← Chapters

ပုံမှန်မဟုတ်သည့် ငလျှင်

Vol. 61 Ch. 848

ပုံမှန်မဟုတ်သည့် ငလျှင်

Vol. 61 Ch. 848

ထို့နောက် မိုချင်းချယ်က အနည်းငယ် မူးဝေလာမိသည်။ နောက်အခိုက်အတန့်လေး၌ သူမက သူမအဖွားအုတ်ဂူရှေ့မှောက် ရောက်နေကြောင်း တွေ့လိုက်ရ၏။

သူမအဖွား၏ အုတ်ဂူကျောက်တိုင်မှာ သူမကိုယ်တိုင် စိုက်ပေးထားခြင်း ဖြစ်သော်လည်း သူမက လုပ်ရိုးလုပ်စဉ်များ မသိသည့်အတွက် သူမကိုယ်ပိုင်ပေါ် အခြေခံ၍ စာနှစ်ကြောင်းသာ ရေးသွင်းထားခြင်း ဖြစ်၏။

“ ဖိုးဖိုး ဘယ်လိုလုပ်ပြီးတော့  ….” မိုချင်းချယ်က စကားတစ်ဝက်တစ်ပျက်ဖြင့် ရပ်တန့်လိုက်သည်။ သူမ အဖိုးမှာ သူမကို အဆောက်အဦးထိပ်မှ အောက်သို့ ခဏလေးအတွင်း ခေါ်လာနိုင်သည့်အတွက် အဖွားအုတ်ဂူရှေ့ ရောက်နေသည့်ကိစ္စမှာ ဘာမှမထူးဆန်းတော့ပေ။

မိုဝူကျိ မျက်ဝန်း၌ ဝမ်းနည်းသည့် အရိပ်အယောင်မှာ သိသာနေသောကြောင့် သူမက ဆက်မမေးရဲတော့ပေ။ ထိုစဉ် သူမက သူမအဖိုးဖြစ်သူသည် အင်မော်တယ် တစ်ယောက်မဟုတ်ဘဲ သာမာန်လူသားတစ်ယောက်ကဲ့သို့ ခံစားလိုက်မိသည်။

ယခင်က သူမ အဖိုးဖြစ်သူသည် နှလုံးသားမဲ့ကာ သူ့အပေါ် နက်နက်ရှိုင်းရှိုင်း ချစ်နေသည့် အဖွားအား ထားပစ်ခဲ့သည်ဟု  တွေးထင်မိခဲ့သည်။ မိုဝူကျိက အခြေအနေကို ရှင်းပြပြီးသည့်နောက်တွင် သူမ အဖိုးက ပုံရိပ်ယောင်တစ်ခုကဲ့သို့ အလှမ်းကွာနေကြောင်း သိလိုက်ရတော့သည်။ သို့သော် ယခုအခါ သူမအဖိုးမှာ တကယ်ဖြစ်ကြောင်း ခံစားမိလာပြီး ပို၍ သနားစရာအကောင်းဆုံး ကိစ္စရပ်မှာ သူမ အဖွားဖြစ်သူက ဇာတ်ကြောင်း တစိတပိုင်းကို သိပြီး ရှားရိုယင်က ဇာတ်ကြောင်း တပိုင်းကို သိထားစဉ် အဖိုးကား ဘာဆိုဘာမှ မသိခဲ့ချေ။

အဖွားအနေနှင့် အဖိုးကို လိမ်ညာပြောလိုက်ခြင်းမှာလည်း မှန်ကန်ကြောင်း ခံစားမိ၏။ ရှားရိုယင်သည်လည်း အဖိုးကို သူမနည်းလမ်းနဲ့ သူမ လိမ်ညာခဲ့ပေသည်။

အဖွားအုတ်ဂူအပေါ်၌ မြက်ပင်နှင့် ပေါင်းပင်များ ပေါက်ရောက်နေသည်ကို မြင်ပြီး မိုချင်းချယ်က အနည်းငယ် အပြစ်ရှိစိတ် ခံစားမိသွားသည်။ သူမ၏ အလုပ်ကြောင့် အဖွားကို ချင်းမင်အခါရက်မှသာ လာရောက်တွေ့နိုင်သည်။

(ချင်းမင် - အုတ်ဂူကန့်တော့ပွဲ)

မိုဝူကျိက ဝမ်ရှောင်ချီ အုတ်ဂူရှေ့တွင် မလှုပ်မရှား အတော်ကြာကြာ ရပ်နေသည်။ တစ်ဖက်တွင် မိုချင်းချယ်က တောင့်မခံနိင်တော့ဘဲ တစ်ဖက်သို့သွားကာ ထိုင်စောင့်နေလိုက်သည်။

နေဝင်သွားသည့်အခါ မိုဝူကျိက သက်ပြင်းချလိုက်ပြီး ဝမ်ရှောင်ချီ အုတ်ဂူပေါ်က မြက်ပင်များနှင့် ပေါင်းပင်များကို သန့်ရှင်းရေး စလုပ်လိုက်သည်။ ထို့နောက် သူက အဆင့်မြင့် အင်မော်တယ်ကျောက်များကို ထုတ်ကာ အုတ်ဂူကို ပတ်လည်ဝိုင်းထားလိုက်၏။ သူက အင်မော်တယ်ပန်းတချို့ကိုလည်း စိုက်ပျိုးပေးလိုက်သည်။

မူလက အုတ်ဂူတစ်ခုလုံးကို ထာဝရကမ္ဘာအတွင်း ရွေ့ပြောင်းချင်သော်လည်း ထိုအကြံအစည်အား လက်လျော့လိုက်တော့သည်။

သူက ပြန်လည်ဝင်စားလာသော်လည်း ထိုဖြစ်စဉ်အကြောင်း များစွာ နားမလည်သေးပေ။ အင်မော်တယ် ဧကရာဇ်အဆင့်အထိ ကျင့်ကြံပြီးသည့်နောက်တွင်ပင် သူ လက်လှမ်းမမှီသည့်အရာများစွာ ရှိနေသေး၏။ ဝမ်ရှောင်ချီသည် တစ်ခါမှ မကျင့်ကြံဖူးသည့် သေမျိုးတစ်ယောက် ဖြစ်ပေရာ သူမ အကြွင်းအကျန်များကို ထာဝရကမ္ဘာထဲ ရွေ့လိုက်လျှင် သူမ ပြန်လည်ဝင်စားရာ၌ သက်ရောက်မှု ရှိမည်၊ မရှိမည်ကို မည်သူက သိမည်နည်း။

သူမက ပြန်လည်ဝင်စားပြီးသည့်နောက်တွင် အတိတ်ဘဝအကြောင်း မှိတ်မိတော့မည် မဟုတ်သော်လည်း မိုဝူကျိက သူမ ပြန်လည်ဝင်စားခြင်း ဖြစ်စဉ်အား မနှောင့်ယှက်လိုပေ။

“ ဖိုးဖိုး … တခြားသူတွေက ဖိုးဖိုး စိုက်ခဲ့တဲ့ ပန်းတွေ တူးယူကုန်လိမ့်မယ် …” မိုဝူကျိက ပန်းများကို ဂရုတစိုက် စိုက်ပျိုးပေးနေသည်ကို မြင်သောအခါ မိုချင်းချယ်က ဘေးမှ ဝင်ပြောလိုက်လေ၏။

“ ဒီနေရာကို ဘယ်သူကမှ ထိလို့ရမှာ မဟုတ်ဘူး ” မိုဝူကျိက ထရပ်ကာ အစီအရင်အလံဆယ်ခုကျော်အား ပစ်လွှတ်လိုက်သည်။ ဘေးပတ်ဝန်းကျင်မှာ ဖြည်းဖြည်းချင်း ဖုံးကွယ်သွားလေ၏။ အဆုံးသတ်တွင် ဤနေရာ၌ ဘာမှမရှိသကဲ့သို ပြောင်းလဲသွားသည်။

“ ဖွားဖွား အုတ်ဂူရော ” မိုချင်းချယ်က အထိတ်တလန့်ဖြင့် မေးလိုက်လေ၏။

ပျောက်ကွယ်သွားသည့်နေရာကို ခဏကြည့်လိုက်ပြီးနောက် မိုဝူကျိက ပြောလိုက်သည်  “ အခု အဲဒီအပေါ်ကို ကာကွယ်ရေးတချို့ ထားပေးလိုက်တယ်။ ကမ္ဘာမြေ မရှိတော့ရင်တောင် ဘယ်သူကမှ မင်းအဖွားကို နှောင့်ယှက်လို့ ရမှာ မဟုတ်ဘူး  ”

သူက ကမ္ဘာမြေ ပေါက်ကွဲထွက်သွားလျှင်ပင် ဘယ်လိုမှ မပျက်စီးနိုင်သည့် အင်မော်တယ်အစီအရင် ထားပေးလိုက်ခြင်း ဖြစ်၏။ ထိုအစီအရင်အပေါ် တိုက်ခိုက်မှုများစွာ ကျရောက်လာသည်နှင့် သူက မည်သည့်နေရာတွင် ရှိနေစေကာမူ သူက အာရုံခံနိုင်ဦးမည် ဖြစ်သည်။ အစီအရင်အတွင်း သူက စိတ်စွမ်းအားတစ်မျှင် ထည့်သွင်းပေးထား၏။

မိုချင်းချယ်က စိတ်သက်သာရာ သက်ပြင်းချလိုက်တော့သည်။ သူမက အဖိုးအား အဖွားကို ပစ်၍ ထိုကောက်ကျစ်သည့် ရှားရိုယင်ကို ရွေးချယ်သွားသည့် အကြောင်းအရင်းကို မေးချင်သော်လည်း သူမဘာသာ တိတ်တဆိတ်သာ နေလိုက်တော့သည်။ မိုဝူကျိက သူမထက် ငယ်ရွယ်ဟန် ပေါ်နေသော်လည်း သူက သူမ အဖိုးဖြစ်နေဆဲ ဖြစ်သည်။

“ ဖိုးဖိုး  သမီးတို့တွေ ဘယ်သွားကြမှာလဲ ” မိုချင်းချယ်က မိုဝူကျိ၏ ဝမ်းနည်းမှုကို ခံစားမိ၍ အရင်ဦးစွာ မေးလိုက်သည်။

“ ရှားမိသားစုဆီ …. ရှားမိသားစုက ငါ ဖန်တီးထားတဲ့ ဖော်မြူလာကနေ အများကြီးရထားတာလေ။ အခု ပြန်သိမ်းဖို့ အချိန်ရောက်ပြီ ” မိုဝူကျိက တောင်ကုန်းလေးမှ ဖြည်းဖြည်းချင်း ဆင်းလာရင်း ပြောလိုက်သည်။

အဖိုးက သူမကို အင်မော်တယ် နည်းလမ်းများဖြင့် ခေါ်ထုတ်မသွားဘဲ သာမာန်လမ်းလျှောက်နေသည်ကို ကြည့်ရင်း မိုချင်းချယ်က ထိုအကြောင်းကို ထပ်မမေးတော့ပေ။

………..…

ရှားမိသားစုက ကမ္ဘာမြေတွင် အားအကောင်းဆုံး မိသားစု ဖြစ်ပေသည်။ မိသားစုအဖွဲ့အစည်းဟု ယူဆ၍ ရနိုင်သည့် မိသားစု မျိုးနွယ်များက ဆယ်ခုနှင့်အထက် မရှိသော်လည်း ရှားမိသားစုက ထိုခေါင်းစဉ် ရရှိသည့် ပထမမိသားစု ဖြစ်၏။

သို့သော်လည်း ရှားမိသားစုတွင် ပိုင်ဆိုင်မှုများများစားစား မရှိချေ။ မြို့ကြီးများရှိ ဇိမ်ခံဟိုတယ်များအပြင် ဆေးဝါးအဖွဲ့အစည်း တစ်ခုသာ ရှိ၏။

ထိုဆေးဝါးအဖွဲ့အစည်းမှာ ကျင်းယန်မြို့တွင် အခြေချထားလေ၏။ ကျင်းယန်မြို့၏ နယ်ပယ် ၁၁ ခုအနက် ၁၁ ခုမြောက်နယ်ပယ်ဖြစ်သည့် လျန့်မိုင်နယ်တွင် တည်ရှိပြီး ထိုနယ်မြေ၌ တစ်ခုတည်းသော ကုမ္ပဏီ ဖြစ်ပေသည်။

လျန့်မိုင်နယ်တစ်ခုလုံး၌ ရှားမိသားစု၏ ဆေးဝါး ထုတ်လုပ်ရေး အပင်၊ ဆေးစိုက်ခင်း၊ ဆေးဝါး သုတေသနနှင့် ဖွံ့ဖြိုးရေး စင်တာ၊ ဆေးဝါး သန့်စင်ရေး စင်တာ အစရှိသဖြင့် တည်ရှိပေသည်။

ထိုအရာများအပြင် ရှားမိသားစု၏ ဗီလာများစွာ ရှိနေသေးသည်။ ဆေးဝါး ထုတ်လုပ်ရေး အပင်ဌာန၏ အလုပ်သမားအကုန်လုံးက သူတို့ကိုယ်ပိုင်ဗီလာအတွင်း နေထိုင်နိုင်ကြသည်။ ရှားမိသားစုက မည်မျှ ချမ်းသာကြောင်း သိသာလှသည်။

……………..

မိုဝူကျိက မိုချင်းချယ်အား  လမ်းရှစ်သွယ် ကျယ်သော လမ်းမကြီးဘေးတွင် ရှိနေသည့် ဆိုင်းဘုတ်ကြီးရှေ့သို့ ခေါ်လာသည်။  ထိုဆိုင်းဘုတ်ကြီးတွင် ရှားမိသားစု၏ ဆေးဝါး စင်တာဟူ၍ ပါရှိပြီး  ဝင်ခွင့်မရှိသူများအား တားမြစ်ထားလေ၏။

ထိုဆိုင်းဘုတ်နှင့် မီတာရာကျော်လောက်တွင် ဂိတ်ကြီးတစ်ခု၌ လူခုနှစ်ယောက်၊ ရှစ်ယောက်လောက် ရှိနေပြီး စောင့်ကြပ်နေကြသည်။

“ ဖိုးဖိုး …. ဒါက ကျင်းယန်မြို့ရဲ့ လျန်မိုင်နယ်လေ။ ဝင်ခွင့်မရှိရင် ဘယ်သူမှ ဝင်လို့ မရဘူး ” မိုချင်းချယ်က မိုဝူကျိသည် သူမအား လျန့်မိုင်နယ်ဆီ ခေါ်လာသည်ကို မြင်၍  မြန်မြန် ပြောပြလိုက်သည်။

မိုဝူကျိ၏ စိတ်စွမ်းအားက တကမ္ဘာလုံး ဖြန့်ကျက်ထားပြီးပြီ ဖြစ်ရာ ရှားမိသားစုတွင် ဤဆေးဝါး စင်တာနှင့် ဖွံ့ဖြိုးရေး စင်တာတို့သာ ရှိကြောင်း သိထားသည်။

မိုဝူကျိက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်၏  “ အဲဆို အထဲမသွားဘဲနဲ့ ဒီကနေ စောင့်ကြည့်နေ ”

လျန့်မိုင်နယ် …. သွေးကြော သန့်စင်ရေး (လျန့်မိုင်) နယ်မြေ အမှတ် (၂)

(လျန့်မိုင်နယ်နဲ့ လျန့်မိုင်က အသံထွက်တူနေပေမဲ့ အဓိပ္ပါယ်မတူပါဘူး … )

မပြီးပြည့်စုံတဲ့ ဆေးရည်ကိုများ သွေးကြော သန့်စင်ရေးလို့များ ခေါ်ရဲသေးတယ် ….

ပြီးပြည့်စုံသည် ဖြစ်စေ၊ မပြီးပြည့်စုံသည် ဖြစ်စေ ထိုဖော်မြူလာမှာ သူ ဖန်တီးထားခြင်း ဖြစ်၏။ သူက ရှားမိသားစုအနေနှင့် ထိုအရာမှ ချမ်းသာကြွယ်ဝနေသည်ကို ဆက်လက် လွှတ်ထားပေးဖို့ရာ ရည်ရွယ်ချက် မရှိပေ။

……………

လျန့်မိုင်နယ်က ရှားမိသားစု၏ စီးပွားရေး အဖွဲ့ခွဲတစ်ခုသာ ရှိသော်လည်း ထိုနယ်မြေကား ငြိမ်သက်မနေပေ။ အလုပ်သမားများစွာ ရှိနေသည့်အတွက် မြို့အတွင်းမှ မြို့လေးသဖွယ် ဖြစ်နေသည်။

လူဦးရေ အသိပ်သည်းဆုံးနေရာမှာ ရှားမိသားစု၏ ခန္ဓာကိုယ်လေ့ကျင့်ရေး ဆေးရည် ထုတ်လုပ်သည့်နေရာ ဖြစ်ပြီး စက်ရုံများမှာ တစ်တန်းတည်း ချိတ်ဆက်ထားကြသည်။

အလုပ်လုပ်နေသည့် အချိန်အတွင်း ဖြစ်သောကြောင့် စက်ရုံတိုင်းမှာ လူများစွာ ဝင်လိုက်ထွက်လိုက်ဖြင့် အလုပ်ရှုပ်နေကြပြီး စက်များမှ အသံဆူညံသံများလည်း ထွက်ပေါ်နေသည်။

သို့သော် ယခုအခိုက်အတန့်လေး၌ အားလုံးက မြေပြင်မှ တုန်ခါမှုကို ခံစားမိလိုက်ကြသည်။

“ ငလျှင်ပဲ …” စူးစူးဝါးဝါး အော်သံများ ထွက်ပေါ်လာပြီး စက်ရုံနှင့် သုတေသန စင်တာများအတွင်းရှိ လူများမှာ အပြင်သို့ အပြေးအလွှား ထွက်လာကြသည်။

ငလျှင် လုပ်လာသည်မှာ အမှန်ဖြစ်ပြီး စက်ရုံများနှင့် သုတေသန စင်တာများပင် အချိန်မရွေး ပြိုကျသွားတော့မတတ်  အပြင်းအထန် တုန်ခါနေပေသည်။

သို့သော်လည်း ထိုစက်ရုံများက ပို၍ တုန်ခါလာသော်လည်း မပြိုကျသွားသေးပေ။ ဤအရာက ပြေးထွက်လာသည့် လူများအား အသက်ရှင်သန်ခွင့် ပေးလိုက်လေ၏။ သေခြင်းတရားနှင့် မျက်မှောက်ရင်ဆိုင်နေရသည့်အခါ အားလုံးက အပြင်ဘက် သို့မဟုတ် ကွင်းပြင်သို့ ပြေးထွက်လာကြသည်။

လျန့်မိုင်နယ်အတွင်း ရှားမိသားစု၏ ရင်းနှီးမြှပ်နှံ့မှုမှာ အများအပြား ဖြစ်၏။ မြောက်များစွာ‌သော စက်ရုံများ၊ ဗီလာများနှင့် သုတေသန စင်တာများစွာ ရှိနေသော်လည်း ကွင်းပြင်များနှင့် ဘောလုံးကွင်းများလည်း ရှိနေသေးသည့်အတွက် ဂေါက်ကွင်းပင် ရှာတွေ့နိုင်သေး၏။

လူများစွာက ကွင်းပြင်များဆီ ထွက်ပြေးလာပြီးနောက် စက်ရုံများနှင့် စင်တာများသာ တုန်ခါနေခြင်း ဖြစ်ကြောင်း သတိထားမိလိုက်ကြသည်။ သူတို့ထွက်လာသည်နှင့် တုန်ခါမှုမှာ ပျောက်ကွယ်သွားလေ၏။ သူတို့က ငလျှင် မဟုတ်ဘဲ ထိုအဆောက်အဦးများသာ လှုပ်ခါနေကြောင်း ရှင်းရှင်းလင်းလင်း သိလိုက်ကြတော့သည်။

အစပိုင်း ရုန်းရင်းဆန်ခတ်မှုအပြီးတွင် သုတေသီတချို့က အရေးကြီးသော သုတေသနစာရွက်စာတမ်းများကို ယူဆောင်သွားဖို့ တွေးမိလိုက်ကြ၏။ သူတို့က စာအုပ်များနှင့် ဖိုင်များကို ယူလိုက်သည်နှင့် သူတို့ခြေထောက်မှာ ကီလိုထောင်ချီကာ လေးလံလာပြီး တစ်လှမ်းမှပင် မလှုပ်ရှားနိုင်တော့ချေ။

ထိုပစ္စည်းများကို ပစ်လိုက်သည့်အခါမှ သူတို့အင်အားများ ပြန်ရောက်လာဟန် ပေါ်၏။ ဤသို့မျိုး အခြေအနေက သူတို့အသက်အတွက် ထွက်ပြေးပြီး အရာအားလုံးကို စွန့်လွှတ်ခဲ့လိုက်ရတော့သည်။

“ ဖိုးဖိုး … လျန့်မိုင်နယ်အတွင်းမှာ ဘာတွေဖြစ်နေတာလဲ။ ကြည့်ရတာ ရုတ်ရုတ်သည်းသည်း ဖြစ်နေတဲ့ပုံပဲ ” အပြင်ဘက်တွင် ရပ်နေသည့် မိုချင်းချယ်က တစ်ခုခု လွဲမှားနေကြောင်း ခံစားမိပေသည်။

“ ဘာမှမဟုတ်ပါဘူး …. မင်းအဖွားနဲ့ ငါ ပိုင်ထားတာလေးတွေကို ပြန်ယူရုံလေးပါ ” မိုဝူကျိက ရှင်းပြလိုက်သည်။ သူက အားလုံးကို မသတ်ပစ်နိုင်ပေ။ ဤနေရာရှိ စမ်းသပ်ချက်များအားလုံးကို ဖျက်စီးပစ်လိုက်ခြင်းသာ  ဖြစ်၏။

“အားလုံး ထွက်လာနိုင်ကြလား …. ဒီလောက်ကြာတာတောင် အရေးပေါ် လူနာတင်ယာဉ်တွေက ဘာလို့ ရောက်မလာသေးတာလဲ။ ဆေးဘက်အကူ အဖွဲ့ရော မရောက်သေးဘူးလား ” ကတုံးပြောင် အမျိုးသားတစ်ဦးက ဂေါက်ကွင်းသို့ ရောက်လာပြီးသည့်နောက်တွင် ပြောလိုက်သည်။

“ လှုပ်ခါပြီးတော့ အချိန်အတော်ကြာတဲ့အထိ အဆောက်အဦးက ပြိုမကျဘူးဆိုတော့ အားလုံးက လွတ်ကြမှာပါ …. ဒါပေမဲ့ ကျုပ်တို့ ဖုန်းကောတွေက …. ”

“ ဝုန်း ဝုန်း ဝုန်း ” ထိုစကားများပြောနေစဉ် တုန်ခါနေသည့် သုတေသန စင်တာနှင့် စက်ရုံများက စတင်၍ ပြိုကျလာသည်။ အားလုံးကို ကြောင်အမ်းသွားစေသည်က သူတို့အနေနှင့် ထိုသို့ငလျှင်မျိုးကို မကြုံဖူးကြပေ။ ပြိုလဲမှုကြောင့် ဖုန်မှုန့်များသာ ထွက်လာလေ၏။ အုတ်တစ်ချပ်ပင် မကျန်ရစ်နေသလို အဆောက်အဦး အပိုင်းအစလည်း မမြင်ရပေ။

ငလျှင်က အဆောက်အဦးများကို အမှုန့်ဖြစ်သွားစေသည်လား …. ဘယ်လို ငလျှင်မျိးပါ့လိမ့် …

“ ချင်းချယ် …ရှားမိသားစုဆီ သွားကြစို့” မိုဝူကျိက အထဲတွင် သူ သတ်ချင်သည့်သူများ ရှိနေသေးသည်ကို သိသော်လည်း ယနေ့တော့ လွှတ်ပေးထားဦးမည်။

သူ ထွက်သွားသည့်အခါ ဤနေရာမှ ဆက်သွယ်ရေး အတားအဆီးများကို ဖြေလျော့ပေးလိုက်လျှင် ရှားမိသားစုက စုစည်းလာပေလိမ့်မည်။

………….…

ရှားယို့က ဖုန်းကို မယုံကြည်နိုင်စွာ ကိုင်ထားပြီး သူ့ခေါင်းထဲတွင် အသံများ ဂယက်ရိုက်နေသည်။ သူ အိပ်မက်မက်နေသည်လားဟုပင် တွေးမိသွား၏။ လျန့်မိုင်နယ်က ငလျှင်တစ်ခုက လူတစ်ယောက်တစ်လေမှ ဒဏ်ရာမရသော်လည်း စင်တာအားလုံးနှင့် စက်ရုံအားလုံးကို အမှုန့်ဖြစ်သွားစေသည်။

ဒါက ဇာတ်လမ်းတစ်ခုခုထဲက ဇာတ်ကွက်မျိုးလား ….

ဇာတ်လမ်း ဖြစ်စေ၊ မဖြစ်စေက အရေးမပါပေ။ ရှားယို့က ဤသည်မှာ ရိုးရိုးတမ်းတမ်း ငလျှင်တစ်ခု မဟုတ်ကြောင်း သိလိုက်သည်။ နောက်ကွယ်မှ လူတစ်ယောက်ယောက် ရှိပေလိမ့်မည်။ ရှားမိသားစု၏ စက်ရုံများကို ဖောက်ခွဲပစ်ရန် အားကောင်းသော ပေါက်ကွဲရေးပစ္စည်းများ ထားထားခြင်း ဖြစ်နိုင်သည်။

သို့သော်လည်း  …..

လူတစ်ဦးတစ်လေမှ ဒဏ်ရာရခြင်း မရှိပေ။

ကမ္ဘာပေါ်တွင် ဤသို့မျိုး ပေါက်ကွဲမှုမျိုး ရှိလို့လား …. ရှိနေလျှင်လည်း ဤဇာတ်လမ်းမှာ စိတ်ကူးယဉ်ဆန်နေပေလိမ့်မည်။

“ ရှားဖုန်းခွမ်း … အခုချက်ချင်း လျန့်မိုင်နယ်ကို လူတွေလွတ်ပြီးတော့ နေရာတစ်ခုလုံးကို ပိတ်ထားလိုက် ” ရှားယို့က အမိန့်ပေးလိုက်သည်။

“ ဦးလေးယို့ …. ဖုန်းခွမ်းက မရှိတော့ ….” ရှားကျန်းနီက မြန်မြန် ဝင်ပြောလိုက်သည်။

ဤသည်က ရှားယို့အား အသိပြန်ဝင်လာစေသည်။ သူက တည်တည်ငြိမ်ငြိမ် ပြောလိုက်လေ၏  “ အဲဆို လျန့်မိုင်နယ်ကို ပိတ်ထားဖို့ ရှားကျီကို ချက်ချင်း အကြောင်းကြားလိုက် … ပြီးရင် ရှားမိသားစုရဲ့ ဆေးဝါးဌာနက အဖွဲ့ဝင်တွေအားလုံးကို အစည်းအဝေးခန်းမ (၁) မှာ တွေ့မယ်လို့ ပြောလိုက် …. ပြီးတော့ ရှားကျစ်ကို တစ်ခါတော့ ပြန်လာဖို့ တောင်းဆိုလိုက်ဦး .. မှတ်ထားနော် တစ်ကြိမ်လောက်လို့  ….. ”

“ ဟုတ်ကဲ့ပါ ” ရှားကျန်းနီက မြန်မြန် ဖြေကာ အခန်းထဲမှ ထွက်သွားလိုက်သည်။

***

All Chapters