← Chapters

ရှားမိသားစု၏ အာဏာ

Vol. 61 Ch. 845

ရှားမိသားစု၏ အာဏာ

Vol. 61 Ch. 845

မိုဝူကျိ စကားအဆုံးတွင် မိုချင်းချယ်က မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်သည်။ အတော်အတန်ကြာပြီးမှ သူမက တုံ့ပြန်နိုင်လိုက်၏  “ ရှင်က အရူးလား ဒါမှမဟုတ် ကျမကို အရူးလို့ ထင်နေတာလား။ အဲအစား ရှင်က ပျံနိုင်တယ်လို့ပဲ ပြောလိုက်ပါ့လား ….”

ပြောလက်စ စကားတစ်ဝက်တပျက်ဖြင့် မိုချင်းချယ်က ရုတ်ချည်း ရပ်တန့်လိုက်သည်။ သူမက မိုဝူကျိသည် မြင့်တက်သွားကြောင်း သိလိုက်ရ၍ တအံ့တဩ ရေရွတ်လိုက်သည်  “ တကယ်ကြီး ပျံနေတာပဲ ”

ထိုစဉ် မိုဝူကျိက ဆင်းသက်လာကာ လေးလေးနက်နက် ပြောလိုက်သည်  “ ဟုတ်တယ်  ငါပြောတာတွေအကုန်လုံး အမှန်တွေပဲ ”

ထို့နောက် သူက လက်ဆန့်ထုတ်ကာ လေထုထဲ တွင်းနက်အက်ကြောင်း တစ်ခုဖန်တီးလိုက်သည်။ မိုချင်းချယ်က ထိုတွင်းနက်ကြီးကို ကြည့်လိုက်သည့်အခါ မူးဝေဝေ ခံစားချက်က ကြီးစိုးလာလေ၏။ သူမက ထိုတွင်းနက်ကြီးမှာ အဆုံးမဲ့ ကမ္ဘာကြီးတစ်ခုဆီ ဦးတည်နေသည့်အလား ခံစားမိနေသည်။ ဘေးပတ်ဝန်းကျင်ရှိ တည်နေရာကား သေးငယ်သွားကာ သူမက ပင်လယ်ထဲ ရောက်နေသလို မျှောလွှင့်နေမိသည်။

မကြာခင် ထိုတွင်းနက်ကြီးက နဂိုအခြေအနေသို့ ပြန်ရောက်သွားသောကြောင့် စိတ်သက်သာရာရသွားလေသည်။ မိုဝူကျိက ရှင်းပြလိုက်လေ၏  “ ဒီဟာက ငါဖွင့်လိုက်တဲ့ အာကာသပဲ … ဒီတွင်းနက်ကြီးကိုပဲ မကြည့်နဲ့ဦး။ မင်း ဝင်သွားတာနဲ့ ကမ္ဘာမြေကနေ အလင်းနှစ် ဘယ်လောက်ဝေးတဲ့ အာကာသဆီ ရောက်သွားမလဲဆိုတာ ဘယ်သူသိမှာလဲ။ အာကာပြင်ထဲမှာ လေဓားချက်တွေက မင်းကို တစစီ လုပ်ပစ်လိုက်နိုင်တယ် ”

“ တကယ်ကြီး ကျမ အဖိုးလား။ အဲဆို ဒီဟာက အင်မော်တယ်ကျင့်စဉ်လား ” မိုချင်းချယ်က စိတ်လှုပ်ရှားမိလာသည်။ နောက်ဆုံးတွင် သူမက မိုဝူကျိ စကားများကို ယုံကြည်သွားပြီး လက်မောင်းကို တင်းတင်းဆုပ်ထားလိုက်၏။

အကယ်၍ တိယွမ်ဂြိုဟ်ကြောင့်သာ မဟုတ်လျှင် သူမက သူ့ကို ယုံကြည်မည် မဟုတ်ပေ။ သို့သော် တိယွမ်ဂြိုဟ် ရှာတွေ့သွားကတည်းက တိယွမ်ဂြိုဟ်ပေါ်ရှိ သားရဲများမှာ အင်အားကောင်းပြီး တိုင်းတာလို့ပင် မရကြောင်း သတင်းများ ကြားရလေရာ မိုဝူကျိ စကားများက မည်သို့ မဖြစ်နိုင်ဘဲ နေမည်နည်း။

မိုဝူကျိက  မိုချင်းချယ် လက်ကို ပုတ်ကာ  “ မင်းက မင်းအဖွားနဲ့ မတူဘူးပဲ ”

“ ရှင်နဲ့တူရင် လုံလောက်ပြီလေ။ ကျမကို သင်ပေးပါ …. အဖွားရှိတဲ့နေရာကို ခေါ်သွားပေးမယ်လေ …” မိုချင်းချယ်က အနည်းငယ် ဗလုံးဗထွေး ပြောလိုက်လေသည်။

“ လာလာ သွားကြစို့ ” မိုဝူကျိက ခေါင်းညိတ်ပြလိုက်သည်။ သူ ထွက်သွားပြီးသည့်နောက်တွင် ပြန်မလာဖြစ်လောက်တော့ပေ။ ထို့ကြောင့် သူက မိုချင်းချယ်အား ကမ္ဘာမြေ၌ ချန်ရစ်ထားခဲ့ရန် စိတ်ကူးမရှိပေ။

သူမက သူ့ညွှန်ကြားချက်များကို ကြားလိုက်သည့်အခါ အဝတ်အစားများကို အမြန်သိမ်း၍  “သွားရအောင် … အာ …. ထားလိုက်တော့ အဖိုးလို့ပဲ ခေါ်တော့မယ် ”

ခဏအကြာတွင် မိုချင်းချယ်က အတော်လေး တည်ငြိမ်သွားပြီး သူမ နဖူသူ ပြန်ကိုင်ထားလိုက်မိသည်။ သူမထက် ငယ်ရွယ်သည့်ပုံပေါ်နေသည့် အမျိုးသားတစ်ဦးအား ကြည့်၍ အဖိုးဟု ခေါ်ရခြင်းမှာ အဆင်မပြေလှပေ။ သို့သော်လည်း သူမက မိုဝူကျိသည် အမှန်အတိုင်းပြောနေခြင်း ဖြစ်ကြောင်း ခံစားမိနေပြီး သူမ အဖိုးဖြစ်သည်ဟု အလိုလို ခံစားမိနေသည်။

“ တစ်ယောက်ယောက် ရောက်လာပြီ ” မိုဝူကျိ စကားအဆုံးတွင် တံခါးခေါက်သံ ထွက်ပေါ်လာလေ၏။

ဤသည်က မိုချင်းချယ်အား စိတ်ရှပ်ထွေးသွားစေသည်။ သူမ ပြောင်းရွေ့လာပြီးသည့်နောက်တွင် လူအနည်းအကျဉ်းသာ ရောက်လာကြသည်။ သူမက တံခါးမဖွင့်ခင် တံခါးခေါက်သံက ခပ်ကျယ်ကျယ် ထွက်လာပြန်သည်။

သူမက ဖြည်းဖြည်းချင်း တံခါးကို ဖွင့်ကြည့်လိုက်သည့်အခါ အမျိုးသား တစ်ယောက်နှင့် အမျိုးသမီး တစ်ယောက်ကို တွေ့လိုက်ရသည်။

“ မင်းက မိုစီရဲ့ သမီး မိုချင်းချယ်လား ” အမျိုးသမီးက မိုချင်းချယ်အား ကြည့်ကာ မေးလိုက်သည်။

မိုချင်းချယ်က စိတ်ထဲ၌ မသက်မသာ ခံစားမိနေသော်လည်း ခေါင်းညိတ်ပြကာ  “ ဟုတ်ပါတယ် ကျမပါ … ”

ထိုအမျိုးသမီးက နှာခေါင်းရှုံ့ကာ  “ မိုချင်းချယ် … မင်းအဖေက ငါတို့ကာစီနိုမှာ ပိုက်ဆံ ဘယ်လောက်အကြွေးတင်နေလဲ သိရဲ့လား ”

ထိုစကားများက မိုချင်းချယ် စိတ်ထဲ လေးလံသွားစေသည်။ သူမက ထိုလူများသည် ဤအချိန်မှ အကြွေးကိစ္စဖြင့် အဘယ်ကြောင့် ရောက်လာသည်ကို မသိသောကြောင့် စိတ်မရှည်စွာ ပြန်ဖြေပေးလိုက်သည်

“ ကျမ သိတယ်။ ဒါပေမဲ့  ကျမက ရှင်တို့ကို အဲဒီပိုက်ဆံ ပြန်ပေးနိုင်မဲ့သူလို့ ထင်နေတာလား။ တကယ်လို့ ကျမမှာ ပိုက်ဆံရှိနေရင် ဒီအိမ်မှာ နေမှာတောင် မဟုတ်ဘူး ”

သို့သော်လည်း ထိုအမျိုးသမီးက ပြန်လည် ချေပလိုက်လေ၏  “ တကယ်လို့ မင်းဆီမှာ ပိုက်ဆံမရှိရင်လည်း တခြားပစ္စည်းတွေကို အပေါင်အနေနဲ့ ထားနိုင်တယ်။ မင်းမိသားစုက ချန်ရစ်ထားခဲ့တာမျိုး တစ်ခုခုပေါ့ ”

ထိုစဉ် မိုချင်းချယ်က အဖြစ်အပျက်ကို နားလည်သွားတော့သည်။ သူမက အေးစက်စက် မျက်နှာထားဖြင့်  “ရှင်တို့ကလည်း အဲဒီဖော်မြူလာအတွက် ရောက်လာတာပဲလား ”

ထိုကာစီနိုက ရှားမိသားစု၏ ရည်ရွယ်ချက်ကို သိသွားသည်မှာ ထင်ရှားလှသည်။ ထို့ကြောင့် သူမက ရှားမိသားစုဆီ မပေးခင် ထိုဖော်မြူလာကို ကြားဖြတ်လိုချင်နေခြင်း ဖြစ်၏။

“ တကယ်လို့ မင်းဆီမှာ ဖော်မြူလာရှိရင် အပေါင်အနေနဲ့ ထားလို့ရတယ်။ တကယ်လို့ မရှိရင်တော့ မင်း ငါတို့နဲ့ လိုက်ခဲ့ရမယ် ” ထိုအမျိုးသမီးက ခံစားချက် ကင်းမဲ့နေဆဲ ဖြစ်သည်။

“ သွားကြစို့ … ဖော်မြူလာက ကျုပ်ဆီမှာ ရှိတယ်။ ခင်ဗျားတို့ သူဌေး ကျုပ်ကိုယ်တိုင် ပေးမယ် ” မိုဝူကျိက မိုချင်းချယ်အား တားကာ ကြားဝင်ပြောလိုက်သည်။

အကယ်၍ သူ့အသိစိတ်ပင်လယ် ပျက်စီးနေသည့်အတွက်ကြောင့်သာ မဟုတ်လျှင် သူ့စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့်လောက်လေပြီ။ သူ့အသိစိတ်ပင်လယ်မှာ အပြည့်အဝ ပြန်ကောင်းမွန်မလာခင် သူက စိတ်စွမ်းအားကို ထုတ်မသုံးချင်ပေ။ သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားမှာ သူ့အသိစိတ်ပင်လယ် ပြန်လည် ပြုပြင်ဖို့ရာအတွက် ဖြစ်သည့်အတွက် ပါးမွှားလေးများအတွက် အသုံးမပြုလိုပေ။

ကာစီနိုက ယနေ့ ရောက်မလာလျှင်ပင် မိုဝူကျိက သူ့အသိစိတ်ပင်လယ် ပြန်ကောင်းသွားသည်နှင့် တစ်ခေါက်တော့ ရှာဦးမည် ဖြစ်၏။ လောင်းကစား ဆယ်ပွဲ၌ ကိုးပွဲမှာ လိမ်လည်ခြင်းများ ပါဝင်နေသည်။ သူက မိုစီသည် အလိမ်ခံလိုက်ရတာ ဖြစ်ဖို့များကြောင်း သွားမကြည့်ဘဲဖြင့် သိလိုက်သည်။ အကယ်၍ မိုစီ၏ ပိုက်ဆံများကို လှည့်ဖျားလိုချင်သည်ဆိုလျှင် လွတ်ပေးလိုက်လို့ ရပေသည်။ သို့သော် သူတို့က မိုစီ၏ လက်ကို အမှန်တကယ် ဖြတ်ခဲ့၏။ အကယ်၍ သူက အကြွေးအား ပြန်မသိမ်းလျှင် အသုံးမကျသည့်  အင်မော်တယ် ဧကရာဇ်တစ်ယောက်သာ ဖြစ်နေပေမည်။

“ ကာစီနိုကို သွားချင်တာလား ” အမျိုးသမီးက မိုဝူကျိအား ခြုံငုံကြည့်လိုက်ပြီး မျက်နှာပေါ်၌ အံ့အားသင့်သည့် အရိပ်အယောင်များ ရှိနေသည်။ သူမက မိုချင်းချယ်နှင့် သူက ခပ်ဆင်ဆင် ဖြစ်နေကြောင်း သိလိုက်ပြီးနောက် သူမက သူ့ရည်ရွယ်ချက်ကို နားလည်သွားတော့သည်။

“ သွားမယ် ” မိုဝူကျိက စိတ်မရှည်စွာ ပြောလိုက်သည်။

“ ကောင်းပြီလေ” နောက်ထပ် အချိန်ဆွဲမနေတော့ဘဲ ထိုအမျိုးသမီးက လှည့်ကာ ထွက်သွားလိုက်သည်။

ထိုစဉ် မိုချင်းချယ်က တိတ်ဆိတ်နေလေ၏။ အကယ်၍ သူမက မိုဝူကျိကို အင်မော်တယ်တစ်ယောက်မှန်း မသိခင်အချိန်က ဖြစ်မည်ဆိုလျှင် သူမအနေနှင့် သူနှင့်အတူ ထွက်ပြေးခြင်း ဒါမှမဟုတ် ပုန်းအောင်းခြင်းတို့ လုပ်မိပေလိမ့်မည်။ သို့သော် ယခုတွင် သူက အင်မော်တယ် တစ်ယောက်ဖြစ်ကြောင်း ဖော်ပြထားပြီးပြီ ဖြစ်၍ နောက်လိုက်မည်မျှပင် ရောက်လာစေကာမူ သူနှင့် မယှဉ်နိုင်ကြောင်း ယုံကြည်နေမိသည်။

………..…

တောင်ဝင်ရိုးစွန် တောင်ထိပ် တစ်ခု၌

ယာဉ်ပျံတစ်စင်းက ရပ်တန့်သွားပြီး တံခါးပွင့်လာကာ မျက်နှာပေါ်တွင် အမာရွတ်များစွာနှင့်လူက ထွက်လာလေ၏။ ထိုအမျိုးသားက ၆ ပေ ၂ လက်မရှိပြီး ခပ်တောင့်တောင့် ခန္ဓာကိုယ်ရှိကာ  သူတစ်ကိုယ်လုံးမှ သွေးနံ့များ ထွက်ပေါ်နေသည်။ သူ့နောက်တွင် ပုံမှန်အရွယ် ခပ်ဝဝ အမျိုးသားတစ်ယောက် ပါရှိ၏။

အသားအရည် ဆယ်မျိုးကျော်လောက် ကွဲထွက်နေသည့် လူများက ချက်ချင်း စုစည်းသွားပြီး တစ်ပြိုင်နက် မိတ်ဆက်လိုက်ကြသည်  “ ဆရာ ရှီလီ၊ တာဝန်ခံ ကန်အာ ”

အမာရွတ်နှင့်လူမှာ တိယွမ်ဂြိုဟ်၏ နံပါတ်တစ် ပါရမီရှင် ရှီလီ ဖြစ်ပြီး ဂြိုဟ်တစ်ခုလုံး၏ ညွှန်ကြားရေးမှူးလည်း ဖြစ်ပေသည်။ ခပ်ဝဝ အမျိုးသားမှာ အာကာသညွှန်ကြားရေး အဖွဲ့၏ နံပါတ် ၂ ဖြစ်သည့် ကန်အာဖြစ်ပြီး ကြယ်တာရာ တာဝန်ခံ ဝေယီယု၏ နောက်မှ ဖြစ်သည်။

ရှီလီ၏ ရာထူးမှာ ကန်အာလောက် မမြင့်သော်လည်း အာကာသညွှန်ကြားရေး အဖွဲ့အတွင်း လွှမ်းမိုမှုမှာ ကန်အာထက်ပင် ကျော်လွန်နေသေး၏။ ပြောရမည်ဆိုလျှင် ဝေယီယုနှင့်ပင် အပြိုင်လိုက်နိုင်ပေသည်။

ရှီလီက လေးလေးနက်နက် အမူအယာဖြင့် ခေါင်းညိတ်ပြီးနောက်  “ ကာဆာနိုကို ဘာလို့ မတွေ့တာလဲ ”

“ တာဝန်ခံချုပ် ကာဆာနိုက ဟွားရှားရဲ့ ချီရှုမြို့ဆီ သွားပါတယ်။ အဲဒီမှာ ကြယ်သုံးလုံးစာမေးပွဲ အမှတ်ပြည့်နဲ့ အောင်တဲ့ ကျောင်းသားတစ်ယောက် ပေါ်လာတယ်တဲ့ ” ပြန်ဖြေလိုက်သူမှာ အဖွဲ့ဝင် ဝုဖ် ဖြစ်၏။

ထိုအရာကို ကြားပြီး ရှီလီက အနည်းငယ် မျက်မှောင်ကျုတ်လိုက်သည်။ သူ့အတွက် နှစ်စဉ်တိုင်း အမှတ်ပြည့်ရသည့် ကျောင်းသားများစွာ ရှိနေလေရာ အောင်မြင်ဖို့ရာ ကြိုးစားရင် ဖြစ်ပေ၏။ ကာဆာနိုက ဘာကြောင့်များ ကိုယ်တိုင် သွားတွေ့နေရသနည်း။

ရှီလီ၏ မျက်နှာအမူအယာကို ကြည့်ရုံဖြင့် ဝုဖ်က တန်းသိလိုက်ကာ ရှင်းပြလိုက်သည်  “ ရေးဖြေတစ်ခုတည်းအတွက် အမှတ်ပြည့် မဟုတ်ဘူး။ လက်တွေ့စစ်ဆေးမှုအတွက် အမှတ်ပြည့်ရတာ … သူမက စစ်ဆေးမှုတိုင်းမှာ အမှတ်ပြည့်ရတာ … ”

“ ဘာ … ဒီလိုကိစ္စမျိုး ရှိတယ်လား ” ရှီလီက တအံ့တဩ ရေရွတ်လိုက်ပြီး သူ့မျက်ဝန်းများပင် တောက်ပသွားလေ၏။ ဤနေရာသို့ ပြန်လာသည့် ရည်ရွယ်ချက်မှာ ကျောင်းသားလက်ခံရေးကို လေ့လာဖို့ ဖြစ်ပြီး တကယ့်လက်တွေ့၌ သူ့အနေနှင့် အင်မတန် ထူးချွန်ထက်မြက်သည့် ပါရမီရှင်များကို ခေါ်နိုင်ဖို့ရာ ခက်ခဲကြောင်း သိထားပေသည်။ တိယွမ်ဂြိုဟ်ပေါ်က ပါရမီရှင်များ မရှိလျှင် သူတို့က ကမ္ဘာမြေသို့ နောက်ပြန်ဆုတ်ရမည်သာ ဖြစ်၏။

“ ဟုတ်တယ် …. သူမက စစ်ဆေးမှုတွေအကုန်လုံးမှာ အမှတ်ပြည့်ရရုံတင် မကဘူး။ နှစ်နာရီထဲနဲ့ အကုန်ပြီးသွားတာ ….” ဝုဖ်က ထပ်ပြောလိုက်သည်။

“ ငါ့ကို ချီရှုမြို့ဆီ မြန်မြန် ခေါ်သွားပေး …. ချက်ချင်း  ” ရှီလီက အိမ်ထဲတွင် နားနေဖို့ရာ မစဉ်းစားတော့ဘဲ ချက်ချင်း အမိန့်ပေးလိုက်သည်။

တိယွမ်ဂြိုဟ်ပေါ်ရှိ အခြေအနေများမှာ တစ်ရက်ထက် တစ်ရက် ပိုဆိုးလာနေပြီ ဖြစ်ရာ သူ့အလားအလာမှာလည်း အဆုံးအစွန်သို့ ရောက်ရှိနေသောကြောင့် တိယွမ်ဂြိုဟ်ကို ဦးဆောင်နိုင်မည့် ကိစ္စကား သူ့တတ်နိုင်စွမ်းအတွင်း မရှိတော့ပေ။ ကြယ်သုံးလုံး စာမေးပွဲ၌ အမှတ်ပြည့်ရရှိထားခြင်းမှာ သူပင် နေ့ပိုင်းလေးအတွင်း မလုပ်နိုင်ခဲ့ပေ။ ထိုမျှတင် မကသေးဘဲ သူ့အမှတ်များက အမှတ်ပြည့်မှ အလှမ်းကွာနေသေး၏။

………………

“ ဖူး ” ထန်ကျန်းမန်က သွေးတစ်ပွက် အန်ထုတ်လိုက်ရသည်။ သူမက ချီရှုမြို့ လေ့လာရေး ရင်ပြင်သို့ အပြေးအလွှား ရောက်လာလေ၏။ သူမအနေနှင့် ဤသည်မှာ အသက်ရှင်နိုင်သည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်ကြောင်း သိပေသည်။

လူလေးယောက်အား သတ်ပြီးသည့်နောက်တွင် ရှားမိသားစုက မြန်မြန်ဆန်ဆန် လှုပ်ရှားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သို့သော် သူမအား အံ့အားသင့်စေသည်က သူမ ချီရှုမြို့ ကျူဖုန်းလေဆိပ်မှ ထွက်လာသည်နှင့် အပစ်ခံလိုက်ရခြင်း ဖြစ်၏။ အကယ်၍ တစ်ဖက်လူက သူမအား သတ်ဖို့ ရည်ရွယ်မထားသောကြောင့်သာ မဟုတ်လျှင် သူမ သေနေလောက်လေပြီ။

သူမက လေ့လာရေး ရင်ပြင်အထိ အမြန်အဆန် ပြေးထွက်လာခဲ့သည်။ သို့သော်လည်း သူမက သေနတ်အပစ်ခံပြီးနောက် ဆက်တိုက် ပြေးလွှားလာခဲ့ရသည့်အတွက် ဤနေရာသို့ ရောက်လာသည့်အခါ သူမအတွင်းကလီစာများက ပျက်စီးနေပြီ ဖြစ်သည်။

အာကာသညွှန်ကြားရေး အဖွဲ့၏ ကြယ်သုံးလုံး စာမေးပွဲမှာ လေ့လာရေး ရင်ပြင်တွင် ကျင်းပသောကြောင့် အဖွဲ့ခွဲလေးသာ ရှိပေသည်။ အကယ်၍ အာကာသညွှန်ကြားရေး အဖွဲ့သာ သူမအား မကူညီပေးလျှင် သူမအနေနှင့် သေခြင်းတရားကို ထိုင်စောင့်နေသလို ဖြစ်ပေမည်။

“ ထန်ကျန်းမန် … မင်းက လူသတ်ပြီးတော့ ရှောင်ပြေးတော့မယ်ပေါ့လေ ” သူမက အာကာသညွှန်ကြားရေး အဖွဲ့ စာမေးပွဲ ခန်းမအတွင်း မဝင်နိုင်ခင် လူနှစ်ယောက်က သူမအား တားဆီးလိုက်လေ၏။

“ မင်းက ထန်ကျန်းမန်လား ” နှစ်မီတာ အမြင့်ရှိ အမျိုးသားတစ်ဦးက စိတ်လှုပ်ရှားစွာ ရှေ့ထွက်လာသည်။

“ ရှင်က တာဝန်ခံချုပ် ကာဆာနိုလား ” ထန်ကျန်းမန်က ရှားမိသားစု၏ လူများ တားဆီးမှုကို ခံရပြီးနောက် သူမက စိတ်ဓာတ်အတော်ကျနေမိသည်။ သို့သော်လည်း သူမက ကာဆာနိုကို မြင်လိုက်ရသည်။ ထိုသူမှာ အာကာသညွှန်ကြားရေး အဖွဲ့ ထိပ်တန်းငါးယောက်ထဲတွင် ပါဝင်ပေသည်။ သူမက ထိုသူ့အား တီဗွီထဲမှာ တစ်ကြိမ်မက တွေ့ဖူး၏။

ကာဆာနိုက ပြန်ဖြေလိုက်သည်  “ ဟုတ်တယ် … ငါက ကာဆာနိုပါ။ မင်းက ဘာဖြစ်တာလဲ၊ ဒဏ်ရာရနေတာလား ”

ကာဆာနို ရောက်လာပြီးနောက် ထန်ကျန်းမန်အား ရှာမတွေ့ခဲ့ပေ။ သူမက သူ့ဆီ ကိုယ့်ဘာသာ ရောက်လာလိမ့်မည်ဟု မည်သူက တွေးထားမည်နည်း။ သူက စိတ်လှုပ်ရှားမှု ပျောက်ကွယ်သွားသည့်အခါ သူမ ခါးမှ သွေးသံရဲရဲ ဖြစ်နေကြောင်း သတိပြုမိသွားလေ၏။

ထန်ကျန်းမန်အား တားဆီးထားသည့် အမျိုးသားတစ်ယောက်က ရှေ့ထွက်လာကာ လက်ဆန့်ထုတ်ရင်း ကာဆာနိုအား ပြောလိုက်သည်  “ တာဝန်ခံချုပ် ကာဆာနို … ထန်ကျန်းမန်က ကျုပ်တို့လူလေးယောက်ကို သတ်ပစ်ခဲ့တယ်။ သူမကို အခုခေါ်သွားမလို့ပါ ”

ယခု ကာဆာနိုက ထန်ကျန်းမန်၏ ဒဏ်ရာ ဇာစ်မြစ်အကြောင်း နားလည်သွားတော့သည်။ သူက ကျယ်ကျယ်လောင်လောင် အမိန့်ပေးလိုက်လေ၏  “ ထန်ကျန်းမန်က အာကာသညွှန်ကြားရေး အဖွဲ့ရဲ့ ကြယ်သုံးလုံး ပါရမီရှင်ပဲ …. မင်း ဘယ်သူဖြစ်ဖြစ် ဂရုမစိုက်ဘူး။ သူမကို ခေါ်သွားပိုင်ခွင့် မရှိဘူး ”

သူက ထိုလူလက်ကို ဆွဲကာ နှုတ်ဆက်ချင်စိတ် မရှိတော့လောက်အောင်အထိ ဒေါသထွက်နေမိသည်။ ထိုလူများက ကြယ်သုံးလုံးစာမေးပွဲတွင် အမှတ်ပြည့်ရထားသော ကျောင်းသူအား သေနတ်နှင့် ပစ်ခဲ့သည်။ ဤသည်မှာ အတော်လေး သတ္တိကောင်းသော အပြုအမူ ဖြစ်၏။

“ အို တကယ်လား ” ထန်ကျန်းမန်အား ခေါ်ဆောင်သွားတော့မည့်လူက အေးစက်စွာ ရယ်မောလိုက်ပြီး  “ ကျုပ်က ရှားမိသားစုအဖွဲ့အစည်းကပဲ … တာဝန်ခံချုပ် ကာဆာနို .. ကျုပ်တို့ ရှားမိသားစုရဲ့ လူကို စိတ်ကြိုက်သတ်နိုင်တယ်လို့ ဆိုလိုချင်တာလား ”

ထိုအရာက ကာဆာနိုအား ကြောင်အမ်းသွားစေသည်။ အကယ်၍ အာကာသညွှန်ကြားရေး အဖွဲ့ ကြောက်ရွံ့ရသည့် တစ်စုံတစ်ယောက် ဒါမှမဟုတ် တစ်ခုခုဆိုလျှင် ရှားမိသားစုသာ ဖြစ်၏။ ရှားမိသားစုသည် အာကာသညွှန်ကြားရေး အဖွဲ့က အသည်းအသန် လိုအပ်နေသည့် ခန္ဓာကိုယ်လေ့ကျင့်ရေး ဆေးရည်ကို ထိန်းချုပ်ထားပေသည်။ ထိုအကြောင်းအရင်းကြောင့် ရှားမိသားစုက အဖွဲ့အစည်းမှ ပိုက်ဆံအမြောက်အမြား ရပေ၏။

***

All Chapters