ကြေကွဲသွားသောနှလုံးသား
Vol. 73 Ch. 1021
မယုံကြည်နိုင်လောက်သောအကြည့်တစ်ခုက ဟန်ကျင်းဝူ၏မျက်လုံးများထဲ၌ လင်းလက်သွားသော်လည်း သူမက ခေါင်းကို တင်းကြပ်စွာ ခါယမ်းလျက် ပြောလိုက်၏"ငါ ဒီပစ္စည်းကို တကယ် မမြင်ဖူးဘူး ဒါမှမဟုတ် မင်း ဘာပြောနေတာလဲ ငါ မသိဘူး"
"အဲဒီလိုလား"
ထန်ရှုက ဘဲဥပုံသေတ္တာအား ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ အဖြူရောင်အလင်းတစ်ခုအား ထုတ်လွှတ်လိုက်ပြီး ခရမ်းရောင်နတ်သမီးက တောင်ပံတဖျပ်ဖျပ်ခတ်လျက် တခစ်ခစ်ရယ်ကာ အထဲမှ ထွက်လာ၏"ဟားဟား၊ ဝူဝူလေးက နောက်ဆုံးတော့ ထွက်လာရပြီပေါ့။ နင်က လူဆိုးပဲ။ ဝူဝူလေးက ဒီကမ္ဘာငယ်ထဲမှာ ထပ်မနေချင်တော့ဘူး"
ထန်ရှုက ခရမ်းရောင်နတ်သမီးအား တစ်ချက်ကလေးတောင် မကြည့်။ သူ့မျက်လုံးများက လူအများ၏စိတ်အား ဖြတ်မြင်နိုင်သည့်အလား ဟန်ကျင်းဝူ၏မျက်နှာပေါ်တွင်သာ၊ သူမအမူအရာ၏ မိနစ်တိုင်းအား စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးနေ၏။ ခရမ်းရောင်နတ်သမီးက သေတ္တာထဲမှ ထွက်လာချိန်တွင် ဟန်ကျင်းဝူ၏မျက်လုံးများက ကျုံ့သွားသည်ကို သူက ဖမ်းမိလိုက်သည်။ သူမ၏ခန္ဓာကိုယ်က အနည်းငယ်တုန်ယင်နေသည်ကိုလည်း သူက မြင်နိုင်၏။
သေချာသွားပြီပဲ.....
မျက်လုံးက အေးစက်စက်အလင်းတစ်ခု ပြည့်နှက်နေလျက် ထန်ရှုက ခရမ်းရောင်နတ်သမီး၏အရှေ့၌ ရုတ်ခြည်း ထွက်ပေါ်လာသည်။ သူမအား ဖမ်းဆီးပြီးနောက် သူ့မျက်လုံးများက ဟန်ကျင်းဝူထံ ပြန်ရောက်သွား၏။"မင်းက ဒီအင်မော်တယ်ပစ္စည်းကို တစ်ခါမှ မမြင်ဖူးဘူးလို့ ပြောခဲ့တယ်မလား၊ ဒီသေးသေးလေးကိုရော မြင်ဖူးလား။ ခရမ်းရောင်နတ်သမီး၊ အင်မော်တယ်ကမ္ဘာကခရမ်းရောင်နတ်သမီးမျိုးနွယ်ရဲ့နောက်ဆုံးသွေးမျိုးဆက်၊ ခရမ်းရောင်နတ်သမီးကလန်ရဲ့မင်းသမီး"
ဟန်ကျင်းဝူ၏လက်ချောင်းများက သူမအဝတ်ထောင့်စများအား မသိစိတ်အရ ပွတ်သပ်လိုက်မိသည်။ သူမမျက်လုံးများက ခရမ်းရောင်နတ်သမီးအပေါ် ပိုအာရုံစိုက်လေလေ၊ သူမနှလုံးသား၏တုန်ခါမှုက ပိုပြင်းထန်လာလေပင်။
ထန်ရှုက အားပြင်းပြင်းနှင့် ဆုပ်ကိုင်ထားသဖြင့် ခရမ်းရောင်နတ်သမီးက နာကျင်မှုကြောင့် ရုန်းကန်နေရ၏။ သူမက ဟန်ကျင်းဝူအား ကြည့်လိုက်သည်၊ သူမမျက်နှာကို မြင်ပြီးနောက် စိတ်လှုပ်ရှားစွာနှင့် ကြည့်ကာ ဝမ်းသာအားရ အော်လိုက်လေသည်"ဆရာ၊ ဝူဝူလေးက ဆရာကို တကယ် သတိရနေတာ။ ဝူဝူလေးကို အမြန်ကယ်ပေးပါ၊ ဆရာ"
ထန်ရှု၏လက်ချောင်းအားက ပိုပိုတိုးလာသည်ကို ကြည့်ရင်း ဟန်ကျင်းဝူ၏တုန်ခါနေသောနှလုံးသားက ပိုပြင်းထန်လာ၏။ သူမက အလျင်စလို အော်လိုက်သည်"သူမကို နာကျင်အောင် မလုပ်နဲ့၊ ထန်ရှု"
"ဟမ့်၊ မင်း ငါ့မေးခွန်းကို အခုထိ မဖြေပေးရသေးဘူးနော်"ထန်ရှုက နှာခေါင်းရှုံ့လိုက်သည်"ပြီးတော့ မင်း သူမကို တစ်ခါမှ မမြင်ဖူးဘူးလို့ ပြောခဲ့တယ်မလား"
ဟန်ကျင်းဝူက နှုတ်ဆိတ်သွားသည်။"ငါ ဘာဖြေရမလဲ၊ ဘယ်လိုဖြေရမလဲ"
ထန်ရှုက လက်ချောင်းအားအား ပိုပိုတင်းလိုက်သည်။ ခရမ်းရောင်နတ်သမီး၏အော်သံများအလယ်တွင် သူက တစ်လုံးချင်းစိီ ပြောလိုက်သည်"တကယ် နာကျင်နေတာလား။ ခရမ်းရောင်နတ်သမီးကလန်ရဲ့နောက်ဆုံးသွေးမျိုးဆက်ကို သူမဆရာက စွန့်ပစ်မယ်လို့ စဉ်းစားကြည့်လိုက်တော့.....။ သေသွားတာက သူမအတွက် အကောင်းဆုံးလို့ ထင်မိတယ်။ အနည်းဆုံးတော့ သူမရဲ့တစ်ဘဝလုံး အထီးကျန်စွာနဲ့ မရှင်သန်ရတော့ဘူးပေါ့။ ပြန်လည်မွေးဖွားခြင်းစက်ဝိုင်းကို ဖြတ်သန်းပြီးရင် သူမရဲ့ဆွေမျိုးတွေကိုပါ မြင်ရချင်မြင်ရနိုင်မှာ။ မဟုတ်ဘူး....ငါ အခုမှ မှတ်မိတယ်....သူမရဲ့ဆွေမျိုးတွေအားလုံးက စိတ်ဝိညာဉ်ရောခန္ဓာကိုယ်ရော တစ်စစီ ကြေမွသွားခဲ့ရတယ်မလား။ ဒါဆိုလဲ ငါ သူမကို အဆုံးထိ ကူညီပေးရမှာပေါ့။ သူမရဲ့စိတ်ဝိညာဉ်အမှတ်အသားအားလုံးကို ဖျက်ဆီးပစ်ပြီး သူမကို ဒီကမ္ဘာမှ ထာဝရပျောက်ကွယ်သွားအောင် လုပ်ပေးရမှာပေါ့"
ထိုအချိန်တွင် ဟန်ကျင်းဝူ၏မျက်နှာထားက အလွန်ဝမ်းနည်းစရာကောင်းနေလေတော့သည်။ နာကျင်မှုတို့က မျက်လုံးများထဲ၌ ရိပ်ခနဲရိပ်ခနဲလှုပ်ရှားနေလျက်၊ သူမက လက်သီး တင်းကြပ်စွာဆုပ်ထားရသဖြင့် လက်သည်းများကပင် လက်ဖဝါးအား ထိုးဖောက်နေလေ၏။ သွေးတို့ ထွက်နေလျက်၊ ခန္ဓာကိုယ်က ယိမ်းထိုးနေသော်ငြား သူမက အားတင်းရပ်ထား၏။ သူမက ခေါင်းခါယမ်းကာ ပြောလိုက်သည်"သူမကို မနာကျင်စေနဲ့၊ ထန်ရှု။ ငါ မင်းကို အရာအားလုံး ပြောပြမယ်။ မင်း သိချင်သမျှအရာအားလုံး ငါ ပြောပြမယ်"
ထန်ရှုက လက်ချောင်းလေးများအား ဖြေလျှော့ကာ ဒေါသတကြီး အော်ပြောလိုက်သည်"ဒါဆို ငါ့ကို ပြော၊ မင်း ဘာလို့ အဲလို လုပ်ခဲ့တာလဲ"
နှုတ်ခမ်းကိုက်ရင်း ဟန်ကျင်းဝူက ခရမ်းရောင်နတ်သမီးအား နက်ရှိုင်းစွာ တစ်ချက် ကြည့်လိုက်သည်။ သူမက မျက်လုံးတို့ မှိတ်လိုက်လေသည်။
အချိန်က တရွေ့ရွေ့ ကုန်လွန်နေ၏။
ဆယ်မိနစ်ကြာပြီးနောက် သူမက မျက်လုံးပြန်ဖွင့်လိုက်သည်။ သို့သော် မျက်လုံးများက အသက်မဲ့နေပြီး သူမအသံက အနည်းငယ်အသံဝင်နေသည့်အတိုင်း ပြောလေ၏"ဆရာ့ရဲ့အမိန့်ကို မလိုက်နာဖို့ ခက်ခဲတယ်"
အေးစက်သောအလင်းတို့က ထန်ရှု၏မျက်လုံးများထဲတွင် တောက်ပသွားလျက် သူက နှာခေါင်းရှုံ့လိုက်သည်"ဟမ့်။ ကျူးဝူရှို့က တပည့်ကောင်းတစ်ယောက် ရထားတာပါလား။ နှစ်ထောင်ချီ ကြံစည်ခဲ့တယ်၊ သူ့ရဲ့အပြစ်မဲ့တဲ့အကြီးဆုံးတပည့်ရဲ့ပျော်ရွှင်မှုကိုတောင် ဖျက်ဆီးပစ်တယ်။ ဟမ့်....တစ်ခုတော့ ငါ မရှင်းလင်းသေးဘူး။ အရိပ်နတ်ဆိုးကျူးဝူရှို့က ဘယ်အချိန်တုန်းကစပြီး ငါ့ကို ရန်သူတစ်ယောက်လို့ ရှုမြင်ခဲ့တာလဲ"
"မင်း....မင်း....ငါ့ဆရာက အရိပ်နတ်ဆိုးကျူးဝူရှို့ဆိုတာ မင်း သိတာလား"ဟန်ကျင်းဝူက မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်"ဒါ....ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"ဟမ့်၊ နေ့ပြီးရင် ညဆိုတာ ထွက်ပေါ်လာမှာပဲလေ"ထန်ရှုက နှာခေါင်းရှုံ့လိုက်ပြန်သည်"မင်းက အခုထိ ငါ့မေးခွန်းကို မဖြေရသေးဘူး။ ဘာလို့ အရိပ်နတ်ဆိုးကျူးဝူရှို့က ငါ့ကို အကွက်ချကြံစည်ရတာလဲ၊ ဘာလို့ ငါ့ကို သတ်ချင်ရတာလဲ"
"ငါ့အသက်ကို သူပေးထားတာ၊ အင်မော်တယ်ကမ္ဘာမှာ ငါ အဲဒါကို ပြန်ဆပ်ပေးပြီးပြီ"ဟန်ကျင်းဝူက ခါးသီးစွာ ပြော၏"ငါ ပြန်လည်မွေးဖွားခြင်းစက်ဝိုင်းထဲ ဝင်ရောက်ပြီး ကမ္ဘာမြေကို ပြောင်းရွှေ့လာခဲ့တယ်၊ ဆရာနဲ့တပည့်ကြားအနှောင်အဖွဲ့မှ လွတ်မြောက်စေတယ်၊ ငါ့အပေါ်မှာ သူ အသုံးပြုထားတဲ့အချိန်ကျိန်စာရဲ့ခြိမ်းခြောက်မှုလဲ မရှိတော့ဘူး။ ဒါကြောင့် ငါ မင်းကို အဲဒါနဲ့ ပတ်သက်ပြီး ပြောပြနိုင်တယ်၊ ဒါပေမယ့် ပြောပြီးရင် မင်း ငါ့ရဲ့တောင်းဆိုချက်တစ်ခုကို ကတိတည်ပေးနိုင်မယ်လို့ ငါ မျှော်လင့်တယ်"
"ဒါဆို ပြောပါ"ထန်ရှုက သတ်ဖြတ်ချင်စိတ်တို့နှင့် အေးစက်စွာ ပြန်ပြောသည်။
သူ၏သတ်ဖြတ်လိုစိတ်အား လစ်လျူရှုလျက် ဟန်ကျင်းဝူက ထန်ရှုအရှေ့သို့ တည်ငြိမ်စွာ လျှောက်လာသည်။ ထန်ရှု၏လက်ချောင်းများအား တစ်ခုပြီးတစ်ခု ဖြုတ်ကာ ခရမ်းရောင်နတ်သမီးအား ယူပြီးနောက် ပြောလိုက်သည်"ငါ့ရဲ့တောင်းဆိုချက်ကို ဖြည့်ဆည်းပေးမယ်လို့ မင်း ငါ့ကို ကတိ အရင်ပေးပါ"
"ဟမ်၊ မင်း ငါ့ကို သိပါတယ်၊ ဘာလို့ ကတိတစ်ခု တောင်းနေရတာလဲ"ထန်ရှုက ဆိုလိုက်သည်။
"ငါ မင်းကို နားလည်တယ်၊ ထန်ရှု၊ ဒါကြောင့် ငါ မင်းဆီက ကတိလိုချင်တာ"ဟန်ကျင်းဝူက ပြော၏"မင်းနဲ့ပတ်သက်တာတစ်ခုမှထိခိုက်စေတဲ့တောင်းဆိုမှုမျိုး ငါ မလုပ်ပါဘူး၊ မင်းကို ခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခုလဲ မချခိုင်းပါဘူး။ လက်ရှိမင်းအတွက် ဖြည့်ဆည်းပေးဖို့ လုံးဝလွယ်ကူတဲ့ကတိတစ်ခုပါပဲ"
"ငါ ကတိပေးတယ်"ထန်ရှုက ပြန်ပြောသည်။
ထန်ရှုအား နက်ရှိုင်းစွာ စိုက်ကြည့်ရင်း ဟန်ကျင်းဝူက ဖြည်းဖြည်းချင်း ပြော၏"ဟင်္သာငှက်ဂိုဏ်းရဲ့အဖွဲ့ဝင်တစ်ယောက်အနေနဲ့ မင်း ဒီစာကြောင်းရဲ့အဓိပ္ပါယ်ကို ရှင်းရှင်းလင်းလင်း သိမှာပါ။ 'ဟင်္သာငှက်ဂိုဏ်းရဲ့ဗျိုင်းဖြူနဲ့အနာတရမဲ့တို့က မျိုးနွယ်စုအသင်္ချေနဲ့ပြီးပြည့်စုံသောရွှေရောင်အင်မော်တယ်ကျန်းတောက်တို့ကို သတ်ဖြတ်ခဲ့တယ်'ဆိုတာကိုလေ"
ဗျိုင်းဖြူနဲ့အနာတရမဲ့တို့က မျိုးနွယ်စုအသင်္ချေကို သတ်ဖြတ်ခဲ့တာလား။
ထန်ရှု၏နှလုံးသားက လှိုင်းထန်လာလေသည်။ ဗျိုင်းဖြူနှင့်အနာတရမဲ့တို့က အင်မော်တယ်ကမ္ဘာရှိ သူ့အဖေနှင့်အမေတို့၏နာမည်ဖြစ်သည်။ ဗျိုင်းဖြူက ဟင်္သာငှက်ဂိုဏ်းချုပ်၏သမီးဖြစ်ပြီး အနာတရမဲ့က သာမန်တပည့်တစ်ယောက်သာ ဖြစ်၏၊ သူတို့က တစ်ယောက်ကို တစ်ယောက် ချစ်ခင်စုံမက်ခဲ့ကြသည်။ သူတို့၏အချစ်အား လူပေါင်းများစွာက ဆန့်ကျင်ခဲ့သော်လည်း ထန်ရှု၏အဖိုးက အနာတရမဲ့အား သဘောကျခဲ့သည်။ သူက အနာတရမဲ့အား သားအရင်းပမာ ဆက်ဆံခဲ့ပြီး သူတို့စုံတွဲက ပြီးပြည့်စုံခြင်းရွှေရောင်အင်မော်တယ်အဆင့်သို့ ချိုးဖြတ်နိုင်ခဲ့သည်။
ဗျိုင်းဖြူနှင့်အနာတရမဲ့တို့ ဟင်္သာငှက်ဂိုဏ်းမှ ထွက်လာပြီးနောက် သူတို့က အင်မော်ကမ္ဘာ၊ နတ်ဆိုးကမ္ဘာ၊ မွန်းစတားကမ္ဘာတို့တွင် နှစ်သုံးထောင်တိုင်တိုင် အတားအဆီးမဲ့ သွားလာခဲ့၏၊ နေရာတိုင်းတွင် သူတို့၏ရန်သူများအား သတ်ဖြတ်ခဲ့ပြီး နောက်ဆုံးတွင် ကျန်းတောက်အား သတ်ဖြတ်ပြီးနောက် ပြီးပြည့်စုံခြင်းရွှေရောင်အင်မော်တယ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။
မျက်လုံးများက ဟန်ကျင်းဝူအား စိုက်ကြည့်ရင်း ထန်ရှုက နက်ရှိုင်းသောအသံနှင့် ပြောလိုက်သည်"ငါ့မိဘတွေ သတ်ခဲ့တဲ့သူတွေထဲမှာ အရိပ်နတ်ဆိုးကျူးဝူရှို့ရဲ့ဆွေမျိုးတွေ ပါတာလား"
"ဆွေမျိုးထက် ပိုတယ်။ သူ့မိဘတွေ၊ သူ့ညီအကိုမောင်နှမတွေ၊ သူငယ်ချင်းတွေ အားလုံးပဲ။ သူတို့အားလုံး မင်းမိဘတွေရဲ့လက်ထဲမှာ သေပွဲဝင်ခဲ့ရတယ်"ဟန်ကျင်းဝူက ပြော၏"ဒီသွေးကြေးကို တေးထားပြီး ကျူးဝူရှို့က ကျင့်ကြံခြင်းအဆင့် ပိုမြင့်တက်လာအောင်၊ သန်မာသည်ထက် ပိုသန်မာလာအောင် ကြိုးစားခဲ့တယ်။ အချိန်မြစ်ကနေ သူ့ရဲ့ချစ်ရသူတွေ အသက်ပြန်ရှင်လာအောင် လုပ်ဖို့ ရည်ရွယ်ချက်အတွက် သူက ဟင်းလင်းပြင်အချိန်တာအိုကို ရွေးချယ်ခဲ့တယ်"
"ဒါပေမယ့် ပြီးပြည့်စုံခြင်းရွှေရောင်အင်မော်တယ်အဆင့်ကို ရောက်ပြိီးကတည်းက မင်းမိဘတွေက ဟင်္သာငှက်ဂိုဏ်းထဲမှာ အမြဲနေခဲ့တယ်။ သူတို့ ဂိုဏ်းမှ ထွက်လာတာ ရှားတယ်၊ ရံဖန်ရံခါ ထွက်လာရင်တောင် အမြန်ပြန်လာကြတယ်။ ဒါကြောင့် ကျူးဝူရှို့က နှစ်ပေါင်းများစွာ စောင့်ခဲ့တယ်၊ သူ့ရဲ့လက်စားချေမှုကို လက်မလျှော့ခဲ့ဘူး။ ဒါပေမယ့် ဗျိုင်းဖြူနဲ့အနာတရမဲ့တို့အပေါ် သူ့ရဲ့အမုန်းကို တဖြည်းဖြည်း ပြောင်းလဲခဲ့တယ်။ မင်းက အရမ်းကံကောင်းတယ်၊ မင်းကို ပြီးပြည့်စုံခြင်းရွှေရောင်အင်မော်တယ်နှစ်ယောက်က အမြဲတမ်း ကာကွယ်ပေးခဲ့တယ်။ မင်း သေရေးရှင်ရေး ကြုံတိုင်း သူတို့က အမှောင်ထဲကနေ မင်းကို ကာကွယ်ပေးတယ်၊ ဒီလိုနဲ့ မင်း တဖြည်းဖြည်း ကြီးပြင်းလာတယ်"
"ဒါပေမယ့် မင်းတို့ရဲ့ကလန်သားများစွာက ကျူးဝူရှို့ရဲ့အကြံအစည်ကြောင့် ခြေရာလက်ရာမကျန်ဘဲ ပျောက်ကွယ်သွားခဲ့ရတယ်။ မင်းတို့ရဲ့ဟင်္သာငှက်ဂိုဏ်းက ဒါကို သတိပြုမိခဲ့ပြီး စုံစမ်းစစ်ဆေးခဲ့ပေမယ့် ဘာသဲလွန်စမှ ရှာတွေ့ခဲ့ဘူး"
"မင်း ပိုပိုသန်မာလာပြီး ပြီးပြည့်စုံခြင်းရွှေရောင်အင်မော်တယ်အဆင့်ကို ရောက်လာတဲ့အခါမှာတော့ မင်းကို ကာကွယ်ပေးနေတဲ့ကျွမ်းကျင်သူနှစ်ယောက်က ဟင်္သာငှက်ဂိုဏ်းဆီ ပြန်သွားခဲ့တယ်။ အဲကစပြီး ကျူးဝူရှို့က ငါ့ကို သူ့ရဲ့စစ်တုရင်ရုပ်တစ်ခုအဖြစ် စတင်အသုံးပြုခဲ့တယ်"
"သူ ကံမကောင်းခဲ့ဘူး၊ သူ သေချာတွက်ချက်မှုတွေ လုပ်ခဲ့ပေမယ့် မင်းက သူ့ထက် တစ်လှမ်းဦးပြီး အန္တိမအဆင့်ကို ချိုးဖြတ်နိုင်ခဲ့တယ်လေ။ သူ့ရဲ့အစီအစဉ်တွေအားလုံး အလဟဿဖြစ်သွားခဲ့တယ်။ ထိုအခါကျမှ မင်းရဲ့မိတ်ဆွေရင်းတွေက မင်းကို နောက်ကွယ်မှာ မကျေမနပ်ဖြစ်နေတာကို သူ သတိပြုမိသွားတယ်"
ထန်ရှု၏မျက်နှာက တင်းမာသွားပြီး သူက အေးစက်စွာ ပြောလိုက်သည်"ဒါကြောင့် ငါ ကပ်ဘေးကို ရင်ဆိုင်နေရချိန်မှာ ချောင်းမြောင်းတိုက်ခိုက်ဖို့ စောင့်နေခဲ့ကြတာပေါ့"
မျက်လုံးများတွင် နာကျင်သောအကြည့်တစ်ခု တစ်ချက် ထွက်ပေါ်သွားသော်ငြား ဟန်ကျင်းဝူက အလွယ်တကူ ဖုံးကွယ်ခဲ့သည်"ဟုတ်တယ်၊ ငါတို့ ပူးပေါင်းပြီး မင်းကို သတ်နိုင်သရွေ့ သူက ငါ့မှာ ရှိနေတဲ့ အချိန်ကျိန်စာကို ဖြေပေးမယ်၊ ငါ့ရဲ့မိသားစုဝင်တွေအားလုံးကိုလဲ လွှတ်ပေးမယ်လို့ ကတိပေးခဲ့တယ်၊ မဟာအင်ပါယာဒန်ချင်းနဲ့ဗျတ်စောင်းနတ်ဆိုးကျုးယောင်တို့ကိုလဲ သူ့ရဲ့အချိန်အရှိန်မြှင့်ခရိုနိုပစ္စည်းထဲမှာ နှစ်တစ်ထောင်တိတိ ကျင့်ကြံနိုင်ဖို့အတွက် ငှားပေးမယ်"
ထန်ရှု၏နှလုံးသားထဲတွင် လွှမ်းခြုံနေသော ပဟေဠိများအားလုံးက ဟန်ကျင်းဝူ၏ပုံပြင်နှင့်အတူ လွင့်စင်ပပျောက်သွားလေသည်။ သို့သော် သူ့မိတ်ဆွေရင်းများနှင့်ချစ်ရသူ၏သစ္စာဖောက်မှုက တစစီကွဲကြေနေသောနှလုံးသားတစ်စုံနှင့်သာ ချန်ရစ်ခဲ့လေတော့၏။
ယုံစားမိသောအချစ်၊ မထိုက်တန်သောကြင်နာမှု။
အဆုံးတွင်မူ အရာအားလုံးက သူ့အား သတ်ဖြတ်ရန် ဇာတ်ညွှန်းတစ်ခုသာ ဖြစ်၏။
ဟန်ကျင်းဝူသာ သူ့အား ကြိုတင်အဆိပ်မခတ်ခဲ့လျှင် မဟာအင်ပါယာဒန်ချင်းနှင့်ဗျတ်စောင်းနတ်ဆိုးကျုးယောင်တို့က ပူးပေါင်းခဲ့လျှင်ပင် သူ့အား သတ်ဖြတ်နိုင်မည်မဟုတ်။ ပွင့်ပွင့်လင်းလင်းပြောရလျှင် သူ့ရှေ့ရှိဟန်ကျင်းဝူကသာ အနက်ရှိုင်းဆုံးဒဏ်ရာအား ချန်ထားခဲ့သူဖြစ်၏....မဟုတ်ဘူး....သူမက ရွှဲ့ချင်းချန်ဖြစ်ရမှာပေါ့။
"မင်း ဘာလို့ ငါ့ကို မဖုံးကွယ်တာလဲ"ထန်ရှုက အေးစက်သောမျက်လုံးများနှင့် အော်ပြောလိုက်သည်။
ဟန်ကျင်းဝူက ခရမ်းရောင်နတ်သမီးအား လွှတ်ကာ သူမပခုံးထက်သို့ ပျံသန်းစေသည်။ ထို့နောက် သူမက ခါးသီးသောမျက်နှာနှင့် ပြန်ဖြေ၏"ငါ့ဆရာမှာ တင်နေတဲ့ အကြွေးကိုတော့ ငါ ဆပ်ပြီးပြီ။ ဒါပေမယ့် မင်းမှာ တင်နေတဲ့ အကြွေးကိုတော့ ငါ မဆပ်ရသေးဘူး။ မင်း ငါ....ဟန်....ရွှဲ့ချင်းချန်ရဲ့စရိုက်အကြောင်း ကောင်းကောင်း သိပါတယ်။ ဘာလို့ မေးနေရတာလဲ"
"ငါ မင်းကို သတ်မှာ မကြောက်ဘူးလား"ထန်ရှုက ဒေါသထွက်စွာ အော်ပြောလိုက်သည်။"ငါ မင်းရဲ့စိတ်ဝိညာဉ်ကို ဖျက်ပစ်ပြီး မင်းကို ထာဝရပြန်မွေးဖွားလို့မရအောင် လုပ်ပစ်မှာကို မင်း မကြောက်ဘူးလား"
ကြင်နာသနားတတ်သောမျက်လုံးအကြည့်တစ်ခုနှင့် ဟန်ကျင်းဝူက ညင်သာစွာ ပြုံးလိုက်သည်။ သူမက ခေါင်းခါယမ်းကာ ပြော၏"ငါ လုံးဝ မကြောက်ဘူး။ ငါ ပြောခဲ့တဲ့တောင်းဆိုမှုကို မင်း မှတ်မိသေးလား"
နတ်ဘုရားဓားက ထန်ရှု၏လက်ထဲ၌ ရုတ်တရက် ထွက်ပေါ်လာပြီး ကောင်းကင်သို့ ညွှန်ကာ သူက နှာခေါင်းရှုံ့လိုက်သည်"မင်းက ငါ့ကို မင်းရဲ့အသက်ကို ခွင့်လွှတ်စေချင်တာလား"
"မဟုတ်ဘူး"ဟန်ကျင်းဝူက ခေါင်းခါယမ်းကာ ပြောလိုက်သည်"ငါ တောင်းဆိုမှာက မင်း ငါ့ကို သတ်ပေးဖို့ပဲ"
"ဘာ...."
ထန်ရှုက ဟန်ကျင်းဝူအား မယုံကြည်နိုင်စွာ စိုက်ကြည့်လိုက်သည်။ သူမ၏ဆန္ဒက ပြည့်မြောက်သွားခဲ့ပြီ၊ ပြန်ဝင်စား၊ ပြန်မွေးဖွားကာ ဘဝအသစ်တစ်ခုကိုတောင် ရနေခဲ့ပြီ။ သူမ၏ယခင်ပါရမီနှင့်စွမ်းရည်အရ ပြီးပြည့်စုံခြင်းရွှေရောင်အင်မော်တယ်အဆင့်သို့ ရောက်ရှိရန်က မဖြစ်နိုင်သည်တော့မဟုတ်။ အချိန်အလုံအလောက်ပေးလျှင် သူမက အန္တိမအဆင့်ထိတောင် ရောက်ရှိနိုင်ပေမည်။
ဒါပေမယ့်....သူမရဲ့တောင်းဆိုချက်က သူမကို သတ်ဖို့တဲ့လား....
ရုတ်တရက် ထိုအချိန်တွင် ထန်ရှုက တစ်ခုခုအား သတိရကာ လေးလံသောအသံနှင့် မေးလိုက်သည်"အတိတ်မှာ မဟာအင်ပါယာဒန်ချင်းနဲ့ဗျတ်စောင်းနတ်ဆိုးကျုးယောင်တို့နဲ့ ပေါင်းပြီး ငါ့ကို ကြံစည်ခဲ့တုန်းက သူတို့ မင်းကို ဘာလို့ သတ်ခဲ့ရတာလဲ။ တကယ်တော့ မင်းက အရိပ်နတ်ဆိုးကျူးဝူရှို့ရဲ့တပည့်လေ၊ ပြီးတော့ မင်းက သူပေးတဲ့တာဝန်ကို ပြီးမြောက်သွားပြီလေ"
"အခုမှ ဒါတွေ မေးလို့ရော ဘာအဓိပ္ပါယ်ရှိအုံးမှာလဲ"ဟန်ကျင်းဝူက ပြန်မေးလိုက်သည်။
***