← Chapters

ချောင်ဇီဟောက် မိမိုက်သလို ဟန်ဆောင်ခြင်း 

Vol. 6 Ch. 88

ချောင်ဇီဟောက် မိမိုက်သလို ဟန်ဆောင်ခြင်း 

Vol. 6 Ch. 88

"ဟီးဟီး အဆင်ပြေပါတယ်...သူက ကျင်းရှန်နဲ့ အသိတွေဆိုမှတော့ ကျွန်တော်တို့နဲ့ အတူစားလည်း ဘာမှ မဖြစ်ပါဘူး..."

ချောင်ဇီဟောက် အပြုံးလေးဖြင့် ပြောလိုက်လေသည်။

"ချောင်လေးကတောင် ဒီလိုပြောနေမှတော့ သူ့ကို ခေါ်လာခဲ့လိုက်ပေါ့..."ကူကျင်းရှန်၏ ဖခင်မှ ပြောလိုက်လေသည်။

ကူကျင်းဝူ ဘေးနားတိုး၍ တီးတိုးပြောလိုက်ပြီး "ယောက်ဖကြီးကလည်း ဘာလို့သူ့ကို ခေါ်လိုက်တာလဲ..အဲ့အပျော်လင် ရုပ်နဲ့ကောင်က သေချာပေါက် ယောက်ဖကြီးနဲ့ အစ်မတို့ ဆက်ဆံရေးကို ၀င်ရှုပ်ဖို့နေမှာ..."(ယောက်ဖကြက်ဥတိုက်မယ့်ကောင်)

"အဆင်ပြေပါတယ်..အဲ့ကောင်လောက်ကတော့ ငါက ခေါင်းထဲကို မထည့်တာ..."

ချောင်ဇီဟောက် ပြောလိုက်လေသည်။

"ပုံရိပ်နဲ့ အဆင့်အတန်းအရဆိုရင် သူက ငါနဲ့ မိုင်တွေအများကြီး ဝေးနေတုန်းပဲ သူကငါ့ကို ဘယ်လိုလုပ် နှိုင်းယှဉ်နိုင်မှာလဲတဲ့..."

ချောင်ဇီဟောက် ကူကျင်းဝူ၏ ပခုံးကို လေးနက်စွာ ပုတ်လိုက်ပြီး "ပြီးတော့ မင်းလည်း ဒီမှာ ရှိနေမှတော့ ငါက ဘာကို စိုးရိမ်နေရမှာ..."

"ယောက်ဖကြီးက အတော်ဆုံးပဲ..."ကူကျင်းဝူ လေးစားမှု အပြည့်ဖြင့် ပြောလိုက်ပြီး "ကျုပ်အထင်တော့ အဲ့ကောင်က ဒီတိုင်း အပျော်လင်ပဲ နေမှာပါဗျာ..ရွှေယောက်ဖကြီးကို မှီဖို့ တောင် မိုင်တွေ အများကြီး လိုသေးတယ်...."

အကယ်၍ ကူကျင်းဝူသာ ပိတ်ကန်၍ ရပါက လင်းရီကို တစ်ချက်ထဲနှင့် ပိတ်ကန်ပစ်ချင်နေသည်။

မင်းလားကွ ငါ့အစ်မကို ရချင်နေတာ...... မင်းလားကွ ဟု မေးမေးပြီး ကန်ပစ်ချင်နေ၏။

"လင်းရီ သွားစို့လေ နောက်တောင်ကျနေပြီ..နင်လည်း ဗိုက်ဆာနေရောပေါ့...."ကူကျင်းရှန် လင်းရီ လက်မောင်ကို ကိုင်လိုက်ပြီး လုံး၀ ရင်းနှီးနေသည့် စုံတွဲကဲ့သို့ ပြုမူနေလိုက်သည်။

လင်းရီကတော့ စိတ်ထဲတွင် အတော်လေး အံ့ဩမိသွား၏။

ကျင်းရှန်က အရင်ဆို ဘယ်တော့မှ ဒီလို မလုပ်ဖူးပါဘူးဟ...ကြည့်ရတာတော့ ဟိုကောင် ချောင်ဘာဆိုလား..အဲ့ကောင်ကို ကြည့်မရလို့နေမှာ...

ချောင်ဇီဟောက်ကတော့ ဒေါသအလိပ်လိပ် ထွက်နေသော်လည်း ရင်ထဲ၌သာ သိမ်းဆည်းထား၏။

ကူမိသားစု တစ်ခုလုံးက သူ့ဘက်မှာ ရှိနေပြီလေ...ပြီးတော့ သူ့ရဲ့ ပုံရိပ် သူ့ရဲ့ အဆင့်အတန်းကလည်း လင်းရီ ထက် အများကြီး သာတယ်..အဲ့ငနဲက ဘော်ဒီလေး လှတာကလွဲရင် သူ့ထက်သာတာ ဘာရှိလို့လဲ

လင်းရီနှင့် ကူမသားစုတို့ စားသောက်ဆိုင် အ၀င်၀သို့ ရောက်ရှိလာချိန်တွင်တော့ လူမှာ အတော်လေး ပြည့်ကျပ်နေသောကြောင့် ထိုင်ခုံလွတ်ရှာရန် ခက်ခဲနေပြီ ဖြစ်၏။

တစ်ချိန်တည်းတွင် ချင်းဟန်နှင့် ကျန်သူများ လင်းရီ တံခါး၀၌ ရပ်နေသည်ကို မြင်လိုက်ရသည်။

"ကြည့်လိုက်ဦး သခင်လေးချင်း...သခင်လေးလင်းက ဟိုမှာ ရောက်နေပြီ...." လီနာ‌ ပြောလိုက်၏။

"ဘယ်မှာလဲ..."

"သူက တံခါးနားမှာလေ..ဒါပေမယ့် သူနဲ့အတူ လူတွေအများကြီး ပါလာသလားလို့ .."

လီနာ ညွှန်ပြသည့် နေရာသို့ ကြည့်လိုက်သောအခါ လင်းရီမှာ တံခါး၀နား၌ ရပ်နေသည်ကို တွေ့လိုက်ရ၏။

"အဲ့ကောင် ငါတို့ဆိုင်ကို အားပေးဖို့ လူတွေအများကြီး ခေါ်လာတော့လည်း ပိုကောင်းတာပေါ့ဟ..."ချင်းဟန် မေးစေ့‌ပွတ်လိုက်ပြီး "ဒါပေမယ့် အလယ်က မိန်းကလေးကတော့ အတော်လေး လန်းတယ် ဆိုရမယ်..."

"ဟီးဟီး အဲ့မိန်းကလေးရဲ့ ၀တ်ပုံစားပုံကို ကြည့်မယ်ဆိုရင် သေချာပေါက် မိကောင်းဖခင် သမီးလေးနေမှာ..ဟီးဟီး သခင်လေးလင်းက အဲ့လို ပုံစံမျိုးကို သဘောကျတာလား မသိဘူးနော်..."

လီနာ အပြုံးလေးဖြင့် ပြောလိုက်လေသည်။

"အဲ့ကောင် မင်းတို့ ညီအစ်မ နှစ်ယောက်ကို စိတ်မ၀င်စားတာ မထူးဆန်းတော့ဘူး...မင်းတို့က သူကြိုက်တဲ့ ပုံစံတွေမှ မဟုတ်တာ...."

ချင်းဟန် အပြုံးလေးဖြင့် ပြောလိုက်၏။

"အဲ့တာဆိုလည်း ကျွန်မ သခင်လေးလင်းကြိုက်တဲ့ ပုံစံဖြစ်အောင် ပြောင်းလိုက်မယ်လေ...."

"တစ်ယောက်လောက် ဒီလာခဲ့စမ်း...."

ချင်းဟန် ခေါ်လိုက်သောခါ ယူနီဖောင်း၀တ်ဆင်ထားသည့် စားပွဲထိုးတစ်ယောက် ရောက်လာခဲ့၏။

"သခင်လေးချင်း..."

"တံခါး၀နားက လူတွေကို မြင်‌လား..အဲ့တာက ငါ့ဘော်ဒါတွေ သူတို့ကို ကောင်းကောင်းလေး ဧည့်ခံပြီးတော့ ကုန်ကျသမျှကို ငါ့စာရင်းထဲ ထည့်ထားလိုက် ..."

"ဟုတ်ကဲ့ နားလည်ပါပြီဗျ...ကျွန်တော်သူတို့ကို ကောင်းကောင်း ဧည့်ခံလိုက်ပါ့မယ်..."

ချင်းဟန် အစကတော့ သူကိုယ်တိုင် လင်းရီကို ကိုယ်တိုင်ကိုယ်ကျ ထွက်ကြိုဆိုရန် စီစဉ်ထားသော်လည်း လင်းရီမှ သူငယ်ချင်းမလေးနှင့် လာသည်ကို မြင်တော့ လက်လျော့လိုက်တော့သည်။

သူတို့ နောက်မှ တို့စ်လုပ်လည်း ရတာပဲ မဟုတ်လား....

ချောင်ဇီဟောက် ဆိုင်ပတ်ပတ်လည်ကို ကြည့်လိုက်သောအခါ လူများ ပြည့်ကြပ်နေပြီး ထိုင်ခုံ အလွတ်ပင် မရှိတော့ချေ။

ထိုအချိန်တွင် စားပွဲထိုးတစ်ယောက် အပြုံးလေးဖြင့် ရောက်လို့လာပြီး "မင်္ဂလာပါခင်ဗျ..လူကြီးမင်းတို့အတွက် သီးသန့်အခန်း ပြင်ဆင်ပေးထားပါတယ်..ကျေးဇူးပြုပြီး ဒီဘက်ကြွပေးပါခင်ဗျ...."

"သီးသန့်အခန်း ...."

ချင်ဇီဟောက် အနည်းငယ် တုန့်ဆိုင်းသွား၏။ ဤစားသောက်ဆိုင်၏ စည်းမျဉ်းအရ ကျသင့်ငွေမှာ တစ်သောင်းမကျော်ပါက သီးသန့်အခန်း ထဲသို့ ၀င်နိုင်မည် မဟုတ်ပေ။

ထိုအချုက်အတန့်တွင်တော့ ချောင်ဇီဟောက် ဘာလုပ်လို့ ဘာကိုင်ရမည်မှန်းမသိ ဖြစ်နေ၏။ အစားတစ်နပ်အတွက် ယွမ်တစ်သောင်းဆိုသည်မှာကတော့ အနည်းငယ် လက်ဖွားလွန်းသည်ဟု ခံစားမိသည်။

"သီးသန့်ခန်းကြီးက ပိတ်လှောင်လွန်းပါတယ်ကွာ လေကောင်းလေသန့်ရအောင် အောက်ထပ်မှာပဲ စားပွဲခုံတစ်လုံးလောက်ရှာပြီး စားကြတာပေါ့...."

ချောင်ဇီဟောက် တည်ငြိမ်ချင်ယောင်ဆောင်၍ ပြောလိုက်လေသည်။

"ဟုတ်တယ် ဟုတ်တယ်..သီးသန့်ခန့်ကြီးက ဈေးကြီးလွန်းတယ်..အန်တီတို့က အဲ့လောက်လည်း သုံးမှာ မဟုတ်ဘူး...အကြုံပေးမနေနဲ့တော့..."ကူကျင်းရှန်၏ မိခင်မှ ပြောလိုက်လေသည်။

"သခင်လေးချင်း ပြောတာကတော့ လူကြီးမင်းက သူ့သူငယ်ချင်းပါတဲ့ အဲ့ဒါကြောင့် သီးသန့်ခန်း ပြင်ပေးထားတာပါ..တကယ်လို့ ကျွန်တော်သာ အဓိက ခန်းမထဲမှာပဲ နေရာပေးလိုက်မယ်ဆိုရင်တော့ သေချာပေါက်လစာ အလျော့ခံရတော့မှ‌ာဗျ..ဒါကြောင့် အစ်ကိုကြီးတို့ ကျွန်တော့်ကို ခက်ခဲအောင် မလုပ်ကြပါနဲ့ဗျာ..."

"မဖြစ်နိုင်တာ....သခင်လေးချင်းကိုယ်တိုင်က သီးသန့်ခန်း ပြင်ပေးထားတာတဲ့လား..."ကူကျင်းဝူ အံ့အားသင့်နေသည့် အသံဖြင့် ပြောလိုက်ပြီး "ယောက်ဖကြီး ဒါကြီးကတော့ သောက်ရမ်း လန်းလွန်းသွားပြီ....ခင်များ ရောက်လာတာ‌မြင်တော့ သခင်လေးချင်းကတောင် သီးသန့်ခန်း ကိုယ်တိုင် ပြင်ပေးရတယ်ပေါ့..ဒါကလုံး၀ အံ့ဩဖို့ကောင်းတယ်..."

ချောင်ဇီဟောက်လည်း အနည်းငယ် အံ့အားသင့်သွားခဒ့သည်။ သူနှင့် သခင်လေးချင်းတို့မှာ အကြိမ်ရေ အနည်းငယ်ခန့်သာ တွေ့ဖူးခဲ့ကြသော်လည်း သူ့ကို မှတ်မိနေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

"အဲ့တာဆိုရင်တော့ ဒုက္ခပေးမိသွားပြီပဲ..ကျုပ်တို့က ဒီတိုင်း မိသားစု မိတ်ဆုံစားပွဲလေးပဲ လုပ်ချင်နေတာ ..ဒါတောင်မှ သီးသန့်ခန်း ပြင်ဆင်ပေးထားလိမ့်မယ်လို့ ထင်မထားဘူး..သခင်လေးချင်းက အရမ်း ယဉ်ကျေး လွန်းနေတာပဲ..."

"သခင်လေးချင်းက အမြဲတမ်း ဧည့်၀တ်ကျေပွန်ပါတယ်ဗျ..."စားပွဲထိုး ကောင်လေးမှာ ပြုံးလိုက်ပြီး "လူကြီးမင်းတို့ ဒီဘက်ကြွပေးကြပါဦးဗျ...."

"သွားစို့...."

ချောင်ဇီဟောက် ကုကျင်းရှန် မိဘများထံ လှည့်၍

"အန်ကယ် အန်တီ ကျွန်တော်တို့ လုပ်နိုင်တာ ဘာမှ မရှိတော့ ဒီတိုင်းပဲ သီးသန့်ခန်းထဲမှာ သွားစားကြတာပေါ့ဗျာ..အစက ကျွန်တော်သူ့ကို တိတ်တိတ်လေး လာအားပေးမလို့ လုပ်နေတာ ...ဒါပေမယ့် သူက ရှာတွေ့သွားပြီး ခုလိုတွေ စီစဉ်ပေးလိမ့်မယ်လို့ ထင်ကို ထင်မထားတာ"

"အဲ့တာကတော့ သူက ယောက်ဖကြီးကို လေးစားလို့ နေမှာပေါ့ဗျ..."ထို့နောက် ကူကျင်းဝူ လင်းရီကို အထင်သေးစွာ ကြည့်လိုက်ပြီး "ဟမ့်..တကယ်လို့ တစ်ယောက်ယောက်ကတော့ ကျုပ်တို့နဲ့သာ မဟုတ်ရင် သီးသန့်ခန်း မပြောနဲ့ စားဖို့ ထိုင်ခုံတောင်ရမှာ မဟုတ်ဘူး...."

လင်းရီကတော့ ပြောစရာစကား ကင်းမဲ့နေတော့သည်။ ချင်းဟန်မှ သူ့ကို မြင်သွားသောကြောင့် ယခုလို စီစဉ်ပေးခြင်း ဖြစ်လောက်၏။

သို့သော်လည်း ချောင်ဇီယွမ်ကတော့ သူ့ကြောင့် လုပ်ပေးသည့် ပုံစံ ဖမ်းနေလေသည်။

စားပွဲထိုး၏ ဦးဆောင်မှု အောက်တွင် လင်းရီတို့ တတိယထပ်ရှိ သီးသန့်ခန်းထဲသို့ ရောက်ရှိသွား၏။

"ညီကို ကျုပ်တစ်ခုလောက် မေးလို့ရမလား.. ကျုပ်ဆိုင်ရဲ့ ပရိုမိုးရှင်း စာစောင်ကို ဖတ်ဖူးတယ် တတိယထပ်က သီးသန့်ခန်း အကြီးစား‌ကြီးတွေ ရှိတာ မဟုတ်ဘူးလား..."ချောင်ဇီယွမ် မေးလိုက်လေသည်။

"ဟုတ်ပါတယ်...ဒါပေမယ့် ဧည့်သည်တော်တို့က သခင်လေးချင်းရဲ့ အထူးဧည့်သည်တွေမို့လို့ ကျွန်တော်တို့ကို ပီယိုနီခန်းမကိုတောင် တကူးတက ရှင်းခိုင်းထားတာပါဗျ..."

"ပီယိုနီခန်းမ..."ချောင်ဇီဟောက် အံ့ဩတကြီးနှင့် မေးမြန်းလိုက်၏။

"ငါမှတ်မိသလောက်ဆိုရင် ပီယိုနီ ခန်းမက ဒီမှာ ဈေးအကြီးဆုံး ခန်းမကြီး မဟုတ်လား...."

"ဟုတ်ပါတယ်ခင်ဗျ..ကျွန်တော်တို့ စည်းကမ်းတွေ အရဆိုရင် မြူစီပါတီ ခေါင်းဆောင်တွေပဲ အဲ့ဒီခန်းမထဲ ၀င်လို့ရတာပါ..ကျန်တဲ့သူဆို မြင်ဖို့ အခွင့်အရ‌ေးတောင် မရှိပါဘူးဗျ...."

ဟစ်....

ကူမိသားစု၀င်အားလုံး လေအေးတစ်ရှိုက် ရှူသွင်းလိုက်မိကြသည်။

သူတို့ရဲ့ မတော်ရသေးတဲ့ သားမက်လေးမှာ ဘယ်လို ဂုဏ်သတင်းတွေများ ရှိနေလို့ သူ့ကို သခင်လေးချင်းကတောင် ခုလို ကိုယ်ပိုင်ခန်းမကြီး စီစဉ်ပေးရတာပါလိမ့်...

တကယ်လို့ သူတို့သာ ဒီမှာ စားမယ်ဆိုရင် ကျိုးဟိုင်က ခေါင်းဆောင်ကြီးပိုင်းတွေနဲ့ အဆင့်တူသွားမှာ မဟုတ်လား....

ဒါကြီးက အံ့ဩဖို့ကောင်းလွန်းသွားပြီ

"ယောက်ဖကြီးက မတစ်ထောင်တစ်ကောင်ဖွားပဲဗျို့..."ကူကျင်းဝူ စိတ်လှုပ်ရှားလွန်း၍ ဘာပြောရမည်မှန်း မသိ ဖြစ်နေလေ၏။

သူ ၀င်လာပြီးတော့ စကားတစ်ခွန်းမှ မပြောတာတောင်မှ သခင်လေးချင်းက ဂရုတစိုက်နဲ့ သီးသန့်ခန်း ပြင်ဆင်ပေးတယ်ပေါ့...

သူ့မှာ ဩဇာတွေ ဘယ်လောက်တောင် ကြီးမားလိုက်သလဲ

ပြီးတော့ ယောက်ဖနဲ့ သခင်လေးချင်းကြား ဆက်ဆံရေးက ဘယ်လောက်တောင်နက်ရှိုင်းလိုက်မလဲ...

ကူကျင်းဝူ၏ အမြင်မှ ကြည့်မည်ဆိုပါက သူ့ယောက်ဖနှင့် သခင်လေးချင်းသာ ဆက်ဆံရေးကောင်းပါက ကူမိသားစုလည်း အနာဂတ်တွင် မြင့်တက်လာနိုင်ပေသည်။

ထိုအကြောင်းတွေးလိုက်သည်နှင့်တစ်ပြိုင်နက် သူ၏သွေးများပွက်ပွက်ဆူလာတော့သည်။

ထိုအခြေအနေနှင့် ရင်ဆိုင်ရတော့ ကူကျင်းရှန်လည်း အနည်းငယ် အံ့အားသင့်နေ၏။

ချောင်ဇီဟောက်ရဲ့ အဖေက ပညာရေး၀န်ကြီးဌာနရဲ့ ခေါင်းဆောင်ပိုင်းဖြစ်နေရင်တောင်မှ သခင်လေးချင်းရဲ့ နောက်ခံနဲ့ ယှဉ်မယ်ဆိုရင် သိသိသာသာကြီး အလှမ်းဝေးနေသေးတယ် မဟုတ်လား...

အဲ့လောက် အဆင့်အတန်းခြင်း ကွာခြားနေတာတောင်မှ သူတို့ရဲ့ ဆက်ဆံရေးက ဘယ်လိုဖြစ်ပြီး ဒီလောက်ကောင်းနေရတာလဲ...

စားပွဲထိုးကောင်လေး၏ ဦးဆောင်မှု အောက်တွင် ခြောက်ယောက်သား ပီယိုနီ ခန်းမသို့ ရောက်ရှိလာကြသည်။

ခန်းမကြီးတစ်ခုလုံးမှာ ၁၀၀ စတုရန်းမီတာခန့် ကျယ်၀မ်းပြီး ရှေးဟောင်း လက်ရာပစ္စည်း ကျောက်စိမ်းအဆင်တန်ဆာတို့ဖြင့် တန်ဆာဆင်ထား၏။ ပစ္စည်း တစ်ခုချင်းစီတိုင်း၏ တန်ဖိုးမှာ သန်းပေါင်းများစွာ တန်ကြေးရှိပေသည်။

ပို၍ အံ့အားသင့်ဖို့ကောင်းသည်မှာတော့ လက်မှုပစ္စည်း အသေးစားလေးဖြစ်သည့် ခါအိုအီငါး ထိပ်မှ အောက်သို့ စီးဆင်းနေသည့်ပုံမှာ လက်ရာမြောက်လွန်း၍ အသက်၀င်လု နီးပါးဟု ထင်မှတ်ရလောက်အောင်ပင်။

"ပါး မား ယောက်ဖကြီးက ဘယ်လောက် အံ့ဩဖို့ကောင်းလဲဆိုတာ ကြည့်လိုက်စမ်းပါဦးဗျ...သူတစ်ခွန်းမှတောင် မပြောလိုက်ရပဲနဲ့ ကျွန်တော်တို့ကို ခုလို ဇိမ်ခံ ခန်းမကြီးထဲမှာ ညစာစားလို့ရအောင် လုပ်ပေးနိုင်တယ်...ကျွန်တော်လည်း အနာဂတ်ကျရင် ယောက်ဖကြီးလို အံ့ဩဖို့ကောင်းတဲ့သူမျိုး ဖြစ်ချင်တယ်ဗျာ...."

"ဟီးဟီး..အဲ့တာဆိုရင်တော့ သား..မင်းယောက်ဖဆီကနေ အများကြီး သင်ယူရမယ်နော်...."

"သင်ယူမှာပါဗျ..."ကူကျင်းဝူ ယုံကြည်ချက်အပြည့်ဖြင့် ပြောချလိုက်လေသည်။

ပီယိုနီခန်းမ၏ ဇိမ်ခံ အဆင်တန်ဆာများကို မြင်တော့ ချောင်ဇီဟောက်ပင် ယောင်ပြီး နောက်သို့ ခြေတစ်လှမ်း ဆုတ်မိသွားသည်။

"သခင်လေးချင်းကတော့ ယဉ်ကျေးလွန်းနေပါပြီ..သူနဲ့ ကျုပ်ရဲ့ ပတ်သက်ဆက်နွယ်မှုက သမုဒ္ဒရာကြီးလောက် နက်ရှိုင်းတယ်ဆိုပေမယ့် ဒီလိုတွေ လုပ်ဖို့ မလိုပါဘူး...သူက ကျုပ်ကို အကောင်းဆုံး ဇိမ်ခံ ခန်းမကြီးကိုတောင်မှ ပြင်‌ဆင်ပေးလိုက်သေးတယ်..ဒါက ကျုပ်ကို နေရ‌ခက်အောင် လုပ်နေတာပဲဗျာ..."

ထိုသို့ပြောလိုက်ရင်း ချောင်ဇီဟောက် ယွမ်နှစ်ရာ ထုတ်၍ "ရော့ ဒီမှာ လိုက်ပို့ပေးလို့ မုန့်ဖိုးယူလိုက်.."

"လူကြီးမင်းကလည်း ယဉ်ကျေးလွန်းနေပါပြီ..လူကြီးမင်းက သခင်လေးချင်းရဲ့ သူငယ်ချင်းကောင်းကြီးဆိုမှတော့ ကျွန်တော် လက်မခံ ဝံ့ပါဘူးဗျာ..."

"ရတယ် ငါကမင်းကို လက်ခံ‌ဖို့ ပြောတယ်လို့ ပြောလိုက်..."ချောင်ဇီဟောက် ပြောလိုက်လေသည်။

"ကျေးဇူးတင်ပါတယ် လူကြီးမင်းခင်ဗျ.."

ချောင်ဇီဟောက် မိမိုက်သည့် ဟန်ပန်အမူအရာဖြင့် စားပွဲထိုးကို မုန့်ဖိုးပေးနေသည်ကိုမြင်တော့ ကူကျင်းဝူ တိတ်တဆိတ် သူ့ကိုယ်သူ ဆန်းစစ်ကြည့်လိုက်မိသည်။

သူဘယ်လောက် ကြိုးစားကြိုးစား သူ့ယောက်ဖလောက် ခန့်ညားမည် မဟုတ်ပေ။ ထို့ကြောင့် သူအားလပ်ချိန်ရပါက သူ၏ ရွှေယောက်ဖကြီးထံမှ ခန့်ညားအောင် ဘ၀နေနည်းများ နည်းနာ သင့်၏။

ဟာကွာ...ယောက်ဖကြီးကတော့ ဘယ်ဘက်ကကြည့်ကြည့် ချောကို ချောနေတာပါဟ.....

All Chapters