အုတ်အော်သောင်းနင်း ဖြစ်ခြင်း
Vol. 61 Ch. 841
ထန်ကျန်းမန်က ကြယ်သုံးလုံး စာမေးပွဲ အဆောက်အဦးမှ ထွက်လာသည့်အခါ သူမစိတ်ထဲ ဗလာနတ္ထိ ခံစားချက်က ပေါ်လာပြန်သည်။ လွန်ခဲ့သည့် တစ်လခန့်က ကြယ်သုံးလုံး စာမေးပွဲ အောင်မြင်ဖို့ရာကား သူမ၏ အကြီးမားဆုံး အိပ်မက် ဖြစ်ခဲ့သည်။ သို့သော် ယခုတွင် ကြယ်သုံးလုံး စာမေးပွဲ အောင်မြင်ပြီးနောက် သူမ ကြိုးစားရမည့် ရည်မှန်းချက် ပျောက်ဆုံးသွားကြောင်း ခံစားမိလိုက်ရသည်။
သူမက ကြယ်သုံးလုံး စာမေးပွဲကို အချိန်အနည်းဆုံးဖြင့် အောင်မြင်သူမှာ စီနီယာ ရှီလီ ဖြစ်ကြောင်း ကြားခဲ့ဖူး၏။ သူ့အနေနှင့် တစ်ရက်သာ လိုအပ်ခဲ့သည်။ အကြောင်းမှာ စစ်ဆေးမှု တစ်ခုနှင့် တစ်ခုကြားတွင် အနားယူဖို့ရာ ခွင့်ပြုပေးထားသောကြောင့် ဖြစ်သည်။ တစ်ဖက်တွင် ထန်ကျန်းမန်က နှစ်နာရီပင် မကြာလိုက်ပေ။ ထို့အပြင် ထိုသည်က သူမအနေနှင့် တချို့စစ်ဆေးမှုများတွင် အချိန်အသေ သတ်မှတ်ထား၍ ဖြစ်ကာ မဟုတ်လျှင် သူမအချိန်မှာ ပို၍ပင် နည်းပေဦးမည်။
ထိုစဉ် အာကာသ ညွှန်ကြားရေး ပူးပေါင်းအဖွဲ့ ရွေးချယ်ပွဲတွင် ပါဝင်ခြင်းကား သူမအတွက် အရေးမကြီးတော့ပေ။ သူမ၏ လက်ရှိစွမ်းရည်ဖြင့် တိယွမ်ဂြိုဟ်သို့ တိုက်ရိုက် သွားနိင်မည့် စိမ်ခေါ်မှုများကိုပင် အလွယ်လေး အောင်မြင်နိုင်လိမ့်မည်။ ထို့ကြောင့် သူမအနေနှင့် ထိုနေရာသုံးခုစာအတွက် တခြားသူများနှင့် လုနေဖို့ မလိုအပ်တော့ပေ။
ထန်ကျန်းမန်က ခေါင်းကို ငုံ့ကာ လက်ကောက်ဝတ်မှ ကြယ်အဆင့် နာရီကို ကြည့်လိုက်သည်။ ယခင် နာရီပေါ်တွင် ကြယ်နှစ်လုံးသာ ရှိနေသော်လည်း ယခုအခါ သူမက ကြယ်သုံးလုံး စာမေးပွဲ အောင်မြင်သွားပြီ ဖြစ်၍ နာရီပေါ်တွင် နောက်ထပ် ကြယ်တစ်လုံး ရောက်လာသည်။ နာရီမှာ သူမအဆင့်အတန်း၏ ပြယုဂ် ဖြစ်ပြီး သူမအအနေနှင့် တိယွမ်ဂြိုဟ်ကို မသွားဘဲ ကမ္ဘာမြေ၌ ဆက်နေနေလျှင်ပင် သူမ မည်သည့်နေရာသို့ သွားသွား လေးစားခံရမည် ဖြစ်၏။
ထို့အပြင် သူမနာရီပေါ်မှ ကြယ်များမှာ ရွှေရောင် ဖြစ်၏။ ကြယ်သုံးလုံး စာမေးပွဲ၌ အမှတ်ပြည့် ရရှိထားသော ကျောင်းသားများသာ ရွှေကြယ် ရရှိနိုင်ကြသည်။
ထန်ကျန်းမန်၏ နားလည်နိုင်စွမ်းအရ စီနီယာရှီလီသည် ရွှေကြယ်သုံးလုံးနှင့် တစ်ဦးတည်းသောသူ ဖြစ်၏။
စီနီယာရှီလီလား …..
ထန်ကျန်းမန်က စဉ်းစားကာ ပြုံးမိသွားသည်။ စီနီယာရှီလီလည်း မိုဝူကျိဆီမှ ရိုက်ချက် တစ်ချက်ကိုပင် ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
ထန်ကျန်းမန်၏ စိတ်ထဲ၌ နောင်တတရားတို့ ကြီးစိုးလာသည်။ သူမအနေနှင့် မှားယွင်းစွာ ရွေးချယ်မိခဲ့သည်။
သူမက သူမရှေ့မှ အုတ်အောင်သောင်းနင်း ဖြစ်နေသည့် လေ့လာရေး ရင်ပြင်ကို ကြည့်လိုက်ပြီးနောက် လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားမိလိုက်သည်။ သူမက ထိုသုံးနေရာအတွက် ဝင်မပါတော့ရန် ဆုံးဖြတ်လိုက်သည်။ သူမစွမ်းရည်ဖြင့် တိယွမ်ဂြိုဟ်သို့ သူမ သွားချင်သည့်အချိန် သွားနိုင်ပေသည်။ ယခု သူမအတွက် အရေးကြီးဆုံး ကိစ္စမှာ အစ်ကိုကြီးမိုဝူကျိအား ရှာတွေ့ရန် ဖြစ်၏။
သူမက မိုဝူကျိသည် အခွင့်အရေး တစ်ခါသာ ပေးမည် ဖြစ်ကြောင်း ပြောထားသော်လည်း သူမအနေနှင့် ကံစမ်းကြည့်ချင်သေးသည်။
……………….
ကြယ်သုံးလုံး စာမေးပွဲ ရမှတ်ပေး ရုံးခန်း
ထိုအမျိုးသားနှင့် အမျိုးသမီးတို့က စကားစပြတ်သွားလေပြီ။ ထိုအမျိုးသမီး မတ်တတ်ရပ်လိုက်ပြီးနောက် သူမ မျက်လုံးတို့မှာ မယုံကြည်နိုင်စွာဖြင့် ပြူးကျယ်နေလေသည်။ သူမက အမျိုးသားနောက်မှ ဖန်သားပြင်ကြီးကို စိုက်ကြည့်နေမိသည်။
“ ဝမ်ဖေး အဆင်ပြေရဲ့လား ” အမျိုးသားက အမျိုးသမီး၏ အမူအယာကြောင့် လန့်သွားကာ သူလည်း စိုးရိမ်တကြီး ထရပ်လိုက်သည်။
ဝမ်ဖေးဟု ခေါ်သော အမျိုးသမီးက ဖန်သားပြင်ကြီးကို လက်ညိုးထိုးပြလိုက်သည်။ သူမ အသံက တုန်တုန်ယင်ယင်ဖြင့် ထွက်ပေါ်လာပြီး “ ကျူရှန်းချီ …. ရှင် … ရှင် ကြည့်ကြည့် …. ”
ကျူရှန်းချီက ရုတ်တရက် လှည့်ကြည့်လိုက်သည့်အခါ ပါးစပ်ဟောင်းလောင်း ဖြစ်မိသွားသည်။ အချိန်အတော်ကြာပြီးနောက် သူက ရေရွတ်လိုက်သည် “ စစ်ဆေးမှုအားလုံးမှာ အမှတ်ပြည့် …. ရွှေကြယ်သုံးလုံး ။ တစ်နာရီနဲ့ ၄၉ မိနစ် …. ဒါက …. ဒါက … ”
“ အထက်ကို မြန်မြန် သတင်းပို့ …. အဲလူက အခု ထွက်သွားလောက်ပြီ။ ငါတို့တော့ သွားပြီ …” ဝမ်ဖေးက နောက်ဆုံးတွင် အသိပြန်ဝင်လာကာ မြန်မြန် ပြောလိုက်သည်။ သူမ အသံမှာ တုန်ယင်နေလေ၏။
“ ဟုတ်တယ် ဟုတ်တယ် …” ကျူရှန်းချီလည်း ဖုန်းကို မြန်မြန် ကောက်ကိုင်ပြီးနောက် အနီရောင် ခလုတ်ကို နှိပ်လိုက်တော့သည်။
………………
နမ်ကျိ
အာကာသ ခေတ်ကာလသို့ ရောက်လာသည့်အခါ အာကာသ ညွှန်ကြားရေး ပူးပေါင်းအဖွဲ့ချုပ် တည်ရှိသည့်နေရာ ဖြစ်ပေသည်။ တိယွမ်ဂြိုဟ်ကို ရှာဖွေတွေ့ရှိပြီးနောက် ဌာနချုပ်ကို တိယွမ်ဂြိုဟ်ရှိရာဆီ ရွေ့ပြောင်းခဲ့၏။ ထို့နောက် ဤနေရာမှာ ကမ္ဘမြေပေါ်တွင် အာကာသညွှန်ကြားရေး ပူးပေါင်းအဖွဲ့၏ အကြီးမားဆုံး အဖွဲ့ခွဲ ဖြစ်လာသည်။
ထိုစဉ် နမ်ကျိ အာကာသညွှန်ကြားရေး ပူးပေါင်းအဖွဲ့ အဆောက်အဦးအတွင်း လူတစ်ရာကျော်လောက်က အရေးပေါ် အစည်းအဝေး ထိုင်နေကြရသည်။ ဤအစည်းအဝေး၏ အဓိက ရည်ရွယ်ချက်မှာ အာကာသညွှန်ကြားရေး ပူးပေါင်းအဖွဲ့အနေနှင့် ပါရမီရှင် ကျောင်းသား အယောက် ၂၀၀ ကို လက်ခံပြီး တိယွမ်ဂြိုဟ်သို့ စေလွှတ်ဖို့ရာ ပြုစုပျိုးထောင်မည့်အကြောင်း ဖြစ်၏။
ဤအစည်းအဝေးကို ဦးဆောင်သူမှာ အာကာသညွှန်ကြားရေး ပူးပေါင်းအဖွဲ့၏ တာဝန်ခံချုပ် ကာဆာနို ဖြစ်၏။
“ တာဝန်ခံ ကာဆာနို …. တိယွမ်ဂြိုဟ်ပေါ်က အခြေအနေတွေက ပိုပိုဆိုးလာပြီ။ အယောက် ၂၀၀ လောက်နဲ့ လောက်မှာ မဟုတ်ဘူး ” ဝင်ပြောလိုက်သူမှာ ဂျာမန် ဖြစ်၏။ သူက အာကာသ ညွှန်ကြားရေး ပူးပေါင်းအဖွဲ့၏ ကော်မတီအဖွဲ့ဝင် တစ်ဦး ဖြစ်သည့် ဝုဖ် ဖြစ်သည်။
အာကာသညွှန်ကြားရေး ပူးပေါင်းအဖွဲ့၌ တရုတ်လူမျိုး အရေအတွက်မှာ ပိုပိုများလာလေ၏။ အာကာသညွှန်ကြားရေး ပူးပေါင်းအဖွဲ့၏ လက်ရှိခေါင်းဆောင် ဝေယီယုသည်လည်း တရုတ်လူမျိုး ဖြစ်ပေသည်။ တရုတ်လူမျိုးများက အင်္ဂလိပ်စကားကို မဖယ်ရှားနိုင်သော်လည်း ကမ္ဘာမြေပေါ်ရှိ အဓိက သဘာစကား နှစ်ခုထဲမှ တစ်ခု ဖြစ်လာသည်။
ဝုဖ် စကားပြောပြီးနောက်တွင် နောက်ထပ် အဖွဲ့ဝင်တစ်ဦးက ထရပ်ကာ ပြောလိုက်သည် “ တာဝန်ခံ ကာဆာနို … အဖွဲ့ဝင်ဝုဖ်ရဲ့ စကားတွေက အကျိုးအကြောင့်သင့်တယ်။ ကမ္ဘာမြေကနေ တိယွမ်ဂြိုဟ်ကို လူတွေ ပို့ဆောင်စရိတ်ကာ အရမ်းမြင့်တယ်။ ဒါပေမဲ့ ဒီလိုအခြေအနေမှာ ပါရမီရှင်တွေကို ပြုစုပျိုးထောင်ပေးတာက ကျုပ်တို့ လုပ်သင့်တဲ့အထဲမှာ အရေးအကြီးအဆုံးပဲ …. လူ ၂၀၀ က တကယ်ကို နည်းတယ် ”
ထိုနှစ်ယောက်ပြောပြီးနောက် ကျန်လူတချို့ကလည်း ထရပ်ကာ သဘောတူကြောင်း ပြောကြသည်။ အခြေခံအားဖြင့် ထိုလူ အယောက် ၂၀၀ မှာ နည်းလွန်းပြီး တိယွမ်ဂြိုဟ်သို့ လူများများ ပို့လွှတ်သင့်ကြောင်း ခံစားမိကြသည်။
ကာဆာနိုက ပိန်ပိန်ပါးပါး အရပ်ရှည်ရှည်ဖြင့် လူတစ်ဦး ဖြစ်သည်။ လူတချိုက အမြင်များ ထုတ်ပြောနေကြစဉ် သူက ဝင်မနှောင့်ယှက်ပေ။ ထို့အစား သူက အားလုံး ပြီးသည့်အထိ စောင့်ဆိုင်းပြီးမှ ဖြည်းဖြည်းချင်း ပြောလိုက်သည်
“ တိယွမ်ဂြိုဟ်ပေါ်က အရင်းအမြစ်တွေနဲ့ ကျုပ်တို့ စွမ်းရည်နဲ့ဆိုရင် အများဆုံး လူအယောက် ၂၀၀ ကိုပဲ ပြုစုပျိုးထောင်ပေးလို့ ရမယ်။ ရှီလီလို ပါရမီရှင်မျိုးတောင် တိယွမ်ဂြိုဟ်ကို ရောက်ပြီးတော့ သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်း မရှိတော့ဘူး။ ပါရမီ မရှိတဲ့သူတွေက ရွေးချယ်တာက အလကားပဲ … သူတို့ကို သေတွင်းထဲ တွန်းပို့သလို ဖြစ်နေလိမ့်မယ်။ အဲဒီ လူ နှစ်ရာကြားမှာ တစ်နှစ်ကြာပြီးရင် အယောက် နှစ်ဆယ်လောက် ကျန်နေရင်ကို အံ့ဖွယ် ဖြစ်နေပြီ ”
တချို့အဖွဲ့ဝင်များက သေချာမသိသည့် အကြောင်းများ ရှိသော်လည်း သူ ကာဆာနိုက ကောင်းကောင်း သိပေသည်။
တိယွမ်ဂြိုဟ်ကို တွေ့စဉ်က ကမ္ဘာမြေသည် သူတို့၏ နည်းပညာများကို အသုံးချကာ တိယွမ်ဂြိုဟ်ပေါ်၌ နယ်မြေအများအပြား အရယူနိုင်ခဲ့သည်။ တိယွမ်ဂြိုဟ်ပေါ်ရှိ လေထုမှာ သန့်ရှင်းပြီးတော့ သတ္တုနှင့် တွင်းထွက်ပစ္စည်းများ ကြွယ်ဝပေသည်။ ထို့ကြောင့် ကမ္ဘာမြေပေါ်ရှိ ချမ်းသာကြွယ်ဝကာ အားကောင်းသော သူများက တိယွမ်ဂြိုဟ်ဆီ ရွေ့ပြောင်းနေထိုင်လာကြသည်။
ထို့နောက် သူတို့၏ တိယွမ်ဂြိုဟ်ပိုင်နက်အား ချဲ့ထွင်ခဲ့သည်။ တစ်ချိန်တည်းဆိုသလို လူများစွာက တိယွမ်ဂြိုဟ်ဆီ ဦးတည်လာကြသည်။ ထိုအခါ ပြဿနာအမျိုးမျိုး ပေါ်ပေါက်လာသည့်အချိန်လည်း ဖြစ်၏။ ပြဿနာတစ်ခုမှာ သားရဲများ ထွက်ပေါ်လာကာ တိယွမ်ဂြိုဟ်ပေါ်တွင် နေထိုင်ကြသော လူသားများကို ဝါးမျိုစားသောက်ခြင်း ဖြစ်၏။
ထိုသားရဲများတွင် ကြမ်းတမ်းသော ရုပ်ပိုင်းဆိုင်ရာ ရှိရုံသာမက ပြန်လည် ကုသနိုင်စွမ်းလည်း ရှိထား၏။ သေနတ်အသေးလေးများကား ထိုသားရဲများနှင့် ရင်ဆိုင်သည့်အခါ လုံးဝ အသုံးမဝင်ပေ။ ဧရာမ သေနတ်များကသာ သတ်နိုင်စွမ်း ရှိလေ၏။ သို့သော်လည်း ထိုသေနတ်ကြီးများမှာ အရမ်းကြီးမားလွန်းသည့်အတွက် လူတစ်ယောက်တည်း မသယ်နိုင်ပေ။ နှစ်ဘီးတပ် စစ်ရထားမျိုးမှာလည်း တိယွမ်ဂြိုဟ်ပေါ်တွင် သစ်တောများ ထူထပ်နေသောကြောင့် အသုံးမပြုနိုင်ပေ။ ထို့အပြင် ဆင်တစ်ကောင်ထက် ဆယ်ဆမက ကြီးမားသည့် သားရဲများလည်း ရှိပေသည်။ ထိုသားရဲများက ခြေတစ်လှမ်းဖြင့် အရာအားလုံးကို တစစီ ခြေမွပစ်နိုင်သည်။
သားရဲများနှင့် တိုက်ပွဲများစွာ ဆင်နွဲပြီးနောက် လူသားများက သားရဲများနှင့် ရင်ဆိုင်သည့်အခါ အေးခဲလက်နက်များက ပို၍ သက်ရောက်မှု ရှိကြောင်း သတိပြုမိသွားလေ၏။ ထိုအေးခဲလက်နက်များမှာ သားရဲများကို ပို၍ ထိခိုက်မှု ပေးနိုင်ပြီး ထိုလက်နက်များကြောင့် ဖြစ်လာသည့် ဒဏ်ရာများမှာ ပြန်လည် ကောင်းဖို့ အချိန်ကြာမြင့်ပေသည်။
လက်ရှိ တချို့သိပ္ပံပညာရှင်များက သားရဲများသည် မီးကို မကြောက်ကြကြောင်း ရှာတွေ့ထားလေ၏။ မီးတောက်ထဲမှ အဆီအနှစ်များသည် သားရဲများအတွက် အာဟာရဓာတ်ပင် ဖြစ်နေနိုင်သေး၏။ တချို့သားရဲများက ကျည်ဆံ၏ ပေါက်ကွဲစွမ်းအားကို စုပ်ယူပြီး ကိုယ်ပိုင်စွမ်းအားအဖြစ် ပြောင်းလဲနိုင်လေသည်။ ကမ္ဘာမြေပေါ်မှ သိပ္ပံပညာရှင်များသည် ရုပ်ခန္ဓာလေ့ကျင့်ရေး အကြောင်း မသိ၍ ထိုသားရဲများသည် ကျည်ဆံစွမ်းအားများကို စုပ်ယူနိုင်သည့် အကြောင်းအရင်းကို နားမလည်ကြပေ။
အကယ်၍ ကျည်ဆံများက သားရဲများကို မသတ်နိုင်လျှင် ထိုသားရဲများက ပို၍ အားကောင်းလာကြသည်။ သားရဲကိုယ်ထဲမှ ကျည်၏ အကြွင်းအကျန် သက်ရောက်မှုများကို သားရဲများအနေနှင့် ထည့်စဉ်းစားဖို့ရာ တုံးအလွန်းနေပေသည်။ သူတို့က သေသည့်အထိ တိုက်ခိုက်ကြရုံသာ ဖြစ်၏။
ကျည်ဆံများဖြင့် သတ်နိုင်သည့် သားရဲများမှာ အားနည်းသည့် အကောင်များသာ ဖြစ်၏။ ထို့ကြောင့် အဖွဲ့၏ စစ်ဆေးမှုများက သေနတ်များအကြောင်း မပါရှိခြင်း ဖြစ်သည်။
တိယွမ်ဂြိုဟ်သည် လူသားများ ပြောင်းရွေ့နေထိုင်လိုသည့် နေရာတစ်ခု ဖြစ်ပေသည်။ လူသားများက နျူးကလီးယား လက်နက်များကို ထုတ်သုံးမည် မဟုတ်ပေ။ အကယ်၍ နျူးကလီးယား လက်နက်များကို ခဏတိုင်း ထုတ်သုံးပါက တိယွမ်ဂြိုဟ်မှာ နေထိုင်၍ မရနိုင်တော့ပေ။
ထို့အပြင် တိယွမ်ဂြိုဟ်၌ နောက်ထပ် လျို့ဝှက်ချက် တစ်ခု ရှိနေသေး၏။ သားရဲများ၏ အသားနှင့် ကလီစာများတွင် စွမ်းအားတမျိုး ပါရှိကာ ထိုအသားများကို စားသုံးကြသော လူသားများအနေနှင့် အင်အား တိုးလာရုံသာမက ရုပ်ပိုင်းဆိုင်ရာ ခံနိုင်ရည်အားလည်း မြင့်တက်လာသည်။ သို့သော် အေးခဲလက်နက်ဖြင့် သတ်ထားသော သားရဲများတွင် ဖြစ်၏။ အကယ်၍ သားရဲများကို အပူလက်နက်များနှင့် သတ်ဖြတ်ထားပါက အသားအရည်အသွေး ပြောင်းလဲသွားပေမည်။ သက်ရောက်မှုတချို့ ရှိနေသေးသော်လည်း သက်ရောက်မှုမှာ အေးခဲလက်နက်များနှင့် သတ်ထားသော သားရဲများ၏ ဆယ်ပုံတစ်ပုံပင် ရှိမည် မဟုတ်ပေ။
သားရဲများကြောင့် လူများစွာ အသတ်ခံနေရပြီး လူသားများမှာ ချောင်ပိတ်ခံနေရသည်။ ချမ်းသာကြွယ်ဝသော လူများကလည်း သူတို့၏ ဆုံးဖြတ်ချက်ကို နောင်တရလာကြ၏။ အဖွဲ့အစည်းက တင်းကျပ်စွာ ချုပ်ထိန်းထားသည့်အတွက် ကမ္ဘာမြေသို့ ဘာကောလဟာလမှ ရောက်ရှိမလာခြင်း ဖြစ်ပေသည်။
ကာဆာနိုက ထိုစကားများကို ပြောပြီးနောက်တွင် အစည်းအဝေးခန်းမမှာ တိတ်ဆိတ်သွားလေ၏။ အဖွဲ့အစည်းက သတင်းကို ချုပ်ထိန်းထားဖို့ ကြိုးစားသော်လည်း ဤနေရာရှိ လူအများစုက တိယွမ်ဂြိုဟ်ပေါ်က အခြေအနေကို မှန်းဆနိုင်ကြ၏။ ဝုဖ်က သက်ပြင်းချကာ ဘာမှဆက်မပြောတော့ပေ။ သူ့အသိမှာ တခြားလူများထက် အနည်းငယ် ပိုသာပေ၏။
ထိုစဉ် လူတစ်ယောက်က ကာဆာနိုဘေး ရောက်လာကာ တီးတိုးပြောလိုက်လေ၏ “ အရေးကြီးဖုန်းပါ”
“မြန်မြန် ” ကာဆာနိုက ဖုန်းကို မြန်မြန် လက်ခံလိုက်သည်။ သူ့နှလုံးခုန်နှုန်းပင် အတော်မြန်ဆန်နေမိသည်။ သူက တိယွမ်ဂြိုဟ်ပေါ်ရှိ ကာကွယ်ရေးအကြောင်း တွေးနေမိခြင်း ဖြစ်သည်။
သူတို့က တိယွမ်ဂြိုဟ်ကို ရှာတွေ့ဖို့ရာ အခက်အခဲများစွာ ကျော်ဖြတ်ရသည်။ ကမ္ဘာမြေ၏ ပါရမီရှိသော သိပ္ပံပညာရှင်တစ်ဝက်လောက်နီးပါးက တိယွမ်ဂြိုဟ်ပေါ်တွင် ဖြစ်၏။ တိယွမ်ဂြိုဟ်ပေါ်တွင် အားကောင်းသည့် သားရဲများစွာ ရှိနေသည့်အတွက် သူတို့က ကာကွယ်ရေးလိုင်း တည်ဆောက်ဖို့ရာ အရင်းအမြစ်များစွာ လိုအပ်ပေသည်။ အကယ်၍ ထိုကာကွယ်ရေးလိုင်းသာ သားရဲများကြောင့် ပျက်စီးသွားလျှင် တိယွမ်ဂြိုဟ်ပေါ်ရှိ လူများမှာ မျှော်လင့်ချက် ကုန်ဆုံးသွားပေလိမ့်မည်။
ဖုန်း ချိတ်ဆက်မိသွား၏။ ကာဆာနိုက တိယွမ်ဂြိုဟ်နှင့် ပတ်သတ်သည့် အကြောင်းအရာ မဟုတ်ကြောင်း ကြားလိုက်ရသည့်အခါ အနည်းငယ် စိတ်အေးသွားသည်။ ထို့နောက် သူက ဒေါသထွက်လာ၏။ ဤသည်မှာ အရေးပေါ် အစည်းအဝေး ဖြစ်လေရာ မည်သို့များ ဖုန်း ဝင်လာရသနည်း။
ကာဆာနိုက ဒေါသကို မဖော်ပြနိုင်လိုက်ခင် စိတ်လှုပ်ရှားစွာ ပြန်မေးလိုက်လေ၏ “ မင်းပြောတာ ကြယ်သုံးလုံး စာမေးပွဲကို နှစ်နာရီအတွင်း အောင်သွားတဲ့ ဖြေဆိုသူကို တွေ့ထားတယ်ပေါ့။ သူက စစ်ဆေးမှုအကုန်လုံးမှာ အမှတ်ပြည့်ရထားသေးတယ်လား …. ကောင်းပြီ အဲဒီလူကို ချက်ချင်း ရှာလိုက်။ ငါလည်း ချီရှုမြို့ဆီ ချက်ချင်း လာခဲ့မယ် ”
ကာဆာနိုက ဖုန်းကို ချလိုက်ပြီးနောက် စိတ်လှုပ်ရှားမိနေဆဲ ဖြစ်သည်။ တိယွမ်ဂြိုဟ်၏ အဓိက ထောက်တိုင်မှာ ပါရမီရှင်များသာ ဖြစ်၏။ နံပါတ်တစ် ပါရမီရှင် ရှီလီက ပြောခဲ့ဖူးသည်။ တိယွမ်ဂြိုဟ်ပေါ်က သားရဲများကို နှိမ်နှင်းလိုလျှင် တစ်ခုတည်းသောနည်းလမ်းမှာ ပါရမီရှင်များများ ရှာဖို့ရာ ဖြစ်၏။ ဖြစ်နိုင်သည်က တကယ့်ထိပ်တန်း ပါရမီရှင်တစ်ယောက်က ဤနေရာရှိ သားရဲများကို ဟန့်တားကာ ဖိနှိပ်ထားနိင်လိမ့်မည်။
ထိုကြောင့် တရုတ်လူမျိုးက အဆင့်အတန်းမြင့်နေခြင်း ဖြစ်၏။ အကြောင်းမှာ ပါရမီရှင်အများစုမှာ တရုတ်မှ ဖြစ်ကြပြီး တစ်ချိန်တည်းဆိုသလို အဖွဲ့အစည်းကလည်း တိယွမ်ဂြိုဟ်ပေါ်သို့ လွှတ်ဖို့ရာ ပါရမီရှင်များကို ရွေးချယ်လိုနေသည့် အကြောင်းအရင်းမှာလည်း ပါရမီရှင်များကို ပြုစုပျိုးထောင်ပေးဖို့ ဖြစ်၏။
……………
“ ဘာ ….” တစ်ချိန်တည်းဆိုသလို ရှားယို့မှာ ရုတ်တရက် ထရပ်လိုက်သည်။ သူ့မျက်လုံးများက နီရဲနေပြီး သူ့ရှေ့ရှိ လူလတ်အရွယ် အမျိုးသားကြီးကို ကြည့်လိုက်၏။ သူက တစ်လုံးချင်းစီ ပြောလိုက်သည် “ ခင်ဗျား ပြောတာက တစ်ယောက်ယောက်က ကြယ်သုံးလုံး စာမေးပွဲကို အမှတ်ပြည့်နဲ့ အောင်သွားတယ်ပေါ့။ ပြီးတော့ အဲဒီလူက နှစ်နာရီအတွင်းမှာ ဖြေသွားခဲ့တယ်ပေါ့ ”
“ ဟုတ်ပါတယ် … ကျုပ်သိသလောက်ဆိုရင် အာကာသညွှန်ကြားရေး ပူးပေါင်းအဖွဲ့ ရဲ့ ကာဆာနိုလည်း ချီရှုမြို့ကို သွားနေပြီတဲ့ ”
ရှားယို့က လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်မိ၏။ သူက ပြောဖို့ရာ တုံဆိုင်းမနေတော့ပေ “ ရှားမျိုးနွယ်ရဲ့ အင်အားကို အကျိုးရှိရှိ အသုံးချပြီးတော့ ငါတို့တွေ အဲဒီလူကို တတ်နိုင်သမျှ မြန်မြန် တွေ့အောင် ရှာရမယ်။ ကာဆာနို မလုပ်ခင် ငါတို့တွေ အရင်လုယူပစ်ရမယ် ”
***