မြင့်မြတ်တဲ့ တိုင်းပြည်ရဲ့ တန်ဖိုးက သူ့နိုင်ငံသားတွေပဲ
Vol. 8 Ch. 107
"ဘာကိစ္စလဲ..ငါနဲ့ စကားပြောချင်သေးလို့လား.."
လင်းရီ မေးလိုက်၏။
"လျိုချူးက ဒီမှာ အမြဲတမ်း တာ၀န်ခံ ဖြစ်နေခဲ့တာ..အခု အခြေခံ ပြဿနာလေးတွေနဲ့ error တွေ အကုန်လုံးကို ဖြေရှင်းပြီးသွားပြီဆိုတော့ ဒါရိုက်တာလင်းကို ပြောစရာလေး ရှိနေသေးလို့ပါ.."လုရင်း ပြောလိုက်၏။
"ဟုတ်လား..ငါထင်နေတာ မင်းက ငါ့ကို မယုံကြည်သေးဘူးလားပေါ့..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်၏။
"ဒါရိုက်တာလင်း..ကျွန်..ကျွန်မ တောင်းပန်ပါတယ်..."လုရင်း ဦးညွှတ်၍ စိုးရိမ်သောက ရောက်စွာဖြင့် တောင်းပန်လိုက်၏။
"ဘာဖြစ်လို့လဲ..."လင်းရီ မေးလိုက်၏။
"ကျွန်မ အစတုန်းက လုပ်ခဲ့တဲ့ အပြုအမူတွေ အတွက် တောင်းပန်ချင်တာပါ..ကျွန်မ ဒါရိုက်တာလင်းနား အကြံဉာဏ်တွေတောင်းပြီးတော့ နိုင်ငံရဲ့ ချစ်ပ်နယ်ပယ်ကို အကျိုးပြုဖို့အတွက် ဆန္ဒရှိပါတယ်."လုရင်း ပြောလိုက်၏။
လုရင်း၏ လေးနက်မှုကြောင့် လင်းရီပင် အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။
လင်းရီ လုံရှင်း သုတေသနစင်တာကို ရင်းနှီးမြုပ်နှံနေသည်မှာ ပိုက်ဆံ ရဖို့အတွက် မဟုတ်ပေ။ နည်းပညာနယ်ပယ်တွင် ပြည်ပနိုင်ငံများ ထားထားသောနည်းပညာ အတားအဆီးများကို ရိုက်ချိုး၍ ချစ်ပ်နယ်ပယ်ကို အနောက်နိုင်ငံများ ထိန်းချုပ်နေခြင်းကို ရပ်တန့်ရန် ဖြစ်၏။
လင်းရီ ထိုပြင်းပြသောစိတ်ဝိဉာဏ်ကို လုရင်းထံ၌ တွေ့လိုက်ရသည်။
"အဲ့တာဆို မင်းက ဘာလိုချင်တာလဲ..မင်းရဲ့ ရုပ်ရည်ပညာအဆင့်အတန်းနဲ့ဆိုရင် ဘယ်နေရာသွားသွား ဆိုးဆိုးရွားရွာကြီး ဆက်ဆံခံရမှာ မဟုတ်ဘူး..ဘာလို့ မင်းရဲ့ ငယ်ရွယ်မှုတွေကိ ဒီရဲ့ သုတေသန စင်တာမှာပဲ ဘာလို့ ဖြုန်းတီးချင်နေရတာလဲ..."
"ဘာလို့လဲဆိုတော့ ကျွန်မ ကျောင်းတက်တုန်းက ဆရာမ ပြောဖူးတယ်...နိုင်ငံတစ်နိုင်ငံက တိုးတက်ချင်တယ်ဆိုရင် ပညာရေးက အဓိကပဲတဲ့...ကျွန်မကလည်း အမျိုးသမီးတစ်ယောက်ဆိုပေမယ့် မျိုးချစ်စိတ်ရှိတဲ့သူ တစ်ယောက်ပါ..ကျွန်မတို့ တ-ရုတ်ပြည်သူတွေကို ကျွန်မတို့နိုင်ငံက တခြားနိုင်ငံတွေထက် မနိမ့်ကျဘူးဆိုတာ သိစေချင်လို့ပါ..."
၎င်းကိုကြားတော့ လင်းရီ၏ နှလုံးသားမှာ ရှော့ခ်ရစွာဖြင့် တုန်လှုပ်သွာတော့သည်။
အမျိုးသမီး တစ်ယောက်မှာ ထိုမျှ မျိုးချစ်စိတ် ပြင်းပြလိမ့်မည်လို့ သူမထင်ထားခဲ့။
"ငါမင်းကို ယုံတယ်..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်ပြီး "ဒါပေမယ့် ခုတော့ ငါ့မှာ တခြား လုပ်စရာလေးတွေ ရှိသေးတယ်..အလုပ်တွေ ပြီးမှ ပြောလည်း နောက်မကျသေးပါဘူး..."
"ကျေးဇူးတင်ပါတယ်ရှင့် ဒါရိုက်တာလင်း..."
ထို့နောက် စွန်းဖုယွီနှင့် ကျန်သူများ လင်းရီကို အ၀င်၀သို့ လိုက်ပို့လိုက်ကြ၏။
လင်းရီစီးလာသည့်ကားကို မြင်တော့ သုတေသန စင်တာရှိ လူများအားလုံး တုန်လှုပ်သွားကြပြန်သည်။
လင်းရီမှာ သူတို့ကို သန်း ၅၀ ထုတ်ပေးလိုက်သော်လည်း သူကိုယ်တိုင်ကျ စုတ်ပြတ်နေသည့် ရှာရီလေးသာ စီးနေရှာသည်။ နှိုင်းယှဉ်မည်ဆိုပါက စွန်းဖုယွီ မောင်းသည့်ကားကပင် ယွမ် ၂သိန်း ၃သိန်းခန့် တန်ကြေးရှိသေး၏။
သို့သော်လည်း ရုပ်ရည်သွင်ပြင်အရတော့ စွန်းဖုယွီမှာ မိုင်ပေါင်းများစွာ ကွာဝေးနေပြီးဖြစ်သည်။
"ဟင်း...ဒါကမှ နှလုံးသားကြီးမြတ်တဲ့ လူပဲ..."စွန်းဖုယွီ သက်ပြင်းချလိုက်သည်။
"အတိအကျပဲ..ဘော့စ်လင်းက ချမ်းသာတာတောင်မှ ရှာရီပဲ စီးနေတာ သူက ကျုပ်တို့ရဲ့ စံပြပုဂ္ဂိုလ်ကြီးပဲ..."
"သူက ချမ်းသာပြီး ချောလည်းချောတဲ့ ဒုတ်ယမျိုးဆက် သခင်လေးပဲ..ပြီးတော့ နိုင်ငံရဲ့ သိပ္ပံသုတေသနအတွက် သူ့ကိုယ်သူတောင် အနစ်နာ ခံလိုက်သေးတယ်..ဒီလို လူမျိုးကို ဘက်ခေတ်ကြီးမှာ မီးထွန်းရှာတောင် တွေ့မှာ မဟုတ်ဘူး..."
"လုလေး..ငါတို့ရဲ့ ဒါရိုက်တာ အသစ်ကို ကြည့်လိုက်ဦး နည်းပညာ ဉာဏ်ကြီးရှင်လည်းဟုတ် ပိုက်ဆံကလည်းရှိ..နင်အတွေးမမှားနဲ့နော်..."
"ကျွန်မကို လာစမနေနဲ့..ဒါရိုက်တာလင်းက ကျွန်မလိုလူမျိုးကို စိတ်၀င်စားမှာ မဟုတ်ဘူး..."
လုရင်း ရှက်သွေးဖြန်းလျက် ပြောလိုက်လေသည်။
ခရိခ်....
လင်းရီ ကားထဲ ၀င်တော့မည့် အချိန်တွင် Audi A6 တစ်စီး ရောက်ရှိလာ၏။
လူနှစ်ယောက် ကားထဲမှ ထွက်လာပြီး တစ်ယောက်မှာ အသက်၅၀ အရွယ်ရှိပြီး ရှေးခေတ် တ-ရုတ် အင်္ကျီကို ၀တ်ဆင်ထား၏။အသက်ကြီးသော်လည်း သန်သန်မာမာတော့ ရှိနေဆဲပင်။
နောက်တစ်ယောက်ကတော့ ငယ်ရွယ်ပြီး အသက်သုံးဆယ် အရွယ်ခန့် ရှိ၏။ မျင်နှာကြီးတပ်ထားပြီး ပေါင်းသင်းလို့ လွယ်ကူမည့် ပုံစံ ပေါက်နေသည်။
လင်းရီ ထိုနှစ်ယောက်ကို မြင်တော့ အနည်းငယ် ရင်းနှီးနေသယောင် ခံစားလိုက်ရသည်။
လူအိုကြီးမှာတော့ ပင်းချန် တက္ကသိုလ်၏ ဒါရိုက်တာ ကျောက်ချီဖြစ်ပြီး ကျန်သည့်တစ်ယောက်ကတော့ သူ၏ လက်ထောက် ကျိုးကောကျိ ပင်။
လက်ရှိအခြေနေအရ ထိုလူနှစ်ယောက်မှာ တစ်ခုခုလိုချင် နေသည့်ပုံပင်။
လင်းရီကတော့ ထွက်ခွာရန် အလျင်မလိုနေသေးချေ။ ဘာဆက်ဖြစ်မလဲဆိုတာ သိချင်နေသေး၏။
စွန်းဖုယွီနှင့်ကျန်သူများကတော့ ထိုနှစ်ယောက်၏ နောက်ခံနှင့် ပတ်သက်၍ သိချင်နေကြသည်။ ထို့ပြင် ဘာလာလုပ်တာလဲကော သိချင်နေကြ၏။
"ရို...အားလုံး ဒီရောက်နေကြတာလား..ကျုပ်ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးပါရစေ..ကျုပ်က ကျိုးဟိုင် ပင်းချန် တက္ကသိုလ်ရဲ့ ဒါရိုက်တာ ကျောက်ချီပါ..ဒါကတော့ ကျုပ်ရဲ့ လက်ထောက် ကျိုးကောကျိ...နှောက်ယှက်မိတဲ့အတွက် စိတ်မရှိပါနဲ့"
ကျောက်ချီဘယ်သူလဲဆိုတာ သိပြီးနောက် စွန်းဖုယွီ သူတို့ လာရင်း ရည်ရွယ်ချက်ကို မပြောဘဲနှင့် နားလည်သွားသည်။
ရှေ့ရက်တွေတုန်းက ပင်းချန်တက္ကသိုလ်မှနေ၍ သိပ္ပံ
ပရောဂျက်တစ်ခု လုပ်ရန် ဓာတ်ခွဲခန်းသုံး ပစ္စည်းများကို ငှားရန် တောင်းဆိုလာသည်။
သို့သော်လည်း သူတို့ သုံးရန် လိုအပ်နေသေးသောကြောင့် ငြင်းဆိုလိုက်၏။
ဒီတစ်ကြိမ်တော့ ယခုလို ကျောင်းအုပ်ကိုယ်တိုင် ရောက်လာလိမ့်မည်လို့ ထင်မထားခဲ့ချေ။
"ဥက္ကဌကျောက်က ဒီကို ပစ္စည်းလာငှားတာမလားဗျ..."စွန်းဖုယွီ အပြုံးလေးဖြင့် ပြောလိုက်လေသည်။
"ဟုတ်ပါတယ်.."ကျောက်ချီလည်း အပြုံးလေးဖြင့် ပြန်ဖြေလိုက်ပြီး "ကျုပ်တို့ကျောင်းရဲ့ သိပ္ပံသုတေသနက အရေးကြီးတဲ့ အခြေအနေကို ရောက်နေလို့..အဲ့တာ လုံရှင်းစင်တာက ဓာတ်ခွဲခန်းသုံး ပစ္စည်းလေးတွေ ခေတ္တခဏလောက် ငှားရမ်းပေးနိုင်မလားလို့ပါ..."
"ဥက္ကဌကျောက် တကယ်လို့ ခင်များသာ မနေ့က လူကိုယ်တိုင် လာခဲ့မယ်ဆိုရင်တော့ ကျုပ်က ဆုံးဖြတ်ချက် ချလို့ရတယ်..ဒါပေမယ့် ခုတော့ မရတော့ဘူးဗျ..."
"ဟမ်..ဘာလို့လဲ..ပစ္စည်းတွေက တစ်ခုခု ဖြစ်သွားလို့လား..."
"ပစ္စည်းတွေက ဘာမှ မဖြစ်ပါဘူးဗျ..ဒါပေမယ့် ကျုပ်တို့ရဲ့ သုတေသန စင်တာက ပိုင်ရှင်အသစ် လက်ထဲရောက်သွားပြီလေ..ဒါရိုက်တာ တစ်ယောက်အနေနဲ့ ကျုပ်က သုတေသန ပရောဂျက်တွေ အတွက်ပဲ တာ၀န်ရှိတာ..ကျန်တဲ့ ကိစ္စတွေကိုကျတော့ ဘော့စ်နဲ့ပဲစကား ပြောရမှာဗျ..."
စွန်းဖုယွီ ရှင်းပြလိုက်၏။
"ဘော့စ်အသစ်.."ကျောက်ချီ အနည်းငယ် အံ့အားသင့်သွားသည်။ ယခုကဲ့သို့ ဖြစ်လာလိမ့်မည်လို့ ထင်မှတ်မထားခဲ့ချေ။
"အမှန်ပါပဲဗျ..."
စွန်းဖုယွီ မနီးမဝေးရှိ လင်းရီကို ညွှန်ပြလိုက်ပြီး "ဟိုနားလေးမှာ ရပ်နေတဲ့ လူငယ်လေးက ကျုပ်တို့ သုတေသန စင်တာရဲ့ ဘော့စ်အသစ် လင်းရီတဲ့...ခင်များ သူနဲ့ စကား ပြောကြည့်ေပါ့....."
ကျောက်ချီနှင့် ကျိုးကောကျိတို့ နှစ်ဦးစလုံး အံ့အားသင့်သွားကြသည်။ သုတေသနစင်တာကို ၀ယ်လိုက်သည့်သူမှာ ထိုမျှ ငယ်ရွယ်နေလိမ့်မည်လို့ ထင်မထားခဲ့ကြပေ။
ကျိုးကောကျိ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ သူလင်းရီကို တစ်နေရာရာ၌ ရင်းနှီးနေသလို ခံစားနေရ၏။ မည်သည့်နေရာ၌ ရင်းနှီးနေလဲဆိုတာတော့ စဉ်းစားမရချေ။
တစ်ချိန်တည်းတွင် လင်းရီလည်း လျှောက်လာပြီး ပြုံး၍ "ဥက္ကဌကျောက်..."
"မင်္ဂလာပါဗျ မင်္ဂလာပါ..."
လင်းရီ ဘယ်သူလဲဆိုတာ သိတော့ ကျောက်ချီမှနေ၍ လက်ဆွဲနှုတ်ဆက်ရန် လက်အရင် ဆန့်တန်းလိုက်၏။
"ခင်များက ဓာတ်ခွဲခန်း ပစ္စည်းတွေ ငှားချင်နေတာ မလား..."လင်းရီ လိုရင်းကို တစ်ခါတည်း တန်းသွားလိုက်သည်။
"ဟုတ်တယ်..ကျောင်းက သိပ္ပံပရောဂျက်က အရေးကြီးဆုံးအချိန် ရောက်နေလို့ စင်တာက ပစ္စည်းလေးတွေ ခဏလောက်ငှားချင်လို့ပါ...ကျောင်းက ငှားခလည်း သင့်တင့်သလို ပေးမှာပါ..."
"ငှားခ ပေးစရာ မလိုပါဘူးဗျ..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်ပြီး
"ဥက္ကဌကျောက် ဒီလိုဆိုရင်ကော..ကျုပ်တို့ သုတေသန စင်တာက မကြာခင် ပစ္စည်းအသစ်တွေ အစားထိုးတော့မှာ ..လက်ရှိ ပစ္စည်းတွေနဲ့ ချစ်ပ်သုတေသနလုပ်ငန်း ဖွံ့ဖြိုးဖို့ဆိုတာ အရမ်းခက်ခဲလွန်းတယ်...ဒါပေမယ့် ပညာရေး သုတေသန အတွက်တော့ ကောင်းကောင်းကြီး သုံးလို့ရပါသေးတယ်ဗျ..တကယ်လို့ စိတ်မရှိဘူးဆိုရင် ဒီရဲ့ ပစ္စည်းတွေကို ကျောင်းကို လှူဒါန်းချင်ပါတယ်ဗျ..."
လင်းရီ အပြုံးလေးဖြင့် ပြောလိုက်၏။
ချစ်ပ်သုတေသန ပရောဂျက်နှင့် ကျောင်းပညာရေးသုတေသန ပရောဂျက်တို့ ခက်ခဲမှုချင်းမှာ လုံး၀မတူညီသည့် အဆင့်တစ်ခု၌ တည်ရှိသည်။
ထို့ကြောင့် အသုံးပြုသည့် ပစ္စည်းများ၏ လိုအပ်ချက်မှာလည်း လုံး၀ မတူညီပေ။
ဓာတ်ခွဲခန်းသုံး ပစ္စည်းအဟောင်းများမှာ စွန်းဖုယွီနှင့် ကျန်သူများအတွက် လုံလောက်အောင် မကောင်းသော်လည်း ပင်းချန် တက္ကသိုလ်ကဲ့သို့ ကျောင်းသိပ္ပံ ပရောဂျက်များ အတွက်ကတော့ လုံလောက်သည်ထက်ပင် ပိုနေသေး၏။
"မစ္စတာလင်းက ပစ္စည်းတွေ လှူဒါန်းချင်တယ်..."
ကျောက်ချီနှင့် ကျိုးကောကျိတို့ နှစ်ယောက်လုံး အံ့အားသင့်သွားကြသည်။ လင်းရီ ထိုသို့ ပြောလာလိမ့်မည်လို့ မျှော်လင့်မထားခဲ့ပေ။
"အမှန်ပဲဗျ..တကယ်လို့ ပစ္စည်းအဟောင်းတွေက သိပ္ပံပရောဂျက်အတွက် မလုံလောက်သေးရင် စင်တာက ပစ္စည်းတွေ ထပ်ငှားပေးလို့ ရသေးတယ်နော်..."
"လုံလောက်တာပေါ့ဗျ လုံလောက်တာပေါ့..."ကျောက်ချီ ၀မ်းသားအားရစွာ ပြန်ပြောလိုက်ပြီး "ကျောင်းက လုပ်နေတဲ့ ပရောဂျက်က သုတေသန စင်တာက လုပ်နေတဲ့ ပရောဂျက်နဲ့ ဘယ်နှိုင်းယှဉ်လို့ ရမှာလဲလို့ ..ဒိတ်အောက်နေတဲ့ ပစ္စည်းဆိုရင်တောင်မှ ကျောင်းအတွက် လုံလောက်တာထက်တောင် ပိုနေသေးတယ်...."
"အဲ့တာဆို အတည်ဖြစ်ပြီနော်..."
"မစ္စတာလင်း ကျွန်တော့်မှာ ပြောစရာရှိတယ်..သီးသန့် စကားပြောလို့ ရမလား..."ကျိုးကောကျိ ယဉ်ကျေးစွာဖြင့် ပြောလိုက်လေသ်ည။
"ရပါတယ်..."လင်းရီ ပြောလိုက်လေသည်။
သုံးယောက်သား တစ်ဖက်သို့ သွားလိုက်ပြီး နောက်"မစ္စတာလင်း ကျုပ်ခင်များကို တစ်နေရာရာမှာ တွေ့ဖူးနေသလိုပဲဗျ..ဘယ်မှာတွေ့ဖူးလဲတော့ မသိဘူး...ကျိုးကောကျိ မေးလိုက်သည်။
လင်းရီ ပြုံးလိုက်ပြီး "ဆရာကျိုးက မှတ်ဉာဏ်ကောင်းတာပဲကိုး...တကယ်တော့ ကျုပ်က ပင်းချန် ကျောင်းကော်မတီ အဖွဲ့၀င်လေ..အဲ့မှာ အလုပ်၀င်နေတာတောင်မှ မကြာသေးဘူး..."