← Chapters

ရှန်းဟိုင်သို့ ပြန်ရောက်ခြင်း

Vol. 73 Ch. 1019

ရှန်းဟိုင်သို့ ပြန်ရောက်ခြင်း

Vol. 73 Ch. 1019

သူ၏ထက်ရှသောအကြားအာရုံအရ ကျန်းရှင်းယာနှင့်ကျန်းရှင်းယွဲ့တို့ စကားအချီအချပြော‌ဆိုနေသည်ကို ထန်ရှုက အလိုအလျောက် ကြားရသည်။ မည်သို့ပင်ဆိုစေကာမူ ဤအမြွှာညီအမနှစ်ယောက်အား မည်သို့ ရင်ဆိုင်ရမည်ကို သူ ကြံရာမရဖြစ်၏။ အထူးသဖြင့် ကျန်းရှင်းယွဲ့ပင်၊ ကိစ္စများက ဤအတိုင်းအတာအထိ ဖြစ်ပျက်ခဲ့သည်။ သူမ၏နှလုံးသားက ဘယ်လောက်ပဲ ကြီးမားသည်ဟုဆိုဆို ထိုကိစ္စအား ဖယ်ထုတ်ရန်က သူမအတွက် မဖြစ်နိုင်ပေ။

"သွားကြစို့၊ ကောင်မလေးတွေ"

အဖြေမရှိမှတော့ ထန်ရှုက ထပ်စဉ်းစားမနေတော့ပေ။ တဖြည်းဖြည်းနှင့် အဖြေရှာနိုင်လိမ့်မည်ဟု သူ ယုံကြည်သည်။ ကျန်းရှင်းယာက ကျန်းရှင်းယွဲ့အား လေဆိပ်တွင် လာကြိုရန် ကြိုတင်အကြောင်းကြား‌ထားသောကြောင့် သူမတွင် ကိုယ်ပိုင်အစီအစဉ်ရှိမည်ဟု သူ ယုံကြည်သည်။

တိုယိုတာအာဖာက အတော်လေးကျယ်ဝန်းသည့်ကားတစ်စီးဖြစ်၏။ ထိုင်ခုံအနည်းငယ်သာ ရှိသော်လည်း ထန်ရှု၊ ကျန်းရှင်းယာနှင့် ထန်၂၈တို့ငါးယောက်အဖွဲ့အတွက် နေရာအလုံအလောက်ဆန့်သည်။ ကျန်းရှင်းယွဲ့က ကားမောင်းသူအဖြစ် အားလုံးအား ကြယ်ပြာအိမ်ရာသို့ ခေါ်ဆောင်လာခဲ့သည်။

"မင်းတို့ ဆင်းအုံးမလား"သူနှင့်ထန်၂၈တို့အဖွဲ့က ကားပေါ်မှ ဆင်းပြီးနောက် ထန်ရှုက ကျန်းမောင်နှမအား မေးလိုက်သည်။

"ငါတို့ မဆင်းတော့ဘူး"ကျန်းရှင်းယာက ခေါင်းခါယမ်းကာ ပြုံးလျက် ပြောလိုက်သည်"ကောင်လေးတွေကို ခေါ်ပြီး စောစောအနားယူ။ ငါတို့ အချိန်ရရင် ဒီကို ထပ်လာမယ်"

"ဒါဆိုလဲ ကောင်းပြီလေ"ထန်ရှုက ပြန်ဖြေပြီးနောက် သူတို့ ထွက်ခွာသွားသည်ကို စောင့်ကြည့်လိုက်သည်။ ထို့နောက် အိမ်ရာအရှေ့တံခါးဆီသို့ ချက်ချင်း လှည့်လိုက်၏။ အိမ်နှင့် ဝေးနေသည်မှာ ကြာလွန်းပြီဖြစ်သဖြင့် သူက စိတ်သက်သာရရမိလေသည်။

"ကောင်လေး‌တွေ၊ ပထမအထပ်က ကြိုက်တဲ့အခန်းမှာ မင်းတို့ နေလို့ရတယ်"

သူတို့အား အမိန့်ပေးပြီးနောက် ထန်ရှုက ဒုတိယထပ်သို့ တစ်ယောက်တည်း ဦးတည်လိုက်သည်။ အိမ်ဖော်နှစ်ယောက်က ရှိမနေသောကြောင့် သူက ဒုတိယအထပ်ရှိ ရေချိုးခန်းသို့ တန်းသွားကာ ရေချိုးအဝတ်အစားလဲပြီး‌‌နောက် စာကြည့်ခန်းသို့ သွား၏။ သူက ထိုင်ခုံပေါ်တွင် ထိုင်မည့်ဆဲဆဲ ရင်းနှီးသောအသံများအား ပြတင်းပေါက်အပြင်ဘက်မှ ကြားလိုက်ရသည်။

"အန်တီချက်ထားတဲ့ဆော့ကို မင်း သေချာပေါက် ကြိုက်မှာ၊ ရှောင်ဝမ်။ မင်း စားပြီးတာနဲ့ မမေ့နိုင်တော့ဘူးဆိုတာ ‌ငါ အာမခံတယ်။ ဒါပေမယ့် ဂဏန်းတွေကိုတော့ အန်တီ မချက်နိုင်ဘူး။ ပင်လယ်စာစားသောက်ဆိုင်တွေ လုပ်တာထက် ပိုကောင်းအောင်လုပ်နိုင်မယ်လို့ ငါ မထင်ဘူး။ ဒီတော့ မင်းကိုယ်တိုင် ချက်ဖို့ လိုမယ်လို့ ငါ ထင်တယ်"

"မစိုးရိမ်ပါနဲ့၊ အန်တီ။ ငါပဲ လုပ်ပါ့မယ်"

"အဲဒါ ကောင်းတယ်"

ပြတင်းပေါက်တွင် ရပ်နေရင်း ဈေးဝယ်ထွက်ရာမှ ပြန်လာသော အမျိုးသမီးနှစ်ယောက်က သူ့အမေစုလင်းယွမ်နှင့်သူ၏မွေးစားအမချန်ရှောင်ဝမ်တို့ ဖြစ်နေလိမ့်မည်ဟု ထန်ရှု မထင်ထားခဲ့ပေ။ သူက သူတို့အား ခေါ်မည့်ဆဲဆဲတွင် ထန်၂၈တို့ငါးယောက်က အိမ်ရာမှာ ပြေးထွက်လာကာ ဓားများကိုင်ထားလျက် အေးစက်သောမျက်နှာများနှင့် သူတို့အား တားဆီးလိုက်လေသည်။

"အာ....မင်းတို့ကောင်လေးတွေက ဘယ်သူလဲ...."

စုလင်းယွမ်နှင့်ချန်ရှောင်ဝမ်က လုံးဝမှင်တက်သွားသည်။ သူတို့ အိမ်မှ ထွက်ခွာသွားသည်မှာ မကြာသေးပေ၊ ဘယ်လိုလုပ်ပြီး အိမ်ကို ဒီကလေးတွေ ရောက်လာရတာလဲ။ ပြီးတော့ ဒီကလေးတွေကို ကြည့်ရတာ ရက်စက်ကြမ်းကြုတ်တဲ့လူရိုင်းလေးတွေလိုပဲ။

"၂၈...."

ထန်ရှုပုံရိပ်က အိမ်ရာတံခါးအပြင်ဘက်သို့ မျက်စိတစ်မှိတ်အတွင်း ထွက်ပေါ်လာသည်။ သူက ပြုံးလျက် ပြောလိုက်၏"မင်းတို့ငါးယောက်၊ မှတ်ထား၊ သူတို့က ငါ့မိသားစုဝင်တွေပဲ၊ အနာဂတ်မှာ မင်းတို့ ကာကွယ်ရမယ့်သူတွေပဲ။ မင်းတို့ရဲ့လက်နက်တွေကို ပြန်သိမ်းလိုက်"

ထန်၂၈တို့ငါးယောက်အဖွဲ့က လက်နက်များအား ချက်ချင်း ပြန်သိမ်းလိုက်ကြသည်။

ထန်ရှုကို မြင်ပြီး စုလင်းယွမ်၏မျက်နှာက စိတ်လှုပ်ရှားမှုတို့ ပြည့်လျှံလာသည်။ သူမက သူ့အား ခေါင်းအစခြေအဆုံးအထိ ဂရုတစိုက်ကြည့်ရင်း စိုးရိမ်စွာ ပြောလိုက်သည်"မင်း ဒီ‌နွေရာသီအားလပ်ရက်မှာ ဘယ်ကို သွားနေတာလဲ၊ သားလေး။ မင်းကို ကြည့်စမ်း.....အရင်ကထက် ပိုပိန်လာတယ်။ မင်း အစားကောင်းမစားရတာ သေချာတယ်။ ဘာလို့ မင်းကိုယ်မင်း ဂရုမစိုက်ရတာလဲ"

"အာ၊ ငါ ပြည်ပမှာ အလုပ်ကိစ္စတွေ ရှုပ်နေလို့ပါ၊ အမေ။ ဒါကြောင့် ငါ တရုတ်ကို အခုမှ ပြန်လာတာ။ ဒါနဲ့ အမေက ဘယ်လိုလုပ်ပြီး ရှန်းဟိုင်ကို ရောက်လာတာလဲ။ အဖေကရော ဘယ်မှာလဲ"ထန်ရှုက ပြုံးကာ မေးလိုက်သည်။

"မင်းအဖေက မြို့တော်ကို သွားတယ်။ သူက မင်းအဖိုးရဲ့ရှစ်ဆယ့်နှစ်ပြည့်မွေးနေ့အတွက် ပြင်ဆင်ဖို့ အလုပ်များ‌နေတယ်၊ နောက်တစ်ပတ်ကျရင် မင်းအဖိုးရဲ့မွေး‌နေ့လေ"စုလင်းယွမ်က ပြုံး၍ ဆိုသည်"ဒါ့အပြင် မင်းက ပညာသင်ကာလစတင်နေတာကြောင့် ကြယ်တာရာမြို့ကို ပြန်မလာတာလို့ ငါ တွေးလိုက်တယ်။ မင်းက မတော်တဆတွေများ ဖြစ်နေလားလို့ ငါ စိုးရိမ်ခဲ့တယ်၊ ဒါကြောင့် ငါ ဒီကို ရောက်လာတာ။ ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ မိန်းကလေးခန်းရှက မင်း ပြည်ပမှာ အလုပ်ရှုပ်နေတယ်လို့ ငါ့ကို ပြောခဲ့တယ်၊ ဒါကြောင့် ငါ မင်းကို ‌ဖုန်းမခေါ်တော့ဘဲ မင်း ပြန်လာမှာကို ဒီ‌နေရာက စောင့်နေတာ"

"ဒါဆိုလဲ မင်း ငါ့ကို ဖုန်းခေါ်လိုက်ပေါ့၊ အမေရယ်"ထန်ရှုက ပြုံးကာ ပြန်ပြောသည်။

"ငါ ဖုန်းမခေါ်ဘူးလို့ ဘယ်သူ ပြောလဲ"စုလင်းယွမ်က မာဆတ်ဆတ်ပြောလိုက်သည်"ငါ မင်းကို အကြိမ်ဒါဇင်ကျော် ဖုန်းခေါ်ခဲ့တယ်၊ တစ်ခါမှ ဆက်သွယ်လို့မရခဲ့ဘူး။ မင်း ပြည်ပမှာ လိုင်းမရလို့ပဲ ငါ ခန့်မှန်းလိုက်တယ်"

"အာ...."

ထိုအခါတွင်မှ သူက ကလေးစစ်သားများအား လေ့ကျင့်ပေးပြီး‌နောကိ ဘယ်နေရာမှ မရပ်ဘဲ ပြည်မသို့ ပြန်လာသည်ကို သတိရလိုက်သည်။ သူ၏ဖုန်း ဘက်ထရီအားကုန်နေသည်ကို မေ့နေခဲ့ပြီး အားပြန်သွင်းရန်လည်း သတိမရခဲ့ပေ။ ခေါင်းခါယမ်းပြီးနောက် သူက ချန်းရှောင်ဝမ်အား ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်"ဒါနဲ့၊ လအနည်းငယ်ပဲ ရှိသေးတယ်၊ မင်းက အရင်ကထက် ပိုလှလာတာပဲ၊ အမရှောင်ဝမ်"

ချန်းရှောင်ဝမ်က တခစ်ခစ်ရယ်ကာ ပြောလိုက်သည်"မင်းရဲ့ပါးစပ်က ချိုသာနေပါလား၊ ကောင်လေး။ ခဏပဲစောင့်၊ ငါ မင်းအတွက် ဂဏန်းပေါင်းလုပ်ပေးမယ်"

ထန်ရှုက ခေါင်းညိတ်တုံ့ပြန်ကာ ပြုံးလျက် မိတ်ဆက်ပေးလိုက်သည်"အမေနဲ့ အမရှောင်ဝမ်၊ ဒါက ထန်၂၈။ သူနဲ့အခြားလေးယောက်က လွန်ခဲ့တဲ့တစ်နှစ်လောက်က ငါ မွေးစားခဲ့တဲ့မိဘမဲ့ကလေးတွေပဲ၊ ဒီတစ်ကြိမ် ငါ သူတို့ကို ငါနဲ့အတူ ‌ပြန်ခေါ်လာတာ။ အရင်က သူတို့က မင်းတို့နှစ်ယောက်ကို မသိဘူးလေ၊ ဒါကြောင့်....စိတ်မဆိုးကြပါနဲ့"

သူ့စကားများကို ကြားပြီး နားလည်သောအကြည့်တစ်ခုက စုလင်းယွမ်၏မျက်နှာပေါ်တွင် ထွက်ပေါ်လာသည်၊ သို့သော် သူမက သူ့အား ပြစ်တင်ကြိမ်းမောင်းလိုက်ပါသေး၏"သူတို့က ‌ကလေးတွေပဲ ရှိသေးတယ်ဆိုတာ မင်း မမြင်ဘူးလား၊ ရှုအာ။ မင်း ဘာလို့ သူတို့ကို ဓားမြှောင်တွေလိုအန္တရာယ်များတဲ့အရာတွေ ကိုင်ခွင့်ပြုရတာလဲ။ သူတို့က မတော်တဆ သူတို့ကိုယ်သူတို့ ထိခိုက်စေမိရင် ဘယ်လိုလုပ်မလဲ"

"အမေ ဒါကို စိုးရိမ်စရာမလိုပါဘူး။ သူတို့က အားကောင်းတဲ့ကျင့်ကြံသူတွေပါ"ထန်ရှုက ပြုံးကာ ပြန်ဖြေသည်"သူတို့က သူတို့ကိုယ်သူတို့ ဘယ်တော့မှ ထိခိုက်အောင် မလုပ်ပါဘူး။ ဒါ့အပြင် စားပြီးတာနဲ့ ကျွန်တော် တက္ကသိုလ်ကို သွားရမယ်။ ဒီနေ့က စက်တင်ဘာဆယ်ရက်နေ့ပဲ၊ အခုထိ ကျောင်းကို ကျွန်တော် သတင်းမပို့ရသေးဘူး"

စုလင်းယွမ်က ခေါင်းညိတ်ကာ ပြောလိုက်သည်"မင်းက ရက်အနည်းငယ်နောက်ကျ‌နေတာပဲ၊ ကလေး။ မင်းက အမြဲတမ်း အလုပ်များနေတယ်၊ ဒါပေမယ့် မင်းရဲ့သင်ယူမှုကို အနှောင့်အယှက်ဖြစ်စေလို့မရဘူး။ ဒါနဲ့ အ‌မေ မင်းအတွက် တစ်ခုခု ချက်‌ပြုတ်ပေးမယ်။ စားပြီးတာနဲ့ မင်း တက္ကသိုလ်ဆီ သွားလို့ရပြီ။ ပြီးတော့ မင်းရဲ့ပရော်ဖက်ဆာတွေကို တောင်းပန်ဖို့လဲ မမေ့နဲ့အုံး"

"ကောင်းပါပြီ"ထန်ရှုက ပြုံးကာ ခေါင်းညိတ်လိုက်သည်။

စုလင်းယွမ်နှင့်ချန်းရှောင်ဝမ်တို့က အိမ်ရာထဲသို့ ဝင်ကာ မီးဖိုချောင်သို့ တည့်တည့်မတ်မတ် သွားခဲ့သည်။ ထို့နောက် ထန်ရှုက ထန်၂၈တို့ငါးယောက်အဖွဲ့အား ပြောလိုက်သည်"နောက်ကျရင် မင်းတို့ရဲ့ဓားမြှောင်တွေကို အလွယ်တကူ မထုတ်ပြကြနဲ့။ ပြီးတော့ ထန်၂၈၊ မင်းက အနာဂတ်မှာ ငါ့နောက်ကို လိုက်ရမယ်၊ မင်းတို့လေးယောက်က ဒီနေရာမှာ နေပြီး အိမ်ကို စောင့်ရှောက်ပေးရမယ်။ အမြဲမှတ်ထား၊ မင်းတို့အားလုံးက ကျင့်ကြံသူတွေပဲ၊ မင်းတို့ရဲ့ခွန်အားကို သာမန်လူတွေရှေ့မှာ အလွယ်တကူ မထုတ်ပြရဘူး"

"နားလည်ပါပြီ"ထန်၂၈တို့ငါးယောက်အဖွဲ့က ကမန်းကတန်း ခေါင်းညိတ်လိုက်ကြသည်။

ထမင်းစားချိန်တွင် စုလင်းယွမ်နှင့်ချန်းရှောင်ဝမ်တို့က ထန်၂၈တို့အဖွဲ့အား အတူတူ စားသောက်ရန် ထပ်ခါတလဲလဲ မေးခဲ့သော်လည်း သူတို့က ခေါင်းမာစွာ ငြင်းပယ်ခဲ့သည်။ သူတို့က စားစရာများအား အခန်းထဲသို့ သယ်ကာ ထိုနေရာတွင်သာ စားသောက်ကြ၏။ ဤအတွက်ကြောင့် ထန်ရှုက စုလင်းယွမ်နှင့်ချန်းရှောင်ဝမ်တို့ထံမှ သတိပေးချက်အား ရရှိမည်မှာ သေချာပေသည်။

ပြဿနာအား ကျော်လွှားရန်အတွက် စားသောက်ပြီးသည်နှင့် ထန်ရှုက ရှန်းဟိုင်တက္ကသိုလ်သို့ အမြန် လစ်ထွက်လာခဲ့သည်။ သူက တက္ကသိုလ်ပရိဝုဏ်ဂိတ်ပေါက်သို့ ရောက်ရှိသည်နှင့် တန်ဖိုးကြီးကားအနည်းငယ်အား ဂိတ်ပေါက်တွင် ရပ်ထားလျက် မောက်မာသောသခင်လေးအချို့က ကားများအား မှီရင်း အဝင်အထွက်ပြုလုပ်‌‌နေသည့်မိန်းကလေးများအား စနောက်ကျီစယ်‌နေသည်ကို မြင်လိုက်ရ၏။

"ဟူး၊ ဒီအသုံးမဝင်တဲ့ကောင်စုတ်လေးတွေက နေရာတိုင်းမှာ ရှိနေတာပဲ"

ထန်ရှုက ခေါင်းခါယမ်းလိုက်ပြီး ဂိတ်ပေါက်ထဲသို့ တည့်မတ်စွာ ဝင်သွားခဲ့သည်။

အခန်းသို့ ရောက်လာသောအခါ ထို‌နေရာတွင် တစ်ယောက်မှ ရှိမနေသည့်အတွက် သူက အတော်လေးအံ့အားသင့်သွားသည်။ ယွဲ့ခိုင်နှင့်ဟူချင်စုန့်တို့၏အရိပ်အယောင်ပင် ရှိမနေပေ။

"ကြည့်စမ်း....ရှားရှားပါးပါး ဧည့်သည်တစ်ယောက် ဒီနေရာကို ရောက်လာတာပဲ"

ထန်ရှုက မျက်နှာချင်းဆိုင်ရှိ သော့ဖွင့်ထားသောအခန်း၏တံခါးအား တွန်းဖွင့်ကာ အထဲသို့ ဝင်လာသောအခါ နားကျပ်တပ်ကာ သီချင်းနားထောင်နေသော ကျောက်လျန့်က မျက်လုံးများ ရုတ်တရက် လင်းလက်သွား၏။ သူက နားကျပ်များ ဖြုတ်ကာ ပြုံးလိုက်လေသည်။

"ငါ ရက်အနည်းငယ်‌‌နောက်ကျတာနဲ့ ပတ်သက်ပြီး လာတင်ပြတာပဲ။ အဲတော့ ရေးကြီးခွင်ကျယ်လုပ်စရာမလိုပါဘူး"ထန်ရှုက ပြုံးကာ ပြောလိုက်သည်"ဒါနဲ့ ယွဲ့ခိုင်နဲ့ ကျန်တဲ့လူတွေက ဘယ်ရောက်သွားတာလဲ။ ငါ ငါ့အခန်းကို ရောက်သွားသေးတယ်။ သူတို့ တစ်ယောက်မှ ရှိမနေကြဘူး"

"ဟီးဟီး၊ မင်း မသိဘူးမလား၊ အကိုထန်"ကျောက်လျန့်က ပြုံးဖြဲဖြဲနှင့် ပြန်ပြော၏"ယွဲ့ခိုင်နဲ့ကျန်တဲ့ကောင်‌တွေက ဘာမှ လုပ်စရာမရှိတိုင်း ကျောင်းသူလေးတွေရဲ့အိမ်ကို သွားသွားနေတာလေ။ ဟူချင်စုန့်ပထမနှစ်ကျောင်းသူတစ်ယောက်ကို လိုက်ဖို့ သူတို့က ကူညီပေးနေတယ်လို့ ငါ ကြားတယ်။ အခု သူတို့က အဲဒီမိန်းကလေးရဲ့အခန်းကို သွားနေတာပဲ ဖြစ်ရမယ်"

"အာ၊ ဒါဆို ဟူကောင်က ဟော်မုန်းတွေ အပူတပြင်း ဖြစ်နေပြီပေါ့"ထန်ရှုက ပြုံးဖြဲဖြဲပြုလျက် မေး၏။

"သူပဲ မဟုတ်ဘူး၊ ယွဲ့ခိုင်ရောပဲ။ ပြောရမယ်ဆိုရင် ဒီနှစ်ရဲ့လူသစ်လေး‌တွေမှာ အလှလေးတွေ အများကြီး ပါလာတယ်။ အချို့ဆိုရင် ထိပ်တန်းလေးတွေ"

"ဟားဟား။ ဒါဆို ငါ သူတို့ကို သွားရှာဖို့ သွားတော့မယ်"ထန်ရှုက ပြောလိုက်သည်။

ကျောက်လျန့်က ထူးထူးဆန်းဆန်းပြုံးလျက် ထန်ရှအား ကမန်းကတန်း တားလိုက်သည်"အာ၊ အဲလိုမရဘူးလေ။ မင်း သွားလို့ မရဘူးလေ၊ အကိုထန်။ မဟုတ်ရင်...."

"ဟမ်။ မဟုတ်ရင် ဘာဖြစ်လဲ"ထန်ရှုက ခေါင်းရှုပ်သွားသည်။

"မင်းရဲ့ဆွဲ‌ဆောင်မှုက တက္ကသိုလ်နယ်‌မြေမှာ ထိပ်တန်းစာရင်းဝင်တာလေ။ မင်း သွားလိုက်တဲ့အခါ ဟူကောင်နဲ့ကျန်သူတွေက သူတို့ လိုက်နေတဲ့‌ကောင်မလေးတွေကို ဘယ်ရတော့မလဲ၊ အဲအစား မင်းကပဲ ပန်းအဖူးအငုံတွေကို ရသွားမှာပေါ့"

အဟွတ်....အဟွတ်....

ထန်ရှုက မတတ်နိုင်တော့ဘဲ ရယ်လိုက်မိလေ၏။

***

All Chapters