အမြွာ မျှော်စင်
Vol. 8 Ch. 112
သူမ အတွေးထဲ ပျော်မြူးနေချိန်တွင် နောက်မှ ရင်းနှီးနေသည့် အသံကို ကြားလိုက်ရသည်။
သူမ နောက်လှည့်ကြည့်လိုက်သောအခါ လင်းရီမှ သူ့ကို အပြုံးဖြင့် ကြည့်နေသည်ကို မြင်တော့ ကျီချင်းရန် တုန်လှုပ်သွားပြီး "နင်...နင်က ကျိုကျုံးဗီလာမှာပဲ ရှိသေးတာ မဟုတ်ဘူးလား..."
"အဟွတ် အဟွတ် အဟွတ်.."
လင်းရီ အကြိမ်ရေ အနည်းငယ်ခန့် ချောင်းဆိုးလိုက်ပြီး "သရက်သီးအရသာ နှုတ်ခမ်းနီလေးအကြောင်း အရင်ပြောကြတာပေါ့..ဟီးဟီး..."
ကျီချင်းရန်မှာ ယခုထိတိုင် ရှုပ်ထွေးနေပြီး လင်းရီ ဆိုလိုချင်နေသည်ကို သတိမမူမိသေးချေ။
"နင်...နင်က အရမ်းမြန်တာပဲ..."
"အာ...ဘော့စ်ကျီကလည်း အဲ့လိုကြီး မပြောစမ်းပါနဲ့...ကံဆိုးတတ်တယ်..."
"ငါသိပြီ..နင်ငါ့ကိုနောက်တစ်ခါ လှည့်စားသွားပြန်ပြီမလား..."ကျီချင်းရန် စိတ်ဆိုးစွာ ပြောလိုက်ပြီး "နင်က အိမ်မှာ မဟုတ်ဘူး..ဒီဟိုတယ်မှာပဲ တစ်ချိန်လုံး ရှိနေတာ မလား။..."
"ငါ ကျိုကျုံးဗီလာမှာ ရှိတယ်လို့ ပြောမိလို့လား..."လင်းရီ ပြောလိုက်ပြီး "မင်းဘာမင်းပဲ ပြောတာ မဟုတ်ဘူးလား..."
"ဟွန့် နင်ကတော့ သူများကို ဘယ်လို အနိုင်ကျင့်ရမလဲ ဆိုတာပဲ သိတယ်..."
လင်းရီ စကားပြောနေတာ ရပ်လိုက်ပြီး ဘေးပတ်ပတ်လည်ကို ကြည့်၍ "ငါဘာ ကူညီပေးရဦးမလဲ..."
"ရပြီ ငါ့မှာ လုပ်ပေးမယ့် လူတွေ လောက်တယ်..."ချင်းရန် ပြောလိုက်ပြီး "နင်က ထိုင်စရာ နေရာ ရှာထားလိုက် ..ညီလာခံ သေးသေးလေး ဆိုပေမယ့် အချိန်တော့ နည်းနည်း ကြာမှာပဲ..နင်က ထိုင်ပြီး စောင့်နေလိုက်ပေါ့..."
ကျီချင်းရန် ၏ စိတ်ထဲတွင်တော့ လင်းရီမှာ ဘာမျှ လုပ်ရန် မလိုအပ်ပေ။ သူထိုင်ပြီး သူမကို အားပေးနေသည်နှင့် လုံလောက်၏။
"အဲ့ဒါဆိုလည်း ကောင်းပြီလေ..တကယ်လို့ အကူညီလိုရင် ငါ့ကို ခေါ်ဖို့ မမေ့နဲ့နော်"
" အေးပါဟဲ့.."
"အဲ့တာ မတိုင်ခင် နှုတ်ခမ်းနီ ပြဿနာကို အရင် မဖြေရှင်းသင့်ဘူးလား..."
ကျီချင်းရန်၏ မျက်နှာ မက်မွန်သီးအမှည့်ကဲ့သို့ ဖြစ်သွားပြီး
"နင်က ေ-သချင်နေလို့လား..ဒီမှာ လူတွေအများကြီးလေ..ပွဲပြီးမှ ဆက်ပြောကြမယ်..."
"ဒါပေါ့..ငါ့မှာလည်း အချိန်တွေ အများကြီး ရှိသေးတော့ အေးဆေး.."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်လေသည်။
"ကောင်စုတ်..တစ်ချိန်လုံး ငါ့ကိုပဲ အခွင့်ရေး ယူနေတယ်..."
ထို့နောက် လင်းရီ ထောင့်တစ်နေရာ၌ နေရာရှာပြီးထိုင်လိုက်၏။ နောက်တန်းရှိ ဧည့်သည် အမျိုးသမီးများကတော့ လင်းရီကို အရောင်တောက်နေသော အကြည့်များဖြင့် ငမ်းနေကြ၏။
"အဲ့နားက ဘယ်သူလေးလဲ..အရမ်းချောတာပဲနော်..."
"ငါတော့ မရတော့ဘူး...ငါ့စိတ်မထိန်းနိုင်တော့ဘူးကောင်မတွေရဲ့...."
"နင်က ခုမှ ကလေးမွေးထားတာ အနာတောင် မကျက်သေးဘူး..ဒါတောင် စိတ်က မထိန်းနိုင်ဘူးလားဟဲ့.."
လင်းရီကတော့ တည်ငြိမ်စွာ ထိုင်နေပြီး ဘယ်သူ ဘာပြောပြော လျစ်လျူရှုထားလိုက်၏။
မိနစ်အနည်းငယ်ခန့်ကြာသော် ၀မ်ရင်း လျို့ဝှက်စွာ ရောက်လာခဲ့ပြီး "ငါခုလေးတင် ဥက္ကဌကျီ နင်နဲ့ ရယ်မောနေကြတာတွေ့လိုက်တယ်....နင်တို့ နှစ်ယောက်ကြား ဘာမှတော့ မဖြစ်ထားဘူးမလား..."
"ဘာများ ဖြစ်နိုင်မှာလဲဗျ..အစ်မရင်းကတော့ အတွေးလွန်ပြန်ပါပြီ"
"တစ်ခုခု ဖြစ်ထားရင်တော့ မကောင်းဘူးနော်..."၀မ်ရင်း ပြောလိုက်ပြီး "ငါတို့ ဘော့စ်ရဲ့ အမူအကျင့်နဲ့ဆိုရင် နင်အရမ်း ကံကောင်းမှပဲရမှာ.."
"ဘာလို့လဲ အစ်မရင်းက မနာလိုနေတာလား..."
"ငါတို့က အဆင့်ချင်းမတူပါဘူးလေ...ဘာလို့ သ၀န်တိုရမှာလဲ..."၀မ်ရင်း ပြောလိုက်ပြီး "နင်လည်း နင့်ထက် ချမ်းသာတဲ့ သူဌေးသားတွေကို မနာလိုဖြစ်လိမ့်မယ်..ဒါပေမယ့် နင့်ထက်များကြီး ချမ်းသာနေတဲ့ ဂျက်မားကိုတော့ မနာလို မဖြစ်ဘူးမလား..အဲ့သဘောပဲလေ..."
လင်းရီ ပြုံးလိုက်မိသည်။ ထိုသို့ ဖြစ်သွားပုံပင်။
"ဘာလို့ နောက်ကျနေတာလဲ..Didi မောင်းနေတုန်းပဲလား..."၀မ်ရင်း သာမန်အတိုင်း မေးလိုက်၏။
"ဘယ်နားကသာ..ကျွန်တော် မောင်းရတာ ပျင်းလာလို့ ကျောင်းအလုပ် ပြောင်းလုပ်နေတာ..."
"မဆိုးပါဘူး..စာသင်ပေးနေတယ်ပေါ့..."၀မ်ရင်း အပြုံးလေးဖြင့် ပြောလိုက်လေသည်။
"ဘ၀ကြီးကိုက ခံစားနေရတာပဲလေ...အချိန်ပြည့် အလုပ်လုပ်ပြီး ကိုယ့်ဘာကိုယ် ဘာလို့ နှိပ်စက်နေမှာလဲ..တစ်ခါတစ်လေလည်း စိတ်ထွက်ပေါက်အဖြစ် ကိုယ်ကြိုက်တာလေးတွေ လုပ်သင့်တာပေါ့..."
"အဓိပ္ပာယ်တော့ရှိသား.."၀မ်ရင်း ပြောပြီးနောက် ပတ်၀န်းကျင်ကို တစ်ချက်ကြည့်၍ အသံနိမ့်လိုက်ပြီး "ဒါနဲ့ နင်မနက်ဖြန်ည အားလား..."
"အားပါတယ်ဗျ...ဘာလဲဖြစ်လို့..."
"ငါခုလေးတင် စာရထားတယ်..ငါ့ယောက်ျားက ခရီးထွက်တော့မှာလေ..အဲ့တာ အစ်မကြီးက နင့်ကို ညစာ ကျွေးချင်လို့..."
လင်းရီ မနေနိုင်ပဲ ရယ်လိုက်မိသည်။ သူမ အသံနိမ့်ပြောတာ မထူးဆန်းတော့ချေ။ တစ်ယောက်ယောက်သာ ကြားသွားမည်ဆိုပါက အထင်လွဲသွားလောက်၏။
"ရပါတယ်ဗျ..မနက်ဖြန်ကျ ကျွန်တော့်ဆီ ဖုန်းဆက်လိုက်လေ..."
"ကောင်းပြီ အတည်ဖြစ်သွားပြီနော်..."၀မ်ရင်း ပြောလိုက်ပြီး "ငါသွားတော့မယ်..နင်နဲ့ အတူ အဖော်လုပ်မပေးနိုင်တော့ဘူး..."
"ကောင်းပါပြီဗျ..."
၀မ်ရင်း ထွက်သွားပြီးနောက် နောက်တွင်ထိုင်နေသော အမျိုးသမီးများမှာ တိုးတိုး တိတ်တိတ်ဖြင့် ဆွေးနွေးကြတော့၏။
"မဖြစ်နိုင်လိုက်တာ..ဒီလောက်ချောမောတဲ့ ကောင်လေးက Didi ဒရိုင်ဘာကြီးတဲ့လား..."
"အဲ့တာ အရင်က မဟုတ်လား..သူခု တက္ကသိုလ်မှာ ကျူတာ လုပ်နေပါတယ်ဆို..."
"အဲ့တာကကော ဘာများ ပိုကောင်းသွားလို့လဲ..ဒါပေမယ့် သေချာတွေးကြည့်ရင်လည်း၀န်ထမ်းကတော်လုပ်ရတာလည်း မဆိုးပါဘူး..."
မကြာမီ ညီလာခံ အစည်းဝေးမှာ စတင်တော့သည်။
ညီလာခံ၏ အဓိကအကြောင်းအရင်းမှာ ချောင်ရန် အုပ်စု၏ ပရောဂျက်အသစ်ကို ချပြရန်ဖြစ်၏။
သူတို့ ချပြသည့်အချိန်တိုင်းလည်း ယခုကဲ့သို့ ညီလာခံများ ကျင်းပလေ့ရှိသည်။
လင်းရီကတော့ ထိုအကြောင်းအရာများကို စိတ်မ၀င်စားပဲ အချိန်ဖြုန်းရန် ဂိမ်းဆော့နေလိုက်သည်။
သို့သော်လည်း ထိုအချိန်တွင် သူ၏ စိတ်ထဲ၌ စနစ်မှ အကြောင်းကြားစာကို တွေ့လိုက်ရ၏။
[ဖုံးကွယ်ထားသော မစ်ရှင် - ပင်းချန်တက္ကသိုလ်၏ ဒုကျောင်းအုပ် ဖြစ်လာခြင်းကို ပြီးမြောက်သွားပါပြီ...]
[ဆုလဒ် - အတွေ့ကြုံမှတ် ၂၀၀,၀၀၀]
[အလုပ်ပြီးမြောက်နှုန်း : ၆၀% ]
[ဆုလဒ် - အမြွှာမျှော်စင်..]
ဟမ် ဒုကျောင်းအုပ်ဖြစ်တာက မနက်ခင်းကတည်းက မဟုတ်လား ..ဘာလို့ ခုမှလဲတဲ့
တခဏမျှ တွေးတောပြီးနောက် လင်းရီ ဘာတွေ ဖြစ်နေလဲဆိုတာ နားလည်သွားတော့၏။
သူမနက်ခင်းတုန်းက လက်မှတ်ထိုးလိုက်သော်လည်း စာရွက်စာတမ်းများမှာ အတည်ပြုရန် ပညာရေးဌာနသို့ ရောက်ရပေဦးမည်။ ထိုဌာနက အတည်ပြုပြီးမှသာ သူ့ထံ အကြောင်းကြားစာ ၀င်လာခြင်း ဖြစ်လောက်၏။
ထိုသို့ဖြင့် လင်းရီ အားလုံးကို ခြုံငုံ နားလည်သွားတော့၏။
တစ်ခုတည်းသော အရာမှာကတော့ အမြွှာမျှော်စင်ပင်။
ထိုကဲ့သို့ ရက်ရောလှသည့် ဆုလဒ်ကို မြင်တော့ လင်းရီ သူ့မျက်လုံးကိုပင် မယုံနိုင်တော့ချေ။
သူ ထိုမျှော်စင်အကြောင်း သတင်းတွေထဲတွင် တွေ့ဖူး၏။ အမြွှာမျှော်စင်မှာ ကျိုးဟိုင်ရှိ အထင်ကရ အဆောက်အဦး ဖြစ်ပြီး သာမန် အဆောက်အဦး မဟုတ်ချေ။
သိပ်မရင်းနှီးသောကြောင့်အသေးစိတ်အချက်အလက်ကိုတော့ လင်းရီ ပိုင်သုတွင် ရှာကြည့်လိုက်၏။
ပိုင်သု ပြောထားသည်ကတော့ အမြွှာမျှော်စင်မှာ ဆောက်လုပ်ပြီးစီးတာ မကြာသေးသည့် အဆောက်အအုံဖြစ်၏။ ထိုအဆောက်အအုံ နှစ်ခုမှာလည်း အမြွာကဲ့သို့ လုံး၀ တစ်ထပ်တည်းပင်။
တာဝါ နှစ်ခုလုံး၏ အမြင့်မှာ ၆၃၂ မီတာ ရှည်ပြီး ၁၁၉ ထပ်ရှိ၏။ ဆောက်လုပ်ရန်အတွက် အနည်းဆုံး ကုန်ကျငွေမှာတော့ ဒေါ်လာ ၁၄.၈ ဘီလီယမ်ပင်။
သို့သော်လည်း ဆောက်လုပ်ပြီးသည်နှင့် အမြွှာမျှော်စင်မှာ ကမ္ဘာ့ငွေကြေးစင်တာကို အစားထိုးသွားပြီး ကျိုးဟိုင်တွင် အမြင့်ဆုံး အဆောက်အဦး ဖြစ်လာခဲ့သည်။
အကြောင်းဆုံကို ဖတ်ရှုပြီးနောက် လင်းရီ အိပ်မက်မက်နေသကဲ့သို့ ခံစားလိုက်ရ၏။
ယခုကဲ့သို့ အမြွှာမျှော်စင်မှာ သူ၏ ပိုင်ဆိုင်မှု ဖြစ်လာလိမ့်မည်လို့ ထင်မထားခဲ့ချေ။
စနစ်ရဲ့ ဆုလဒ်တွေကတော့ ရက်ရောပြီးရင်း ရက်ရောလာတော့တာပဲဟ...
မကြာမီ လင်းရီထံ အမည်မသိ နံပါတ်တစ်ခု ခေါ်ဆိုလာပြီး သူမှန်းတာ မမှားပါက အမြွှာမျှော်စင်မှာ တာ၀န်ရှိသူပဲ ဖြစ်ပေရမည်။
"ဟယ်လို..မစ္စတာလင်းရီလားခင်ဗျ..."
"ကျုပ်ပါပဲ..."
"ကျွန်တော်က ယွမ်တုံး အုပ်စုရဲ့ ဒုဥက္ကဌ လော့၀မ်ပါဗျ မစ္စတာလင်းက ကျုပ်တို့ ဆောက်တာ မကြာသေးတဲ့ အမြွှာမျှော်စင်ကို ၀ယ်သွားတယ်ဆိုတော့ လုပ်ရိုးလုပ်စဉ်တွေအတွက် လူကိုယ်တိုင် တွေ့လို့ရမလား မသိဘူး..."
လော့၀မ် ယဉ်ကျေးစွာ ပြောလိုက်သည်။
"တကယ်လို့ မစ္စတာလင်းဘက်က အချိန်မရှိဘူးဆိုရင်လည်း ကျုပ်တို့ တစ်ယောက်ယောက်ကို စေလွှတ်လိုက်ပါ့မယ်..."
"မလိုဘူး..ကျုပ်မနက်ဖြန် လာခဲ့လိုက်မယ်..."
"ဟုတ်ကဲ့..မနက်ဖြန် ကိုးနာရီလောက်ဆိုရင်ကောဗျ..."
"ရတာပေါ့..."
"ဟုတ်ကဲ့ မနက်ဖြန် ကိုးနာရီ တွေ့ကြတာပေါ့ဗျာ..."
စကားအနည်းငယ် ပြောပြီးနောက် လင်းရီ ဖုန်းချလိုက်၏။ သူ အမြွှာ မျှော်စင်ကို မည်သို့ အသုံးချရမလဲဆိုတာ တွေးထားပြီးဖြစ်သည်။
လက်ရှိ သူ၏ လက်အောက်တွင် စီးပွားရေး လုပ်ငန်းများမှာ တစ်စထက်တစ်စ များပြားနေပြီ ဖြစ်၏။ ထို့ကြောင့် သူ၏ လုပ်ငန်းအားလုံးကို စုစည်း၍ ကုမ္ပဏီတစ်ခု၏ လက်အောက်တွင် ထားထားရန် စီစဉ်ထားသည်။ အကယ်၍ အထိန်းအကွပ် မရှိပါက သူလုပ်ထားသမျှ အားလုံးမှာ သဲထဲရေသွန် ဖြစ်သွားပေလိမ့်မည်။
အမြွှာ မျှော်စင်မှာလည်း သူ့စီးပွားရေး အင်ပါယာကြီး၏ အခြေစိုက်ရာ ဖြစ်လာပေလိမ့်မည်။
ထိုအကြောင်းကို စဉ်းစားပြီးနောက် လင်းရီ စနစ်၏ မျက်နှာပြင်ကို တစ်ဖန် ပြန်ကြည့်လိုက်သည်။
သုံးရက်မျှတာ ရှိသေးသော်လည်း ပြီးမြောက်မှုနှုန်းမှာ ၆၀%သို့ပင် ရောက်ရှိနေပြီ ဖြစ်၏။ အလုပ်အသစ်မှာ သူထင်ထားသည်ထက် စောပွင့်လာတော့မည့် ပုံပင်။
ထိုအကြောင်းတွေးရင်း လင်းရီ သူ၏ လက်နှစ်ဖက်ကို စိတ်လှုပ်ရှားစွာဖြင့် ပွတ်လိုက်မိသည်။
ဟီးဟီး သူ့ရဲ့နောက်အလုပ်အသစ်က ဘာများ ဖြစ်မလဲ......