲအတွေ့အကြုံ နည်းနည်းရှိထားကြောင်း သိလိုက်၏။ မဟုတ်လျှင် ဤကောင်မလေး၏ အပြုအမူများက ချောမွေ့နေမည် မဟုတ်ပေ။ သူမက တစ်ယောက်တည်း ကျင်းယန်သို့ လိုက်ပို့ဖို့ရာ ဆုံးဖြတ်ချလိုက်စဉ်ကတည်းက ယုံကြည်ချက်တချို့ ရှိသည်မှာ သိသာလှပေသည်။

မိုဝူကျိက ဓားဆင်းသက်လာသည်ကို မြင်ကာ ဆွံ့အမိသွားသည်။ ဤဓားချက်မှာ လှုပ်ရှားမှု အမှားကြီး ဖြစ်နေ၏။ ထန်ကျန်းမန်က သူသည် သူမကို လိမ်ညာနေသည်ဟုသာ တွေးနေခြင်း ဖြစ်ပေသည်။ ဓားက မိုဝူကျိ၏ လက်နှင့် စင်တီမီတာ နည်းနည်းလေး လိုသည့်အခါတွင် ရပ်တန့်သွားလေ၏။

ထန်ကျန်းမန်က မိုဝူကျိအား တအံ့တဩ ကြည့်ကာ  “ ရှင်က တကယ်မရှောင်ဘူးလား ”

မိုဝူကျိက ထန်ကျန်းမန်အား အေးအေးဆေးဆေး ကြည့်ကာ  “ ငါ့မှာ အချိန်မရှိဘူး။ တကယ်လို့ ငါ့ကို ယုံရင် ကြယ်သုံးလုံး စာမေးပွဲက ဘယ်လိုစစ်ဆေးတာလဲဆိုတာ ပြောပြသင့်တယ်။ တကယ်လို ငါ့ကို မယုံရင် မြန်မြန် လှီးချလိုက် ”

“ ကောင်းပြီလေ ” ထန်ကျန်းမန်က သူမလက်ကို မမြှောက်တော့ဘဲ အသာအယာလေး ဖိချလိုက်သည်။ ထန်မျိုးနွယ်၏ ဓားဖြင့် ဖိအားနည်းနည်းလေးကပင် မိုဝူကျိအား ပိုင်းဖြတ်ဖို့ရာ လုံလောက်ပေသည်။

အကယ်၍ သူမဓားက မိုဝူကျိ၏ အသားအား ပိုင်းဖြတ်သွားပြီး မိုဝူကျိက သူမအား ထပ်၍ လုပ်ခိုင်းနေဆဲ ဆိုလျှင် သူမအနေနှင့် ထိုအရူးအား ဂရုစိုက်တော့မည် မဟုတ်ပေ။

ထန်ကျန်းမန်က ချက်ချင်းဆိုသလို ကြောင်အမ်းသွားလေသည်။ အစပိုင်းတွင် သူမက အားနည်းနည်းလေးမျှသာ သုံးထားသော်လည်း အဆုံးသတ်၌မူ အားပိုထည့်လိုက်လေ၏။ သို့သော်လည်း သူမဓားက မိုဝူကျိ၏ အသားကို ထိုးဖောက်နိုင်စွမ်း မရှိပေ။

“ ရှင်က သံမဏိချပ်ဝတ် နည်းစနစ်ကို လေ့ကျင့်တာလား ” ထန်ကျန်းမန်က ဝတ္ထုတစ်ပိုဒ်မှ သိုင်းပညာအကြောင်းကို အမှတ်ရလိုက်သည်။

မိုဝူကျိက ထန်ကျန်းမန်ကို ပြန်ဖြေဖို့ရာအတွက်ပင် စိတ်မပါပေ။ သူက မျက်လုံးကို မှိတ်ထားကာ သူ့စိတ်စွမ်းအားဖြင့် ဖြည်းဖြည်းချင်း ဆက်သွယ်ဖို့ ကြိုးစားလိုက်သည်။ အသက်ရှိုက်စာအချိန်လေးအတွင်း ဝိညာဉ် ထိုးဖောက်လုမတတ် နာကျင်မှုသည် မိုဝူကျိကို ထိုအကြံအား လက်လျော့သွားစေ၏။

ထန်ကျန်းမန်က မိုဝူကျိသည် သူမကို လျစ်လျူရှုထားကြောင်း မြင်သောအခါ ဓားကို တစ်လက်မလောက် မကာ ထပ်မံ ပိုင်းဖြတ်ချလိုက်သည်။

ထို့နောက် နှစ်လက်မ …..

ဆယ်ကြိမ်ဆက်တိုက် ကြိုးစားပြီးနောက် သူမက မိုဝူကျိ၏ လက်မောင်းမှာ အရမ်းသန်မာကြောင်း သိလိုက်သည်။ ထို့နောက် သူမက မိုဝူကျိအား စိတ်အားထက်သန်စွာဖြင့် ပိုင်းဖြတ်ချဖို့ ဆုံးဖြတ်လိုက်တော့သည်။ ထိုသို့ဆိုလျှင်ပင် သူမက မိုဝူကျိလက်မောင်းနားဆီ ဓားရောက်လာသည်နှင့် အရှိန်ကို လျော့လိုက်မိဆဲ ဖြစ်သည်။

ဤတစ်ကြိမ်အပြီးတွင်ပင် မိုဝူကျိ၏ လက်မောင်းအထက်၌ အဖြူရောင် ခြစ်ရာလေးပင် ရှိမနေချေ။

ထန်ကျန်းမန်က အံ့ကို ကြိတ်ထားမိလိုက်၏။ ဤတစ်ကြိမ်၌ သူမက ချုပ်တည်းမထားတော့ပေ။ ဓားကို အားရပါးရ မြှောက်ကာ မိုဝူကျိလက်မောင်းဆီ လှီးချလိုက်သည်။

အများဆုံး သူမက မိုဝူကျိအား ဆေးရုံပို့၍ လက်မောင်းပြန်ဆက်ရုံသာ ဖြစ်မည်။ ထို့ကြောင့် ဤဓား၌ မိုဝူကျိလက်မောင်းအား ပြတ်သွားစေလိုသည့် စိတ်ဆန္ဒများ ပါဝင်နေသည်။

ထိုဓားက မိုဝူကျိဆီ ချည်းကပ်လာသည်နှင့် မိုဝူကျိသည်လည်း သတ်ဖြတ်ငွေ့ကို ခံစားမိလိုက်သည်။

“ ဒေါင် …” ဓားက မိုဝူကျိ၏ လက်မောင်းမှ ပြန်ကန်ထွက်သွားလေ၏။ ပြန်ကန်အားကြောင့် ထန်ကျန်းမန်မှာ နောက်ဆုတ်လိုက်ရပြီး အခန်းနံရံနှင့် ဝင်ဆောင့်မိသွား၏။

ထန်ကျန်းမန်က မိုဝူကျိအား အံ့ဩတကြီး ကြည့်လိုက်သည်။ သူမအနေနှင့် ဤသို့မျိုး အဖြစ်အပျက်နှင့် ကြုံတွေ့ဖူးသည်မှာ ပထမဆုံး ဖြစ်၏။ အဖွဲ့အစည်း၏ နံပါတ်တစ် ပါရမီရှင် ရှီလီပင် ထိုဓားချက်ကို ခံယူလိုက်ပါက လက်မောင်း၌ ဒဏ်ရာအပြင်းအထန် ရသွားနိုင်ပေသည် မဟုတ်ပါလော။ ယခု သူမက မိုဝူကျိ လက်မောင်းပေါ်၌ ခြစ်ရာလေးပင် မမြင်မိပေ။

ဒါက ဘာကို ဆိုလိုတာလဲ …..

ထန်ကျန်းမန် စိတ်ထဲ စိတ်အားထက်သန်မှုအပြည့် ဖြစ်လာပြန်သည်။ ဆိုလိုသည်မှာ မိုဝူကျိက တကယ့်စွမ်းရည်ရှိသည့်သူ ဖြစ်နေသည်။ အကယ်၍ ဤအရာသာ အမှန်ဖြစ်လျှင် မိုဝူကျိသည် သူမအား ကြယ်သုံးလုံး စာမေးပွဲအား အောင်မြင်စေရန် လမ်းညွှန်ပေးနိုင်လိမ့်မည်။

“ အစ်ကိုကြီးမို ….” ထန်ကျန်းမန်က မိုဝူကျိအား နာမည်တပ်၍ မခေါ်ရဲတော့သလို စီနီယာဟူ၍လည်း မခေါ်တော့ပေ။

သို့သော်လည်း မိုဝူကျိက ဘာမှပြန်မဖြေပေ။ သူမက မိုဝူကျိသည် မျက်လုံးမှိတ်ထားဆဲ ဖြစ်ကာ တစ်ခုခုကို စိတ်နှစ်ထားဟန် ပေါ်နေသည်ကို တွေ့လိုက်ရ၏။ သူ့မျက်ခုံးများက တွန့်ချိုးနေပြီး နာကျင်မှုကို အံ့တုနေသည့်အလား ဖြစ်၏။

သူက ဒီရိုက်ချက်ကြောင့် ဒဏ်ရာရသွားတာလား …..

မကြာခင် ထန်ကျန်းမန်က ထိုအတွေးအား ဖယ်လိုက်တော့သည်။ သူမ၏ ရိုက်ချက်မှာ မိုဝူကျိ၏ လက်မောင်းပေါ်၌ ခြစ်ရာပင် မထင်လေရာ မည်သို့များ ဒဏ်ရာရစေနိုင်မည်နည်း။

သူမက မိုဝူကျိအား မနှောင့်ယှက်ရဲပေ။ ထို့အစား သူမက ဓားကို ဂရုတစိုက် ပြန်သိမ်းထားလိုက်၏။ ဓားကို သိမ်းလိုက်ပြီးနောက် သူမ ခန္ဓာကိုယ်၌ နာကျင်မှုများကို ခံစားလာရသည်။ ထိုအရာမှာ လွင့်စင်သွားခဲ့ခြင်းကြောင့် ဖြစ်ပေါ်လာသော ကြွက်သားနာကျင်မှု ဖြစ်၏။

“ တစ်ခုခုများ လိုလို့လားခင်ဗျ ” ဝန်ဆောင်မှုပေးသည့် ဝန်ထမ်း၏ အသံက အခန်းငယ်အပြင်ဘက်မှ လွှင့်ပျံ့လာသည်။

ထန်ကျန်းမန်က မြန်မြန် ပြောလိုက်လေ၏  “ ရတယ် မလိုဘူး။ ကျမတို့တွေ အလုပ်ရှုပ်နေတယ် ”

ဝန်ထမ်းက ထန်ကျန်းမန်၏ စကားကို ကြားသောအခါ ခေါင်းတခါခါဖြင့် ထွက်သွားတော့သည်။

 သူဌေးတွေက သူတို့ကိုယ်သူတို့ ဘယ်လိုဖျော်ဖြေရမယ်ဆိုတာ ကောင်းကောင်း သိတာပဲ …. ဒီလိုရထားတွဲအခန်းငယ်လေးထဲမှာ ဒီလိုကိစ္စတွေ လုပ်နေတာလား ….

…………….…

ထိုစဉ် မိုဝူကျိက ထန်ကျန်းမန် အပြုအမူများကို အပြည့်အဝ သိပေသည်။ ထန်ကျန်းမန်ဆီမှ ထွက်ပေါ်လာသည့် သတ်ဖြတ်ငွေ့ကြောင့် သူ့အသက်ရှုလမ်းကြောင်းကို နှိုးဆွလိုက်သလို ဖြစ်သွားသည်။ လက်ရှိ သူက အသက်ရှုလမ်းကြောင်းနှင့် ဆက်နွယ်ဖို့ ကြိုးစားကြည့်နေသည်။ သူသာ ဆက်နွယ်နိုင်သည်နှင့် တခြားသော ချီသွေးကြောများနှင့်လည်း ဆက်နွယ်မှု ရလာနိုင်သည်။

မိုဝူကျိက အသိစိတ်ပင်လယ်အပေါ် မျှော်လင့်မထားတော့ပေ။ ယခု သူက စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းအပေါ်ကိုသာ မျှော်လင့်ချက် ထားထားလိုက်သည်။

“ ဂျွတ် ” မိုဝူကျိက နောက်ဆုံးတွင် အသက်ရှုလမ်းကြောင်းနှင့် ဆက်သွယ်မိသွားသည်။ သူက ပျော်ရွှင်မှုကို ထိန်းချုပ်ကာ အသက်ရှုလမ်းကြောင်းဖြင့် လှည့်ပတ်ဖို့ ကြိုးစားကြည့်လိုက်သည်။

ကမ္ဘာမြေတွင် ဝိညာဉ်စွမ်းအား မရှိသော်ငြား မိုဝူကျိ၏ ချီသွေးကြောများ၌ သဘာဝစွမ်းအားများနှင့် ပြည့်နေပေသည်။

တစ်ကြိမ် အပြည့်အဝ လှည့်ပတ်ပြီးနောက် သူ့အသက်ရှုလမ်းကြောင်းမှာ ဒုတိယချီသွေးကြောနှင့် ဆက်နွယ်မိသွားသည်။ ချီသွေးကြောနှစ်ခုက လှည့်ပတ်မှု ပြီးစီးသွားသည့်အခါ တတိယ ချီသွေးကြောနှင့် ဆက်နွယ်မိသွားသည်။

လေးခုမြောက် …. ငါးခုမြောက် …..

နောက်ဆုံးတွင် မိုဝူကျိက ချီသွေးကြော ၁၀၈ ခုလုံးဖြင့် အောင်အောင်မြင်မြင် ဆက်နွယ်နိုင်သွားကာ စိတ်ပေါ့ပါးစွာဖြင့် မျက်လုံးပြန်ဖွင့်ကြည့်လိုက်သည်။ သူ့ဒဏ်ရာများက ပြင်းထန်လေရာ လက်ရှိ ပြန်မကောင်းလာနိုင်သေးပေ။ သို့သော်လည်း ထိုသည်က အရေးမကြီးပေ။ ယခု သူ့တွင် ပြန်လည် ကောင်းလာနိုင်မည့် အခွင့်အရေး ရလာပြီ ဖြစ်၏။

မိုဝူကျိက မလှုပ်မရှား ထိုင်နေသည်ကို မြင်ကာ ထန်ကျန်းမန်က သူ့အား မနှောင့်ယှက်ရဲပေ။ သူမက မိုဝူကျိဘေးပတ်လည်တွင် လှည့်ပတ်နေသော ကြီးကျယ်ခမ်းနားသည့် စွမ်းအားများကို ခံစားမိနေ၏။ ထိုသည်က သူမကို ထူးခြားသည့် ခံစားချက်မျိုးကို ပေးစွမ်းနေသည်။ သူမက ပြန်ငယ်ရွယ်သွားပြီး အဝေးကြည့်မှန်ပြောင်းဖြင့် ကျယ်ပြောလှသည့် အာကာသထဲကို ကြည့်နေမိသည့်အလား ခံစားနေရသည်။ လက်ရှိ မိုဝူကျိက သူမအား အာကာသနှင့် တူသော အမြင်မျိုး ပေးကာ သူတို့နှစ်မျိုးလုံးက ကြီးကျယ်ခမ်းနားကာ နက်နဲလွန်းကြပေသည်။

“ အစ်ကိုကြီးမို …” မိုဝူကျိ တစ်ယောက် မျက်လုံး ဖွင့်ကြည့်လိုက်သည့်အခါ ထန်ကျန်းမန်က နောက်တဖန် ခေါ်လိုက်ပြန်သည်။

မိုဝူကျိက လက်ဝှေ့ပြလိုက်ပြီးနောက် ပါးစပ်ထဲ သဘာဝကျီဆေး တစ်ပုလင်းကို မျိုချပစ်လိုက်သည်။ ထို့နောက် သူ့ဘေးပတ်လည်၌ အစိမ်းရောင်ကျောက်များကို ထုတ်ကာ ထားလိုက်သည်။

အသက်ရှိုက်စာအနည်းငယ်အတွင်း မိုဝူကျိက အစိမ်းရောင်ကျောက်များကို သိမ်းဆည်းထားလိုက်၏။ သူက စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်သည်။ သူ့အနေနှင့် အသိစိတ်ပင်လယ်ကို ပြန်လည်ကုသဖို့ရာ လွယ်ကူရိုးရှင်းသည့် ကိစ္စ မဟုတ်ချေ။

မိုဝူကျိက အစိမ်းရောင်ကျောက်များကို ခဏတာမျှသာ ထုတ်လိုက်သော်လည်း ထိုအချိန်လေးအတွင်း ထန်ကျန်းမန်က ရာစုနှစ်တစ်ခုမျှ ကြာသွားသလို ခံစားလိုက်ရသည်။ သူမက ထိုကျောက်များကို ကြည့်နေရင်း ခေါင်းထဲ၌ သိသိသာသာ ရှင်းလင်းလာသည်ကို ခံစားမိလိုက်သည်။ ထိုအခိုက်အတန့်လေးက သူမ တစ်ဘဝလုံး၌ အကြည်လင်ဆုံး အချိန်လေး ဖြစ်ပေလိမ့်မည်။

သူမက မိုဝူကျိဆီမှ သူမအား အစိမ်းရောင်ကျောက်တစ်လုံး‌လောက် ပေးရန် တောင်းဆိုလုနီးပါးအထိ ဖြစ်သွားခဲ့သည်။ သူမအနေနှင့် ကြယ်သုံးလုံး စာမေးပွဲ အောင်မည့်အစား ထိုကျောက်လေးကို ပို၍ လိုချင်မိသွားသည်။

မိုဝူကျိက သူ့အပေါ် အကြည့်ရောက်နေသော ထန်ကျန်းမန်အား ကြည့်လိုက်ကာ  “ တကယ်လို့ ငါ့ကို ယုံတယ်ဆိုရင် ကြယ်သုံးလုံး စာမေးပွဲမှာ ဘာတွေစစ်ဆေးတာလဲဆိုတာ ပြောပြတော့ … ဒါနဲ ငါက တောင်အနက်ပိုင်းပေါ်မှာ ဆရာနဲ့အတူတူ သိုင်းပညာကို အမြဲတမ်း လေ့လာသင်ယူနေခဲ့ရတာ။ အဲဒါကြောင့်မလို့ ပြင်ပလောကအကြောင်း သိပ်မသိဘူး။ အခု အာကာသခေတ်ကာလာနဲ့ ပတ်သတ်ပြီးတော့ လက်ရှိအနေအထားကို ပြောပြပါဦး ”

လက်တွေ့၌ မိုဝူကျိက စိတ်ဝိညာဉ်သိုလှောင်ရေး လမ်းကြောင်းနှင့် ဆက်နွယ်နိုင်ခဲ့သည့်အတွက် ထန်ကျန်းမန်၏ အကူအညီကို မလိုအပ်တော့ပေ။ သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းဖြင့် ကျင်းရှို့တောင်တစ်ခုလုံး အာရုံခံကြည့်ဖို့ရာ ပြဿနာ မဟုတ်ပေ။

မိုဝူကျိ၏ ချီသွေးကြောကျင့်စဉ်မှာ အရမ်းအံ့ဩဖို့ ကောင်းနေသည့် အကြောင်းအရင်းလည်း ဖြစ်ပေသည်။ အကယ်၍ သူသာ တခြားကျင့်ကြံသူဆိုပါက သူ့အနေနှင့် အသိစိတ်ပင်လယ် ပျက်စီးသွားသည်နှင့် ဒုက္ခိတ ဖြစ်သွားပေမည်။ မိုဝူကျိက အသိစိတ်ပင်လယ် မရှိတော့သော်လည်း သူ့တွင် စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းနှင့် သဘာဝ သိုလှောင်ရေး လမ်းကြောင်းတို့ ရှိနေသေး၏။

ထန်ကျန်းမန်က ဖြည်းဖြည်းချင်း အသိပြန်ကပ်လာသည်။ သူမ မျက်ဝန်း၌ မဖော်ပြနိုင်သည့် ပျော်ရွှင်မှုများ ပြည့်နေပြီး

“ အစ်ကိုကြီးမိုကို ယုံပါတယ်။ ကမ္ဘာမြေ အာကာသခေတ် ရောက်သွားတော့ ကမ္ဘာပေါ်က နိုင်ငံ နှစ်ရာကျော်လောက်က အာကာသ ညွှန်ကြားရေးအဖွဲ့ ထိန်းချုပ်ရေး စင်တာဆိုပြီး ဖွဲ့စည်းလိုက်ကြတယ်။ အာကာသထဲကို သွားကြမဲ့သူတိုင်း၊ နိုင်ငံတိုင်း၊ အဖွဲ့အစည်းတိုင်း အဲကနေ လျှောက်ရတယ်

တိယွမ်ဂြိုဟ်မှာ နေထိုင်နိုင်တယ်ဆိုတာ သိပြီးတော့ အာကာသညွှန်ကြားရေးအဖွဲ့က တိယွမ်ဂြိုဟ်ကို ပြောင်းသွားကြတယ်။ ပြီးတော့ ကမ္ဘာပေါ်က ပါရမီရှင်တွေကလည်း အဖွဲ့အစည်းက ချထားတဲ့ နည်းလမ်းအမျိုးမျိုးကို သုံးပြီးတော့ တိယွမ်ဂြိုဟ်ကို သွားကြတယ်။ တိယွမ်ဂြိုဟ်ကို ကျောင်းကနေ တဆင့်လျှောက်တာက အလွယ်ဆုံးပဲ …. အရင်ဆုံး ပဏာမ စစ်ဆေးမှုကို အောင်မြင်ရမယ်။ ဒါပေမဲ့လည်း အားလုံးတော့ အဲဒီမှာ ဖြေဆိုခွင့် မရှိဘူး။ ကြယ်သုံးလုံးစာမေးပွဲ အောင်တဲ့သူမှ ပါဝင်ခွင့်ရှိတာ …

ကျောင်းကနေ မဟုတ်ရင် တိယွမ်ဂြိုဟ်ကို သွားဖို့ အရမ်းခက်တယ်။ အဲလိုလူတွေအတွက် စိန်ခေါ်မှုတွေကို ကျော်ဖြတ်ရတယ်။ အဲဒီစိန်ခေါ်မှုတွေကြားမှာ သူတို့က သားရဲအမျိုးမျိုးနဲ့ တိုက်ခိုက်ကြရတယ်။ စိန်ခေါ်မှု သုံးခုလုံးအောင်မှ တိယွမ်ဂြိုဟ်ကို သွားခွင့် ရကြတာ …. တကယ်လက်တွေ့ကျ လူတစ်သောင်းလောက် ဝင်ဖြေရင်တောင် ၂၀ တောင် အရွေးမခံရဘူး။ ကျရှုံးတဲ့သူတွေက သေရင်သေ ဒါမှမဟုတ် ဒဏ်ရာအပြင်းအထန် ရကုန်ကြတာ ….”

မိုဝူကျိက ပြောလိုက်၏

“ တကယ်လို့ ငါက မင်းကို ကြယ်သုံးလုံး စာမေးပွဲအောင်ဖို့ ကူညီပေးမယ်ဆိုရင် မင်းအနေနဲ့ တိယွမ်ဂြိုဟ်ကို သွားခွင့်ရဖို့ တခြားသူတွေနဲ့ ယှဉ်ပြိုင်နိုင်ပြီပေါ့ အဲလိုမျိုးလား …. မင်းက တိယွမ်ဂြိုဟ်ကို ဝင်ဖို့ အာမခံချက် ရတာမျိုး မဟုတ်သေးဘူးပေါ့ ”

ထန်ကျန်းမန်က ခေါင်းညိတ်ကာ

“ ဟုတ်တယ် … ကြယ်သုံးလုံး စာမေးပွဲကလည်း အောင်ဖို့ အရမ်းခက်တယ်လေ။ ရှင်းတာ့တက္ကသိုလ်တောင် နှစ်စဉ်နှစ်တိုင်း အောင်တဲ့သူက ဆယ်ယောက်မပြည့်ဘူး။ ကျမက ကြယ်တစ်လုံးနဲ့ ကြယ်နှစ်လုံး စာမေးပွဲကိုတော့ အောင်ထားပေမဲ့ ကြယ်သုံးလုံး စာမေးပွဲကို ကျတာ သုံးကြိမ်ရှိပြီ။ ကြယ်သုံးလုံး စာမေးပွဲမှာ ရေးဖြေနဲ့ လက်တွေ့ဆိုပြီး ခွဲထားတာ …. လူတော်တော်များများက ရေးဖြေကို အောင်မြင်ကြတယ်။

အဲဒါက စာကြိုးစားရင် ရတာပဲလေ …. လက်တွေ့ကျတော့ အရမ်းခက်တယ်။ တောင့်ခံနိုင်စွမ်း စစ်ဆေးမှု၊ မြေဆွဲအား စစ်ဆေးမှု၊ အင်အား စစ်ဆေးမှု၊ အဆိပ် ခံနိုင်ရည်အား စစ်ဆေးမှု၊ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ရေး စစ်ဆေးမှု အာရုံခံနိုင်စွမ်း စစ်ဆေးမှု …… အများကြီး အများကြီး ပါတယ် ”

မိုဝူကျိက ထန်ကျန်းမန်အား ရပ်ခိုင်းလိုက်တော့သည်။ သူက နားလည်သွားလေပြီ။ ဤသည်မှာ စွမ်းရည်စမ်းသပ်ချက် တစ်မျိုးသာ ဖြစ်၏  “ ငါ သိပြီ … မင်းအတွက် ရွေးချယ်မှု နှစ်ခုရှိမယ် ”

***

All Chapters