← Chapters

ပိုင်ဆိုင်မှု အသစ်

Vol. 5 Ch. 75

ပိုင်ဆိုင်မှု အသစ်

Vol. 5 Ch. 75

"ချင်းရန် ဟိုနားက ပေါ်စချယ်လေးတွေ.. အတော်လှတယ်...တစ်စီးလောက် ရွေးပါလား..ငါမင်းကို လက်ဆောင်ပေးမယ်လေ..."လင်းရီ ပြောလိုက်၏။

"ဟင့်အင်း.."ကျီချင်းရန် ငြင်းဆန်လိုက်ပြီး "ငါ့ရဲ့ မာစီးတီးကလည်း အကောင်းကြီးရှိသေးတယ်...ပြီးတော့ ငါကားလိုရင် နင့်ကို ခေါ်လို့ ရနေတာပဲ မဟုတ်ဘူးလား...ဘာလို့ ကားထပ်၀ယ်ရဦးမှာ...."

"အင်း...မင်းပြောတာမှန်တယ်...ဟောဒီ Didi ဒရိုင်ဘာက မင်းလေးကို ၀န်ဆောင်မှု ပေးဖို့ အချိန်မရွေး အသင့်ရှိနေမှာလေ...."

"ဒါပေမယ့် နင် ကားအများကြီး ၀ယ်လိုက်တော့ အလဟဿ ဖြစ်မှာ မစိုးရိမ်ဘူးလား...."ကျီချင်းရန် အသံနိမ့်၍ ပြောလိုက်သည်။

"အဲ့တာဆို ငွေတွေ ရှာပြီး ဘာလုပ်မှာ...."လင်းရီ ပြောလိုက်ပြီး.."တကယ်လို့ ငွေတွေ မသုံးလိုက်ရဘဲ သေသွားမယ်ဆိုရင် တော်တော်လေး နှမြောဖို့ မကောင်းဘူးလား..."

"ဟမ်...ဘယ်လို လောဂျစ်ကြီးပါလိမ့်...."

ကျီချင်းရန် အပြုံးလေးဖြင့် ပြောလိုက်ပြီး "သွားပြီး တစ်ခုခု စားရအောင်လေ..ငါဗိုက်အတော်လေး ဆာနေပြီ...."

"အင်း...သွားစို့လေ..ငါလည်း ဆာနေတာနဲ့ အတော်ပဲ...."

ဘူဂတီ ၀န်ထမ်းမှာ ကားကို မောင်းရန် အဆင်သင့် ပြင်ထားပေး၏။

အဘယ်ကြောင့် ဆိုသော် လင်းရီ၏ အစီအစဉ်ကြောင့်ပင်။ ရန်ချိန်ကို ကားမရှိပဲ လည်ပတ်ရခြင်းက အတော်လေး အဆင်မပြေ ဖြစ်လှ၏။ ထို့ကြောင့် သူဘူဂတီကို မောင်းရန် ရွေးချယ်လိုက်ပြီး ကျန်သည့် ကားများကိုတော့ ကျိုးဟိုင်သို့ ပို့ထားရန် ညွှန်ကြားထားလိုက်သည်။

စားပြီးနောက် နှစ်ယောက်သား အပြင်သို့ တခဏ လျှောက်လည်လိုက်လေသည်။

ထိုနေ့လည်ခင်းတွင်တော့ ဂေဟာရှိ လူများ လင်းရီ ပေးသည့် စပရိုက်ကို ရရှိလိုက်ကြပြီး အတော်လေး ရှော့ခ်ရသွားခဲ့ကြ၏။

ကားမပါလျင်တောင် ဓာတ်ဆီကတ် ရှစ်သန်းတည်းနှင့်ပင် သူတို့အား အံ့အားသင့်‌ဖို့ လုံလောက်ပေသည်။

နောက်ပိုင်းတွင်တော့ ကျီချင်းရန်နှင့် လင်းရီတို့ ဟိုတယ် ပြန်လိုက်ကြပြီး "နင်မနက်ဖြန် အားလား...."ကျီချင်းရန် အခန်းထဲတွင် မေးလိုက်၏။

"ဘာလို့လဲ ...မင်းက အလုပ်များမှာမို့လား...."

"ငါက ရန်ချိန်မှာ ရှိတဲ့ ငါတို့ ရုံးခွဲဆီ သွားကြည့်မလို့လေ...တကယ်လို့ နင်အားရင် အဖော် လိုက်ခဲ့ပေးပါလားလို့...."

ရန်ချိန်ရှိ ချောင်ရန်အုပ်စုအကြောင်း လင်းရီ အနည်းငယ် နားလည်ပေသည်။

ထိုနေရာ၌ ကျိုးဟိုင်ထက် ပို၍ အိမ်ခြံမြေဈေးကွက် တွင်ကျယ်၏။ ထို့ကြောင့် သူမ ရည်ရွယ်ချက်ရှိရှိ သွားရောက် စစ်ဆေးခြင်းပင်။

"ဒါပေမယ့် ငါကတော့ မင်းတစ်ခုခု ရှာတွေ့မယ်လို့တော့ မထင်ဘူး..."လင်းရီ ပြောလိုက်သည်။

"ဘာလို့လဲဆိုတော့ သူတို့ သူဌေးလာမယ်မှန်းသိရင် မင်းလူတွေက အလုပ်ကောင်းကောင်း လုပ်မှာပဲလေ...အဲ့တော့ မင်းဘာမှရှာတွေ့တော့မှာမဟုတ်ဘူး...."

"စိတ်မပူပါနဲ့...ငါဘယ် အမှုဆောင် အရာရှိကိုမှ ဒီ‌အကြောင်းတွေ မပြောပြထားဘူး...တကယ်လို့ ဘာမှ မရှိခဲ့ရင်တော့ အကောင်းဆုံးပေါ့...ရှိခဲ့ရင်လည်း ငါကတော့ သေချာပေါက် အလွတ်ပေးမှာ မဟုတ်ဘူး..."

လင်းရီ ပြုံးရုံသာ ပြုံးလိုက်ပြီး ဘာမှ မပြောခဲ့ပေ။

ကျီချင်းရန်ကတော့ သူ့လူတွေကို ရိုးအတယ်လို့ ထင်နေတာပဲ

အကယ်၍ သူတို့သာ ပထမနေ့ကတည်းက ရှောင်သခင် စစ်ဆေးမှုများ ပြုလုပ်ပါက အကျိုးသက်ရောက်မှုမှာ ကောင်းနိုင်မည် ဖြစ်သော်လည်း နှစ်ရက်မျှ ကြာပြီဖြစ်သောကြောင့် သတင်းအနည်းငယ်တော့ ထွက်ပြီးလောက်၏။

ပြဿနာ တစ်စုံတစ်ရာ ရှာတွေ့ မတွေ့ကတော့ ကံတရားအပေါ် မူတည်နေသေးသည်။

"ဒါဆိုလည်း ကောင်းပြီလေ...မနက်ဖြန် ငါနဲ့ အတူသွားကြတာပေါ့..."

"နင့်မှာ ကားရှိနေတာပဲ...နင့်ကားနဲ့ ငါတို့ သွားကြတာပေါ့..."ကျီချင်းရန် ပြောလိုက်ပြီး .."ဒါပေမယ့် ငါခုတော့ ရေချိုးလိုက်ဦးမယ်...လင်းရီ နင်ဒီမှာ နေဦးမှာလား...."

"နေချင်လားဆိုတာ ဘာပြောချင်တာ...မင်းက ငါ့ကို ရေချိုးခန်းထဲမှာ စောင့်နေစေချင်တာလား...နောက်ကျောဂျေးတွန်း ပေးဖို့ လူလိုလို့လား..."

"ဘာနောက်ကျော ဂျေးတွန်းမှာလဲ...ကိုယ့်အခန်းကိုယ်သာ ပြန်စမ်းပါ...."

လင်းရီထ၍ ပြုံးလိုက်ပြီး "နောက်ကျော ဂျေးတွန်းပေးဖို့ လူလိုရင် ငါ့ကို ပြောနော်..."

"နင် ...ကောင်စုတ်....နှာဘူး...."

ကျီချင်းရန် လင်းရီကို အခန်းထဲမှ မောင်းထုတ်လိုက်၏။

လင်းရီ ကုတင်ပေါ်တွင် လဲလျောင်းနေလိုက်ပြီး အချိန်အတော်ကြာသည်အထိ အိပ်လို့ မပျော်သေးချေ။

မနက်ဖြန်ဆို တနင်္လာနေ့...ဒီတော့ စနစ်ကလည်း အလုပ်အသစ် ဖွင့်တော့မယ် ထင်တယ်....

(စာကြွင်း- တစ်ပတ်ပြည့်သွားပြီမို့လို့ စနစ်က အလုပ်အသစ် ပွင့်လာတာပါ)

သူ့ကို စောင့်ကြိုနေသည့် အလုပ်အသစ်က ဘာလဲ ဆိုတာတော့ လင်းရီလည်း မသိသေးချေ။

ညသန်းခေါင်ယံ သို့ရောက်သောအခါ စနစ်၏ အကြောင်းကြားစာမှာ လင်းရီ၏ စိတ်ထဲတွင် ပေါ်လာခဲ့၏။

[အလုပ်အသစ် : သော့ဖွင့်မည် (လုပ်မည်/မလုပ်ပါ)

တွေ့ကြုံခံစားရမည့် အလုပ်အကိုင် :

တက္ကသိုလ်ကထိက

အလုပ်ပြီးမြောက်နှုန်း : ၀%]

[ပိုင်ရှင်...ကျေးဇူးပြုပြီး လက်ဆောင်ထုပ်ကို လက်ခံပေးပါ

ဆုလဒ် - ၁၀ မီလီယမ် ဒေါ်လာ....ပင်ကိုယ်အရည်အချင်း အားလုံး တိုးမြင့်ပေးသည့် ဆေးရည်၊ ပညာရှိ၏ ဉာဏ်ပညာ....]

ငါလခွမ်းပဲ

လင်းရီ စိတ်ထဲတွင် ကျယ်လောင်စွာ ကျိန်ဆဲမိလိုက်သည်။

သူ့ရဲ့ အလုပ်အသစ်က တက္ကသိုလ် ကထိကတဲ့လား...

ဟီးဟီး စိတ်လှုပ်ရှားဖို့ ကောင်းမည့်ပုံပဲ...

ထို့နောက် လင်းရီ၏ အတွေးများက စနစ်မှ ချီးမြင့်ထားသော လက်ဆောင် ထုပ်ကြီးပေါ်သို့ ကျရောက်သွားခဲ့သည်။

၁၀ မီလီယမ်တည်းဆိုတော့...ဘာမှ သိပ်ပြီးတော့ မပြောပလောက်ပါဘူး....

သူ Didi စမောင်းကတည်းကပင် ထိုပမာဏကို ရဖူးပြီး ဖြစ်၏။

စနစ်၏ လုပ်ထုံးလုပ်နည်းများအရ သူ၏ အနာဂတ်တွင် အလုပ်အသစ် ပွင့်မည်ဆိုပါက ကနေဦး‌

ချီးမြင့်သော ငွေ‌ကြေးမှာ မနည်းမများ ဖြစ်ပေလိမ့်မည်။

သို့သော်လည်း ကိစ္စတော့ မရှိချေ။ ခြင်မည်မျှ သေး စေကာမူသူ့အသားတော့ ရှိသေး၏။ သူမကြိုက်စရာ ဘာအကြောင်းမျှ မရှိပေ။

အလုံးစုံ ပင်ကိုယ်အရည်အချင်း တိုးမြင့်ပေးသော ဆေးရည်ကတော့ လင်းရီ နိုဗယ်ထဲတွင် ဖတ်ဖူးသောကြောင့်မည်သည့်အရာလဲဆိုတာကို သိပေသည်။

သို့သော်လည်း ပညာရှိ၏ ဉာဏ်ပညာဆိုသည်ကတော့ သူနှင့် စိမ်းနေ၏။

"စနစ်...ပညာရှိရဲ့ ဉာဏ်ပညာဆိုတာက ဘာကြီးလဲ...."

"ပညာရှိရဲ့ ဉာဏ်ပညာကတော့ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ အတော်ဆုံး ကျောင်းတော်သားတွေရဲ့ ဉာဏ်ပညာတွေပါ...အဲ့တာက စနစ်ရှင်ကို တက္ကသိုလ်မှာ အကောင်းဆုံး ကထိက ဖြစ်အောင် ကူညီပေးပါလိမ့်မယ်...."

လင်းရီ စနစ်၏ ရှင်းပြချင်ကြောင့် ယေဘုယျလောက်တော့ နားလည်သွားသည်။

အဲ့တာက ငါ့ခေါင်းထဲကို ဗဟုသုတတွေ ဖြည့်ပေးသလိုပေါ့.....

မည်သို့ပင်ဆိုစေ တက္ကသိုလ်ဆိုသည်မှာ ကျွမ်းကျင်သူများ စုဝေးသောနေရာဖြစ်၏။ သင့်တွင်သာ တစ်ပါးသူကို သင်ကြားပေးနိုင်လောက်အောင် ထူးချွန်သော အရည်အချင်းမရှိပါက ထိုနေရာမှ အမောင်းထုတ်ခံရပေလိမ့်မည်။

လင်းရီ စနစ်၏ စာမျက်နှာကို ကြည့်လိုက်သောအခါ (လုပ်မယ်/မလုပ်ပါ)ရွေးချယ်မှုက ရှိနေဆဲဖြစ်၏။

ရွေးချယ်တာ မရွေးချယ်တာကတော့ သူ၏ လက်ထဲတွင် ရှိနေသေးသည့ ပုံပင်။

"စနစ်...ငါ့ရဲ့ Didi ဒရိုင်ဘာအလုပ်က ၈၅%ပဲရှိသေးတာလေ...တကယ်လို့ အလုပ်အသစ်ကို အသက်သွင်းလိုက်မယ်ဆိုရင် ငါ့ရဲ့ ဆုလဒ်တွေ ဆုံးရှုံးသွားနိုင်လား...."

[တကယ်လို့ စနစ်ရှင်ကသာ အလုပ်အသစ်ကို ရွေးချယ်လိုက်မယ်ဆိုရင် အလုပ်ဟောင်းက တစ်ပတ်ခန့် ယာယီ ငြိမ်သက်သွားပါလိမ့်မယ်...တစ်ပတ်ပြည့်မှပဲ ပြန်လည် လုပ်ကိုင်နိုင်မှာပါ...]

လင်းရီ တခဏမျှ စဉ်းစားလိုက်ပြီး "ငါတစ်ချိန်တည်း အလုပ်နှစ်ခုကို အသက်သွင်းလို့ မရဘူးလား..."

[မရပါဘူး စနစ်ရှင်ကသာ တကယ်လို့ အလုပ်အဟောင်းကို အသက်သွင်းထားမယ်ဆိုရင် အလုပ်အသစ်က အလိုအလျောက် ငြိမ်သက်နေတဲ့ အနေအထားကို ရောက်နေမှာပဲ ဖြစ်ပါတယ်...တစ်ပတ်ကြာပြီးရင်တော့ အလုပ်အသစ်ကို ပြန်လည် အသက်သွင်းလို့ရပါပြီ.... ]

စနစ်၏ ပြည့်စုံစွာ ရှင်းပြချက်ကို နားထောင်ပြီးနောက် လင်းရီ နားလည်သွား၏။

သို့သော်လည်း Didi ဒရိုင်ဘာ အလုပ်မှာ ၈၅% ပြီးမြောက်နေပြီး အန္တိမ ဆုလက်ဆောင်ကလည်း သု့ကို ဆွဲဆောင်လို့နေသည်။

စနစ်၏ စည်းမျဉ်းအရတော့ သူသာ နောက်ထပ် နောက်ထပ်အလုပ်တစ်ခုကို လက်ခံလိုက်ပါက ကျန်နေသည့် ၁၅%မှာ ပြီးမြောက်သွားပေလိမ့်မည်။ ထို့ကြောင့် သူ အလုပ်အသစ်ဖွင့်ရန် အလျင်မလိုသေးခြင်းပင်။

အကယ်၍ မစ်ရှင်ပြီးမြောက်ဖို့ ခက်ခဲပါက သူ အနာဂတ်တွင် အလုပ်အသစ်ကို အသက်သွင်းလိုက်ပေမည်။

ကိစ္စများကို စီစဉ်ပြီးနောက် လင်းရီ အညောင်းဆန့်လိုက်ပြီး အိပ်လိုက်တော့သည်။

နောက်တစ်နေ့ နံနက်ခင်းတွင်တော့ လင်းရီ အ၀တ်အစားလဲပြီး ကျီချင်းရန် နေရာသို့ ရောက်သွားသောအခါ သူမမှာ ရေမိုးချိုးပြီးဖြစ်၏။

"ငါ့ကို ခဏလောက် စောင့်ပေးဦးနော်...မိတ်ကပ် နည်းနည်း လောက် သွားပုတ်လိုက်ဦးမယ်.... "

"ဒါပေါ့...အေးဆေးလုပ်ပါ...."

ထို့နောက် လင်းရီ ဆိုဖာပေါ်တွင် မှီလိုက်ပြီး ဂိမ်းဆော့နေလိုက်၏။

ထိုအချိန်တွင် ဂိမ်းထဲ၌ စကတ်အတွန့်လေးမှာ သူ့အား သီးသန့် စာများ ပို့ထားကြောင်း တွေ့လိုက်ရသည်။

ထိုကောင်မှာ သူ့ကို တစ်နေ့လျင် စာအစောင်ရေ နှစ်ဆယ်လောက် ပို့ထား၏။

တော်တော် ဇွဲကောင်းတဲ့ ကောင်ပါလားကွ....

လင်းရီ သူမ၏ ပွဲစဉ်မှတ်တမ်းကို ကြည့်လိုက်သောအခါ နိုင်ထားသည်ထက် ပို၍ ရှုံးနေကြောင်း တွေ့လိုက်ရ၏။ အကယ်၍ သူမသာ စူပါကယ်ရီဂေါ့နှင့် မတွေ့ပါက ပို၍ ပင် ရှုံးပေလိမ့်မည်။

"ဒီကောင်က ဘရိန်းကို မပါတာလားဟ...ရန့် ဒီလောက်နိမ့်နေတာတောင်မှ ဘယ်လိုတွေ ကစားနေလို့ ပိုးစိုးပက်စက် ရှုံးနေလဲ မသိဘူး...."

လင်းရီ သူမ မည်မျှ သနားဖို့ကောင်းနေကြောင်း မြင်လိုက်ရသောအခါ အတူကစားရန် ဖိတ်ခေါ်လိုက်၏။

ခဏမျှ ကြာပြီးနောက်

"ကျေးဇူးပါ နတ်ဘုရား...ငါနောက်ဆုံးတော့ တစ်ပွဲနိုင်သွားပြီ ဟီးဟီး...."

ပြိင်ဘက်ကင်း ကြက်တောင်ပံ : မင်းနဲ့ တစ်ပွဲနိုင်ဖို့ကလည်း ခက်လိုက်တာကွာ...မင်းရဲ့ IQနဲ့ဆို ဂိမ်းကို တာ့တာ လုပ်သင့်နေပြီ....

ထိုစဉ်

"လင်းရီ..."ကျီချင်းရန်၏ အသံ ထွက်ပေါ်လာခဲ့သည်။

"ဘာတုန်း..."

"ငါ့ကို ဇစ်ပြန်ဖြုတ်ပေးဦး...တစ်ခုခု ညှပ်သွားပြီထင်တယ်...."

စာစဉ် (၅)ပြီး၏။

All Chapters