တရားမျှတမှုအတွက်လား။
Vol. 73 Ch. 1011
မိနစ်အနည်းငယ်ကုန်ဆုံးခဲ့လေပြီ။
ထာဝရခန်းမ၏ကားပါကင်တွင် လျိုဟောင်တို့လေးယောက်အဖွဲ့အား ခွေးသေကောင်များပမာ အေးစက်သောကွန်ကရစ်ကြမ်းပြင်ပေါ်တွင် ပစ်ချထားသည်။ လူကြီးတစ်ယောက်က သူတို့အား ကန်နိုးလိုက်ပြီးနောက် မိုအားဝူက နှာခေါင်းရှုံ့ကာ ပြောလိုက်လေတော့၏"မင်းတို့လေးကောင်က စကားကြီးစကားကျယ်တော့ ပြောတတ်ပြီး လက်တွေ့ကျတော့ တစ်ချက်တည်းနဲ့ မှောက်သွားကြပါလား။ ထွီး၊ မင်းတို့က ဘယ်သူတွေလဲ။ မင်းတို့ရဲ့ပါးစပ်ကို မဟဖို့တော့ ရွေးချယ်လို့ ရတာပေါ့၊ ဒါပေမယ့် အဲဒါရဲ့ရလဒ်ကို မင်းတို့ တတ်နိုင်မယ်လို့တော့ ငါ မထင်ဘူး"
လျိုဟောင်က မြေပြင်မှ တွားသွားထကာ ခါးအား စမ်းလိုက်သည်၊ သူ့အမူအရာက ပြောင်းလဲသွားရလေ၏၊ သူ့ခါးပေါ်ရှိဓားမြှောင်က မရှိတော့လေသည်ပင်။
မိုအားဝူက နောက်ကျောမှ ဓားမြှောင်ထုတ်ယူကာ လျိုဟောင်အရှေ့သို့ ပစ်ချလိုက်သည်။ ထို့နောက် သူက ပေါ့ပေါ့ပါးပါးပြုံးကာ ပြောလိုက်သည်"မင်းက ဒါကို ရှာနေတာလား။ ဒီအမှိုက်က ငါတို့ကို မခြိမ်းခြောက်နိုင်ပါဘူးကွာ"
"မင်းတို့က ဘယ်သူတွေလဲ။ စားသောက်ဆိုင်တစ်ခုရဲ့လုံခြုံရေးအစောင့်တွေက ဒီလိုခွန်အားမျိုးရှိဖို့ဆိုတာ မဖြစ်နိုင်ဘူးပဲ"လျိုဟောင်က ဒေါသတကြီး အော်ပြော၏။"ငါတို့က သူဌေးကြီးကူဖူကွေ့ရဲ့လူတွေပဲ။ မင်းတို့က ယန်ယန်နဲ့သူ့မောင်လေးကို ကယ်ခဲ့မှတော့ ငါ့သူဌေးကို ရန်စလိုက်တာပဲ"
"ကူဖူကွေ့လား"မိုအားဝူ၏မျက်လုံးများက တဖျတ်ဖျတ်ခတ်သွား၏။ နားမလည်သောမျက်နှာအမူအရာနှင့်"ငါ တစ်ခါမှ ဒီနာမည်ကို မကြားဖူးပါလား။ သူက ဆရာကြီးတစ်ယောက်လား"
"ငါလဲ မကြားဖူးပါဘူး"
လျိုဟောင်က မှင်တက်သွားပြီးမှ ဒေါသတို့ ထွက်လာသည်။ သူဌေးနာမည်သုံးကာ ဤလူများအား ခြိမ်းခြောက်ချင်ခဲ့သော်လည်း ဤကဲ့သို့ တုံ့ပြန်မှုတစ်ခုကိုသာ ရရှိခဲ့၏။ သူတို့က သူ့သူဌေးကို ဘယ်တော့မှ မကြားဖူးဘူးဆိုပဲ။ ကျင်းမန်ကျွန်းမှာ သူ့သူဌေးနာမည်ကို မသိတဲ့သူတွေ ရှိသေးတယ်တဲ့လား။
"ဟားဟား၊ ဒါပေမယ့်ပေါ့၊ မင်း ငါတို့နောက်လိုက်လာတဲ့အကြောင်းရင်းတစ်ခုတော့ ငါ သိတယ်။ ယန်ယန်တို့မောင်နှမကြောင့်ပဲမလား၊ ဟမ့်"
"ယန်ယန်နဲ့သူ့မောင်လေးရော"
ထန်ရှုက ကူးရှောင်ရွှယ်နှင့်အတူ ကားပါကင်သို့ ရောက်ရှိလာလေသည်၊ သူ့အရှေ့ရှိမြင်ကွင်းကို မြင်ပြီးနောက် သူက ထူးဆန်းသောအမူအရာနှင့် မေးလိုက်၏။
"သူဌေး....."ထာဝရခန်းမ၏ပင်မအဖွဲ့ဝင်လေးယောက်က ချက်ချင်း အရိုအသေပေးလိုက်သည်။
"ငါတို့နောက်ကို လိုက်လာတဲ့ကောင်တွေ၊ အခု သူတို့ကို စစ်မေးနေတာပါ၊ သူဌေး"မိုအားဝူက တင်ပြ၏။"သူတို့က ကူဖူကွေ့လိုခေါ်တဲ့အကောင်ရဲ့နောက်လိုက်တွေပဲ၊ ဒါပေမယ့် ငါ အရင်က ဒီလူနဲ့ ပတ်သက်ပြီး မကြားဖူးဘူး။ ယန်ယန်နဲ့သူမမောင်လေးနောက်ကိုလိုက်ဖို့အမိန့်ထုတ်ခဲ့တဲ့သူက အဲဒီလူပဲ"
ထန်ရှုက ခဏ နားမလည်သလို ဖြစ်သွားပြီးနောက် ထူးဆန်းသောအမူအရာနှင့် မေးလိုက်သည်"ကူဖူကွေ့ဆိုတဲ့အကောင်ကို သတိပေးဖို့ ငါ တစ်ယောက်ယောက်ကို လွှတ်ထားတယ်။ သူ့လူတွေ လွှတ်ပြီး ငါတို့ကို ဒီနေရာအထိ ခြေရာခံမယ်လို့တော့ ငါ မထင်ထားခဲ့တာပဲ။ ကောင်းပြီလေ၊ ဒါ အတော်ကလေးရယ်စရာကောင်းတယ်။ ကြည့်ရတာ ငါ ချီနန်ကို ပြန်ခေါ်ရမယ့်ပုံပဲ"
"သူမကို ငါ ပြန်ခေါ်လိုက်မယ်၊ သူဌေး"မိုအားဝူက ပြောပြီးနောက် ဘေးသို့ သွားကာ ချီနန်အား ဖုန်းပြန်ဆက်လိုက်သည်။
လျိုဟောင်က ထန်ရှုအား နက်နက်ရှိုင်းရှိုင်းတစ်ချက်ကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်"မင်းက ထာဝရခန်းမရဲ့ပိုင်ရှင်လား။ ဟမ့်။ လုပ်ငန်းကြည့်တော့ မလောက်မလေးမလောက်စားလောက်နဲ့ ငါ့သူဌေးရဲ့ကိစ္စကို ဝင်ရှုပ်ရဲတာပေါ့လေ။ မင်းက အသက်ရှင်ရတာ မောပန်းနေတာလား။ ငါ့သူဌေး လာတဲ့အထိ စောင့်စမ်းပါ၊ အဲအခါကျရင် မင်းက ဒူးထောက်မတောင်းပန်ပါစေနဲ့လို့ ငါ မျှော်လင့်တယ်"
"စကားများလွန်းတဲ့ယင်ကောင်လေး....."
ထန်ရှုက လျိုဟောင်မျက်နှာအား ပါးရိုက်လိုက်သည်၊ သွားအနည်းငယ် ကျိုးသွားပြီး သွေးများက ပါးစောင်မှ ကျဆင်းလာ၏။ ထို့နောက် ထန်ရှုက ပြောသည်"ငါ့အရှေ့မှာ အော်ဟစ်ဆဲဆိုတဲ့သူတွေက အသက်မရှည်တတ်ကြဘူး။ ဒါက မင်းရဲ့ပထမဆုံးအကြိမ်ဆိုတော့ ငါ ခွင့်လွှတ်နိုင်ပါတယ်လေ။ ဒါပေမယ့် မင်းက နောက်ထပ်အရူးချီးပန်းပြောနေမယ်ဆိုရင်တော့ ငါ မင်းကို ငါးမန်းစာ ကြွေးပစ်လိုက်မယ်"
လျိုဟောင်မျက်နှာက ယခင်ရှိခဲ့သောယုံကြည်ချက်တို့ ပျောက်ဆုံးသွားလေသည်။ သူက နှစ်နှစ်ဆယ်ကျော်နီးပါး အတွေ့အကြုံရှိသည့် စန်းရှော့အလွတ်လက်ဝှေ့ကျွမ်းကျင်သူဝါရင့်တိုက်ခိုက်ရေးသမားတစ်ယောက်ဖြစ်၏။
"ဒါ.....ဒီကောင်လေးရဲ့အရှိန်က ဘယ်လိုလုပ် ဒီလောက် မြန်ရတာလဲ။ ငါ သူ့လှုပ်ရှားမှုတွေကို အမှီမလိုက်နိုင်ဘူးပဲ၊ သူ ပါးရိုက်လိုက်တဲ့အချိန်မှာ ငါ့အမြင်တောင် ဝေဝါးသွားရတယ်။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ထန်ရှုက စီးကရက်တစ်လိပ်ထုတ်ကာ ပါးစပ်ထောင့်၌ တေ့၏။ ကူရှောင်ရွှယ်က မီးခြစ်ထုတ်ကာ ချက်ချင်း မီးညှိပေးလိုက်သည်။ ထို့နောက် သူက လျိုဟောင်အား ကြည့်ကာ ပြုံး၍ မေး၏"မင်းသူဌေးကူဖူကွေ့က မကြာခင် လာတော့မယ်လို့ မင်း ပြောခဲ့တာမလား။ သူ ဒီနေရာကို ရောက်ဖို့ ဘယ်လောက်ကြာအုံးမလဲ"
ပါးစပ်အား ဖုံးထားရင်း လျိုဟောင်က ထန်ရှုအား မုန်းတီးစွာ စိုက်ကြည့်ကာ ဖြေလိုက်သည်"မကြာမီပဲ။ သူ မကြာခင် ရောက်လာမှာ။ သူ အခု လမ်းမှာ ရောက်နေပြီ၊ မိနစ်သုံးဆယ်အတွင်း ရောက်လာမှာ"
ထန်ရှုက ခေါင်းခါရုံသာ၊ ထပ်၍ ငြင်းခုံမနေတော့။ သူက ကားအမိုးပေါ်သို့ ခုန်တက်ကာ တင်ပျဉ်ခွေထိုင်လျက် မျက်လုံးမှိတ်လိုက်လေသည်။
သူ့မျက်လုံးထဲတွင် ကူဖူကွေ့က လူရွှင်တော်မျှသာ။ သုခဘုံအသင်းတွင် အိုးရန်ယွင်က ဤဂိုဏ်းစတားအကြောင်း သူ့အား ပြောပြခဲ့၏။ ဤအကောင်က သူ့လူများနှင့်အတူ ဤနေရာသို့ လာရဲမည်ဆိုလျှင် သူကလဲ ဒင်းအား ပွဲသိမ်းပေးရပေမည်။
ရုတ်တရက် သူ့အမူအရာက ပြောင်းလဲသွားပြီး မျက်လုံးဖွင့်ကာ ဖုန်းထုတ်လိုက်သည်။ လျိုဟောင်တို့အဖွဲ့အား အဝေးသို့ ခေါ်သွားရန် သူက မိုအားဝူအား အချက်ပြလိုက်သည်။ ထို့နောက် အရေးပေါ်နံပါတ်၁၁၀အား ခေါ်လိုက်လေ၏"မင်းတို့ရဲ့ခေါင်းဆောင်ကို လွှဲပေး"
"မင်္ဂလာပါ၊ မင်းက ဘယ်သူလဲဆိုတာ သိလို့ရမလား"ချိုသာသောအသံက ဖုန်းမှ ပြန်ပြောလာ၏။
"မင်းတို့ရဲ့ရဲချုပ်ကို ပြော၊ ငါက လုံခြုံရေးဌာနကပဲ"ထန်ရှုက ပေါ့ပေါ့ပါးပါးပြော၏"ငါ့နာမည်က ထန်ရှု။ ပြီးတော့ သူ မယုံရင် သူ့အထက်ကလူကို ခေါ်ဖို့ ပြောလိုက်....."
"....."
တစ်ဖက်လူ၏အသံက အချိန်တစ်ခုကြာသည့်အထိ ပြန်မဖြေပေ။ ထန်ရှုက စိတ်မရှည်ဖြစ်နေစဉ်တွင် သက်လတ်ပိုင်းအရွယ်လူတစ်ယောက်၏အသံက ထွက်လာသည်"မင်္ဂလာပါ၊ ငါက ဝမ်စန်၊ ပြည်သူ့လုံခြုံရေးဗျူရိုရဲ့လက် ထောက်ခေါင်းဆောင်ပါ။ မင်းက လုံခြုံရေးဌာနကတစ်ယောက်ယောက်လို့ ပြောခဲ့တယ်မလား၊ ဒီအတွက် သက်သေအထောက်အထားတစ်ခု မင်း ငါတို့ကို ပြောပြနိုင်မလား"
"မင်း မယုံရင် မင်းရဲ့အထက်ကို ခေါ်ဖို့ ငါ မပြောခဲ့ဘူးလား"ထန်ရှုက မေး၏"ငါ မင်းတို့ကို လုပ်ခိုင်းစရာတစ်ခုရှိတယ်။ မြန်မြန်လေးလုပ်ကြ"
ကျင်းမန်ကျွန်း၊ ပြည်သူ့လုံခြုံရေးဗျူရို။
ဝမ်စန်က မျက်မှောင်ကုတ်လျက် နက်ရှိုင်းစွာ တွေးတောသည်။ သူ့မျက်လုံးထဲတွင် တုံ့ဆိုင်းမှုတို့ ရှိနေပြီး ခေါ်သူက အစစ်အမှန်လား သူ မသိပေ။ သို့သော် ဤအရာက နောင်ပြောင်မှုတစ်ခုသာ ဖြစ်ပြီး သူက အထက်အား ဆက်သွယ်ခဲ့လျှင် ဒုက္ခကြီးကြီးရောက်နိုင်သည်။ အနည်းဆုံး အထက်လူကြီးများထံမှ သတိပေးခံရနိုင်၏။
သို့သော် ခေါ်သူက အမှန်ဆိုလျှင် သူ့အပေါ် မကောင်းတရားများ ဝင်ရောက်လာနိုင်ပေသည်။
စက္ကန့်အနည်းငယ်စဉ်းစားပြီးနောက် ဝမ်စန်က ပြန်ဖြေ၏"ကျေးဇူးပြုပြီး ခဏလောက် စောင့်ပေးပါ၊ မစ္စတာထန်။ ငါ့ရဲ့အထက်ကို အခုပဲ ဆက်သွယ်လိုက်ပါ့မယ်။ ပြီးတော့ တင်ပြစရာတစ်ခု ရှိရင် မင်း ငါ့ကို ထပ်ပြောနိုင်ပါတယ်"
"ကျင်းမန်ကျွန်းက လက်ရှိမှာ ကြောင်အလေအလွင့်၊ ခွေးအလေအလွင့်တွေနဲ့ အတော်လေး ဖရိုဖရဲဖြစ်နေတယ်လို့ မင်းတို့ရဲ့အထက်လူကြီးကို ပြော"ထန်ရှုက ပြော၏"ဒီည ငါ သူ့အတွက် ရှင်းလင်းမှုအချို့ လုပ်ပေးမယ်၊ ဒါပေမယ့် နောက်ဆက်တွဲကို မင်းတို့ပဲ ဖြေရှင်းရမှာ"
ဝမ်စန်က ခဏစဉ်းစားပြီးနောက် ပြောသည်"ကောင်းပြီလေ။ ကျေးဇူးပြုပြီး ခဏစောင့်ပေးပါ"
ပြည်သူ့လုံခြုံရေးဗျူရိုမှ ငါးကီလိုမီတာအကွာရှိ အဆင့်အတန်းမြင့်လူနေရပ်ကွက်တစ်ခုတွင် ရှင်းထင်က ဖုန်းခေါ်သံကြောင့် နိုးသွား၏။ အိပ်ချင်မပြေမှုက ခဏအတွင်း ပျောက်သွားပြီး သူက ဖုန်းကိုင်လိုက်သည်။ သူ့အမူအရာက ပြောင်းလဲသွားပြီး ထန်ရှုနံပါတ်အား ခေါ်လိုက်ချေ၏။
"မင်္ဂလာပါ၊ ငါက ရှင်းထင်ပါ၊ ပြည်သူ့လုံခြုံရေးဗျူရိုရဲ့ခေါင်းဆောင်ပါ။ မင်းက လုံခြုံရေးဌာနရဲ့ထန်ရှုလို့ ပြောခဲ့တယ်မလား"
"ဟုတ်ပါတယ်"ထန်ရှုက ပြန်ဖြေ၏။
"ဒီကိစ္စက ကြီးတယ်၊ ဒါကြောင့် ကျေးဇူးပြုပြီး ဟာသမလုပ်ပါနဲ့၊ မစ္စတာထန်။ မင်း ငါတို့ကို လှည့်စားရင် ဖြစ်လာမယ့်အကျိုးဆက်ကို မင်းလဲ သိသင့်တယ်"ရှင်းထင်က ပြောသည်။
"မင်း ငါ့ကို မယုံရင် မင်းရဲ့အထက်ကို ဆက်သွယ်နိုင်တယ်လို့ ငါ ပြောခဲ့တယ်မလား"ထန်ရှုက ပြန်ပြောသည်"အထူးစွမ်းရည်ဗျူရိုမှတစ်ယောက်ယောက်ကိုလဲ ဆက်သွယ်လို့ရတယ်။ သွမ့်မူလင်က ငါ့ရဲ့အထောက်အထားကို အတည်ပြုပေးနိုင်တယ်"
အထူးစွမ်းရည်ဗျူရိုနဲ့သွမ့်မူလင်လား။
ထိတ်လန့်မှုနှင့်အတူ ရှင်းထင်၏မျက်နှာက အကြီးအကျယ်ပြောင်းလဲသွားသည်။ ပြည်သူ့လုံခြုံရေးဗျူရိုခေါင်းဆောင်က သာမန်လူတစ်ယောက်မဟုတ်သော်ငြား သွမ့်မုလင်၏တည်ရှိမှုအား သိရှိနိုင်သည်တော့မဟုတ်။ သို့သော် အတိတ်တွင် အရေးကြီးအပြစ်သားတစ်ယောက်ကိစ္စနှင့် ထိုပုဂ္ဂိုလ်အား ဆက်သွယ်ခဲ့ဖူးသောကြောင့် ဤလူနှင့် ပတ်သက်ပြီး သူက ရှင်းလင်းစွာ သိသည်။ ထိုအခါမှ တရုတ်တွင် အထူးစွမ်းရည်ဗျူရိုတစ်ခုရှိသည်ကို သိရှိခဲ့ရပြီး သွမ့်မုလင်က ထိုအေဂျင်စီ၏ခေါင်းဆောင်ဖြစ်၏။
"အတည်ပြုစရာမလိုတော့ဘူး၊ မစ္စတာထန်။ မင်းမှာ ညွှန်ကြားစရာတစ်ခုခုရှိရင် ငါကို ပြောပါ။ ငါတို့ပြည်သူ့လုံခြုံရေးဗျူရိုက မင်းနဲ့ ပူးပေါင်းဆောင်ရွက်ပါ့မယ်"ရှင်းထင်က ရိုသေလေးစားသောအသံနှင့် ပြော၏။
"ကျင်းမန်ကျွန်းမှာ တရားဥပဒေသစီရင်ပိုင်ခွင့်မရှိဘူးဆိုတာ ငါ သိတယ်။ ဒါပေမယ့် လောလောဆယ် လူတချို့က ငါ့ကို လာနှောင့်ယှက်နေတယ်။ သူက ကျင်းမန်ကျွန်းရဲ့မြေအောက်လောကဂိုဏ်းချုပ်တစ်ယောက်လို့ ပြောလို့ရတယ်။ ဒါကြောင့် ဒီအမှိုက်ကို ဖယ်ရှားဖို့ ငါ ဆုံးဖြတ်ထားတယ်။ နောက်ဆက်တွဲကို ဖြေရှင်းဖို့အတွက် မင်းရဲ့လူတွေကို ခေါ်ပြီး ထာဝရခန်းမဆီ ချက်ချင်းလာခဲ့"ထန်ရှုက ပြောသည်။
ထန်ရှုက ကျင်းမန်ကျွန်းစလုံခြုံရေးပြဿနာအား အပြစ်ရှာမည်ဟု မမျှော်လင့်ထားသောကြောင့် ရှင်းထင်၏မျက်နှာက မည်းမှောင်သွားလေသည်။ အကူအညီမဲ့စွာနှင့် သူက ရိုသေလေးစားစွာ ပြန်ပြောလိုက်သည်"ငါ့လူတွေ ခေါ်ပြီး အဲကို ချက်ချင်း လာခဲ့ပါ့မယ်၊ မစ္စတာထန်။ တစ်ဖက်အဖွဲ့က ဘယ်သူလဲဆိုတာ မင်း ပြောနိုင်မလား"
"ကျင်းမန်ကျွန်းမှာ မြေအောက်ခေါင်းဆောင်တွေ ဘယ်လောက်ရှ်ိလဲ"ထန်ရှုက အေးစက်စွာ ပြန်မေး၏။
"ဒါကတော့......"
ရှင်းထင်က ခါးသီးစွာ အားတင်းပြုံးလိုက်သည်။ ကျင်းမန်ကျွန်းတွင် မြေအောက်အဖွဲ့ဘယ်လောက်ရှိသည်ကို သူ၏ရဲဌာနက ရှင်းရှင်းလင်းလင်းသိသည်။ အရေအတွက်တော်တော်များများ၏၊ အနည်းဆုံးဒါဇင်ကျော်သည်။ မည်သို့ပင်ဆိုစေကာမူ သူတို့၏သမာသမတ်မကျသောစီးပွားရေးများနှင့်ပြစ်မှုများက ဥပဒေကို ဆန့်ကျင်သော်လည်း အများပြည်သူအား အမျက်ထွက်စေသည့်အထိတော့ ဘာမှ မလုပ်ကြပေ။ ပြစ်များများ ကျူးလွန်ခဲ့သော်လည်း သူတို့က အမှောင်ထဲတွင်သာ ပြုလုပ်ကြပြီး ခြေရာလက်ရာများ မကျန်ပေ။ ရဲဌာနအနေနှင့် သူတို့အား ဖြေရှင်းရန် မဖြစ်နိုင်ပေ။
"ကောင်းပြီ၊ အချိန်မဆွဲဘဲ မင်းလူတွေကို ခေါ်လာ။ မင်း ရောက်လာရင် သူတို့ဘယ်သူလဲဆိုတာ သိရလိမ့်မယ်"
ရှင်းထင်က အကူအညီမဲ့သောမျက်နှာနှင့် ခေါင်းခါယမ်း၏။ ခဏစဉ်းစားပြီးနောက် အနေအထားအား အသိပေးရန် မြို့ခေါင်းဆောင်အား ချက်ချင်းခေါ်လိုက်သည်။ သွမ့်မုလင်၏နာမည်ကို ကြားပြီးနောက် မြို့ခေါင်းဆောင်က ကိုယ်တိုင်သွားရန် ချက်ချင်းဆုံးဖြတ်ခဲ့၏။
ထာဝရခန်းမတွင် ထန်ရှုက နာရီဝက်နီးပါးစောင့်ဆိုင်းခဲ့ပြီးနောက် ကားဒါဇင်ကျော်က အထဲသို့ ဝင်လာသည်။ ထာဝရခန်းမ၏အဖွဲ့ဝင်များအားလုံးက အမိန့်ရထားသောကြောင့် ကားတန်းအား တစ်ယောက်မှ မတားဆီးခဲ့ပေ။
ဖြောက်.....
ဘရိတ်သံများ ဆူညံလျက် လက်နက်များကိုင်ဆောင်ထားသည့်လူများစွာက ကားများထဲမှ လျင်မြန်စွာ ထွက်လာပြီး ထန်ရှုတို့အား ခြိမ်းခြောက်သောအကြည့်များနှင့် ကြည့်လိုက်ကြသည်။ ကူဖူကွေ့က ကားပေါ်မှ ဆင်းလာ၏၊ တစ်ဖက်အဖွဲ့၏ထိန်းချုပ်မှုအောက်ကျရောက်နေသောလျိုဟောင်တို့လေးယောက်အား မြင်သောအခါ သူ့အမူအရာက ငေးကြောင်ရာမှ ချက်ချင်း အေးစက်သွားပြီး ထန်ရှုတို့ထံ လျှောက်လာကာ မေးလိုက်သည်"မင်းတို့ထဲကဘယ်သူက ဒီနေရာရဲ့အနေအထားကို ထိန်းချုပ်ထားတာလဲ"
ထန်ရှုက မျက်လုံးဖွင့်ကာ သူ့အား တခဏ ကြည့်လိုက်သည်။ ထို့နောက် သူက ခပ်ပြုံးပြုံးနှင့် ပြောလိုက်သည်"မင်းက မြင့်မြတ်ပြီးချမ်းသာကြွယ်ဝတဲ့ဘဝနဲ့ နေခဲ့ရတယ်လို့ မင်းရဲ့နာမည်က ညွှန်ပြနေတယ်။ ဒါပေမယ့် မင်းရဲ့ကံကြမ္မာကို အပြောင်းအလဲလုပ်ဖို့အတွက် ငါ့ကို ရန်စမယ်လို့ ဘယ်ထင်ထားပါ့မလဲ။ မင်းရဲ့နောက်ထပ်ပန်းတိုင်က သံတိုင်တွေကြားထဲမှာ(ထောင်ထဲမှာ)နေရမယ့်ပုံပဲ"
"ဒါဆို မင်းက ဒီနေရာရဲ့အနေအထားကို ထိန်းချုပ်သူပေါ့၊ ကောင်ကလေး"ကူဖူကွေ့က အထင်သေးစွာ ပြော၏"ငါ၊ ကူဖူကွေ့က ကြောက်တယ်ဆိုတာ ဘာမှန်း မသိဘူး။ ငါ့ကို ထောင်ထဲရောက်အောင် လုပ်နိုင်တဲ့သူတွေက မမွေးသေးဘူးကွ။ ထွီး၊ မင်ရဲ့လူတွေ ယန်ယန်ကို ဘယ်နေရာမှာ ဝှက်ထားတာလဲ"
*