မိုက်မဲလှသည့် အမျိုးသမီး
Vol. 61 Ch. 843
မိုဝူကျိက သွေးမျိုးဆက်ကို တွေးမိလိုက်သည့်အခါ သူ့စိတ်နှလုံးသားပင် တည်ငြိမ်ရာ မရတော့ပေ။
သူ့ပြန်မွေးဖွားလာသည့် သွင်ပြင်ပုံစံမှာ နဂိုသွင်ပြင်နှင့် အရမ်းဆင်တူပေသည်။ ကျင့်ကြံပြီးသည့်နောက်တွင် သူ့သွင်ပြင်မှာ စတင် ပြောင်းလဲလာကာ ယခင်ဘဝနှင့် ပို၍ တူညီလာလေ၏။
ထိုအမျိုးသမီးက သူ့အား မှတ်မိနေသည်မှာ သူ့အမျိုးများ ဖြစ်နေလို့လား ….
ဤသို့လည်း မဖြစ်နိုင်ပေ။ အကယ်၍ တစ်ဖက်လူက သူ့ဆွေမျိုး ဖြစ်နေလျှင်ပင် သူနှင့် ဤမျှသွေးနီးလိမ့်မည် မဟုတ်ပေ။ အများဆုံး ခံစားချက်မျှသာ ဖြစ်လိမ့်မည်။
မိုဝူကျိက ဖြစ်နိုင်ခြေ တစ်ခုကို တွေးမိသွားလေ၏။
အရင် ရှားရိုယင်နဲ့ တစ်ခါအိပ်ခဲ့တုန်းကများ …..
မိုဝူကျိက ထိုအကြောင်းကို တွေးမိသွားသည့်အခါ လက်များပင် တုန်တုန်ယင်ယင် ဖြစ်လာမိသည်။ အကယ်၍ ဤအမျိုးသမီးသာ ရှားရိုယင်၏ မျိုးဆက် ဖြစ်နေလျှင် သူ့အနေနှင့် မည်သို့ဖြေရှင်းရမည်နည်း။
“ ရှင့်မျိုးရိုးက မိုလား ” ထိုအမျိုးသမီးက မိုဝူကျိ၏ စိတ်နှင့်ကိုယ်နှင့် မကပ်ဖြစ်နေသည့် အပြုအမူကို သတိပြုမိကာ ထပ်မေးလိုက်သည်။
မိုဝူကျိက အသိပြန်ဝင်လာပြီး သူမက ရှားရိုယင်၏ မျိုးဆက် မဖြစ်နိုင်ပေ။ အကြောင်းမှာ ရှားရိုယင်လို လူမျိုးက ထိုအကြောင်းမျိုး ထုတ်ပြောခြင်းမှာ သူမအား ပို၍ သစ္စာရှိစေရန်သာ ဖြစ်၏။
ထို့အပြင် ရှားရိုယင်က သူ့ဘေးတွင် နေ့တိုင်းနီးပါး ရှိခဲ့ပြီး အခါးရည် သောက်သည့်အချိန်တွင်ပင် အခါးရည်က နွေးနေလေ့ရှိသည်။ အကြောင်းမှာ သူ့အား သုတေသန ကောင်းကောင်း လုပ်နိုင်ရန် ကောင်းစွာ ဂရုစိုက်ပေးခြင်း ဖြစ်၏။ သူမ ကိုယ်ဝန်ရှိနေသည်ဆိုလျှင် မည်သို့ မသိဘဲ နေမည်နည်း။
ဟူး ….
မိုဝူကျိက နူးနူးညံ့ညံ့ ပြောလိုက်သည် “ ဟုတ်ပါတယ် …. ကျုပ်မျိုးရိုးက မိုပါ။ ခင်ဗျားက ကျုပ်နဲ့ အတော်လေး တူတာပဲ။ ခင်ဗျားမိဘတွေက ဘယ်သူတွေလဲဆိုတာ သိခွင့်ရမလား ”
အမျိုးသမီးက စကားပြောခါနီးတွင် အမူအယာ ပြောင်းလဲသွားလေ၏။ ထို့နောက် သူမက မိုဝူကျိအား ဆွဲခေါ်ကာ ပြောလိုက်သည် “ အရင်ဆုံးသွားကြစို့ …. ဒီကိစ္စကို နောက်မှ ပြောကြမယ် ”
“ ချင်းချယ် … သူက ဘယ်သူလဲ ” အမျိုးသမီးက မိုဝူကျိအား ဆွဲခေါ်လာစဉ် ခပ်တောင့်တောင့် အမျိုးသားတစ်ဦးက တားဆီးလိုက်လေ၏။
ချင်းချယ် အမည်ရှိ အမျိုးသမီးက ပြန်ဖြေလိုက်သည် “ ဒါက ဝမ်းကွဲပါ။ အခု ကျမမှာ လုပ်စရာလေး ရှိသေးလို့ ဖယ်ပေးပါဦး ”
မိုဝူကျိအား တစ်ချက်ကြည့်ပြီးနောက် ထိုအမျိုးသားက ချင်းချယ် ပြောသည့်အရာကို ပြန်လည် မချေပတော့ပေ။ မိုဝူကျိက ချင်းချယ်နှင့် အတော်လေး ဆင်တူနေသည် မဟုတ်ပါလော။
“ ချင်းချယ် …. ငါတို့တွေ ရက်နည်းနည်းပဲ ကျန်တော့တယ်။ အခုထိ ဆုံးဖြတ်ချက် မချရသေးဘူးလား ” ထိုအမျိုးသားက တစ်ခေါက် ထပ်မေးလိုက်သည်။
ချင်းချယ်က နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး “ မနက်ဖြန် …. မနက်ဖြန်ကျ ပြန်ပြောမယ် ”
“ ကောင်းပြီ … မနက်ဖြန် မင်းကို ကျောင်းမှာ လာရှာလှည့်မယ်။ မင်းပြောလိုက်တာကို မမေ့လိုက်နဲ့ဦး ” ထိုအမျိုးသားက ပြောပြီးနောက် မိုဝူကျိအား ခပ်စိမ်းစိမ်း အကြည့်တစ်ချက်ကြည့်ကာ ထွက်သွားလေသည်။
ထိုစဉ် မိုဝူကျိက တိတ်ဆိတ်နေဆဲ ဖြစ်သည်။ ယခုအချိန်အထိ သူက ထိုအမျိုးသမီး ချင်းချယ်နှင့် မည်သို့ဆက်ဆံရေးမျိုး ရှိနေသည်ကို ခန့်မှန်း၍ မရသေးသော်လည်း ထိုအမျိုးသားက သူတို့ကို တားဆီးလိုက်သည်က သူမအပေါ်တွင် စိတ်ဝင်စားနေ၍ မဟုတ်ကြောင်း သိသာလှသည်။
ချင်းချယ်တွင် အချိုးအစားတကျနှင့် နုပျိုလန်းဆန်းသော သွင်ပြင်ရှိသော်လည်း အရမ်းလှပသည့် မိန်းကလေးတော့ မဟုတ်ပေ။ တစ်ဖက်တွင် ထိုတောင့်တင်းတင်း အမျိုးသားက အရမ်းခန့်ညားလှကာ တော်ဝင်အရှိန်အဝါမျိုး ထုတ်လွှင့်နေလေ၏။ သို့သော်လည်း ချင်းချယ်တွင် သာမညနောက်ခံမျိုးရှိသည်မှာ သိသာလှသည်။ သူမ အဝတ်အစားများမှာ နွမ်းပါးနေလေ၏။
ထင်ထားသည့်အတိုင်း ချင်းချယ်က အိမ်ကောင်းကောင်းတွင် နေနေခြင်း မဟုတ်ပေ။ အဆောက်အဦးဟောင်း တစ်ခု၏ မြေညီထပ်တွင် မီတာ ၃၀ မျှ မရှိသော အခန်းလေးတွင် နေနေ၏။ စာအုပ်အပုံလိုက်အပြင် အထဲ ဗီရိုအဟောင်းလေးတချို့သာ ရှိသည်။
အခန်းအတွင်းသို့ ဝင်ပြီးနောက် ချင်းချယ်က မိုဝူကျိအတွက် ရေတစ်ခွက်ပေးပြီးနောက် သူ့နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်ကာ မေးလိုက်သည် “ ရှင့်အဖိုးက မိုဝူကျိလား ”
သူ့အဖိုးဖြစ်သူက မိုဝူကျိလား မေးသည်ကို ကြားလိုက်ရသည့်အခါ သူနှင့် ချင်းချယ်သည် သေချာပေါက် ပတ်သတ်မှု ရှိနေကြောင်း သိလိုက်တော့သည်။ သူ့ဦးလေး နှင့် အဒေါ်၏ ပတ်သတ်ဆက်နွယ်မှုများလည်း မဖြစ်နိုင်လောက်ပေ။ မဟုတ်လျှင် သူမက မိုဝူကျိနာမည်ကို သိမည် မဟုတ်ပေ။
မိုဝူကျိစိတ်ထဲ ဝမ်းနည်းမှုတို့ ကြီးစိုးလာလေ၏။ သူနှင့်ကာမဆက်စပ်မှုရှိခဲ့သည့် တစ်ဦးတည်းသော အမျိုးသမီးမှာ ရှားရိုယင်သာ ဖြစ်ပြီး ယခု ချင်းချယ်က သူ့အဖိုးဖြစ်သူမှာ မိုဝူကျိလား မေးလာသောကြောင့် ဆိုလိုသည်မှာ သူမသည် ရှားရိုယင်၏ မျိုးဆက်သာ ဖြစ်ပေလိမ့်မည်။ ရှားရိုယင်က သူ့အား မပြောဘဲ ကလေးမွေးထားခြင်း ဖြစ်ပေမည်။
ရှားရိုယင်ကို လုံးဝ ခွင့်မလွတ်နိုင်သော်လည်း ဤကလေးမှာ အပြစ်ကင်းပေသည်။
“ ကျမနာမည်က မိုချင်းချယ်ပါ။ ကျမအဖိုးကလည်း မိုဝူကျိပဲ …” မိုဝူကျိ မျက်ဝန်း၌ ဝမ်းနည်းသည့် အရိပ်အယောင်ကို မြင်လိုက်ရသောကြောင့် ချင်းချယ်က သက်ပြင်းချကာ ရှင်းပြလိုက်သည်။
ထိုအရာကို ကြားပြီး မိုဝူကျိက စိတ်ခံစားချက်များကို အကောင်းဆုံး ချုပ်ထိန်းကာ မေးလိုက်သည် “ မင်းရဲ့ မိဘတွေက ဘယ်သူလဲ။ မင်းအဖွားနာမည်က ဘယ်သူလဲ ”
မိုချင်းချယ်သည် သူမ အဖိုးဖြစ်သူမှာ မိုဝူကျိ ဖြစ်ကြောင်း ပြောထား၍ သူမသည် သူ့မျိုုးဆက် သေချာပေါက် ဖြစ်ပေသည်။ လူ့လောကအရေးကား ဤသို့ဖြစ်တတ်၏။ ယနေ့ သူက မိုချင်းချယ်ထက် ပို၍ ငယ်ရွယ်နေဟန် ပေါ်သော်လည်း သူမ၏ အဖိုးဖြစ်နေသည်။
“ အဲဆို မင်းအဖွားနာမည်က ဘယ်သူလဲ ” မိုဝူကျိက သူမ အဖွားဖြစ်သူမှာ ရှားရိုယင်မှန်း သိထားသော်လည်း ထိုမေးခွန်းအား မမေးဘဲ မနေနိုင်ချေ။
“ ကျမ အဖွား ဝမ်ရှောင်ချီပါ ”
“ ခလွမ်း ” မိုဝူကျိက အင်မော်တယ် ဧကရာဇ် တစ်ယောက် ဖြစ်နေသော်လည်း သူ့လက်များမှာ တုန်ယင်သွားကာ ရေခွက်ပင် မှောက်ကျသွားရသည်။
“ မဖြစ်နိုင်တာ …. လုံးဝ မဖြစ်နိုင်တာ …. မင်းအဖွားက ဝမ်ရှောင်ချီ မဖြစ်နိုင်ဘူး ” မိုဝူကျိက မယုံကြည်နိုင်စွာဖြင့် ထရပ်လိုက်သည်။ သူတို့နှစ်ယောက်လုံးက ချစ်ခဲ့ကောင်း ချစ်ခဲ့နိုင်သော်လည်း သူတို့စည်းကျော်မည့် ကိစ္စမျိုး တစ်ခါမှ မကျူးလွန်ခဲ့ကြပေ။
မိုချင်းချယ်က မိုဝူကျိ၏ အပြုအမူများကြောင့် သက်ရောက်မှုမရှိသည့်အလား အေးဆေး ပြန်ဖြေလိုက်သည်
“ ရှင့်ကို ဝမ်းကွဲလို့ ခေါ်တာ ကောင်းမယ် ထင်တယ်။ ကြည့်ရတာ အဖိုးက အကုန်လုံးပြောခဲ့တဲ့ပုံပဲ …. အဲဒါကြောင့်မလို့ ငါ့အဖွားကို ဟိုကောင်မ ရှားရိုယင်လို့ ထင်နေတာ နေမယ် ”
ထိုစကားက မိုဝူကျိအား အေးခဲသွားစေသည်။ သူက ထိုကိစ္စမှာ မရိုးရှင်းကြောင်း သိလိုက်ရသည်။ သို့သော်လည်း သူက မိုဝူကျိဖြစ်ကြောင်း တည့်တိုး ပြော၍ မဖြစ်ပေ။ ထို့အစား သူက ထိုင်ချကာ ထပ်မေးမြန်းလိုက်သည် “ ချင်းချယ် …. အားလုံးကို ပြောပြပေးပါ။ ဘယ်လိုဖြစ်ဖြစ် ငါတာဝန်ယူပေးပါ့မယ် ”
သူမက ခေါင်းကိုသာ ခါလိုက်သည်။ မိုဝူကျိ ပုံစံက ဖိနှိပ်ခံရသည့် ပုံစံပေါ်နေလေရာ သူမအတွက် မည်သို့များ တာဝန်ယူပေးနိုင်မည်နည်း။
“ ဒီနေ့ ငါတို့တွေ တွေ့တာ အဖွားက ကောင်းကင်ဘုံကနေ စောင့်ရှောက်ပေးနေလို့ နေမယ်။ ဒီကို ခေါ်လာတာက အရေးကြီးပစ္စည်းပေးစရာ ရှိလို့ပဲ ” မိုချင်းချယ်က နွေးနွေးထွေးထွေး ရှင်းပြလိုက်သည်။
“ အရင်ဆုံး မင်းအဖွားက ဝမ်ရှောင်ချီ ဖြစ်နေတဲ့အကြောင်းကို ရှင်းပြပါဦး … ပြီးတော့မှ ကျန်တာ ဆက်ပြောတာပေါ့ ” မိုဝူကျိက သူမကို ထပ်မေးလိုက်သည်။
သူမခေါင်းကို ညိတ်ပြကာ “ ဒီဟာကို မပြောရင်တောင် ဘယ်လိုဖြစ်ဖြစ် ပြောပြမှာပါ။ တကယ်တော့ အဲဒါတွေအကုန်လုံးကို အဖွားရဲ့ ဒိုင်ယာရီထဲမှာ မှတ်ထားတာ။ အဲဒီဒိုင်ယာရီက အဖွားက လက်ဆင့်ကမ်းပြီး ပေးခဲ့တာလေ … ငါက ဘယ်လိုလုပ် မသိဘဲ နေပါ့မလဲ ”
“အဲဆို အဖွားရော ရှိနေသေးလား ” မိုဝူကျိက ထမေးလိုက်သည်။
မိုချင်းချယ်က ဝမ်းနည်းစွာဖြင့် “ ရှင်က အတင်းလိုချင်နေတော့ ငါက အဲဒီပစ္စည်းကို ဘယ်လိုပေးရမှာလဲ။ အာ … တစ်ခုခုတော့ မှားနေပြီ ”
သူမက ထိုအထိ ပြောပြီးနောက် တစ်ခုခု အမှတ်ရသွားကာ မိုဝူကျိအား ခေါင်းမှခြေဆုံး အပြန်ပြန်အလှန်လှန် ကြည့်လိုက်သည်။ အတော်လေး ကြာပြီးနောက် သူမက စိတ်ရှုပ်ထွေးဟန်ဖြင့် “ အဖွားပြောတာတော့ အဖိုးက ဟိုကောင်မ ရှားရိုယင် လက်ချက်နဲ့ သေသွားပြီတဲ့ …. ရှင်က ဘယ်လိုလုပ် ဒီမှာရောက်လာ …. ”
ထိုစဉ် မိုချင်းချယ်က စားပွဲကို ဗန်းခနဲ ရိုက်ချကာ “ အခု သိသွားပြီ … ယောက်ျားတွေက တကယ်ကို မကောင်းတာပဲ။ အဖိုးမှာ ရှားရိုယင်နဲ့ အဖွားအပြင် နောက်ထပ် မိန်းမတစ်ယောက် ရှိနေသေးတာမလား။ ရှားရိုယင်က အဖိုးကို သတ်ပြီးတဲ့အထိ အပျိုဆိုတော့ ရှင်က သူမရဲ့ မြေးတော့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့လည်း မဟုတ်သေးပါဘူး …. ဘယ်လိုလုပ် တိုက်ဆိုင်မှာလဲ။ ရှားမျိုးနွယ်က ငါ့ကို ရှာတွေ့ပြီးတော့ ငါ့ပစ္စည်းလိုချင်နေတုန်းမှာ ရှင်က ရောက်လာတယ်။ အဖွားက အလိမ်ခံလိုက်ရတာလား … ရှင်က ရှားရိုယင်ရဲ့ မြေးမလား ”
မိုဝူကျိက မိုချင်းချယ်၏ ဒုတိယမြောက် စကားကို ကြားလိုက်သောအခါ အနည်းငယ် အပြစ်ရှိစိတ် ခံစားသွားရသည်။ သူ့တွင် အမှန်တကယ် ချိန်စုယင် ရှိနေလေ၏။ သို့သော်လည်း နောက်ပိုင်းစကားများက အရာအားလုံးမှာ ပြိုလဲပျက်စီးသွားဟန် ပေါ်သည်။ သူက အမူအယာပျက်ယွင်းစွာဖြင့် မေးလိုက်သည် “ မင်းပြောတာ ရှားမျိုးနွယ်က မင်းကို လိုက်ရှာနေတာလား ”
“ ရှင်က ရှားရိုယင်ရဲ့ မြေး မဟုတ်ဘူးလား။ တကယ်လို့ ဟုတ်နေရင် ဘာမှမပြောလိုက်ဘူးလို့ သဘောထားပြီးတော့ ထွက်သွားပါတော့ ” မိုချင်းချယ်က တုံ့ဆိုင်းခြင်းမရှိ ပြောလိုက်သည်။
မိုဝူကျိက အေးအေးဆေးဆေး ပြန်ချေပလိုက်သည် “ ရှားရိုယင်နဲ့ ဘာမှမဆိုင်ပါဘူး။ တကယ်လို့ ဆက်စပ်မှုရှိနေရင်တောင် သူမအပေါ် ထားတဲ့ အမုန်းတရားပဲ ဖြစ်လိမ့်မယ် ”
ထိုစကားကြောင့် မိုချင်းချယ်က မိုဝူကျိကို အကြာကြီး စိုက်ကြည့်လိုက်သည်။ သူ မလိမ်ညာနေမှန်း သေချာမှ ခေါင်းညိတ်ကာ “ ရှင့်ကို ယုံပါတယ်။ ရှားမျိုးနွယ် တစ်ယောက်က ဒီလောက် စုတ်ပြတ်နေမှာ မဟုတ်ဘူး။ ရှားရိုယင်က ငါတို့အဖိုးကို သတ်ခဲ့မှတော့ သူမက ငါတို့ရဲ့ ဘုံရန်သူပေါ့ ”
သူက ရယ်ရမလား သို့မဟုတ် ငိုရမလားပင် မသိတော့ချေ။ သူ့ကို ဘာမှမမေးဘဲ သူမက ဆက်ပြောလိုက်သည်
“ အရင်တုန်းက ငါ့အဖွားရဲ့ မိသားစုက ဆင်းရဲတယ်လေ။ အဖိုးက သုတေသန လုပ်ရတာကို သဘောကျတယ်။ ဒါပေမဲ့ ဆေးသုတေသန လုပ်တာက အရမ်းကုန်ကျစရိတ်များတဲ့ကိစ္စပဲ … တက္ကသိုလ်တက်ပြီးတော့ ရှားရိုယင်က အဖိုးရဲ့ အရည်အချင်းကို မျက်စိကျသွားတယ်။ အဲဒါနဲ့ သုတေသန လုပ်ငန်းအတွက် ပစ္စည်းတွေ၊ စမ်းသပ်ခန်းတွေ အကုန်ထောက်ပံ့ပေးတယ်လေ
အဖွားရဲ့ နှလုံးသားက အဖိုးနဲ့ အမြဲတမ်း ရှိနေခဲ့ပေမဲ့ သူ့ကို ကူညီပေးနိုင်တာဆိုလို့ လက်တိုလက်တောင်း အလုပ်လေးတွေလောက်ပဲ။ အဖွားက အဖိုးကို ရှားရိုယင်နဲ့ အတူတူ ရှိနေတာကိုလည်း မတားဆီးခဲ့ဘူး။ ရှားရိုယင်ရဲ့ တကယ့်ရည်ရွယ်ချက်ကို သိပေမဲ့ ရှားရိုယင်က သူမ မလုပ်နိုင်တာတွေကို အဖိုးကို ကူညီပေးနိုင်တယ်လေ။ ဒါပေမဲ့ တစ်ရက်ကျတော့ ….. ”
မိုချင်းချယ်က ထိုအထိ ပြောပြီးနောက် သူမ မျက်ဝန်းများက နီရဲလာကာ ခဏရပ်လိုက်သည်။ ထိုစဉ် မိုဝူကျိ၏ စိတ်အတွင်း၌လည်း စိတ်ခံစားချက်များ ရောပြွန်းနေပေသည်။ သူက ဝမ်ရှောင်ချီအား သုတေသန ပစ္စည်းများနှင့် စမ်းသပ်ခန်းများမှာ သုတသီအဖွဲ့အစည်းမှ ထောက်ပံ့ပေးထားခြင်း ဖြစ်ကြောင်း ပြောခဲ့ဖူးသည်။ အကြောင်းမှာ သူက ထိုအဖွဲ့အစည်းဆီ သူ ဖန်တီးထားသော ဆေးဝါးမူပိုင်ခွင့်ကို ပေးအပ်ထားသောကြောင့် ဖြစ်ရာ သူတို့နှင့် သဘောတူစာချုပ် ချုပ်ဆိုထားလေ၏။ ထိုအရာက ရှားမိသားစုနှင် မည်သို့ ပတ်သတ်သွားရသနည်း။ ရှားမိသားစုကနေ အများဆုံး ကြားလူအဖြစ်လောက်သာ ဖြစ်၏။
မိုချင်းချယ်က စိတ်ဖြေပြီးနောက် ဆက်ပြောလိုက်သည် “ တစ်ရက်ကျ ကျင်းနန်တက္ကသိုလ်က ကေင်မလေးတစ်ယောက်က အဖွားဆီ ရောက်လာပြီးတော့ ဒူးထောက်ပြီး ဝန်ခံခဲ့တယ်။ သူမမှာ ချစ်တဲ့သူ ရှိနေပြီမလို့ အဖွားဆီလာပြီး အဖိုးကနေ သူမကို လက်လွှတ်ပေးဖို့ လာတောင်းဆိုတယ် …. ”
“ ဘယ်လိုကြီးလဲ ” မိုဝူကျိက ခံစားချက်ဆိုးရွားနေမိသည်။
မိုချင်းချယ်က ရှင်းပြလိုက်သည် “ ဖြစ်ချင်တော့ အဲဒီကောင်မလေးက ရှားရိုယင်ကနေ အဖိုးနဲ့ ကျင်းရှန်းဟိုတယ်မှာ တစ်ညတာအိပ်ဖို့အတွက် ဌားထားတဲ့ တစ်ယောက်တဲ့လေ ”
ယခု မိုဝူကျိက အားလုံးကို နားလည်သွားပေပြီ။ ရှားရိုယင်က သူ့အား အမူးတိုက်၍ ဆေးခတ်လိုက်သည်မှာ သိသာသွားပေသည်။ သူမက သူနှင့် အပျိုစင်ဘဝ အဆုံးရှုံးခံဖို့ရာ စိတ်ကူးမရှိပေ။ ထို့အပြင် သူ့ကို ဆေးခတ်ပြီးနောက် သူ မူးနေသည့်အချိန် သူမနှင့် အစားထိုးရန် တခြားမိန်းမအား ဌားခဲ့သေး၏။
သို့သော်လည်း ရှားရိုယင် တစ်ယောက် အစားထိုးရှာတွေ့ထားသော ထိုအမျိုးသမီးက အင်အားကောင်းသော ရှားမိသားစုဆီ သွားရောက်၍ မတောင်းဆိုရဲသလို သူ့ဆီလည်း မရောက်လာရဲပေ။ ထို့ကြောင့် ဝမ်ရှောင်ချီကို သွားရှာခဲ့ခြင်း ဖြစ်၏။ သူက ကျင်းနန်တက္ကသိုလ်တွင် သုတေသီလုပ်ငန်းများ၌သာ စိတ်နှစ်ထားသောကြောင့် ရှားရိုယင်အပြင် သူနှင့် ရင်းနှီးသူမှာ ဝမ်ရှောင်ချီသာ ရှိ၏။
အမှန်တကယ် အကြံပက်စက်သော မိန်းမ ဖြစ်၏။ ရှားရိုယင်က ထိုခေါင်းစဉ်နှင့် ပတ်သတ်၍ အမြဲတမ်းရှောင်နေပြီး ဒုတိယအကြိမ်မှာ သူတို့၏ မင်္ဂလာဦးညမှ ဖြစ်သင့်ကြောင့် ပြောနေသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။ အကယ်၍ မိုဝူကျိသာ ယခင်က ရှားရိုယင်သည် သူ့ကို သတ်လိုက်သည့် အကြောင်းအရင်းကို နားမလည်လျှင်ပင် ယခုကား သူမ၏ ရည်ရွယ်ချက်ကို ကောင်းကောင်း နားလည်သွားပေသည်။ သူက ဤသို့ဆေးမျိုးကို ဖော်စပ်နိုင်ခဲ့သည့်အတွက် ထိုသို့သော မိန်းမက သူ့အား သတ်လိုသည်မှာ ပုံမှန်မဟုတ်ခြင်းတော့ မဟုတ်ပေ။
“ ငါ့အဖွားက အရမ်းကြင်နာတတ်တယ်။ ပြီးတော့ သူမက အဖိုးကိုလည်း နက်နက်ရှိုင်းရှိုင်းကို ချစ်နေတာဆိုတော့ အခန်းထဲမှာ ပုန်းနေခဲ့တယ်။ ရှားရိုယင် ထွက်သွားပြီးတဲ့နောက်မှာ အစားထိုးထားတဲ့ အမျိုးသမီးနဲ့ နေရာလဲလိုက်တာ …. သူမက ဘယ်လောက်တောင် အ ရတာလဲ ” မိုချင်းချယ်က ထိုအထိ ပြောလိုက်ပြီးနောက် သူမအဖွားသည် ဤသို့မျိုး လုပ်ခဲ့သည့်အတွက် အမှန်တကယ် တုံးအသည်ဟု ခံစားမိနေသည်။
***