← Chapters

ကြောက်မက်ဖွယ် ပါရမီရှင်

Vol. 61 Ch. 846

ကြောက်မက်ဖွယ် ပါရမီရှင်

Vol. 61 Ch. 846

“ သူမကို ခေါ်သွားလိုက်တော့ ” ကာဆာနိုက ကြောင်အမ်းနေသည်ကို တွေ့ပြီး ရှားမိသားစု လူက အေးစက်စွာ ရယ်မောလိုက်ပြီး နောက်တစ်ယောက်က ထန်ကျန်းမန်အား ခေါ်ဖို့ ရှေ့တိုးလာသည်။

“ ရွပ် …” အလင်းတစ်ချက် ဖြတ်ပြေးသွားပြီးနောက် သွေးများ စီးကျလာသည်။ ထန်ကျန်းမန်ဆီ သွားနေသော ထိုလူမှာ မျက်လုံးအပြူးသားဖြင့် မြေပြင်ပေါ် လဲကျသွားလေ၏။ သူ့လည်ပင်းမှ သွေးများ စီးကျနေပြီး သုံးလက်မ ရှည်လျားသော ဓားက သူ့နောက် မြေပေါ်တွင် ရှိနေသည်။ ထိုဓားက သူ့လည်ပင်းအား လုံးဝ ထိုးစိုက်ထားမိခြင်း ဖြစ်၏။

လွှမ်းမိုးမှုရှိသည့် အရှိန်အဝါနှင့် အရပ်ရှည်ရှည် အမျိုးသားက လျှောက်လှမ်းလာကာ ကျန်လူအား ကြည့်ရင်း “ ရှားမိသားစုလည်း အာကာသညွှန်ကြားရေး အဖွဲ့ရဲ့ ပါရမီရှင်ကို ခေါ်သွားလို့ မရဘူး ”

“ ဆရာရှီလီ ….” ကာဆာနိုက ထိုလူကို မြင်လိုက်သည့်အခါ စိတ်ပေါ့ပါးစွာ ရေရွတ်လိုက်တော့သည်။

“ ရှီလီ …. မင်းက အာကာသညွှန်ကြားရေး အဖွဲ့ရဲ့ ညွှန်ကြားရေးမှူး ဖြစ်နေရင်တောင် ရှားမိသားစုဝင်ကို မင်းစိတ်ကြိုက် သတ်လို့ မရဘူး ” ကျန်ရှိနေသည့် ရှားမိသားစု အမျိုးသားက ကျယ်ကျယ်လောင်လောင် အော်ပြောလိုက်သည်။

သို့သော်လည်း ရှီလီက ထိုလူအား အာရုံစိုက်မနေဘဲ ထန်ကျန်းမန်ကိုသာ နွေးနွေးထွေးထွေး ကြည့်လိုက်သည်  “ မင်းက မဆိုးဘူးပဲ … မစိုးရိမ်နဲ့တော့။ ရှားမိသားစုက ဘယ်လောက် သတ္တိကောင်းကောင်း အာကာသညွှန်ကြားရေး အဖွဲ့က လူကို ခေါ်သွားလို့မရဘူး။ တာဝန်ခံချုပ် ကာဆာနို ….ထန်ကျန်းမန်အတွက် ကုသရေး အခန်းတစ်ခန်း စီစဉ်ပေးလိုက်ပါဦး။ ပြီးရင် ကျုပ်ကိုယ်တိုင် သူမကို ခေါ်သွားလိုက်မယ် ”

ချီရှုမြို့သို့ လာရာလမ်းတွင် ရှီလီက အားလုံးကို စုံစမ်းစစ်ဆေးခဲ့၏။ ထန်ကျန်းမန်သည် အမှတ်ပြည့်နှင့် အောင်မြင်ထားသောကြောင့် ရှားမိသားစုက သူမကို မျက်စိကျကာ ခေါ်သွားလိုခြင်း ဖြစ်သော်လည်း သူမက သူတို့ရှားမိသားစုဝင် လေးယောက်ကို သတ်ပစ်ခဲ့သည်။ ချီရှုမြို့သို့ ထွက်ပြေးလာစဉ် ရှားမိသားစု လူများ၏ တားဆီးခြင်းကို ထပ်မံ ခံလိုက်ရသည်။

“ ငါ့ရှားမိသားစုက အာကာသညွှန်ကြားရေး အဖွဲ့နဲ့ ဆရာရှီလီတို့ကို အမြဲလေးစားတယ်ဆိုပေမဲ့လည်း ငါတို့က အာကာသညွှန်ကြားရေး အဖွဲ့ကို ကြောက်နေတာ မဟုတ်ဘူး။ ငါတို့ရှားမိသားစုရဲ့ လူတွေက တခြားသူတွေ စိတ်ကြိုက်သတ်လို့ရတဲ့ သူတွေ မဟုတ်ဘူး။ အဲထဲမှာ အာကာသညွှန်ကြားရေး အဖွဲ့ကလူတွေလည်း အပါအဝင်ပဲ …..” အေးစက်စက် အသံတစ်သံက နောက်မှ ပျံ့လွှင့်လာသည်။

ထို့နောက် အဝါရောင်ဝတ် အမျိုးသား တစ်ဦး ထွက်ပေါ်လာသည်။ ထိုအမျိုးသားက ၆ ပေ မြင့်မားပြီး အမျိုးသားတစ်ဦး ဖြစ်သော်ငြား ပိန်သွယ်သွယ် မျက်နှာမျိုး ရှိ၍ အတော်လေး ထူးဆန်းစေသည်။ ထိုအမျိုးသားနောက်တွင် အညိုရောင်ဝတ်စုံများနှင့် ခပ်တောင့်တောင့် လူငါးဦး ပါရှိ၏။

“ ရှားဖုန်းခွမ်းလား ” ရှီလီက သူ့ရှေ့မှ အမျိုးသားတစ်ယောက်က လွဲ၍ ကျန်ရှားမိသားစုဝင် အားလုံးကို လျစ်လျူရှထားနိုင်သည်။

ရှားဖုန်းခွမ်း၏ နာမည်မှာ နာမည်ပေးထားခြင်း မဟုတ်ဘဲ တိယွမ်ဂြိုဟ်ပေါ်ရှိ တိုက်ပွဲများမှ တဆင့် ထွက်ပေါ်လာခြင်း ဖြစ်ပေသည်။ ယခင်နေ့များက ထိုသေးသွယ်သွယ် မျက်နှာနှင့် အမျိုးသားက တိယွမ်ဂြိုဟ်ပေါ်ရှိ သားရဲအများအပြားကို သတ်ခဲ့သည်။ သူ တိုက်ပွဲဝင်သည်နှင့် အင်မတန် ခက်ထန်ကြမ်းတမ်းသော လှုပ်ရှားမှုများကို ထုတ်ဖော်လေ့ရှိသည်။ သူ ရင်ဆိုင်နေရသည်က အမျိုးသား ဖြစ်စေ၊ သားရဲဖြစ်စေ တစ်ဖက်လူ မသေမချင်း လုံးဝ နောက်မဆုတ်ပေ။

ရှီလီက သူနှင့် မတိုက်ခိုက်ဖူးသော်လည်း ထိုလူက တကယ့်ပါရမီရှင်မှန်း သိထား၏။ ရှီလီက သူတို့နှစ်ဦးကြားမှ အင်အားကွာခြားချက်ကိုလည်း ကောင်းကောင်း သိပေသည်။ သို့သော် သူ့အနေနှင့် ရှားဖုန်းခွမ်းအား မသတ်နိုင်ပေ။ ကမ္ဘာမြေတွင် ပါရမီရှင် များများစားစား မရှိသောကြောင့် ရှားဖုန်းခွမ်း၏ သေဆုံးမှုက ဆုံးရှုံးမှုအကြီးကြီး ဖြစ်စေလိမ့်မည်။

“ မင်းက ငါ့ပြိုင်ဖက် မဟုတ်ဘူး။ မင်းတို့တွေ တစ်ပြိုင်နက် တိုက်ရင်တောင် ငါ့ပြိုင်ဖက် မဖြစ်သေးဘူး ” ရှီလီက တည်ငြိမ်စွာ ပြောလိုက်သည်။

“ ဟားဟား … အရင်တုန်းက မင်းကို မတိုက်တာ ကြောက်နေလို့ မဟုတ်ဘူးကွ …. အာကာသညွှန်ကြားရေး အဖွဲ့က ငါတို့ရှားမိသားစုရဲ့ ဝင်ငွေကို အဓိက ရှာပေးနေလို့ပဲ … ဒီနေ့တော့ မင်း ရှီလီက နံပါတ်တစ်နဲ့ ထိုက်တန်လားဆိုတာ ကြည့်ရသေးတာပေါ့ ” ရှားဖုန်းခွမ်းက ရှီလီအား ကြည့်ကာ ပြောလိုက်ပြီးနောက် အမိန့်ပေးလိုက်သည်  “ ငါတို့ရှားမိသားစုကို သတ်ပစ်တဲ့ အဲဒီမိန်းမကို ခေါ်သွားလိုက် … နှောင့်ယှက်တဲ့သူမှန်သမျှ အားလုံးကို သတ်ပစ် ”

“ ဟုတ်ကဲ့ ” လူငါးယောက်က ထန်ကျန်းမန်ဆီ ခုန်ဝင်လာကြသည်။

ရှီလီက နှာခေါင်းတစ်ချက်ရှုံ့ကာ ရှားဖုန်းခွမ်းဆီ လက်သီးတစ်ချက် ပစ်ခွင်းလိုက်ပြီး နောက်တစ်ဖက်က အလင်းတန်းများ ပစ်လွှတ်လိုက်သည်။

“ ဝုန်း ဝုန်း ” သွေးတန်း ခြောက်ခု ထွက်ပေါ်လာလေ၏။ လေ့လာရေး ရင်ပြင်တွင် ရှိနေသော ရှားမိသားစုဝင် အပါအဝင် လူခြောက်ယောက်လုံးမှာ မြေပြင်ပေါ်သို့ အတုံးအရုံး လဲကျသွားတော့သည်။ သူတို့လည်ပင်း၌ ဓားတစ်ချောင်းစီ ထိုးစိုက်နေလေ၏။

ထန်ကျန်းမန်က ထိုလူခြောက်ယောက်အား ကြောက်အမ်းစွာ တုန်တုန်လှုပ်လှုပ်ဖြင့် ကြည့်နေမိသည်။ ထိုလူခြောက်ယောက် သူမဆီ ပြေးဝင်လာစဉ်အခါက သူမလည်း လှုပ်ရှားလိုက်သော်လည်း ဒဏ်ရာကြောင့် ဓားမြှောင်ကိုပင် မဆွဲနိုင်တော့ပေ။

တစ်ဖက်တွင် ရှီလီက ဓားများဖြင့် လူခြောက်ယောက်လုံးကို လက်တစ်ချက်အဝှေ့ဖြင့် သတ်ပစ်ခဲ့သည်။ သူက သူမထက် သာလွန်ကြောင်း သိသာလှသည်။ တစ်ချိန်တည်းဆိုသလို အေးခဲသံမဏိက မည်မျှ အားကောင်းကြောင်း သတိပြုမိသွားလေ၏။ အကယ်၍ သေနတ်ကို အသုံးပြုလျှင် ထိုလူ‌ခြောက်ယောက်အား တစ်ပြိုင်နက် သတ်နိင်မည် မဟုတ်ပေ။

“ ဘုန်း ” ရှီလီ၏ လက်သီးချက်က ရှားဖုန်းခွမ်းနှင့် ထိတွေ့မိသွားကာ ရှားဖုန်းခွမ်းက နောက်ဆုတ်လိုက်ရပြီး သွေးတစ်ပွက် အန်ထုတ်လိုက်ရသည်။

“ မင်း ….” ရှားဖုန်းခွမ်းက မြေပြင်ပေါ်တွင် ထိုင်ကာ ရှီလီအား စိုက်ကြည့်လိုက်၏။ သူက ရှီလီ၏ အင်အားမှာ သူ တိယွမ်ဂြိုဟ်ပေါ်မှ ထွက်လာစဉ်ကထက် နှစ်ဆမက တိုးတက်လာကြောင်း သေချာသွားလေ၏။ ယခင်ရက်များက ရှီလီသည် ဤမျှ အားမကောင်းပေ။ သူတို့ရှားမိသားစု၏ သတင်းအချက်အလက်များတွင် အမှားအယွင်းတချို့ ရှိနေလေသည်။

“ ငါက မင်းကို မသတ်ဘူး … ကျေးဇူးပြုပြီး ထွက်သွားပေးပါ။ မစ္စတာ ရှားယို့ကိုလည်း ပြောပေးပါ။ အာကာသညွှန်ကြားရေး အဖွဲ့နဲ့ ရှားမိသားစုက ပူးပေါင်းဆက်ဆံရေး ဆက်ရှိဦးမယ်လို့  ….” ရှီလီက ရှားဖုန်းခွမ်းအား တည်တည်ငြိမ်ငြိမ် ပြောလိုက်ပြီး  မြေပြင်ပေါ်တွင် လဲကျနေသော အမျိုးသားကို ကြည့်လိုက်၏။

သို့သော်လည်း ရှားဖုန်းခွမ်းက သူ့စကားကို မတုံ့ပြန်ဘဲ အဝိုင်းပြားနှစ်ခုကို ထုတ်ကာ ပစ်လွှတ်လိုက်လေ၏။

ကောင်းကင်တခွင်တွင် အလင်းများတောက်ပလာကာ နေ့အချိန် ဖြစ်နေသော်လည်း လေထုအတွင်း မြူများကို ထိုးဖောက်၍ တောက်ပလာသည်။

မီးပန်းထုတ်လွှင့်လိုက်သည်ကို မြင်၍ ရှီလီက မျက်မှောင်ကျုတ်ကာ  “ ရှားဖုန်းခွမ်း … မင်းတို့ ရှားမိသားစုက လူတွေ ဘယ်လောက်လာလာ အသုံးမဝင်ဘူး။ တကယ်လို့ ရှားမိသားစုက ချီရှုမြို့မှာ ပေါက်ကွဲရေး လက်နက်တွေ အသုံးပြုရဲရင် ငါတို့အဖွဲ့က မညှာတာဘူးလို့ အပြစ်မတင်နဲ့ ”

ရှားဖုန်းခွမ်းက ရှီလီအား စိုက်ကြည့်နေပြီး ဘာမှမပြောပေ။

“ အဲလိုလား ” အသံတစ်သံက ရုတ်တရက် ထွက်ပေါ်လာသည်။ ထို့နောက် ရှီလီက နောက်တစ်ယောက် ရောက်လာကြောင်း သတိပြုမိလိုက်သည်။ ထိုသူက အင်မတန် ငယ်ရွယ်သော လူငယ်လေးတစ်ယောက် ဖြစ်၏။

“ ခင်ဗျားက ဘယ်သူလဲ ” ရှီလီက စိတ်ထဲတွင် တုန်လှုပ်နေမိသည်။ တိယွမ်ဂြိုဟ်ပေါ်တွင် သားရဲများနှင့် နှစ်များစွာ တိုက်ခိုက်လာခဲ့ပြီးနောက် ဤလူမှာ သားရဲများထက်ပင် အန္တရာယ်ပိုများကြောင်း သိလိုက်၏။

တစ်ဖက်လူက မလှုပ်ရှားသေးသော်လည်း ဖိနှိပ်ထားသည့် အရှိန်အဝါက သူ့အား အသက်ရှုဖို့ရာပင် ခက်ခဲစေသည်။

သူ ရှီလီက နံပါတ်တစ် ပါရမီရှင် ဖြစ်ကာ တိယွမ်ဂြိုဟ်ပေါ်တွင် အခွင့်ထူးတချို့ ရရှိခဲ့သော်လည်း ဤလူက သူ့အား လွယ်လွယ်ကူကူ ဖိနှိပ်ထားနိင်သည်တဲ့လား ….

တိုက်ပွဲများအတွင်း စိတ်ဓာတ် ခိုင်မာမှုက ရှီလီအား စိတ်ခွန်အား ပေးသောကြောင့် အားရပါးရ ဟစ်ကြွေးကာ လက်သီးတစ်ချက် ပစ်ခွင်းလိုက်သည်။

“ မင်းက လက်သီးချက်ကို အဲလောက် ယုံကြည်ချက် ရှိနေမှတော့ ငါလည်း ပြန်ပြပေးရတာပေါ့ ” ထိုအမျိုးသားကလည်း စကားပြောနေရင်း လက်သီးတစ်ချက် ပစ်ခွင်းလိုက်သည်။

“ ဂျွတ် ” ရှီလီက အရိုးကျိုးသံကို ကြားလိုက်ရပြီးနောက် သူ့လက်သီးမှာ ကြေမွသွားကာ ရှားဖုန်းခွမ်းကဲ့သို့ သွေးတစ်ပွက် အန်ထုတ်လိုက်ရတော့သည်။

“ ခင်ဗျားက ဘယ်သူလဲ…. ဘာကြောင့် ဒီလောက် အားကောင်းနေတာလဲ ” ရှီလီ၏ မျက်ဝန်းများတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။

“ ရှားကျစ် ” လူငယ်လေးက ပြောလိုက်ရင်း ရှီလီဆီ ဖြည်းဖြည်းချင်း ချည်းကပ်လာသည်။

ထန်ကျန်းမန်က မြင်လိုက်သောအခါ ရှီလီအား ကူညီပေးရန် အပြေးအလွှားသွားပြီး လူငယ်လေးအား တောင်းပန်လိုက်သည်  “ ရှင် ဆရာရှီလီကို သတ်လို့ မဖြစ်ဘူး ”

“ ဟားဟား ” ရှားကျစ်က ရယ်မောလိုက်လေ၏  “ ငါ ရှားကျစ်က တစ်ယောက်ယောက်ကို သတ်ချင်ရင် ဘယ်သူမှ တားဆီးလို့ မရဘူး။ ငါက ချီရှုမြို့ကို ဖြတ်သွားရုံလေးပဲ …. တိုက်ပွဲကို ဝင်တိုက်ရလိမ့်မယ်လို့ ဘယ်သူက ထင်ထားမိမှာလဲ  ”

ထန်ကျန်းမန်က နောက်တစ်ကြိမ် ထပ်ပြောလိုက်သည် “ တကယ်လို့ ရှင်တို့တွေ ဆရာရှီလီကို မသတ်ရင် ကျမရဲ့ လျို့ဝှက်ချက်ကို ပြောပြမယ် ”

သူမအနေနှင့် ရှားမိသားစုက သူမအား ခေါ်သွားလိုသည့် အကြောင်းအရင်းမှာ သူမလျို့ဝှက်ချက်ကြောင့် ဖြစ်မှန်း ကောင်းကောင်း သိပေသည်။

ဤသည်က ရှားကျစ်အား ရပ်တန့်သွားစေသည်။ သူက ထန်ကျန်းမန်အား အေးစက်စွာ ကြည့်လိုက်ရင်း  “ ပြော ”

ထိုအေးစက်စက် အကြည့်က သူမအား အသက်ရှင်မလား၊ သေမလား ဆုံးဖြတ်ပေးနိုင်သော အကြည့်မျိုး ဖြစ်ကာ အဆိပ်ပြင်းသော မြွေတစ်ကောင်က သူမအား ညှို့ထားသကဲ့သို့ ဖြစ်၏။ သူမက စိတ်ထဲမှ အကြောက်တရားကို ချိုးနှိမ်ကာ ရှင်းပြလိုက်လေ၏

“ ကျမတို့ကမ္ဘာက မဟုတ်တဲ့ ပါရမီရှင်တစ်ယောက်က ပညာရပ်တချို့ သင်ပေးခဲ့တာပါ။ သူက ကျမကို နောက်လအစပိုင်းမှာ စောင့်နေဖို့ မှာကြားခဲ့တာပါ ….  အဲဒီကျမှ ထပ်ပြီး သင်ပြပေးမယ်ဆိုပြီး  … ”

“ အရမ်းကောင်းတယ် …. ငါ နောက်လအစကျရင် တစ်ခေါက် ပြန်လာခဲ့မယ်။ မင်းတို့တွေ လေ့လာရေး ရင်ပြင်ကနေ ခြေတစ်လှမ်း ထွက်သွားရဲကြည့် အာကာသညွှန်ကြားရေး အဖွဲ့ထဲက လူတိုင်းနဲ့ ထန်မိသားစုဝင်တိုင်းကို သတ်ပစ်မယ် …. မင်းတို့တွေလည်း အပါအဝင်ပဲ ” ရှားကျစ်က အေးစက်စက် ပြောလိုက်သည်။

သူက ပြောလိုက်ရင်း ဆံချည်မျှင်လောက်ရှိသည့် ငွေအပ်လေးနှစ်စင်းကို ပစ်လွတ်လိုက်သည်။ သူတို့က ထန်ကျန်းမန်နှင့် ရှီလီ ရင်ဘတ်အတွင်း စိုက်ဝင်သွားလေ၏။ ထို့နောက် ရှားကျစ်က လက်ဝှေ့လိုက်သည်နှင့် သဏ္ဍာန်မဲ့ ဓားတစ်ချက်က ကန်အာခေါင်းကို ပြတ်သွားစေသည်။

ကန်အာက မြေပြင်ပေါ်သို့ လဲကျသွားပြီး မည်သို့ သေဆုံးသွားမှန်းပင် သိလိုက်ပုံ မပေါ်ပေ။

ထိုအပြုအမူများအပြီးတွင် ရှားကျစ်က လှည့်ထွက်သွားလေ၏။

လတ်တလောအတွင်း ရာသီဉတုနှင့် ပတ်ဝန်းကျင် အခြေအနေ ဆိုးရွားလာမှုကြောင့် လူများစွာက ကမ္ဘာမြေမှ ထွက်သွားချင်ကြသည်။ လူများစွာက လေ့လာရေး ရင်ပြင်၌ သေဆုံးသွားကြသော်လည်း ဘေးပတ်လည် လူများက မရှိသည်မှာ ကြာမြင့်လှလေပြီ။ နေရာတစ်ခုလုံးမှာ ရှင်းလင်းနေလေ၏။

ကြယ်သုံးလုံး စာမေးပွဲ ဖြေဆိုသူအားလုံးကိုလည်း ပြောင်းရွေ့ထားပြီး အာကာသညွှန်ကြားရေး အဖွဲ့မှ ကာဆာနို၊ ရှီလီနှင့် ထန်ကျန်းမန်တို့သာ ကျန်ရစ်တော့သည်။

“ အသုံးမဝင်တော့ဘူး …. မင်းက အချိန်ဆွဲဖို့ ကြိုးစားတာကို ငါ သိတယ်။ ဒါပေမဲ့ ရှားကျစ်က ငါတွေးထားတာထက်တောင် ကြောက်ဖို့ကောင်းတဲ့အဆင့်ကို ရောက်နေပြီ။ တိယွမ်ဂြိုဟ်ပေါ်က အရက်စက်ဆုံး သားရဲတောင် သူလောက် အံ့ဩဖို့ကောင်းမှာ မဟုတ်ဘူး ” နေရာတစ်ခုလုံး တဖန်တိတ်ဆိတ်သွားပြီးနောက် ရှီလီက သွေးနှင့် တံတွေးတို့ကို ထွေးကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“ မဟုတ်ဘူး …. ကျမ သိတဲ့ သူက ရှားကျစ်ထက် ပိုအားကောင်းတယ် ” ထန်ကျန်းမန်က မြန်မြန် ပြောလိုက်သည်။

ထိုအရာကို ကြားပြီး ရှီလီက ကြောင်အမ်းသွားလေ၏။

ကမ္ဘာမြေတွင် ဘယ်တုန်းကများ ပါရမီရှင်တွေ ပေါများလာတာလဲ ….

အချိန်အတော်ကြာပြီးမှ သူက မေးလိုက်သည်  “ အဲဒီလူက ရှားကျစ်ထက် အားကောင်းတယ်ဆိုတာ သေချာရဲ့လား။ ရှားကျစ်က ကန်အာကို ဘယ်လိုသတ်သွားလိုက်တယ်ဆိုတာ မြင်တယ်မလား။ အဲဒီက ဒဏ္ဍာရီထဲက အတွင်းအား ဓားသွားပဲ ….. အဲလိုကိစ္စတွေ မရှိလောက်ဘူးလို့ တွေးနေမိပေမဲ့ ကြည့်ရတာ ငါ မှားသွားတဲ့ပုံပဲ ”

ဤတစ်ကြိမ် ထန်ကျန်းမန်က ပို၍ မရေမရာ ဖြစ်လာမိကာ တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ပြန်ဖြေလိုက်သည် “ ကျမကို သင်ပေးတဲ့သူက သူ့ထက်တောင် အားနည်းမှာ မဟုတ်ဘူး ”

ရှီလီက သက်ပြင်းချကာ  “ ရှားကျစ်လိုမျိုးလူသာ တိယွမ်ဂြိုဟ်ကို သွားရင် ညွှန်ကြားရေးမှူးချုပ်ဆိုတဲ့ ရာထူးကို သေချာပေါက် လက်လျော့ပြီး သူ့ကို ပေးလိုက်မယ်။ သူက ကမ္ဘာမြေပေါ် ဘာလို့ ဆက်နေနေတာလဲ နားမလည်ဘူး ဟူး …. ”

သူတို့တွေက တိတ်ဆိတ်သွားလေ၏။ ခဏအကြာတွင် ရှီလီက ဆက်ပြောလိုက်သည်  “ အဲဒီ လူကို ဝေးဝေးမှာနေဖို့ ပြောရမယ်။ သူက ရှားကျစ်ရဲ့ ပြိုင်ဖက် ဖြစ်မှာ မဟုတ်ဘူး။ တကယ်လို့ ငါသာ ရှားကျစ်ကို မမြင်ရသေးရင် မင်းလိုမျိုး ကျောင်းသားကို မွေးထုတ်ပေးနိုင်တဲ့ ဆရာကို သေချာပေါက် သွားတွေ့ဖို့ လုပ်ထားတာ …. ဒါပေမဲ့ အခု သူ လာမယ်ဆိုရင် နောက်ထပ် အသက်တစ်ချောင်း ဆုံးရှုံးရင်ပဲ အဖတ်တင်လိမ့်မယ် ”

ထန်ကျန်းမန်က ခေါင်းခါကာ  “ သူ မလာဘူး။ ကျမက ရှားကျစ် သူ့ကို သွားမရှာခင် အချိန်ဆွဲထားရုံပဲ ”

ထိုအရာကို ကြားပြီး ရှီလီပင် ဆွံ့အမိသွားသည်။ ဤကမ္ဘာမြေ၌ တုံးအအ အတွေးနှင့်လူ တကယ်ရှိနေသေးလေ၏။

…………….…

“ ငါတို့တွေ ရောက်ပြီ။ မင်းတို့နှစ်ယောက် ငါ့နောက်က လိုက်ခဲ့ ” ကားအရှေ့ခန်းမှ  အမျိုးသမီးက နောက်ခန်းတွင် ထိုင်နေသော  မိုဝူကျိနှင့် မိုချင်းချယ်အား ကြည့်ကာ ပြောလိုက်သည်။

“ ဖိုးဖိုး …. ဒါက ပင်လယ်သေ နယ်ရဲ့ အကြီးဆုံး  ရှီကွမ်းကာစီနိုလေ … ကမ္ဘာမှာ အကြီးဆုံး ကာစီနိုဆယ်ခုထဲလည်း ပါတယ် ” မိုချင်းချယ်က မိုဝူကျိနား ကပ်ကာ ပြောလိုက်သည်။ နာရီအတော်ကြာ ရင်းနှီးပြီးနောက် သူမက နေရခက်ခြင်းမရှိတော့ဘဲ အဖိုးဟု ခေါ်နိုင်သွားလေပြီ။

မိုဝူကျိက ခေါင်းညိတ်ပြလိုက်၏။ သူရှေ့တွင် မိုးမျှော်အဆောက်အဦး နှစ်ခု ရှိနေသည်။ ထိုမိုးမျှော်အဆောက်အဦး ရင်ပြင်တွင် အစောင့်ဆယ်ယောက်ကျော် လှည့်လည်နေပြီး အဆောက်အဦးအတွင်း ဧရာမ စာလုံးကြီး လေးလုံးကို စိုက်ထူထားလေ၏

 “ ရှီကွမ်း အဖွဲ့အစည်း”

ထိုအမျိုးသမီးကို လျစ်လျူရှုကာ မိုဝူကျိက လက်ယာဘက်ရှိ အဆောက်အဦးအတွင်း ဝင်သွားလိုက်သည်။ သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းက အဆောက်အဦးတစ်ခုလုံးကို စစ်ဆေးပြီးပြီ ဖြစ်ရာ  အလောင်းကစား ခန်းမများ၊ အမျိုးမျိုးသော ဖျော်ဖြေမှု မြင်ကွင်းများ ရှင်းရှင်းလင်းလင်း မြင်နေရသည်။  အဆောက်အဦးထိပ်၌ အစည်းအဝေး ကျင်းပနေသည်။

***

All Chapters