← Chapters

ဘယ်ကို သွားရမလဲ

Vol. 61 Ch. 842

ဘယ်ကို သွားရမလဲ

Vol. 61 Ch. 842

မိုဝူကျိက စိတ်သက်သာရာ သက်ပြင်းချလိုက်သည်။ လွန်ခဲ့သည့် တစ်လခန့်က သူသည် စိတ်ဝိညာဉ်သိုလှောင်ရေး လမ်းကြောင်းကို သေချာသုံးကာ အသိစိတ်ပင်လယ် ပြန်လည် ကောင်းမွန်လာစေမည့် သဘာဝကျီဆေးလုံးများကိုလည်း ဆက်တိုက် သောက်သုံးခဲ့သည်။

ထိုရိုက်ချက်ကြောင့် မိုဝူကျိ၏ အသိစိတ်ပင်လယ်အတွင်းမှ ခရမ်းရေကန်မှာ ဖွင့်ဟလာခဲ့၏။ ထိုစဉ် ခရမ်းရေကန်မှာ စွမ်းအား ကုန်ခမ်းသွားရုံသာမက အက်ကြောင်းဖြစ်သည့်အထိ ခြောက်ခမ်းနေခြင်း ဖြစ်ပေသည်။

သို့သော်လည်း မိုဝူကျိက မစိုးရိမ်ပေ။ အစပိုင်းတွင် အသစ်များက ခက်ခဲတတ်သော်လည်း အစပြုလိုက်သည်နှင့် ဖြည်းဖြည်းချင်း လွယ်ကူလာလိမ့်မည်။ အကယ်၍ သူက အသိစိတ်ပင်လယ်ကို ပြန်လည် ပြုပြင်ပြီးသည်နှင့် ခရမ်းရေကန်မှာ နောက်တစ်ဖန် ပြန်လည် ပြည့်လာပေမည်။

သူ့ခန့်မှန်းချက်မှာ ကွက်တိကျ၏။ သူ့အသိစိတ်ပင်လယ် စတင်ကောင်းမွန်လာသည်နှင့် ပြန်လည် ကောင်းမွန်လာနှုန်းမှာ အချိန်နှင့်အမျှ မြန်ဆန်လာသည်။ အဆုံးသတ်၌ သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းအပြင် ကြယ်တာရာပင်လယ် လျို့ဝှက်ပညာရပ်နှင့် သဘာဝကျီဆေးလုံးများမှာလည်း အာနိသင် ပြလာကြတော့သည်။

ရက်များစွာ ကုန်ဆုံးပြီးနောက် သူ့အသိစိတ်ပင်လယ်မှ နာကျင်မှုလည်း ရုတ်ချည်း ပျောက်ကွယ်သွားတော့သည်။ သူက ခေါင်းထဲတွင် အစေ့လေးမှ အပင်ပေါက်လာသည့်အလား ခံစားလိုက်ရပြီး အသစ်သစ်သော ခံစားချက်တို့ ဖုံးလွှမ်းသွားလေ၏။

မိုဝူကျိက စိတ်လှုပ်ရှားစွာ ထခုန်လိုက်မိသည်။ သူ့အသိစိတ်ပင်လယ်မှာ နယ်ပယ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီ ဖြစ်၏။

အသိစိတ်ပင်လယ်ထဲ  အဆင့်မြင့် ပညာရှင်တစ်ယောက်၏ ဝိညာဉ် အလွယ်တကူ ကျူးကျော်ခံလိုက်ရသည့် အကြောင်းအရင်းမှာ ကျင့်ကြံသူတစ်ဦး၏ စိတ်စွမ်းအားနှင့် တာအိုတို့ ပေါင်းစပ်သွားခြင်းမျိုးကဲ့သို့ ဖြစ်သည်။ သာမာန်အခြေအနေအောက်၌ အသိစိတ်ပင်လယ်မှာ ချိုးဖောက်ဖို့ရန် ခက်ခဲသော်လည်း တစ်ဖက်လူ၏ ကျင့်ကြံဆင်က မိမိထက် မြင့်မားနေသည့်အခါ လုံးဝ မတူညီကွဲပြားသော ဇာတ်ကြောင်း ဖြစ်သွားလေပြီ။

သို့သော် နယ်ပယ်တစ်ခု ဖြစ်တည်လာပြီးသည့်နောက်တွင် ကွဲပြားသွားပြီ ဖြစ်၏။ အသိစိတ်ပင်လယ်ထဲ ကျုးကျော်လာချင်သည့် လူက ထိုနယ်ပယ်ကို အရင်ဆုံး ကျော်ဖြတ်ရမည် ဖြစ်၏။ တစ်ဖက်က မည်မျှ အားကောင်းသည့် ကမ္ဘာဦး စိတ်ဝိညာဉ်တို့၊ ဝိညာဉ်တို့ ဖြစ်နေစေကာမူ သူတို့က စိတ်ဆန္ဒ တည်ရှိမှုတစ်ခုသာ ဖြစ်သည်။ တချို့ရှားပါးသော ဖြစ်ရပ်မှ လွဲ၍ နယ်ပယ်အများစုမှာ ကျူးကျော်ဖို့ရာ လုံးဝ မဖြစ်နိုင်ပေ။

ဆိုလိုသည်မှာ သူ့အသိစိတ်ပင်လယ်သာ အပြည့်အဝ ပေါင်းစပ်သွားသည်နှင့် သူ ကိုယ်တိုင် ဝင်ခွင့်မပြုသရွေ့  မည်သူကမှ သူ့အား ဝင်ပူးကပ်နိုင်မည် မဟုတ်တော့ပေ။

မိုဝူကျိက နဂိုအတိုင်း ဖြစ်နေသရွေ့ တခြားသူ၏ ကမ္ဘာဦး စိတ်ဝိညာဉ်အား သူ့အသိစိတ်ပင်လယ်အတွင်း ဝင်ခွင့် ပြုမည် မဟုတ်ပေ။

သူ့အသိစိတ်ပင်လယ်၏ နယ်ပယ် ပုံပေါ်လာသည်နှင့် သူ့အသိစိတ်ပင်လယ်မှာ ဖြည်းဖြည်းချင်း ပြန်လည် ကောင်းမွန်လာပြီး ခရမ်းစွမ်းအားများမှာလည်း ခရမ်းရေကန်အဖြစ် ပြန်ဖြစ်လာသည်။

သူ့အသိစိတ်ပင်လယ်အတွင်းမှ အရာအားလုံးမှာ ရှင်းလင်းလာလေ၏။ ယခင်ကတည်းက မိုဝူကျိ၏ အသိစိတ်ပင်လယ်မှာ အင်မော်တယ် ဧကရာဇ်ကိုပင် ကျော်လွန်နေသော်လည်း ယခုအခါ အဆများစွာ ပို၍ ကြီးမားလာကာ ပို၍ တောင့်တင်းကျစ်လစ်လာသည်။

မကြာခင် မိုဝူကျိ၏ အာရုံက သူ့အသိစိတ်ပင်လယ်ထောင့်တစ်နေရာတွင် ရှိနေသော အဆောင်စာရွက် အကြီးကြီးဆီ ရောက်ရှိသွားလေ၏။ ခွန်းဝူဓားက ဓားစွမ်းအင်လှိုင်းများဖြင့် ကာရံထားကာ ဖိနှိပ်ပေးထား၏။ ဤအဆောင်က မိုဝူကျိနှင့် အရမ်းရင်းနှီးနေသော အဆောင်မျိုးနွယ်၏ ပညာရှိတာအိုအဆောင် ဖြစ်ပေသည်။

ခွန်းဝူဓားက ပညာရှိတာအိုအဆောင်ကို အမှန်တကယ် ဖိနှိပ်ပေးထားသည်။ အဆောင်မှာ သူ့အသိစိတ်ပင်လယ်အတွင်း ရောက်နေပြီ ဖြစ်၍ ထွက်သွားဖို့ရာ မဖြစ်နိုင်တော့ချေ။

မိုဝူကျိက အစီအရင်အလံများကို ထုတ်လိုက်ပြီးနောက် ပညာရှိတာအိုအဆောင်အား သူ့ထာဝရ ကမ္ဘာအတွင်းသို့ ဆွဲခေါ်ပြီး ပိတ်လှောင်ထားလိုက်သည်။ ထာဝရ ကမ္ဘာအတွင်း၌ ပညာရှိတာအိုအဆောင်က မည်မျှ အံ့ဩဖို့ ကောင်းနေစေကာမူ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ ထာဝရကမ္ဘာမှာ သူ့ပိုင်နက် ဖြစ်ပြီး သူ အားသွားသည်နှင့် ပညာရှိတာအိုအဆောင်မှာ သူ့၏ မွမ်းမံခြင်းကို သေချာပေါက် ခံရပေမည်။

ဖူရှုဟန်နှင့် အပေးအယူ လုပ်ပြီး ပညာရှိတာအိုအဆောင်ကို ရရှိခဲ့ခြင်း ဖြစ်ကာ သူ့အသက်ကို စတေးခဲ့ရသေးသည်။ အဆောင်မျိုးနွယ်က ပြန်၍ တောင်းဆိုလျှင်ပင် သူ့အနေနှင့် ပြန်ပေးမည် မဟုတ်ပေ။

ပညာရှိတာအိုအဆောင်ကို ထာဝရကမ္ဘာထဲ ဖိနှိပ်ပြီးသည်နှင့် ခွန်းဝူဓားက အသံတစ်သံ ထုတ်လွှင့်ပြီးနောက် မိုဝူကျိ၏ လက်အတွင်း ကျရောက်လာသည်။

“ ကျေးဇူး …. ဒီတစ်ခါ မင်း ငါ့ကို အကြီးကြီး ကူညီပေးလိုက်တာပဲ … ငါ့အသိစိတ်ပင်လယ် ပျက်စီးသွားတာ မင်းကြောင့် မဟုတ်ပါဘူး။ ငါ့အင်အား မကြီးလို့ ဖြစ်ရတာ ….” မိုဝူကျိက ခွန်းဝူဓားကို ကျေးဇူးတင်နေမိသည်။

သူက ထိုဓားတွင် ပစ္စည်း စိတ်ဝိညာဉ် မရှိမှန်း သိသော်လည်း အသိစိတ်တော့ ရှိနေပေလိမ့်မည်။ သူက ခွန်းဝူဓား၏ ပထမအလွှာကိုသာ မွမ်းမံသေးရသော်လည်း ခွန်းဝူဓားက သူ့အား များစွာ ကူညီပေးခဲ့သောကြောင့် သူ့နောက်လိုက်ရန် စိတ်ဆုံးဖြတ်လိုက်ဟန် ပေါ်၏။

မူလက မိုဝူကျိသည် ဓားတာအိုကို မကျင့်ကြံသောကြောင့် ခွန်းဝူဓားအား တခြားသူဆီ ပေးပစ်ရန် ရည်ရွယ်ထားမိသည်။ သို့သော် ယခုတွင် ထိုအတွေးအား ဖယ်ရှားလိုက်တော့သည်။

ခွန်းဝူဓားကို သိမ်းဆည်းပြီးနောက် မိုဝူကျိက သူ့အသိစိတ်ပင်လယ်အနေနှင့် နယ်ပယ်ဖြစ်တည်လာသည့် အကြောင်းအရင်းအား ရှာဖွေဖို့ စတင်လေ့လာကြည့်လိုက်သည်။ ထိုစဉ် သူက နောက်ကွယ်မှ အကြောင်းအရင်းကို နားလည်သွားတော့သည်။

သူ့ကမ္ဘာလမ်းကြောင်းနှင့် ဆက်နွယ်မှု ရှိနေခြင်း ဖြစ်၏။ သူ့ကမ္ဘာလမ်းကြောင်းက သူ့ထာဝရကမ္ဘာအဖြစ် ပေါင်းစပ်သွားပြီးနောက် သူ့ချီသွေးကြော ၁၀၈ ခုလုံးနှင့် အသေးစား လှည့်ပတ်မှု ဆက်လက် လှည့်ပတ်နေဆဲ ဖြစ်သော်လည်း အဓိကလုပ်ဆောင်ချက်မှာ ထာဝရကမ္ဘာအား တည်ငြိမ်ဖို့နှင့် ကြီးထွားဖို့ ဖြစ်သည်။

လေ့လာနေစဉ်အတွင်း ကမ္ဘာလမ်းကြောင်းကို သူ့အသိစိတ်ပင်လယ်ထဲမှ တာအိုအငွေ့အသက်၏ တစ်စိတ်တပိုင်းအဖြစ် ပေါင်းစပ်ထားကြောင်း သိလိုက်ရသည်။ သူ့အသိစိတ်ပင်လယ် ပျက်စီးပြီးနောက်တွင် ကမ္ဘာလမ်းကြောင်းက ကာကွယ်ရေး စွမ်းရည် နှိုးထလာကာ သူ့အသိစိတ်ပင်လယ်အတွက် နယ်ပယ်တစ်ခု ဖြစ်တည်စေလိုက်ခြင်း ဖြစ်၏။

ထင်ထားသည့်အတိုင်း ပျက်စီးခြင်းမရှိဘဲ တည်ဆောက်ခြင်း မရှိပေ။ အကယ်၍ သူသာ အသိစိတ်ပင်လယ်အား ခွန်းဝူဓားဖြင့် နှစ်ပိုင်း မပိုင်းဖြတ်ခဲ့လျှင် ကမ္ဘာလမ်းကြောင်းက နယ်ပယ် ဖြစ်လာစေဖို့ ကူညီပေးမည် မဟုတ်ပေ။

မိုဝူကျိက သူ့ကျင့်ကြံဆင့်မှာ လုံလုံလောက်လောက်မြင့်မားပြီး တာအိုအသိအမြင်များမှာ နက်ရှိုင်းလာလျှင်လည်း  ဤသို့ ဖြစ်လာမည်မှန်း သိထားသည်။ သို့သော် ယခုဖြစ်လာခြင်းမှာ မတူညီသော အဓိပ္ပါယ်မျိုး ဖြစ်၏။

ယခု သူက ကျင့်ကြံဆင့် နိမ့်နေသေးဆဲ ဖြစ်ကာ ဤသို့ကိစ္စ ဖြစ်လာခြင်းမှာ သူ့အတွက် နှင်းကျနေသည့်ရက်၌ မီးသွေးပို့ပေးလိုက်သလို ဖြစ်သွားလေ၏။ နောင် သူ့ကျင့်ကြံဆင့် တိုးတက်လာသည့်အခါ ကိတ်ပေါ်မှ အချိုသကာရည်မျှသာ ဖြစ်နေပေလိမ့်မည်။

ထိုစဉ် သူ့တံခါးပိတ် မကျင့်ကြံနေလျှင်ပင် ကြယ်တာရာပင်လယ် လျို့ဝှက်ပညာရပ်၊ စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းနှင့် ကမ္ဘာလမ်းကြောင်းတို့က သူ့အသိစိတ်ပင်လယ်အား ပြန်လည် ပြုပြင်ပေးနေကြ၏။

နောက်ဆုံးတွင် ဝမ်ရှောင်ချီ၏ မိသားစုကို ရှာရန် အချိန်ကျရောက်လာလေပြီ။ သူတို့ကို တွေ့သည်နှင့် နောက်ထပ် လုပ်ဆောင်ရမည့်အရာမှာ ရှားရိုယင်ကို ရှာဖို့ ရှားမိသားစုဆီ သွားမည် ဖြစ်၏။ အကယ်၍ ရှားရိုယင်က သေဆုံးသွားလျှင် သူ့အပိုင်ဖြစ်သည့်အရာများအား ပြန်ယူရဦးမည် ဖြစ်သည်။ နောက်ဆုံး သူ ထွက်သွားဖို့ အချိန်ကျလာသည့်အခါ ကမ္ဘာမြေ၏ ပတ်ဝန်းကျင် အနေအထားကို ပြင်ဆင်ပေးခဲ့ပြီး အဆင့် ၉ ကာကွယ်ရေး အစီအရင်အား ခင်းကျင်းပေးခဲ့မည်။

တိယွမ်ဂြိုဟ်အတွက် သူက လုံးလုံး စိတ်မဝင်စားပေ။

………..…

ချန်လောင်မြို့သည် မိုဝူကျိ၏ ဇာတိဖြစ်သလို ဝမ်ရှောင်ချီနှင့် ရင်းနှီးကျွမ်းဝင်ခဲ့သည့် နေရာလည်း ဖြစ်ပေသည်။

သို့သော်လည်း မိုမိသားစုဆီ သွားလည်ပတ်ဖို့ ကိစ္စကား စိတ်ထဲပင် မတွေးမိပေ။ သူတို့ကို ချန်ရစ်ထားစဉ်ကတည်းက ဘာခံစားချက်မှ မရှိတော့ပေ။ မိုမိသားစုသည် ပင်လယ်ထွက်ခြင်းဖြင့် ချမ်းသာကြွယ်ဝသော အတော်အတန် ကောင်းသည့် မျိုးနွယ်စု တစ်ခုအဖြစ် ယူဆ၍ ရပေသည်။ ထိုလုပ်ငန်းစဉ်များ၌ အဓိက ပါဝင်ခဲ့သူမှာ မိုမိသားစု၏  မိသားစုဝင် မိုဖန်း ဖြစ်ပြီး သူက  ပင်လယ်မှ ၁၁၀ မီလီယံ တန်သော ရတနာ တွေ့ခဲ့သည်ဟု ကောလဟာလ ထွက်ခဲ့ဖူးသည်။

သို့သော် မိုဖန်း လိုမျိုး ကိစ္စအကြီးကြီး စွမ်းဆောင်ခဲ့သော လူမျိုးက ကုမ္ပဏီမှ လစာကိုသာ ယူနေသည့် သာမာန်ဘဝတွင် နေထိုင်လေ၏။ ထို့အပြင် သူက သာမာန်ရုပ်ရည်သာ ရှိပြီး သိုသိုသိပ်သိပ် နေတတ်သူ ဖြစ်၍ ဇနီးမယားပင် မရှိခဲ့ပေ။ ထိုအခါက မိုဖန်းက မိုဝူကျိကို မွေးစား၍ တစ်ယောက်နှင့်တစ်ယောက် အပြန်ပြန်အလှန်လှန် မှီခိုခဲ့ကြသည်။

နောက်ဆုံးတွင် ပင်လယ်ခရီးစဉ်တစ်ခုအတွင်း မိုဖန်းက လုံးဝ ပြန်မရောက်လာတော့ပေ။ ဆိုလိုသည်မှာ မည်သူကမှ မိုဝူကျိအား ဂရုမစိုက်ကြတော့ပေ။ ထိုအခါက သူ့အသက် ၁၁ နှစ်သာ ရှိသေးပေ၏။

မိုဝူကျိက ငယ်ငယ်ရွယ်ရွယ်ဖြင့် ရင့်ကျက်လာသောကြောင့် ၁၁ နှစ်သာ ဖြစ်သော်လည်း မိမိဘာသာ နေထိုင်နိုင်ခဲ့သည်။ မိုဖန်း ချန်ရစ်ထားခဲ့သော အမွေအနှစ်များက သူ့တက္ကသိုလ် စရိတ်များအထိ ဖူလုံပေသည်။

မိုဝူကျိက ဘွဲ့ရပြီးသည့်နောက်တွင် မိုဖန်း ပျောက်ကွယ်သွားခဲ့သည့် ပင်လယ်နယ်ပယ် အနီးအနားသို့ သွားရောက်ရှာဖွေခဲ့သော်လည်း ဘာသတင်းမှ မကြားရပေ။

စုံစမ်းစစ်ဆေးမှုအရ မိုဝူကျိသည် မိုမိသားစုက မိုဖန်းအား ခိုင်းဖက်အဖြစ် ဆက်ဆံကြကြောင်း သိလိုက်ရသည်။ အကြောင်းမှာ မိုဖန်းသည် မိုမိသားစု အခွဲလေးမှ ဖြစ်နေ၍ ဖြစ်နေ၏။ ထို့အပြင် မိုဖန်းသည် အနည်းငယ် ရိုးသားကာ ရှေးကျသူ တစ်ဦး ဖြစ်နေသေး၏။ အကယ်၍ တခြားသူဖြစ်နေပါက ထိုသန်းတစ်ရာကျော် ရတနာ  တွေ့လာပြီးနောက်တွင် အနည်းဆုံး တစ်သန်းလောက်တော့ ဝေစုရအောင် ယူကြမည် ဖြစ်သော်လည်း မိုဖန်းက ဆုလာဘ်အနေနှင့် ဒေါ်လာ ထောင်ဂဏန်းမျှသာ လက်ခံခဲ့သည်။

တစ်ဖက်တွင် ဝမ်ရှောင်ချီက မိုဝူကျိ တစ်ယောက် ချန်လောင် အလယ်တန်းကျောင်း  တက်ရောက်စဉ်က  အတန်းဖော် ဖြစ်၏။

………….…

ဆယ်စုနှစ်များ ကုန်လွန်လာခဲ့သော်လည်း ချန်လောင် အလယ်တန်းကျောင်းမှာ ရှိနေဆဲ ဖြစ်ကာ ယခင်ကထက် များစွာ အိုဟောင်းပျက်စီးသွားစန် ပေါ်၏။ တစ်ခုတည်းသော လိုအပ်နေသည့်အရာမှာ ကျောင်းဝန်းအတွင်းမှ ရင်းနှီးကျွမ်းဝင်နေသော ပုံရိပ်လေး ဖြစ်ပေသည်။

မိုဝူကျိက ချန်လောင် အလယ်တန်းကျောင်း၏ ဂိတ်ပေါက်ကို ကြည့်နေရင်း ကျောင်းဝတ်စုံ ဝတ်ဆင်ထားသည့် ကျောင်းသားများက ထွက်လာကြသည်ကို မြင်လိုက်ရသည့်အခါ မပြောပြတတ်သည့် ခံစားချက်တစ်ခု ဖြတ်ပြေးသွားလေ၏။

သူသည်လည်း တစ်ခါက ဝမ်ရှောင်ချီနှင့် အတူတူ ရှိခဲ့သည်။ နေ့တိုင်းဆိုသလို သူတို့က ကျောင်းဆင်းပြီးနောက်တွင် အိမ်အတူတူ ပြန်ကြပြီး ကျောင်းမလာခင်လည်း တစ်နေရာတည်း၌ ဆုံကြလေ့ ရှိသည်။ သူတို့နှစ်ယောက်လုံးက ကျင်းနန်တက္ကသိုလ်သို့ ဝင်ခွင့် ရခဲ့ကြသည်။ ထိုကျင်းနန်တက္ကသိုလ်က ယနေ့မျက်မှောက် ကျင်းယန်ကြယ်တာရာကျောင်း ဖြစ်၏။ ကျင်းယန်ကြယ်တာရာကျောင်း၌ ဝမ်ရှောင်ချီနေရာ၌ ရှားရိုယင်က လွှမ်းမိုးသွားခဲ့သည်။

သူက ဝမ်ရှောင်ချီနဲ့ အတူတူ ရှိနေဖို့ ဘာလို့ မရွေးချယ်ခဲ့ရတာလဲ …..

သူက ဘာလို့များ ရှားရိုယင်ကို ရွေးချယ်မိခဲ့တာလဲ ….

မိုဝူကျိက ဝတ္ထုတစ်ပိုဒ်မှ ယွဲ့လင်ရှန်း ဆိုသော အမည်ရှိ အမျိုးသမီးတစ်ဦးအကြောင်း တွေးမိသွားသည်။ သူမသည်လည်း စီနီယာအစ်ကိုနှင့် အတူတူ ရှိနေဖို့ မရွေးချယ်ခဲ့ဘဲ သူမကို သတ်မည့်သူကို ရွေးချယ်ခဲ့ပေသည်။

တစ်ယောက်နဲ့တစ်ယောက် အရမ်းသိနေရင် ချစ်ခြင်းတရားတွေက မဖြစ်နိုင်တော့ဘူးလား …..

မိုဝူကျိ၏ မျက်ဝန်းမှာ နီရဲလာလေ၏။ ဤသည်က တကယ့်အကြောင်းအရင်း မဟုတ်ကြောင်း သိထားသည်။ သူက နောက်ထပ် လူတစ်ယောက်ကို မည်သို့ချစ်ရမည်ကို မသိရုံသာဖြစ်၏။ ပို၍ အရေးကြီးသည့်အချက်မှာ သူက ရှားရိုယင်နှင့် တစ်ခါအိပ်ခဲ့ဖူး၏။

အကယ်၍ လွန်ခဲ့သည့် ဆယ်စုနှစ်ခန့်မှ မိုဝူကျိ ဆိုလျှင် သူ အမူးလွန်၍ ရှားရိုယင်ကို အတင်းကျပ် လုပ်ခဲ့ကြောင်း တွေးမိပေလိမ့်မည်။

သို့သော် မိုဝူကျိက ဤသို့မဟုတ်ကြောင်း အခုသိသွားလေပြီ။ ငယ်စဉ်ကတည်းက အမှီအခိုကင်းကာ ရင့်ကျက်လာရသည့်အတွက် ဝမ်ရှောင်ချီနှင့် နှစ်များစွာ ရင်းနှီးခဲ့သော်လည်း စည်းကျော်သည့် အပြုအမူမျိုး တစ်ခါမှ မလုပ်ဖူးပေ။ တက္ကသိုလ် နှစ်ဝက်တာ ကာလလေးအတွင်း သူက ရှားရိုယင်နှင့် အိပ်ရန် မည်သို့များ တွေးမိမည်နည်း။

အကြောင်းအရင်းက မည်သို့ဖြစ်နေစေကာမူ သူမနှင့် အိပ်ခဲ့သည့်ဆိုသော အချက်မှာ ကျန်ရှိနေ၍ သူမကို မစွန့်ပစ်နိုင်ခြင်း ဖြစ်၏။ ထို့ကြောင့် ထိုစဉ်ကတည်းမှ သူက ဝမ်ရှောင်ချီနှင့် အလှမ်းကွာသွားခြင်း ဖြစ်၏။

သူက ဝမ်ရှောင်ချီနှင့် တမင်စည်းခြားနေခဲ့သော်လည်း သူမက ဘာမှအတွန့်မတက်ခဲ့ဘဲ သူ့အဆောင်သို့ လာကာ အခန်းကို သန့်ရှင်းရေး လုပ်ပေးရင်း လိုအပ်သည်များကို လာရောက်ကူညီလေ့ ရှိစမြဲ ဖြစ်သည်။ သူမက တစ်ခုခု ပြဿနာ တွေ့သည်နှင့် သူ့အား တိတ်တဆိတ် ကူညီပေးတတ်သည်။

ထိုရက်များက မိုဝူကျိသည် ဌက်ကုလားအုတ်အလား မျက်စိပိတ်နားပိတ် ဖြစ်နေခဲ့ပြီး အဖြစ်အပျက်များကို မသိသကဲ့သို့ နေခဲ့သည်။ သူ့အင်အားအကုန်လုံးကို ဆေးရည် လေ့လာရေး၌သာ နှစ်မြှပ်ထားခဲ့၏။

ယခု သူက ရှားရိုယင်သည် သူ့ဗဟုသုတများနှင့် ဆေးပညာအရည်အချင်းကြောင့် လိုက်ခဲ့မှန်း သတိပြုမိလိုက်သည်။

အကယ်၍ သူသာ အထက်တန်းကျောင်း၌ ဆေးစာစောင်များကို မတင်ပြခဲ့လျှင် ….  သူသာ အသက်ဓာတ်ကို ဆွဲဆန့်နိုင်သည့် ဆေးရည်မျိုး မဖန်တီးခဲ့လျှင် …..  သူသာ ကမ္ဘာပေါ်ရှိ အကြီးမားဆုံး ဆေးသုတေသန လေ့လာရေးအဖွဲ့၏ ဖိတ်ကြားချက်ကိုသာ လက်ခံမရရှိခဲ့လျှင် …..

ထိုအရာများမပါရှိဘဲ ရှားရိုယင်သည် သူ့ကို မည်သို့ သိနိုင်မည်နည်း။ ရှားရိုယင်သည် သူ့အား အိပ်ဖို့ရာ လှည့်စားရန် အဘယ်ကြောင့် ဆေးခပ်ခတ်ခဲ့မည်နည်း။ ရှားရိုယင်က ထိုအရာအားလုံး လုပ်ရဲခဲ့သည်မှာ သူ့အကျင့်စရိုက်အကြောင်း ကောင်းကေင်း သိထား၍ ဖြစ်သည်။ သူသာ သူမနှင့် အိပ်မိလိုက်သည်နှင့် သူ့အနေနှင့် တာဝန်မယူဘဲ ပစ်ထားမည် မဟုတ်ကြောင်း သေချာသိနေ၍ ဖြစ်သည်။

အကြံပက်စက်လိုက်တဲ့ မိန်းမ ….

မိုဝူကျိက အသက်ပြင်းပြင်းရှုထုတ်မိလိုက်သည်။

“ ရှင့်မျိုးရိုးက မိုလား ” အနည်းငယ် ခပ်အက်အက် အသံတစ်သံက မိုဝူကျိဘေးမှ ထွက်ပေါ်လာသည်။ သူ ခေါင်းကို မော့ကြည့်လိုက်သည့်အခါ အသက် ၃၀ မကျော်သေးသည့် မိန်းမပျို တစ်ယောက်ကို မြင်လိုက်ရသည်။

ထိုအရာက မိုဝူကျိအား အံ့ဩသွားစေ၏။ ထိုအမျိုးသမီးက သူနှင့် အတော်‌လေး ဆင်တူနေသည်။ ထို့အပြင် သူတို့က သွေးချင်း ဆက်နွယ်နေသည်ဟု ခံစားနေမိသည်။

***

All Chapters