အခန်း (၆၄)
Vol. 5 Ch. 64
ကျိုကျိုး အဆောက်အအုံရှိ ဗီလာနံပါတ် တစ်တွင်...
လင်းရီ ဂိမ်းထဲမှ ထွက်လိုက်ပြီးနောက် တီးတိုး ရေရွတ်လိုက်သည်။
"ဟမ့်...ဒီသောက်ငနဲကောင်တွေကတော့ စကီလေး ဟန်ဆောင်ပြီး ရန့်တက်အောင် လုပ်နေတာပဲ...လင်းရီတို့က ဒါမျိုးတွေ ခံလာခဲ့ရပေါင်းများလို့ ရိုးနေပြီကွ...."
နောက်တစ်နေ့ နံနက်တွင် လင်းရီ နှိုးထလာပြီး လေယာဉ်ကွင်းသို့ မသွားမီ ယူသွားမည့် အထုပ်အပိုးများကို ပြင်ဆင်လိုက်သည်။
အစီအစဉ်အရ လေယာဉ်မှာ ဆယ်နာရီလောက်တွင် စတင်ပျံသန်းမည်ဖြစ်ပြီး လင်းရီ မိဘမဲ့ဂေဟာသို့ မွန်းလွဲ တစ်နာရီလောက်တွင် ရောက်ကောင်းရောက်ပေလိမ့်မည်။
လင်းရီ ကျီချင်းရန် ကြိုတင်ဖြတ်ထားပေးသော လက်မှတ်ကို ကြည့်လိုက်သောအခါ ပထမတန်းစား လက်မှတ် ဖြစ်နေကြောင်း တွေ့လိုက်ရ၏။
ဟမ်..ဒီကောင်မလေးက တယ်လည်း ရက်ရောလှပါလားဟ...
လင်းရီ လက်မှတ်ကိုင်၍ တန်းစီလိုက်ပြီး လေယာဉ်ပေါ်သို့ တက်လိုက်သည်။
လေယာဉ်ပေါ်၌ လင်းရီ ထိုင်ခုံ ရှာတွေ့သောအခါ ဝိုင်ဖိုင်ပုံစံ အမှတ်အသား လေးကို မြင်တွေ့လိုက်ရ၏။ ဆိုလိုချင်သည်မှာတော့ သူဖုန်းပိတ်ထားစရာမလိုပဲ လေယာဉ်မုဒ် ချထားရုံနှင့် အဆင်ပြေလေသည်။
ဤသို့ဖြင့် သူလည်း ဝိုင်ဖိုင်ချိတ်၍ ဂိမ်းကစားနိုင်ပေလိမ့်မည်။
ကလင် ကလင် ကလင်
လင်းရီ လေယာဉ်မုဒ်ပြောင်းတော့မည့်အချိန်တွင် ဖုန်းသံ မြည်လာပြီး ကျီချင်းရန်မှ ဖုန်းဆက်လာခြင်းပင်။
"နင်လေယာဉ်ပေါ် ရောက်နေပြီလား...."
"အင်း ငါရောက်လို့ နေရာမှာတောင် ထိုင်တော့မယ်..." လင်းရီ ပြောလိုက်ပြီး " မင်းက အရမ်း သဘောကောင်းတာပဲ...ငါ့ကို ပထမတန်းစား လက်မှတ်တောင် ဖြတ်ပေးလိုက်တယ်ဆိုတော့...."
"ခစ်ခစ် နင်ကျေနပ်တယ်မလား...."
" အင်း..ဒါပေမယ့် သိပ်တော့ မကျေနပ်ဘူး..."
"ပြတင်းပေါက်နားလည်း မဟုတ်ဘူး..."လင်းရီ ပြောလိုက်ပြီး "ပြတင်းပေါက်နား ထိုင်ရတာကမှ ပိုမိုက်တာပေါ့..."
"ပြတင်းပေါက်နားက ထိုင်ခုံက တခြား အချောလေးတွေ အတွက်လေ..အဲ့တာမှ နင်လေယာဉ်စီးရင်း မပျင်းမှာပေါ့ဟဲ့...စေတနာတွေနော်...."
"ဟားဟား...ကောင်းပါပြီဗျာ...ကျေးဇူးတင်ပါတယ်လို့...."
"ဒါနဲ့ စကားမစပ် ငါနင့်ကို မေးချင်သေးတယ်..."
"ဘာများလဲ...."
"နင်နေခဲ့တဲ့ ဂေဟာ နာမည်က ဘာကြီးလဲ...."
"လန်ထျန်း မိဘမဲ့ဂေဟာလေ..."လင်းရီ သာမန်အတိုင်း ပြောပြလိုက်ပြီး " ဘာလုပ်မလို့လဲ...."
"ဘာမှ မလုပ်ပါဘူး..အိုကေ အစည်းအဝေးရှိလို့ သွားတော့မယ်နော်...."
လင်းရီ ဖုန်းထဲရှိ အလုပ်များနေသော လေသံကို ကြားလိုက်ရသောအခါ ရှုပ်ထွေးသွားတော့၏။
ဘာတွေများ အဲ့လောက်ထိ အလုပ်ရှုပ်နေပါလိမ့်....
ကျီချင်းရန် ဖုန်းချသွားပြီး လင်းရီလည်း အချိန်ကုန် မြန်စေရန် ဂိမ်းဆော့ဖို့ အသင့်ဖြစ်နေလေ၏။
"ရန်ရန်...ကြည့်ဦး..ဟိုးနားလေးက ရှောင်ကောကော မခန့်ဘူးလား..."ဆံပင်တိုတိုနှင့် မိန်းကလေးမှ သူ့ဘေးနားရှိ သူငယ်ချင်းကို ပြောပြလိုက်သည်။
ဆံပင်အတိုနှင့် မိန်းကလေးမှာ ဖေးရှင်းယင် ဖြစ်ပြီး သူမ၏ အချစ်ဆုံး သူငယ်ချင်းနှင့်အတူ ရန်ချိန်သို့ အပျော်ခရီး ထွက်လာခဲ့ခြင်းပင်။ ထို့ပြင် သူ၏ အစ်ကို
ဖေးဟောက်ယွီလည်း သူမတို့ကို စိတ်မချ၍ အတူလိုက်ပါလာခဲ့သေး၏။
" ဟင်..အဆင်လေးလား..ဘယ်မှာလဲ ဘယ်မှာလဲ "လီယွီ့ရန် အလောသုံးဆယ်ဖြင့် မေးလိုက်သည်။
"ငါတို့ အတန်း ဘေးနားမှာ ထိုင်နေတဲ့ တစ်ယောက်လေဟယ်...."
"အမယ်လေး ဘုရားရေ...ချောလိုက်တာနော်..."လီယွီ့ရန် ပါးစပ်အုပ်၍ ရေရွတ်လိုက်သည်။
"ငါ ပထမတန်းက လိုက်စီးတာ အတော်ကြာနေပြီ..အမြဲတမ်း အဆီတရွှဲရွှဲနဲ့ ဖက်တီးကြီးတွေပဲ မြင်နေရတာ..ဒီလို အရမ်းခန့်တဲ့ ရှောင်ကောကောကို မြင်ဖူးတာတော့ ပထမဆုံးပဲ...."
"ဟိတ် မင်းတို့ နှစ်ယောက် ဒီတိုင်း ပုံမှန်လေး နေပေးလို့ မရဘူးလား...အဆင် မမြင်ဖူးတဲ့ အတိုင်းပဲ ဖြစ်ပျက်နေလိုက်ကြတာ...အိန္ဒြေလေး ဘာလေး ထိန်းကြပါဦးဟ....."
"သိပါတယ်ဟဲ့...ဒါပေမယ့် သူက အရမ်းခန့်တာကိုး..."လီယွီ့ရန် အားပါးတရ ပြောလိုက်၏။
"အစ်ကို ..နင်မနာလိုနေတာမလား..အဲ့တာကြောင့်မို့ ငါတို့ကို ဒီလိုတွေ ပြောနေတာမလား..."ဖေးရှင်းယင် ပြောလိုက်ပြီး "တကယ်လို့ အကိုသာ မနာလိုဘူးဆိုရင်လည်း တိုးတိုးတိတ်တိတ် ဆွေးနွေးလို့ရပါတယ်နော်...ညီမတို့ အစ်ကို့ရဲ့ ဆန္ဒတွေကို လေးစား ပေးမှာပါ........"
"ဟမ့်...ဘာမနာလိုစရာ ရှိလို့လဲ...."ဟောက်ယွီ ခြေတင်ချိတ်လိုက်ပြီး
"ငါတို့မိသားစုရဲ့ စီးပွားရေးကို ထည့်မတွက်ဘူး ဆိုရင်တောင် ငါကိုယ်တိုင် တည်ထောင်ထားတဲ့ ကုမ္ပဏီတစ်ခုတည်းနဲ့တင် ၁၀၀ မီလီယမ်ကျော် တန်ကြေးရှိတယ်...ငါ့အနေအထားက သူ့ထက်အသာကြီးကို ဘာကိစ္စ မနာလို ဖြစ်ရမှာ...."ဟောက်ယွီ လူတိုင်း ကြားလောက်သည့် အသံဖြင့် ပြောလိုက်သည်။
"ပြီးတော့ အဲ့ကောင်ရဲ့ အနေအထားကို ကြည့်လိုက်စမ်းပါဦးကွာ...ပထမတန်းက လိုက်စီးဖို့တောင် သူများက လက်မှတ် ကူ၀ယ်ပေးရတယ်တဲ့...သူ့မှာ ရုပ်ရည်လေး ချောတာကလွဲရင် ငါနဲ့ဘာယှဉ်လို့ရလဲ...."
လင်းရီ ကြားသောအခါ နောက်သို့ လှည့်ကြည့်လိုက်ပြီး ဘာမျှပြောမနေတော့ပဲ သူ့ဂိမ်းသူသာ ဆက်ကစားနေလိုက်သည်။
ဘယ်နေရာရောက်ရောက် ကိုယ့်ကို အမြင်မကြည်တဲ့သူတွေဆိုတာ ရှိစမြဲပဲလေ...ဘာကိစ္စ စိတ်ရှုပ်ခံနေမှာလဲ....
"အစ်ကို နင်အသံလေး နည်းနည်းလောက် တိုးပေးလို့ မရဘူးလား...အားလုံး ငါတို့ကို ဝိုင်းကြည့်ကုန်ကြပြီ...."ရှင်းယင် စောဒက တက်လိုက်၏။
"ဘာကိစ္စ အသံလျော့ရမှာလဲ..ဒါငါ ပုံမှန် စကားပြောတဲ့ အသံပဲလေ..ပြီးတော့ အမှန်တရားကို ပြောပြနေတာ ..ဘာကိစ္စ အသံတိုးပေးရမှာလဲ...."
"ဒီခေတ်ကြီးက အမှန်ပြောလို့တောင် မရတော့ဘူးလို့ငါ့ကို လာမပြောနဲ့...."
"အစ်ကိုယွီ...ငါနင့်ကို အမှန် မပြောခိုင်းတာမဟုတ်ဘူး....ဒါပေမယ့် သူများကို ဝေဖန်တာကတော့ မကောင်းဘူးလေ...."လီယွီ့ရန် ပြောလိုက်သည်။
"အစ်ကို ..ငါ့အထင်တော့ နင် မနာလိုနေတာပဲ ဖြစ်မယ် ...ငွေဆိုတာ ဒုတိယအရွယ်မှ ရှာလဲ ရတယ်...ဟာဝေးရဲ့ သူဌေးကြီးဆို အသက်လေးဆယ်ကျော်မှ သူ့စီးပွားရေး လုပ်ငန်းကို စတာပဲ...ခုကြည့်လိုက်လေ..သူဌေးကြီးတောင် ဖြစ်နေပြီ...ဒါပေမယ့် ..ချောမောခန့်ညားတယ်ဆိုတာက သန္ဓေပါမှ ရတာ..ပြောင်းလဲလို့မရဘူး...ညီမအထင်တော့ အစ်ကိုက ဒီတိုင်း မနာလိုတာကို အကြောင်းပြချက်တွေ ပေးနေတာလို့ပဲ မြင်တယ်.... "
"ဟမ့်...နင်တို့ ကလေးမ နှစ်ယောက်က ဘာများ နားလည်သေးလို့လဲ..."ဖေးဟောက်ယွီ အရှက်ရသွား၏။
"ငါပြောပြမယ် ..လူ့ပတ်၀န်းကျင်ကြီးက လက်တွေ့ဆန်လွန်းတယ်...ရုပ်ချောတာကလည်း တချို့နေရာမှာ အသုံး၀င်တယ်ပေမယ့်...အရေးအကြီးဆုံးကတော့ ပိုက်ဆံပဲ...."
ဖေးဟောက်ယွီ ကော်လံထောင်လိုက်ပြီး သူ့လက်ကောက်၀တ်ရှိ ရိုးလက်စ် နာရီကို ပြကာ
"မင်းတို့ကလေးမလေးတွေက ခုမှ အရွယ်ရောက်ကာစ ရှိသေးတယ်...တစ်နေ့ ကောင်းကောင်း ကြီးပြင်းလာတဲ့အချိန်ကျမှ ချောတယ်ဆိုတာ အပေါ်ယံ အရေပြားပဲ...ငွေကမှ အက္ခရာ ဆိုတာ ငါမရှင်းပြဘဲ မင်းတို့ ကောင်းကောင်းကြီး နားလည်လာပါလိမ့်မယ် "
"ဟေး...ညီကို..မင်းဟာမင်း မိမိုက်သလို လုပ်ချင်ရင်လည်း ကိုယ့်ဘာကိုယ်လုပ်လေကွာ...ဘာဆိုင်လို့ ငါ့လာဆွဲထည့်နေတာတုန်းဟ...."လင်းရီ မနေနိုင်ပဲ ထပြောလိုက်တော့၏။
"အိုး...စိတ်မရှိပါနဲ့ကွာ...ငါ့ညီမလေး နှစ်ယောက်က မရင့်ကျက်သေးလို့ သင်ခန်းစာ ပေးချင်တာနဲ့ မင်းကို ဥပမာ ပေးမိသွားတယ်...ဆောရီးပါကွာ...."ဖေးဟောက်ယွီ အပြုံးလေးဖြင့် ပြောလိုက်သည်။
"ပြီးတော့ ငါက မိမိုက်သလို လုပ်နေတာ မဟုတ်ဘူး...ချက်ကျလက်ကျနဲ့ ထောက်ပြနေတာ...ငွေကြေးက ရုပ်ရည်ထက် အများကြီး အရေးပါတယ်ဆိုတာ မဟုတ်လို့လား..."
လင်းရီ ပြုံးလိုက်မိသည်။
ဒီလို ကိုယ့်ကိုယ်ကို သောက်ထင်ကြီးတဲ့ကောင်တွေကတော့ ဘယ်လို ကြည့်ကြည့် ချစ်စရာကောင်းနေတော့တာပဲ..ဟားဟား တစ်ကွက်ပြရချည်သေးတာပေါ့ ညီလေးရာ...
"သေချာလို့လားကွ....."
"ဒါပေါ့ မင်းက မယုံဘူးလား..."ဖေးဟောက်ယွီ ခြေတင်ချိတ် လက်ကိုပိုက်၍ ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်လေသည်။
"ဒါဆိုလည်း ငါတို့ ပထမတန်းက လေယာဉ်မယ်ကို တစ်ပြိုင်တည်း ဝီချက်အကောင့် တောင်းကြမလား..သူဘယ်သူ့ကို ရွေးမလဲဆိုတာ ကြည့်ကြတာပေါ့...."
လင်းရီ ပခုံးတွန့်လိုက်ပြီး
"လုပ်ကြတာပေါ့...ငါကတော့ ဂရုကိုမစိုက်တာ...အချိန်တွေပေါနေမှတော့ မင်းနဲ့ ခဏလောက် ကစားပေးရတာပေါ့..."
ရှေ့တန်းမှ လင်းရီတို့ လောင်းကြေးစားကြေး လုပ်နေသည်ကို မြင်သောအခါ ပထမတန်း၌ လိုက်စီးကြသော ခရီးသည်များ အားလုံး စိတ်၀င်တစားနှင့် စပ်စုလာကြတော့၏။
"လူချောလေးကတော့ ဒီကနေ့ အရှက်ကွဲတော့မှာပဲ...."အသက်သုံးဆယ်အရွယ်ရှိသော အမျိုးသားတစ်ဦးမှ ခေါင်းရမ်း၍ ပြောလိုက်သည်။
"ဟမ် ဘာလို့...."သူ့ဇနီးဖြစ်သူဟန်မှ မေးလိုက်၏။
"ပထမတန်းမှာ ရှိတဲ့ လေယာဉ်မယ်တွေ အကုန်လုံးက ကမ္ဘာကြီးကို မြင်ဖူးပြီးသား သူတွေကြီးပဲ...သူတို့ရဲ့ အမြင်တွေက တအားကို စူးရှထက်မြက်လွန်းတယ်..တစ်ချက်ကြည့်လိုက်တာနဲ့ ခရီးသည်ရဲ့ အဆင့်အတန်းကို ဒက်ကနဲ ပြောနိုင်ပြီးသားပဲ...သူတို့ကို သွားပြီးတော့ အထင်သေးလို့မရဘူး...သဘာ၀ အားဖြင့်တော့ သူတို့က ပိုက်ဆံမရှိရင် လှည့်ကိုမကြည့်တာ....ဒါကြောင့်မို့ အဲ့လူချောလေးက ရှုံးတော့မယ်လို့ ပြောတာပေါ့.... "
"လေယာဉ်မယ်တိုင်းက အဲ့လိုကြီးပဲတော့ မဟုတ်လောက်ပါဘူးနော်...တခြား ရုပ်ရည်ချောမောတာကို နှစ်သက်တဲ့ သူတွေလည်း ရှိနိုင်တာပဲ မဟုတ်လား ရှင်ရယ်...."
အမျိုးသားမှာ ခေါင်းကို ရမ်းလိုက်ပြီး " လေယာဉ်မယ်က လူမွဲတွေကို မခွဲခြားရင်တောင် လေယာဉ်လက်မှတ်ဖိုးတောင် မတတ်နိုင်တဲ့သူကို ဘယ်သူကများ သူတို့နဲ့ ဘ၀လက်တွဲဖို့ ရွေးချယ်ချင်ပါ့မလဲ....."
"အင်း...ရှင်ပြောတာလည်း ဟုတ်သားပဲ...ဘာပဲဖြစ်ဖြစ် သူဒီလို စီးနိုင်အောင်လည်း သူများကပဲ ၀ယ်ပေးထားတာ ဆိုတော့လည်း....."
သက်လတ်ပိုင်း အမျိုးသား၏ မှတ်ချက်ကို လူအများ အပြား ထောက်ခံ လိုက်ကြသည်။
လူ့ပတ်၀န်းကျင်မှာ ရုပ်ချောတာက ၀ယ်စားလို့မှ မရတာ...ပိုက်ဆံကပဲ သုံးစားလို့ရတာလေ....
ဘယ်သူကများ ချမ်းသာတဲ့ ဒုတိယမျိုးဆက် သခင်လေးကို မနှစ်သက်ပဲ နေမှာလဲ....
"အစ်ကို...ဒါကြီးကတော့ နင် အနိုင်ကျင့်လွန်းသွားပြီနော်...."
"တကယ်ကြီးလား...."ဖေးဟောက်ယွီ ပခုံးတွန့်၍ အပြစ်ကင်းသည့် ပုံစံဖြင့် ပြောလိုက်သည်။
"ငါက အမှန်အတိုင်း ပြောပြနေတာကို ..ဘာလို့ အပြစ်လာတင်နေတာတုန်းဟ..."
ထိုစဉ် သူရုတ်တရက် အထုပ်များကို သိမ်းဆည်းနေသည့် လေယာဉ်မယ်တစ်ဦးကို တွေ့လိုက်ရ၏။
"ဟိတ် မိန်းကလေး...လာပါဦးဟ..."
လေယာဉ်မယ်မှာ သူမ လုပ်လက်စ အလုပ်ကို ခေတ္တရပ်ထား၍ လှပကျော့ရှင်းစွာ တစ်လှမ်းခြင်း လျှောက်လာခဲ့လိုက်သည်။
"မင်္ဂလာပါရှင့်...ဘာများကူညီပေးမရလဲရှင်...."
ဟောက်ယွီသူ့လက်ကောက်၀တ်ရှိ ရိုးလက်စ်နာရီကို လက်ဖြင့် တစ်ချက်လှည့်လိုက်ပြီး လင်းရီကို ညွှန်ပြကာ..
"ဒီလိုပါ...ငါနဲ့ ငါ့သူငယ်ချင်းက မိန်းကလေးနား ဝီချက်အပ်ချင်လို့...ဒါပေမယ့် မိန်းကလေး ကျွန်တော်တို့ထဲက တစ်ယောက်ကိုပဲ လက်ခံလို့ရမယ်..မိန်းကလေးဘယ်သူ့ကို ရွေးချယ်မလဲ...."
လေယာဉ်မယ်လေးမှာ မျက်နှာ နီရဲသွားတော့၏။
သူမ ပထမတန်းသို့ တာ၀န်ကျသည်မှာ မကြာသေးသော်လည်း တိုင်ကွန်း နှစ်ယောက်၏ မျက်စိကျခြင်းကို ခံရလိမ့်မည်ဟု ထင်မှတ်မထားပေ။
ငါ့ ကံဇာတာတွေများ တက်နေသလားနော်....
"လူကြီးမင်းတို့ရှင့် တောင်းပန်ပါတယ်နော်...ကျွန်မတို့ လေကြောင်းလိုင်းမှာ စည်းမျဉ်းစည်းကမ်းလေးတွေ ရှိနေလို့ပါ...ကျွန်မတို့ ကိုယ်ရေးကိုယ်တာ ဝီချက်အက်တာတွေကို ခွင့်မပြုထားပါဘူးရှင်...."
"အဆင်ပြေပါတယ်...ကျွန်တော်တို့ဘက်က အရင်တောင်းဆိုတာမလို့ ပြဿနာမရှိဘူး...ဒီတိုင်း တစ်ယောက်ရွေးလိုက်ရင် ရပြီ...."
ဖေးဟောက်ယွီ ပြောလိုက်၏။
"မင်းတို့ လေကြောင်းလိုင်းရဲ့ စည်းမျဉ်းတွေရ ဆိုရင် ခရီးသည်ရဲ့ တောင်းဆိုမှုကို အလွယ်တကူ ငြင်းလို့မရဘူး..ဟုတ်တယ်မလား...."
ဖေးဟောက်ယွီ၏ လက်ကောက်၀တ်ရှိ ရိုးလက်စ်နာရီကို မြင်သောအခါ လေယာဉ်မယ်လေးမှာ ဘယ်သူ့ကို ရွေးရမလဲဆိုတာ ဆုံးဖြတ်ရ ခက်ခဲနေလေ၏။
တစ်ဖက်မှာလည်း ချမ်းသာသည့် ပုဂ္ဂိုလ်...တစ်ဖက်တွင်လည်း ဆစ်ပတ်နှင့် လူချောလေးတစ်ယောက်
ရွေးချယ်ရ လွန်စွာ ခက်ခဲနေ၏။
သို့သော်လည်း မကြာမီ လေယာဉ်မယ်လေးမှာ ရင်ထဲတွင် ဆုံးဖြတ်ချက်တစ်ခုကို ပြုလုပ်လိုက်သည်။
ရုပ်ချောတာက သူမကို ထမင်းကျွေးလိမ့်မည် မဟုတ်။ ထို့ပြင် ထိုကောင်လေးမှာလည်း မိန်းကလေးတိုင်းကို ကစားတတ်သည့် လူမျိုး ဖြစ်နိုင်သေး၏။
အကယ်၍ သူမ၏ ဘ၀ကို တိုးတက်အောင် ပြုလုပ်ချင်ပါက ဘယ်ဘက်ရှိ ချမ်းသာသည့် လူကြီးမင်းကို ရွေးချယ်ရလိမ့်မည်။
အကယ်၍များ သူမသာ ဘယ်ဘက်ရှိ တိုင်ကွန်းနှင့် ဘာညာဘာညာ ငြှိစွန်းသွားပါက သူမ၏ လက်ကျန်ဘ၀ တစ်လျှောက်လုံး ဘာမျှ ပူပင်ရလိမ့်မည် မဟုတ်သကဲ့သို့ လေယာဉ်မယ် အလုပ်လည်း နောက်ထပ်ဆက်လုပ်ရတော့မည် မဟုတ်ပေ။
သူမ ရွေးချယ်မည့်လူကို ပြောတော့မည့် အချိန်တွင် လေယာဉ်မယ်လေးမှာ လင်းရီ လက်ကောက်၀တ်နားရှိ တလက်လက်တောက်ပနေသော နာရီပေါ်သို့ ရုတ်တရက် အကြည့် ကျရောက်သွားသည်။
သူမ ကြေညာ တစ်ခုခု၌ မြင်ဖူးသကဲ့သို့ ရင်းနှီးနေ၏။
စက္ကန့်အနည်းငယ် ခန့်စဉ်းစားပြီးနောက် သူမ ရုတ်တရက် အမှတ်ရသွားသည်။
အဲ့တာ ပီတက်ခ် ဖီလစ်ပီရဲ့ ၁၇၅နှစ်ပြည့် အထိမ်းအမှတ် နာရီမဟုတ်လား....
၁၇.၅ မီလီယမ်နဲ့ အကန့်အသတ် ရောင်းချထားတာလေ......