အခန်း (၁၁၀)
Vol. 8 Ch. 110
"ဟုတ်ကဲ့ရှင့်..."စုန့်ကျား ဖြေပြီးနောက် ချက်ချင်း ဖုန်းချလိုက်၏။
"လင်းရီ လီတဲ့ထျန်က နင့်ကို သူ့ရုံးခန်းထဲ လာခဲ့တဲ့..."
"သူ့ရုံးခန်းက ဘယ်မှာလဲ..."
"ဘီရှော့ 608"
"အိုကေ..ငါခုပဲ သွားလိုက်မယ်..."
"လင်းလေး..မင်း သူ့ဆီသွားမယ်ဆိုရင် နိမ့်နိမ့်ချချနေနော်..ပြီးတော့ အားလုံးကိုလည်း တောင်းပန်လိုက်..အဲ့တာဆို ပြဿနာက သေးသွားနိုင်တယ်..မဟုတ်ရင်တော့ မင်း အလုပ်ဖြုတ်ခံ ရနိုင်ချေ များသွားပြီ..."လီရှင်းပန်း အကြံတစ်ချို့ ပေးလိုက်သည်။
"အဆင်ပြေပါတယ်..ကျုပ်ဘာလုပ်နေလဲဆိုတာ သိပါတယ်..."
လင်းရီ လေကလေး တချွန်ချွန်ဖြင့် လီတဲ့ထျန် ရုံးခန်းသို့ သွားလိုက်၏။
ကော်မတီရုံးမှာ ဘီရှော့လမ်းတွင် ရှိသော်လည်းအထပ်မတူပေ။ မိနစ်အနည်းငယ် ကြာပြီးနောက် လင်းရီ လီတဲ့ထျန် ရုံးခန်းဆီသို့ ရောက်ရှိသွား၏။
သူနဲ့ ခုလေးတင် ဆုံခဲ့သည့် ဖူကျားကျွင်းကတော့ ဆိုဖာပေါ်တွင် ထိုင်ပြီး သူ့ကို စပ်ဖြီးဖြီး လုပ်ပြနေလေသည်။
"လင်းရီ တော်တော် အချိန်မှန်တဲ့ကောင်..ချက်ချင်းကြီး ရောက်ချပါလား..အထုပ်တွေကော သိမ်းပြီး သွားပြီလား..."
လင်းရီ ထိုင်ခုံတစ်လုံး ဆွဲ၍ ထိုင်လိုက်ပြီး "လုပ်ပါ ခင်များတို့ ကျုပ်ကို ဘယ်လို အကြောင်းပြချက် ဆန်းကြီးတွေနဲ့ အလုပ်ထုတ်မလဲဆိုတာကြားချင်လှပြီ..."
"အဟွတ် အဟွတ် အဟွတ်...."
လီတဲ့ထျန် ချောင်းအနည်းငယ် ဟန့်လိုက်ပြီ တည်ငြိမ်ချင်ယောင်ဆောင်လိုက်သည်။
"ဆရာလင်း...ငါမင်းရဲ့ အလုပ်လျှောက်လွှာကို ခုလေးတင် ကြည့်ထားပြီးပြီ..မင်းက ဒီအလုပ်နဲ့ မသင့်လျော်ဘူး..တခြားအလုပ်ပဲ ရှာလိုက်တော့ကွာ..."
"ဟမ့် ...တော်တော်ကြီးဆန်းတဲ့ အကြောင်းပြချက်ကြီးပါလား...."
"ဆရာလင်း...ငါ့ကို အထင်မလွဲနဲ့...ဒီတိုင်း မင်းရဲ့ ပညာအရည်အချင်းက ကော်မတီ အဖွဲ့၀င်ဖြစ်ဖို့ မထိုက်တန်ဘူးလို့ ဆုံးဖြတ်ပေးရုံပဲ..ငါလည်း အဲ့ဒီအတွက် ဘာမှ လုပ်မပေးနိုင်ဘူး... "
လီတဲ့ထျန် မတတ်နိုင်သည့် အမူအရာဖြင့် ပြောလိုက်၏။
ကလင် ကလင် ကလင်
ထိုအချိန် အိတ်ကပ်ထဲရှိ လင်းရီ၏ ဖုန်းမြည်လာပြီး အမည်မသိ နံပါတ်ပင်။
"ဆရာလင်းလားဗျ..."
အသံက အနည်းငယ် ရင်းနှီးနေ၏။ ခဏမျှ စဉ်းစားပြီးနောက် လင်းရီ ကျောက်ချီ၏ အသံဖြစ်မှန်း ရိပ်မိသွားတော့သည်။
"ဘာကိစ္စလဲ..."
"ကျုပ်ဂုဏ်ပြုလွှာ ပြင်ဆင်ပြီးသွားပြီ...လက်မှတ်ထိုးဖို့ ရုံးခန်းကို ကြွခဲ့ပေးပါလားဗျ..."
"ကျုပ်က အလုပ်ဖြုတ်ခံရတော့မယ်ဆိုတော့ လက်မှတ်ထိုးဖို့ မဖြစ်နိုင်တော့ဘူးထင်တယ်..ဘ၀ခရီးက အရှည်ကြီးပါ..ရေစက်ရှိရင်တော့ ပြန်ဆုံကြတာပေါ့ဗျာ...."
"အာ...အလုပ်ထုတ်ခံရတယ်.....ဟုတ်လား"
ကျောက်ချီအသံ မြင့်တက်သွားပြီး "ကျုပ်က တက္ကသိုလ်ရဲ့ အုပ်ကြီးပဲ...ကျုပ်ကတောင် ဘာမှ မပြောရသေးတာ ဘယ်သူက အလုပ်ထုတ်ရဲတာလဲကွ..."
"လီတဲ့ထျန်...."
"ဘယ်မှာလဲ ကျုပ်အခုပဲ လာခဲ့မယ်"ကျောက်ချီ အော်ဟစ် ကြိမ်းမောင်းလိုက်ပြီး "အဲ့သေချင်းဆိုးတွေ တော့ ဒီနေ့ ဘယ်လို ပညာပြပေးမလဲဆိုတာ ကြည့်ထားလိုက်..."
"ခု သူ့ရုံးခန်းထဲမှာ..."
"ကောင်းပြီ ..ကျုပ်ခုပဲ လာနေပြီ..."
"အိုကေ..လာခဲ့လိုက်..."
ဖုန်းချပြီးနောက် လီတဲ့ထျန်၏ အမူအရာမှာ အနည်းငယ် ထူးဆန်းသွားပြီး "ဆရာလင်း..ဘယ်သူ ဖုန်းဆက်လာတာလဲ.."
"အေးဆေးပေါ့...ခဏနေ ခင်များ သူ့ကို တွေ့ရတော့မှာပါ..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်၏။
"ဦးလေး..သူပြောတာတွေ ခေါင်းထဲ ထည့်မနေနဲ့..."ဖူကျားကျွင်း ပြောလိုက်ပြီး "အန်ကယ်က ဘယ်သူလဲ..လီတဲ့ထျန်လေ...ကျောင်းရဲ့ ဘော့စ်ကြီးပဲ..ဘယ်သူကမှ ဦးလေးကို မထိန်းချုပ်နိုင်ဘူး..."
လီတဲ့ထျန် ခေါင်းညိမ့်မိလိုက်သည်။ ကျောက်ချီကလွဲရင် သူက ကျောင်း၌ ဒုတိယ အာဏာ အရှိဆုံးပင်။ မည်သူက သူ့ကို ဘာများ လုပ်နိုင်မည်နည်း။
ထို့ပြင် လင်းရီမှာ ကျောင်းကော်မတီ အဖွဲ့၀င်လေး တစ်ဦးသာ..အဘယ်အရာကို စွမ်းဆောင်နိုင်လိမ့်မည်နည်း။
အကယ်၍ သူ့တွင့်သာ အားကောင်းသော အဆက်အသွယ်များရှိပါက ကော်မတီ၀င်မျှနှင့် ရပ်တန့်နေလိမ့်မည် မဟုတ်ပေ။
"ဟမ့်..ငါအထင်တော့ မင်း ကြိုးစား ရုန်းကန်နေတာ တွေရပ်ပြီးတော့ အထုပ်ပြင်သင့်ပြီထင်တယ်..."
ဖူကျားကျွင်း လင်းရီကို ပြုံး၍ ပြောလိုက်၏။
"တကယ်လို့ မင်းက မှားမှန်း သိသွားပြီ ဆိုရင်တော့ ငါမင်းကို အခွင့်အရေး ပေးလို့ရတယ်...ဒါပေမယ့် ကော်မတီရုံးမှာတော့ မရဘူး..တံခါးစောင့်ရာထူးပဲ ရမယ်...ဘာလို့ဆို မင်းက ခွေးလိုမျိုးပဲ ခြံလုံအောင် စောင့်သင့်တာလေ....ဟားဟား....."
ဂျလောက်...
ထိုအချိန်တွင် ရုံးခန်း တံခါး ပွင့်လာပြီး ကျောက်ချီ အပြင်ဘက်မှ ၀င်လာခဲ့၏။
"ကျောင်းအုပ်ကြီးကျောက်..."
လုတဲ့ထျန်နှင့် ကျားကျွင်းတို့ အံ့အားသင့်သွားကြသည်။ သူတို့ ကျောက်ချီ အကြောင်းမကြား ဘာမကြားရောက်လာလိမ့်မည်လို့ မျှော်လင့်မထားခဲ့ပေ။ .
"ဘာတွေ ဖြစ်နေတာလဲ..."ကျောက်ချီ မေးလိုက်၏။
လီတဲ့ထျန် ပြုံးလိုက်ပြီး "ဒါက ကျောင်းကော်မတီက ဆရာလင်းတဲ့..ကျုပ်ခုလေးတင် သူ့ရဲ့ စီဗွီဖောင်ကို ပြန်ကြည့်လိုက်တော့ သူက ကျုပ်တို့ ပင်းချန်ကျောင်းရဲ့ ကော်မတီ၀င် ဖြစ်ဖို့ မတန်ဘူး..ပြီးတော့ ဒီတိုင်း သာမန် တက္ကသိုလ်က ဘွဲ့တောင်မရသေးတဲ့ ကျောင်းသားလေး သာသာပဲ ရှိတာ.....အဲ့တာကြောင့် ကျုပ်သူ့ကို အကျိုးသင့် အကြောင်းသင့် ပြောပြနေတာပါဗျ"
"သောက်ရေး မပါတာ...."
ကျောက်ချီ ကျိန်ဆဲလိုက်သောအခါ လီတဲ့ထျန်နှင့် ဖူကျားကျွင်းတို့ အံ့အားသင့်သွားကြသည်။
"ဥက္ကဌကျောက်..ဘာဖြစ်သွားတာလဲ ...ဘာလို့ ဒေါသတွေ ထွက်နေတာလဲ..."
ကျောက်ချီမှာ ဒေါသထွက်လွန်းပြီး အသက်ပင် ၀အောင် မရှူနိုင်တော့ဘဲ "မင်း ...လင်းရီက ဘယ်သူလဲဆိုတာ သိလား...ငါကိုယ်တိုင်တောင်မှ တောင်းတောင်းပန်ပန်နဲ့ ဂုဏ်သရေရှိ ဒုကျောင်းအုပ်ကြီး ပေးဖို့ လုပ်ထားရတာကွ...အဲ့တာကိုတောင်မှ မင်းက သူ့ကို ထုတ်ပစ်ချင်နေတယ်ပေါ့......မင်း လွတ်သွားပြီလားကွ...."
"ဘာ....ဂုဏ်သရေရှိ ဒုကျောင်းအုပ်..."
လီတဲ့ထျန်နှင့် ဖူကျားကျွင်းတို့ ပါးစပ် အဟောင်းသား ဖြစ်သွားကြပြီး မေးများပြင် ကြမ်းပြင်နှင့် ထိတော့မယ်။
သူတို့ အံ့ဩလွန်း၍ စကားပင် မဆိုနိုင်ကြတော့...
"အေး..မင်းမသိရင် ငါပြောပြမယ်...လင်းရီက လုံရှင်း သုတေသန စင်တာရဲ့ ဒါရိုက်တာ..ပြီးတော့ တက္ကသိုလ်အတွက် လိုအပ်တဲ့ ဓာတ်ခွဲခန်းသုံး ပစ္စည်းတွေ လှူထားတာကလည်း သန်းနှစ်ဆယ် ဖိုးလောက် ရှိတယ် အဲ့တာတောင် မင်းက လင်းရီကို အလုပ်ထုတ်ချင်နေတယ်ဆိုတော့ ဒီမှာ အလုပ်ဆက်မလုပ်ချင်တော့ဘူးနဲ့ တူတယ်... "
"သူ.....သူက လုံရှင်း သုတေသန စင်တာရဲ့ ဒါရိုက်တာ...."
လီတဲ့ထျန် လုံရှင်း သုတေစင်တာအကြောင်း ကြားဖူး နား၀တော့ ရှိသည်။ သို့သော်လည်း လင်းရီက ထိုမျှ ကြီးမားသော သုတေသန စင်တာ၏ ပိုင်ရှင် ဖြစ်နေလိမ့်မည်လို့တော့ ထင်မထားခဲ့။
"သူ...သူက ကျောင်းကော်မတီမှာ အလုပ်လုပ်တဲ့ ၀န်ထမ်း မဟုတ်ဘူးလား....သူက ဘာမှ မဟုတ်တဲ့ကောင်လေ...."
"ကျောင်းကော်မတီ ၀န်ထမ်း...."ကျောက်ချီ နှာခေါင်း ရှုံးလိုက်ပြီး "မစ္စတာလင်းကို မင်းတို့လို မျိုးများ မှတ်နေလား...သူက အင်မတန်မှ နှလုံးသား ကြီးမားတဲ့လူ...နိုင်ငံ့ရဲ့ ပညာရေး အတွက် သူ့ကိုယ်သူတောင် အနစ်နာ ခံပြီးတော့ ဒီမှာ ကျောင်းဆရာ လာလုပ်နေတာ...အဲ့တာကိုတောင်မှ မင်းတို့လို အောက်တန်းစား ကောင်တွေက ကြီးမြတ်တဲ့သူကို ဒီလိုပဲ ဆက်ဆံ ကြတယ်ပေါ့...တော်ပြီ...မင်းတို့ကို ဒီမှာ ဆက်မထားနိုင်တော့ဘူး...အလုပ်ထွက်စာ တင်လိုက်ကြတော့..."
ဖူကျားကျွင်း အံ့အားသင့်သွားခဲ့သည်။
သူ တက္ကသိုလ် တွဲဖက် ပါမောက္ခဟူသော ရာထူးရရန် များစွာ ရင်းနှီး ထားရ၏ ။သို့သော်လည်း သူ တင်ပါးနွေးအောင်တောင် မထိုင်ရသေးခင် အလုပ်ထုတ်ခံလိုက်ရချေပြီ။
လီတဲ့ထျန်၏ အခြေနေမှာလည်း ဖူကျားကျွင်းအောက် မလျော့ချေ။
သူသည်လည်း နဂိုက ကျောက်ချီအောက် ရာထူး တစ်ဆင့်သာ နိမ့်ပြီး ကျောင်းတွင် အာဏာ အတော်အတန်ရှိသူ ဖြစ်သည်။ မည်သူကမျှ ထုတ်မပြောသော်လည်း အားလုံးက အသိအမှတ်ပြုထားကြ၏။
သို့သော်လည်း ယနေ့တွင် သူတို့ မထိပါးသင့်သော သူကိုမှ ထိပါးမိသောကြောင့် နှစ်ပေါင်းများစွာ ကြိုးစား တည်ဆောက်လာခဲ့ရသော သူ၏ အာဏာ အလုံးစုံတို့မှာ နေ့ချင်းညချင်း ကွယ်ပျောက်ရပေတော့မည်။
ကျောက်ချီမှာ ပညာရေး ဌာနတွင် အဆက်အသွယ် အင်အား ကောင်းလွန်းသောကြောင့် သူဖုန်းတစ်ချက် ဆက်သည်နှင့် လီတဲ့ထျန် အလုပ်ဖြုတ်ခံရမည်မှာ မလွဲဧကန်ပင်။ ယခု ကျောက်ချီမှ သူ့ကို ထုတ်မည် ပြောနေသောကြောင့် သူအလုပ်ပြုတ်မည်မှာ သေချာသလောက် ဖြစ်နေ၏။
"ဥက္ကဌကြီးကျောက်...ကျပ်..ကျုပ်တို့ဘက်က မှားတာပါဗျာ...တောင်းပန်ပါတယ်...နောက်ထပ် အခွင့်ရေး တစ်ခါလောက်ပဲ ပေးလို့ ရမလား.."
လီတဲ့ထျန် ၀မ်းနည်းနေသည့် မျက်နှာထားဖြင့် ပြောလိုက်၏။
"ကျုပ်တို့ လက်တွဲလုပ်လာတာ ဒီလောက် နှစ်တွေ ကြာနေပြီ...ခင်များ ကျုပ်တို့ကို ဒီတိုင်း ကန်ထုတ်လိုက်လို့ မရဘူးလေ..."
"ကန်ထုတ်တယ်...မင်းတို့ကို...."ကျောက်ချီ နှာခေါင်းရှုံ့လိုက်ပြီး "ခေါင်းပါ ရင် သေချာ စဉ်းစားလိုက်ဦး...ငါမင်းတို့ကို အခွင့်ရေး ဘယ်နှစ်ခါတောင် ပေးထားပြီးပြီလဲ...ဖူကျားကျွင်းလိုကောင်မျိုးက ဘာလို့ တွဲဖက်ပါမောက္ခ ဖြစ်လာတယ် ထင်လဲ...."
"ပြီးတော့ မင်း ဒီနေရာကနေ ငွေတွေ ဘယ်လောက်တောင် ဝိုက်ထားပြီးပြီလဲဆိုတာကော မှတ်မိလား..ငါ မသိချင်ယောင် ဆောင်နေခဲ့တာ များနေပြီနော်..."
၎င်းကိုကြားတော့ လီတဲ့ထျန် လုံး၀ အံ့အားသင့်သွားခဲ့သည်။ ယခုတော့ သူပြန်လည် အယူခံ ၀င်ရန် မည်သို့မျှ ဖြစ်နိုင်တော့မည် မဟုတ်ချေ။
ဖြန်း....
လီတဲ့ထျန် ဖူကျားကျွင်း မျက်နှာကို ပိတ်ရိုက်လိုက်ပြီး "အဲ့တာ မင်းရဲ့ သောက်သုံးမကျတဲ့ အမှားပဲ..မိန်းကလေးတစ်ယောက်အတွက်နဲ့ ငါ့ကို အလုပ်ပြုတ်အောင် လုပ်တယ်ပေါ့...."
"ကျွန်တော်လည်း တမင်သက်သက် လုပ်တာမှ မဟုတ်တာ..သူ့မှာသာ ဒီလောက်ကောင်းတဲ့ နောက်ခံ ရှိမယ်မှန်း သိရင် ကျုပ်မှာ လုပ်ရဲတဲ့ ဘောတွေ ရှိမယ် ဆိုရင်တောင်မှ မလုပ်ရဲပါဘူးဗျာ..."
"ကောင်းပြီ ..ငါဆက်ပြီး မပြောချင်တော့ဘူး...အလိုက်တသိနဲ့ ကိုယ့်ဘာကိုယ် ထွက်သွားလိုက်ကြတော့..."
"ဟုတ် ဟုတ်ကဲ့ပါဗျ..ကျုပ်တို့ခုပဲ စသိမ်းနေပါပြီ...."
လင်းရီကတော့ ဖြစ်ပျက်နေသမျှကို လျစ်လျူရှုပြီး လက်မှတ်ထိုးရန် ကျောက်ချီရုံးခန်းထဲသို့ သွားလိုက်၏။
"အဲ့လောက်ဆို ရပြီမလား..."လင်းရီ ပြောလိုက်၏။
"ဟုတ် ရပါတယ်ဗျ..."ကျောက်ချီ ခေါင်းညိမ့်လိုက်၏။
"ကျုပ် အတည်ပြုစာကို နေ့လည်ကျရင် ရဲစခန်း ပို့ထားပေးလိုက်ပါ့မယ်...အဲ့နေရာက တံဆိပ်တုံး ရပြီဆိုတာနဲ့ အတည်ဖြစ်သွားပါပြီ..."
"အဲ့တာဆိုရင်တော့ ဒုက္ခပေးမိပြီ ဥက္ကဌကျောက်..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်လေသည်။
"ရပါတယ်ဗျာ...မစ္စတာလင်းက ကျောင်းကို ဒီလောက်ထိ အကျိုးပြုထားမှတော့ ကျုပ်ဘက်က ဒီလောက်လေးတော့ လုပ်ပေးသင့်တာပေါ့..."ကျောက်ချီ ပြောလိုက်၏။
"ဆရာလင်း ကျုပ် ခင်များအတွက် ရုံးခန်း တစ်ခု စီစဉ်ပေးရင်ကော..ကော်မတီ ရုံးခန်းက သေးလွန်းပြီးတော့ အဆက်ပြေမှာ မဟုတ်ဘူး..."
ကျောက်ချီ အပြုံးလေးဖြင့် ပြောလိုက်လေသည်။
"ကျုပ်က သိုင့်ကျင့်မှာမှ မဟုတ်တာ..စားပွဲတစ်လုံးရှိရင်ကို အဆင်ပြေနေပြီ..ပြီးတော့ ကျုပ်က ကျောင်းမှာလည်း အမြဲတမ်း ရှိနေမှာ မဟုတ်ဘူးလေ..အလကား ပိုက်ဆံ ကုန်နေမယ် လုပ်မနေနဲ့...."
"ဟုတ်ကဲ့ ဆရာလင်းက နိမ့်နိမ့်ချချ နေချင်တယ်ဆိုတာ နားလည်ပါတယ်ဗျ...ဆရာလင်း ကျောင်းမလာရင်တောင်မှ ကိစ္စမရှိဘူး..ဘယ်သူကမှ ဆရာလင်းကိုအပြစ်မဆိုစေရဘူး...ဆရာလင်း နာမည် ပြောလိုက်တာနဲ့ အားလုံး အဆင်ပြေစေရမယ်...."
"အဲ့တာဆိုရင်တော့ ဥက္ကဌကျောက်ကို ကျေးဇူးတင်ပါတယ်ဗျ ...တကယ်လို့ တခြား ဘာကိစ္စမှ မရှိတော့ဘူး ဆိုရင် ကျုပ်သွားနှင့်တော့မယ်..."
"ကျုပ်လိုက်ပို့ပေးပါ့မယ်ဗျ...."
"ရတယ်..ကျုပ် လမ်းသိတယ်..."
"ဘယ်ရမှာတုန်းဗျ..ကျုပ် လိုက်ပို့ပေးမယ်..."
သို့ဖြင့် လင်းရီလည်း ရွေးချယ်စရာမရှိပဲ ကျောက်ချီနှင့်အတူ ပြန်လာခဲ့လိုက်ရလေသည်။
.....
စုန့်ကျားနှင့် ကျန်သူများကတော့ ရုံးခန်းထဲတွင် မီးခဲ ဖင်ဖု ထိုင်နေရသကဲ့သို့ ဖြစ်နေလေ၏။
လင်းရီ ပြန်လာသည်နှင့် အထုပ်သိမ်းကာ ထွက်သွားရတော့မည်ဖြစ်ကြောင်း နားလည်ထားကြသည်။
သူမတို့ ဘာလုပ်သင့်လဲ...