အာစရိယ မှတ်ဉာဏ်
Vol. 7 Ch. 103
"ရပြီ ရပ်တော့..."
လင်းရီ ပြောလိုက်ပြီး "ဖုန်းနံပါတ်ထားခဲ့တဲ့ မိန်းကလေးတွေကိုတော့ ငါဘာမှ မပြောလိုဘူး..ဒါပေမယ့် သူတို့ ခါးတင်ရင် ဆိုဒ်ဘယ်လောက်တွေ ထည့်ရေးထားတာကြတော့ကော...ငါက ဘာလုပ်ရမှာ..."
လင်းရီ တကယ်ကြီး ဆွံ့အနေတော့၏။
"ဆရာလင်း ကျွန်မတို့အကြောင်း ကောင်းကောင်းနားလည်သွားအောင်ပါ..."
"ကောင်းကောင်း နားလည်သွားအောင်...မင်းတို့က ငါ့ကို ဘယ်လောက်ထိတောင် နားလည်စေချင်ကြနေတာလဲဟ...."
"အဲ့တာကတော့ ဆရာလင်း ဘယ်လောက်ထိ နားလည်ချင်လဲဆိုတဲ့အပေါ် မူတည်တာပေါ့ရှင်...ခစ်ခစ်.."
လင်းရီ ပြောစရာစကား ကင်းမဲ့သွားသည်။
တယ်စွာတဲ့ ကလေးမတွေပါလားဟ...
တော်တော် ကြောက်ဖို့ေကာင်းတဲ့ မိန်းကလေးတွေ...
"ကောင်းပြီ ခု အတန်းစတော့မယ်..."
"ဆရာကလည်း ခုထိ နာမည်တောင် မခေါ်ရသေးတာက်ု ဘာလို့ အတန်းစတော့မှာလဲ..."
"နာမည် ခေါ်ရမယ်..."လင်းရီ သူ့လက်ထဲရှိ စာရွက်ကို ဝှေ့ရမ်းပြလိုက်ပြီး "ခုလေးတင် လူတိုင်းရဲ့ နာမည်တွေ ရေးပြီးတာကို ခေါ်ဖို့က လိုသေးလို့လား..."
"ဒါပေါ့ရှင့်..အဲ့တာက မဖြစ်မနေ လုပ်ရမယ့် ထုံးစံလေ..ဆရာက နာမည်ခေါ်ပေးရမှာပေါ့...ကျော်သွားလို့မရဘူး...."
"ကောင်းပြီ အဲ့တာဆို အခုပဲ နာမည် စခေါ်တော့မယ်"
"ဟုတ်"
ခန်းမထဲရှိ ကျောင်းသူများအားလုံး မျက်လုံး တောက်ပသွားကြသည်။ ဤသည်က လင်းရီ သူမတို့ကို လူနှင့်နာမည် တွဲမှတ်မိစေရန် နည်းလမ်းဖြစ်၏။
ဆရာလင်းက သဘောကျသွားပြီး သူမတို့ကို အရင် ဝီချက်လာမအပ်ဘူးလို့ ပြောနိုင်လို့လဲ...
ဒေါင် ဒေါင် ဒေါင်
လင်းရီ နာမည်စခေါ်တော့မည့် အချိန်တွင် ခေါင်းလောင်းထိုးသွားပြီး
"ကောင်းပြီ ဒီနေ့ အတန်းကတော့ ဒီလောက်ပဲ..နောက်တစ်ခေါက်ကျတော့မှ နာမည်ခေါ်ကြတာပေါ့..."
"ဟုတ်ကဲ့ရှင့်..."
ရှောင်ထျန် "....."
စုန့်ကျား : "....."
ရှစ်လိ : "....."
သုံးယောက်လုံး ကြောင်အသွားကြသည်။မိနစ်ကိုးဆယ် ရှိတဲ့ အတန်းက ဒီလိုပဲ ပြီးသွားတာလားဟ...
လင်းရီကတော့ ကောင်မလေး အုပ်စုကြီး ဝိုင်းရံရင်း ခန်းမကြီးထဲမှ ထွက်သွားခဲ့၏။
သူမတို့ ယခုလို အတန်းပြီးတာသွားတာကို ပထမဆုံအကြိမ် မြင်ဖူးခြင်းပင်။
"အစ်မထျန်ရဲ့ အစီစဉ်က မအောင်မြင်ပြန်ပုံပဲ..."
စုန့်ကျားမှ ပြောလိုက်၏။
"ငါ နားလည်သွားပြီ.."ရှစ်လိ သူမကိုယ်သူမ ပြောနေသည့် ပုံစံဖြင့် ရေရွတ်လိုက်ပြီး
"တကယ်တော့ လင်းရီက မကောင်းတဲ့ကောင်မဟုတ်ဘူး...အဲ့လိုဖြစ်အောင် ကောင်မလေးတွေကပဲ လုပ်နေတာ..."
"ကောင်းပြီ ဆက်မပြောနဲ့တော့ အရင်ဆုံး ရုံးခန်း ပြန်သွားကြရအောင်..."
ရှောင်ထျန်ကတော့ ရုံးခန်းသို့ ဆွံ့အစွာဖြင့် ပြန်သွားခဲ့၏။
သို့သော်လည်း သူမတို့ သုံးယောက် ရုံးခန်းသို့ ရောက်လျင်ရောက်ချင်း ရှောင်ထျန်၏ စိတ်အခြေနေမှာ ဆိုးရွားသွားတော့၏။
အဘယ်ကြောင့်ဆိုသော် လင်းရီမှာ မစ်အော်ရယ်လ် နှစ်ဖာထဲမှ တစ်ထုပ်ကို ဖောက်၍ ဖျော်နေသောကြောင့်ပင်။
"ဒါရိုက်တာထျန်...ရောက်လာတာ အချိန်ကိုက်ပဲ ကျွန်တော် ခင်များအတွက် အသင့်ဖျော်ထားပေးတယ်..အရသာ ဘယ်လိုလဲဆိုတာ တစ်ချက်လောက် မြည်းကြည့်လိုက်ဦး..."
ရှောင်ထျန် မူးမေ့ချင်သလိုလို ဖြစ်သွားသည်။
သူက ဘာလို့ ဖျော်ပေးနေတာလဲဟ...
နှစ်ဖာကြီးများတောင်လေ..ဘယ်လို ကုန်အောင် သောက်ရမှာလဲတဲ့...
စုန့်ကျားနှင့် ရှစ်လိတို့ကတော့ ရှောင်ထျန်နှင့် ခပ်ဝေးဝေး နေလိုက်ကြသည်။
တက်ရောက်သည့် ကျောင်းသား ဦးရေ ၉၅%ရောက်ပါက အစ်မထျန်မှာ မစ်အော်ရယ်လ် နှစ်ဖာကုန်အောင် သောက်ပြမည်ဟု ကတိပေးထား၏။ ယခုတော့ သူမ ကတိတည်ရမည့် အချိန်ပင်။
စုန့်ကျားကတော့ တိတ်တဆိတ် သက်ပြင်းချလိုက်သည်။
ဟင်း..အစ်မထျန်ကတော့ အရမ်း သနားဖို့ကောင်းတာပဲ..လင်းရီကို နှစ်ခါကြီးများတောင် ရှုံးထားတယ်..ဘယ်ဘ၀က အကုသိုလ်တွေ လာစုနေလဲ မသိဘူး...
"ရတယ်လေ..သောက်ပေးရတာပေါ့..."
ရှောင်ထျန် မစ်အော်ရယ်လ် ပုလင်းကို ယူလိုက်ပြီး ဆန္ဒမရှိစွာဖြင့် သောက်ချလိုက်သည်။
"ဖြည်းဖြည်း ဒါရိုက်တာထျန်...နောက်ထပ် ပုလင်းတွေ လေးငါးဒါဇင်လောက် ကျန်နေသေးတယ်..အဲ့လောက်ကြီး မလောနဲ့လေ..."
မစ်အော်ရယ်လ် ပုလင်း အပြုံလိုက်ကြီးကို ကြည့်ပြီးတော့ ရှောင်ထျန် ေ-သချင်စိတ်ပေါက်သွား၏။
အကုန် ကုန်အောင် သောက်မည်ဆိုပါရ ပုလင်းရာနှင့်ချီ ရှိပေသည်။
"နင်ပြောဖို့ မလိုပါဘူး...ငါလုပ်ရမယ့်ဟာ ငါ့ဘာငါ သိတယ်...."
"မပြောနဲ့ဆိုလည်း မပြောတော့ပါဘူးဗျာ...အေးဆေးသောက်ပါဗျ....ဒါရိုက်တာထျန်....."
လင်းရီကတော့ ကျောင်းမှ စိတ်ကျေနပ်အားရစွာဖြင့် ထွက်လာခဲ့ပြီး သူ စွန်းဖုယွီကို ညနေတစ်နာရီတွင် သုတေသန စင်တာ၌ တွေ့ကြမည်ဟု ချိန်းဆိုထားတာလည်း ရှိသေး၏။
လင်းရီ ပန်နီဆူလာသို့ အရင်ပြန်၍ တစ်ခုခု စားလိုက်ပြီး စွန်းဖုယွီနှင့် ချိန်းဆိုထားသည့် နေရာသို့ သွားလိုက်လေသည်။
သို့သော်လည်း လင်းရီ သုတေသနစင်တာသို့ သွားနေစဉ် သူ၏ စိတ်ထဲတွင် စနစ်ထံမှအသိပေးစာ ရောက်ရှိလာခဲ့၏။
[ဆရာ အလုပ်အကိုင်၌ ပထမဆုံး သင်ခန်းစာ ပြသပေးခြင်းအတွက် အတွေ့အကြုံမှတ် ၂၀၀,၀၀၀ကို ချီးမြင့်ပါတယ်...]
[အလုပ်ပြီးမြောက်နှုန်း : ၄၀ %
ဆုလဒ် : အာစရိယ မှတ်ဉာဏ်..]
"ဟမ် အာစရိယမှတ်ဉာဏ်ဆိုပါလား..ဘာပါလိမ့်"
လင်းရီ သူ၏ စိတ်ထဲရှိ ထိုစကားလုံးကို တစ်လုံးချင်း ဖတ်လိုက်ရင်း အနည်းငယ် သံသယ ဖြစ်သွားသည်။
အလုပ်ကိုင်သစ် လက်ဆောင်ထုပ် ဖွင့်စင်က စနစ်မှ ပညာရှိ ဉာဏ်ပညာကို ချီးမြင့်ခဲ့သည်။
ယခု တစ်ဖန် အာစရိယမှတ်ဉာဏ်ဟူ၍ ချီးမြင့်လာခဲ့ပြန်သည်။
အဲ့တာက ဘာလုပ်ရမှာ...
"စနစ် အာစရိယ မှတ်ဉာဏ်ဆိုတာက ဘာကြီးတုန်း"လင်းရီ မေးလိုက်ပြီး "ပညာရှိ မှတ်ဉာဏ်နဲ့ ဘာကွာသွားတာလဲ..."
[ပညာရှိ၏ ဉာဏ်ပညာက ကျယ်ပြန့်သော်လည်း သန့်စင်ထားခြင်း မရှိပါဘူး ....ဒါပေမယ့် အာစရိယမှတ်ဉာဏ်ကျတော့ တစ်ခုတည်းသာ ရှိပြီးတော့ အလုံးစုံ သိမြင်စေနိုင်ပါတယ်..]
(အောက်မှာ သေချာရှင်းပြထားပါတယ်)
စနစ်၏ ရှင်းပြချင်ကိုနားထောင်ပြီးနောက် လင်းရီ အကြမ်းဖျင်း နားလည်သွား၏။
သူ ပညာရှိ မှတ်ဉာဏ်ကို ရရှိစဉ်က ဗဟုသုတများမှာ ပင်လယ်ကြီးလောက် များပြားသော်လည်း ထဲထဲ၀င်၀င်တော့ သိရှိနားလည်ခြင်း မရှိချေ။
သို့သော်လည်း ယခု အာစရိယ မှတ်ဉာဏ်မှာတော့ သူ့ကို အကြောင်းရာ မျိုးစုံကို မသိရှိစေသော်လည်း ခေါင်းစဉ်တစ်မျိုးတည်းကိုသာ အကျယ်တ၀င့် သိရှိနားလည်စေသော အသိဉာဏ်ပညာ ဖြစ်၏။
[စနစ်ရှင် ကျေးဇူးပြုပြီး သိရှိနားလည်ချင်သော အသိပညာကို ရွေးချယ်ပေးပါ...]
"ခဏ စဉ်းစားလိုက်ဦးမယ်.."
လင်းရီ တခဏမျှ စဉ်းစားခန်း ၀င်လိုက်သည်။
လက်ရှိ သူ၏ အခြေနေတွင် မည်သည့် အသိပညာပိုမျှ မလိုအပ်ချေ။
ငွေလုံလုံလောက်လောက် ရှိသည်နှင့် သူအလိုရှိသည့် ၉၉%သော အရာ၀တ္ထုများကို ရရှိနိုင်သည်။
အကယ်၍ သင်လိုအပ်သည်ကိုမ၀ယ်နိုင်ပါက သင့်တွင် လုံလောက်သော ငွေပမာဏ မရှိသောကြောင့်ပင်။
သို့တိုင်အောင် လင်းရီ အာစရိယ မှတ်ဉာဏ်ဟူသော စနစ်မှ ချီးမြင့်သည့် ဆုလဒ်ကြီးကိုတော့ ထိရောက်စွာ အသုံးချသင့်ပေသည်။
ယခု ပြည်တွင်း ချစ်ပ် ထုတ်လုပ်သော နယ်ပယ်မှာ
ကနေဦး ဖွံ့ဖြိုးဆဲ အခြေနေ၌သာ ရှိနေသေး၏။
ကမ္ဘာ့အဆင့်မြင့် ချစ်ပ်နယ်ပယ်ကို Intel,Qualcomm,Hynix,Texasနှင့် အခြားသော ကုမ္ပဏီကြီးများမှ လက်ဝါးကြီး အုပ်ထားနေချိန်တွင်တော့ သူတို့ ချိုင်းနား၏ ချစ်ပ်နယ်ပယ်မှာ အနှစ်၄၀လောက် နောက်ကျကျန်နေ၏။
လုံရှင်း သုတေသန စင်တာမှာလည်း ထိုအကြောင်းပြချက်ကြောင့် အရောင်းချ ခံလိုက်ရခြင်းပင်။
အကယ်၍ သူသာ ချစ်ပ်နှင့်ပတ်သက်သော အသိပညာကိုသာ ရွေးချယ်လိုက်ပါက ချစ်ပ်နယ်ပယ်တွင် စားပွဲလှန်ကောင်း လှန်နိုင်လိမ့်မည်။
အင်း အချိန်ကိုက်ရလာတာပဲလို့တောင် ပြောလို့ရတာပဲ..
"စနစ် ချစ်ပ်နယ်ပယ်မှာ ဘယ်သူက အထူးချွန်ဆုံးလဲ...."
"ချစ်ပ်များ၏ ဖခင်ကြီး Jack Kilby ပါ..."
"ကောင်းပြီ ငါ သူ့ရဲ့ အသိပညာကို ရွေးချယ်တယ်..."
[ပိုင်ရှင်၏ ဦးနှောက်ထဲသို့ အသိမှတ်ဉာဏ်များ လွှဲပြောင်းပေးနေပါတယ်...]
[အောင်မြင်စွာ လွှဲပြောင်းပြီးပါပြီ...]
လင်းရီ၏ ဦးနှောက်ထဲသို့ ချစ်ပ်နှင့် ပတ်သက်သော အသိပညာများက ဒီရေလှိုင်းကဲ့သို့ တဟုန်ထိုး ရောက်ရှိလာလေသည်။
လင်းရီ သူ၏ စိတ်ထဲတွင် ပြောင်းလဲမှုများကို သတိထားမိ၏။ ယခုကဲ့သို့ အသိပညာများနှင့် ဆိုပါက ချစ်ပ်လောကကို စားပွဲလှန်ဖို့ရာ အီးဇီး ဟုပင် ပြောလို့ရသွားပြီ ဖြစ်၏။
ဟားဟား ...ဒါက ငါ့ရဲ့ စီးပွားရေး အင်ပါယာအကြီးအတွက် အရေးပါတဲ့ ခြေလှမ်း နောက်တစ်ခုပဲကွ...
......
လုံရှင်း သုတေသန စင်တာမှာ ကျိုးဟိုင်မြို့စွန်နားလေးတွင် တည်ရှိပြီး ဘောလုံးကွင်းတစ်ကွင်းစာလောက် နေရာယူထား၏။
သုတေသန စင်တာအတွက်တော့ ထိုဧရိယာ ပမာဏ မှာကြိးမားသည်လို့တော့ ပြောဆို၍ မရချေ။
ဒါရိုက်တာ ရုံးခန်းတွင်တော့ လူတစ်ယောက် အမည်းရောင် မျက်မှန်ကြီးကို တပ်ဆင်ထားပြီး ကုတ်အင်္ကျီ အဖြူရောင်ဖြင့် သုတေသန ပညာရှင် ပုံစံဖြင့် လူတစ်ယောက် ရပ် နေ၏။
"ဒါရိုက်တာစွန်း...ကျွန်မတို့ သုတေသန စင်တာက ရောင်းခံလိုက်ရပြီဆို...."
ပြောလိုက်သည့်သူကတော့ စွန်းဖုယွီကဲ့သို့ ကုတ်အင်္ကျီအဖြူရောင် ၀တ်ဆင်ထားသော လုရင်းဟု အမည်တွင်သည့် အမျိုးသမီးတစ်ဦးဖြစ်ပြီး လှပသော ဘဲဥပုံသဏ္ဌာန် မျက်နှာကို ပိုင်ဆိုင်ထားသည်။ ဆံပင်ကို ချစ်စရာ ကောင်းစေသည့် မြင်းမြီး ပုံစံ ချည်ထားသော်လည်း သူမ၏အေးစက်သော မျက်နှာသွင်ပြင်က လူတိုင်းကို သူမနှင့် ခပ်ခွာခွာနေစေချင်သည့်ပုံပေါ်နေ၏။
သူမ၏ ချစ်ပ်နယ်ပယ်တွင် စွမ်းဆောင်ရည်မှာ မြင့်မားသော်လည်း အချို့နည်းပညာ ပြဿနာများကိုတော့ ယခုတိုင် မဖြေရှင်းနိုင်သေးပေ။
"အင်း..ငါလည်း မနေ့ကမှ သတင်းရလို့ ဒီကို အလောတကြီးနဲ့ ပြန်လာလိုက်တာ..."
စွန်းဖုယွီ သူ၏ လက်ပတ်နာရီကို ကြည့်လိုက်ပြီး "ငါတို့ တစ်နာရီ ချိန်းထားတာပဲ...တစ်ဖက်လူကလည်း ခဏနေရောက်လာတော့မှာ..."
"၀ယ်သွားတဲ့သူက ဘယ်သူလဲတဲ့...သူကလည်း ဒီနယ်ပယ်ထဲကပဲလား..."
လုရင်း မေးလိုက်၏။
"မဟုတ်ဘူး...ငါ ဘော့စ်အသစ် အကြောင်း နည်းနည်း စုံစမ်းထားတယ်...သူက ဒီချစ်ပ် နယ်ပယ်ထဲကတော့ မဟုတ်ဘူး..ဒီတိုင်း ချမ်းသာတဲ့ ဒုတိယ မျိုးဆက် တစ်ယောက်ပဲ...."