စာမေးပွဲ စစ်ဆေးခြင်း
Vol. 61 Ch. 840
ထိုကြယ်သီးအပြင် သူ့ပိုင်ဆိုင်သည့်အရာများ မရှိတော့ပေ။ မိုဝူကျိ၏ စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းက ပတ်ဝန်းကျင်ကို တဖန် စစ်ဆေးကြည့်လိုက်ပြီးနောက် အဖြစ်အပျက်ကို နားလည်သွားတော့သည်။
ဤနေရာမှာ တူးဖော်ခံထားရပြီး တစ်ကြိမ်တစ်ခါမျှ မကပေ။ သူက လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ပြီး သတ်ဖြတ်ငွေ့များကလည်း သူ့ဘေးပတ်လည်၌ ပေါ်လာသည်။
အကယ်၍ သူသာ ဤနေရာကို တူးဖော်ခဲ့သူအကြောင်း သိလျှင် ထိုလူက မည်သူ ဖြစ်နေစေကာမူ သို့မဟုတ် သာမာန်လူတစ်ယောက် ဖြစ်နေစေကာမူ သူ့အနေနှင့် ထိုလူအား ပြာအဖြစ် လုပ်ပစ်ဖို့ တုံ့ဆိုင်းနေမည် မဟုတ်ပေ။
သူက ဒုတိယ ဘဝ ရရှိခဲ့သောကြောင့် သူ့အလောင်းမှာ ထိုမျှ အရေးမကြီးပေ။ သို့သော်လည်း ဝမ်ရှောင်ချီ၏ အလောင်းသည်လည်း ဤနေရာတွင်သာ ရှိပေမည်။ ယခု ဤနေရာမှာ တူးဖော်ခံထားရသည် ဖြစ်ရာ ဝမ်ရှောင်ချီ၏ အလောင်းအား မည်သည့်နေရာ၌ သွားရှာရမည်နည်း။
အချိန်အတော်ကြာပြီးနောက် သူ့စိတ်ထဲမှ မှုန်မှိုင်းနေမှုများလည်း ဖြည်းဖြည်းချင်း လျော့ကျသွားတော့သည်။ မိုဝူကျိက သူ့ကျင့်ကြံဆင့် ပြန်လည် ကောင်းမွန်လာအောင် လုပ်နိုင်မည့်နေရာကို ရှာဖွေဖို့ ဆုံးဖြတ်လိုက်သည်။ ဝမ်ရှောင်ချီ၏ အလောင်းမှာ ကျင်းရှို့တောင်တွင် ရှိခြင်း၊ မရှိခြင်းနှင့် ပတ်သတ်၍ ဝမ်ရှောင်ချီ၏ အမျိုးတစ်ဦးဦးကို ရှာနိုင်သေး၏။
တစ်နာရီအကြာတွင် မိုဝူကျိက ကျောက်စိမ်းပစ္စည်းဆိုင်၌ ကျောက်စိမ်း ထိုင်ခုံတချို့ ရောင်းချလိုက်သည်။ ထို့နောက် သူက ကျင်းယန်မြို့၌ အခန်းတစ်ခန်း ဌားကာ သူ့အသိစိတ်ပင်လယ်ကို ပြန်လည် ကောင်းမွန်အောင် လေ့ကျင့်လိုက်သည်။
သူက မည်မျှကြာမြင့်မည်မှန်း မသိသောကြောင့် ဟိုတယ်၌ မနေတော့ပေ။
…………….…
ချီရှုမြို့သည် ကိုင်နမ်နယ်၏ မြို့တော် ဖြစ်သော်လည်း နိုင်ငံအတွင်း အရမ်းမကျော်ကြားပေ။ ကမ္ဘာတစ်ခုလုံးနှင့် နှိုင်းယှဉ်ကြည့်လျှင် ချီရှုမြို့ကား မြို့အသေးလေးအဖြစ်သာ ယူဆ၍ ရပေသည်။ မကြားဖူးသည့် လူများပင် များစွာ ရှိနေ၏။ သို့သော် ဤနေရာတွင် အာကာသ ညွှန်ကြားရေး ပူးပေါင်းအဖွဲ့က ဘွဲ့ရကျောင်းသားများကို ရွေးချယ်နေသည့်အတွက် မထင်မရှား ချီရှုမြို့လေးသည် ရုတ်ချည်း စည်ကားအသက်ဝင်လာလေ၏။
လူများစွာက ချီရှုမြို့သို့ ဝင်ထွက်နေကြသည်။ သူတို့တွင် ရည်မှန်းချက် တစ်ခုသာ ရှိကြ၏။ တိယွမ်ဂြိုဟ်သို့ သွားနိုင်မည့် ထိပ်ဆုံး သုံးနေရာထဲ ပါဖို့ရာ ဖြစ်ပေသည်။
အာကာသ ညွှန်ကြားရေး ပူးပေါင်းအဖွဲ့ ထုတ်ပြန်ထားသည့် ကြေညာချက်မှာ ရှင်းလင်းလှ၏။ ကိုင်နမ်နယ်မှ ကျောင်းသားများသာ ပါဝင်ခွင့် ရမည် ဖြစ်ပေသည်။ သို့သော်လည်း စာမေးပွဲ ဝင်ဖြေကြသူများမှာ ကိုင်နမ်နယ်မှ ဇာတိကျောင်းသားများပင် မကဘဲ နိုင်ငံရပ်ခြား ကျောင်းသားများလည်း ပါဝင်ကြသည်။
အဖွဲ့က ကြေညာထားသည့်အတွက် အလုပ်အရှုပ်ဆုံးလူများမှာ အဖွဲ့မှလူများ မဟုတ်ပေ။ ထို့အစား ကိုင်နမ်နယ်မြေတွင် ရှိနေသည့် တက္ကသိုလ်အသီးသီးမှ လူများ ဖြစ်၏။ အကြောင်းမှာ လူတော်တော်များများက သူတို့၏ အဆက်အသွယ်များကို သုံး၍ ကိုင်နမ်နယ်၏ တက္ကသိုလ်များတွင် စာရင်းသွင်းဖို့ ကြိုးစားနေကြ၍ ဖြစ်သည်။
အားလုံးက စိမ်ခေါ်မှု သုံးခုနှင့် နှိုင်းယှဉ်လျှင် ကျောင်းသားအနေနှင့် အဖွဲ့၏ စမ်းသပ်မှုကို အောင်မြင်ဖို့ရာက ပို၍ ဘေးကင်းပြီး အောင်မြင်နိုင်ခြေ မြင့်မှန်း သိကြသည်။
ချီရှုမြို့၏ လေ့လာရေး ရင်ပြင်….
ချီရှုမြို့၌ အကြီးမားဆုံး ပြင်သူ့ရင်ပြင် ဖြစ်ရုံသာမက စာမေးပွဲ ကျင်းပမည့်နေရာလည်း ဖြစ်ပေသည်။ ထို့နောက် အာကာသညွှန်ကြားရေး ပူးပေါင်းအဖွဲ့၏ စစ်ဆေးမှုက ဤနေရာတွင် ကြီးကြပ်မည် ဖြစ်၏။
အာကာသညွှန်ကြားရေး ပူးပေါင်းအဖွဲ့က ကိုင်နမ်နယ်မှ ကျောင်းသားများကို လက်ခံတော့မည် ဖြစ်၍ ကြယ်သုံးလုံး စာမေးပွဲ ဖြေဆိုရန် ကျောင်းသားများစွာလည်း ရောက်လာကြသည်။
လက်ရှိ ထန်ကျန်းမန်က ခန်းမအတွင်း အေးအေးဆေးဆေး ထိုင်နေလေ၏။ သူမက နာမည်ကို အကြောင်းကြားပြီးပြီ ဖြစ်သော်လည်း လူအရမ်းများနေသည့်အတွက် ထိုင်စောင့်နေရသည်။
သူမ ထန်မျိုးနွယ်စု အားကောင်းသည့်မျိုးနွယ်စု ဖြစ်နေသည့်အချက်ကိုသာ မကြည့်သင့်ပေ။ ဤသို့မျိုး စာမေးပွဲနေရာ၌ ထန်မျိုးနွယ်စုပင် သူတို့၏ ဆက်နွယ်မှုများကို သုံးရန် အရည်အချင်း မပြည့်မှီပေ။ ထန်မျိုးနွယ်၏ အမျိုးသမီး တစ်ယောက်အတွက်ဆို ပို၍ မဖြစ်နိုင်သေး၏။ အကယ်၍ ထန်မျိုးနွယ်သာ အဆက်အသွယ်များ ရှိနေလျှင်ပင် သူတို့က အမျိုးသား ဆက်ခံသူကိုသာ သီးသန့်ထားပေးလိမ့်မည်။
ခန်းမအတွင်း ကျောင်းသားများစွာ စောင့်ဆိုင်းနေကြ၏။ သူတို့က ကြယ်သုံးလုံး စာမေးပွဲ၌ စစ်ဆေးသည့် ခေါင်းစဉ်များအကြောင်း ဆွေးနွေးနေကြသည်။ တစ်ချိန်တည်းဆိုသလို သူတို့က စစ်ဆေးမှုအမျိုးမျိုး၏ လှည့်ကွက်တချို့နှင့် အရိပ်အမြွက်တချို့ကို ဆွေးနွေးနေကြသည်။
ထန်ကျန်းမန်က ထိုသို့ဆွေးနွေးမှုအတွက် စိတ်မပါပေ။ သူမက သူမဘာသာ စာမေးပွဲ ဖြေဆိုရန် ရောက်လာခဲ့သောကြောင့် အတန်းဖော်များကိုပင် မပြောပြရခဲ့ပေ။
တစ်လတာ လေ့ကျင့်ပြီးနောက် ထန်ကျန်းမန်၏ စိတ်ထဲ၌ မိုဝူကျိ သင်ပေးလိုက်သည့် အရာများမှာ အရမ်းကို အံ့ဩဖို့ကောင်းကြောင်း ကောင်းကောင်း သိလာသည်။ မဟုတ်သေးဘူး …. သင်ပေးတာထက်စာလျှင် ပေးခဲ့သည်ဟု သုံးစွဲပေရမည်။ သူမက သူမ၏ စွမ်းရည်အသစ်၊ ဗဟုသုတအသစ်များနှင့် အသားကျစေရန် တစ်လတာ အချိန်ကုန်ဆုံးခဲ့ရုံမျှ ဖြစ်၏။
အကယ်၍ ယခင် သူမသာ ဖြစ်နေလျှင် သူမအနေနှင့် ရှေ့တွင်ရှိနေသော ရှစ်မီတာ အမြင့်ရှိ နံရံပေါ် ခုန်တက်နိုင်လိမ့်မည်ဟု ယုံကြည်မည် မဟုတ်ပေ။ ရှစ်မီတာအကြောင်းကို ပြောနေဖို့ မလိုသေးပေ။ ၄ မီတာ ဒါမှမဟုတ် ၅ မီတာလောက် ဖြစ်နေလျှင်ပင် သူမအနေနှင့် အင်အားအပြည့်နှင့်ပင် မကျော်လွှားနိုင်ပေ။ ထို့အပြင် သူမက ကြယ်သုံးလုံး စာမေးပွဲအတွက် ခက်ခက်ခဲခဲ လေ့ကျင့်ပြီးသည့်နောက်ပိုင်းတွင် ဖြစ်နေသေး၏။ ယခုတွင် ဤရှစ်မီတာ နံရံကား ဘာမှမဟုတ်တော့ပေ။ သူမက တစ်ချက်ခုန်ရုံမျှသာ လိုအပ်ပြီး လက်ပင် အသုံးပြုစရာ မလိုလိုက်ပေ။
သူမက နောက်ထပ်တစ်လတာသာ ကောင်းကောင်း လေ့ကျင့်လိုက်ပါက ရှစ်မီတာအကြောင်းကို မဆိုထားနှင့် ပို၍ မြင့်မားနေလျှင်ပင် သူမအနေနှင့် ကျော်လွှားနိုင်ဦးမည် ဖြစ်၏။ မိုဝူကျိ သူမကို ပြောထားသည့်အတိုင်း ကြယ်သုံးလုံး စာမေးပွဲမှာ ဘာမှမဟုတ်တော့ပေ။ သူမက အောင်မြင်လိမ့်မည်ဟု ရာနှုန်းပြည့် ယုံကြည်ချက် ရှိနေသည်။
မိုဝူကျိ ထွက်သွားစဉ်က ထန်ကျန်းမန်သည် သူမအနေနှင့် တစ်ခုခု ပျောက်ဆုံးသွားသလို အဘယ်ကြောင့် ခံစားနေရမှန်း တွေးဆမိခဲ့သည်။ ယခုတွင် သူမက ဘဝတွင် အကြီးမားဆုံး အခွင့်အရေး လက်လွှတ်လိုက်ရကြောင်း သိလိုက်၏။
သူမ ရရှိလိုက်သည်က အိပ်မက်ထက်ပင် ကျော်လွန်နေသည့်အရာ ဖြစ်ပေသည်။ ထန်ကျန်းမန်သာ မိုဝူကျိ၏ တပည့် ဖြစ်လာလျှင် ဤအကျိုးကျေးဇူးက သူမ ရရှိမည့်အရာ၏ တစိတ်တပိုင်းမျှသာ ဖြစ်ကြောင်း ကောင်းကောင်း သိလိုက်၏။ ယခု သူမက မိုဝူကျိသည် အားကောင်းသော သိုင်းပညာရှင်တစ်ဦး၏ အမွေဆက်ခံသူ တပည့် ဖြစ်လိမ့်မည်ဟု သေချာယုံကြည်နေမိသည်။
သူမအနေနှင့် နားမလည်နိုင်သည်က မိုဝူကျိ၏ တပည့်ဖြစ်လိုလျှင် ကမ္ဘာမြေတွင် ဆက်နေရမည့်အကြောင်းကို ဖြစ်၏။
“ ဒီဂျုနီယာလေးကလည်း ကြယ်သုံးလုံး စာမေးပွဲ လာဖြေတာလား ” တောင့်တောင့်တင်းတင်း အားကောင်းဟန်ပေါ်သည့် လူငယ်တစ်ဦးက ထန်ကျန်းမန်ဆီ လျှောက်လာပြီး ဘေးတွင် ထိုင်ချလိုက်သည်။ အရင်ဦးစွာ သူက စကားစလိုက်၏။
“ ဟုတ်တယ် ” ထန်ကျန်းမန်က အပြောင်းအလဲမရှိ ပြန်ဖြေလိုက်သည်။
ထိုလူငယ်လေးက ထန်ကျန်းမန်၏ အပြုအမူကို စိတ်ထဲ မထားဘဲ ပြုံးကာ လက်ဆန့်ထုတ်ရင်း “ အရင်ဆုံး မိတ်ဆက်ပါရစေ …. ငါ့နာမည်က ကုံးရွယ်ဖုန်းပါ။ ငါက ဖင်းဟိုင်ရဲ့ ကုံးမျိုးနွယ်က …. ဟိုင်တုံ လေကြောင်း တက္ကသိုလ်က ကျောင်းသားပါ။ အခု ရှင်းဝူတက္ကသိုလ်ကို ပြောင်းထားပြီးတော့ ကြယ်သုံးလုံး စာမေးပွဲကို ဝင်ဖြေတာ ….”
ထန်ကျန်းမန်က လက်ကို မဆန့်ထုတ်ဘဲ ခေါင်းတစ်ချက် ညိတ်ကာ “ မင်္ဂလာပါ … ထန်ကျန်းမန်ပါ … ရှင်းဝူကပဲ ”
အကယ်၍ လွန်ခဲ့သည့် တစ်လခန့်မှ ဖြစ်နေလျှင် သေချာမတ်တတ်ရပ်ကာ ကုံးမျိုးနွယ်စု၏ ကုံးရွယ်ဖုန်းအား သေချာမိတ်ဆက်မိမည် ဖြစ်၏။ မျိုးနွယ်စု သမိုင်းကြောင်းအရ သူမတို့ ထန်မျိုးနွယ်စုသည် ကုံးမျိုးနွယ်စုရှေ့၌ အစက်အပြောက်အသေးလေးမျှပင် မရှိပေ။
သို့သော် ယနေ့ ထန်ကျန်းမန်ကား ကုံးမျိုးနွယ်စု တစ်ခုလုံး သူမရှေ့ ရောက်လာလျှင်ပင် သူတို့သည် ဆန်းကြယ်လှသော အစ်ကိုကြီးမိုနှင့် အလွန် ကွာဝေးလွန်းနေသေး၏။
ကံဆိုးသည်က သူမသည် မိုဝူကျိ မည်သည့်နေရာမှ ရောက်လာသည်ကို မသိပေ။ လွန်ခဲ့သည့် လဝက်က သူမသည် ရှန်းကျစ်ယန်အား ထိုအကြောင်း မေးခဲ့သော်လည်း ရှန်းကျစ်ယန်သည် ကျောင်းထွက်ကာ ပျောက်သွားလေ၏။ ထန်ကျန်းမန်က ရှန်းကျစ်ယန်သည် မိုဝူကျိ၏ စကားကို နားထောင်ကာ တိယွမ်ဂြိုဟ်ကို သွားမည့်အရေးအား စွန့်လွှတ်ကာ ကမ္ဘာမြေရှိ မြေများကို ဝယ်ယူနေသည်ဟု တွေးလိုက်မိသည်။
လက်ရှိ ကမ္ဘာမြေမှ ချမ်းသာကြွယ်ဝသည့် ပုဂ္ဂိုလ်တို့မှာ တိယွမ်ဂြိုဟ်သို့သာ သွားချင်နေကြ၍ မြေမှာ တန်ဖိုးအနည်းဆုံး ဖြစ်နေပေသည်။
ကုံးရွယ်ဖုန်းက ထန်ကျန်းမန်သည် သူ့နောက်ခံကို မိတ်ဆက်ပြီးသည့်တိုင် သူ့အား လျစ်လျူရှုထားဆဲ ဖြစ်သည်ကို တွေ့သောအခါ အနည်းငယ် မခံချိမခံသာ ဖြစ်မိသွားသည်။ ဤသို့မျိုး ကိစ္စကား တစ်ခါမျှ မဖြစ်ဖူးပေ။ သူက ဆက်ပြောတော့မည့်ဆဲဆဲတွင် သူ့နာမည် ကြေညာသံ ထွက်ပေါ်လာ၏။ ထို့နောက်တွင် ထန်ကျန်းမန်၏ နာမည်ကို ကြားလိုက်ရသည်။ သူက ထန်ကျန်းမန်နှင့် စာမေးပွဲ စစ်ဆေးသည့် အသုတ်အတူတူ ကျလေသည်။
ထန်ကျန်းမန်က အသက်ပြင်းပြင်းရှုကာ ထရပ်လိုက်သည်။ ထို့နောက် ကြယ်သုံးလုံး စာမေးပွဲ ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးသည့် နေရာသို့ ဝင်သွားလိုက်သည်။
သူမက ကြယ်သုံးလုံး စာမေးပွဲ အောင်မည်ကို သေချာသိနေသော်လည်း အနည်းငယ် စိတ်လှုပ်ရှားမိနေသေးသည်။ ကြယ်သုံးလုံး စာမေးပွဲ အောင်မြင်သည့် ကျောင်းသားတိုင်းမှာ အံ့ဖွယ် တည်ရှိမှုမျိုး ဖြစ်ကြ၏။ သူတို့က ကျောင်း၌ အလေးစားခံရမည့်အကြောင်းကို ထည့်မပြောလျှင်ပင် သူတို့၏ မျိုးနွယ်စုများက သူတို့အပေါ် အာရုံစိုက်လာကာ သေချာပြုစုပျိုးထောင်ပေးမည် ဖြစ်၏။
သူတို့က တိယွမ်ဂြိုဟ်သို့ မသွားနိုင်လျှင်ပင် ကြယ်သုံးလုံးစာမေးပွဲ အောင်မြင်သည့်သူတွင် အဆင့်အတန်းမြင့်မြင့် ရှိပြီး သာမာန်လူတစ်ယောက်အနေနှင့် မျှော်လင့်လို့မရသည့် အဆင့်အတန်းမျိုး ဖြစ်၏။
ကြယ်သုံးလုံး စာမေးပွဲ၏ ပထမ ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုမှာ မြေဆွဲအား စစ်ဆေးမှု ဖြစ်၏။ မြေဆွဲအားသည် ခံနိုင်ရည်စွမ်း စစ်ဆေးမှုနှင့် ကွာခြားပေသည်။ ခံနိုင်ရည်စွမ်း စစ်ဆေးမှုမှာ အပူခံနိုင်ရည်စွမ်း၊ အအေးခံနိုင်ရည်စွမ်း အစရှိသဖြင့် အဆင့်အသေးလေးများ ပြန်လည် ခွဲထုတ်ထားသေး၏။ မြေဆွဲအား စစ်ဆေးမှုတွင် စမ်းသပ်မှု တစ်ခုသာ ရှိပြီး မြေဆွဲအား လှေကားကိုးထစ်ကို ကျော်လွန်ရန် ဖြစ်သည်။
ထိုလှေကားများရှိ မြေဆွဲအားမှာ ဖြည်းဖြည်းချင်း တိုးလာသည်။ တစ်ခါမှ မလေ့ကျင့်ဖူးသည့် သာမာန်လူတစ်ယောက်အတွက် ထိုသို့မြေဆွဲအား လှေကားထစ်အား ခံနိုင်ရည်စွမ်း မရှိပေ။ သူတို့သည် နောက်ဆုံးလှေကားထစ် နှစ်ထစ် ရောက်လာသည့်အခါ ခြေသလုံးကို ထပ်၍ မမြှောက်နိုင်ကြတော့ပေ။ ဖိအားကြောင့် အရိုးများ ကြေမွသွားသည့် မြင်ကွင်းမှာ ဖြစ်လေ့ဖြစ်ထ ရှိပေသည်။ တချို့ချမ်းသာသော မျိုးနွယ်စုများက ရှားမျိုးနွယ်စုမှ ခန္ဓာကိုယ်လေ့ကျင့်ရေး ဆေးရည်ကို ဝယ်ယူနိုင်ကြသည်။ ထိုဆေးရည်ကို သောက်သုံးပြီးသည့်နောက်တွင် သူတို့သည် မြေဆွဲအား စစ်ဆေးမှုအား ဝင်ကြိုးစားကြ၏။
သို့သော်လည်း လူအများစုမှာ ထန်ကျန်းမန်ကဲ့သို့ ဖြစ်ကာ သူတို့က ကိုယ်ပိုင်မွေးရာပါ စွမ်းရည်နှင့်သာ ဖြတ်ကျော်ကြရသည်။
ထန်ကျန်းမန်က သူမသာ မိုဝူကျိနှင့် မတွေ့လာလျှင် ဤမြေဆွဲအား စစ်ဆေးမှုအား တစ်ဘဝလုံး ကျော်ဖြတ်နိုင်မည် မဟုတ်ကြောင်း သေချာသိနေသည်။ အကယ်၍ သူမသာ မြေဆွဲအား စစ်ဆေးမှုအား မကျော်ဖြတ်နိုင်လျှင် တခြားသော စစ်ဆေးမှုများကို ပြောနေစရာ မလိုတော့ပေ။
သူမက လှေကားကိုးထစ်ရှေ့တွင် ရပ်လိုက်ပြီး စိတ်ကို တည်ငြိမ်အောင် ထားလိုက်သည်။ သူမက ခြေကို မြှောက်ကာ ပထမလှေကားထစ်တွင် တင်လိုက်၏။ သူမ မတောင့်ခံနိုင်ခဲ့သည့် ဖိအားမှာ သူမအပေါ် သက်ရောက်မှု မရှိတော့ချေ။ သူမက ဘေးနားမှ လူတွေ ပြုတ်ကျလာသည်ကို လှည့်ကြည့်ရင်း မိုဝူကျိကို ပို၍ ကျေးဇူးတင်မိလာသည်။
ဤရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုမှာ အသက်အန္တရာယ် ခြိမ်းခြောက်နေသည့် စိမ်ခေါ်မှု သုံးခုကဲ့သို့ မဟုတ်သော်လည်း ထိခိုက်ဒဏ်ရာ ရခြင်းက မြင်တွေ့နေကြ မြင်ကွင်း ဖြစ်ပေသည်။
ဒုတိယ ခြေလှမ်း …. တတိယခြေလှမ်း ….
ထန်ကျန်းမန်က ကိုးထစ်လုံးကို အောင်အောင်မြင်မြင် တက်လှမ်းနိုင်ခဲ့ပြီး မြေဆွဲအား စစ်ဆေးမှုကို အောင်မြင်သွားလေသည်။
ထန်ကျန်းမန် အောင်မြင်သွားသည်နှင့် အလိုအလျောက် ကြေညာမှုတစ်ခု ထွက်ပေါ်လာ၏ “ ဖြေဆိုသူ ထန်ကျန်းမန်က မြေဆွဲအား စစ်ဆေးမှုကို အောင်မြင်သွားပါပြီ။ ခံနိုင်ရည်အား စစ်ဆေးမှု အခန်းဆီ သွားပါ … ”
စာမေးပွဲ ရမှတ်ပေးသည့် ရုံးခန်းအတွင်း အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့က စကားပြောနေကြသည်။ သူတို့က ဘာအကြောင်းပြောနေကြမှန်း မသိသော်လည်း နှစ်ယောက်လုံးမှာ စိတ်နှစ်မျှောနေကြ၏။ လက်တွေ့ ဤသို့မျိုးစစ်ဆေးမှုအောက်တွင် စာမေးပွဲ ရမှတ်ပေး ရုံးခန်းက အပေါ်ယံ ဒဏ်ရာများကို ကိုင်တွယ်ဖို့ရာမျှ ဖြစ်၏။ ဖြေဆိုသူများ စမ်းသပ်ခန်းအတွင်း ဝင်လာသည်နှင့် စစ်ဆေးမှုက အလိုအလျောက် လုပ်ဆောင်သွားမည်သာ ဖြစ်ပေသည်။ ရမှတ်များကိုလည်း စနစ်မှ တွက်ချက်ပေးသည် ဖြစ်ရာ မည်သူကမှ ရမှတ်များကို မပြောင်းလဲနိုင်ပေ။
နှစ်ယောက်လုံးက ထန်ကျန်းမန် မြေဆွဲအား စစ်ဆေးမှု အောင်မြင်သွားသည်ကို ကြားသောအခါ ဘာမှအာရုံမစိုက်ကြပေ။ မြေဆွဲအား စစ်ဆေးမှုမှာ ပထမအဆင့် မဟုတ်ပါလော။
သို့သော်လည်း သူတို့နောက်ရှိ မော်နီတာ ဖန်သားပြင်ပေါ်တွင် စာတန်း ပေါ်လာလေ၏။
ထန်ကျန်းမန်၊ ကြယ်သုံးလုံး စာမေးပွဲ မြေဆွဲအား စစ်ဆေးမှု ရမှတ် - ၁၀၀
တစ်ခုမှာ မြေဆွဲအား အောင်မြင်ခြင်း ဖြစ်ပြီး နောက်တစ်ခုမှ ရမှတ် ဖြစ်ပေသည်။ ကြယ်သုံးလုံး စာမေးပွဲ မြေဆွဲအား စစ်ဆေးမှု၏ အစကတည်းက အမှတ် ၁၀၀ ရရှိသူမှာ တစ်ကမ္ဘာလုံးပင် လူဆယ်ယောက် မပြည့်ပေ။ တိယွမ်ဂြိုဟ်၏ နံပါတ်တစ် ပါရမီရှင် ရှီလီက ထိုအမှတ်ပြည့်ရသည့်သူထဲမှ တစ်ယောက် ဖြစ်၏။
အကယ်၍ ထိုနှစ်ယောက်သာ ရမှတ်ကို မြင်လိုက်လျှင် သေချာပေါက် မျက်လုံးပြူးသွားပေမည်။ ထို့နောက် သူတို့အထက်လူကြီးများအား သတင်းပို့ဖို့ရာ အပြေးအလွှား ဖြစ်နေပေလိမ့်မည်။
ထန်ကျန်းမန်အတွက် ခံနိုင်ရည်စွမ်း စစ်ဆေးမှု အခန်းသို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်၏။ သူမက ကြယ်သုံးလုံးစာမေးပွဲကို အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း မြေဆွဲအား စစ်ဆေးမှု၌ပင် ကျရှုံးရသည်။
ထန်ကျန်းမန် တစ်ယောက် အခန်းထဲ ဝင်လာသည်နှင့် လိမ္မော်ရောင်မီးတောက်ကို မြင်တွေ့လိုက်ရသည်။ ထိုမီးတောက်ရှေ့တွင် စာတန်းတစ်တန်း ပါရှိနေ၏။
မီးထဲကို လျှောက်ခဲ့ပါ ….
မီးအပူချိန်မှာ အရမ်းမမြင့်ပေ။ ထိုအပြင် ဖြေဆိုသူများက မီးထဲ ရှိနေစဉ် သတိမေ့မြောသွားခြင်း ဒါမှမဟုတ် ဒဏ်ရာအကြီးအကျယ် ရခြင်းတို့ ဖြစ်ခဲ့လျှင် မီးက ချက်ချင်း ငြိမ်းသွားပြီး အကူအညီ ရောက်လာမည် ဖြစ်၏။
ထန်ကျန်းမန်က မီးထဲကို ဝင်သွားလိုက်သည်။ သူမက အပူချိန် နည်းနည်းသာ ခံစားမိပေသည်။ ဆယ်မိနစ်အကြာတွင် သူမက မီးတောက်ကို ဖြတ်ပြီးနောက် အင်မတန် အေးစက်နေသည့် ရေကန်အတွင်း ရောက်သွားပြန်သည်။