← Chapters

လွှမ်းမိုးခြင်း

Vol. 73 Ch. 1014

လွှမ်းမိုးခြင်း

Vol. 73 Ch. 1014

သနားခြင်းမရှိဘဲ ထန်ရှုက ဘဲဥပုံသေတ္တာအား ပိတ်ချလိုက်သည်။ ထို့နောက် သူက သိုလှောင်လက်စွပ်ထဲသို့ ထည့်လိုက်သည်။ သူက ‌ပြောမည့်ဆဲဆဲ ကူးယန်အာက သူ့အရှေ့၌ ရုတ်တရက် ထွက်ပေါ်လာ၏။

"ငါ စိတ်ဝိညာဉ်သက်ရှိတစ်ခုထွက်ပေါ်လာတာကို အာရုံခံမိခဲ့တယ်၊ ဆရာသခင်"ကူးယန်အာက အတွေးရခက်သောအကြည့်နှင့် ပြောလာသည်။ သူမက ပုံမှန်အတိုင်း အဖြူရောင်ဝတ်စုံနှင့်သာ။

"ဟုတ်တယ်။ အဲဒါက ခရမ်းရောင်နတ်သမီးကလန်ရဲ့မင်းသမီးပဲ။ သူမကလန် ဖျက်ဆီးခံရပြီးနောက် ငါ သူမကို ကျွန်ကုန်သည်ကနေ ဝယ်ခဲ့တာ။ သူမ ကမ္ဘာမြေကို ဘယ်လိုရောက်လာသလဲတော့ ငါ မတွေးတတ်ဘူး၊ ဒါပေမယ့် သူမ(နတ်သမီး၏ဆရာ)နဲ့ ဆက်စပ်နေမှာတော့ သေချာတယ်"

ကူးယန်အာ၏မျက်နှာက အနည်းငယ် ပြောင်းလဲသွားသည်။ ထိုအမျိုးသမီးအား ထန်ရှု ခေါ်ညွှန်းသည်ကို သူမ ဘယ်တော့မှ သဘောမကျ။ သူမက ခဏတုံ့ဆိုင်းသွားပြီးနောက် ပြောလိုက်သည်"မင်း ငါ့ကို အဲဒီခရမ်းရောင်နတ်သမီးမင်းသမီးကို သုတ်သင်စေချင်လား"

"မလိုဘူး"ထန်ရှုက ခေါင်းခါယမ်းကာ ပြော၏"တစ်ခုခုကို အတည်ပြုဖို့ ငါ သူမကို အသုံးပြုဖို့ လိုအပ်တယ်"

ကူးယန်အာက ခေါင်းသာညိတ်လိုက်သည်။

ကူးယန်အာအား မြင်လိုက်ချိန်တွင် အိုးရန်လဲ့တစ်ကိုယ်လုံးက လျှပ်စီးကြောင်းအရိုက်ခံထားရသည့်အလား မလှုပ်မယှက်ဖြစ်နေသည်။ အကောင်းဆုံးများအပါအဝင် မရေမတွက်နိုင်သောအလှလေးများအား မြင်ဖူးသော်ငြား တစ်ယောက်မှ ကူးယန်အာနှင့် မယှဉ်နိုင်ပေ။ သူမက သန့်စင်မွန်မြတ်သောအလှတရားအား ပိုင်ဆိုင်ထားသည့် နတ်ဘုရားမတစ်ယောက်ပမာ သူ့စိတ်ဝိညာဉ်အား မွေနှောက်လျက် သူ့နှလုံးခုန်သံအား ပိုမြန်လာစေသည်။

ထိုကဲ့သို့သော မြင့်မြတ်သန့်စင်သည့်နတ်ဘုရားမတစ်ယောက်အား အဝေးမှသာ ကြည့်သင့်ပြီး ပုတ်ခက်ပြောဆိုမသင့်ကြောင်း သူ ကြားဖူးသည်။ ထိုစကားပုံအား သူ အမြဲတမ်း ကဲ့ရဲ့ခဲ့သည်၊ ထိုကဲ့သို့သောအမျိုးသမီး ဤကမ္ဘာတွင် မရှိသောကြောင့် ထိုလူများက ချဲ့ကားပြောလွန်းနေသည်ဟု။ သို့သော် ယခု သူ ယုံကြည်သွားခဲ့ချေပြီ။

"ယောက်ဖလောင်းရေ၊ ဘယ်သူ....သူမက ဘယ်သူလဲ"

ငေးကြောင်‌နေရာမှ နိုးထလာပြီးနောက် သူက နီမြန်းနေသောမျက်နှာနှင့် နှလုံးတို့ တဒုတ်ဒုတ်ခုန်လျက် မေးလိုက်သည်။

ထန်ရှုက သူ့အား ထူးဆန်းသောအမူအရာနှင့် ကြည့်ကာ ဖြေလိုက်သည်"သူမက ငါ့တပည့်၊ ဒီထာဝရခန်းမရဲ့တည်ထောင်သူပဲ"

"ဒါပြန်ပဲလား"

အိုးရန်လဲ့က လုံးဝအံ့အားသင့်သွားလေသည်။ ဤဝိညာဉ်ဖမ်းစားသောအလှလေးက အသက်နှစ်ဆယ်အရွယ်သာ ရှိသေးသလိုပင်။ သူမက ထာဝရခန်းမ၏တည်ထောင်သူ အဘယ်သို့ ဖြစ်နိုင်မည်နည်း။ အသက်နှစ်ဆယ်ကျော်နှင့် တည်ထောင်သူဆိုတာ ဖြစ်နိုင်ပါ့မလား။ ဒါဆို ပြောရရင်....ဒီနတ်ဘုရားမက အသက်လေးဆယ်ရှိ‌နေပြီးတာများလား။

ထန်ရှုက ထိုသို့ ခေါ်ဆိုပြီးနောက် ကူးယန်အာက သူ့အား အေးစက်သောမျက်လုံးများနှင့် ကြည့်‌နေသည်ကို သူ သတိမပြုမိခဲ့ပေ။ သူ့အနားတစ်ဝိုက်အပူချိန်က ဒီဂရီအနည်းငယ်လျော့ကျသွားသည်ကိုလဲ သူ မခံစားမိခဲ့။

"မင်းက ငါ့ကို ဟာသလုပ်နေတာလား၊ ယောက်ဖ။ သူမက မင်းရဲ့တပည့်ဆိုတာ ငါ လက်ခံနိုင်ရုံမျှပဲ။ ဒါပေမယ့် သူမက ထာဝရခန်းမရဲ့တည်ထောင်သူဆိုတာက မဖြစ်နိုင်ဘူး။ သူမက အသက်ဘယ်လောက်လဲ၊ ထာဝရခန်းမကို တည်ထောင်တာ ဘယ်လောက်ကြာပြီလဲ"အိုးရန်လဲ့က မယုံကြည်နိုင်စွာနှင့် ထစ်ထစ်ငေါ့ငေါ့မေး၏။

"မင်းရဲ့ပါးစပ်ကို ပိတ်စမ်း"ကူးယန်အာက သည်းမခံနိုင်တော့ဘဲ ဒေါသထွက်စွာ ခပ်မာမာပြောလေသည်"မင်းက ဆရာသခင်ကို အဲလို ထပ်ခေါ်ရင် ငါ မင်းရဲ့စိတ်ဝိညာဉ်ကို ယူထုတ်ပြီး ငရဲကိုးထပ်မီးလျှံနဲ့ ပြာချပစ်မယ်၊ မင်းရဲ့စိတ်ဝိညာဉ်က ပြန့်ကျဲသွားပြီး ဘယ်တော့မှ ပြန်မမွေးဖွားလာစေရဘူး"

အခေါ်အဝေါ်လား။

အသက်ရှုမှားလောက်သောအလှလေးက ကြမ်းတမ်းသောစကားလုံးများနှင့် သူ့အား ရုတ်တရက် ကြိမ်းမောင်းလိမ့်မည်ဟု အိုးရန်လဲ့က မထင်ထားခဲ့ပေ။

ဒါပေမယ့်....ဒီလိုခေါ်တာ မှန်တာပဲမလား။ ထန်ရှုက ငါ့ညီမရဲ့ကောင်လေးလေ၊ သူတို့က လက်မထပ်ရသေးဆိုပေမယ့် ငါ သူမကို ယောက်ဖလောင်းလို့ ခေါ်တာ ဘာမှမမှားဘူးမလား။

"ယန်အာ....."

အိုးရန်လဲ့အား ယောက်ဖလောင်းအဖြစ် မခေါ်စေချင်သော်လည်း ဤအကောင်က အိုးရန်လုလု၏အကိုဖြစ်‌နေသေး၏။ သူက သူ့အား မျက်နှာပျက်အောင် မလုပ်လိုပေ။ ဤအကောင်က သူ့အား ခရမ်းရောင်နတ်သမီးအား ယူလာပေးသည်ကိုပင် ဖော်ညွှန်းစရာမလို။

ကူးယန်အာက ထန်ရှုဘေးသို့ ရောက်လာပြီး ထိုင်ခုံတစ်ခုယူထိုင်ပြိီးနောက် မပျော်ရွှင်သောမျက်နှာနှင့် ပြောလိုက်သည်"ဆရာသခင်၊ ယန်အာက သူ့ကို အဲလိုမခေါ်စေချင်ဘူး။ ပြီး‌တော့ ဆရာသခင်က သူ့ညီမကိုလဲ လက်မထပ်ရသေးဘူးလေ။ သူ ဒီလိုဆက်ဆံရေးတစ်ခုအထိ အဆင့်တက်လို့မရဘူး။ ဆရာသခင်က သူ့ကို အဲလိုမခေါ်‌စေချင်ရင် ငါ သူ့ရဲ့ပါးစပ်ကို ချိတ်ပိတ်လိုက်မယ်"

အဟွတ်၊ အဟွတ်....

ထန်ရှုက အကြိမ်အနည်းငယ်ချောင်းဟန့်လိုက်ပြီး မှင်တက်နေသောအိုးရန်လဲ့အား ကြည့်လိုက်သည်။ သူက ခြောက်ကပ်ကပ်ရယ်လျက် ပြောလိုက်သည်"ယန်အာ၊ အိုးရန်လဲ့က လုလုရဲ့အကို။ သူက ငါတို့ထဲကတစ်ယောက်ပဲ။ သူ့ကို စကား‌ပြောတဲ့အခါ နည်းနည်းတော့ ယဉ်ကျေးပေးပါအုံး။ ပြီးတော့ အိုးရန်လဲ့။ နောက်ကျရင် မင်း စကား‌ပြောတာဆိုတာ သတိထားပါ၊ ကျေးဇူးပြုပြီး ငါ့ကို ယောက်ဖလောင်းဆိုပြီး မခေါ်ပါနဲ့။ ဒီလိုခေါ်တာက တခါတလေကျရင် အခြသူတွေကို မကျေမနပ်ဖြစ်စေနိုင်တယ်"

ကြက်ကလေးတစ်ကောင်က ဆန်ထိုးဆိတ်‌နေသည့်အလား ခေါင်းညိတ်လျက် အိုးရန်လဲ့က အလျင်စလို ပြောလိုက်သည်"မဟုတ်ဘူး....ကောင်းပါပြီ...ညီအကိုထန်ရှုရေ။ ငါ မင်းကို နောက်ကျရင် အဲလိုမခေါ်တော့ပါဘူး။အာ....ပြီး‌‌တော့....မစ္စယန်အာ....ငါ့ရဲ့အပြောင်အပြက်လုပ်ရပ်တွေအတွက် ငါ တကယ် တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး စိတ်မရှိပါနဲ့"

ကူးယန်အာ၏မျက်နှာက ထပ်မံပြောင်းလဲသွားပြီး သူမက အရေးမစိုက်စွာ ပြန်ပြောလိုက်သည်"ဆရာသခင်ကလွဲပြီး တစ်ယောက်မှ ငါ့ကို ယန်အာလို့ ခေါ်ခွင့်မရှိဘူး။ အဲလိုခေါ်တဲ့သူတွေက သေ‌ကုန်ကြပြီ၊ ဒါကြောင့် ငါ့ရဲ့မိသားစုနာမည်က ကူးဆိုတာ မှတ်ထားပါ"

အိုးရန်လဲ့က ဒေါသထွက်သွားသည်။ ဤနတ်ဘုရားမက လှပလွန်းသည်ကြောင့်သာမဟုတ်လျှင် သူက ခပ်ကြမ်းကြမ်းဆက်ဆံလောက်ပြီ။ မကျေမနပ်မှုတို့အား ဖိနှိပ်ထားလျက် သူက ခြောက်ကပ်ကပ်ရယ်ကာ ပြောလိုက်သည်"ငါ နားလည်ပါပြီ၊ မစ္စကူး"

သူ ပြောပြီးနောက် ကူးယန်အာက နှာခေါင်းရှုံ့ကာ ထန်ရှုဘက်သို့ လှည့်လိုက်သည်။ သူမလေသံက ပြောင်းလဲသွားပြန်ကာ အနည်းငယ်ပြောရန်ခက်သည့်ဟန်နှင့် ဆို၏"ဆရာသခင်၊ ငါ သင့်ကို သီးသန့်ပြောစရာတစ်ခုရှိတယ်"

အကူအညီမဲ့သလို ခံစားရလျက် ကူးယန်အာက အိုးရန်လဲ့အား ကစ်ထုတ်သည့်နည်းလမ်းဆိုသည်ကို သူက ကောင်းကောင်းသိ၏။ သူက ထိုအကောင်အား ပြုံး၍သာ ဆိုလိုက်‌တော့သည်"ကောင်းပြီလေ၊ တခြားလုပ်စရာမရှိတော့ရင် မင်းလဲ ပြန်သင့်ပြီ၊ အကိုလဲ့။ အများဆုံး နှစ်ရက်အတွင်း ရှောင်ရွှယ်ကနေတစ်ဆင့် အင်မောတယ်ဓားကို အိုးရန်တွေဆီ ပို့ပေးလိုက်မယ်"

"အာ။ ဘာအင်မော်တယ်ဓားလဲ၊ ဆရာသခင်"ကူးယန်အာက သိလိုစိတ်နှင့် မေးလိုက်သည်။

"အိုးရန်တွေက ငါ့အတွက် ခရမ်းရောင်နတ်သမီးကို ရှာပေးခဲ့တယ်လို့ ဆိုရမယ်၊ ဒါကြောင့် သူတို့ကို အင်မော်တယ်ဓားတစ်လက် လျော်ကြေးပေးမယ်ဆိုပြီး ငါ ကတိပေးခဲ့တယ်"ထန်ရှုက ပြန်ဖြေသည်။

ကူးယန်အာက ချက်ချင်းနားလည်ကာ အင်မော်တယ်ဓားတစ်လက်အား သူမ၏နေရာလပ်လက်စွပ်မှ ထုတ်လိုက်သည်။ ဓားအား အိုးရန်လုထံ ပစ်ပေးပြီးနောက် သူမက ပြောလိုက်သည်"ဒါ ဆရာ မင်းကို ကတိပေးထားတဲ့ အင်မော်တယ်ဓားပဲ။ ဓားကို ယူပြီး မြန်မြန်ထွက်သွား။ ညလယ်တောင် ရောက်နေပြီ၊ ငါ့ဆရာသခင် အနားယူရတော့မယ်"

အိုးရန်လုက သွေးအန်ထွက်မတတ် စိတ်ဓာတ်ကျသွား၏။ ကူးယန်အာကဲ့သို့လှပသောနတ်ဘုရားမလေးက သူ့ခံစားချက်များအား သနားညှာတာမှုကင်းမဲ့စွာ နင်းခြေလိမ့်မည်ဟု သူ မထင်မှတ်ထား။  အခု သူမက သူ့အား ကန်ထုတ်နေပြန်သည်။

သူက ထရပ်ကာ ထွက်သွားရန် ပြင်ဆင်ပြီးနောက် ရုတ်တရက် အလွန်အ‌ရေးကြီးသောတစ်ခုခုအား အမှတ်ရသွားကာ စိတ်မပါစွာ ပြုံးလျက် ပြောလိုက်သည်"အာ၊ မစ္စကူ။ ငါ ထန်ရှုကို မေးစရာတစ်ခုခုရှိသေးတယ်၊ မင်း...."

"မင်းမှာ မေးစရာတစ်ခုခုရှိတယ်ဆိုရင်လဲ ပြောလေ"ထန်ရှုက ငိုရမလားရယ်ရမလားမသိသောအမူအရာနှင့် ပြန်ပြောလိုက်သည်။

"အင်မော်တယ်ဓားကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ မင်း ငါ့ကို မသင်ပေးရသေးဘူးလေ။ ဒီအတိုင်း ယူသွားလို့လဲ ငါ့အတွက် အသုံးမဝင်ဘူးမလား"အိုးရန်လဲ့က ပြောလေသည်။

ထန်ရှု၏အပြောအား မစောင့်ဘဲ ကူးယန်အာက လက်မြှောက်လိုက်သည်၊ ရွှေရောင်အက္ခရာစာလုံးများက အိုးရန်လဲ့၏စိတ်ဝိညာဉ်ပင်လယ်ထဲသို့ ဝင်ရောက်သွားလေ၏။"ဒါက အင်မော်တယ်ဓားကို သန့်စင်ထိန်းချုပ်တဲ့နည်းလမ်းပဲ။ ငါ အဲဒါကို မင်းရဲ့စိတ်ဝိညာဉ်ထဲမှာ ထည့်ထားပေးတယ်။ မင်း ပြန်ရောက်တဲ့အခါ ကိုယ့်ဟာကိုယ် သင်ယူလို့ရတယ်"

သို့သော် ဤအရာက အိုးရန်လဲ့အား ကြောက်ရွံ့တုန်လှုပ်သွားစေသည်။ သူ့စိတ်ထဲတွင် ရွှေရောင်အက္ခရာစာလုံးများက ရုတ်တရက် တည်ရှိလာပြီး ဤထူးဆန်းသောအနေအထားက သူ၏အသိအမြင်ထက် ကျော်လွန်‌နေပေသည်။

"အကိုလဲ့၊ ယန်အာပြောတာ မှန်တယ်။ သူမက မင်းရဲ့စိတ်ဝိညာဉ်ထဲကို အင်းမော်တယ်ဓားထိန်းချုပ်တဲ့နည်းစနစ် ပို့ထားပြီးပြီ၊ ဒါကြောင့် မင်း ပြန်ရောက်တဲ့အခါ အဲဒါကို သင်ယူနိုင်တယ်"ထန်ရှုက ပြော၏။

"အာ...."

အိုးရန်လဲ့က ထရပ်လိုက်ပြီး မှင်တက်နေသေးစွာနှင့် အခန်းမှ ထွက်လာ၏။ သူက ကားပါကင်သို့ ရောက်ရှိလာသည်။ သူက အိမ်မက်တစ်ခုမှ နိုးထလာသည့်အတိုင်း ကားပေါ်တွင် ထိုင်ချလိုက်ပြီး ချွေးစက်များနှင့် ဆွဲနစ်နေတော့သည်။ သွားမည့်‌‌နေရာမေးသည်ကိုပင် လစ်လျူရှုလျက် သူက ရွှေရောင်အက္ခရာစာလုံးများအား ကြည့်လိုက်ချေ၏၊ သူတို့က သေးငယ်သောအလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီးနောက် စက္ကန့်အနည်းငယ်အတွင်း ပျောက်ကွယ်သွားတော့သည်။

ဒါက ထူးဆန်းလွန်းတယ်။ အရမ်းဆန်းကျယ်တာပဲ....တစ်ယောက်ယောက်က ဒီဆန်းကျယ်တဲ့နည်းလမ်းကို သုံးပြီး ငါ့ဦးနှောက်ထဲကို အသိသုတအားလုံး ထည့်ထားမယ်ဆိုရင် ငါက ကြည့်ပြီး ကျွမ်းကျင်အောင် လုပ်ရုံပဲ လိုတယ်....ဒါက ကျောချမ်းစရာပါပဲလား.....

ဒါပေမယ့် ဒါကို သူမ ဘယ်လိုလုပ်ခဲ့တာလဲ။ ဒါက ဘယ်ကျင့်ကြံသူမဆို လုပ်ဆောင်နိုင်တဲ့နည်းလမ်းတစ်ခုလား။ ဒီလိုဆိုရင် ငါလဲ အနာဂတ်မှာ ဒီလိုလုပ်လို့ရနိုင်တာပေါ့.....

အိုးရန်လဲ့က လက်သီးတင်းတင်းဆုပ်ချပြီးနောက် လက်ဝှေ့ယမ်းကာ အမိန့်ပေးလိုက်တော့၏"မိသားစုဆီ ပြန်မယ်....."

****

အခန်းထဲတွင်။

ထန်ရှုက ကူးယန်အာအား ကြည့်ကာ ‌မေးလိုက်သည်"မင်း တစ်ခုခု ပြောစရာရှိတယ်ဆို။ ဘာများလဲ"

ကူးယန်အာက ရယ်လိုက်သည်"အာ၊ ဟီးဟီး။ ဒါက အိုးရန်လဲ့ကို ထွက်သွားအောင် လုပ်လိုက်တာပါ။ ငါ ‌‌စေတီကို သိမ်းထားပြီးပြီ။ နဂါးကိုးကောင်ကျွန်းတီ ငါတို့ ဘယ်တော့ သွားကြမှာလဲ"

"ငါတို့ အခုပဲ ထွက်မယ်"ထန်ရှုက ပြော၏"ပြီးခဲ့တဲ့နှစ်ရက်အတောအတွင်း အဲနေရာက ရှုပ်ထွေးနေတယ်၊ ကျင့်ကြံသူတွေရဲ့အရိပ်အယောင်လဲ တွေ့ရတယ်။ ကြိုတင်မပြင်ဆင်ဘဲ အဲဒီလူတွေနဲ့ တိုက်ခိုက်မယ်ဆိုရင် ငါတို့ရဲ့လူတွေ ဆုံးရှုံးမှုများနိုင်တယ်။ ပြီးတော့ နဂါးကိုးကောင်ကျွန်းရဲ့တည်ရှိမှုကို ဖော်ထုတ်လို့မရဘူး။ ဒါကြောင့် စွန့်ပစ်ကျွန်းတစ်ခုကို ရှာပြီး အဲနေရာမှာ အစီအရင်တစ်ခုကို တည်ဆောက်ပြီး ကမ္ဘာပေါ်က ကျင့်ကြံသူတွေ အားလုံးကို ဆွဲဆောင်ဖို့ ငါ စီစဉ်ထားတယ်"

"ဒီကိစ္စကို ငါ့ကိုပဲ လွှဲပေးလိုက်ပါ၊ ဆရာသခင်"ကူးယန်အာက ပြုံးကာ ပြော၏။

"မလိုဘူး"ထန်ရှုက ခေါင်းခါယမ်းကာ ပြော၏"ဒီကမ္ဘာမြေရဲ့ကောင်းကင်ဘုံတာအိုက မင်းကို ဖိနှိပ်နေတယ်။ မင်းမှာ အင်မော်တယ်စွမ်းအားရှိရင်တောင် ဒီနေရာမှာ အလွယ်တကူ အသုံးပြုလို့မရဘူး။ ပြီးတော့ မင်းရဲ့ဒဏ်ရာက အပြည့်အဝမသက်သာသေးဘူး၊ ဒါကြောင့် မင်းရဲ့စွမ်းရည်ကို အလွန်အကျွံမသုံးရဘူး။ ငါပဲ လုပ်မယ်၊ မင်းက စေတီကို နေရာချပြီး စေတီထဲမှာ အားပြန်ဖြည့်ဖို့ပဲ လိုတယ်"

ကူးယန်အာက တစ်ချက်‌တွေးပြီးနောက် ခေါင်းညိတ်လိုက်သည်"ယန်အာက မင်းရဲ့အစီအစဉ်ကို လိုက်နာပါ့မယ်၊ ဆရာသခင်"

ထို့နောက် ထန်ရှု၊ ကူးယန်အာနှင့် ကူးရှောင်ရွှယ်တို့က ကားပါကင်၌ လျင်မြန်စွာ ထွက်ပေါ်လာပြီး ထာဝရခန်းမ၏အဖွဲ့ဝင်ဒါဇင်ကျော်က သူတို့အား ကြိုတင်စောင့်ဆိုင်းနေလေ၏။

ထန်ရှုက သူတို့အား တစ်ချက်ကြည့်ပြီးနောက် ချီနန်ဘက် လှည့်ကာ ပြောလိုက်သည်"ချီနန်၊ မင်းက ဒီနေရာမှာ နေပြီး ထာဝရခန်းမရဲ့စီးပွားရေးကို ဂရုစိုက်ရမယ်။ မင်းက အခုကစပြီး စားသောက်ဆိုင်ရဲ့မန်နေဂျာပဲ။ တစ်နှစ်ပြည့်ရင် မင်းကို နောက်တစ်ယောက်နဲ့ အစားထိုးပေးမယ်၊ ပြီးရင် မင်း ကျင့်ကြံဖို့ နဂါးကိုးကောင်ကျွန်းကို လာနိုင်တယ်"

"ငါ..."

စိတ်ထဲတွင်မူ ချီနန်က ငြင်းပယ်လိုသည်၊ သူမက နဂါးကိုးကောင်ကျွန်းသို့ သွားကာ ရန်သူများနှင့် တိုက်ခိုက်ချင်သောကြောင့်ပင်။ သို့သော် ထန်ရှု၏အကြည့်အောက်တွင် သူမက ခေါင်းညိတ်လက်ခံရုံသာ တတ်နိုင်သည်။

"မင်း ဘာတွေးနေသလဲဆိုတာ ငါ သိတယ်"ထန်ရှုက ရယ်ကာ ပြောလိုက်သည်"ဒါပေမယ့်  လျော်ကြေးအနေနဲ့ မင်းက ဌာနချုပ်က‌နေ ရမယ့် နှစ်စဉ်အရင်းအမြစ်ရဲ့နှစ်ဆကို ရမှာပါ"

"ကျေးဇူးတင်ပါတယ်၊ သူဌေး"ဤသည်ကို ကြားပြီး ချီနန်၏စိတ်ဓာတ်ကျဆင်းမှုက တော်တော်များများ ပျောက်ကွယ်သွားလေသည်။

***

All Chapters